Saturday, December 26, 2009

ပထမ ကဗျာ

သူများတကာတွေ နှစ်သစ်ကူး နဲ့ ခရစ်စမတ်နဲ့ ဟောလီးဒေးတွေ ယူကြ၊ ခရီးထွက် ကြ၊ ခရီးထွက်ဖို့ ပြင်ဆင်ကြ၊ မိသားစုတွေ ဆုံဖို့ စီစဉ်ကြ နဲ့ ကိုယ်ရ မဲံ့ခွင့်ရက်လေးတွေ အလဟသ မဖြစ်ရအောင် အမိအရ ခွင့်ယူနေကြပေမဲ့.. ကံ အကြောင်းမလှလို့ အလုပ်တွေနဲ့ လုံးချာလိုက်နေသူတွေ ထဲ ပါခဲ့သူ ကျမ ကတော့ ကိုယ်ဆတ်ဆော့ထားမိတဲ့ ပရောဂျက်တွေ နဲ့ ဘတပြန် ကျားတပြန် နှစ်ကုန်ထဲ မှာ နပမ်းလုံးနေရတာမို့ ခွင့်ရက်လေးတွေကို လွမ်းမောတသ စွာ မျှော်ငေးနေယုံလေး ဖြစ်နေရပါတယ်..။

အွန်လိုင်းထဲ မရောက်ဖြစ်တဲ့ ရက်တွေ က ခပ်စိပ်စိပ်၊ ခပ်ထပ်ထပ်၊ ရောက်ပြန်တော့လဲ မေးလ်ကလေး ကပျာကယာ စစ်၊ ကိုယ့်ဘလော့လေး ဖွင့်ဖြစ်တဲ့အခါ ဆို ဘေးဆိုဒ်ဘားထဲက ခင်ရာမင်ရာ ဘလော့လေးတွေ ထဲက မှ စိတ်ဝင်စားဖွယ် ခေါင်းစည်းလေးတွေ နဲ့ စာမြည်းလေးတွေ ဖတ်၊ ကသုတ်ကရက် လည်ဖြစ်တဲ့အခါ လည်၊ မန့်ခါမန့်၊ မမန့်နိုင်တဲ့ခါတွေ အများသား၊ တခါတလေတော့ မန့်ချင်ရက်နဲ့ ကွန်နက်ရှင်က အဆင်မပြေ နဲ့ ကိုယ့်ရဲ့ ဘလော့ဂါ အသိုင်းအ၀ိုင်းပိစိ လေးကိုတောင် ဧည့်ဝတ်မကျေတွေဖြစ်နေရပြီး မျက်နှာပူနေမိပါတယ်။ ခင်ရာ ခင်ကြောင်း Tag ထားတာတွေ ကိုလဲ မရေးဖြစ်မရေးနိုင်တာမို့ အားနာရတာ လဲ မရှိတတ်တော့....။

ကိုဆောင်းယွန်းလ Tag ခဲ့တဲ့ ဆိုးငြီးဖြစ်တဲ့ သီးချင်းများ အကြောင်း၊ ညီမငယ် နှင်း Tag ဖူးခဲ့တဲ့ ကမ္ဘာပျက်မယ် ဆိုခဲ့ရင် အကြောင်း၊ တူတော်မောင် ရီနိုမာန် Tag ဖူး တဲ့ နေချင်တဲ့ မြို့ကလေး အကြောင်း၊ မောင်မျိုး Tag ခဲ့ဖူးတဲ့ ဆုံဖူးချင်သူများ ဆိုတဲ့ အကြောင်းတွေ .. ရေးမယ်လို့ တေးထား လိုက်၊ စ ထားခဲ့ လိုက်ပေမဲ့.... အကြောင်းအမျိုးမျိုး ကြောင့် ရှေ့ဆက် မတိုးနိုင်ပဲ ဖြစ်နေတာမို့ Tag ထားတဲ့သူတွေ တောင် စိတ်နာနာ နဲ့ မေ့လောက်ကြပြီ ပေါ့....။

