Showing posts with label ကျမရဲ့ရာဇ၀င်. Show all posts
Showing posts with label ကျမရဲ့ရာဇ၀င်. Show all posts

Saturday, December 26, 2009

ပထမ ကဗျာ

သူများတကာတွေ နှစ်သစ်ကူး နဲ့ ခရစ်စမတ်နဲ့ ဟောလီးဒေးတွေ ယူကြ၊ ခရီးထွက် ကြ၊ ခရီးထွက်ဖို့ ပြင်ဆင်ကြ၊ မိသားစုတွေ ဆုံဖို့ စီစဉ်ကြ နဲ့ ကိုယ်ရ မဲံ့ခွင့်ရက်လေးတွေ အလဟသ မဖြစ်ရအောင် အမိအရ ခွင့်ယူနေကြပေမဲ့.. ကံ အကြောင်းမလှလို့ အလုပ်တွေနဲ့ လုံးချာလိုက်နေသူတွေ ထဲ ပါခဲ့သူ ကျမ ကတော့ ကိုယ်ဆတ်ဆော့ထားမိတဲ့ ပရောဂျက်တွေ နဲ့ ဘတပြန် ကျားတပြန် နှစ်ကုန်ထဲ မှာ နပမ်းလုံးနေရတာမို့ ခွင့်ရက်လေးတွေကို လွမ်းမောတသ စွာ မျှော်ငေးနေယုံလေး ဖြစ်နေရပါတယ်..။

အွန်လိုင်းထဲ မရောက်ဖြစ်တဲ့ ရက်တွေ က ခပ်စိပ်စိပ်၊ ခပ်ထပ်ထပ်၊ ရောက်ပြန်တော့လဲ မေးလ်ကလေး ကပျာကယာ စစ်၊ ကိုယ့်ဘလော့လေး ဖွင့်ဖြစ်တဲ့အခါ ဆို ဘေးဆိုဒ်ဘားထဲက ခင်ရာမင်ရာ ဘလော့လေးတွေ ထဲက မှ စိတ်ဝင်စားဖွယ် ခေါင်းစည်းလေးတွေ နဲ့ စာမြည်းလေးတွေ ဖတ်၊ ကသုတ်ကရက် လည်ဖြစ်တဲ့အခါ လည်၊ မန့်ခါမန့်၊ မမန့်နိုင်တဲ့ခါတွေ အများသား၊ တခါတလေတော့ မန့်ချင်ရက်နဲ့ ကွန်နက်ရှင်က အဆင်မပြေ နဲ့ ကိုယ့်ရဲ့ ဘလော့ဂါ အသိုင်းအ၀ိုင်းပိစိ လေးကိုတောင် ဧည့်ဝတ်မကျေတွေဖြစ်နေရပြီး မျက်နှာပူနေမိပါတယ်။ ခင်ရာ ခင်ကြောင်း Tag ထားတာတွေ ကိုလဲ မရေးဖြစ်မရေးနိုင်တာမို့ အားနာရတာ လဲ မရှိတတ်တော့....။

ကိုဆောင်းယွန်းလ Tag ခဲ့တဲ့ ဆိုးငြီးဖြစ်တဲ့ သီးချင်းများ အကြောင်း၊ ညီမငယ် နှင်း Tag ဖူးခဲ့တဲ့ ကမ္ဘာပျက်မယ် ဆိုခဲ့ရင် အကြောင်း၊ တူတော်မောင် ရီနိုမာန် Tag ဖူး တဲ့ နေချင်တဲ့ မြို့ကလေး အကြောင်း၊ မောင်မျိုး Tag ခဲ့ဖူးတဲ့ ဆုံဖူးချင်သူများ ဆိုတဲ့ အကြောင်းတွေ .. ရေးမယ်လို့ တေးထား လိုက်၊ စ ထားခဲ့ လိုက်ပေမဲ့.... အကြောင်းအမျိုးမျိုး ကြောင့် ရှေ့ဆက် မတိုးနိုင်ပဲ ဖြစ်နေတာမို့ Tag ထားတဲ့သူတွေ တောင် စိတ်နာနာ နဲ့ မေ့လောက်ကြပြီ ပေါ့....။

ဟိုတလောလေးကတော့ ကိုတင်မင်းထက်က သူ့ရဲ့ ပထမကဗျာ-ဆိုတဲ့ ပို့စ်ထဲမှာ ကျမ ကို သတိတရ Tag လာပြန်ပါတယ်။ အမှန်ပြောရရင် သူ Tag ခဲ့တဲ့သူတွေထဲမှာ ကျမ ကလွဲလို့ ကျန်သူတွေ အားလုံးက ပရောဖက်ရှင်နယ် တွေဖြစ်နေတာမို့ ကိုယ့်အကြောင်းကိုယ်ရေးရမှာ စာဖတ်သူတွေ အားနာမိ ပါတယ်..။

ဘာလို့လဲ ဆိုတော့ ကျမရေးခဲ့တဲ့ ဘယ်ကဗျာကိုမှ၊ ဘယ်မှာမှ၊ ဘယ်နေရာမှာမှ ပုံနှိပ်ဖော်ပြခဲ့ဖူးခြင်း မရှိလို့ပါပဲ။ ကျမဘလော့ထဲက About Me ထဲမှာရေးခဲ့သလိုပါပဲ.. ကျမ ကဗျာတွေ ရေးပါတယ်.. ဒါပေမဲ့ သိမ်းထား ရုံလေးပါပဲ..ပြီးခဲ့တဲ့ နှစ်ထဲမှာတော့ မထင်မှတ်ပဲ ဘလော့လေးတခု လုပ်ဖြစ်ပြီး ကိုယ်ရေးတာလေးတွေ မျှဝေခွင့်ရခဲ့တော့မှ ရေးဖြစ်တာတွေနဲ့ ရေးဖြစ်ခဲ့တာ တချို့ကို ဒီမှာ ချပြခဲ့တာပါ။

ကဗျာတွေ ကျမ ဘယ်တုန်းထဲက စရေးဖြစ်ပါလိမ့်လို့ ပြန်ပြောင်းစဉ်းစား ကြည့်တော့ ကျမ ရဲ့ ငယ်ဘ၀ တွေက အတွေးထဲ ပြေးပြေးလွှားလွှား ပြန်လည်ဝင်ရောက်လို့လာပါတော့တယ်..။

ကျမတို့ အရွယ်ငယ်ငယ်က ပန်းချီဆန်းထွန်းဆွဲတဲံ့ စာရွက်ပါးနဲ့ခေါက် ပို့စ်ကဒ်လေးတွေ အရမ်းခေတ်စားခဲ့ဖူးတယ်။ ဒီခေတ်လူငယ်လေးတွေကတော့မြင်ဖူးမယ် မထင်ပါဘူး.. (သိမ်းထားဖူးပေမဲ့ အပြောင်းအရွှေ့တွေ နဲ့ ဘယ်နားရောက်နေသလဲ အထားမှား တာမို့ ကြုံတုန်း ပြန်မတင်ပြပေးနိုင်တာ စိတ်မကောင်းဖြစ်မိသေး။ ) ကျမက ပန်းချီ (ရုပ်ပြ ခဲပန်းချီ) ဆွဲဝါသနာပါသူမို့ အဲဒီရောင်စုံ ပို့စ်ကဒ်လေးတွေက ကျမရဲ့ အသဲစွဲ စုဖြစ်ခဲ့တဲ့အရာတွေ ပေါ့..။ ကျမကို ပိုပြီးဆွဲဆောင်စေခဲ့တာက ပို့စ်ကဒ်နောက်မှာပါလေ့ရှိတဲ့ ဆရာမောင်ပန်းမွှေးရဲ့ ၃ ကြောင်းစပ်ကဗျာတွေပါ..။

မမျှော်ဘူးလေ့
စိတ်ကမေ့လည်း

ဝေ့ဝေ့မျက်လုံး လမ်းတဆုံး..။

ဆိုတဲ့ကဗျာလေးဆို ခုထိ မှတ်မိနေတုန်း.။ ပြီးတော့ အဒေါ်တယောက်လစဉ်ယူဖတ်တဲ့ တိုင်းရင်းမေ ဂျာနယ်ထဲမှာဆို အနယ်နယ်အရပ်ရပ် ကရေးပို့ကြတဲ့၃ကြောင်းစပ်ကဗျာတွေ ၂ မျက်နှာ ၃ မျက်နှာလောက်စီ ပါဖူးတယ် လို့ မှတ်မိနေသေးတယ်.. တ၀ ကြီး ဖတ် ပေါ့...။

မူလတန်းကလေးဘ၀မှာ ကဗျာရွတ်ပြီး အသင်အပြကောင်းတဲံ့ ဆရာမကျေးဇူးကြောင့် ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာတွေ၊ ဆရာဇော်ဂျီ ရဲ့ကဗျာတွေကိုတမက်မောမော ဆိုဖူးသူမို့ အရွယ်လေးရလာတော့လဲ ကဗျာတွေကို ရင်ခုန်တတ်လာတယ် ဆို မှားမယ် မထင်ပါဘူး..။ ရွှေးသွေး တို့တေဇ တို့မှာ တဲ့ ကဗျာတွေ ကို ဖတ်တယ်..။ မြ၀တီ နဲ့ ငွေတာရီ မဂ္ဂဇင်းတွေမှာပါတဲ့ကဗျာတွေ ကို ဖတ်တယ်.. တခုတော့ ရှိပါတယ် .. ကျမ ရဲ့ ဦးလေးတွေက မိုးဝေတို့ ဘာတို့ မဖတ်တာမို့ အဲဒီ ကဗျာတွေ နဲ့တော့ ကျမ သိပ်မရင်းနှီးပါဘူး..။ အဲဒါကြောင့်လဲ ကဗျာဆရာ ကိုအောင်သာငယ်က ကျမ နဲ့ ကျမ ကဗျာတွေကို Old Fashion လို့ ပြောခဲ့တာ ထင်ပါရဲ့..။

သေချာ မမှတ်မိတော့ပေမဲ့ ကျမ ပထမဦးဆုံးရေးဖြစ်ခဲ့မဲ့ ကဗျာဟာ ၃ ကြောင်းစပ် ကဗျာတပုဒ်ဖြစ်မယ်ဆိုတာ သေချာသလောက်ရှိပါတယ်..။ ကျမ အသက် ၁၂ နှစ်အရွယ် ၈ တန်းကျောင်းသူဘ၀ ရဲ့ နွေရာသီ ကျောင်းပိတ်ရက်မှာ ဗလာစာအုပ်လေးတအုပ်နဲ့ စခဲ့တဲ့ ကျမ ရဲ့ ကိုယ်ပိုင် ကဗျာစာအုပ်လေး ရှိခဲ့တာ ကျမ မှတ်မိပါတယ်။ ကဗျာတိုစိလေးတွေ ကို ကိုယ်တိုင်ဆွဲတဲ့ ပုံတွေ နဲ့ တွဲပြီး စာအုပ်လေး လုပ်ထားခဲ့တာပါ..။ ၉ တန်းနှစ်အရောက်မှာ ကျမရေးတဲ့ကဗျာတချို့ ကို ရီးစားရှိတဲ့ သူငယ်ချင်းတွေ ကူးရေး ကြတယ်..။ စပယ်ပန်းနဲ့ ဖွဲ့ခဲ့တဲ့ အချစ်ကဗျာ (၀တ္တုစာအုပ်ဖတ်ရင်းရေးတာပါ.. တကယ့်အချစ်ကိုတွေ့လို့ မဟုတ်) တပုဒ်ဟာ ကျမ ရဲ့ ပထမ ဆုံး ၇ ကြောင်းလောက်ရှိမဲ့ ကဗျာပေါ့.. ကဗျာ ကို အလွတ်မရတော့ပါဘူး.. နောက် ခပ်ရှည်ရှည် တပုဒ်ကတော့ ၁၀ တန်းဖြေခါနီး နွေရာသီမှာ ကျောင်းနောက်ဖက် လယ်ကွင်းထဲက ပေါက်ပင်တွေ ရဲရဲ နီအောင် ပွင့်တာ ကိုကြည့်ရင်း အာရုဏ်မှာ တွန်တဲ့ ဥသြသံ ကို နားစွင့်ရင်းသူငယ်ချင်းတွေနဲ့ တသက်တာ ခွဲရတော့မဲ့ အကြောင်း၊ လွမ်းဆွတ်စရာ ကောင်းနေကြောင်းဖွဲ့ခဲ့တဲ့ ကဗျာ ပါ...။

အဲဒီကဗျာတွေ ပါတဲံ့ ကဗျာ ဗလာစာအုပ်ရယ်.. နောက် ထပ် ကဗျာတွေ စာအုပ်တ၀က်နီးပါးရှိမဲံ့ စာအုပ် တအုပ်ရယ် က လွန်ခဲ့တဲ့ ၃ နှစ်လောက်ကထိ ရှိနေခဲ့သေးပေမဲ့.. ခုတော့ ဘယ်နား ကျန်ခဲ့မှန်းမသိ ရှာမတွေ့ တော့ပါဘူး..။ ၁၉၈၉ နောက်ပိုင်း မှာ ရေးတဲ့ကဗျာတွေပဲ ကျန်နေပါတော့တယ်..။


ကျမ က ကဗျာတွေ ရေးသာရေးပေမဲ့ မဂ္ဂဇင်းတွေ ပို့ဖို့ စာစောင်တွေ ပို့ဖို့ ဘယ်တုန်းမှ စိတ်ကူး မ၇ှိခဲ့ဖုပါဘူး။ ကျမ ကဗျာတွေ ရေးတယ်ဆိုတာ လူတိုင်းလဲ မသိပါဘူး။ ကျမနဲ့ အလွန်တရာ ရင်းနှီးလွန်းတဲ့ သူ မိတ်ဆွေ တချို့ ကိုပဲ ကျမ ကဗျာ တချို့ ကိုပေးဖတ်ခဲ့တာပါ..။ အထူးသဖြင့် မိန်းခလး မိတ်ဆွေ တချို့ ပဲ သိတာမျိုးပါ... ယောင်္ကျားလေး သူငယ်ချင်းတွေ ကျမ ကဗျာရေးတာ မသိကြပါဘူး။ ခုလဲ အပြင်မှာ ကျမကို ကဗျာရေးတဲ့သူ ဘလော့ ရေးတဲ့သူ လို့ သိတဲ့သူ မရှိသလောက်ပါ ပဲ..။

လူတွေ ရှေ့မှာ ချပြခဲ့ဖူးတဲ့ ကျမရဲ့ တပုဒ်တည်းသော ကဗျာကတော့ကျမရဲ့ ဇာတိမြို့ကလေးမှာကျင်းပ ခဲ့တဲ့ ကိုဖုန်းမော် တနှစ်ပြည့် အခမ်းအနား မှာ ကျမ ရေးဖွဲ့ပြီး ကျမ ကိုယ်တိုင် တက်ရွတ်ခဲ့တဲ့ ကမ္ဘာမကျေဘူးဟေ့ လို့ခေါင်းစဉ်တပ်ခဲ့တဲ့ကဗျာပါ..။ အဲဒီတုန်းက ကျမ က ကျမတို့မြို့ကလေးရဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှာ (တဦးတည်းသော မိန်းခလေး) တွဲဖက်စည်းရုံးရေးမှူး တာဝန်ယူပေးအပ်ခြင်းခံခဲ့ဖူး ပါတယ်..။ အဲဒီနေ့က ဆွမ်းကျွေးပြီးတော့ ဟောပြောပွဲအစီအစဉ်တွေကြားထဲမှာ ကျမရဲ့ ကဗျာကို ရွတ်ခဲ့တာပါ..။ ဖတ်ရင်း နဲ့ အံကြိတ် မျက်ရည် ၀ဲခဲ့ရတဲ့ ကဗျာ တပုဒ်..။ အဲဒီကဗျာ အပါ အ၀င် အဲဒီကာလမှာ သွေးစွန်းတဲ့တော်လှန်ရေး အကြောင်းနဲ့ ဖိနှိပ်မှု တွေ၊ မတရားမှုတွေ အကြောင်းတွေပါတဲ့ ကဗျာတွေ ကျမ ရေးဖြစ်ခဲ့ပါသေးတယ်..။ ဒါပေမဲ့ ၁၉၈၉ ခု ဇွန်လ မှာတော့ ကျမတို့မြို့လေးရဲ့ လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီရဲ့ မြို့နယ် ကော်မီတီဝင်အားလုံးနီးပါး (ကျမ နဲ့ ထွက်ပြေး သွားတဲ့ အတွင်းရေးမှူး ကလွဲလို့) အဖမ်းခံခဲ့ရတဲ့ အခိုက် ကျမရဲ့ မိခင်က ကြောက်လန့်တကြား အိမ်မှာ ရှိတဲ့ကျမရဲ့စာရွက်စာတမ်း မှတ်စုတွေ၊ ဒိုင်ယာရီ နဲ့ နိုင်ငံရေးအတ္ထုပတ္တိစာအုပ်တွေ အားလုံး ကျမ မသိအောင် မီးရှို့လိုက်တာမို့ ရေးထားတဲ့ ကဗျာစာရွက်တွေ ပါ ပါ သွားခဲ့ပါတယ်... ။ (ကျန်တဲ့ အဖွဲ့ဝင်တွေ အားလုံး ဖမ်းခံရပြီး ကျမ တယောက် ထဲ ဘာလို့ ကျန်နေခဲ့သလဲ ဆိုတာ ဒီနေ့ထိ ကျမ နားမလည် နိုင်သေးပါဘူး.. .အဲဒီ အချိန်မှာ မိဘတွေ ရှိတဲ့ နယ် ကို ရောက်နေခဲ့ လို့များလား.. ဒါမှ မဟုတ်တဦးတည်းသော မိန်းခလေးမို့လို့ ချန်ထားခဲ့သလား မသိပါဘူး... )..


ကျမရဲ့ ကဗျာတွေကို ဘယ်မှ မပို့ဖူး၊ ဘယ်မှာမှ မပါဖူးပေမဲ့.. စာရေးဆရာ ဆရာကြီး ကမ္ဘောဇခင်လှိုင် ကတော့ ၁၉၉၀ ၀န်ကျင်းလောက်တုန်းက မြန်မာ့အလင်း နဲ့ ကြေးမုံ သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ သူ့ရဲ့ အခန်းဆက် ခရီးသွားဆောင်းပါးတွေထဲမှာ ကျမ ကို ကဗျာဆရာမ ရယ်လို့ သညာ တပ်ပြီး (ကျမရဲ့ဇာတိမြို့အမည်နဲ့ကျမရဲ့ အမည်ကိုတွဲရက်) ဖော်ပြပေးခဲ့ဖူးတာလေး က ထူးခြား မှု တခု လို့ ပြောရမယ် ထင်ပါရဲ့.. ။ ကျမ တာဝန်ကျတဲ့ မြို့ကလေးမှာ ဆရာကြီး နဲ့ မမျှော်လင့်ပဲ အမှတ်တမဲ့ ဆုံတွေ့ ခင်မင်မိကြခဲ့ရင်း .. ကျမ ကဗျာတွေရေးတာသိတဲ့ ကျမ မိတ်ဆွေ ဆရာမလေးက ကျမ ကိုမြှောက်ပင့် မိတ်ဆက်ပေးတဲ့အပြင် ဆရာကြီး ရဲ့ မှတ်စု စာအုပ်ထဲမှာ ဆရာကြီး ပြန်ခါနီး၊ ဆရာကြီးအတွက် အမှတ်တရ ကဗျာတိုလေး တပုဒ် ရုတ်တရက် ရေးဖွဲ့ ပေးခဲ့လို့များ အဲသလို ဖော်ပြပေးခဲ့တာလဲ ဖြစ်ချင်ဖြစ်မှာပေါ့.. အဲဒီ သတင်းစာ ရောက်လာတော့ ကျောင်းက ဆရာမတွေနဲ့ ဖတ်ရင်း မျက်နှာပူပူနဲ့ ရီခဲ့ကြရသေးတာ မှတ်မိသေးတော့..။

အဲဒီတုန်းက ကျမရေးခဲ့တဲ့ ကဗျာ အများစု က အိမ်ဝေးနေတဲ့ သမီးတယောက်ရဲ့ အိမ်အလွမ်းတွေ နဲ့၊ ကျမ တာဝန်ကျရာ မြို့လေးရဲ့ အလှအပတွေ၊ ရာဇ၀င်တွေ ကို ရာသီ ဖွဲ့တွေနဲ့ တွဲဖက် သီဖွဲ့ခဲ့တာ များ ပါတယ်..


