Saturday, August 29, 2009

ပုလဲပျောက်ရှာပုံတော်



သူ..
ပုလဲလေး တလုံး ပျောက်သွားလို့
ကသုတ်ကရက်
ကမန်းကတမ်း
ကပျာကယာ
ပုလဲလုံး အရှာ ထွက်... ကြေကွဲရတဲ့ နေ့ရက်တွေ.......


ကသုတ်ကရက် ထွက်ခဲ့ရတော့
ဘိနပ်တောင်မပါနိုင်ရှာ
ခြေဗလာနဲ့..
လွင်တီးခေါင်တွေ ဖြတ်
ကန္တာရ ကိုကျော်
တောဟေမ၀ါအတွင်း
တတောင်ဆင်း တတောင်ကျော်
ရင်ထဲမှာ တကြော်ကြော် အော်လို့
ပုလဲပျောက် အရှာ... သူ..ထွက်ခဲ့ပါတယ်......


လမ်း ခုလပ် တနေရာ
မောရှာတော့ သူနား...
သိမလား လို့မေး
သစ်ပင်လေး တပင်..

အပင်လေးက ပြုံးရှာတယ်..
ဂရုဏာ သက်စွာနဲ့

မတွေ့မိပါဘူး ကလေး ရယ်
မင့် ပုလဲလုံး လေး ဘယ်လို တွေ့မလဲ
ငါ ကိုယ် တိုင်က အရွက်မဲ့နေရတာပါ..... တဲ့......


ခေါင်းငိုက်စိုက် ရှေ့ကို ဆက်
တွေ့ခဲ့ပြန်ပေါ့ မြစ်ကလေး တစင်း...
သူလဲ အတင်း ငြင်းရှာတယ်..

မတွေ့မိပါဘူး ကလေး ရယ်
မင့် ပုလဲလုံး လေး ဘယ်လို တွေ့မလဲ
ငါ ကိုယ် တိုင်က ခမ်းခြောက်နေခဲ့တာပါ..... တဲ့......


ဝမ်းနည်းပက်လက်
သူ ကလေး လှမ်းထွက်
အရိပ်မဲ့သော နေပူပူ
ရင်တွင်းမှာလဲ ရေတွေ ဆူလို့..

ဟော ..ဟို မှာ..
သမုဒ္ဒရာ တစင်း...
အင်း......
သူတော့ သိတန်ကောင်းပါ ရဲ့....
မျှော်လင့်ခြင်းတွေ ပြန်လင်းလက်
ယုံကြည်ခြင်းတွေ ပြန်ရှင် သန်...

..တွေ့ မိလိုက်သေးလား....
ကျမ ရဲ့ ပုလဲ လုံးလေး.........

သူမ အမေး
လှိုင်းကလေး က
အမောတကော ပြေးလာ.. ဖြေ....

တွေ့ပါသော်ကော.. ကောင်မလေး ရယ်...
ဒါပေမဲ့... သမုဒ္ဒရာ က စကား ပါးခဲ့...
မင့် လည်ဆွဲဘ၀ ဖြစ်ခွင့် မကြုံ နိုင်မှတော့
ဝဋ်ကြွေး မကုန်တဲ့ ဒီပုလဲ
သူပဲ ထာဝရ သိမ်းဆည်း လိုက်တော့ မတဲ့........

လှိုင်းကလေး စကား အဆုံး..
ကောင်မလေး ချုံးပွဲ ချငို...
တိမ် ညိုတွေလဲ ပြိုခဲ့ပေါ့ ..

ဟောဒီ့ ကမ္ဘာ တခုလုံး.. တိတ်ဆိတ် သွားခဲ့ ပုံများ............