ဟိုတလောလေးကတော့ ကိုတင်မင်းထက်က သူ့ရဲ့ ပထမကဗျာ-ဆိုတဲ့ ပို့စ်ထဲမှာ ကျမ ကို သတိတရ Tag လာပြန်ပါတယ်။ အမှန်ပြောရရင် သူ Tag ခဲ့တဲ့သူတွေထဲမှာ ကျမ ကလွဲလို့ ကျန်သူတွေ အားလုံးက ပရောဖက်ရှင်နယ် တွေဖြစ်နေတာမို့ ကိုယ့်အကြောင်းကိုယ်ရေးရမှာ စာဖတ်သူတွေ အားနာမိ ပါတယ်..။

ဘာလို့လဲ ဆိုတော့ ကျမရေးခဲ့တဲ့ ဘယ်ကဗျာကိုမှ၊ ဘယ်မှာမှ၊ ဘယ်နေရာမှာမှ ပုံနှိပ်ဖော်ပြခဲ့ဖူးခြင်း မရှိလို့ပါပဲ။ ကျမဘလော့ထဲက About Me ထဲမှာရေးခဲ့သလိုပါပဲ.. ကျမ ကဗျာတွေ ရေးပါတယ်.. ဒါပေမဲ့ သိမ်းထား ရုံလေးပါပဲ..ပြီးခဲ့တဲ့ နှစ်ထဲမှာတော့ မထင်မှတ်ပဲ ဘလော့လေးတခု လုပ်ဖြစ်ပြီး ကိုယ်ရေးတာလေးတွေ မျှဝေခွင့်ရခဲ့တော့မှ ရေးဖြစ်တာတွေနဲ့ ရေးဖြစ်ခဲ့တာ တချို့ကို ဒီမှာ ချပြခဲ့တာပါ။

ကဗျာတွေ ကျမ ဘယ်တုန်းထဲက စရေးဖြစ်ပါလိမ့်လို့ ပြန်ပြောင်းစဉ်းစား ကြည့်တော့ ကျမ ရဲ့ ငယ်ဘ၀ တွေက အတွေးထဲ ပြေးပြေးလွှားလွှား ပြန်လည်ဝင်ရောက်လို့လာပါတော့တယ်..။

ကျမတို့ အရွယ်ငယ်ငယ်က ပန်းချီဆန်းထွန်းဆွဲတဲံ့ စာရွက်ပါးနဲ့ခေါက် ပို့စ်ကဒ်လေးတွေ အရမ်းခေတ်စားခဲ့ဖူးတယ်။ ဒီခေတ်လူငယ်လေးတွေကတော့မြင်ဖူးမယ် မထင်ပါဘူး.. (သိမ်းထားဖူးပေမဲ့ အပြောင်းအရွှေ့တွေ နဲ့ ဘယ်နားရောက်နေသလဲ အထားမှား တာမို့ ကြုံတုန်း ပြန်မတင်ပြပေးနိုင်တာ စိတ်မကောင်းဖြစ်မိသေး။ ) ကျမက ပန်းချီ (ရုပ်ပြ ခဲပန်းချီ) ဆွဲဝါသနာပါသူမို့ အဲဒီရောင်စုံ ပို့စ်ကဒ်လေးတွေက ကျမရဲ့ အသဲစွဲ စုဖြစ်ခဲ့တဲ့အရာတွေ ပေါ့..။ ကျမကို ပိုပြီးဆွဲဆောင်စေခဲ့တာက ပို့စ်ကဒ်နောက်မှာပါလေ့ရှိတဲ့ ဆရာမောင်ပန်းမွှေးရဲ့ ၃ ကြောင်းစပ်ကဗျာတွေပါ..။

မမျှော်ဘူးလေ့
စိတ်ကမေ့လည်း

ဝေ့ဝေ့မျက်လုံး လမ်းတဆုံး..။

ဆိုတဲ့ကဗျာလေးဆို ခုထိ မှတ်မိနေတုန်း.။ ပြီးတော့ အဒေါ်တယောက်လစဉ်ယူဖတ်တဲ့ တိုင်းရင်းမေ ဂျာနယ်ထဲမှာဆို အနယ်နယ်အရပ်ရပ် ကရေးပို့ကြတဲ့၃ကြောင်းစပ်ကဗျာတွေ ၂ မျက်နှာ ၃ မျက်နှာလောက်စီ ပါဖူးတယ် လို့ မှတ်မိနေသေးတယ်.. တ၀ ကြီး ဖတ် ပေါ့...။

