Wednesday, May 26, 2010

လွမ်းပါသော်လည်း

ပြီးခဲ့တဲ့လ ကဗျာတပုဒ် တင်ပြီးထဲက အလုပ်တွေ ဆက်တိုက် များခဲ့ပြန်တာကြောင့် ၊ ဘလော့လဲမလည်အား၊ ကိုယ့်ဘလော့လဲမကြည့်အား၊ ခရိးတွေဆက်တိုက်သွား..နဲ့..။ သင်တန်း အဆိုင်းမင့်တွေ တခုပြိးတခု ပိနေပေမဲ့.. ဘလော့ဖတ်ရတာ လွမ်းတယ်၊ ဘလော့မိတ်ဆွေတွေ ကိုလွမ်းတယ်၊ ကလေးတွေကိုလွမ်းတယ်။ တောင်တန်းပြာပြာကြီးတွေကို လွမ်းတယ်.. ခုရောက်နေတာဧရိယာအတိုင်းအတာအရ ကမ္ဘာ့အကြီး ဆုံးမြို့ကြိးမှာပါ၊ မြန်မာပြည်နဲ့ အလွန်တရာဆင်တူပါတယ်။ လွမ်းစရာ ဓါတ်ပုံတချို့ တင်ပေးလိုက်ပါတယ်။ ဇွန်လလယ် လောက်မှာတော့ အေးအေးဆေးဆေး ဘလော့တွေ လည်နိုင်ကောင်းပါရဲ့..အားလုံး အဆင်ပြေ ကျန်းမာကြပါစေ...။

အားလုံးကို ချစ်ခင်လေးစားတဲ့

မမသီ၇ိ

Friday, April 23, 2010

ဖြေလျှော့ခွေ

နေ့လဲ နေ့မို့..
မနက်အလင်း .အာရုဏ်ကျင်းရင်
နွေနေခြည်နဲ့
အိပ်တန်းထပြေး ငှက်ကလေးရဲ့
ချိုနွဲ့ ကာရံ သီချင်းသံနဲ့
သခင်အရောက် အမျှော်ထောက်မိ...

ညလဲ ညမို့..
လပြည့် လကွယ် ရွေးချယ်မထား
လေညှင်းဖြတ်သွား..
သစ်ရွက်ကြားက တီးတိုးလှုပ်သံ
သူ့ခြေသံလား နားစွင့်ထားရင်း..
ညဉ့်ငှက်ထပျံ တောင်ပံသံကို
မှီတွယ် ရှိုက်မက်
အိပ်စက် မပျော်..
သခင့် ကိုပဲ မျှော်မိတယ်...

နေ့ကလေးတွေ
တနေ့ပြီး တနေ့ ...
တရွေ့ ရွေ့ ကြာ......
ည ကလေးတွေ..
မှုန်ပြပြ သာ.....

အဝေးဆီမှာ .. သက်ထား သခင်..
အမုန်းဝင်လို့..
မကြင်နာတိမ်း စိမ်းခဲ့ ပြီလား...

လာလိမ့်လေနိုး.. မျှော်ကိုး မိတဲ့
မျှော်လင့်ချက်တွေ.....

စိတ်ကူးထဲက..
ပြန်ဆုံ ထွေးယှက်..အပျော်ရက်တွေ...
ရော်ရည် စိတ်မှန်း .. အိပ်မက်ကမ်း ကို..
နွမ်းသက်မပြေ... လွမ်းလျှက်မြေမှာ..
မျက်ရည်ဖြာ ရင်း...
နှမ လက်လျှော့ လိုက်ချင်ပြီ........။


မမသီရိ
၂၃.၄.၂၀၁၀

Saturday, April 17, 2010

မပန်ဖြစ်တဲ့ ပိတောက်ခက်မှတ်တမ်း


မိန်အနှောင်းပေလား..
ချိန်စောင်းခါ နွေလယ်ကျူးမှာ
မိုးဦးရဲ့ နိမိတ်ပုံ..
သင်းထုံစွာ.. ပန်းစုံပွင့်ချိန်တဲ့
မြူရိပ်ဆင်တံလျှပ်တွေ ရယ်
ဘယ်ဆီကို ငေးကာ ကြည့်ကြည့်
ဝေရီနေတယ်...

ဆောင်းနှောင်းမှာ ရွက်တွေ ကြွေခဲ့
နုသစ်ဝေ ဖူးတံချီလို့
အညှာမှာ မြရည်လိမ်း
လှလှစိမ်းပါတဲ့ ခိုင်ရွှေဝါ
သင်္ကြန်ခါ တန်ဆာဆင်ပေး
လဲ့ရွှေသွေး ပိတောက်ဝါ
လေအဝှေ့မှာ.. ပျံ့လာ ရနံ့ ရယ်က
ဥသြသံ လွမ်းပုံနွဲ့ နဲ့
ဆွေးစရာပါ..

လွန်လေတဲ့ ကာလ
နှင်းတွေ ဝေစ.. ဆောင်းလ ရဲ့ ဟေမာန်မှာ
ပန်စရာ ရှာလာကာ သူပေးခဲ့
သဇင်ဦး ဖူးညှာတွေက
ရင်ထဲ မှာ မွှေး ဆဲပေမို့
နွေအသက် ပိတောက်ခက်ကို
မေ့ ရဲ့ မောင် အဝေးဆီမှာမို့.
ပန်ဘို့ ကို ရှာသူ မဲ့ လို့ ရယ်
နွဲ့ ကေသာ ဆံညှာထက်မှာ
မေ ချူ ကာ မပန်ဖြစ်လိုက်
လွမ်း အစိုက် မျှော်တော်ယောင်

အိပ်မက်တွေ အတွေးစဉ်ထဲ က
စိုးမိုး မြဲ ချစ်သူ.. မောင်
သူလဲ လေ ဟိုအဝေး မှာ
နွေတန်ဆာ ပိတောက်လေးကို တဲ့
စိတ်တွေးကာ လွမ်းနေလေမလာ့..
ရင်ထဲ မှာ စာနာ စိတ်နဲ့ ရယ်..
တမ်း မိပါတယ်..။

တာသင်္ကြန် နှစ်အကူး
ဟောဒီနွေ လတန်ခူးမှာ
အလှထူးပါတဲ့ မြအဖူး ခိုင်ရွှေကို
ငိုင်တွေကာ မပန်ဖြစ်ပေမဲ့..

ဝသန်ခါ မိုးစက်နဲ့
တိုးဖက်လို့ ကြည်စယ်ကာ..
ပြည်သာယာ တိမ်ညို ကင်းခါမှ..
ငွေ ပွင့်လွှာ စံပယ်ခက်ကို လ
ရွှင်ကြည်စွာ မေ ဆင်မြန်းပါ့မယ်..
ပြန်ဆုံ ရန် လက်ရေ ချိုး
မျှော်ကိုးနေတယ်...။


မမသီရိ

5.5.1990

နေ့စွဲ အရ ဆိုရင် နှစ်ပေါင်း ၂၀ ပြည့်တော့မဲ့ ကဗျာဟောင်းလေး တပုဒ်ပါ။ မနှစ်က သင်္ကြန်မှာ  အကိုအောင်သာငယ်၊ ကောင်းကင်ကိုနဲ့၊ မောင်ဖုန်းမြင့်တို့ စီစဉ်ခဲ့ တဲ့ ပြိုင်တူလင်းတဲ့ ကောင်းကင် ဆိုတဲ့ သင်္ကြန် ကဗျာစုမှာပါဖူးပြီးသား ပေမဲ့ သင်္ကြန်နဲ့ အမိမြေကို လွမ်းနေသူတွေ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Wednesday, April 07, 2010

ပိတောက်နဲ့ထပ်တူ


တောင်ပံတစုံ သာ ရလိုက်လို့ကတော့
ဘာပြောကောင်းလိမ့်မလဲ မောင် .. ရေ ..
မောင့်ဆီရှေ့မှောက် ခု အရောက်ပျံခဲ့မှာပေါ့ ကွယ်...

တိမ်တွေက ဘာလို့ ဒီလောက်အုံအုံ ဆိုင်းနေမှန်း မသိဘူး
တိုက်တဲ့လေတွေကလဲ အိုက်လှောင်လို့

ရွက်နုတွေ ဝေနေတဲ့ ပင်ပျို ပင်အို ထက်မတော့ 
ပိတောက်ဖူးတွေက နှစ်ကူး မိုးကို ကြိုလင့်လို့

ဟို တောအုပ် ညိုညို ဆီ နားမတော့
လွမ်းဆွတ်ကြင်ဖွယ် တေးကဗျာတပုဒ် ဥသြလေးက သီ လို့..

ရေတွေခမ်းခြောက်နေတဲ့ မြစ်ဝှမ်းဘေး တဖက်တချက်ဆီ မှာ
တချို့သစ်ပင်တွေက အရွက်ကြွေ.. တချို့သစ်ပင်တွေက အရွက်ဝေ လို့..

ကျမအလွမ်းတွေ မျှော ဖို့ စမ်းရေတွေ တောင် မရှိတော့ပါ လား မောင် ရဲ့..
ငုတွေ က ကျမကို လှောင်တယ်
လွမ်း တတ်လို့ လွမ်းတာလား.. တဲ့
တနှစ်မှာ ၃ ခါ.. တခါ ပွင့် တရက်သာ စွင့် တဲ့. ပိတောက်တွေ ကို
သူတို့ မယှဉ်နိုင်ပဲ နဲ့များ..
ကျမ ကိုလှောင်ရဲ သလား လို့ မေးစမ်းချင်ပါ ဘိ မောင်.. ရေ.