ကျမရဲ့ တပုဒ်တည်းသော ဖယောင်းဖောက်ကဗျာလေးကတော့ ဒီမှာပါ..။



ကျမ ကျောင်းဆရာမ လုပ်ခဲ့တဲ့ကာလတုန်းဆီက ဆို စာမေးပွဲ မေးခွန်းတွေကို ဖယောင်းစက္ကူပေါ်မှာ စူးနဲ့ဖောက် ရေးပြီး မီးချောင်းနဲ့ လှိမ့်ပြီး မိတ္တူပွားကြရပါတယ် ..။ စာကူးစက်တွေက အထက်တန်းကျောင်းကြီး တွေ နဲ့ မြို့နယ်ပညာရေးမှူး ရုံးတွေမှာလောက်ပဲရှိတာမို့ အလယ်တန်းကျောင်းတွေ မူတန်းကျောင်းတွေ မှာ တော့ ဒီလိုပဲ မေးခွန်းလှိမ့်ကြရတာပါ..။ ကျမ သင်တဲ့ အဌမတန်း အင်္ဂလိပ်စာ မေးခွန်းဖောက်တော့ စာမျက်နှာ တပိုင်း ပိုနေတာမို့ ကဗျာတပုဒ် လောက် ဖောက်ကြည့်ကောင်းမလား စိတ်ကူးရပြီး ဖောက်ကြည့်ခဲ့တာပါ...။ အားလုံး ကော်ပီတွေ ထွက်လာတော့ ကျောင်းအုပ်ဆရာမကြီး မသိအောင် ကျောင်းအကူ ကို အကူအညီတောင်းပြီး တိတ်တိတ်လေး ၂ ယောက်သား ဖြတ်ကြရတာပေါ့..း)...။ ၈ တန်းကျောင်းသား ၂၀ ကျော် ရှိတာမို့ ကဗျာစာရွက် ၂၀ ကျော် ရခဲ့တယ်... ဒီအတိုင်းပဲ သိမ်းထား ခဲ့တာ... ခုထိ ကျန်တုန်း ဆိုပါတော့..း)..။

အဲဒီ ကဗျာလေး ကိုပဲ ဒီဘလော့ စရေးတဲ့ နေ့မှာနေတတ်သလို ဆိုပြီးအဖွင့်ကဗျာ အနေနဲ့ နဲနဲ ပါးပါး ပြင်ပြီး တင်ထားခဲ့ပါတယ် ..။ ဖယောင်းဖောက် ကဗျာ မူရင်းကတော့ ..


နေတတ်သလို

ပျော်စရာ...
တွေ့လာရင်ပျော်လိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...

ငိုစရာ...
တွေ့လာရင် ငိုလိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...

နေ့...
ည.......ရာသီ

သံသရာ ဒီစက်ဝိုင်းမှာ...
နေရတာ ဘာမဟုတ်...

ခဏတာ အလည်ရောက်ကြတာမို့...
အခြေအနေ...
ဝန်းကျင်တွေ အားလုံး...
ပြေပြစ်အောင်အသုံးချလို့....

လာလမ်းကို ပြန်ချိန် ကျရင်...
ဝေဒနာ ရင်မှာ ပါမသွားစေဘို့...

ဖြေစရာရှာကာ ဒီဘဝ
နေကြမယ်လေ....။

(၃၀.၇.၁၉၉၀)


ဒီကဗျာ ကိုပဲ ကိုရင်နော်နဲ့ ခင်လေးငယ် တို့ Tag ဖူးတဲ့ ဆန္ဒရှိတဲ့ အဟောင်းလေး ဆိုတဲ့ ပို့စ်မှာ ပြန်လည်ဖော်ပြဖူးပါသေးတယ်..။

နောက်.. ပထမ ဆုံး .. တခြားကဗျာဆရာ၊ ဆရာမတွေနဲ့ အတူတူ ဖော်ပြခံရတယ်လို့ ပြောရမဲံ့ကဗျာ တပုဒ်က တော့ ကိုအောင်သာငယ်၊ ကောင်းကင်ကိုနဲ့၊ မောင်ဖုန်းမြင့်တို့ စီစဉ်ခဲ့တဲ့ ပြိုင်တူလင်းတဲ့ ကောင်းကင် ဆိုတဲ့ သင်္ကြန် ကဗျာစုမှာ ပါခဲ့တဲ့ မပန်ဖြစ်တဲ့ ပိတောက်ခက်မှတ်တမ်း ဆိုတဲ့ ကဗျာပါ.. ကဗျာစုထုတ်မယ်.. ကဗျာတပုဒ်လောက် အဆင်ပြေရင်ရေးပေးပါလို့ ပထမ ဦးဆုံး တောင်းခံ ခဲ့ရတဲ့ အခွင့်အရေး ဖြစ်ပြီး. ကျမ ကို ကဗျာ ဆရာ စာရင်းသွင်းခြင်း ခံရတဲ့ ကဗျာစု ဆိုပါတော့ .. တကယ်တော့ အဲဒီ ကဗျာကလဲ ကဗျာဟောင်း တပုဒ် ပါပဲ.. မှတ်စု စာအုပ်ထဲ ပြန်ကြည့်တော့ ကဗျာရေးတဲ့ နေ့စွဲ က ၅.၅.၁၉၉၀ ပါတဲ့...။

ကဲ .. ကို တင်မင်းထက်ရေ.. ဘယ်လို ပုံနှိပ်စာလုံးတွေနဲ့ မှ ပုံနှိပ်ဖော်ပြခြင်း မရှိသေးတဲ့ ကဗျာရေးသူ၊ ကဗျာချစ်သူ တယောက်ရဲ့ မရှိမဲ့ ရှိမဲ့ မှတ်တမ်းလေး နဲ့ ပထမ တွေ အကြောင်း သောင်းပြောင်းထွေ လာလေး မျက် စိနောက်အောင် ရေးလိုက်ပြီ မို့ ကျေနပ်မယ် လို့ ထင်မိပါတယ် ရှင်..။


အားလုံးကိုချစ်ခင်လေးစားသော

မမသီရိ

Sunday, September 13, 2009

ဗေဒါ


ကွင်းစပ်ကျယ် ရေသွယ်စပ်
ကပ်လျက်ရှိ ကန်ငယ်မှာ

ငြိမ်သက်စွာ အိနြေ္ဒနဲ့ ခပ်နွဲ့ နွဲ့ ဗေဒါပြာ
ရွက်စိမ်းလွှာ ထူသိပ်ကြားမှာ
ပွင့်နေလိုက်တာ...

စုန်တာနဲ့ ဆန်တာ မရှိပါ
ရေငြိမ်ပြာကြောင့်

တိတ်ဆိတ်စွာ ရပ်နေရင်း
လန်းစွင့်နေရှာ...

နှစ်သက်စွာ စွဲလမ်းလို့ ဖတ်ခဲ့ရ ငယ်စဉ်ခါ
ဇော်ဂျီရဲ့ ဗေဒါလမ်း

စုန်ဆင်းတခါ ဆန်ချီ တလှည့်
ဧရာ နွယ် မြစ်ပြင်တန်းမှာ .. လမ်း သိနေခဲ့.. တဲ့



ကန်လေး ငယ် ရေတိမ်လျှပ်
ရပ်နေတဲ့ ဗေဒါရယ်

ချောင်း အသွယ် ဒီရေစပ်ကို သိရဲ့လား ကွယ်..

မြစ်ပြင်ကျယ် ဧရာလမ်း မှန်းလေ လား ကွယ်

အပြော ကျယ် ပင်လယ်လှ ရော သိပါ လား ကွယ်


တခြား မယ် ဘာတွေရှိ
မသိသလို ဟန်မူပိုနဲ့

ကန် ငယ်ငယ် ရေ ငြိမ်ထဲမှာ
ဝင့် ကြွားစွာ ပွင့်နေတဲ့
ဗေဒါ ပြာ လွင်လွင်လေး ရယ်... သနားမိပါ ရဲ့....။


မမသီရိ
၂၅. ၆. ၁၉၉၀



ကျမရဲ့ ကျောင်းတော်သာမှာ ဆရာမသက်တမ်း က သိပ်မကြာခဲ့ပါဘူး။ အိမ်သာမရှိတဲ့ လူနေမှု ဘ၀၊ ထမင်းစား တဲံ့ အခါ အဟာရအုပ်စု ၃ ခု ပြည့်အောင် စားရမယ် လို့ သိတတ်ကတည်း ကတည်း နားရည်ဝ ပြီး ကြိုက်ကြိုက် မကြိုက်ကြိုက် အဟာ ရဖြစ်မဲ့ အစားအစာ တွေ ကို ကြိတ်မှိတ် စားခဲ့ရဖူး သူ က ငရုတ်သီးထောင်း တမယ်ထဲ နဲ့ ထမင်းစားပြီး အသက်ရှင်နေတဲ့ သူတွေကိုတွေ့ခဲ့ရတဲ့ ဘ၀၊ ညဖက်ဆို သင်ခဲ့ဖူးတဲ့ လေထန်ကုန်း ၀တ္တုထဲကထက် အသံပြင်း လှတဲ့ လေကြမ်းကြမ်းတွေ ရဲ့ ဆောင်းညတွေ ကို ခိုက်ခိုက်တုန်စွာ ဖြတ်သန်းခဲ့ရတဲ့ ဘ၀၊ ဘာမှ မရှိလဲ ဘာမှ မဖြစ်ပါဘူး လို့ နှစ်သိမ့်ကျေနပ် ပျော်ရွှင်နေကြတဲ့ ဘ၀တွေ ကြားထဲ မှာ လုံခြုံရေးကလဲ အားနည်း ဟိုအနား မှာ ဓါးပြ တိုက်သတဲ့၊ ဒီ ဖက်ရွာမှာတော့ လက်နက်တွေ တွေ့ ပြန်ပြီ တဲ့ ဆိုတဲ့ နားစွင့်စရာ သတင်းတွေ ကြား ထဲမှာ မှတ်စု လေး တအုပ်၊ ဖတ်စရာ စာအုပ်တွေနဲ့ လိုင်းတို ရေဒီယိုလေး တလုံး ကို အဖော်ပြု ချစ်သော ကလေးတွေရဲ့ ဖေးမ ချစ်ခင်မှုတွေ နဲ့ နေတော့ မယ် စိတ်ကူးခဲ့ပေမဲ့၊ ကျောင်းမပိတ်ခင် ကာလလေး မှာ ရောက်ခဲလှတဲ့ မြို့နယ် အဆင့် အုပ်ချုပ်သူ တွေ ဒေသတွင်း စစ်ဆေး ဖို့ရောက်လာတဲ့ အခိုက် ဆရာမ ပေါက်စလေး ကို တွေ့သွားခဲ့တော့ လုံခြုံရေး အခြေအနေအရ မြို့နား နီး တဲ့ ရွာ လတ်လတ် တရွာ ကို ပြောင်းရွှေ့ ချထားပေးခြင်း ခံ ခဲ့ရပါတယ်။

ကျမ ဒုတိယ တာဝန်ထမ်းဆောင်ရတဲ့ ရွာက အဲဒီ အနီးအနား ပတ်ဝန်းကျင်မှာတော့ ထိပ်တန်းရောက်တယ် ဆိုတဲံ့ ရွာတရွာ ပါ၊ ဈေးလေး ရှိတယ်၊ အိမ်ကြီးကြီး ၄ - ၅ ဆောင်လောက် ရှိတယ်၊ မြို့နယ်ရဲ့ မြို့လေး ကို ၃ နာရီ လှေစီး ခရီး လောက်သွား ရင် ရောက်နိုင်တယ်၊ ရွာ ထွက် ပညာတတ် (၁၀ တန်း အောင်)တယောက်ရှိတာမို့ အဲဒီ နားတ၀ိုက်မှာတော့ ရွာကြီး ပေါ့။ ရွာ ရဲ့ ကျောင်းလေး က ခြေတံရှည်နဲ့ တထပ်ကျောင်းပါ၊ ၅ တန်း ၆ တန်း ပါ တွဲ ဖက် ရှိတာမို့ ၂ သုတ် တက်ခဲ့ကြရတာပေါ့၊ သိပံဘာသာ တွဲ ဆရာမ မရှိတာမို့ ကျမ က ရောက်တာနဲ့ ၅ တန်း နဲ့ ၆ တန်း ကို တွဲပြခဲ့ရပါတယ်။ အဲဒီ ကျောင်းကလေး ရဲ့ ပြတင်း က လှမ်းကြည်လိုက်ရင်တော့ တမျှော်တခေါ် ကျယ်ပြန့် လှ တဲံ့ လယ်ကွင်းတွေ၊ အဲ ဒီ့ နောက်မှာ ရိုး မ တောင်စွယ်ကြီးက အထပ်ထပ် လွမ်းစရာကောင်းအောင် ပြာ မှိုင်း လို့၊ မိုးသဲတဲံ ရက်တွေမှာ ဆို လယ်ကွင်းပြင် တခွင်လုံး ရေတွေ ဖွေး လို့ ပင်လယ်ကြီး ပမာ.. အပြော ကျယ် ကျယ် လှချည်ရဲ့ လို့ တွေးမိရသလို ပဲ ။ ဆောင်းရောက်ပြန်တော့လဲ.. ဆောင်းငွေ့ တွေ နှင်းငွေ့ တွေနဲ့ လွမ်းစရာ ကောင်းပုံက တော့ .....

အစထဲကမှ အလွမ်း ဓါတ်ခံက ရှိရတဲ့ အထဲ ၊ ဒီမြင်ကွင်းတွေ နေ့စဉ်မြင် ရတာနဲ့ တင် ဘယ်ကို လွမ်း မှန်း ဘာကို လွမ်းမှန်းမသိတဲ့ အလွမ်းကဗျာတွေ ကလဲ တပုဒ် ပြီး တပုဒ် ရေးဖြစ်တော့တာပေါ့။

တပည့်လေးတွေကလဲ ပထမ တာဝန်ကျခဲ့တဲ့ ကျောင်းတုန်းက တပည့်တွေ လိုပါ ပဲ ဆရာမလေး ကို အတော် ၀ိုင်းချစ်ကြပါတယ်။ ကျမ က စာ သင်ပြီဆို စာ တခု ထဲ သင်တာမျိုး မဟုတ်ပဲ ဗဟု သုတ ရစရာတွေ ကိုယ် ဖတ်ဖူး တွေ့ဖူး တဲ့ အထဲက ကလေး အတွက် သိသင့်တာမျိုးတွေ ကို အမြဲ မျှဝေ ပြောပြတာမို့လဲ ကျမကို ပို ချစ်ခင်ကြတာလားတော့ မသိပါဘူး။ တနေ့ စကားပြောနေကြတုန်း ဒီရွာ လေး ထက်အပြင် တခြား ဘယ်ကို ရောက်ဖူး ကြသလဲ လို့ ကျမ အဲဒီ တပည့်တွေ မေးကြည့်တော့ ၂ ယောက်လောက်က လွဲ ပြီး ကျန်တဲ့ ၁၆ ယောက် က မြို့ ဆိုတာ ကို မရောက်ဖူး ပါတဲ့၊ သူတို့ TV ဆိုတာ မမြင်ဖူး ကြ ၊ ရုပ်ရှင်မကြည့်ဖူးကြ၊ တက္ကသိုလ် ကျောင်းဆိုတာ သူတို့ အတွက်တော့ ဒဏ္ဍာရီ၊ သူတို့ လူမျိုးနွယ်စု ကလွဲပြီး တခြားလူမျိုး စုတွေ အကြောင်း မသိကြ..... ..
ကျမ ရင်ထဲ အတော်ပဲ စိတ်မကောင်းဖြစ်ခဲ့ရတာပါ။ နောက်ပိုင်းတော့ ကျမ တတ်နိုင်သလောက် မြို့ကို တက်ဖြစ်ရင် သူတို့ အတွက် စာအုပ်တွေ ၀ယ်၊ ရင်းနှိးခင်မင် ရာလူတွေ ပြောပြပြီး ကျောင်း စာကြည့်တိုက်သေးသေးလေး တခု မဖြစ်ဖြစ်အောင် လုပ်လို့ သူတို့ နားလေးတွေ မျက်စိလေးတွေ တတ်နိုင်သလောက် ပွင့်စေ ဖို့ ကြိုးစားဖြစ်ခဲ့ပါ တယ်..။

အဲဒီ ကျောင်းလေး နဲ့ ကပ်ရက်မှာ ကန်ပျက် ကန်ကော လေး ၂ ခု ရှိပြီး တော့ ဗေဒါတွေနဲ့ ပြည့်နေတာလေ၊ မိုးတွင်းတနေ့ ဖွေးဖွေး ပြာအောင်ပွင့်နေတဲ့ ဗေဒါ တောကြီး ကိုကြည့် ရင်း ကျမ တပည့်လေးတွေ အတွက် ဒီကဗျာလေး ကို ရေးခဲ့တာပါ။

(အမှန်ပြောရရင်တော့၊ အဲဒီ တပည့်တွေတင် မဟုတ်ပါဘူး ကိုယ်တိုင်လဲ အဲဒီဗေဒါတောထဲ က တပွင့်ပါပဲ.. ဆိုတော့ ကိုယ့် ကို ကိုယ် လဲ ပြန်သနား မိပါရဲ့)

ကျမ မှတ်မိသလောက် ဗေဒါ ကဗျာ ၂ ပုဒ် ကျမရေးခဲ့ပါတယ်၊ ဒါပေမဲ့ လောလော ဆယ်ဆယ် ကျမ ရဲ့ စာရွက်ဟောင်းတွေ ထဲ မှာ ဒီ တပုဒ် ပဲ ရှာတွေ့ တာမို့ နောက် ရှာတွေဲံ့ ခါ နောက် တပုဒ် ကို လဲ တင်ပေးသွား ပါ့မယ်..