မူလတန်းကလေးဘ၀မှာ ကဗျာရွတ်ပြီး အသင်အပြကောင်းတဲံ့ ဆရာမကျေးဇူးကြောင့် ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာတွေ၊ ဆရာဇော်ဂျီ ရဲ့ကဗျာတွေကိုတမက်မောမော ဆိုဖူးသူမို့ အရွယ်လေးရလာတော့လဲ ကဗျာတွေကို ရင်ခုန်တတ်လာတယ် ဆို မှားမယ် မထင်ပါဘူး..။ ရွှေးသွေး တို့တေဇ တို့မှာ တဲ့ ကဗျာတွေ ကို ဖတ်တယ်..။ မြ၀တီ နဲ့ ငွေတာရီ မဂ္ဂဇင်းတွေမှာပါတဲ့ကဗျာတွေ ကို ဖတ်တယ်.. တခုတော့ ရှိပါတယ် .. ကျမ ရဲ့ ဦးလေးတွေက မိုးဝေတို့ ဘာတို့ မဖတ်တာမို့ အဲဒီ ကဗျာတွေ နဲ့တော့ ကျမ သိပ်မရင်းနှီးပါဘူး..။ အဲဒါကြောင့်လဲ ကဗျာဆရာ ကိုအောင်သာငယ်က ကျမ နဲ့ ကျမ ကဗျာတွေကို Old Fashion လို့ ပြောခဲ့တာ ထင်ပါရဲ့..။

သေချာ မမှတ်မိတော့ပေမဲ့ ကျမ ပထမဦးဆုံးရေးဖြစ်ခဲ့မဲ့ ကဗျာဟာ ၃ ကြောင်းစပ် ကဗျာတပုဒ်ဖြစ်မယ်ဆိုတာ သေချာသလောက်ရှိပါတယ်..။ ကျမ အသက် ၁၂ နှစ်အရွယ် ၈ တန်းကျောင်းသူဘ၀ ရဲ့ နွေရာသီ ကျောင်းပိတ်ရက်မှာ ဗလာစာအုပ်လေးတအုပ်နဲ့ စခဲ့တဲ့ ကျမ ရဲ့ ကိုယ်ပိုင် ကဗျာစာအုပ်လေး ရှိခဲ့တာ ကျမ မှတ်မိပါတယ်။ ကဗျာတိုစိလေးတွေ ကို ကိုယ်တိုင်ဆွဲတဲ့ ပုံတွေ နဲ့ တွဲပြီး စာအုပ်လေး လုပ်ထားခဲ့တာပါ..။ ၉ တန်းနှစ်အရောက်မှာ ကျမရေးတဲ့ကဗျာတချို့ ကို ရီးစားရှိတဲ့ သူငယ်ချင်းတွေ ကူးရေး ကြတယ်..။ စပယ်ပန်းနဲ့ ဖွဲ့ခဲ့တဲ့ အချစ်ကဗျာ (၀တ္တုစာအုပ်ဖတ်ရင်းရေးတာပါ.. တကယ့်အချစ်ကိုတွေ့လို့ မဟုတ်) တပုဒ်ဟာ ကျမ ရဲ့ ပထမ ဆုံး ၇ ကြောင်းလောက်ရှိမဲ့ ကဗျာပေါ့.. ကဗျာ ကို အလွတ်မရတော့ပါဘူး.. နောက် ခပ်ရှည်ရှည် တပုဒ်ကတော့ ၁၀ တန်းဖြေခါနီး နွေရာသီမှာ ကျောင်းနောက်ဖက် လယ်ကွင်းထဲက ပေါက်ပင်တွေ ရဲရဲ နီအောင် ပွင့်တာ ကိုကြည့်ရင်း အာရုဏ်မှာ တွန်တဲ့ ဥသြသံ ကို နားစွင့်ရင်းသူငယ်ချင်းတွေနဲ့ တသက်တာ ခွဲရတော့မဲ့ အကြောင်း၊ လွမ်းဆွတ်စရာ ကောင်းနေကြောင်းဖွဲ့ခဲ့တဲ့ ကဗျာ ပါ...။