တကယ်ဆို..
မောင့် ကို ချစ်တဲ့အကြောင်း
ကျမ က ပိတောက်သက်သေနဲ့ ပြချင်တာလေ..
သက်တမ်း သန်းချီပြီ ဖြစ်တဲ့ ဒီ ကမ္ဘာ
ခေတ်တွေ စံနစ်တွေ ဘယ်လိုပြောင်းပြောင်း
သူ့ ပွင့်ချိန်က ပြောင်းမှ မပြောင်းတဲ့ ဟာ..
နွေ ကိုချစ်တယ်.. နွေမှာ ပဲ ပွင့်တယ်
နွေမှာ တောင် နှစ်သစ် ကူး ချိန်မှ.. 
ကဲ.. ဘယ်လောက် သစ္စာ မြဲ သလဲ လို့..

ကျမ လေ....
မောင့်ကို... သိပ်လွမ်းတယ်..
ပြီးတော့...
ပိတောက်တွေ နွေ ချစ်သလို..
ကျမလဲ မောင့် ကို.. ချစ်တယ်.. မောင်....။


မမသီရိ
၈.၄.၂၀၁၀

Monday, April 05, 2010

ပုလဲသွယ်


အလွမ်းကို သီ...
ညီပါပေ့ ဒီ လည်ရွဲ

ကမ္ဘာချီ ..ဝေးကွာခဲ့သည် မို့
ရွှေရင်မှာ မရွှင် နွမ်းတယ် ကွဲ့
ကျမျက်ရည်.. ပုလဲ....။


မမသီရိ
၃.၁၂.၂၀၀၉

Thursday, April 01, 2010

ချစ်သူ့.. နှင်း..

တရံတခါ ပေါင်းများစွာ၌
ကံကြမ္မာ ဆိုသော ထိုအရာ သည်...
မျက်နှာသာ ပေးလိုသူကိုသာပေး၍
ကံဆိုးသူများ အတွက်မူကား..
မေ့ယောင်ပြု စိမ်းကားစွာ
ရှောင်ခွာ သွား တတ်ပါပေ..၏..။
...
....
....
နှင်း.. တဲ့.
...
နှင်း.. ရေ...
အား ကျမိပါရဲ့ နှင်း အဖြစ်ကို..
မိုးလိုလဲ မစို စွတ်..
နွေလိုလဲ သွေ့ခြောက်မနေ..
ဥယျာဉ်မှူး ရဲ့ ပန်းကလေးတွေ က
နှင်း ရှိမှ ပျော်သတဲ့..
နှင်း ကြောင့် ရှင်သန်..
နှင်း ကြောင့် မွှေးပျံ့..
နှင်း ကြောင့် လတ်ဆတ်..
နှင်း ကြောင့်..
ဥယျာဉ်မှူး ရဲ့ ဥယျာဉ်လေးကစိုပြည်ခဲ့
..
ဟော.. ကြည့်...
လိပ်ပြာလေးတွေ ၀ဲ လို့..
နှင်း တွေ ထဲမှာလေ..
..
ဟော.. ကြည့်..
နှင်း မှုန်လေးတွေ က ဝေ့လို့..
နေခြည် နု ထဲ မှာလေ...
...
ဟော.. ကြည့်..
ငှက်ကလေးတွေ ကခေါင်းပြူ ကြည့်
နှင်း ကြောင့် လှတဲ့ မနက်ခင်းလေး ကို...
...
နှင်း .. ရေ..
ဥယျာဉ် မှူး က ပြော သကွဲ့..
နှင်း.. ကြောင့်သာ.. အရာရာ..တဲ့
..
နှင်း... ရေ..
ကြား မိရဲ့ လား..
ဥယျာဉ်မှူး ရဲ့ နှလုံးသား..
...
နှင်း.. ရေ..
ကြား မိရဲ့ လား..
သူ.. လိပ်ပြာလေးနဲ့ ပြောခိုင်း သတဲ့..
နှင်း.. ကို .. သိပ် ချစ်တဲ့ အကြောင်း..
..
နှင်း..သာ.... ထာဝရ..
နှင်း... သာ.. သူ့ ကဗျာ...
နှင်း... က.. သူ့ မိုး ကောင်းကင်
သူ့ ဥယျာဉ်လေး အတွက်.
နှင်း.. ကို ပဲ လို အပ်သတဲ့..
နှင်း..
နှင်း..
နှင်း.. ကြောင့်..
နှင်း..သာ..
နှင်း.. မို့..
နှင်း... က..
နှင်း.. နဲ့...
နှင်း... ထံ...
...
..
နှင်း.... ရေ..........
ကြား မိရဲ့ လား..
နှင်း.. ကံကောင်းတဲ့ အကြောင်းတွေ..
..
နှင်း .. ရေ.......
ကြားမိရဲ့ လား..
သူ့ သံစဉ် တေးသွား တွေ...
...
..
နှင်း.. ရေ့.
တချက် လောက်တော့ နားစွင့် ကြည့်လိုက် ကွဲ့
သူ့ ဥယျာဉ် နံဘေးမှာတော့
တီးတိုး ငို ရှိုက်သံ သဲ့သဲ့..
...
နှင်း.. ရေ
ကြား မိစေချင် ခဲ့..
နွေ ရဲ့ ငို ရှိုက်သံ
....
နှင်း.. ရေ..
မြင် မိစေချင် ရဲ့..
မိုး.. ရဲ့ မျက်ရည်တွေ...
..
နှင်း ...ရေ...
နှင်း.. လို ကံမကောင်း လေတော့..
နှင်း ရေ..ဒီမှာတော့ မျက်ရည်တွေနဲ့....။


မမသီရိ
25.6.2009

Thursday, March 25, 2010

အဲဒီနေ့က..

မမျှော်လင့်ခဲ့ဘူး..
မထင်မှတ်ခဲ့ဘူး..
စိတ်မကူးဖူးဘူး..

အလင်းတန်းနှစ်ခု ဖြတ်ကနဲ ဆုံခဲ့မိပြီးတဲ့အခိုက်.
အာရုံခံပြူတင်းက ဦးနှောက်ကို သတင်းပို့တယ်..
အဲဒီသတင်း လက်ခံပြီးတဲ့ ခဏ
ထိမ်းချုပ်ခန်းက ခလုပ်တွေ အလုပ်မလုပ်နိုင်မီခင်လေး
နှလုံးသား ဆီ ဒိုင်း။။ ကနဲရောက်..

ရင်ထဲမှာ..
တော်လဲတယ်
ငလျင်လှုပ်တယ်
မုန်တိုင်းတိုက်တယ်
မိုးကြိုးပစ်တယ်
မီးတောင်တွေ ပေါက်ကွဲတယ်
ရေခဲတောင်တွေ  ပြိုကျတယ်
ခြေ လက်တွေ အေးစက်ကုန်တယ်..

ထိုင်ခုံ နောက်မှီပေါ် ဖြည်းဖြည်းလေး မှီချ..
ကွန်ပျူတာ ကီးဘုတ်ပေါ်က လက်တွေ လျော ကျ...

ကမူးရှူးထိုး... Chat box လေးကိုကြည့်ပြီး

စကားလေး တခွန်းသာ ပြောနိုင်တော့တယ်..

ချစ်တယ်...။


မမသီရိ
၂၅.၂.၂၀၁၀

Thursday, March 18, 2010

၁၂ လ ရာသီ


နှင်းတွေက ...
တနှစ်မှာ တရာသီဝေတယ်...
....
မြူတွေက
တနှစ်မှာ တရာသီ ဆိုင်းတယ်....


မိုးစက်တွေ က ...
တနှစ်မှာ တရာသီ ကြွေတယ်...
..
အလွမ်းတွေ ကျတော့ ..
ရာသီတိုင်း .ရိုင်းနေအောင် ပွင့်..လို့...။


မမသီရိ (၃၀.၁.၂၀၁၀)

Monday, March 15, 2010

မေမေ သာ စိတ်မရှည်လို့ကတော့
မမ က ဘယ်လိုလုပ်ပြီး လှပခဲ့မလဲ မေမေရယ်

ခုတော့
ပန်းတွေကို မွှေးခွင့်ရခဲ့တယ်
နေရောင်ခြည်ကို နမ်းခွင့်ရခဲ့တယ်

မိုးကောင်းကင်ကြီးရဲ့အောက်မှာ
လွမ်းနေရပေမဲ့ မမ ပျော်ပါတယ် မေမေ

မေမေ့ ကျေးဇူးကြောင့်
ပန်းကလေးတွေ ဖူးပွင့်အောင် လုပ်ခွင့် ရခဲ့တယ်

ဖယောင်းပန်းပုလေးတွေသွန်းခွင့်ရခဲ့တယ်

အရောင်မဲ့မျက်ဝန်းတွေ လင်းလက်စေနိုင်ခဲ့တယ်

အဲဒီအပြုံးမျက်နှာလေးတွေကြောင့်
ဘ၀ ဟာ နေပျော်လို့

မမ က လူဖြစ်ကျိုးနပ်ပါတယ် မေမေ

အရာရာ တိုင်းအတွက်
ဒီလောကကြီးထဲ ပို့ပေးခဲ့တဲ့ အတွက်
ကျေးဇူးပါမေမေ..။


မမသီရိ
၁၅.၃.၂၀၁၀

Thursday, March 11, 2010

မင်းက မချစ်ပါနဲ့ ကွယ် ဆိုတိုင်း..

မင်းကမချစ်ပါနဲ့ ကွယ် ဆိုတိုင်း..
ရပ်ဆိုင်းပစ်လိုက်ရအောင်လို့..
ငါ့ အသဲနှလုံး က ကွန်ပျူတာ တလုံးမှ မဟုတ်တာကို....

သိမ်းချင်တဲ့အခါ သိမ်း..
ဖျက်ချင်တဲ့အခါ ဖျက်လို့ ရတဲ့
ပရိုဂရမ် တခုဖြစ်ခဲ့ ရင်တော့ တမျိုးပေါ့ ချစ်သူရယ်...