အားလုံး ကိုချစ်ခင်လေးစားတဲ့

မမသီရိ

Sunday, June 28, 2009

ကျွန်မနဲ့ အင်္ဂလိပ်စာ

ဒီအကြောင်းအရာလေးက ကျမခေါင်းထဲ ရောက်ခဲ့တာတော့ အတော်ကြာပါပြီ။ ခုတလော အလုပ်ရှုပ်၊ ခေါင်းရှုပ် နဲ့မို့ စာရေးရတာ ခက်ခဲပါတယ်။ စာရေးရတဲ့ ကြိုးပမ်း အားထုတ်မှုက ကျမအတွက် ကဗျာရေးရတာနဲ့ စာရင် ပိုမို ခက်ခဲသလို ခံစားရပါတယ်။ ကဗျာကျတော့ ရင်ထဲ ခံစားလာရတဲ့ အချိန်၊ ကာရံတွေ ခေါင်းထဲ ပေါ်လာတဲ့ အချိန် ဘယ်နား ဖြစ်ဖြစ် စာရွက်ပိုင်းလေးနဲ့ ခဲတံ တချောင်းရရင် ချရေးထားလို့ ရတာမျိုးမို့ အခက်အခဲ မရှိလှပေမဲ့ စာရေးမဲ့ အလုပ်ကျတော့ (ကိုယ် မကျွမ်းကျင်တာ.. အဖြစ်မရှိတာလဲ ပါမှာပါ..း) .. ကွန်ပျူတာရှေ့ ရောက်မှပဲ ရေးလို့ရတော့မလိုလို .. နားအေးပါးအေးရှိမှပဲ ရေးလို့ရမလိုလို.. စာရွက်ပေါ် ချရေးရတာပဲ .. အဆင်မပြေချင် သလိုလို..း) (ကညစ်နဲ့ရေးခဲ့ရတဲ့ ဆရာကြီး၊ ဆရာမကြီးတွေ ဒီစာ ဖတ်မိ ရင် ကျမကို ရရာ ဆွဲ ကောက်ထုချင်စိတ် ပေါ်မှာ အမှန်..း) ..
ဒီလိုနဲ့ ကျမရဲ့ ဘလော့ဂ်လေးမှာ ကဗျာအရေအတွက်က တခြားအကြောင်းအရာတွေနဲ့နှိုင်းစာရင် ပိုများလာ နေတော့တာ..။ ခု ဒီစာကိုတော့ ရွာသားလေးရဲ့ အမှောင်ခွင်း၍ အလင်းဆောင်အံ့ ဆိုတဲ့ ပို့စ်လေး ဖတ်ပြီး ကဲ ..ဒီတခါ တော့ ရေးပြီကွ လို့ .. အားတင်း ရေးလိုက်တာပါ။ သူ့ပို့စ်လေးက စာကြည့်တိုက်အကြောင်း ဦးတည်ရေးထားတာပေမဲ့ အဲဒီပို့စ်ရဲ့ တနေရာမှာ မလေးသွားပြီး အလုပ်လုပ်မဲ့ ကလေးတွေရဲ့ ဘာသာစကား အားနည်းချက် ကို ထည့်သွင်းရေးပြ ထားပါတယ်။ ခု ကျမရေးထားတဲ့ အကြောင်းအရာတွေ က ကျမရဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေးပါ။ ဘာသာစကား အားနည်းနေတဲ့ လူငယ်တွေ .. ဘာသာစကား တခု ဘယ်လို လေ့လာရမလဲ လို့ လမ်းစ မတွေ့ နိုင်သေးသူ လူငယ်လေးတွေ အတွက် ရည်ရွယ်ပါတယ်။
....
ကျမတို့ ငယ်ငယ်တုန်းက အေ ဘီ စီ ဒီ အဆင့် အင်္ဂလိပ်စာကို ၅ တန်းရောက်မှသင်ရတာပါ.. ကျမရဲ့ ဘိုးဘိုး မကြာခဏ ပြောခဲ့သလို ကျမတို့တွေ ခေတ်ပျက်ကြီးထဲ လူဖြစ်လာခဲ့တယ် ပြောရမယ် ထင်ပါရဲ့.. အဲဒီတုန်းကပညာရေးစံနစ်က အတော့်ကို ကျေနပ်စရာကောင်းတဲ့ အနေအထားမှာမရှိခဲ့ပါဘူး။ ကျမနေခဲ့ရတာက တောကျောင်းလေး ဆိုတော့ ပို ဆိုးပါတယ်။ ဆရာတွေ ဆရာမတွေ စေတနာထားပြသပေမဲ့ ပါလီမန်ဒီမိုကရေစီစံနစ်ကြီး မကြိုက်တာနဲ့ အင်္ဂလိပ်စာ ကိုပါ မုန်းခဲ့ကြပြီး မြန်မာစာသည် တို့စာ - မြန်မာစကား သည်တို့စကား ဆိုတဲ့ဆောင်ပုဒ်ကြီး ကို လက်မလွှတ်ချင်ခဲ့သေးတာကြောင့် စံနစ်ကိုက အဆင့် သိပ်မရှိတာမျိုးမှာ၊ ဆရာ ဆရာမ မလုံလောက်တဲ့ အားနည်းချက်ပါ ထပ်ပြီး ဖြည့်စွက်လိုက်တော့ ကျမတို့ရဲ့ အင်္ဂလိပ်စာ အဆင့်က တကယ့် ဘုရားစူး အင်္ဂလိပ်စာ။ အဲဒီ ကံဆိုးသူတွေရဲ့ကြားထဲမှာ ကျမ ကတော့ နဲနဲ မဆိုးလှဘူးပြောရမှာပါ.. ကျမ အဖေက မြန်မာစာ မတတ်ပေမဲ့ အင်္ဂလိပ်လို ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်မို့လို့ ကျမ ကျတော့ အလယ်တန်းဆင့် မရောက်ခင်ထဲက နဲနဲပါပါးတော့ ယဉ်ပါးနေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါကလဲ အနူတောက လူချောအဆင့်ပါ.။ တကယ့်ထိထိရောက်ရောက်မဟုတ်ခဲ့။ ကျမ ခုထိ မှတ်မိနေသေးတယ်.. အဲဒီတုန်း verb forms, word forms တွေ ကို ဦးစားပေးပြီးသင်တော့ short question, long question တွေက အားနည်းပါတယ်.. ကျမ က အင်္ဂလိပ်စာ ဝေါဟာရနဲ့ စာလုံးပေါင်းက အင်မတန်ညံ့တဲ့သူ. စာကျက်ကလဲ အတော့ကို ပျင်းတာမျိုးကိုး။ အဲဒီ အင်္ဂလိပ်စာ ကွက်လပ်ဖြည့်ပြီ ဆို ရင် ဆိုကြည့်လို့ အဆင်ပြေတဲ့စာလုံး ထည့်ပစ်လိုက်တာ adj, adv, verb, noun သိပ်စဉ်းစားနေတာ မဟုတ်ပဲ အသံထွက်ကြည့်လို့ ဆိုလို့ ကောင်းရင် ဂွပ် ဂွပ် ဆို ကောက်ရေးပစ်လိုက်တာမျိုး A. B. C Choice တွေ လုပ်ရမယ်ဆို မျက်စိမှိတ် ထည့်ပစ်လိုက်တာမျိုး..း) ။ Grammar တွေ ဘာတွေ လဲ အဲသလောက် ထိနှံ့ နှံ့ စပ်စပ် မဟုတ်ခဲ့။ ဆရာတယောက်ထဲ အတန်း ၂ ခု ၃ ခု ခွ သင်နေရတဲ့ အခြေအနေမျိုး မှာ ကျောင်းသားတွေ စာလိုက်မမီတာ အပြစ်ပြောလို့ ရအံ့မထင်။ ဒီလိုနဲ့ ၁၀ တန်း အောင်တော့ အင်္ဂလိပ်စာ အမှတ်က အများဆုံး ဖြစ်နေခဲ့သေး သရှင်..း)။ တက္ကသိုလ်ရောက်ပြန်တော့လဲ ဘာသာရပ်တိုင်းက မြန်မာ လိုပဲ ဆိုတော့ ကျမနဲ့ အင်္ဂလိပ်စာ ဟာ မိုးနဲ့ မြေပမာ ဝေးကွာနေခဲ့တာ အမှန်..။ ဒီလိုနဲ့ ကျမတို့ တက္ကသိုလ် နောက်ဆုံးနှစ်မှာ ကျောင်းတွေ နှစ်ချီ ပိတ်တာ နဲ့ တိုးတော့ ဝေးလံခေါင်သီ ကျေးလက်ဒေသ မှာ ကျောင်းဆရာမလေး ဘ၀ ကို အရှင်လတ်လတ် ရောက်ခဲ့ရပါတယ်။ ကျမရဲ့ ကျောင်းဆရာမသက်တမ်း တလျှောက်လုံးနီးပါးက ကျေးလက်ဒေသတွေ ဆီမှာပဲ ရှိခဲ့တာမို့ ခေတ်ပျက်ထဲက သာမာန် ကျောင်းဆရာမလေး တယောက်ရဲ့အင်္ဂလိပ်စာက Yes နဲ့ No တောင် အနိုင် နိုင်ရယ်။

ဒီလိုနဲ့နယ်စပ်ဒေသမြို့ငယ်လေးတမြို့ရဲ့ အထက်တန်းကျောင်းမှာ ဆရာမ အဖြစ်တာဝန်ထမ်းဆောင် နေစဉ်တုန်းမှာ သင်တန်းတခု တက်ခွင့် ကြုံ ခဲ့ပါတယ်။ မြန်မာနိုင်ငံပညာရေးသုတေသနရယ်၊ စက်မှု-စိုက်ပျိုးနဲ့ သက်မွေးပညာဦးစီ ဌာန (စက်-စိုက်-သက်) ရယ်၊ ကုလသမဂ္ဂ အေဂျင်စီတခုရယ် ပူးပေါင်းဖွင့်လှစ်တဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် ထောက်ကူပြု သက်မွေးပညာ ဆရာဖြစ်နည်းပြသင်တန်း မှာ တက်ရောက်ခွင့်ရခဲ့တာပါ။ အဲဒီတုန်းက သင်တန်းရဲ့ ကြီးကြပ်ရေးမှူးကြီးက မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ညွှန်ကြားရေးမှူး (ထိုစဉ်က)၊ ပညာတန်ဆောင်အဖွဲ့ ဥက္ကဌ ဆရာကြီး ဦးမြင့်ဟန်ပါ (ခုတော့ဆရာကြီးက ညွှန်ကြားရေးမှူးချုပ် ဘ၀နဲ့ အငြိမ်းစားယူသွားပြီလို့ သိရပါတယ်) ။ ဆရာကြီးဆီက နိုင်ငံခြားပညာတော်သင် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အများကြီး လေ့လာခွင့် ရခဲ့ပါတယ်။ သင်တန်းထဲမှာလဲ ဟိုစပ်စပ် ဒီစပ်စပ် နေရာတကာ ပါလေရာ နဲ့ ဟောင်ဖွာဖွာ လုပ်တတ်သူကျမကို ဆရာကြီးက ရက်တိုတို အတွင်းမှာပဲ မျက်မှန်းတမ်းပြီး ခင်မင်ခဲ့တာမို့ ဆရာကြီး ကို ဟိုမေး ဒီမေး မေးခွန်းတွေ တောက်လျှောက်မေးနေခဲ့တဲ့ ဆရာမလျှပ်တေးလေး ကြောင့် ပညာတန်ဆောင်ရဲ့ ဆရာကြီးခမျာ သက်တောင့် သက်သာ မရှိခဲ့ရှာပါဘူး။ နိုင်ငံခြားပညာတော်သင် အတွက် အဓိက လိုအပ်တာက အင်္ဂလိပ်စာ မို့လို့ ပညာတော်သင် သွားချင်ရင် အင်္ဂလိပ်စာ ကောင်းနေရမယ် လို့ ဆရာကြီးက ပြောပါတယ်။ ဆိုတော့ ခေတ်ပျက်ထဲ ကျောင်းသားဖြစ်ခဲ့ရတဲ့အပြင်၊ တောထဲမှာ ရှိနေတာမို့ ကျမရဲ့ အင်္ဂလိပ်စာကို ဘယ်လိုတိုးတက်အောင်လုပ်ရပါ့မလဲ လို့ ဆရာကြီးကိုမေးတော့.. ဆရာကြီးက... သူငယ်တန်းကနေ လေးတန်းထိ အင်္ဂလိပ်စာ ကို ကျေရင် ရပြီတဲ့....။ (ကျမ ၅ တန်းရောက်ပြီး နောက်နှစ်ကစ လို့ မူလတန်းကစပြီး အင်္ဂလိပ်စာ စသင်နေခဲ့ရပါပြီ)။ မူလတန်းဆင့် အင်္ဂလိပ်စာကို ကျေရင် ဆရာမ Report တစောင် ကောင်းကောင်းရိုက်လို့ရပြီ.. ကျန်တဲ့ ကိစ္စက တော့ သူ့ဖာသာ သူ ဖြစ်လာလိမ့်မယ် လို့ ဆရာကြီးက ရဲရဲ ကြီး ပြောခဲ့ပါတယ်။ အဲဒီ သင်တန်းပြီးတဲ့ နောက်ပိုင်း ဆရာကြီးရဲ့ စကားက ကျမ ခေါင်းထဲက မထွက်ခဲ့.. ဘယ်လို စ အကောင်အထည်ဖေါ်ရပါ့မလဲ လို့ အမြဲ တွေးနေခဲ့မိတယ်.. အဲဒီကာလမှာပဲ INGO ၀န်ထမ်းတယောက်က သူ့မိသားစုနဲ့ကလေးတွေကို အဲဒီမြို့လေးဆီကို ခေါ်လာခဲ့ပြီး ကျောင်းထားမှာမို့ မြန်မာစကားပြောနိုင်တဲ့ ဆရာမ တယောက်ရှာရင်းကျမဆီ ရောက်လာပါတယ်။ ကျမလဲ လက်ရှိ ရှိနေတဲ့ ၉ တန်း ၁၀ တန်း ကျူရှင်တွေ ထဲက ဖြုတ်သင့်တာ ဖြုတ်၊ တွဲသင့်တာ တွဲ ပြီး ချက်ချင်း လက်ခံခဲ့လိုက်တယ်..။ ကျမ သင်ပေးရမှာက ပထမတန်း နဲ့ တတိယတန်း..။ ကျမရဲ့ကျောင်းက လုပ်ဖေါ်ကိုင်ဖက်တွေက မျက်လုံး အပြူးသားနဲ့ ကျမ ကို ၀ိုင်းကြည့်ကြတယ်.. ၁၀ တန်း ကျူရှင် တချို့ လက်လွှတ်ပြီး ဘယ့်နှယ် ပထမတန်း သွား သင်ရတာလဲ ပေါ့..။ ကျမကတော့ ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ပြုံးပဲ ပြုံးပြ ခဲ့တယ်။ အဲဒီကလေးတွေ အဲဒီမြို့လေးမှာ နေနေခဲ့တဲ့ ၂ နှစ် မှာ ကျမ မူလတန်း အင်္ဂလိပ်စာ ကျေခဲ့ပြီ.. သာမန်တာဝန်ကျေ .. ပြီး ပြီးရော သဘောမထား ပဲ ကိုယ်တိုင် လဲ လေ့လာ လေ့ကျက်ခဲ့တာမို့ နဲနဲတော့ ဟုတ်ခဲ့ပြီ ပြောရမှာပေါ့..။ သူတို့ ပြန်သွားခဲ့တဲ့ နှစ်မှာပဲ အဲဒီနယ်စပ်မြို့လေးမှာ တာဝန်ကျနေတဲ့မာလာဝီနိုင်ငံက UNDP Coordinator တယောက်က အရွယ်ရောက်စ သူ့သမီးလေးကို HIV AIDS တွေအရမ်းခေတ်စားနေတဲ့ အဲဒီမှာ အဖေနဲ့ စိတ်မချလို့ ဆိုပြီး မြန်မာပြည်ခေါ်လာပါတယ်..။ အဲဒီ ကောင်မလေးက သူတို့ နိုင်ငံရဲ့ အလယ်တန်းဆင့်ပြီးပြီးတဲ့ ကျောင်းသူလေးပါ မြန်မာပြည်က International School မှာကျောင်းအပ်မယ် ကြံတော့ အဆင့်က မမီ ဖြစ်နေခဲ့လို့ အဲဒီ ၀င်ခွင့်အကြို သင်တန်း ပြင်ဆင်ဖို့ အတွက် ဆရာမ တယောက်လာရှာတော့ အဲဒီမြို့လေးရဲ့ အထကကျောင်းအုပ်ကြီးက ကျမ ကို ညွှန်လိုက်တာမို့ နိုင်ငံခြားသူလေးကို စာသင်ခွင့် ကျမရခဲ့ပါတယ်..။ ကျမ ကံကောင်းခဲ့တယ်ပဲ ပြောရမှာပါ..။ ကြိုးစားခဲ့တာတွေ ပင်ပန်းခံခဲ့တာတွေ က အလဟသ တော့ ဖြစ်မသွားခဲ့..။ ကျမ အတွက် လေ့ကျင့် ဖို့ နေရာတွေ အဆင်သင့် ဖြစ်နေခဲ့တာကလဲ နောက်ထပ် ကံကောင်းတဲ့ အချက် တချက်ပေါ့..။

အဲဒီနောက်ပိုင်းမှာတော့ အခါအားလျော်စွာ ရေဒီယို နားထောင်ပါတယ်၊ အင်္ဂလိပ်လိုရေးထားတွေတွေ့ရင် ကြိုးစား ဖတ်ကြည့်ပါတယ်။ အဓိက ကတော့ အလေ့အကျင့်ပါ။

တကယ်တော့ ကျမရဲ့ အင်္ဂလိပ်စာ အဆင့်က မူတန်းအဆင့်ပဲ ရှိပါတယ်။ အဲ ကြုံတုန်းလေး တခု ပြောရအုံးမယ်..။ ကျမရဲ့ ဘလော့နယ်နမိတ်ထဲက ကျမသွားလည်နေကျ ဘလော့ဂါတွေထဲမှာ သူတို့ရဲ့ ပို့စ်ခေါင်းစဉ်တွေကို အင်္ဂလိပ်လိုပဲပေးတတ်ကြတဲ့ထူးထူးခြားခြားဘလော့ဂါ ၂ ယောက်ရှိပါတယ်။ မခင်ဦးမေနဲ့ ကိုဂျူလိုင်အိပ်မက် ပါ။ ကိုဂျူလိုင်လေးနဲ့ ကျမ စခင်ကြတော့ သူက သူ့ပို့စ်လေးတွေ မတင်မီတိုင်း.. အမ.ရေ ဘာခေါင်းစဉ်လေးပေးရရင် ကောင်းမလဲ.. ဟို စာလုံးလေးရဲ့ အဓိပါယ်က ဘာလဲ.. အဲဒါကို ဘယ်လိုခေါ်သလဲ စသဖြင့် မေးခွန်းလေးတွေ မေးလာတယ်.. ကျမ သူ့ ကိုရှင်းပြပါတယ်.. မောင်လေးရေ အမ အင်္ဂလိပ်စာ က မူလတန်း အဆင့်ပဲ ရှိတာနော် လို့.. ဒါပေမဲ့ သူက မေးနေခဲ့တာပါပဲ..(တကယ်ပဲ မေးချင်တာလား အမြင်ကပ်ပုဒ်မနဲ့ ပညာလာစမ်းတာလားတော့မသိ..း) ကျမမယ် သူမေးလာရင် ဘေးနားက အဘိဓါန် စာအုပ်ကြီး ပြေးလှန်ရ.. လုပ်လက်စ အလုပ်တွေ ရပ်ပြီး စဉ်းစားရ နဲ့... နောက်ဆုံးတော့.. ကျမရဲ့ တချိန်တုန်းကဒုက္ခတခု တင်ပြီးတဲ့ နောက်ပိုင်းကျမှ ဘာမှ မေးမလာတော့ တာ..း)..။ သူ့အမ အရည်အချင်း သိသွားခဲ့တာကိုး..း)။ Laughing နဲ့ Loving ကို တောင် နားရည်မလည်နိုင်ခဲ့တဲ့ ကျမဘ၀ .. အဲဒီမှာ သူ အသေအချာ သိသွားတော့တာလေ..း)။

ကဲ. ကျမနဲ့ အင်္ဂလိပ်စာ အကြောင်းပြန်ကောက်ရရင်.. ဘာပဲပြောပြော ခုနေခါမတော့.. ကျမ နဲ့ ဆုံဖူးတဲ့ နိုင်ငံခြားသားတိုင်းနီးပါးက မင်း အင်္ဂလိပ်စာ ဘယ်မှာ လေ့လာခဲ့တာလဲ လို့မေးတာမျိုးခံရတဲ့ အပြင်.. ကျမရဲ့ လုပ်ငန်းတွေ အတွက် လစဉ်၊ နှစ်စဉ် အစီရင်ခံစာတွေ.. လုပ်ငန်း အစီအစဉ်တွေ နဲ့ လုပ်ငန်း အဆိုပြုလွှာတွေ ကို နိုင်ငံခြားသား အရာရှိတွေ၊ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ နားလည်အောင် ရေးနိုင်တဲ့၊ ရှင်းပြနိုင်တဲ့၊ ဆွေးနွေး နိုင်တဲ့ အနေအထား တခု ကို ရောက်နေခဲ့ပါပြီ။

ကျမ..အင်္ဂလိပ်စာ နဲ့ ပတ်သက်လို့ ဘာသင်တန်းမှ မတက်ဖူးပါဘူး..။ ကျမဘ၀ရဲ့ ကာလ အတော်များများ က ကျေးလက်ဒေသတွေ ဆီမှာပဲ ကုန်လွန်ခဲ့ရတာပါ.။ ဒါပေမဲ့ မူလတန်းဆင့် အင်္ဂလိပ်စာကိုပဲ အလေးအနက် လေ့လာခဲ့တဲ့ ကျေးဇူးကြောင့် ကျမ ဒီနေ့ ဒီနေရာမှာ မျက်နှာပန်း လှလှ ရှိနေခဲ့ရပါတယ်။ ကျမရဲ့ အတွေ့ အကြုံလေး ကို ကျမရဲ့ ၀န်ထမ်းလေးတွေ တပည့် တပန်းတွေ ကို တစိုက်မတ်မတ် မျှဝေခဲ့တာမို့ ခုဆက်သွယ်လို့ ရနေတဲ့ တချို့ကလေးတွေဆိုတကယ့်ကို တိုးတက်နေခဲ့တာ ကျမသိခဲ့ရပါတယ်..။ ဒီစာလေးကို ဖတ်မိသူ လူငယ်လေးတွေအတွက် အကျိုးကျေးဇူး တခုခု ရမယ် ဆိုရင် ကျမ မျှဝေရကျိုး နပ်ပါတယ်။

ကင်ညာမှာ ဂျပန်ဘာသာစကားသင်ဆရာမ သွားလုပ်ဖူးတဲ့ ကျမနဲ့ Project တခုမှာ အတူ တွဲလုပ်ဖူးတဲ့ ဂျပန်မလေးကပြောဖူး တယ်.. ဟေ့ အဂ်လိပ်စကားလောက်များကွာ.. ၅ လုံး တတ် ကမ္ဘာ ပတ်လို့ ရတယ် ကွ.. တဲ့... Hello!, Thank you., Yes., No., Good Bye!.. ပါတဲ့...း)..။ ဒါပေမဲ့ အဲဒီ စကားလုံးတွေ ကို နေရာ တကျ ပြောတတ်ဖို့ လိုတာကို တော့ သူမလေးက ထည့်မပြောခဲ့...း) တော်နေကြာ.. မင်း ငါနဲ့ လိုက်ခဲ့ မလား လို့ သဘောမကျချင်စရာ ကောင်လေး တယောက်က မေးလာတဲ့မေးခွန်း.. Yes.. သွားဖြေ မိလို့ ကတော့.... အင်း.... မတွေးရဲ စရာ...း)..း).

