Saturday, September 25, 2010

အထွက်တိုး အလွမ်းများ

မိန်းကလေး တဲ့..
မာနဇာပုဝါ .. ခြုံထားတဲ့ ကြားမှာပဲ..
မယုံ နိုင်အောင် တိုး တိုး ထွက်လာတဲ့
အလွမ်း အစို့ အညှောက်လေးတွေ..

ဖြေသာသလို
ပြေရာပြေကြောင်းတရား
စဉ်းစားလိုက်တော့..
နေမသာဘူး ဆိုတာ .. နေမရှိတာ မဟုတ်..
လမသာဘူးဆိုတာ လမရှိတာမဟုတ်..

ကြယ်တွေကို မမြင်ရတာ ကြယ် မရှိလို့ မှ မဟုတ်ပဲ ကွယ်...
တိမ်ရိပ်တွေ ရယ်.. ဒါမှ မဟုတ် မြူ ရိပ်တွေ ရယ်
ဒါ မှ မဟုတ် နှင်း... .သိပ်သိပ် တွေ ရယ်...
ကွယ်နေလို့ မဟုတ်ပေဘူးလား....
သူ့မျက်နှာ မမြင်ရဘူး ဆိုပေမဲ့..
သူက ရင် ထဲ အမြဲ ရှိတာ ကို....

နေကြာအ၀ါ တွေ ထိန်နေအောင်ပွင့်နေတဲ့..
ကြည်ပြာရောင် ဥယာဉ်လေးထဲက
ဗီဇ ပြုပြင်မထားရသေးတဲ့
အလွမ်း အပင်ပေါက်ကလေးတွေ ရေ..
အလွမ်း အထွက်တိုးရေး..
အရွက်အားတိုးဆေး အပွင့်အားတိုးဆေး
သုံးပေးဖို့ မလို..
ဘိုင်အို မြေဆီတွေ မသုံး လဲဖြစ်နေမှတော့
ထွားချင်သလောက်သာ ဆက်လို့ ထွားနေလိုက်ပါတော့..
ရေလောင်းပေါင်းသင်
နေစဉ်ရက်ဆက် .. အရိပ်ကြည့်လျှက် ပျိုးမယ်...

အတွက်တိုး အလွမ်းတွေအတွက်..
အခွန်ဆောင်စရာ လဲ လိုမှာ မဟုတ်တာမို့.
ကျမက ဆက်လွမ်းမယ်လေ.. ဘာဖြစ်လဲ လို့ နော်......။


မမသီရိ
၂၄.၉.၂၀၁၀

Monday, September 20, 2010

ပုလွေသံ ဟာ..

ဟိုးဝေးဝေးက ပုလွေသံ
မိုးနှာင်းမိုးတွေလျှံခဲ့လို့
ဒီလောက်ထိ စိုစွတ်နေ၇သလား..

ခရေတွေကြွေတာကလဲ
လွန်လွန်းတယ်လို့ပြောမဲ့သူ မရှိလေတော့
အဲဒီလေပြေ ကပဲ ချွေချင်သလိုချွေ..

အုံလိုက် ကျင်းလိုက်
တက် တက်လာတတ်တဲ့ အလွမ်းတွေ အကြောင်း
ပြောသရွေ့ ဟောင်းမှာမှ မဟုတ်ပဲ ကွယ်...

ပျံနေတဲ့ငှက်ကို
ခြေရာတွေ မချန်နိုင်ရကောင်းလားလို့ တော့

မျက်မာန်တွေ မတက်လိုက်ပါနဲ့.....

အားတင်းထား ပါ မောင်ရဲ့
ခဏလေး .. ခဏကလေးပဲ စောင့်ပေးပါ
တို့ .... ဆုံ မဲ့ရက် နီးလာပြီ...။



မမသီရိ
၂.၉.၂၀၁၀

Thursday, September 16, 2010

အဆိပ်သင့်ချစ်သူ

တစ်ချက်..
တစ်ချက်လေးပဲ လှည့်ကြည့်..
အဲဒီမှာ ကျမ မျက်ရည်တွေရှိတယ်...

တာရာတွေဝန်းရံနေပါလျှက်
အပြည့်အ၀ မကြည်လင်နိုင်တဲ့ စန္ဒာလမင်းငယ်ဟာ
ကျမပေါ့မောင်ရေ...

အဖြူရောင်အဖူးလေးတွေ ရယ်..
အဖြူရောင်အပွင့်လေးတွေရယ်..
ရူးသွပ်ဖွယ်.. ရနံ့လေးကို ပိုင်တယ်..

တမ်းမက်စေမဲ့ အဆိပ်ရည်တွေနဲ့
စံပယ်ပင် အရွက်ဖားဖား.
စိမ်းကားတောက်တောက် လဲ့
အလွမ်းကို ရိုးမယ် ဖွဲ့.. ကျမပျိုးခဲ့တဲ့ အဆိပ်ပင်လေ..