လူထူထူ လမ်းမပေါ် ရောက်တော့
ဆံပင်ရှည်ရှည်.. စမတ်ကျကျ ကောင်လေးတွေ
မင်း ဖြစ်နေမလား... ရင်ခုန်ရင်း ငေးမိ...
(တကယ်တော့ မင်းက စမတ်ကျသူလဲ မဟုတ်ပဲနဲ့..)

လူခပ်ရှင်းရှင်းပန်းခြံတွင်း လမ်းလျှောက်...
အရောက်ပျောက်လု ခုံ တန်းလေးပေါ် ထိုင်ခိုက်
ကိုယ့်ပုခုံးကိုများ တယောက်ယောက် လာဖက်လေသလား..
ကယောင်ချောက်ချား ထင်မှတ်မှားမိ.တာ က ခဏခဏ

အဲဒီတယောက်က မင်းကလွဲ လို့ ဘယ်သူ ဖြစ်အုံးမလဲ..

မော်နီတာ ဒက်စတော့ထောင့်မှာ
မိန့်မိန့်ကြီး ပြုံးရင်း...
ပြုံးပြုံးကြီး နဲ့ ငါ့ကို..
ငါ အလုပ်လုပ်တာ ထိုင်စောင့်ကြည့်နေတာ
မင်းပဲ မဟုတ်လား ချစ်သူလေး ရဲ့..

မင်းက နေ၀င်ရာ အရပ်ဆီမှာ ရှိတယ်
ငါ နေထွက်ရာ အရပ်ဆီမှာ ရှိတယ်..
ဒါပေမဲ့ ကမ္ဘာကြီးက လုံးနေတော့.. ငါတို့ ဘယ်မှာဝေးလို့လဲ..

မင်းက ညတွေကို မုန်းတယ် မုန်းတယ် ပြော၇င်း
အဲဒီညတွေ ကို ဖက်တွယ်ထားတယ်
(အိပ်မပျော်ဘူး..လို့..ငါ့ကို ပြောခဲ့တာ ခဏခဏ)

ငါက လရောင်တွေ ကို ချစ်တယ်.. ချစ်တယ်.. ပြောပြီး
အဲဒီ လရောင်အောက်မှာ ငို ငို နေတတ်တယ်
(မင်း ကို လွမ်းလို့..)

မင်း ဆီမှာ တခါ သာ.. ငါ့ ဆီမှာ တခါ သာတဲ့
တခုသော လမင်းရဲ့ အရှေ့
မတိုင်မပင်.. မရွံ့ မဆုတ်..

ချစ်တယ်.. လို့ ပြိုင်တူပြောဖြစ်ခဲ့တာ
မင်းနဲ့ ငါပဲ မဟုတ်လား ကွယ်...

မင်းက ဂစ်တာ တီးရင်း. ငါ့ကို လွမ်းနေခဲ့ တယ်..
ငါက ကဗျာတွေရေးရင်း.. မင်းကို လွမ်းနေခဲ့တယ်..

မင်းရဲ့ ညတွေ ကို ငါ့အလင်းတွေ နဲ့ ထွေးပွေ့လို့..
ငါ့ ရဲ့ နေ့တွေ ကိုတော့ မင့် သီချင်းတွေ နဲ့ ရင်ခုန်စေခဲ့တယ်..

ဒါနဲ့များ..
ဒါနဲ့များ..

ဒါနဲ့များ... မင်းမို့ ပြောရက်တယ်..
မချစ်ပါနဲ့တော့ကွယ်.. တဲ့...

အဲသလို ရရိုးလား ချစ်သူ ရဲ့...

မင်းကမချစ်ပါနဲ့ ကွယ် ဆိုတိုင်း..
ရပ်ဆိုင်းပစ်လိုက်ရအောင်လို့..
ငါ့ အသဲနှလုံး က ကွန်ပျူတာ တလုံးမှ မဟုတ်တာကို......။


မမသီရိ
၁၈.၂.၂၀၁၀

Friday, March 05, 2010

ကဗျာဆန်သူ

ကဗျာဆန်တယ်ရယ်လို့တော့
ဘယ်ဟုတ်ပါ့မလဲ ကောင်လေးရယ်..

တခါတရံကလေး မှာ
ကာရံတွေညှိပေးရုံကလေးပါ လို့ တွေးကြည့်ပေးပါလား..

ပင်လယ်ကပြောတော့
ကောင်းကင်ပြာလို့ သူ ပြာတာပါတဲ့

ကောင်းကင်ကပြောတော့
တိမ်တွေ ကွာလို့ သူပြာတာပါ တဲ့...

ဒီလိုဆို..
ကျမရင်ထဲက နှလုံးသွေး
အလွမ်းတွေကြောင့်ပြာနေတာ
မင်း... ဘယ်လိုပြောမှာလဲ.......

လေပြေက ပြောတယ်...
မင်းလွမ်းရအောင်လို့ ငါ တိုက်ပေးတာမှ မဟုတ်တာတဲ့..

ပန်းပွင့်လေးကပြောတယ်
မင်း တမ်းတခြင်းအတွက် ငါတို့ ပွင့်ပေးတာမှ မဟုတ်တာတဲ့...

ကောင်လေးရေ..
ကျမ က သူ့ ကို.. လွမ်းချင်လို့ လွမ်းတယ်
လေနုအေး ကြောင့် လွမ်းတယ်.
လေနီ ကြမ်းကြောင့် လွမ်းတယ်..

ပန်းအဖူးတွေ ငုံလို့ လွမ်းတယ်..
ပန်းအပွင့်တွေ စုံတော့လဲ လွမ်းတယ်..

ချစ်ခွင့်ရခြင်း အစုံ နဲ့ သူ့ ကိုချစ်တယ်...
ခြုံပုဝါလေး ခြုံရင် သူ့ ရင်ခွင်လို့ တွေးတယ်..
ပါးပြင်ပေါ် လေဝှေ့အရမ်း.. သူ့ အနမ်း လို့ မှတ်တယ်..
အိပ်မက်ထဲ မှာ .. သူ အလည်လာလို့ ပျော်တယ်..

နှစ်ဦးသား ဆုံမဲ့ ရက် .. လက်ချိုး တွက်ရင်း အသက်ရှင်တယ်

ကဲ... ကောင်လေး ..... မင်း ပြောအုံးမလား...

ကဗျာတွေ ဆန်နေလိုက်တာလို့.......။


မမသီရိ
၂၄.၂.၂၀၁၀

Wednesday, March 03, 2010

ကွဲကွာခြင်း အနုပညာ

တမိသားနဲ့တမိသား အတူတူနေကြဖို့ဆုံးဖြတ်ပြီး ဘ၀ကိုလက်တွဲ လျှောက်ဖို့ အတွက် နောက်ခံသမိုင်းလေးတွေ အမျိုးမျိုး ရှိကြတယ်။ တချို့က တယောက်နဲ့တယောက် နှစ်နှစ်လိုလို မေတ္တာ သက်ဝင်တာမို့ အတူတူ နေဖို့ ဆုံးဖြတ်ကြသလို၊ တချို့ကျတော့ မိဘ မောင်ဘွားတွေရဲ့စီစဉ်မှုကြောင့် ကိုယ်တိုင်သဘောကျသည်ဖြစ်စေ၊ သဘောမကျသည်ဖြစ်စေ အတူတူနေကြဖို့ သဘောတူရတယ်။ တချို့က အခြေအနေ အကြောင်းကြောင်းကြောင့် မေတ္တာ မရှိသော်လည်း အတူတူနေဖြစ်ကြရတယ်။ တချို့ကျပြန်တော့ ရုတ်တရက်မမျှော်လင့်ပဲ အိမ်ထောင်ကျတတ်ကြပြန်ပါတယ်။

ဘယ်လိုပုံစံမျိုးနဲ့ ပဲ အတူတူ နေကြသည်ဖြစ်စေအုံး တော့ ကမ္ဘာပေါ်မှာရှိတဲ့ လက်ထပ်ထားတဲ့ ကြင်ဖော်ကြင်ဖက်တွေဟာ လမ်းခွဲဖို့ ကိုတော့ ဘယ်သူမှ အလွယ်တကူ စဉ်းစားကြမယ် မထင်ပါဘူး..