အဲဒီကဗျာတွေ ပါတဲံ့ ကဗျာ ဗလာစာအုပ်ရယ်.. နောက် ထပ် ကဗျာတွေ စာအုပ်တ၀က်နီးပါးရှိမဲံ့ စာအုပ် တအုပ်ရယ် က လွန်ခဲ့တဲ့ ၃ နှစ်လောက်ကထိ ရှိနေခဲ့သေးပေမဲ့.. ခုတော့ ဘယ်နား ကျန်ခဲ့မှန်းမသိ ရှာမတွေ့ တော့ပါဘူး..။ ၁၉၈၉ နောက်ပိုင်း မှာ ရေးတဲ့ကဗျာတွေပဲ ကျန်နေပါတော့တယ်..။


ကျမ က ကဗျာတွေ ရေးသာရေးပေမဲ့ မဂ္ဂဇင်းတွေ ပို့ဖို့ စာစောင်တွေ ပို့ဖို့ ဘယ်တုန်းမှ စိတ်ကူး မ၇ှိခဲ့ဖုပါဘူး။ ကျမ ကဗျာတွေ ရေးတယ်ဆိုတာ လူတိုင်းလဲ မသိပါဘူး။ ကျမနဲ့ အလွန်တရာ ရင်းနှီးလွန်းတဲ့ သူ မိတ်ဆွေ တချို့ ကိုပဲ ကျမ ကဗျာ တချို့ ကိုပေးဖတ်ခဲ့တာပါ..။ အထူးသဖြင့် မိန်းခလး မိတ်ဆွေ တချို့ ပဲ သိတာမျိုးပါ... ယောင်္ကျားလေး သူငယ်ချင်းတွေ ကျမ ကဗျာရေးတာ မသိကြပါဘူး။ ခုလဲ အပြင်မှာ ကျမကို ကဗျာရေးတဲ့သူ ဘလော့ ရေးတဲ့သူ လို့ သိတဲ့သူ မရှိသလောက်ပါ ပဲ..။

လူတွေ ရှေ့မှာ ချပြခဲ့ဖူးတဲ့ ကျမရဲ့ တပုဒ်တည်းသော ကဗျာကတော့ကျမရဲ့ ဇာတိမြို့ကလေးမှာကျင်းပ ခဲ့တဲ့ ကိုဖုန်းမော် တနှစ်ပြည့် အခမ်းအနား မှာ ကျမ ရေးဖွဲ့ပြီး ကျမ ကိုယ်တိုင် တက်ရွတ်ခဲ့တဲ့ ကမ္ဘာမကျေဘူးဟေ့ လို့ခေါင်းစဉ်တပ်ခဲ့တဲ့ကဗျာပါ..။ အဲဒီတုန်းက ကျမ က ကျမတို့မြို့ကလေးရဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှာ (တဦးတည်းသော မိန်းခလေး) တွဲဖက်စည်းရုံးရေးမှူး တာဝန်ယူပေးအပ်ခြင်းခံခဲ့ဖူး ပါတယ်..။ အဲဒီနေ့က ဆွမ်းကျွေးပြီးတော့ ဟောပြောပွဲအစီအစဉ်တွေကြားထဲမှာ ကျမရဲ့ ကဗျာကို ရွတ်ခဲ့တာပါ..။ ဖတ်ရင်း နဲ့ အံကြိတ် မျက်ရည် ၀ဲခဲ့ရတဲ့ ကဗျာ တပုဒ်..။ အဲဒီကဗျာ အပါ အ၀င် အဲဒီကာလမှာ သွေးစွန်းတဲ့တော်လှန်ရေး အကြောင်းနဲ့ ဖိနှိပ်မှု တွေ၊ မတရားမှုတွေ အကြောင်းတွေပါတဲ့ ကဗျာတွေ ကျမ ရေးဖြစ်ခဲ့ပါသေးတယ်..။ ဒါပေမဲ့ ၁၉၈၉ ခု ဇွန်လ မှာတော့ ကျမတို့မြို့လေးရဲ့ လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီရဲ့ မြို့နယ် ကော်မီတီဝင်အားလုံးနီးပါး (ကျမ နဲ့ ထွက်ပြေး သွားတဲ့ အတွင်းရေးမှူး ကလွဲလို့) အဖမ်းခံခဲ့ရတဲ့ အခိုက် ကျမရဲ့ မိခင်က ကြောက်လန့်တကြား အိမ်မှာ ရှိတဲ့ကျမရဲ့စာရွက်စာတမ်း မှတ်စုတွေ၊ ဒိုင်ယာရီ နဲ့ နိုင်ငံရေးအတ္ထုပတ္တိစာအုပ်တွေ အားလုံး ကျမ မသိအောင် မီးရှို့လိုက်တာမို့ ရေးထားတဲ့ ကဗျာစာရွက်တွေ ပါ ပါ သွားခဲ့ပါတယ်... ။ (ကျန်တဲ့ အဖွဲ့ဝင်တွေ အားလုံး ဖမ်းခံရပြီး ကျမ တယောက် ထဲ ဘာလို့ ကျန်နေခဲ့သလဲ ဆိုတာ ဒီနေ့ထိ ကျမ နားမလည် နိုင်သေးပါဘူး.. .အဲဒီ အချိန်မှာ မိဘတွေ ရှိတဲ့ နယ် ကို ရောက်နေခဲ့ လို့များလား.. ဒါမှ မဟုတ်တဦးတည်းသော မိန်းခလေးမို့လို့ ချန်ထားခဲ့သလား မသိပါဘူး... )..