အဲဒီ မိတ်ဆွေမလေး ဆိုလဲ ပဲ မြန်မာပြည် ကို သူ ရောက်စတုန်းက ဆို တအိအိ တအအ တွေ နဲ့ စခဲ့တာ ပေမဲ့.. သုံး လေး လ လောက် လဲ ကြာရော.. အတော် အဆင်ပြေသွားခဲ့တာ.. သူ့ကိုလဲ ကျမ သူငယ်တန်း မြန်မာ ဖတ်စာအုပ်နဲ့ မြန်မာ ၄ တန်း အင်္ဂလိပ်စာ စာအုပ် ပေးဖတ်လိုက်တယ် လေ.....း)...း) ...ဒါပေမဲ့ သူ့ချစ်သူ ဂျပန်လေး ကျတော့ အင်္ဂလိပ်လို ရေးတဲ့ Report ကို သာမန် အင်္ဂလိပ် တယောက် ထက် ကောင်းအောင်ရေးနိုင်တဲ့အပြင် သူ့ နှစ်ပတ်လည် အစီရင်စာတွေ များ ၁ လက္မခွဲ လောက် ကို ထူ သရှင်...။

[တကယ်တော့ ကျမတို့ငယ်ငယ် တုန်းဆီကနဲ့ နှိုင်းစာရင် ဒီဖက်ခေတ်မှာ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား အပါအ၀င် နိုင်ငံရပ်ခြား ဘာသာစကားသင်ကြားမှု၊ လေ့လာမှု တွေ က အများကြီး တိုးတက်နေပါပြီ၊ စာအုပ်စာတမ်းတွေ၊ သင်တန်းတွေ ဆိုလဲ နေရာမရွေး မြင်တွေ့ နေရပြီ၊ လူငယ်တွေ ကလဲ ပိုမို မျက်စိပွင့် အမြင်ကျယ်လာကြပြီ။ စာသင်ကျောင်းတွေက သင်ရိုးညွှန်းတမ်းတွေမှာလဲ (မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ နိုင်ငံရေး နဲ့ ပတ်သက်တဲ့ အမှန်တရား မြတ်နိုးလိုစိတ်တွေ နိုးကြွစေတဲ့ စာတွေကအားနည်းနေတာ၊ သမိုင်းတချို့ကို မှေးမှိန်ဖုံးကွယ်ထားတာ၊ ကိုယ်လိုချင်တာ ကိုယ်ဆွဲရေးထားတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကိုပဲ ဖေါ်ပြပြီး အဖြစ်မှန်တချို့ကို အမှောင်ချခံထားရတာလွဲလို့.) ဘာသာစကား၊ အထွေထွေဗဟုတနဲ့ နည်းပညာတွေပိုင်းဆိုင်ရာတွေ က ကမ္ဘာကိုရင်ဘောင်တန်းနိုင်တဲ့အနေအထားမှာရှိပါတယ်။ ဒီအချက်လေးကိုတော့ ကမ္ဘာအရပ်ရပ်မှာ ရေကြည်ရာ မြက်နုရာရှာဖွေပြီး အသက်မွေး ၀မ်းကျောင်းနေတဲ့ လူငယ်တွေ၊ အဆင့်မြင့်ပညာတွေ လေ့လာသင်ယူနေတဲ့လူငယ်တွေ ပိုမို သတိထားမိကြမှာပါ။ မြန်မာပေမဲ့၊ တတိယနိုင်ငံက ပေမဲ့ အရည်အသွေး အရည်အချင်းတွေ က မညံ့ပါဘူးဆိုတာ အတော်များများ သက်သေပြနိုင်ကြပါတယ်။ ဒါပေမဲ့ အသေအချာ လေ့ကျင့်ပြုစု ပျိုးထောင်ထားတဲ့ ဆရာ ဆရာမတွေ နဲ့ ထိရောက်တဲ့ သင်ကြားနည်းစံနစ်တွေ အသုံးပြုမှုကအားနည်းနေသေးတဲ့အပြင် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှုတွေနဲ့ လိုအပ်ချက်တွေလဲ ရှိနေသေးတော့ မြန်မာ့ ပညာရေးက အားရဖွယ်ရာ မရှိသေးတာ အမှန်ပေမဲ့ ဟိုတုန်းနဲ့နှိုင်းစာရင် တော့.....။]




ဒီစာစုလေးဖြင့် မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့ မှ အငြိမ်းစားညွှန်ကြားရေးမှူး၊ ပညာတန်ဆောင် အဖွဲ့ ဥက္ကဌ ကြီး ဆရာကြီးဦးမြင့်ဟန်အား ကျေးဇူးတင်ကန်တော့လိုက်ပါတယ်။

အားလုံးကို ချစ်ခင်လေးစားတဲ့

မမသီရိ

Monday, March 23, 2009

ဘိလပ်မှန်ကွဲ

ကျမငယ်ငယ်က နေခဲ့ တဲ့ အရပ်မှာ..အမေရဲ့ အမေ ..အဖေရဲ့ အမေ ကို အမေကြီးလို့ ခေါ်ပြီး...အမေကြီး ရဲ့ အမေကို..အဘောင်ကြီး လို့ ခေါ်ကြပါ တယ်....

ကျမရဲ့ အမေ့ဖက် က ..အဘောင်ကြီး က..မိန်းမချော စာရင်းမှာပါ တယ်လို့ ပြောရမှာပါ...ကျမတို့ မှတ်မိတဲ့ အရွယ်မှာ..အဘောင်ကြီးရဲ့ ခင်ပွန်း .ကျမတို့ ရဲ့ ဖိုးဖိုးကြီး မရှိတော့ ပါဘူး.. အဲဒီဖိုးဖိုး ကြီး က အဘောင်ကြီး ကို..အတော် ကြိုးစား ပိုးပန်း ခဲ့ ရတာပါ တဲ့.....

..ရွာထဲ က..ရှေ့မီ နောက်မီ လူကြီး သူမတွေ ရဲ့ ပြော စကား အရ...အဘောင်ကြီး ငယ်ငယ်က အရမ်းချောပါ သတဲ့..ကျမ တို့ မြီးကောင်ပေါက်အရွယ် မှာ..အဘောင်ကြီး အသက် က ၆၀ ကျော်လို့ ၇၀ နား ကပ်နေပါ ပြီ.....ဒါပေမဲ့...ဒေါင်ဒေါင်မြည် ဆဲ....သွား မကျိုး...ဆံ မဖြူ...ခါးလဲ မကုန်း....တင်ပါးဖုံး လောက်ထိ ရှိနေတဲ့ ဆံပင် ကို ဘီးဆံပတ်..ပုံ့ပုံ့ ကြီး ထုံး..ပါးမှာ သနပ်ခါး မှုန် မှုန် နဲ့...အင်္ကျီ ၀ိုင်ရှံ ဖြူဖြူလွလွ..တွေ..ကို..အပွင့်စိပ်စိပ် အရောင့်ရင့်ရင့် လုံချည် နဲ့ တွဲဝတ်တတ်တဲ့ အသားရောင် ၀ါဝင်းဝင်း နဲ့ အဘောင်ကြီး ကို ကြည့် ရတာ..အသက် ၅၀ ကျော် ပတ်ဝန်းကျင်လောက် လို့ လူတိုင်းက မြင်ကြတာပါ...မျက်နှာကျက လပြည့်ဝန်း လို..၀ိုင်းဝိုင်း ပြည့်ပြည့်... မျက်ခုံး နက်နက် ..မျက်တောင်တွေ ကလဲ ..ထူထူ ကော့ကော့...(ခု LOREA"L ကြော်ငြာတွေ ရှုံးလောက်တယ်.. တကယ်ပြောတာ..း).. နှုတ်ခမ်း ခပ်ပါးပါး နဲ့ ကွမ်းလေး တမြုံ့မြုံ့ ၀ါးနေတတ်တဲ့ အဘောင်ကြီး ဟာ..အတော် ကျက်သရေ ရှိပြီး..လှပ တယ် ဆို ဘယ်သူမှ ငြင်းလို့ မရ ပါဘူး...အသက် ၉၆ နှစ်မှာ ..ကွယ်လွန်တဲ့ အချိန်ထိ.....နားလေးမဆိုစလောက် ထိုင်းတာကလွဲလို့...သွားမကျိုး..ဆံမဖြူ...ခါးလဲမကုန်းခဲ့ပါဘူး.. မကွယ်လွန် ခင် ၁ နှစ် ၂ နှစ် ထိ... ထမင်းချက် ..အိမ်စောင့်...ကလေးထိမ်း...လုပ်နိုင်ခဲ့ သေးတာမို့ ဘုန်းကြီးကျောင်းသွား တဲ့အခါတွေမှာ ဘုန်ကြီး တရားဟောပြီဆိုရင် အဘောင်ကြီး က ဇာတ်လိုက် မင်းသမီး.. ပါရမီ ကောင်းသူ ရယ်လို့ ဘုန်းဘုန်း က ထည့်ထည့် ပြောတတ်တာလေ.......။

အဲဒီအဘောင်ကြီး မှာ..သမီး ၂ ယောက် ထွန်းကားခဲ့ ပါတယ်...တစ်ယောက်က ကျမတို့ ရဲ့ အမေကြီး.. ပေါ့..။ အမေကြီးရဲညီမကို ကျမတို့ ညီအမတွေက အမေကြီးလေးလို့ခေါ်တယ်၊ အမေကြီးက အသားခပ်ညိုညို ပုပြတ်ပြတ်လေး နဲ့ အမေကြီးလေးကတော့ အသားဖြူဖြူ ပုပုလေး ပါ ။ နှစ်ယောက်လုံး အဘောင်ကြီးချောတာ ဘယ်သူမှ မမီကြ။ အမေကြီးမှာ ကျမတို့ မေမေ အပါအ၀င် သားသမီး၎ ဦး ထွန်းကာပြီးတော့ အမေကြီးလေးမှာ တော့ သားတယောက်၊ သမီးတယောက် ထွန်းကားပါတယ်။ မေမေ တို့မောင်နှမတွေမှာ မေမေက အသားအတော်လေးဖြူပြီး ငယ်နာမည် ကြွေရုပ် ခေါ်ခံရတဲ့ ထိ နဲနဲ ပါးပါး ချောတယ် ဆိုပါတော့.. (နဲနဲပါးပါး ပဲနော်..) .. ကျန်တဲ့သူတွေ က ညိုညို ညက်ညက် ရုပ်မထွက်သူတွေ..။

မေမေ့မှာ သမီး ပဲ နှစ်ယောက် ထွန်းကားပါ တယ်.. တယောက်က ကျမ ပေါ့နော့။ အဲဒီကျမ က မှန်ဘယ်လောက် ထိ ကြိုက်သလဲမေး ရင်.. ကျမတို့အဘောင်ကြီး က ကျမကို နာမည် ပေးထားခဲ့တာ.. ဘိလပ်မှန်ကွဲ ..တဲ့လေ..း)။

ကျမမှန်ကြိုက်တာ လူမှန်းသိတတ်စ ငယ်ငယ်လေး ထဲကတည်းကနော်၊ တချိန်လုံး မှန်ပဲ ကြည့်နေတာတဲ့၊ အမေ့ မိတ်ကပ်ဗူးတွေ ကော်ပြီး မျက်နှာမှာသုတ်တာ အသက် ၁ နှစ်ကျော်ကျာ် ၂နှစ် မပြည့်သေးတဲ့ အချိန်က၊ အမေ့ အ၀တ်အစားအသစ်တွေ.. အဲဒါ မမ ဟာတွေ လို့ပြောပြီး ကောက်စု တာ အမေ့ကို ပေးမ၀တ်တာ အသက် ၃ နှစ် မပြည့်ခင်၊ မျက်နှာမှာ သနပ်ခါးတွေ အုံလွန်းလို့ ..ဟယ်.. မမ မျက်နှာက စပါးလှန်းဖျာ နချီးကျံထားတဲ့ အတိုင်းပဲ လို့ လူတွေ ၀ိုင်းနောက်ခံရတော့ အသက် က ၄ နှစ်ပဲ ရှိခဲ့တာ၊ လက်နှစ်ဖက်လုံး လက်သည်း အရှည်ထားတော့ အသက် ၁၀ နှစ် မပြည့်သေးတဲ့ ၅ တန်းကျောင်းသူ။ အမေဆူတဲ့ ကြား ဆရာမတွေ ဆူတဲ့ ကြားက မရ အရ ထားတာနော်.. ၉ တန်းရောက်တော့ ခြေသည်းတွေပါ အရှည်ထား ပြီ..။

အဲဒီလောက်အလှမက်သူ ကျမ ဘယ်လောက် ချောသလဲ ပြောပြပေး ပါမယ်..။

ဆံပင် ကကောက်ကောက်.. နဖူးက ကျယ်ကျယ်.. နဲနဲ မောက်ချင်သေးတာ အဲဒီ နဖူးက၊ နှာတံက ခပ်မြင်မြင့် ခပ်ပွပွ၊ နှုတ်ခမ်းက ခပ်ထော်ထော်.. အာက ခပ်ပြဲပြဲ၊ မျက်လုံးက ခပ် ပြူးပြူး ညိုတိုတို၊ ပါးမှာ အသား သိပ်မရှိ.. နားရွက်လေး ကကားကား၊ မျက်ခုံး က ရေးရေး လေးပဲ ပါတာ၊ မျက်တောင်ကလဲ ဆင်းရဲသလား မမေးနဲ့၊ အသားလေးက ကြေးညိုရောင်ရင့်ရင့်၊ အရပ် ခပ်ပုပု၊ ကိုယ်အတိုင်းအတာ က ငယ်ငယ်က (၂၇ - ၂၁-၂၈)- ခု (၃၄-၃၀-၃၄)..း)... ပခုံးရိုး ခပ်ကားကား၊ ဗိုက်ခေါက် ခပ်ထူထူလေးနဲ့.. တင်ပိန်ပိန်လေး နဲ့... ကဲ... မြင်ယောင် ကြည့်လို့ ရကြရဲ့လား မသိ ဘူး.. ကျမရဲ့ ပုံသဏ္ဍန် လှလှလေးကို..။

အဲဒီလောက်ထိ ချောတဲ့ အဘောင်ကြီး က ဆင်းသက်လာတဲ့ မျိုးဆက်ထဲ မှာ.. ကာလရွေ့လျားလာတော့.. ဂျင်းန် တွေ က ဘာဖြစ်သွားလဲ မသိပါဘူး.. ကျမ ကျတော့.. အမေ့မလှတာတွေ.. အဖေ့မလှတာတွေ အကုန်လုံး စု ထားတဲ့ ရုပ်ကလေး ထွက်ခဲ့တာလေ..

ခြေတွေ လက်တွေ က လှသလား မေးအုံး... လုံးဝ ပဲ .. မလှတာမှာ..း)..။ ဦးလေး တယောက်ဆို ပြစ်ပြစ်နှစ်နှစ် ပြောတာ.. တူမလေးရယ်..နင့်လက်တွေက ကြက်ခြေသည်းတွေ ကျနေတာပဲ လှတာလဲ မဟုတ်ပဲ ထားမနေပါနဲ့ တဲ့... အဲဒီဦးလေး.. စိတ်ကောက်ပြီး စကားကောင်းကောင်း ပြန်မပြောဖြစ်တာ.. သူ နိုင်ငံခြား ထွက်သွားတဲ့ထိ..။
အားတဲ့ အချိန်တိုင်း လူက မှန်တင်ခုံရှေ့မှာ..။ တအိမ်လုံးမှာလဲ နေရာအနှံ့ ထားလို့ ရသမျှ မှန်တွေ ချိတ်ထား တာ အရွယ်လေး နဲနဲ ရောက်ကတည်း က။ ငယ်ငယ်ထဲက ဆိုးလာတဲ့ လက်သည်းဆိုးဆေး ဗူးခွံတွေ.. မိပ်ကပ်ဗူးခွံတွေ ကုန်သွားလဲ လွှင့်မပစ်ပဲ ကျမအိပ် ခန်း ပတ်ပတ်လည်က ကြွက်လျှောက်လေးတွေ မှာ စီတင်ထားသေးတာ .. မနည်း မနော ပါပဲ။ ကျမအခန်းထဲ ရောက်ဖူးတဲ့ သူငယ်ချင်းတွေ ဆို .. အဲဒီဗူးခွံတွေ ကြည့်ပြီး.. အမြဲ တအံ့ တသြ ဖြစ်ဖြစ်သွားတတ်တာလေ..။ ဖေဖေ ကပြော ရှာတယ်.. မမ ရယ် သမီး ရူးတာတွေ လူမသိစေနဲ့.. အဲသလောက် အလှ မက်မှန်း အဲဒီဗူးခွံတွေ မြင်သွား သိသွား တဲ့ ယောင်္ကျားလေးတွေ သိသွားရင်.. သမီးကို ယူ ရဲသူ ရှိမှာ မဟုတ်တော့ဘူး တဲ့...း)..။

အဲသလောက်ထိ ရုပ်ဆိုး ပြီး.. မှန်ကြိုက် သူလေး ကို.. ကျမရဲ့ အဘောင်ကြီး က သူ စိတ်တိုလာရင် ဘိလပ်မှန်ကွဲ ခေါ်တော့တာ ဘယ် ဆန်းမလဲ နော်..။ ကျမ ကြည့်လွန်းလို့ ဘိလပ်က လာတဲ့ မှန်တောင် ကွဲ ကုန်မှာ မို့တဲ့..။

အဲသလောက်ထိ အလှတွေ ပြင်၊ အဲသလောက် မှန်ကြိုက်ပေမဲ့.. ကျမ အသက် ၂၀ ထိ ဘယ်ကောင်လေး ကမှ ချောတယ် ပြောတာ မခံ ရပါ.. (ချောမှ မချောတာကို နော်..း)...ရဖူးတဲ့ ရီးစား စာ ၃ - ၄ စောင်ထဲမှာ လဲ ချောတယ်လို့ ပါဖူးဘူး ..ဒါပေမဲ့.. အသက် ၂၀ နဲ့ ၂၇ ကြား မှာတော့ ချောတယ်လို့ ပြောသူတွေ ရှိလာခဲ့တယ်.. တပည့်တွေ လေ.. တပည့်တွေ.. ကိုယ့်ဆရာမ ကို ချစ်လို့ချောခဲ့ကြတာ...ရွယ်တူ ယောင်္ကျားလေးတွေ ကတော့ မပြောပါဘူး..။ အသက် ၂၇ ကျော်တဲ့ အချိန် မှာ.. ရွယ်တူ မိတ်ဆွေအချို့ လုပ်ဖော်ကိုင်ဖက် အချို့ က ချောတယ်လို့ ပြောလာခဲ့တယ်.. ကဲ အံ့သြ စရာမကောင်းဘူး လား..။ ခု ၃၅ ကျော်လို့ ၄၀ မှာ.. တွေ့တဲ့သူ အများစု က.. ချောတယ်တဲ့ ရှင့် .. အမျိုးသားတွေကရော ပြောတာ.. မယုံလဲ မတတ်နိုင်ဘူးနော်...း)... ကိုယ့် ကို ချောတယ်လို့ ပြောလာခဲ့ရင် အလိုက်သင့်လေး.. Thank You လို့ ပြောကျင့် ရခဲ့တာ ကြာပေါ့...။