အိမ်ထောင်ဖက်ရယ်လို့ဖြစ်လာပြီဆိုရင် မိသားစု ဘ၀ ဆိုတာတွေ ရှိလာပြီးတော့ တခြားသော လူမှုရေး၊ စီးပွားရေး နဲ့ စိတ်ပိုင်းဆိုင်ရာ အပြန်အလှန်မှီခိုအားကိုးလိုမှုတွေ၊ ဖေးမ မှုတွေနဲ့ သံယောဇဉ်တွေ နွယ်ဆက်လာပြီမို့ ခွဲခွာကြဖို့ ဆိုတာအတော် ကြိုးစားရမဲ့ အမျိုးပါ..။

အထူးသဖြင့် မြန်မာအမျိုးသမီးတွေဟာ အိမ်ထောင်ပြုပြီးပြီဆို ဆိုးဆိုးကောင်းကောင်း တဘ၀ လုံး နှစ်မြှုပ်ပေးဆပ်တတ်ကြတာမို့ .. အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့် အမျိုး ရယ်လို့ ရှေးလူကြီးသူမတွေက စာဖွဲ့ခဲ့ကြပါတယ်။

အဲဒါကြောင့်မို့လို့ ထင်ရဲ့နော့။ . အနောက်တိုင်းကလူတွေ လက်မထပ်ပဲ အတူနေ၊ ကလေးမွေးကြတာ၊ အဲဒီအတူနေတဲ့ကာလမှာ စိတ်သဘောထား မတိုက်ဆိုင်တာမျိုး၊ အစေးမကပ်တာမျိုးတွေ ရှိလာရင် အလွယ်တကူ ပြန်ခွာလို့ ရအောင်ထင်ပါရဲ့..။ အဲသလိုမျိုးက မြန်မာပြည်မှာတော့ ရအံ့ မထင်.. တိတ်တိတ်ပုန်းသာ မဟုတ်ခဲ့ရင် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ အရ ပုဆိုးတန်းတင် ရင် အကြင်လင်မယား ဖြစ်သလိုပဲ၊ ရပ်ကွက်ထဲ ကျေးရွာထဲ အရှေ့ ၇ အိမ်၊ အနောက် ၇ အိမ် က ဒီလူနှစ်ယောက် အတူတူနေကြပြီလို့ သိသွား ရင် အကြင်လင်မယား အရာမြောက်တာမို့လေ..။


ဘယ်လိုပဲ ဖြစ်ဖြစ် လောကကြိးရဲ့ အရင်းနှီးဆုံး လူသား နှစ်ယောက်ဟာ နှဖူးစာ မင်ရည်ကျဲလာတဲ့ တနေ့၊ တယောက်အပေါ် တယောက် အကြောင်းအမျိုးကြောင့် စိတ်ကုန်လာတဲ့ တနေ့၊ ဘယ်လိုမှ အတူတူနေကြဖို့ မဖြစ်တော့ဘူးလို့ နှစ်ယောက်လုံးက ယူဆလာတဲ့ နေ့မှာတော့ မြန်မာပြည်မှာ ဖြစ်ဖြစ်၊ တခြား ကမ္ဘာပေါ်က ဘယ်နေရာမှာ ဖြစ်ဖြစ် ကွာရှင်းမှုတွေ ကွဲကွာမှုတွေ ဖြစ်လာရပါတော့တယ်။

တချို့တွေက အဲဒီ ခွဲခွာခြင်းကို အလွယ်တကူပဲ ဖြတ်ကျော်ကြပေမဲ့၊ တချို့ကျတော့လဲ ခက်ခက်ခဲခဲ ကျော်လွှားကြရတယ်။ ဆုံးဖြစ်ချက်တွေချ ဖို့ အချိန်တွေ နှစ်ချီပြီးစောင့်စား ကြသလို တချို့ကျတော့လဲ တထိုင်တည်း၊ တချက်ထဲ ရဲရဲဝံ့ဝံ့ ကွာပစ်လိုက်ကြတာမျိုး..။

ဘာရယ်လို့တော့ မဟုတ်ပါဘူး.. ။ ပြီးခဲ့တဲ့ နှစ်ထဲမှာ လက်ထပ်ခြင်း အနုပညာ ဆိုတဲ့ ပို့စ်လေးတခု တင်ထားဖူးတာမို့.. ခု တခါ တော့ ဖော်ဝါ့ဒ်မေးလ် ထဲ က ရလာတဲ့ ကမ္ဘာ့နေရာ တချို့က စုံတွဲတွေ ရဲ့ ခွဲခွာပုံ နည်းလမ်းလေးတွေ ပြန်လည်ဝေမျှ လိုက်ပါတယ်...။

ကမ္ဘာပေါ်က ချစ်သူစုံ တွဲတိုင်းဘယ်သူ့ကိုမှ နာကျင်စွာ မခွဲခွာစေချင်ပါဘူး..။


ဂျပန်
အိပ်နေတဲ့မိန်းမရဲ့ပုံစံကိုမကြိုက်ခဲ့ရင် ယောက်ျားကကွာရှင်းခွင့်တောင်းနိုင်တယ်။

*အီတလီ*
မိန်းမက အိမ်မှုကိစ္စမလုပ်ဘူး၊ မလုပ်ချင်ဘူးဆိုရင် ယောက်ျားကကွာရှင်းခွင့်တောင်းနိုင်တယ်။

*အာဖဂန်နစ္စတန်*
တကယ်လို့ မိန်းမဖက်က အရင်ကွာရှင်းခွင့်တောင်းပြီးနောက်အိမ်ထောင်ထပ်ပြုခဲ့ရင်နောက်ယောက်ျားက
အရင်ယောက်က်ျားကို မင်္ဂလာစရိတ်နှစ်ဆလျော်ရတယ်။ တကယ်လို့ ယောက်ျားဖက်က
အရင်ကွာရှင်းခွင့် တောင်းခဲ့ရင်မိန်းမနောက်အိမ်ထောင်ပြုတဲ့အခါ နောက်ယောက်ျားက
အရင်ယောက်ျားနဲ့ မိန်းမတို့ဆောင်ခဲ့တဲ့ မင်္ဂလာစရိတ်ကို ပေးလျော်ရပါတယ်။

*အင်္ဂလန်*
ယောက်ျား သို့မဟုတ် မိန်းမ တစ်ယောက်ယောက်ကကွာရှင်းခွင့်တောင်းနိုင်တယ်။ တကယ်လို့နှစ်ဦး
လုံးပြိုင်တူကွာရှင်းခွင့်တောင်းခဲ့ ရင် အတည်မပြုဘူး။

*လက်ဘနွန်*
မိသားစုရိုးရာမှာ မိန်းမဖြစ်သူက အပြင်မထွက်ခင် လင်ယောက်ျားရဲ့ သဘောတူညီချက်ကိုယူရတယ်။ တကယ်လို့ တစ်နေ့မှာ ယောက်ျားက မိန်းမကိုမလိုချင်တော့တဲ့အခါအပြင်ထွက်မယ်လို့ မိန်းမခွင့်လာတောင်းတဲ့အချိန် "သွား.. အိမ်ပြန်မလာနဲ့တော့" လို့ပြောပြီး ကွာရှင်းလို့ရပြီဖြစ်တယ်။

*Togolese Republic*
ယောက်ျားနဲ့မိန်းမ မချစ်မနှစ်သက်ကြတော့တဲ့အခါ သက်ဆိုင်ရာရုံးကိုသွားပြီးကွာရှင်းခွင့် တောင်းနိုင်တယ်။ တာဝန်ရှိသူတွေက သူတို့နှစ်ယောက်ရဲ့ဆံပင်ကိုတစ်ဝက်စီဖြတ်ပြီး အချင်းချင်းလှဲလှယ်ခိုင်းကြတယ်။

*Salvador*
ယောက်ျားနဲ့မိန်းမ မချစ်မနှစ်သက်ကြတော့တဲ့အခါ သက်ဆိုင်ရာရုံးကိုသွားပြီးကွာရှင်းခွင့် တောင်းနိုင်တယ်။ ပြီးတော့ နွားတစ်ကောင်ဝယ် သတ်ဖြတ်ပြီးနှစ်ဖက်မိဘဆွေမျိုး၊ မောင်နှမတွေခေါ်ပြီး စားသောက်ရတယ်။ စားသောက်ပြီးရင်ယောက်ျားနဲ့ မိန်းမ မျက်နှာချင်းဆိုင်ပြီး တစ်ယောက်ကိုပါး(၁ဝ) ချက်စီရိုက်ရတယ်။ပါးရိုက်ရတာက နောက်ဆုံးနာကျင်ခြင်းကို မှတ်ယူစေဖို ဖြစ်ပြီး ရိုက်ပြီးရင်ကွာရှင်းခွင့်ရပြီဖြစ်တယ်။

*Ecuador*
လင်မယားနှစ်ယောက်ကွာရှင်းချင်ရင်(၃)ရက်အစာငတ်ခံရတယ်။ အစာငတ်ခံပြီး (၄) ရက်မြောက်မှာဒေသခံအသက်ကြီး သူတစ်ယောက်ဆီသွားပြီး
အင်အားရှိမရှိအစစ်ဆေးခံရတယ်။ တကယ်လို့ အားမရှိတာမှန်ရင် ကွာရှင်းခွင့်ပေးတယ်။
လိမ်ညာနေတယ်ဆိုရင်တော့ လုံးဝ တစ်သက်လုံး ကွာရှင်းခွင့်မပေးတော့ဘူး။

(စာဖတ်သူတွေ သိနေတဲ့ နီုင်ငံတကာက ကွာရှင်းခြင်း ပုံစံလေးတွေ လဲ ရေးပေးခဲ့ကြပါအုံး..)


အာလုံးကို ချစ်ခင်လေးစားတဲ့

မမသီရိ

Wednesday, February 24, 2010

သူ.. နဲ့... သူမ

သူမ

တခါဖြင့်ရင်လဲ တခါတည်းမဟုတ်..
အကြိမ်ကြိမ် အခါခါ လူးလာခေါက်တုန့်
အလွမ်း နွံအိုင်ထဲ ..မမော မပမ်း ကူးခပ်..
အဲဒါ... သူမ.. ပေါ့..

မယ်မယ်ရရ အကြောင်းပြစရာမရှိ
ချစ်မိ လို့ ချစ်သွားသတဲ့
သူမ ပြောခဲ့.. သူ့ ကိုချစ်တဲ့ အကြောင်းတွေ...

သူမ ကောင်းကင်တခွင်လုံး..
သူ့ကို ချစ်ခြင်းတွနဲ့ ဖုံးအုပ်..
သူမ ချစ်တာ.. သူ့ အမည် စာလုံ့းပေါင်းလေးတွေက အစပါ.. တဲ့..

သူ့မျက်နှာ ငွေလ
တနေ့တခါ မမြင်ရ .. နွမ်းလျ လို့ပမ်း
မရွှင်လန်းနိုင်အောင် လွှမ်းမိုး
အလွမ်းတာရိုးတွေ ကျိုး
မျက်ရည်မိုးတွေ စွေခါစွေ....
ကြာလေ ချစ်လေ.. ချစ်လေ.. လွမ်းလေ..
လွမ်းလေ ချစ်လေ....ချစ်နေမိတာ သူ့ ကိုပါ တဲ့....