ကျမရဲ့ ကဗျာတွေကို ဘယ်မှ မပို့ဖူး၊ ဘယ်မှာမှ မပါဖူးပေမဲ့.. စာရေးဆရာ ဆရာကြီး ကမ္ဘောဇခင်လှိုင် ကတော့ ၁၉၉၀ ၀န်ကျင်းလောက်တုန်းက မြန်မာ့အလင်း နဲ့ ကြေးမုံ သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ သူ့ရဲ့ အခန်းဆက် ခရီးသွားဆောင်းပါးတွေထဲမှာ ကျမ ကို ကဗျာဆရာမ ရယ်လို့ သညာ တပ်ပြီး (ကျမရဲ့ဇာတိမြို့အမည်နဲ့ကျမရဲ့ အမည်ကိုတွဲရက်) ဖော်ပြပေးခဲ့ဖူးတာလေး က ထူးခြား မှု တခု လို့ ပြောရမယ် ထင်ပါရဲ့.. ။ ကျမ တာဝန်ကျတဲ့ မြို့ကလေးမှာ ဆရာကြီး နဲ့ မမျှော်လင့်ပဲ အမှတ်တမဲ့ ဆုံတွေ့ ခင်မင်မိကြခဲ့ရင်း .. ကျမ ကဗျာတွေရေးတာသိတဲ့ ကျမ မိတ်ဆွေ ဆရာမလေးက ကျမ ကိုမြှောက်ပင့် မိတ်ဆက်ပေးတဲ့အပြင် ဆရာကြီး ရဲ့ မှတ်စု စာအုပ်ထဲမှာ ဆရာကြီး ပြန်ခါနီး၊ ဆရာကြီးအတွက် အမှတ်တရ ကဗျာတိုလေး တပုဒ် ရုတ်တရက် ရေးဖွဲ့ ပေးခဲ့လို့များ အဲသလို ဖော်ပြပေးခဲ့တာလဲ ဖြစ်ချင်ဖြစ်မှာပေါ့.. အဲဒီ သတင်းစာ ရောက်လာတော့ ကျောင်းက ဆရာမတွေနဲ့ ဖတ်ရင်း မျက်နှာပူပူနဲ့ ရီခဲ့ကြရသေးတာ မှတ်မိသေးတော့..။

အဲဒီတုန်းက ကျမရေးခဲ့တဲ့ ကဗျာ အများစု က အိမ်ဝေးနေတဲ့ သမီးတယောက်ရဲ့ အိမ်အလွမ်းတွေ နဲ့၊ ကျမ တာဝန်ကျရာ မြို့လေးရဲ့ အလှအပတွေ၊ ရာဇ၀င်တွေ ကို ရာသီ ဖွဲ့တွေနဲ့ တွဲဖက် သီဖွဲ့ခဲ့တာ များ ပါတယ်..