အဲသလို အပြောခံ ရအောင် အတော်ကြိုးစားရတာနော်.. လွယ်လွယ်နဲ့တော့ ဘယ်ရပါ့ မလဲ..။ အမြဲတမ်း စိတ်ကိုကြည်လင်အောင် ထားရတယ်၊ မျက်နှာမှာ အပွင့်လင်းဆုံး အပြုံး ပန်း စဉ်အမြဲ ပွင့်နေအောင် ကြိုးစား ရတယ်.။ နေ့စဉ် လမ်းလျှောက်တယ်။ တွေ့တဲ့သူတိုင်းကို တတ်နိုင်သရွေ့ မေတ္တာ ထားနိုင်အောင်.. နားလည်ပေးနိုင်အောင် ကြိုးစားပါတယ်.. (လူတိုင်းကိုမရနိုင်တာက တကဏ္ဍပေါ့နော်း) တဖက်သား ပြောတဲ့စကား အလေးပေး နားထောင်ပေးပါတယ်။ အလုပ်ထဲပျော်အောင်.. ကိုယ်လုပ်တဲ့ အလုပ်ကို နှစ်သက်တဲ့စိတ်ဖြစ်အောင် အမြဲထားပါတယ်။ တခါတလေတော့လဲ လူပီပီ ဒေါသထွက်မိရင် .. ရင်ဖွင့်လို့ ရမဲ့သူရှာပြီး .. အတင်းတုတ်ပါတယ်..း)..။ ကလေးတွေ နဲ့ တတ်နိုင်သရွေ့ အချိန်လေးမှာ နေပေးပါတယ်။ တွေ့ သမျှကလေး ကောက်ချီပါတယ်။ စိတ်ညစ် ရင် သီချင်း အော်ဆိုပါတယ် ။ ရေများများ သောက်ပါတယ်။ အသီးအရွက်များများ စားပါတယ်။ သဘာဝ ပတ်ဝန်းကျင် အလှ အပ တွေ အမြဲ အလေးအနက် ခံစားပါတယ် (ဟော ..တိမ်တောက်တာလေးက လှလိုက်တာ.. ဟော သက်တံလေးက ဘယ်လောက် လှသလဲလို့.. အဲ နှင်းတွေ ကျတာ ချစ်စရာကောင်းလိုက်တာ. .. အင်း ..မိုးစက်လေးတွေ ရဲ့ ရနံ့ က သင်းပျံ့ ပါဘိသနဲ့.... နဲ့ကျမအတွက် ဒီလောကကြီးက အရာရာဟာ လှပနေတတ်ပါတယ်).။ နေပူ ထဲ ထွက်တဲ့အခါ နေပူကာမဲ့ အ၀တ်အစား၊ ဦးထုပ်၊ ထီး၊ မျက်မှန် တပ်ပါတယ်.. UV whitening သုံးပါတယ်။ ရာသီဥတု၊ ကာလ ဒေသ၊ အချိန်အခါ နဲ့ သင့်တင့်ရောက်ပတ်တဲ့ အရောင် ဒီဇိုင်း အဆင်အသွေး ပါ အ၀တ်အစား ၀တ်ပါတယ်။ အဓိကဖြစ်တဲ့ အသက် ကိုမေ့ထား ပါတယ်..း)..။

ကြုံတုန်း နဲနဲ ထပ်ကြွားပါ ရစေအုံး..... အင်တာနက်ဆိုတာ ကြီး စသုံးဖူး တော့... ဘာမှန်းမသိ ..တွေ့သမျှ မြင်သမျှ လျှောက် ကလိရင်း .. မိတ်ဆွေတချို့ အင်ဗိုက်လုပ်လာတဲ့ Friendship Web တခု နှစ်ခု မှာ ဓါတ်ပုံ တချို့ တင်ပြီး အရူးထခဲ့တဲ့ ကာလတွေ ရှိခဲ့ဖူးတယ်.. (အသက်ကို အမှန်ပဲ ထည့်ပေးထားခဲ့တာပါ..း) ။ လာလိုက် တဲ့ မိတ်ဆက်စာတွေ.. လာလိုက်တဲ့ ရီးစား စာတွေ.. ကြွား တာဟုတ်ဖူး နော် တကယ် အတည်ပြောနေတာ..း)..။ အဲ တခုတော့ ရှိသပေါ့ လေ... ပို့သမျှလူတွေက မြန်မာ တယောက် မှ မပါ ပါ ဘူး..း)..။ မိုင်ပေါင်းများစွာ ဝေးတဲ့ဒေသတွေ က နိုင်ငံခြားသားတွေ...း)... ကျမရုပ် က မြန်မာကြိုက် မဟုတ်လို့ နဲ့ တူရဲ့...း)..။ ခုတော့ အလုပ်ရှုပ်လွန်းလို့.. အဲဒီ Web တွေ ပိတ်လိုက်ရတာ ကြာပေါ့.....။

လွန်ခဲ့တဲ့ အချိန်ကာလ အနည်းငယ်လောက် ထိ ကျမ ဘ၀အတွက် အလှအပ ဟာ အတော့်ကို အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါခဲ့ပါတယ်။ လက်သည်း လေးတချောင်းကျိုးသွားရင်၊ ခြေသည်းလေး တချောင်းကျိုးသွား ရင် စိတ်ညစ်ခဲ့ရတာများ..။ မျက်နှာမှာ ဘုသီးလေး တဖု လောက် ဆို.. စိတ်ညစ်လိုက်တာများ.. ။ တနေ့.. တနေ့ အလုပ် မသွား ခင် မှန်ရှေ့ မှာ အနည်းဆုံး မိနစ် ၃၀ နဲ့ ၄၀ ကြား ကျမ အချိန်ပေး ပါတယ်..။ ကျမ၀င်ငွေ ရဲ့ ရာခိုင်နှုန်း ခပ်မြင့်မြင့် ကို အလှအပ အတွက် သုံးပါတယ်။

ဒါပေမဲ့.... ကျမရင်ထဲ မှာ.. ပုလဲလေးနဲ့တူတဲ့နှလုံးသား ရှိနေတယ်.. ပြင်ပက အလှအပ ဆိုတာ အကြောင်း အမျိုးမျိုးကြောင့် ပြောင်းလဲ နိုင်ပေမဲ့ .. နှလုံးသား အလှကတော့ ဘယ်တော့မှ မပြောင်းလဲ နိုင်တဲ့ သစ္စာပါပဲ လို့ သိသွားပြီး ပြောလာသူ တယောက် ရှိခဲ့တဲ့ နောက်ပိုင်းမှာတော့ .. ကျမအတွက် ပြင်ပန်း အလှတွေ ဟာ နံပါတ် တစ်နေရာမှာ မရှိတော့ပါဘူး.. နေ့စဉ် ပြင်နေကျ ၀တ္တရား အတိုင်း အလှ ကတော့ ပြင်ဆဲ. အသားအရေ ထိမ်းသိမ်းစောင့် ရှောက်ဆဲ ပေမဲ့... နှလုံးသား ထဲ က ပုလဲ ရတနာလေး ကို ပိုမို တန်ဖိုး ထားတတ်ခဲ့ ပါပြီ။ ခုချိန် ထိ အသက်အရွယ် ကြီးရင့်လာတာကို .. ၀မ်းမနည်းဖူးခဲ့ ပဲ. ရလာတဲ့ အသက်အရွယ်ကို ကျမ ပိုမို နှစ်သက်ခဲ့ပါပြီ။ ကိုယ့်ရင်ထဲက ပုလဲလေး ကို ပိုမို လင်းလက်လာစေဖို့ အတွက် ကတော့ ကျမမှာပဲ တာဝန် အရှိဆုံးပဲ ပေါ့နော် ..။ အဘောင်ကြီး ရဲ့ ဘိလပ်မှန်ကွဲလေး ခုတော့ .. အပြင်ပန်း အလှ အပ တွေ အပြင် .. နှလုံးသား လှဖို့ အတွက် ပါ.. မှန်ပို ကြည့်ဖြစ်နေတာ.. .. တမလွန်က အဘောင်ကြီး.. သိနိုင်မယ် မထင်တော့...။



မမသီရိ

Saturday, March 14, 2009

ကျန်နေသေးသော လမ်းတပိုင်းအတွက်

လမ်းမပေါ်မှာ
...
မနိုင်ဝန်တွေ.. တနင့်တပိုးနဲ့
လောကရဲ့ လမ်းများထက်..
နှစ်ပေါင်းများစွာ..
အထီးကျန်စွာ... လျှောက်လှမ်းလာခဲ့ရ..
ဒဏ်ရာတွေနဲ့ခေါက်ရိုးကျေနေတဲ့..
နေ့တွေ
ညတွေ
.......
ရာသီတွေ ပေါင်းစပ်လိုက် တဲ့ အခါ..
...
အသိုက်လေး တခြမ်းပဲ့နဲ့
မလုံခြုံ တဲ့ .. အုံ့မှိုင်းခြင်းရဲ့ အောက်..
ကိုယ်နဲ့ မဆိုင်သလို ရှိနေခဲ့တဲ့...
မေတ္တာဆိုတဲ့ အရာတွေ...
ကိုယ်နဲ့မဆိုင်တဲ့.. ချစ်ခြင်းတရားတွေ က.
ဟိုး.... ဝေးဝေး မှာ....
သီးသန့်လမ်းလျှောက်လို့...
တကဲ့ကို... ကိုယ် နဲ့ မဆိုင်စွာ....
လောက ရဲ့ လမ်းမ တခုပေါ် က... ငါ......။
.................................................................

ဆန္ဒ (၁)

..

ငါ...

ကတ္တီပါဖိနပ် မလို..

ရွှေထီးလဲမဆောင်း

အဟောင်းတွေ အသစ်ဖြစ်ဖို့

ခံယူချက်တွေ ရောင်းစား တဲ့ အထဲတော့ မ၀င်လို..

..

ငါ...

လင့်ခရူဇာ မစီး..

တိုက်ကြီးလဲ မလို..

ပိုပိုသာသာတွေး..

ချိုချို သာသာလေး ပြောပြီး..

နောက်ကျော ဓါးနဲ့ ထိုး..

အန္ဓ လူအမျိုးတော့ မဖြစ်လို....

..

ငါ...

ထောင်သောင်း အနန္တ..

ပူပန်သောကတွေ ပြည့်ဝ

ချစ်စရာရှိရင် ချစ်ကြ

မုန်းစရာရှိတာ မုန်းကြ

အစွန်းတရား တဖက်ဆီထိမကျ..

ကြည်နူးစရာများလဲ မျှဝေ ခံစား..

သာမန်လူတန်းစားက

လူသားဆန်တဲ့..

လူတယောက်အဖြစ်ပဲ.. ရ ရလို...။

..

..

ဆန္ဒ (၂)

ဘဝ

ပုံစံတကျ.. ရှိချင်မှ ရှိတတ်တယ်

လောကဓံရှစ်ပါး
ဘ၀များကို.. လွှမ်းမိုးချုပ်ကိုင်..
ယိုင်ချင်ယိုင်.. နဲ့ချင်နဲ့
လူ ပီသ ဘို့အတွက်
လမ်းမှန်ကဖဲ့ မထွက်..
အိမ်အပြန်
ဘ၀အမှန်ပါဘို့
စိတ်ကောင်းထား မေတ္တာယှဉ်..
မဇ္ဈိမ သံယောဇဉ်..
မတုန်ယင်တဲ့ ခြေလှမ်းတွေနဲ့...
ကျန်နေတဲ့ လမ်းတပိုင်း
အနက်ရှိုင်းဆုံး..
ရဲရဲ...
... ဆက်လျှောက် သွားမယ်...။
..
..
မမသီရိ (၁၅.၃.၂၀၀၉ အတွက် အမှတ်တရ)

Wednesday, February 04, 2009

စိတ်ကောက်တတ်သူ နဲ့...အဖြူရောင် သံယောဇဉ်များ..

ပင်စိမ်းရွက်ရဲ့ အနံ့ကို ..ကျမငယ်ငယ်တုန်း က အတော့ ကို မုန်းပါသည်။ မုန်း ဆို..လုံးဝ မခံနိုင်တာမျိုး.ပါ..။ ရှမ်းနံနံ လို့ ခေါ်တဲ့ အရွက် က လွဲပြီး..ကျန် အမွှေးရနံ့ ရ အရွက်များ အား..ကျမ လုံးဝ မကြိုက်ပါ...။
ချဉ်ပေါင်ဟင်းရည်ပျစ်ပျစ်လေး ကို တော့..ကျမ အလွန်ကြိုက်ပါသည်...။ ထမင်းထဲ ..ချဉ်ပေါင်ဟင်းရည် ပျစ်ပျစ်လေး ဆမ်းပြီး..ငါးခြောက်ကြော်.. ငါးကြော်..ကြက်သား အချိုနှပ်..ဒါမှ မဟုတ်လဲ..ငခြောက်ဖုတ်လေးနဲ့ စားရသည်ကို...အလွန် နှစ်သက်ခဲ့ပါသည်။ အမှန်က..ချဉ်ပေါင်ဟင်းရည် ချက်ရင်..ပင်စိမ်းရွက်လေး အုပ်လိုက်တော့..မွှေးမွှေးလေးနဲ့ စားကောင်းတာမို့..အတော်များများ..က ချဉ်ပေါင်ဟင်းရည်ချက်ရင်.ပင်စိမ်း အုပ်တတ်ကြ သလို..ကျမ ရဲ့ မေမေ လဲ..ပင်စိမ်း အုပ် ချဉ်ပေါင် လေး အရမ်း ကြိုက်ပါသည်.....။


အဲဒီတော့.....ဇာတ်လမ်း က စပါ ပြီ.......

ကျမ လုံးဝ မကြိုက်တဲ့ ဒီပင် စိမ်း ရွက်..ကျမ ကြိုက်လွန်းတဲ့..ချဉ်ပေါင် ဟင်းထဲ ထည့်တာ..အဲဒါ ..ကျမ ကို မချစ်တာ..ဂရု မစိုက် တာ ဆိုပြီး...နှုတ်ခမ်း စ..ထော်ပါသည်...။ ခြေဆောင့်ပါ သည်။ ထမင်း ဆက်မစား တော့ပါ..။ တစ်ခါ တစ်လေ..မျက်ရည် တောက်တောက် ကျတဲ့ ထိ စိတ် ကောက်ပါ သည်....။ မေမေ့ ကို စကားမပြောပဲ... ၂ ရက် ၃ ရက် ထား ပါသည်....။ အဲသည်လောက် ထိ ဆိုး တဲ့ သမီးပါ....။


နောက် သံသယ တစ်မျိုး ကတော့...ဖေဖေ နဲ့ မေမေ ကျမ ကို တကယ်ချစ်ရဲ့ လား ဆို တာပါ ပဲ..မေတ္တာ နဲ့ ပတ်သက်လျင်..ကျမ အလွန်တရာ ရူးသွပ် လွန်း ပါသည်......။ မကောင်းသည့် အကျင့်မှန်း သိသော် လည်း....ဒီ အကျင့် ကို ဖျောက်လို့ မရ နိုင်သေး ပါ...ကျမ ရဲ့ မေတ္တာ နဲ့ ပတ်သက်တဲ့ သံသယ ကြောင့်ဖေဖေ နဲ့ မေမေ ..အကြိမ်ပေါင်း များ စွာ..စိတ်ညစ်ခဲ့ မည် ဆိုသည် ကို..နှစ်ပေါင်းများ စွာ ကြာ သည့် ခါမှ..တမ်းတ သည့် သမီးးမိုက် ပါ.....။
...............................

ကျမတွင် ..ရွယ်တူ သူငယ်ချင်း မရှိသလောက် နည်းပါးပါ သည်...။ အကြောင်းက တော့...ကျမ အသက် ၄ နှစ် ၃ လ မှာ..ကျောင်း စနေပြီးတော့... ကျောင်းဖွင့်ပြီး တစ်လ အကြာမှာ... ပထမတန်း ကို တစ်ခါတည်း ကျော် တက်ခဲ့လို့ ပါ...အဲဒီ တုန်း က...စာမကျေသူများ သူငယ်တန်း ၂ နှစ်နေ ရပါသည်...။ ပတမ တန်း ရောက်တော့ အားလုံး က ကျမ ထက် အနည်းဆုံး ၄ - ၅ နှစ် ကြီးသူတွေ ပါ.....။ ကျမ က...ငယ်ငယ်လေး ထဲက ပုံဆွဲဝါသနာ ပါတော့..ကျမ အနား မှာ အစ်မ အရွယ် သူငယ်ချင်း တစ်ချို့ အမြဲ ရှိပြီး..ကျမ ဆွဲ တဲ့ ပုံတွေ ကို ကြည့်..ကျမ ကို ချစ်ကြပါ သည်...( အားလုံးတော့ မဟုတ်ပါ...း)....) အဲဒီထဲ က အစ်မလေး တစ်ယောက်က တော့ ကျမကို အချစ်ဆုံး ပါ.... ကျမကလဲ ချစ်ပါ သည်။ ဒီတော့...ကျမရဲ့...ပညာတွေ သူ့ကို ပြပြီ ပေါ့......ကျောင်းသွား ကျောင်း ပြန်..ကျမကို စောင့်မခေါ် လို့ စိတ်ကောက်...အိမ်သာ သွားချင် လို့ အဖေါ် မလိုက်အားသေး ရင် စိတ်ကောက်.....ကျမနဲ့ ကြာကြာမနေပဲ ..တခြား သူငယ်ချင်းတွေ နဲ့ သွားဆော့နေရင် စိတ်ကောက်....နည်းမျိုး စုံ...အကြောင်း အရာ မျိုးစုံအတွက် ...ကောက်ခဲ့ တာပါ....။ အဲဒီ အစ်မလေး က အလယ်တန်း ကျောင်းသူ ဘ၀ မှာ ကွယ် လွန်သွား ခဲ့ ပါသည်......ကျမ နှလုံးသား ထဲ မှာ တော့..နေ့စဉ် သူနဲ့ ထိကပ် နွေးထွေး နေဆဲ ပါ.........။
.........................
ကျမ အလယ်တန်း..အထက်တန်းကျောင်း သူ ဘ၀ တုန်းကလဲ....သေးသေးကွေးကွေးရုပ်ဆိးုဆိုး ကောင်မလေး ကို..သူငယ်ချင်း တစ်ချို့ ၀ိုင်းချစ်ခဲ့ ကြပါ သည်....။ အဲဒီ ထဲ မှာ ကျမ သံယောဇဉ် အရှိ ဆုံး...ကျမကို အလို အလိုက် ဆုံး ..၂ ယောက် ကလဲ ပဲ...ကျမ ရင်ထဲ ခု ထိ ရှိနေဆဲ ပါ...၂ ယောက်လုံး ယောင်္ကျားလေးတွေ ပါ....တစ်ယောက် က လွန်ခဲ့ တဲ့ ၂ နှစ် က ကွယ်လွန် သွား ပြါ့ပီ....။..တစ်ယောက် ကတော့....အိမ် ထောင်ကျ ပြီး ..သူ့မိသား စုလေး နဲ့..ကျမ ငယ်ငယ်က နေခဲ့ တဲ့ နေရပ်မှာ ရှိပါသေးသည်..။...ခုချိန်ထိလဲ ..ကျမ စိတ်ကောက် ရင် ..သူ ချော့ ဘို့ အဆင်သင့် ဖြစ်နေမယ် ဆိုသည် ကို....ကျမ သေချာ ပါ သည်....။

......................