သူ

တရာသီဖြင့်ရင်လဲ တရာသီ မဟုတ်..
သက္ကရာဇ်တွေထဲ စုန်းစုန်းမြှုပ်လို့
အလွမ်းတွေ မြုံထား..
အချစ်လို့ ထင်ခဲ့တဲ့ အရာများ
လိုလိုချင်ချင် တပ်မက်ဖူးသော သူ့ နှလုံးသား..
ဓား ပါးပါး တွေ နဲ့
တလွှာချင်း လွှာခံရပြီး တဲ့ နောက်မတော့...

အနာဂတ်ကို လျှောက်ဖို့ ကြိုးစားရင်း..
အတိတ်ပန်းခင်းထဲမှာ ပဲ ညှို့ချက်မိ..
လှောင်ပိတ်ခံ ထိနေသော..

ပန်းဝတ်မှုန်တွေ ဖမ်းဆုပ်ယူရန်ကြိုးစားရင်း
ပျားဆိပ်ဒဏ် အဖန်ဖန် သင့်ခံ ထိနေသော

လေထဲစီးမျောနေတဲ့ သီးချင်းသံ သဲ့သဲ့ နောက်
တကောက်ကောက် လိုက်ရင်း အမောသင့်နေရရှာသော...

ဟိုတစ ဒီတစ.. ပြန့်ကျဲ လွင့်စင်ကျသွားသော
မှန်ကွဲ အစတွေ တယုတယ ပြန်ကောက်
ကောင်းလာလေနိုး ကြိုးစားဆက်ရင်း.. မှန်ကွဲစ ရှခံထိနေသော...

ဒြပ် အကောင်အထည် ရှိနေပါရက်..
ပြန် ပြန် စမ်း ကြည့်တဲ့ အခိုက်
တိုက်မိ စရာ အရိပ်တောင် မရှိတော့တဲ့ နောက်
ပျောက် ပျောက် သွား လုပြီ ဖြစ်နေ သော.....

ကောင်းကင်ပြာပြာ ကိုမော့ ကြည့်ရင်း
သမုဒ္ဒရာ အမှတ်နဲ့ တိမ်တွေအကြား..
အိပ်မက်ကို ကျောပိုးလို့ လက်ပစ်ကူး သွားနေသော.....
သူမ ... အသက်တမျှ.. ချစ်ရသော... သူ......


သူ နဲ့ သူမ

သွေးတစက်စက် ကျနေတဲ့ သူ့ ဒဏ်ရာတွေ အတွက်
သူမ နှလုံးသားဟာ မွမွ ကျေခဲ့....
ဟက်တက် ကွဲ ကာ ရိနေပြီ ဖြစ်တဲ့ သူ့ ဒဏ်ရာတွေအတွက်
သူမ... အသက်နဲ့ လဲ လို့ ကုပေးခဲ့ချင်သတဲ့..

သူမရဲ့ သွေးတွေ ဆေး အဖြစ် ဖန်ဆင်း..
သူ့ အနာ မယင်းအောင် ကာကွယ် ခဲ့ ချင် သတဲ့...

သူ ပျော်ရွှင်ဖို့.
သူ စိတ်ချမ်းသာ ဖို့..
သူ အဆင်ပြေဖို့..
သူ.. သာ.. ပြန်လည် ရှင်သန်လာမယ် ဆို..
ဘာကိုပေးရရ
ဘာကို လုပ်ရရ
ဘာတွေပဲ ဖြစ်ဖြစ်
အချစ်တွေ နဲ့ သူမ.. ပေးဆပ်လို့ရသမျှ ပေးဆပ်ချင်သေး သတဲ့..

အိပ်မက်ထဲတွေ တောင် ယောင်ပြီးတော့ချစ်..
အဲဒီ အဖြစ်တွေ အကြောင်း.. သူ့ ကို ပြန်ပြောင်းပြောတဲ့အခါ
အိပ်မက်တွေ ခဏခဏ မမက်ပါနဲ့ လုံမ ရယ်. လို့.
သူ က ပြော အုံးမှာ ဖြစ်ပေမဲ့...

အလွမ်းဒဏ်သင့် ကဗျာတွေ.. အပုဒ်ရေ များလာပြီ ဆိုမှဖြင့်
အဲဒီ အလွမ်း ကဗျာ တွေ ခဏခဏ မရေး ပါနဲ့ လုံမ ရယ်. လို့
သူက ပြောအုံးမှာ ဖြစ်ပေမဲ့...

သူ သွား ရာ လမ်းတလျှောက်..
သူ့ ကျကျန်နေခဲ့တဲ့ အလွမ်း အစက် အပျောက် တွေ
တစ စီ တစက်စီ နောက်ကကောက်...
သံ ယောဇဉ် ကျည်တောက်ထဲ စု..
သူ့ ဒဏ်ရာတွေ ပျောက်တဲ့ အထိ .. နောက်ဆုံး ထွက်သက် ရှိချင် ရှိစေ..
သူမ ... စောင့် နေမှာ....တဲ့...

သူ ငိုဖူး တဲ့ သစ်ပင်အောက်..
ကျကျန်နေတဲ့ သူ့ မျက်ရည်တွေ
တစစီ တပွင့်စီ နောက်ကကောက်..
အကြင်နာ ကျည်တောက်လေးထဲ ထည့်
သူ့ မျက်ဝန်းတွေ ပြန်လည်တောက်ပမဲ့နေ့
အသက် ရှိသရွေ့ သူမ စောင့်နေမှာ....တဲံ့....

ဘလက်ခ် ဟိုးလ်.. တွင်းနက်ထဲ ပြုတ်ကျ...
ပျောက်ဆုံး သွားရတဲ့ သူ့ အပြုံးတွေ...
အသက်ပြန်ဝင်လေနိုး.. မျှော်ကိုး တွေးစိတ်တွေ နဲ့..
ရင်ဖိုစွာ မန်းမှုတ်.. လက်အုပ်လေး ချီ ဆုတောင်းရင်း...
ဘ၀ ကူး ခြင်းဆိုတာ မရှိသရွေ့.... သူမ.. စောင့်နေမှာ တဲ့.....



တကယ်တော့..
သူမ... ဟာ.... အချစ်ဆိုတာ.... သူ နဲ့ တွေ့ မှ .. သိတာပါ ... တဲ့....

တကယ်တော့..
သူမ... ဟာ.... အချစ်ဆိုတာ.... သူ နဲ့ တွေ့ မှ .. သိတာပါ ... တဲ့.....။


မမသီရိ
၅.၉.၂၀၀၉

Monday, February 22, 2010

သူ.. သူမ .. တို့နှင့် ပတ်သက် ၍......

တလောက ညီမလေး တယောက်က ပြောလာတယ်.. မမ က ကဗျာတွေ ရေး ရေး နိုင်လွန်းလိုက်တာတဲ့...။ သူ ပြောမှ သေချာ ပြန်ကြည့်မိတယ်.. ဟုတ်ပါ့... ဘလော့ရဲ့ တရားဝင် သက်တမ်းတနှစ် မပြည့်တပြည့်မှာ.. ရေးဖြစ်ခဲ့တဲံ့၊ တင်ဖြစ်ခဲ့တဲ့ ကဗျာတွေ.. ၉၉ ပုဒ် ရှိခဲ့ပြီ.... နောက် တပုဒ် က ပုဒ်ရေ ၁၀၀ မြောက် ကဗျာ ဖြစ်တော့မှာ...။ မမသီရိ ဘလော့လေးကို ဘလော့ဂိုစဖီးယားထဲတရားဝင်လွှတ်ပေးခဲ့တာ လွန်ခဲ့တဲ့နှစ် ဇန်န၀ါရီ ၁၀ ရက်နေ့ကမို့လို့ ခုဆို တနှစ်သက်တမ်းရှိခဲ့ပြီလို့ပြောရတော့မှာပေါ့။ အဲဒီမတိုင်ခင်ကတော့ အမှတ်တရသိမ်းထားခဲံရုံလေးပါပဲ။

ကျမ ကဗျာတွေရေးခဲ့တာ.. အလယ်တန်း တက်စ နှစ်တွေမှာ ဖြစ်မယ် ထင်ပါရဲ့..။ ကျမတို့ ငယ်ငယ် တုန်းက ပန်းချီ ဆန်းထွန်း ဆွဲတဲံ့ ပို့စ်ကဒ်လေးတွေ အတော်ခေတ်စား ခဲ့တာကလား.. မောင်ပန်းမွှေး ရဲ့ သုံးကြောင်းစပ် ကဗျာလေးတွေ ပါတဲ့ ဆန်းထွန်း ရဲ့ချစ်စရာ အရုပ်လေးတွေနဲ့ ပို့စ်ကဒ်လေးတွေ က ကျမရဲ့ အသဲ စွဲ ဖြစ်ခဲ့ ပြီး ရသမျှ မုန့်ဖိုးတွေ နဲ့ ပုံအသစ်တွေ့တိုင်း ၀ယ် သိမ်းခဲ့ဖူး ခဲ့တယ်လေ..။ ကိုယ် က ပုံ ဆွဲတာလဲ ၀ါသနာက ပါခဲ့သေးတာ ကိုး..။ အဲဒီ ပို့စ်ကဒ်တွေထဲက သုံးကြောင်းစပ်ကဗျာလေးတွေနဲ့ ကျောင်းသင်ရိုးညွှန်းတမ်းထဲ ကခေတ်စမ်းကဗျာတွေ က ကျမကို ကဗျာ စမ်းရေးဖြစ်စေဖို့ တွန်းအားပေးခဲ့တာ ဖြစ်နိုင်ပါတယ်.။ ကျမရဲ့ ကဗျာရေးခဲ့တဲ့ ရာဇ၀င် အကြောင်းတွေကိုတော့ ကိုတင်မင်းထက် Tag လို့ရေးဖြစ်ခဲ့တဲ့ ပထမ ကဗျာ ဆိုတဲ့ပို့စ်ထဲမှာလဲ အတော်ကလေး ထဲထဲဝင်ဝင် ရေးထားခဲ့ပါသေးတယ် ..။