မြေဆီသြဇာ ကျွေးစရာ မလိုပါပဲ
သန်စွမ်းကြီးထွား..
ကပ်ပါး ပင် တပင်ဟာ..
တတိတိ နဲ့စားသွား.. ကျမရဲ့ အတွေးများ..
ကျမရဲ့ အရောင်မထင် နှလုံးသား..
ကျမရဲ့ အချိန်များ..
ကျမရဲ့ပေါ့ပါးရီမောသံများ..
ကျမရဲ့ကြည်လင်အပြုံးပွင့်များ
ကျမရဲ့ လွတ်လပ်ပျော်ရွှင်ခြင်းများ...
တဖြည်းဖြည်း ပါးလျှား လာခဲ့လိုက်တာ..
ပြာနှမ်းနှမ်းနှုတ်ခမ်း... မျက်ဝန်းတွေ ရီဝေ..
သွေးလှည့်ပတ်ခြင်းစံနစ်တခုလုံး
ချွတ်ခြုံ ဂျူံးဂျူံး ကျ
ခုတော့လဲလေ... ကျမ က.. ဖြေဆေး မနိုင်နိုင်တော့ တဲ့
အလွမ်းဆိပ်တွေ သင့်နေသူ...


မမသီရိ

Sunday, September 12, 2010

နှိုးစက်














မနိုးချင်လို့ အိပ်တာမျိုးမဟုတ်ပေမဲ့
အချိန်တန်နေမှန်းသိပါရက်
နဲနဲကလေးတော့ ဆက်မှိန်းချင်.......

ပိတ်နေဆဲ မျက်ခွံတွေ
လေးလံလွန်းပါဘိသနဲ့
ချစ်စရာ Tone ကလေးတွေ
အမျိုးမျိုး ပြောင်းနေတဲ့ ကြားမှာပဲ
မဖြစ်ညစ်ကျယ် မှတ်ဥာဏ်ကလေး တထွာ တမိုက်နဲ့
တာဝန်ကျေ ကျေပြနိုင်လွန်းတဲ့
ဒီ နှိုးစက်.... ငါ တကယ်မုန်းတယ်.....။


မမသီရိ
၎.၉.၂၀၁၀

Thursday, September 09, 2010

ရီနိုမာန် အတွက် မွေးနေ့ လက်ဆောင်

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်မဲ့ ချစ်တဲ့ တူလေး ငယ်ငယ် (မောင်ရီနိုမာန်) ရဲ့ ၂၉ နှစ်ပြည့် မွေးနေ့အတွက်မွေးနေ့လက်ဆောင်လေးပါ။


နှစ်သက်သဘောကျမယ်လို့ ထင်ပါတယ် နော် ငယ်ငယ် ရေ 
နောင်မွေးနေ့ပေါင်းမြောက်များစွာ ကိုလဲပဲ မိခင်ကို ချစ်မြတ်နိုးပြီး ကျေးဇူးသိတတ်တဲ့ သားငယ်လေး တစ်ယောက်အဖြစ်၊ နိုင်ငံနဲ့လူမျိုးကို မမေ့တဲ့ သားကောင်းလေး တစ်ယောက်အဖြစ်နဲ့ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ကွယ် .။


ချစ်ခင်ခြင်းများနဲ့


အန်တီလေး
မမသီရိ

Thursday, September 02, 2010

ချန်ထားမယ်

စကားကို နဲနဲ ပြောပြီး..
အသံကို တိုးတိုး ထိမ်းတယ်..

အစား ကို နဲနဲ စား လို့
ရေကိုဖြည်းဖြည်းသောက်တယ်

အသက်ကို ညှင်ညှင်း ရှူ ရင်း
လမ်းကို ဖွဖွ လျှောက်တယ်..

အလုပ်ပါးလာရင်..ငြိမ်ငြိမ်လေးထိုင်ပြီး
သီချင်းငြိမ့်ငြိမ့်လေး တွေ တိုးတိုးဖွင့်တယ်..

အပြင်သွားစရာရှိတော့
စူပါကပ် အိုအိုလေးကို
နံပါတ်သုံးဂီယာ အသေထားပြီး ဖြည်းဖြည်းမောင်းတယ်

ရီစရာ တွေ့ရင် ပြုံးရုံလေး ပြုံးလို့
ငိုစရာတွေ့တော့ မျက်ရည်ပဲ ၀ဲစေတယ်..


စိတ်အား လူအား.. ချန်ထားတဲ့ အင်အားတွေ ကိုတော့


သူနဲ့ အတူတူ ရှိတဲ့ခါ..
သူ့ကို ကော်ဖီဖျော်ပေးဖို့
သူ့ အ၀တ်တွေ လျှော်ပေးဖို့..
သူကြိုက်တတ်တာလေးတွေ ချက်ပေးဖို့..
သူနဲ့တူတူ ပန်းချီတွေဆွဲဖို့..
သူနဲ့ တူတူ သစ်ပင်တွေ စိုက်ဖို့..
သူပြုံးတဲ့ခါ.. ရီမောပေးဖို့..
သူဝမ်းနည်းရင် လိုက်ငိုပေးဖို့..

(ကိုယ်သန်ရာ သန်ရာပဲ ဆိုကြပါစို့ရဲ့..)
သူ့ကို ချစ်ဖို့နဲ့ လွမ်းဖို့ အတွက်သာ...



မမသီရိ