ကျမ ဘ၀မှာ..ချစ်သူ မရှိခဲ့ ဖူး ပါ.....။ ထို့ ကြောင့် ချစ်သူ ကို ဘယ်လို စိတ်ကောက် ရသလဲ ..ကျမ မသိ ဖူး ခဲ့ ပါ....။ အဲ...ရီးစား လိုလို..ဘာလိုလိုမျိုး လေး တော့ ..၂ ယောက်လောက် ရှိခဲ့ ဖူး သည် ထင်ပါသည်...မသေချာ ပါ.....ဒါပေမဲ့...ကျမ....သူတို့ကိုစိတ်ကောက်ဖူးသလား..မမှတ်မိတော့ပါ.....မကောက်မိခဲ့လောက် တာတော့ သေချာသလောက် ရှိပါသည်...။
အကြောင်း တစ်ခု ကြောင့် ကာလ အတော် ကြာ..အတူ နေဖူး သူ တစ်ယောက် ကို...ကျမ စိတ်ကောက် ကြည့် ရ မလား...စဉ်းစား ခဲ့ ဖူးပေမဲ့...မကောက်ဖြစ်ခဲ့ ပါ......စိတ်ကောက် တယ် ဆိုတာ...ပြန်ချော့မဲ့ သူ ရှိ မှ...ကောက်လို့ ရတာမျိုး ကိုး...နော်......။

......................................
ခု အသက် လေး လဲ အတော်အတန် ရ ခဲ့....လုပ်ငန်းခွင် ထဲ လဲ...ကာလ အတော် ကြာ ရောက်နေခဲ့ တော့...စိတ်ကောက် တဲ့ အကျင့် က ပျောက် သလောက် ဖြစ်နေခဲ့ ပါ ပြီ...ဒီမှာ..က ငယ်ပေါင်းတွေ မဟုတ် သလို...ကြီးဖေါ် လို့ ပြော ရအောင် လဲ...ခက်ခဲ သည် ဆိုတော့.....လုပ်ငန်း နဲ့ ပတ်သက်သူတွေ က..ကျမ ကို...ရုပ်ဆိုးပေမဲ့..မျက်နှာထား ချို သူရယ်လို့...သတ်မှတ်ကြပါသည်....ကျမ စိတ်ကောက် စိတ်ဆိုး..ခြေဆောင့် တာ..သူ တို့ မမြင်ဖူး ကြပါ....စိတ်မဆိုး လို့ တော့ မဟုတ်ပါ....ဒေါသ တွေ..မကျေနပ်တာတွေ ကို..ရင်ထဲ မှာ ..သိမ်း ထား တတ်တာ နေသား အတော် ကျနေခဲ့ ပြီ ..ကိုး........။

........................................

ကျမ ဘာ ပြော ချင် သလဲ ...ဆိုတာ.. လေး ရေး ရေး လောက် ပေါက် ကြပြီ ထင်ပါ သည်...။

ကျမ စိတ်ကောက် တာ...ကျမ ချစ်တဲ့ သူတွေ ကို ပဲ ကောက်တာပါ.....
တော်ရုံ တန် ရုံ ချစ် ရုံ လေး နဲ့ မကောက်ပါ......။
ကျမ ရင် ထဲ ...နက်နက် ရှိုင်း ရှိုင်း..မရှိတဲ့ သူ...အပေါ်ယံ လောက် ပဲ ခင်မင်နေသူ တွေ ကတော့...ကျမရဲ့ အပြုံး ချို ချို လေးတွေ ကို ပဲ အမြဲ တွေ့ ခွင့် ရမှာ ပါ......။
.......................
အကယ်လို့...ကျမ စိတ်ကောက်မိခဲ့ ရင် နားလည်ပေးစေလိုပါ သည်......
အဲဒါ...ကျမရင် ထဲ ..နက်နက် ရှိုင်းရှိုင်း နေရာ ယူထား လို့ ပါ..................

...............................................................................

ခုတစ်လော အကြောင်းလေး တွေ တိုက်ဆိုင် လို့ ...ဒီကဗျာလေး ..ကျမ ခေါင်း ထဲ မကြာ ခဏ ပြန်ရောက်ပါ သည်.....။ ရေးခဲ့ တာတေ့ အတော်ကြာပါ ပြီ.......ရေးခဲ့တုန်းက တော့ ၀င်ကစွတ်ကောင် ကဗျာလေး ပါ... အဲဒီ စကားလုံး က ကျမရဲ့ အစ်ကို က..သူ့ကဗျာ တစ်ပုဒ်မှာ သူ့စာဖတ်သူ တစ်ယောက်ရဲ့ ကွန်မန့် ကို ပြန်ပြောဖူး တဲ့ စကား လုံးပါ....တစ်ချို့ ကဗျာလေးတွေ က ၀င်ကစွတ်ကောင်လေး တွေ ပါ...တဲ့....
ကျမရဲ့ ၀င်ကစွတ်ကောင်ကဗျာလေး တွေထဲ က....ဒီတစ်ပုဒ် ကို ..အကြောင်း တိုက် ဆိုင် မှုလေး တွေ ရှိလာလို့ ...တကဲ့ ခံစားချက် အစစ်အမှန် နဲ့ ပြန် တင်ပေးလိုက်ပါ တယ်.......


သံယောဇဉ်


....နွယ်....

နွယ်တစ်မျှင်... တွယ်ငင်ရစ်မိလို့...

ဖြေဘို့ကို...ဟန်ပြင်ချိန်မှာ.......

...စူးနစ်စွာ...ရင်မှာ စွဲနေကြောင်း....

အံ့သြဘွယ်...ဆင်ခြင်သိခဲ့ပေါ့...

စဉ်းစားတော့..ခက်နေပြီ... ...

.....................

နွေ..သဘွယ်...

ရေပင်လယ် ငံငံသောက်မိသလို...

ပူလောင်တယ်...ဒီနွယ်ကြိုးဟာ...

ချည်မိရင်...ရုံးမရပြီမို့...

ကာမဘုံ.. လောကီတွင်းမှာ...

ရှင်းရှင်းသာ...နေသွားတော့မယ်ကွဲ့..

ဟစ်ကြွေးကာ... ရှောင်လာခဲ့ပေမဲ့... ....

ရေစက်လေလား.... .

..ကံ..နဖူးစာ...

ဇာတ်ဆရာရဲ့..လှည့်ကွက်လေလား... ..

.ထွေမပြား...ေ၀၀ါးစွာ...သုံးသပ်ဆဲ မှာ...

အသဲတစ်နေရာ...

မသိမသာ...နေရာယူ ၀င်လာပြီး...

ခိုင်မြဲစွာ... နှောင်ငင်ဖွဲ့နေခဲ့....

နွယ်.....ဆိုတဲ့...သံယောဇဉ်..

...................

.. နွယ် .. ဆိုတဲ့..သံယောဇဉ်...

ဒီတစ်ပင်... ရင်ကိုဝင်လျင်ဖြင့်..

လွမ်းကဗျာ...ကာရံသွားတွေနဲ့..

. နုနုနယ်...သံစဉ်များရယ်က...

မာခဲ့တယ်...သဲအိမ်ကြမ်းကို..

ညှင်းနွဲ့အောင်...ကဗျာဆန်စေခဲ့...

မမြင်ရရင်..မနေတတ်အောင်... ..

....လွမ်းတတ်လို့လာပါပြီ....

မတွေ့ရရင်...အမျှော်ထောက်လို့..

....ဆွေးတတ်ပါပြီ.... .


..အမူပို...အခရာနဲ့..

စိတ်ကောက်ဘို့လဲ တတ်ခဲ့ပြီ...

...သ၀န်တို ငြူစူလို့...

နွဲ့ဆိုးဘို့လဲ တတ်ခဲ့ပြီ....

လင်းချီ... မှောင်ချီ...

နေ့... ည.... ရက် ....စက်ရာသီ...

မတန့်ပြီ ချိန်ရထား..

ရပ်မနား သွား ခဲ့ သလို...

ရစ်ချည်.. နှောင်ချည်...

တိုးလို့သာ...ချည်လာခဲ့...


သံယောဇဉ်..ဒီနွယ်ကြိုး ကို... ..ဖြတ်ခက်နေပြီ.....။



မမသီရိ



Wednesday, January 28, 2009

ကျွန်မ၊ ကွန်ပျူတာ နဲ့ Information Technology

(ဒီစာစုလေးကို.. ကျမ ဒီဘက် ထွက်မလာခင်...လွန်ခဲ့ တဲ့ တစ်နှစ်နီးပါး..လောက် က ရေးဖြစ်ခဲ့ တာပါ... ဘလော့ဂ် လုပ်ဖြစ်မယ် ရယ် လို့လဲ..မျှော်လင့် ချက် မရှိခဲ့ပါ ဘူး...ကိုးယိုး ကားယား နိုင်လှတဲ့ ..ကျမရဲ့ ဘ၀ တစ်စိတ် တစ်ဒေသ ..ကို မှတ်တမ်းလေး ရေးကြည့်ခဲ့ တာပါ.....ခု..အတိတ် က မိတ်ဆွေတွေကိုသတိရလို့ ရော..လောလော ဆယ် အလုပ်လေးတွေကလည်း အတော်များနေတာ မို့... အလွယ် တကူ ရေးပြီးသား လေး ကိုပဲ.......း)....)


ကျွန်မ....
ကျွန်မကို တရုတ်မျောက်နှစ်တစ်နှစ်ရဲ့ နွေဦးကာလမှာ မွေးဖွားခဲ့ပါတယ်။ မျောက်နှစ်ဖွားတို့ရဲ့ သဘာဝက မြင်မြင်သမျှ သိချင် တတ်ချင်... အဲ.. သင် လွယ် တတ်လွယ် လဲ ဟုတ်သေးတယ်..း) ... စိတ်က မငြိမ်..အတည် တကျ မရှိ.. ဟို ခုန် ဒီ ကူး.... ဆိုတော့.....ထုံးစံအတိုင်း ကျွန်မ တစ်ယောက်.. လူမှန်းသိတတ်စ ကတည်းက ဟိုစပ်စပ် ဒီစပ်စပ် ဆိုပါတော့... တစ်ကယ် တမ်း ဘယ်နေရာမှာ ဘယ်လိုအသုံးတည့်သလဲ မေးရင် .. ဘယ်ဟာ တစ်ခုမှ မယ်မယ်ရရ သိတာ တတ်တာလဲ မရှိပါဘူး။
မသိဘူးလားမေးရင် အားလုံး သိသလိုလို တတ်သလိုလို ... လက်တွေ့တော့ ဘာမှမဟုတ်...။ ဒါပေမဲ့ ကျောင်းဆရာမ လုပ်ခဲ့ဘူးသူ ဆိုတော့ သိကြတဲ့အတိုင်း နေရာတစ်ကာ ဆရာ လုပ်ရမှ နေသာထိုင်သာ ရှိသလိုလို.......... ..။

အဲဒီ ကျွန်မ က လွပ်လပ်မှုကိုလဲ မြတ်နိုးသတဲ့။
အမှန်တရား ကိုလဲ ကိုးကွယ်လိုသတဲ့.......။ ချုပ်ချယ်တာကိုလဲမကြိုက်ပါတဲ့....။ မတရားတာကိုလဲ မနှစ်သက်ပါတဲ့..........။
ကျွန်မရဲ့ ကျောင်းဆရာမသက်တမ်း က ရှည်ခဲ့တယ် လို့ ပြောလို့ ရမယ် မထင်ပါဘူး............။
ကိုယ့်မှာရှိတဲ့ အသိပညာဗဟုသုတတွေကို တပည့်သားမြေးတွေ ဖြန့်ဝေပေးရတဲ့အလုပ်၊ သင်ကြားရတဲ့ အလုပ်ကို မြတ်နိုးနှစ်သက်ပေမဲ့... ပီတိကိုစား အားဖြစ်ပါ၏ ဆိုတဲ့စကား မှတ်သား မိပေမဲ့ .... အဲ..... အကြောင်း အမျိုးမျိုးကြောင့်ဆိုကြပါစို့ရဲ့.....ကျွန်မရဲ့ ဆရာမ ဘ၀ ကို စိတ်မကောင်းစွာနဲ့ကျောခိုင်း ခဲ့ပါတယ်...။

ကျွန်မ နဲ့ ကွန်ပျူတာ

ဖောင်ဖျက်ပြီးတော့ INGO လောကထဲ ခြေစုံပစ် ၀င်လာခဲ့တဲ့ကျွန်မ....... အလုပ်စ ၀င်ပြီး တစ်နှစ်လောက် အကြာ....... ကွန်ပျူတာနဲ့ နီးစပ်ဘို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကျွန်မ INGO လောကထဲ ရောက်တဲ့ အချိန်ကာလ......လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ကွန်ပျူတာဆိုတာ ဒီဒေသမှာ ရှားပါးအရာတစ်ခုပါပဲ..။ အဲဒီတုန်းက ဒီအရပ်ဒေသမှာ ဒေသဖွံ့ဖြိုးရေး နဲ့ ပြန်လည်ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေခဲ့ကြတဲ့ UN နဲ့ INGO Agency တွေမှာ ကွန်ပျူတာတွေသုံးနေပြီဖြစ်ပေမဲ့ Agency တစ်ခုမှ တစ်လုံးလောက်ရှိကြတာမျိုးပါ။ .....နိုင်ငံတစ်ကာ ၀န်ထမ်း ၅ ယောက် ၆ ယောက်လောက်ရှိတဲ့ ကျွန်မစပြီး ...အလုပ်ဝင်လုပ်ခဲ့တဲ့ INGO ရုံးမှာ စုစုပေါင်းမှ ကွန်ပျူတာ ၂ လုံးပဲ ရှိခဲ့တာပါ။ တစ်လုံးက International Staff တွေ စုပေါင်းသုံးရတာဖြစ်ပြီး.... နောက်တစ်လုံးကတော့ အထွေထွေ ရုံးသုံး ဖြစ်ပါတယ်။ အဲဒီတုန်းက Computer Operator ရာထူးနဲ့ နိုင်ငံသား ၀န်ထမ်း တစ်ယောက် ရှိပြီးတော့ ဘာစာပဲ ရိုက်ချင် ရိုက်ချင် သူ့ဆီပဲ သွားသွားပြီး Requestလုပ်ရပါတယ်......။ သွားပြောတဲ့သူတိုင်းက ကိုယ်လိုချင်တဲ့ အချိန် ရတာမျိုး မဟုတ်ဘူးနော်..၊ သူ့မျက်နှာထားကြည့်ပြီးမှ ခိုင်းရတာ တောင်းရတာမျိုး ..။ ကျွန်မကျတော့ သူ့ညီမ ၂ ယောက်ရဲ့ ဆရာမ ဖြစ်ခဲ့ဖူးသူမို့ တစ်ခြားသူတွေနဲ့စာရင် အခြေအနေ မဆိုးဘူး ပြောရမှာပါ..။ (အဲဒီကလေး က လွန်ခဲ့တဲ့ ၆ နှစ် လောက်က ကွယ်လွန်သွားပါပြီ)။

ဒီလိုနဲ့ .. တစ်နှစ်လောက်ကြာတော့.. ကျွန်မလုပ်နေတဲ့ Project အပိုင်းက အသုံးစာရိတ် တွေ ပိုနေလို့ဆိုပြီး ကွန်ပျူတာတွေ ၄ လုံးလောက် တစ်ခါတည်းဝယ်ဘို့ ရုံးချုပ်က ဆုံးဖြတ်တဲ့ အတွက် ကျွန်မအတွက်လဲ တစ်လုံးရခဲ့တယ်ဆိုပါတော့.......။ အဲဒီ အချိန်တုန်းက ကွန်ပျူတာဆိုတာ မြင်ရုံပဲမြင်ဖူးတာ၊ ထိတောင် ထိကြည့် ဖူးတာမဟုတ်တော့.......ကျွန်မ အဲဒီကွန်ပျူတာဆိုတာကြီးကို လက်ခံဘို့ တွန့်ဆုတ်နေခဲ့တာပေါ့...။....ကျွန်မရဲ့ ဂျပန်လူမျိုး Manager (ကျွန်မတို့က မျက်မှန်အထူကြီးနဲ့သူ့ကို စိုင်းထီးဆိုင်လို့ခေါ်ကြပါတယ်.....) ကို ကျွန်မ ကွန်ပျူတာ မသုံးတတ်ဘူး....၊ သင်တန်းလဲမတက်ဖူးပါဘူးဆိုတော့ အဲဒီဆရာက ဘာပြောတယ်မှတ်သလဲ..။ မင်း အင်္ဂလိပ်လိုတတ်တယ် မဟုတ်ဘူးလား.. ကွန်ပျူတာသင်ဘို့ အတွက် ကွန်ပျူတာကမင်းရဲ့ ဆရာပဲ .. ဘာမှ....မစိုးရိမ်နဲ့ ယူသာ ယူသွားတော့.....ဆိုတော့ ကျွန်မလဲ ဘာမှ မပြောသာတော့ ပဲ ကွန်ပျူတာပုံးကြီး ကိုယ့်အခန်းထဲ လူ အကူနဲ့ မ ခဲ့ရပါရောလား..။ အခန်းထဲရောက်တော့ ကဲ မထူးဘူးဟေ့.. ဖွင့်ကြရအောင် ဆို ပြီးဝန်ထမ်းကောင်မလေး ၂ ယောက် အကူခေါ် (ကျွန်မရဲ့ Project မှာ Staff တွေအားလုံးက မိန်းကလေး တွေပါ) ပြီး ဖွင့်တော့တာပါပဲ ..။ ဖွင့်ပြီးတော့ ရုံးကတာဝန်ရှိတဲ့ တစ်ယောက်ကလဲ ဆင်ပေးဘို့ ပေါ်မလာတော့ ကြားဖူးနားဝနဲ့ ကြိုးတွေလိုက်တပ်ပြီး ကိုယ့်ဘာသာကိုယ်ပဲ ဆင်..ပစ်လိုက်တာ.....။ ကွန်ပျူတာ... ပါတဲ့အပေါက် ထိုးသာထိုး ..ကြိုးကမှား စရာမရှိဘူးလို့ မှတ်သားထားမိတာကိုး.....း) ............။

အဲဒီ စကား မှားတော့ မမှားပေဘူး..။ Manager လာကြည့်တဲ့အခါ ကျွန်မက ဆင်လို့ပြီးနေပြီ..။ မှန်လဲ မှန်တယ် တဲ့ ရှင့်..ကဲ.......။ အဲဒီ.. ဆရာလာပြီးတော့ ကျွန်မကို ကွန်ပျူတာ ဘယ်လိုဖွင့်ရသလဲ.. Shut down ဘယ်လို လုပ်ရသလဲ..။ Word file နဲ့ Excel file ဘယ်လိုဖွင့်ရသလဲ၊ ဘယ်လိုသိမ်းရသလဲ ဆိုတာ တစ်ထိုင်တည်း သင်ပေး .. ပြီးတော့.. ကဲ မင်း ဆရာအစစ်က ဒီမှာ လုပ်တော့ ဆိုပြီး ကွန်ပျူတာကြီး ပုတ်ပြပြီး ကျွန်မကို ထားခဲ့တော့တာ....။ မျက်စိသူငယ် နား သူငယ်နဲ့ ကျွန်မတစ်ယောက် မျောက်နှစ်ဖွား တို့ထုံးစံ အတိုင်း လျှောက်ကလိတော့တာပဲ ဆိုပါတော့..။