ကျမရဲ့ကဗျာအများစုက ကျမရဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ခံစားချက်လေးကို အမြဲဦးစားပေးထားတဲ့ အတ္တဥခွံဘောင်ကျဉ်းကျဉ်းလေးထဲမှာပဲ ရှိနေတဲ့ သမုဒယ ကဗျာတွေများပါတယ်။

ခံစားလွယ်တတ်သူ၊ ခံစားချက်တွေ ကူးစက်လွယ်သူ တယောက်မို့လို့လဲ ပတ်ဝန်းကျင်မှာ မြင်ရတွေ့ရ၊ ကြားရ၊ သိရ တဲ့ အတွေ့အကြုံတွေထဲက လှိုက်မောဖွယ်ရာ၊ ကြည်နူးဖွယ်ရာ၊ လွမ်းဆွတ်ဖွယ်ရာ အကြောင်းအရာတွေဟာ ကျမ ရဲ့ ရင်ကိုအမြဲ လာလှုပ်ခတ်စေခဲ့ပါတယ်။

ဒီလိုနဲ့ ဒီဘလော့ လေး ရေးနေရင်းမှာပဲ ကျမရင်ထဲမှာ ဇာတ်ကောင် နှစ်ယောက် က ပုံပေါ် အသက် ၀င် လာခဲ့တယ်..
အဲဒီနှစ်ယောက်ကတော့ ကျမရဲ့.. သူ နဲ့ သူမ.. ပဲပေါ့..

 ကျမရဲ့ကဗျာတွေထဲက သူမ.. ဟာ ချစ်သူ ကို အချစ်ကြီးတတ်တဲ့၊ နားလည်စာနာပေးတတ်တဲ့၊ အင်မတန်မှ လွမ်းတတ်တဲ့ မိန်းမငယ်တယောက် ဖြစ်နေခဲ့ပြီး.. သူမ ရဲ့ သူ ကတော့ .. တွေဝေတတ်သူ၊ အားငယ်တတ်သူ၊ တပြိုငိနက်ထဲမှာပဲ ပြတ်သားချင်သူ သတ္တိရှိလွန်းသူ၊ သူမနဲ့ အဝေးကြီး တနေရာမှာ ရှိနေတဲ့သူ၊ အနုပညာဆန်လွန်းလှပြီး နှလုံးသားနုးညံ့လွန်းတဲ့သူ၊ ဂီတ ကို မြတ်နိုး ဖန်တီးတတ်သူ၊ သူမ နဲ့ တွေ့တဲ့ ခါ သူမအတွက် အပျော်ရွှင်ဆုံး အချိန်ကာလတွေ ပေးနိုင်မဲ့သူ လို့ သူမ ကိုယ်တိုင်က ယုံကြည်ကိုးစားနေတဲ့.. သူ.. ပဲပေါ့.. သူ.. ဟာ.. ကျမရဲ့ ကဗျာတွေထဲ မှာ.. တခါ တရံ .. ကို.. ဖြစ်ခါ ဖြစ်.. တခါ တရံမှာတော့.. မောင်.. ဖြစ်ခါ ဖြစ်... တခါ တခါ ကျတော့လဲ.. ကလေးလေး တယောက် ဖြစ်လို့..

ကျမ ကိုယ်တိုင်.. အဲဒီ သူ နဲ့ သူမ ဟာ ဒီကမ္ဘာပေါ်မှာ တကယ်ရှိရဲ့လား လို့ မသေချာပါဘူး၊ စိတ်ကူးထဲမှာ တော့ အဲဒီ ၀ိဥာဉ်၂ ခုဟာ ကျမကို အမြဲ လွှမ်းမိုးနေတတ်ပါတယ်..တခါ တရံမှာသူ့ ရဲ့ ၀ိဥာဉ်တွေလာဝင်ပူး ချင် ပူးတတ်သလိုပဲ အခါ အများစု မှာတော့ သူမ ရဲ့ ၀ိဥာဉ်တွေက တွယ်ကပ်တာ ကိုခံရပါတယ်.... ။

 
အဲဒီ မသေချာတဲ့ ကြားမှာပဲ .. သူ. သူမ တို့ နဲ့ ပတ်သက်လို့ ခံစား ခဲ့ရတာတွေ ကို ချရေးဖြစ်တဲ့ ကဗျာ ၅၃ ပုဒ် ကြီးများ တောင် ရှိနေခဲ့ပါပေါ့လား...

၁။ အပြစ်တစ်ခု လို့ မမှတ်စေချင်
၂။ ချစ်သူ့ ရင်ခွင်
၃။ တိတ်တိတ်လေးပဲ.လွမ်းနေမယ်..
၎။ ဆူး
၅။ ချစ်မိသည့် ..ဒဏ်...
၆။မောင်မလာပါ ဘူးကွယ်
၇။ အချိန်တိုင်းမှာ...
၈။ ချစ်လွန်းကြင်
၉။ ယုံကြည်ချက်
၁၀။ ဂလိုက်ဒါလေး တစ်စီးရဲ့အကြောင်း
၁၁။ ;(
၁၂။ ပျော်လိုက်တာ
၁၃။ အချစ်ကြောင့်သာ...
၁၄။ ချစ်သူ
၁၅။ ရှင်သန်ခြင်း
၁၆။ ငါ့ရဲ့ ကဗျာဆရာလေး
၁၇။ မောင်ဟာ အကုန်လုံးပဲ
၁၈။ ကော်ဖီကြိုက်တဲ့သူ
၁၉။ အလွမ်းပန်းတွေ စမ်းမျက်ရည်
၂၀။ အလွမ်းသူဌေး
၂၁။ ပေးပို့ချင်သော အနမ်းများ
၂၂။ ကန္တာရ သစ်ပင်
၂၃။ ခွင့်လွှတ်ပါ
၂၄။ အိပ်မက် မိုးတိမ်
၂၅။ ဘန်ကီမွန်လဲ စိတ်တိုတယ်.. ချစ်သူကိုလဲ စိတ်တိုတယ်
၂၆။ ကျမလာခဲ့တယ်
၂၇။ မင်းမရှိရင်
၂၈။ ခံပွင့်ကလေး
၂၉။ အဖြေညှိစရာမလိုတဲ့ ပဟေဠိလေးတွေ
၃၀။ ပါရမီဖြည့်လိုသူ၏ဆန္ဒများ
၃၁။ မင်းရဲ့အရုပ်ကလေး
၃၂။ ရူးသွပ်ခြင်း
၃၃။ ၀ိုင်နီပုလင်းလေး တလုံး...
၃၄။ နောင်တမဲ့သော... (၂)
၃၅။ ပုလဲပျောက်ရှာပုံတော်
၃၆။ "သူသိစေချင်"
၃၇။ ချစ်ခြင်းအားဖြင့်
၃၈။ ချစ်သူ့ကျိန်စာ
၃၉။ မျက်ပြေ ကဗျာ
၄၀။ အရိုးခံ ဆန္ဒမွန်
၄၁။ သစ္စာ
၄၂။ ပျားကလေး တမန်
၄၃။ ငါက ကျန်စစ်သား မဟုတ်ဖူး
၄၄။ မိဆိုး
၄၅။ တိမ်ကိုနမ်းသော ခြေလှမ်းများ
၄၆။ အလွမ်းတို့စေရာ
၄၇။ ဥယျာဉ်မှူးနဲ့သူ၏ပန်း
၄၈။ နှစ်ဦးသား ဆုံတဲ့နေ့
၄၉။ မင်း မရှိတဲ့ အရပ် မှာ....
၅၀။ ပိုင်စိုး ပိုင်နင်း
၅၁။ ချစ်တယ်.... ချစ်တယ်... ချစ်တယ်...
၅၂။ ပုထုဇဉ်
၅၃။ သဲစုတို့ထက်ပိုသော ... ကြယ်စုတို့ထက်ပိုသော.....