သစ်ရွက်လေးတွေ အသက် မရှူတော့....
ကြယ်ကလေးတွေ မျက်တောင် မခတ်တော့.....
သဲပွင့်လေးတွေ တုတ်တုတ် မလှုပ် တော့....
လေပြေလေးတွေ လမ်း ဆက်မလျှောက်တော့....
ပန်းပွင့်လေး တွေ မရီမောတော့...
လိပ်ပြာလေးတွေ.. အတောင်တွေ သိမ်းရုပ်....
တိမ်တွေ ညီလာခံတာ ..ရပ်....


ဟောဒီ့ ကမ္ဘာ တခုလုံး.. တိတ်ဆိတ် သွားခဲ့ ပုံများ..............။


(ပျောက်ဆုံးသွားသော ပုလဲလေး တလုံး အတွက်..)

မမသီရိ
29.8.2009

9 comments:

Anonymous said...

တကယ့်ပုလဲဆိုရင်တော့ နှမြောစရာ..

ရေးဖွဲ့ပုံလေးတွေ စကားလုံးလေးတွေ ချစ်ဖို့ကောင်းတယ်၊ ဖတ်ရင်းနဲ့တောင် လိုက်မော။

စည်သူ said...

ကောင်းလိုက်တာ.. မမတီရိရေ..

ပုလဲလုံးလေးကို အရင်းခံပြီး ရေးဖွဲ့ထားတာ..
ရေးလည်းရေးတတ် ပါပေတယ်..

အင်း.........
အမှန်အတိုင်းသာ.. သမုဒ္ဒရာက သိမ်းသွားရင်တော့
ကြေကွဲစရာပဲ...

ခံစားချက် တချို့တဝက်ပါလား မမတီရိ..
ဟဲဟဲ.. မေးကြည့်တာနော်..

ခံစားရသလို .. ထင်သလို.. ရေးသွားတယ်နော်..

ခင်မင်စွာဖြင့်
စည်သူ။

ခြေလှမ်းသစ် said...

အင်း နေရာမှန်ကို ပြန်ရောက်သွားတာထင်တယ်နော် အမသီရိ .... ပုလဲရှာပုံတော် ရေးဖွဲ့တာလေးက မိတယ်နော် ... လာစသွားတာနော် ...

ဆောင်းယွန်းလ said...

ပုလဲပျောက်ရှာပုံတော်တဲ့လားမသီရိရေ
လှလိုက်တဲ့အဖွဲ့ဗျာ...နှစ်နှစ်သက်သက်ကိုကြိုက်သွားမိပါတယ်

kyalkalay said...

ဟီး
အမငိုရင်

ကြယ်လေးလဲမျက်တောင်ခတ်မယ်မထင်ဘူး

ကြည့်ကောင်းကောင်း နဲ့ထိုင်ကြည့်မှားP

လင်းဒီပ said...

ကျွန်တော်ခံစားမိလိုက်တာက ကလေးမလေးက ငယ်ဘဝဖြူစင်မိလေး(ပုလဲလုံးလေး)ကို ပြန်ရှာတာ...
သူမ ဘယ်လိုမှ ဆက်လက်ဆွဲမြဲထားဖို့ မတန်တော့တဲ့အတွက် သမုဒ္ဒရာက ပုလဲလုံးလေးကို ပြန်သိမ်းထားလိုက်တာ...။

Nge Naing said...

စပ်တတ်တဲ့ သူတွေကျတော့လည်း ပုလဲလုံးလေး တလုံးပျောက်တာကို ဒီလိုကောင်းတဲ့ ကဗျာတပုဒ် ဖြစ်အောင် ဖန်တီးနိုင်တယ်နော့်။ အားကျတယ်စရာ ကောင်းလိုက်တာ။

Unknown said...

မမသီရိရေ...

ပြန်မရနိုင်တော့မှန်းသိပေမယ့် ပြန်လည်တမ်းတနေမိတာ သဘာဝပါ...

ပျော်ရွှင်ပါစေ
မမသီရိရေ...

Kaung Kin Ko said...

ကဗျာလေး ကောင်းလိုက်တာ