အဲဒီတုန်းက ကျမရဲ့ အထက်မှာ Field Coordinator ဂျပန်အမျိုးသမီး တစ်ယောက်ရှိပါတယ်.. သူကလဲကြုံရင် ကြုံသလို နဲနဲပါးပါး သင်ပြပေးပါတယ်..။ ဒါပေမဲ့..သိကြတဲ့အတိုင်း.. ကျွန်မကဘာသင်တန်းမှ တက်ထားဖူး တာမရှိတော့ ပင်ပန်းတာပေါ့.. စာရိုက်တာလဲ စံနစ်တစ်ကျမဟုတ်.. ကီး ဘုတ်ပေါ် လက်တစ်ချောင်းချင်းစီတင် တစ်လုံးချင်း ရိုက်ပြီး ကွန်ပျူတာနဲ့ ကျွန်မ... စစ်ခင်းနေခဲ့ကြတာ..။ စာရိုက်တာနှေးလို့ ကိုယ့်ကိုကိုယ် အားမရတဲ့အကြောင်း ကျွန်မရဲ့ Field Coordinator ရှေ့ ညည်းမိတော့ သူက အားပေးရှာပါတယ်.. ......ဟေ့ မင်းက Computer Operator လုပ်စားမှာမှ မဟုတ်တာ ..Word နဲ့ Excel တော်ရုံ တန်ရုံ ရိုက်တတ် တော်ပြီပေါ့... တဲ့..။ ဆရာ ဆရာမ စကား မြေ၀ယ်မကျ နားထောင်တတ်တဲ့ကျမလဲ .. အဲဒီ လက်ဦး ဆရာ ဆရာမ တွေ စကား အတိအကျ လိုက်နာခဲ့တာ ခုချိန်ထိ ဆိုပါတော့..။ ကွန်ပျူတာနဲ့ ထိတွေ့တာ ၈ နှစ်ပဲ ကျော်ခဲ့ပြီ ခုထိ ကျွန်မ မြန်မာလို ပတ်ဆင့်တွေ မရိုက်တတ်သေးပါ.............း)......။

ကျွန်မနဲ့ Information Technology

တစ်ကယ်တော့ ကမ္ဘာကြီး ကကျွန်မတို့ မှန်းလို့ မရလောက်နိုင်အောင်ကိုပဲ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေ တာပါ။ အဲဒီ ကမ္ဘာကြီးထဲက ကွန်ပျူတာ ဆိုတာဘာလဲ....၊ အင် တာနက်ဆိုတာ ဘာလဲ လို့ မသိနိုင်ကြသေးတဲ့ သူတွေလဲ မြောက်များစွာ ရှိနေဦးမှာပါ။ ကံကောင်းသူတွေလို့ ယူဆလို့ရတဲ့သူတွေထဲမှာတော့ ကျွန်မ တစ်ယောက် ကတော့ အပါအ၀င်ပေါ့..... (အကောင်း မြင် ၀ါ ဒနဲ့ ကြည့် ကြည့် မိတာ ပါ...း) .....။

မြန်မာနိုင်ငံထဲ IP Star တွေ ကျယ်ကျယ်ပြန့်ပြန့်နေရာယူလာတော့ ကျွန်မနေတဲ့ တောမြို့လေး မှာလဲ E mail သုံးလို့ရတဲ့အဆင့်က လွန်ခဲ့တဲ့ ၃ -၄ နှစ်လောက် ကပဲရှိနေခဲ့ပါပြီ။ ဒီဒေသ ဖွံ့ဖြိုးရေးလုပ်နေတဲ့ အဖွဲ့အစည်း တွေ ကိုရည်ရွယ် ပြီးတော့ လုပ်ခဲ့တဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုပါ။ (ခုတော့ Agency တိုင်း လိုလို က ကိုယ်ပိုင် Satellite တွေ ၀ယ်လိုက်ကြပြီမို့ အဲဒီလုပ်ငန်းလေး လဲ ပိတ်သွားတာ အတော်ကြာခဲ့ပါပြီ။) ကိုယ့်သက်ဆိုင်ရာ ဌာနချုပ် နဲ့ ဌာနေ ကိုယ်စားလှယ်ရုံးတွေကို ဆက်သွယ်တဲ့ခါ Memory Stick လေးနဲ့ သွားပြီး Mail တွေကို ပို့ဖူး၊ ယူ ဖူး ပေမဲ့ Internet ဆိုတာ ဘယ်လိုဟာလဲ ရင်းနှီးခွင့် သိပ်မရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၁ နှစ်ကျော်မှာတော့ ခုလက်ရှို ဌာန ကိုပြောင်းဘို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကျွန်မ အလုပ်ဝင်ပြီး ၃ - ၄ လ လောက်ကြာတော့ ကျွန်မ တို့နဲ့ တွဲလျက်ရှိနေတဲ့ UN Agency မှာ Internet ဆင်လိုက်တော့ ကျွန်မတို့ဌာန အတွက်လဲ လိုင်းတစ်လိုင်းရခဲ့တယ် ဆိုပါတော့။ ဒါပေမဲ့ Line က ကျွန်မတို့ Project Director ရဲ့ ကွန်ပျူတာ မှာပဲ ချိတ်ထားတာဆိုတော့ ဆရာ ထမင်းစားချိန် ဒါမှ မဟုတ်လဲ သူမရှိတဲ့ခါတွေမှာမှ ခွင့် တောင်းပြီး Mail တွေ ဘာတွေ စစ်ခဲ့ရတာပါ။ ကျွန်မ ကိုလဲ ရုံးကြီးက အစ်မလေး တစ်ယောက်က ကူညီပြီး Gmail Account လေးတစ်ခုဖွင့်ပေးခဲ့ပါတယ်..။ ကျွန်မရဲ့ Gmail Account က တစ်နှစ်သား မပြည့်ချင် သေးပါဘူး။

ပထမ တော့ ကိုယ့် အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေ၊ ဆက်စပ်နေတဲ့လုပ်ငန်းတွေက သူတွေနဲ့ ပဲ Contact ရှိခဲ့တာပါ။ နောက် ၂ လ လောက်ထပ်ကြာတော့ ကျွန်မ နဲ့ တစ်ခြား Senior အစ်ကို တစ်ယောက် အတွက် လိုင်း တစ်လိုင်းရခဲ့ပါတယ်...။ အဲဒီ အစ်ကိုရဲ့ ကွန်ပျူတာမှာ ချိတ်ထားတာမို့ သူ အားတဲ့အချိန် တွေ ကြည့်ပြီးတော့ မှ ကိုယ့် Account လေး သွားသွားစစ်ရပါတယ်..။ သူ ကလည်း ခုံမှာတော်တော် မြဲတဲ့သူမို့ သူခွင့်ရက်ရှည်ယူပြီးအိမ်ပြန်အောင် ဆုတောင်းခဲ့ရတာ အမော..။ အဲဒါမှပဲ အဲဒီကွန်ပျူတာ ကျွန်မ သုံးရမှာကိုး....း) ...။

အင်တာနက် စသုံးဖူးတဲ့ အတွေ့အကြုံ တစ်ခုကလဲ တစ်သက် မမေ့နိုင်စရာ..............။
ကျွန်မရဲ့ Contact ထဲ မှာ ဒီအလုပ်ထဲ မရောက်ခင် လုပ်ခဲ့ဖူးတဲ့.. UN Agency တစ်ခုက Head နဲ့ ခုလက်ရှိ ဆရာရဲ့ Account Contact တွေလဲပါပါတယ်..။ တစ်ခါတော့...........ဘယ်တစ်ယောက်ပို့လိုက်မှန်း မမှတ်မိတော့တဲ့ Friendship Web တစ်ခု ကျွန်မ ဖွင့်ကြည့် ပြီး ဘု မသိ ဘမသိ ....ဘာတွေ လုပ်လိုက်မိမှန်း မသိ ခဲ့...............။ တစ်နေ့ မနက်မှာတော့ ကျွန်မနဲ့ တစ်ခန်းထဲ ကွန်ပျူတာနဲ့ အင်တာနက်မျှ သုံးနေတဲ့ Senior အစ်ကို ကို ဆရာခေါ်ပြီး Warning လုပ်ပါသတဲ့ .. ......အဲဒီ အစ် ကို ဒေါပွ .. စိတ်တို ... ပွစိပွစိ ပြောပြီး အခန်းထဲ ပြန်ရောက်လာပါတယ်..။ (သူက စိတ်လဲ နဲနဲ တိုတတ်ပါတယ်..) .. ဒီရုံးမှာ တစ်ခြားသူတွေလဲ အင်တာနက်၊ ဂျီ မေးလ် သုံးကြတာပဲ ..၊ ဘာလို့များ ငါတို့ကို လာပြီးချူပ်ချယ်ရ သလဲ.....ဒီဆရာ ...အတော် ခက်တဲ့ ဆရာ...ပေါ့.........။ အင်တာနက် ကို လုပ်ငန်းနဲ့ ပတ်သက်တဲ့ အခါ၊ .....ဒါမှမဟုတ် ရင်လဲ အကျိုးရှိမဲ့ Study တစ်ခုခု လုပ်မဲ့ ခါမျိုးမှာသာ သုံးဘို့နဲ့ တစ်ခြားကိစ္စတွေ မသုံးဘို့ မှာလိုက်သတဲ့..။ ကျွန်မ လဲ မျက်လုံးလေး အပြူး သား သူ့ကိုပြန်ကြည့်ရုံက လွဲလို့ ဘာမှ နားမလည်..။

အဲဒီနေ့ နေ့လည်ခင်း ရောက်တော့ ဆရာ ကျွန်မတို့ အခန်း ထဲ ကိစ္စ တစ်ခုနဲ့ ၀င်လာပါ တယ် .. ကျွန်မ ကို ...ကြည့် ပြီးတော့ .. ဆော်ရီး နော်.. မင်း .. Invite လုပ်ထားတဲ့ ဟာတွေ အလုပ်မအား လို့ မကြည့်ဖြစ် ဘူး.. Delete မကြာခဏ လုပ်တော့ Spam Mail အဖြစ် ရောက်ကုန်ပြီ တဲ့......... ရော...ကျွန်မ ဘာတစ်ခုမှ မသိတဲ့ ဟာကို.... ကျွန်မ ဘာ မှ Invite မလုပ်ထား ပါဘူး ဆိုတော့ ဆရာ က ဘာမှ ထပ်မပြော တော့ပဲ ပြုံးပြ လှည့်ထွက် သွားပါတယ်..။ ကျွန်မလဲ အူကြောင် ကြောင် နဲ့ ရှေ့ ခုံ က Senior အစ်ကို ကို အကူအညီ တောင်းတဲ့ အကြည့်နဲ့ လှမ်း ကြည့်မိတော့ ..... လား....လား... တရားခံ မိပြီ ဆိုတဲ့ မျက်လုံးအကြည့်နဲ့ တန်းတိုးပါရော...။ လုပ်တော့ ကျွန်မ ..ဆူခံထိတာက....သူ ... နင်းကန် ဒေါပွ ပါရောလား...။ သူ က အစ တည်းကမှ ကျွန်မ ကို မျက်စိ စပါးမွေး ခပ်စူးစူး ရယ်..။ သူ့ထက် ၈ နှစ်လောက် နောက်ကျပြီးမှ ဒီဌာန ထဲ ၀င်လာတဲ့ ကျွန်မကို သူ့ဝန်ထမ်း (မိန်းကလေး) တွေက သူ့ ထက် ပို ချစ်သွားပြီ .. ဆရာ ကလဲ အရေးပေးတယ် လို့ သူက ထင်နေတာလေ..(တစ်ကယ်တော့ ဒီလို မဟုတ်ပါဘူး.. သူ့ဘာသာ သူ စိတ်ထင် လျှောက်ပြောတာ)..။ အဲဒီနေ့ ညနေပိုင်း Staff Farewell Party တစ်ခုမှာ အရင် အလုပ်က ဆရာနဲ့ တွေ့ကြ ပြန် တော့ . တစ်ခါ..... အဲဒီဆရာက . မင်း Invite လုပ်ထားတဲ့ Freindship Web သွားကြည့်သေး တယ် .. မင်း ပုံတွေ ဘာတွေ လဲ မတွေ့ ပါလား.. ငါ့ မိတ်ဆွေ တွေ ကတောင်.. မင်းလဲ ဒီ အလုပ်တွေ လုပ်ဖို့ အချိန်ရှိ သလား လို့ ၀ိုင်းမေးကြတယ် တဲ့.. ကဲ.. လာပြန်ပြီ တစ်ယောက်...(အဲဒီ ဆရာက UN Agency အကြီးကြီး တစ်ခုရဲ့ Head ဆိုတော့ ရာထူးက အရမ်းမြင့်သလို အလုပ်လဲ များပါတယ်........) ။ ကျွန်မ ကလဲ ကိုယ် မလုပ် ဘူးပဲ ထင်နေတာကိုး..။ ကျွန်မ မယ် အဲဒီ ဆရာတွေ ကို မျက်နှာပူလိုက်ရတာ ဆို မပြောပါနဲ့ တော့..။ နောက်မှ သွား ရှင်းပြပြီး ..မျက်နှာငယ် လေး နဲ့...တောင်းပန်ခဲ့ရပါတယ်.........။ ကျွန်မ ကိုယ်စား အဆူခံ ထိတဲ့ အစ်ကို လဲ ခုတော့ မရှိတော့ပါဘူး...။........ ဧရာဝတီတိုင်း က မုန်းတိုင်း ဒဏ်သင့် ကလေးငယ်တွေရဲ့ ကျန်းမာရေး နဲ့ ပညာရေးအတွက် ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းကြီး တစ်ခုမှာ ရာထူးမြင့်မြင့် အလုပ်ရလို့ သူ့မိသားစုနဲ့ နီးတဲ့နေရာ ရောက်နေ ပါပြီ..။ သူ မပြန်ခင် ထိ စကားကြုံတိုင်း ကျွန်မ ကို ပြန်ဒေါပွ နေခဲ့သေးတာနော်...။

အဲဒီလို အလွဲလေးတွေ နဲ့ စ ခဲ့ တဲ့ ကျွန်မရဲ့ IT အတွေ့အကြုံလေးတွေ က ကျွန်မအတွက်တော့ အမှတ်ရ စရာလေးတွေပါပဲ..။ ခုတော့ ကျွန်မရဲ့ရုံး ကွန်ပျူတာမှာ ကိုယ်ပိုင် အင်တာနက် တစ်ကြိုး ရခဲ့ တာ ၂ လ နီးပါးရှိပါပြီ..။ ကျွန်မ ရဲ့ကမ္ဘာလေး လဲ အတော်အသင့် ကျယ်ဝန်းခဲ့ပါပြီ...။ အစ တုန်းက တော့ ကိုယ့်ကို Invite လုပ်လာပြီဆို ဘာမှန်း မသိပဲ Yes လုပ် လုပ်နေခဲ့ တာ နောက်တော့ အလုပ်က တော်တော်လေးရှုပ်တာ ကလား..။ ကလေးတွေ အများစု က ကျွန်မကို မိန်းခလေး ငယ်ငယ် အောက်မေ့ပြီး ဆက်သွယ်ကြတာကိုး.......း) .........။ ဒါနဲ့ပဲ Invite လုပ်တဲ့သူတွေ ကို... Interview လုပ်ပြီးမှပဲ လက်ခံတဲ့ အကျင့်လေး ရခဲ့ပြီ..။ မင်း က ဘယ်သူလဲ... သိလို့ Invite လုပ်တာလား.. မသိဘူးဆို ဘာရည်ရွယ်ချက်ရှိလို့လဲ...စသဖြင့် သူတို့ကို မေး.. ကိုယ့် ရဲ့ ကိုယ်ရေး အကျဉ်းကိုလဲ ဖြစ်အောင်ပြောရသေးတယ် လေ...။

Information Technology ကြောင့် တိးုပွားလာတဲ့ ကျွန်မရဲ့ IT ရွာလေးထဲ က မိတ်ဆွေ တွေကို ကြည့် ကြည့် ကြရင်တော့ ............။

.... အမေ တော်ပါ ရစေ လို့ ခွင့်တောင်းပြီးတော့ နေ့စဉ် လိုလို Hello My Dear Mom လို့ လာ လာ နှုတ်ဆက်တတ်တဲ့ ..အမေ တစ်ယောက် ကို ဂရုစိုက်သလိုမျိုး အစစ အရာရာ ဂရုစိုက်ပေးဖော်ရတဲ့ ထိုင်းနိုင်ငံ ဘုရင့်တော်ဝင် တက္ကသိုလ် တစ်ခုမှာ ပညာတော်သင်ရောက်နေတဲ့ ဦးပ္ပဇင်းလေးတစ်ပါး....

.... ရွယ်တူကောင်မလေး ထင်ပြီး စလာ မိတ်ဆက်ခဲ့ ပေမဲ့ နောက်တော့လဲရွယ်တူမဟုတ်မှန်းသိသွားပြီး.. ဒီခေတ်ကောင်မလေးတွေ က ငွေ နောက်ကို လိုက်ကုန်ကြပြီ အန်တီရဲ့ ဆို ပြီး.. မကြာခဏ အသဲကွဲ စကား တွေ.. လောကကြီးကို နာကျင် တဲ့ အကြောင်းတွေ.. ကိုယ်ခြေထောက်ပေါ်ပဲ ကိုယ်ရပ်ချင်တဲ့ အကြောင်းတွေ ကို စကားကြီး စကားကျယ် ပြော... ပြော တတ်တဲ့ .. လွန်ခဲ့တဲ့လကမှ ၁၈ နှစ်ပြည့်ရုံရှိသေးတဲ့ စင်္ကာပူ မှာ ကျောင်းသွားတက်နေတဲ့ ... ရီးစား အရေအတွက် က သူ့ အသက် ထက် များ တယ် အန်တီ ရဲ့ ဆိုတဲ့...ကျွန်မ က သားဥာဏ် လို့ခေါ်တဲ့ ကလေးလေး တစ်ယောက်...

.... Speed Boat တွေကို မိန်းကလေး မိတ်ဆွေ လို သဘောထားတယ် ဆိုပြီး ... ကျမ အားတဲ့ အချိန်တွေ မှာ သူရဲ့ အလုပ်အား ရက် ကိုယ်ပိုင်ဘုတ်လေးနဲ့ သွားခဲ့တဲ့ ခရီးစဉ်တွေ ကို စီကာ..ပတ်ကုံး ပြောပြတတ်တဲ့ ဆွီဒင် က အသက် ခပ်ကြီးကြီး ဆွီဒင် မိတ်ဆွေ တစ်ယောက်....

.... မြန်မာပြည် ကိုချစ်လို့ စိတ်ဝင်စားလို့ မြန်မာပြည် ကို သွား ...အလုပ်လုပ် မယ် လို့ ပြောပြီး မြန်မာ စကား ကြိုးစား ပမ်းစား ပြော တတ်တဲ့ ဂျပန်ပြည် က ဂျပန် အင်ဂျင်နီယာလေး တစ်ယောက်... သူကပြောသေး တယ်.. မြန်မာပြည်ရောက်တဲ့ အခါ မိတ်ဆွေ တွေ ရချင်တယ် မိတ်ဆွေ မိန်းခလေးတွေလဲ ရချင်သတဲ့ (သူ့မှာ ချစ်ရမဲ့ သူ ရှိလို့ မိန်းခလေး မိတ်ဆွေ တော့ မလိုချင်ပါဘူး တဲ့.....း) ... ။

.... NGO ဆိုတာဘာလဲ INGO ဆိုတာဘာလဲ လို့ ခဏခဏ စပ်စုတတ်တဲ့ မန္တလေး..တက္ကသိုလ် တစ်ခု....က သရုပ်ပြ ဆရာမ ညီမလေး တစ်ယောက်....

.... ရံဖန် ရံခါ မှ အွန်လိုင်း ပေါ် ရောက်ပေမဲ့ ... ကျွန်မ အိမ်ပြန်ချိန် နောက်ကျနေတာ တွေ့သွားရင်.. အစ်မရေ.. ရုံးဖယ်ရီ မမီရင် ဆိုက်ကား ခကုန်တော့မှာပဲ လို့ တွေး ပူပြီး သတိပေး တတ်တဲ့ ... ကျွန်မ မှာ ရှိတဲ့ တပည့် မိန်းခလေး တွေ နဲ့ ၀န်ထမ်းတွေ က မိန်းကလေးတွေပဲ အများစု မှန်းသိ သွားတော့... အစ်မ ကူညီမှပဲ ကျွန်တော် လူပျိုကြီး ဘ၀က ကျွတ်တော့ မှာ.. အစ်မကိုပဲ အားကိုးတော့မယ်လို့ လှမ်းနောက် တတ်တဲ့ ... မလေးရှားရောက် တိုင်းရင်းသားအမည် မှည့်ထားတဲ့ မြန်မာမောင်ငယ် တစ်ယောက်....