ပြန်စဉ်းစားကြည့်လိုက်မိတော့ အတော့ ကို အံ့သြ ထူးဆန်းဖွယ်ရာပါပဲ.. အဲဒီ ကဗျာတွေ က ဘယ်လိုများ ဒီလောက်ထိ အလွယ်တကူ စီဆင်းပြီး ရေးဖြစ်ခဲ့တာပါလဲ လို့ ပေါ့..။

ဘာပဲ ဖြစ်ဖြစ် အဲဒီ သူ နဲ့ သူ မ ကြောင့်ပဲ ကျမ ရဲ့ ဘလော့ လေး အသက်ဝင် ရှင်သန်ခဲ့တယ်။ မိတ်ဆွေ တွေ တိုးလာခဲ့တယ်..။ ခံစားချက် တူညီ ပြီး အလွမ်းကူးဖော်တွေ ရခဲ့တယ်..။

ဒါကြောင့်မို့လို့ ကျမ ရဲ့ သူ နဲ့ သူမ ကို ဂုဏ်ပြု မှတ်တမ်းတင်ဖို့ စိတ်ကူးလေး ရလာခဲ့ ရင်း.. သက်ဆိုင်တဲ့ ကဗျာတွေ စားရင်းပြုစုဖြစ်ခဲ့တယ်... ပြီးတော့ .. ကျမရဲ့ ဘလော့ပေါ်မှာ အပုဒ်ရေ ၁၀၀ မြောက် ကဗျာ အဖြစ်နဲ့ တင်ပေးဖို့ ... သူ နဲ့ သူမ .. ဆိုတဲ့ ကဗျာလေး တပုဒ်ကိုလဲ ကျမ ရေးဖြစ်ခဲ့ပါတယ်... ။

အဲဒီ ကဗျာ ကို တော့.. ဒီဘလော့ လေးရဲ့ နှစ်ပတ်လည် ဂုဏ်ပြု တဲ့ အနေနဲ့ နောက် ၃ ရက် အကြာ တင်ပေးပါ့မယ်...။

အကယ်လို့များ.. ကျမ ရဲ့ ကဗျာတွေ ထဲက သူမ နဲ့ သူ ဆိုတာ.. ဒီလောက ကြီးမှာ အမှန် တကယ် ရှိနေခဲ့ တယ်လို့ ဆိုရင်.. ကျမ ရဲ့ ဘလော့ မိတ်ဆွေ တွေ... သူတို့ နှစ်ယောက် ကို ဘယ်လို ဖြစ်စေချင်တာလဲ လို့ တော့.. ကျမ သိနေချင်မိပါတယ်.... နောက် ၃ ရက် အကြာ မှာ တင်မဲ့ ကဗျာလေး ကို ဖတ်ပြီးတဲ့ ခါပြောပြချင်တဲ့ ဆန္ဒ ရှိကြမယ်ဆို ရင် ပြောပြ ပေးခဲ့ ကြပါ.....။


မမသီရိ


(ဒီပို့စ်ကိုစထားခဲ့တာ ၂၀၀၉ နိုဝင်ဘာ ၈ ရက်နေ့ ထဲက ဆိုတော့ အတော်ကြာနေခဲ့ပြီပေါ့..။ ဒီဘလော့လေး ရဲ့ တရားဝင်နှစ်ပတ်လည်နေ့ ဖြစ်တဲ့ ၂၀၁၀ ဇန်န၀ါရီ ၁၀ ရက်နေ့ မှာ ကဗျာ ပုဒ်ရေ ၁၀၀ မြောက် မတင်မီ ရှင်းတမ်းလေး အနေနဲ့ တင်ဖို့ ရေးခဲ့တာ.။ အလုပ်တွေ မနိုင်ရင်ကန် နဲ့ မို့ ခု မှ ပဲ တင်ရပါတော့တယ်..။)

Friday, February 19, 2010

တတိယမြောက် နှစ်ကူးည

မွေးတာကမြို့ပေါ်မှာ ကြီးတော့ ဖေဖေတာဝန်ကျတဲ့ မိခင်ဖက်ကအဖိုးတွေအဖွားတွေ ရှိတဲ့နယ်မှာ၊ အနောက်တိုင်းယဉ်ကျေးမှုနဲ့ မနီးစပ်တဲ့အပြင် ခရစ်နှစ်သစ်ကူးကို တကူးတက အလေးမထားတဲ့ ပတ်ဝန်း ကျင်မှာ ကြီးပြင်းခဲ့ရသူမို့ ဒီဇင်ဘာ နှစ်ကူးညတွေကို ရင်ခုန်ရကောင်းမှန်း မသိခဲ့တဲ့ သူပါ။

၂၀၁၀ အကြို နှစ်ကူးည ရဲ့ ည ဦး ၁၁ နာရီ ခွဲလောက်ထိ သဲအညိုနုရောင်တွေ လွှမ်းတဲံ့ ကမ်းခြေ ဟိုတယ် တခု ရဲ့ အခန်းကျယ် တခု ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေ ကို အဖော်ပြုရင်း ကွန်ပျူတာတလုံးနဲ့ အလုပ်ရှုပ်နေခဲ့ရတဲ့ ကုသိုလ်ကံ ရုပ်ဆိုးဆိုးကြောင့် အလုပ်ခပ်များများ မိန်းမ တယောက်ဟာ ကျမ ပဲပေါ့။

ဟိုတယ်ရဲ့ ကပွဲ ခန်းမဆီက ရီမောသံတွေ သီချင်းဆိုသံ၊ ကခုန်မြူးတူးသံတွေက အခန်းထဲဆီကို တချက် တချက် လွင့်ပျံ တက်လာနေပေမဲံ့၊ ၂၀၁၀ မကူးခင် အပြီးသပ်ရမဲ့အလုပ်တွေကို ဦးစားပေးနေရတာမို့ အဖွဲခေါင်းဆောင်ဖြစ်နေတဲ့ ကျမက ခေါင်းဆောင်ပြီး ခေါင်းမထောင်ရဲ၊ ကိုယ်သာ အရင်ဖင်ကြွ လိုက်လို့ကတော့ အလုပ်ကပြီးဖွယ်ရာ မမြင်တာမို့ တနေကုန်ပင်ပမ်းထားတာတောင် ကြိတ်မှိတ် ဆက်လုပ်နေခဲ့ရတာမျိုး.. ။

၁၁ နာရီ ခွဲမတော့ လက်ပ်တော့ကို ပိတ်ချ လိုက်ပြီး အခန်းဖော်ညီမငယ် နဲ့ အပြင် ထွက်ခဲ့ကြတယ်.. ကပွဲ ခန်းမနေရာကိုလှမ်းကြည့်လိုက်တော့ ပျော်နေကြသူတွေချည်း..။ ကိုယ်နဲ့ မျက်နှာသိတွေလဲ မရှိတာမို့ ၀င် ပျော်ကြဖို့က ခပ်ကြောင်ကြောင် ဖြစ်နေမှာမို့ နှစ်ယောက်သား ကမ်းခြေဖက်ကို ခြေဦးလှည့်ဖို့ ဆုံးဖြတ်ကြရင်း.. မီးမှိန်မှိန်လင်းနေတဲ့ ဟိုတယ်ရှေ့ဖက်ဆီ တိုးဝင်လျှောက်ဖြစ်ခဲ့ကြပါတယ်.. ။
..
..
(၂)
"နှစ်သစ်ကူးချိန် ကိုခုလိုစောင့်ကြည့်ဖြစ်တာ မမ ဘ၀ မှာ ဒါဟာ တတိယအကြိမ်မြောက်ပဲ ညီမ ရဲ့.."

အညိုနုနု သဲမွမွ ကမ်းခြေပေါ်မှာ ထိုင်ချလိုက်ရင်း ပြောလိုက်တဲ့ သူ့စကားသံကြောင့် ဘေးက အခန်းဖော် ညီမငယ်က သူမ မျက်နှာကို တအံ့ တသြ လှမ်းကြည့်လာပါတယ်..။ ဟုတ်ရဲ့လား လို့ မယုံချင်စွာ စူးစမ်းတဲ့သူမလေးရဲ့ မျက်ဝန်းတွေကို လပြည့်ည လရောင်အောက်မှာ ကျမ တွေ့ဖြစ်အောင်တွေ့လိုက်မိတယ်..

"၂၀၀၀ ပြည့်နှစ် နှစ်ကူးတဲ့အချိန်တုန်းက ဘ၀ရဲ့ ပထမ ဦးဆုံး နှစ်ကူးည ဖြစ်ခဲ့တာပေါ့..အဲဒီတုန်းက  မမ တာဝန်ကျခဲ့ မြို့လေးရဲ့ Inter Agency Happy New Year Party ကို ခုလောလောဆယ် စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ မောင်ငယ်လေး တယောက်နဲ့ သူ့သူငယ်ချင်းတွေ ဦးစီးပြီး မမ တို့တွေက ၀ိုင်းဝန်းကူညီပေးခဲ့ရတယ်.. လိုတဲ့ ရန်ပုံငွေကိုတော့ အဲဒီတုန်းက နိုင်ငံတကာ ၀န်ထမ်းတွေက အများစု ကျခံပေးကြတယ်လေ.. ပျော်စရာတော့ အကောင်းသား ကွဲ့.. အစားအသောက်တွေ.. အဖွဲ့အစည်းအသီးသီး ရဲ့ လုပ်ငန်းပြကွက်တွေ၊ ရီစရာဖက်ရှင်ရှိုး၊ လှယဉ်ကျေးမောင် ပြိုင်ပွဲ၊ စတေ့ရှိုး၊ မီနီေ၈ါ့ဖ်.. အို.. စုံနေတာပဲ.. အဲဒီတုန်းက အဲဒီမြို့သေးသေးလေးမှာ အဖွဲ့ ပေါင်း ၁၀ ကျော် ၂၀ နီးပါး ရှိနေတာဆိုတော့ ၀န်ထမ်းတွေလဲ အများကြီးပေါ့..... ၂၁ ရာစုရဲ့ နှစ်သစ်ကို ကြိုဆိုတဲ့ နှစ်ဟောင်းရဲ့ နောက်ဆုံး စက္ကန့်ပိုင်းလေးကို တော့ ဖယောင်းတိုင်လေးတွေ ကိုယ်စီ ကိုင်ရင်း နှင်းမှုန်ဖွဲဖွဲအောက်မှာ လူတွေအများကြီးနဲ့ ထောင်စုနှစ်သစ်ကို ကြိုခဲ့တာလေ.."