ကျမရဲ့ တပုဒ်တည်းသော ဖယောင်းဖောက်ကဗျာလေးကတော့ ဒီမှာပါ..။



ကျမ ကျောင်းဆရာမ လုပ်ခဲ့တဲ့ကာလတုန်းဆီက ဆို စာမေးပွဲ မေးခွန်းတွေကို ဖယောင်းစက္ကူပေါ်မှာ စူးနဲ့ဖောက် ရေးပြီး မီးချောင်းနဲ့ လှိမ့်ပြီး မိတ္တူပွားကြရပါတယ် ..။ စာကူးစက်တွေက အထက်တန်းကျောင်းကြီး တွေ နဲ့ မြို့နယ်ပညာရေးမှူး ရုံးတွေမှာလောက်ပဲရှိတာမို့ အလယ်တန်းကျောင်းတွေ မူတန်းကျောင်းတွေ မှာ တော့ ဒီလိုပဲ မေးခွန်းလှိမ့်ကြရတာပါ..။ ကျမ သင်တဲ့ အဌမတန်း အင်္ဂလိပ်စာ မေးခွန်းဖောက်တော့ စာမျက်နှာ တပိုင်း ပိုနေတာမို့ ကဗျာတပုဒ် လောက် ဖောက်ကြည့်ကောင်းမလား စိတ်ကူးရပြီး ဖောက်ကြည့်ခဲ့တာပါ...။ အားလုံး ကော်ပီတွေ ထွက်လာတော့ ကျောင်းအုပ်ဆရာမကြီး မသိအောင် ကျောင်းအကူ ကို အကူအညီတောင်းပြီး တိတ်တိတ်လေး ၂ ယောက်သား ဖြတ်ကြရတာပေါ့..း)...။ ၈ တန်းကျောင်းသား ၂၀ ကျော် ရှိတာမို့ ကဗျာစာရွက် ၂၀ ကျော် ရခဲ့တယ်... ဒီအတိုင်းပဲ သိမ်းထား ခဲ့တာ... ခုထိ ကျန်တုန်း ဆိုပါတော့..း)..။

အဲဒီ ကဗျာလေး ကိုပဲ ဒီဘလော့ စရေးတဲ့ နေ့မှာနေတတ်သလို ဆိုပြီးအဖွင့်ကဗျာ အနေနဲ့ နဲနဲ ပါးပါး ပြင်ပြီး တင်ထားခဲ့ပါတယ် ..။ ဖယောင်းဖောက် ကဗျာ မူရင်းကတော့ ..


နေတတ်သလို

ပျော်စရာ...
တွေ့လာရင်ပျော်လိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...

ငိုစရာ...
တွေ့လာရင် ငိုလိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...

နေ့...
ည.......ရာသီ

သံသရာ ဒီစက်ဝိုင်းမှာ...
နေရတာ ဘာမဟုတ်...

ခဏတာ အလည်ရောက်ကြတာမို့...
အခြေအနေ...
ဝန်းကျင်တွေ အားလုံး...
ပြေပြစ်အောင်အသုံးချလို့....

လာလမ်းကို ပြန်ချိန် ကျရင်...
ဝေဒနာ ရင်မှာ ပါမသွားစေဘို့...

ဖြေစရာရှာကာ ဒီဘဝ
နေကြမယ်လေ....။

(၃၀.၇.၁၉၉၀)


ဒီကဗျာ ကိုပဲ ကိုရင်နော်နဲ့ ခင်လေးငယ် တို့ Tag ဖူးတဲ့ ဆန္ဒရှိတဲ့ အဟောင်းလေး ဆိုတဲ့ ပို့စ်မှာ ပြန်လည်ဖော်ပြဖူးပါသေးတယ်..။