.... မြန်မာအမျိုးသမီး တစ်ယောက်နဲ့ Online မိတ်ဆွေ ဖြစ်ရတာ ဂုဏ်ယူပါတယ် ..လို့ပြောပြီး ..နှစ်နိုင်ငံ အတွေ့ အကြုံတွေ ဖလှယ်ဖြစ်တဲ့...အိမ်နီးချင်း နိုင်ငံ တစ်ခုက စွမ်းအင် ဆိုင်ရာနိုင်ငံတော်အဆင့် အစိုးရ အရာရှိကြီး တစ်ဦး (သူကတော့ အဲသလိုပြောတာပဲ)...သူက မြန်မာနိုင်ငံမှာ အစိုးရ အပြောင်းအလဲ ဖြစ်တဲ့ အခါ လာလည်ချင်ပါ သတဲ့.. .........

.... ကမ်းပေါ်ပြန်ရောက်တိုင်း..Hi my sister လို့ လှမ်းခေါ်ပြီး ကျန်းမာ ရဲ့လား .. အဆင်ပြေရဲ့လား လို့ သတိတရ နှုတ်ဆက်တတ်ပြီး သူ့ရဲ့ ပင်လယ် အတွေ့ အကြုံလေးတွေ ဖောက်သည်ချတတ်တဲ့ ... ပင်လယ်ကမ်းလွန် ရေနံ နဲ့ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေး တစ်ခုမှာ လုပ်နေတဲ့လျှပ်စစ် အင်ဂျင်နီယာ မောင်ငယ် လေးတစ်ယောက်...

.... နောက်..... ကျွန်မ ရုံးပြန် နောက်ကျတာတွေ့ တိုင်း... သရဲပုံတွေ လှမ်း လှမ်း ပို့ပြီး အိမ် မြန်မြန်ပြန်အောင် လုပ်တတ်တဲ့ ... နင့် ဆိုင်ကယ်နောက် တစ်ယောက်ကပ်ပါတော့မှာနော်... နင် ဆိုင်ကယ် ပါကင်လုပ်တဲ့ အပင်မှာလဲ သရဲ ရှိတာပဲ လို့ .. လှမ်း ခြောက်တတ်တဲ့ ... ခုတော့ L.A မှာ မိန်းမလုပ်စာ အေးဆေး ထိုင်စားပြီး အလုပ်ရှာနေတုန်းပဲဆိုတဲ့ ... ပြီးခဲ့တဲ့နှစ်က ထိ ရုံးချင်းကပ်ရက် ရုံး တစ်ရုံး မှာ လုပ်ခဲ့ဘူးတဲ့ အစ်ကိုလို ခင်ခဲ့ ရသူ တစ်ယောက်...

အဲ..... နောက် တစ်ယောက်ကတော့... .......ကျွန်မ ဒီ ဘလော့ဂ်လေး လုပ်ဖြစ်အောင် ဘလော့ဂ်ဆိုတာ ဘာ လဲ ၊ ဘလော့ဂ်ဂါ ဆိုတာ ဘာလဲ လို့ မိတ်ဆက်ပေးသူ ဘလော့ဂါလေး တစ်ယောက်ပါ... သူက နဲနဲ တော့ ဂျီ ကျကျ ခပ်ဆိုးဆိုး လေး ဖြစ်ပုံရပါ တယ်.. ...ကျမ လက်ဆော့ ခြေဆော့ ..လုပ်ထားတဲ့ Friendship web တစ်ခုထဲ က တစ်ဆင့် ကျွန်မကို ခင်ပါရ စေ ဆိုပြီး သူပဲ...စတင် မိတ်ဆက် လာခဲ့ ပေမဲ့.... လောကကြီး ကို အမြဲ မကျေမနပ် ဖြစ်နေတတ်ပြီး..... ကျွန်မ ပြောသမျှလဲတစ်ခွန်းမခံ နှုတ်လှန်ထိုးသူလေး ပါ... ဘာပဲ ပြောပြော..သူ့ကြောင့် ပဲ ........... သူ မိတ်ဆက်ပေးခဲ့ လို့ ပဲ....
.ကျွန်မတစ်ယောက် မြန်မာ ဘလော့ဂ်ဂါ ရွာလေးထဲ အလည်ထွက်တတ်ခဲ့ပါပြီ.. ဘ၀ မျိုးစုံ ကို ကျင်လည် ကျက်စားနေသူတွေ ရဲ့ ကြည်နူး ဘွယ်ရာ.. ကြေကွဲ ဘွယ်ရာ.. လွမ်းဆွတ်စရာ... ဗဟုသုတ ရစရာ... ဘ၀အထွေထွေ ..........တွေနဲ့ ကျွန်မ ထိတွေ့ ရင်းနှီးခွင့် ရခဲ့ ပါပြီ... ။

ကျွန်မရဲ့ အိမ် မပြန်ချင်တဲ့ ရုံးဆင်း ချိန် ..ညနေခင်းလေးတွေ က ခုတော့ Information Technology ကြောင့် အဓိပ္ပါယ် မမဲ့တော့ပါဘူး... ခုပြောခဲ့ မိတ်ဆွေ တွေထဲ က တစ်ယောက်မဟုတ် တစ်ယောက် ကျွန်မကို လှမ်းနှုတ်ဆက် တာမို့ ကျွန်မတစ်ယောက် အထီးမကျန်တော့သလို မြန်မာဘလော့ဂ်ဂါရွာလေးထဲ ခြေဆန့်ခွင့် ရှိနေပြီဖြစ်လို့... ကျေးဇူး ပါ IT........။


မှတ်ချက်။ ။ ဒီစာစုလေးရေးပြီးလို့ ၂ ရက် ၃ ရက် ကြာတော့ Blogger ပုဂ္ဂိုလ်လေး ကျေးဇူးနဲ့ပဲ ကျွန်မ ပတ်ဆင့်တွေ ရေးတတ်ခဲ့ပြီမို့ စာဖတ်သူတွေ ပတ်ဆင့် စာလုံးတွေ အောက်ပိုင်းပြုတ်နေတာ မြင်တွေ့ခွင့် မရှိတော့ ပါ ဘူး.........publish လုပ်ပြီးမှ... လိုက် ပြင် ထားရတာပါ....း) ....... မတွေ့တာ ကြာပြီ ဖြစ်ပေမဲ့..ကျမ ဘ၀ ကို IT လောကနဲ့ စတင်ရင်းနှီးစေခဲ့..တဲ့. ဘလော့ဂါလေး ကို..ဒီစာစုလေးနဲ့..မှတ်တမ်း တင်..ကျေးဇူးတင်လိုက်ပါ တယ်...........။

မမသီရိ

Friday, January 16, 2009

ကျောင်းတော်သာ


အရှေ့တံခါး...သော့ခတ်ထား တယ်..
လယ်ကွင်းစပ် က ကျောင်း ကလေး...
နောက်ဖက် ဟင်းလင်း..ညှင်းညှင်း ပြိုကျ..
ထရံစတွေ..ဟိုထိုး ဒီ ထောင်..
အလင်းရောင်တော့ ..ကောင်းကောင်း ရတယ်..
ကြည့် ကြည့်ပြီးတော့ ပြုံး မိသေး......။

နှပ်ချေး တွဲလောင်း.. ညစ်ပတ်ကောင်းတဲ့.
လေးငါး ခြောက်နှစ်..ကိုးနှစ် အရွယ်..
လူ မမယ် တွေ...
ဝလုံး တန်း နဲ့ ..တစ် တန်း လောက် မှာ ..ပြွတ် သိပ်နေ......။

နှစ်တန်း.. သုံး တန်း.. လေးတန်း ..မှာဆို..
ကျောင်းသား ဦး ရေ... တစ္ဆေ ခြောက် လောက်..
ဆရာတွေ တော့ ..သက်သာရော........။

ဘာ့ကြောင့် ခုလို...
စမ်းလို့ မရ...ဖြစ်ကြတာလဲ....
စုံစမ်း ..စပ်စု ကြည့် မိတော့...
၁၃ -- ၄ --နှစ် ..အရွယ်သစ်မှာ..
အိမ်ထောင် ကျသွား လို့ ပါ....တဲ့..................။

ဒေသ ဖွံ့ဖြိုး ...တိုးတက်မှုတွေ....
နှစ်ကမ္ဘာ လောက်...နောက် ကျနေတဲ့..
တိုင်းရင်းသားတွေ....အမြင် ရှည် ဖို့..
ကြိုးပမ်း စို့ လို့...
ဟစ်ကြွေး ဆုံးဖြတ်..အဝေး ရပ်က လာခဲ့ တဲ့ သူ..
ကူ ညီ လူ... မရှိ..... ငုံး တိတိ....
အလေး အနက် မထား တာ....
သဘာ ၀ ဖြစ် သွား ပြီ ထင် ရဲ့....
အပြစ်တွေ ...ရမယ် ဖွဲ့......
ဘယ်သူ့ ဖက် ...လှည့် ရပါ့......
ရင် နာနာ နဲ့.....
ပြန် တာပဲ... ကောင်းလေ.. မလား ရယ်လို့.........။

မမသီရိ....(၁၂.၁၂. ၁၉၈၉)

.............................................................................................
လွန်ခဲ့တဲ့..နှစ်ပေါင်း ၂၀.နီးပါး..... အရွယ်က ၂၀ စွန်းစ... ကောင်မလေး တစ်ယောက် ....ရှိခဲ့ ဖူးတယ်.... သူ့မှာ..စိတ်ကူးတောင်ပံတွေ က..မိုးလောက်ထိ မြင့်..... လွတ်လပ်ခွင့်..ဆိုတာ မြတ်နိုး.....တိုးတက်ရေး ဆိုတဲ့ စကားတွေ..လှိုင် လှိုင်ပြောလို့.....မွေး ရပ်နဲ့.. မိုင်ပေါင်း များစွာ... ဝေးကွာတဲ့ ..အင်မတန်မှ..ဂျောင် ကျ ခေါင် သီလွန်း တဲ့.. အရပ်ဒေသ တစ်ခု ဆီ မှာ ရှိနေခဲ့ ဖူး ပါတယ်...... အဲဒီ အရပ်ဒေသ ကို ရောက် ဖို့.. လေယာဉ် ခရီး.. က တစ်သွယ်... သင်္ဘော..စီးလို့ တစ်မျိုး.... ကားလေး နဲ့ တစ်ဖုံ... ဒေသ အခေါ်.. သဗ္မာန်လို့ ခေါ်တဲ့.. လှေ အိပဲ့ပဲ့ ကို.. စီးလို့..တစ်ခရီး......တစ်ဆင့်ပြီး တစ်ဆင့်သွား ခဲ့ ရတာပါ......


ကိုယ့် ကို ကိုယ် သတ္တိကောင်းလွန်းသူ ရယ် လို့ တော့ အမွှမ်း မတင်ချင်ပေမဲ့... တော်ရုံ ..မိန်းကလေး တစ်ယောက်...အတွက် တော့... သိပ်မလွယ် တဲ့ ခရီး ပါ ပဲ........

ကျမ ဘ၀ရဲ့... အစပထမ...ဘ၀ ခရီး ဆို လဲ မှား မယ် မထင်ပါဘူး.....အဲဒီက အစ ပြုလို့...ဘ၀ ပင်လယ်ထဲ မျောခဲ့ တော့ တာ.....

..........................................................................


မြို့ နယ်ပညာရေးမှူး ရုံးမှာ..ခန့်စာ ၀င်ယူပြီးတော့... တာဝန်ကျတဲ့ ..ရွာကလေး ကို ရောက်ဖို့ အတွက်..... သဘောင်္ ခရီး တစ်ခု ထပ်စီး ပြီး ...နောက် တစ်မြို့ ဆီမှာ... တစ်ည...တစ်ထောက်နား ရပါသေး တယ်... ..အဲဒီကမှ တစ်ဆင့်... လှုပ်လီ လှုပ်လဲ့ ..မြုပ် ချင်သယောင် နစ်နေတဲ့...သဗ္ဗာန်လေး...လေး စီးပြီး... မြစ်ပြင် ကျယ် တစ်ခု ကို..ပြန် ဖြတ်ရတာ ပါ.... ရေကူး မတတ်သူ ကျမ အတွက်တော့....ဘာဖြစ်နေခဲ့ မလဲ.ဆိုတာ. ခု ပြန်စဉ်းစား ရင် တောင် ..... ရင် က ထိတ်နေသေး တာ ပါ....မြစ် ကလဲ... မြစ် အ၀ မှာ ဆိုတော့.. လှိုင်းတွေ က အမြဲ လိုလို.. ရှိနေခဲ့ တယ်......ရွက်လဲ ကူ တက်လဲ ကူ ..တဲ့.. သဗ္ဗာန်လေး ကို.. ၁ နာရီ နီးပါးလောက် စီးပြီးတဲ့..အဆုံးမှာ တော့... ရေကျချိန် မို့... ကိုက် ၁၀၀ လောက် ရှိတဲ့ နုံး လတာပြင်ကို..ကြည့်ပြီး..မျက်ရည်ကျခဲ့ ရတဲ့..ကာလ တစ်ခု..... ဆရာမအသစ် ပေါက်စလေး..ကို.. ၀ိုင်းသနားနေကြတဲ့..သူ့စကား ကိုယ် နားမလည်.. ကိုယ့်စကား သူတို့ နားမလည်..ကြတဲ့.. ရွာသူ ရွာသား ခရီးသွားဖော် တစ်ချို့..ရဲ့ ကြင် နာတဲ့ မျက်ဝန်းတွေ အောက်မှာ... တစ်ဖက်တစ်ယောက် ၀ိုင်းဝန်း တွဲကူ ရင်းနဲ့... ဆိပ်ကမ်း တာရိုးကို တစ်ထောက် ရောက်ခဲ့........မဆုံးသေးဘူး ..နော် ခရီး..က................. ဆည်ပိတ်ထားတဲ့ ..ချောင်ရိုးလေး တစ်လျှောက်...နောက် ထပ် ၁ နာရီကျော် လောက်..ကနူးလှေကလေး ကို.. ထပ်စီးရသေး တာကိုး.....ရွာ..ရောက်တော့ မိုး စုပ်စုပ် ချုပ် ခဲ့ပြီ.......ရာသီက..ဆောင်း အလယ် ..... တစ်ညလုံး ..အငြိုးနဲ့ တိုက် နေတဲ့... မြောက်လေ ကြမ်း ကြောင့် အေးစိမ့် တဲ့ ဒဏ် ကိုလဲ.. ခု ထိ မမေ့နိုင် သေး............

နောက်နေ့မနက်ကျတော့.. အသစ်ရောက်လာတဲ့ ဆရာမလေး ကို....လာကြည့်ကြတဲ့ တပည့် တွေ...အိမ်ရှေ့မှာ ..အုပ်စု လိုက် ရှိနေခဲ့ တယ်...... အမြဲ လိုလို ကျောင်းတက်မမှန်တဲ့...တခြား ရွာတစ်ရွာမှာ..မိသားစု နဲ့ နေတဲ့..ကျောင်း အုပ်ဆရာကြီး လဲ ပဲ....အဲဒီ နေ့ မှာတော့.. နေသိပ်မမြင့် ခင် ရောက်လာပါ တယ်......

............................

ကလေးတွေ တစ်အုပ်ကြီး ခြံ ရံလို့..ရွာပြင် ကွင်းစပ် က ကျောင်းလေးနား ကို ရောက်တော့....အင်း... သိပ် မဆိုး ဘူး... ကျောင်းလေးက.. သွပ်မိုး..နဲ့... အရှေ့ဖက်က... သော့ခလောက်လေး ခပ်လို့........ဆရာကြီး သော့ ဖွင့်ပေးတဲ့ တံခါးမကြီး..က............ကျောင်းတွင်းထဲ ၀င် လိုက် တဲ့ အခါ မှာတော့..........

ကျမရဲ့ ကဗျာလေးကို မွေးဖွားစေခဲ့ တဲ့...ကျောင်းလေးရဲ့ ဘ၀ မှန် ကို မြင်လိုက်ရပါတော့ တယ်........
.......................................................................

ဓါတ်ပုံ ဆရာ တစ်ယောက် မျက်စိလည် လမ်းမှားပြီး ရောက်လာတဲ့ တစ်နေ့မှာ... ကျမရဲ့ ပထမ ဦး ဆုံး တပည့်တွေ နဲ့ အတူ...ကျမရေးထား တဲ့ ကဗျာလေး အတွက်..မှတ်တမ်းတင် ဓါတ်ပုံလေး ကို..ရိုက်ဖြစ်ခဲ့ ပါတယ်.... ကျောင်းရှေ့ဖက် က...မရိုက်ပဲ ...စုတ်ပြတ်နေတဲ့ ကျောင်းနောက်ဖက်မှာ..သွား ရိုက်တော့...တပည့်တွေက..မျက်နှာ မလှ ချင်ကြ...ဆရာမကလဲ...ဒီလောက် ဆိုးတဲ့ နေရာကိုမှရွေးရိုက် ရသလား တဲ့.......

........................

တိုင်းရင်းသား ပြည်သူ တစ်ရပ်..လုံး အောက်ခြေ အဆင့် က စပြီး တိုးတက်မှ..... တစ်နိုင်ငံ လုံး..တိုးတက်နိုင်မယ် လို့..ယုံ ကြည်ခဲ့ ပြီး...... ကိုယ် တတ်နိုင်တဲ့ ဖက် က...တစ်ထောင့် တစ်နေရာ က..တစ်ခုခု လုပ် ချင် ခဲ့ တဲ့.....လူငယ် ဘ၀..ကျမရဲ့.. ရည်ရွယ်ချက်တွေ ဟာ..အဲဒီ အချိန် တုန်းက ..lack of support, lack of effective assistance, lack of proper planning & proper management တွေ.. ရွှံ့ဗွက်တွေ.. အထီးကျန် ဆန်မှုတွေ.....နဲ့.... အိမ်သာ မရှိတဲ့...လူနေမှု ဘ၀ တစ်ခု အတွင်းမှာ.........ကဗျာတွေ... တစ်ပုဒ်ပြီး တစ်ပုဒ် မွေးဖွားရင်း.....ကာလအတန် ကြာ ခဲ့တယ်.....တစ်တပ်တစ်အား ဆိုတဲ့ အယူအဆ ကို.. ခုထိ ယုံကြည်ဆဲ ပေမဲ့....အဲဒီ တစ်တပ်တစ်အား.. အတွက် တွန်းအား နဲ့ ပံ့ပိးု မှုတွေ..ရှိပါမှ.... ဆိုတာ ကို.... အချိန်ကာလ အတော်ကြာမှ.... ပိုပြီး သဘောပေါက် ခဲ့ ရတာပါ..........

.................................

ဒီပို့စ်လေး ရေးဖို့ စိတ်ကူး ရမိတာက...တော့. Community Development & Social Management ကိုစိတ်ဝင်စား တယ် လို့ ခဏခဏ ပြောတတ်တဲ့..Information Technology ကြောင့် ..ရခဲ့တဲ့ ..ကျမရဲ့ သားတော်မောင် Wara .....ကျမရဲ့ ..Blog လေးကို ပထမဆုံး ကာလတွေမှာ လာလည်တဲ့...မဖွံ့ဖြိုးသေးတဲ့ ဒေသမှာ ကျောင်းဆရာ လေး လုပ်ချင်တယ် လို့.. သူ့ ရဲ့ profile လေးမှာ ရေးထားတဲ့.. မောင်ငယ် စိုးသွန်း (ဆိုးသွမ်း... လို့ မခေါ်ချင်လို့ ပါ မောင်လေး ရေ.... ပညတ်သွားရာ.. ဓါတ်သက် ပါသတဲ့..... သဘောတူရဲ့ လားတော့ မသိဘူး....း)........နဲ့... ဖွံ့ဖြိုးရေး ဆိုတာ ကို စိတ်ဝင် စား တဲ့ လူငယ် တွေ အတွက်..ပါ.......လွန်ခဲ့တဲ့ နှစ်ပါင်း ၂၀ မှ သည်...ခုလက်ရှိ ကာလ ထိ... ....ဒီအနေ အထား အတိုင်း ပဲ ရှိနေတဲ့..... မဖွံ့ ဖြိုးသေးတဲ့ ဒေသ တွေ.. မြန်မာနိုင်ငံ တနံတလျား ..အများ ကြီးရှိနေပါတယ်.......။