"ဒုတိယ အကြိမ် နှစ်သစ်ကူးကတော့ လွန်ခဲ့တဲ့ ၂ နှစ်က၊ ရုံးက ညွှန်ကြားချက်နဲ့ မမ ဦးဆောင်ပြီး လုပ်ခဲ့ရတာ..။ နှစ်သစ်ကူး ကို Peace Mobilization Objective နဲ့ဒေသတွင်းမှာရှိတဲ့ လူမျိုးစုတွေအကြား Inter Ethnic Activity ပုံစံမျိုးဖြစ်အောင် လုပ်ပေးခဲ့ရတာ.လေ.။ နှစ်သစ်ကို အကြောင်းပြုပြီး လူမျိုးစုတွေ အကြားအချင်းချင်းနားလည်မှုတည်ဆောက်ဖို့၊ ငြိမ်းချမ်းရေး သဘောတရားတွေ အခြေခိုင်ဖို့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ပေးခဲ့ရတာ.ပေါ့..။ Happy New Year လို့ ကိုယ်တိုင် မိုက် ကိုင် ဦးဆောင် အော်ခဲ့တာပေမဲံ့ တာဝန်တွေနဲ့ ပျော်စရာရယ် လို့ ထူးထူးထွေထွေ မခံစားခဲံ့ရဘူး.. သူများတွေပျော်တာကြည့်ပြီး ပီတိဖြစ်ရတာ တခုပါပဲ.. "

"ခု ဒီတကြိမ်ကတော့ . မမ ဘ၀ ရဲ့ တတိယ အကြိမ်.. မမျှော်လင့်ပဲ ဒီနေရာမှာရှိနေခဲ့ပြီ"..

ကျမရဲ့ စကား ရှည်ကြီးကို တမေ့တမော လှမ်း နားထောင်ပေးနေတဲ့ ညီမငယ် ကို ကျမ အသာအယာ ငဲ့စောင်းကြည့်မိတယ်.. ကျမရဲ့ ဘ၀ အတွေ့ အကြုံတွေကို အလျင်းသင့်သလို.. ပြောပြနေကျမို့ ဒီတခါလဲ ပဲ သူမလေးက စိတ်ဝင်တစားနားထောင်ပေးနေတာကို တွေ့ရတာမို့ ကျမ နဲနဲတော့ ကျေနပ်သွားရပါတယ်... ဒီညီမလေးနဲ့ ကျမ အလုပ်တွဲလုပ်ဖြစ်တာ တနှစ်နီးပါး လောက်ပဲ ရှိသေးပေမဲ့ လူတဖက်သားအပေါ် အတော်လေး နားလည်ပေးတတ်သူလေး မှန်း ကျမသိခဲ့ရတာ တွေ့ပြီး မကြာခင်မှာပဲဆိုပါတော့..။ ကျမရဲ့ လွမ်းဆွတ်ခြင်းတွေကို ဒိုင်ခံ မျှဝေခံစားပေးနေသူလေးပါပဲ။ ကျမ ကဗျာတွေ ရေးတယ်ဆိုတာ အပြင်လောကမှာ သိတဲ့သူ ၃ ယောက်လောက်ပဲ ရှိတာထဲ သူမလေး က တယောက်ပေါ့..။ အကောင်အထည် ဖမ်းယူ ဆုပ်ကိုင်မပြနိုင်တဲံ့ ကျမရဲ့ လွမ်းဆွေးခြင်းတွေ၊ ကျမရဲ့တမ်းတခြင်းတွေ ကို နားလည်ပေးသလိုပဲ ဘာရယ်လို့ မဝေခွဲနိုင်သော သောကတွေ နဲ့ ဆောက်တည်ရာမရ ဖြစ်ဖူးတဲံ့ အခိုက်အတန့်တွေမှာလဲ သူမလေးက အားပေးဖော် ဖြစ်ခဲ့ပါတယ်။

ကျမနှလုံးသားထဲက အရာတော်တော်များများ ကို မျက်မှန်အောက်က မျက်ဝန်းတချက် မော့ကြည့်ရုံလေးနဲ့ မှန်းဆပြီး နားလည်ပေးတတ်သူလေးနဲ့ ကျမ ရဲ့ တတိယမြောက်နှစ်ကူးည ကို အတူဖြတ်သန်းရမှာ ကျမ စိတ်မကောင်း မဖြစ်မိပါဘူး..။

ကောင်းကင်ပေါ်မှာ ပြည်ပြည့်၀၀ ကြီးသာနေတဲ့ လမင်းဝါ၀ါ ကို မော့ကြည့်ရင်း တစုံတရာ ကို သည်းသည်းနင့်နင့် တမ်းတ မိတာကလွဲ လို့ ပေါ့လေ...

"လမင်းကြီးကို မော့ကြည့်ရင်း.. လွမ်းချင်နေတာမို့လား.. မမ..သဲပေါ်မှာ ကျောခင်း လှဲချ လိုက်လေ.. ကဲ စဉ်းစားမနေနဲ့တော့ .. ညီမတော့ လှဲ ပြီးနော်.. '..

ပြောလဲပြော လှဲ ချလိုက်တဲ့ သူမလေး ကိုစောင်းကြည့် ရင်း ထပ် စဉ်းစား မနေတော့ပဲ   (ခြုံလာတဲံ ပုဝါ ကိုတော့ အောက်က ခင်း ဖြစ်အောင် ခင်းလိုက်သေးတယ်).. လှဲချ မိပါတော့တယ်..

'' ကမ္ဘာမြေကြီးအပေါ် ကျောခင်းတာ ဒါ ပထမ ဆုံးပဲ ညီမ ရ.. " ဆိုတဲ့ ကျမ စကား ကိုတော့ သူမ က နောက်ထပ် အံ့ သြဟန် မပြတော့.. ကျမ နဲ့ နေလာတဲ့ တလျှောက်လုံး ကျမ ဆီ က အံ့သြ ထူး ဆန်းဖွယ်ရာတွေ မကြာခဏမြင်ခွင့် သိခွင့်၊  ကြားနေခဲ့ရပြီး ပြီး ကိုး..။
..
..
(၃)

ညသန်းခေါင်ယံကတဖြည်းဖြည်းနဲ့ နီးကပ်လာပြီ..
ဟိုတယ်ရဲ့ ကပွဲခန်းမဆောင်နေရာဆီက မီးရှူး မီးပန်းတွေ လွှတ်တင်သံတွေ ကြားလာရပြီ..
ကမ်းခြေ နေရာ တချို့မှာတော့ လူငယ်လေးတွေ ဟိုစုစု ဒီစုစု နဲ့ ပျော်စရာနှစ်သစ် လို့ အော်ကြရဖို့ကို အသင့်ပြင်နေကြပြီ..

ခြေရင်းနားက ပင်လယ်ပြင်ကြီးထဲ မတော့ လှိုင်း အိအိလေးတွေ က အသံတိတ် ကမ်းနား ကို ပြေးလိုက် ခွာလိုက်....

ကောင်းကင်ပေါ် နှင်းမှုန်တွေ တဖြည်းဖြည်းနဲ့ ထူထူ လေး  ဆင်းသက် လို့. မျက်နှာပေါ် လာနမ်း နေ..

အေးစိမ့်လာတဲ့ အချမ်းနဲ့ နင့်နင့်သီးသီး လွမ်းဆွတ်လာတဲ့ သူ့မျက်နှာ ကို မြင်ယောင်လာမိတဲ့ အခိုက်မတော့ .. နှုတ်ဖျားပေါ် က ကဗျာဟောင်းလေး တပုဒ် ရုတ်တရက် ခုန်ချ လာတော့တယ်......


ချစ်သူ့ ရင်ခွင်

..နှင်းစိုစို..
အအေးပိုတဲ့ ..ဒီလ
စောင်ခြုံတောင်.
လုံအောင် မနွေး နိုင်သမို့.
ချစ်ရိပ်ခို ရင်ခွင်နန်းကို..
လွမ်း.. တသသ..။



မမသီရိ (၂၆.၁၁.၂၀၀၈)
..........................................................
...


၂၀၀၉ ရဲ့ နောက်ဆုံး ညနေခင်း .. သူမ ရှိနေခဲ့တဲ့ ကမ်းခြေ မှာ.......


(၄)
၂၀၁၀ ရဲ့ ပထမ ဆုံး နံနက် ခင်းဟာလဲပဲ ခါတိုင်းနဲ့ မခြားနားစွာ.. အလွမ်းတွေ နဲ့ ထူထပ်ဆဲ.......။


မမသီရိ ( ၂၀၁၀ ဇန်န၀ါရီ)


ဘလော့နဲ့ဝေး.. ခင်ရာမင်ရာ မိတ်ဆွေတွေနဲ့ ဝေးနေခဲ့တာ အတော်ကြာခဲ့ပါပြီ..။ အလုပ်တွေက တခုပြီး တခု ပိလာနေတာက တကြောင်း၊ နဲနဲ အားမယ် လို့ ကြံလိုက်တဲ့ အခိုက်မတော့ ကွန်နက်ရှင် က အတော်ကြာကြာ မကောင်း၊ ကွန်နက်ရှင်ကောင်းပြန်တော့ ကွန်ပျူတာက ပြသနာ ၀င်နဲ့.... မိတ်ဆွေ တွေ ကို လွမ်းရုံမှ အပ မတတ်သာ ခဲ့....

စီဘောက်မှာ လာပြီး နှုတ်ဆက်ခဲ့ကြတဲ့ မိတ်ဆွေတွေ၊ မေးလ်နဲ့ လှမ်းပြီး စိတ်ပူပေးသူတွေ အားလုံး ကျေးဇူး တင်ပါတယ်.. ရေးထားတဲ့ ကဗျာ အကြမ်းတွေ အများကြီး ရှိနေတာမို့ အားတာ နဲ့ ဆက်တိုက်တင်ပေးသွားပါ့မယ်...

ခု တင်လိုက်တဲ့ ပို့စ်လေး က လဲ ရေးထား ကြာပြီ .. နှစ်ကူးပြီး ကတည်းက၊  ဒါလေးတောင် အဆုံး မသတ်နိုင်အောင် များခဲ့တဲ့ အလုပ် ကိုတော့ ရမယ် မဖွဲ့တော့ပါဘူး.. လေ...း)...။