နောက်.. ပထမ ဆုံး .. တခြားကဗျာဆရာ၊ ဆရာမတွေနဲ့ အတူတူ ဖော်ပြခံရတယ်လို့ ပြောရမဲံ့ကဗျာ တပုဒ်က တော့ ကိုအောင်သာငယ်၊ ကောင်းကင်ကိုနဲ့၊ မောင်ဖုန်းမြင့်တို့ စီစဉ်ခဲ့တဲ့ ပြိုင်တူလင်းတဲ့ ကောင်းကင် ဆိုတဲ့ သင်္ကြန် ကဗျာစုမှာ ပါခဲ့တဲ့ မပန်ဖြစ်တဲ့ ပိတောက်ခက်မှတ်တမ်း ဆိုတဲ့ ကဗျာပါ.. ကဗျာစုထုတ်မယ်.. ကဗျာတပုဒ်လောက် အဆင်ပြေရင်ရေးပေးပါလို့ ပထမ ဦးဆုံး တောင်းခံ ခဲ့ရတဲ့ အခွင့်အရေး ဖြစ်ပြီး. ကျမ ကို ကဗျာ ဆရာ စာရင်းသွင်းခြင်း ခံရတဲ့ ကဗျာစု ဆိုပါတော့ .. တကယ်တော့ အဲဒီ ကဗျာကလဲ ကဗျာဟောင်း တပုဒ် ပါပဲ.. မှတ်စု စာအုပ်ထဲ ပြန်ကြည့်တော့ ကဗျာရေးတဲ့ နေ့စွဲ က ၅.၅.၁၉၉၀ ပါတဲ့...။

ကဲ .. ကို တင်မင်းထက်ရေ.. ဘယ်လို ပုံနှိပ်စာလုံးတွေနဲ့ မှ ပုံနှိပ်ဖော်ပြခြင်း မရှိသေးတဲ့ ကဗျာရေးသူ၊ ကဗျာချစ်သူ တယောက်ရဲ့ မရှိမဲ့ ရှိမဲ့ မှတ်တမ်းလေး နဲ့ ပထမ တွေ အကြောင်း သောင်းပြောင်းထွေ လာလေး မျက် စိနောက်အောင် ရေးလိုက်ပြီ မို့ ကျေနပ်မယ် လို့ ထင်မိပါတယ် ရှင်..။


အားလုံးကိုချစ်ခင်လေးစားသော

မမသီရိ

16 comments:

Welcome said...

အစ်မ

တဂ်ပို့စ်လေး လာအားပေးသွားပါတယ်
မဖတ်ရသေးတာမှန်သမျှ
ကျွန်တော့်အတွက်တော့ အသစ်ချည်းပါပဲ


အဆင်ပြေ ပျော်ရွှင်ပါစေ
လေးစားစွာနဲ့

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ပထမ ကဗျာကိုပထမဆုံးလာဖတ်ပေမယ့် နောက်ကျသွားတယ် အမြဲနောက်ကျနေတယ် ကံဆိုးတယ် မမသီရီရေ

နွေဆူးလင်္ကာ said...

ပထမကဗျာတဂ်လေးကို ဖတ်သွားပါတယ်။ ကျနော်လည်း ကဗျာတွေရေးပြီး ဘာမှ မလုပ်တတ်တဲ့ ကဗျာသမားတစ်ယောက်ပါပဲ။

tin min htet said...

ကျေးဇူးအထူးပါပဲ မမသီရိ ..
အခြားသူတွေက ပရိုတွေဆိုပေမယ့် တဂ်တဲ့ ကျွန်တော်က ကျောင်းမဂ္ဂဇင်းမှာ တပုဒ်ပါဖူးတာက လွဲပြီး (အဲဒါကလည်း ကိုယ့်ဖာသာကိုယ် ပြန်ရွေးတာ :P) ၀ါသနာရှင် သက်သက်ပါ။။

ကဗျာချစ်သူ တယောက်ရဲ့ ကဗျာအစ အပြင်၊ ကျောင်းသားအရေး၊ နိုင်ငံအရေး တစွန်းတစ ဖတ်ရတာလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

၁၉၉၀ က ကဗျာလေးက တရားသံလေးနဲ့ (ကောင်းပါ့)။ ခုမှ အချစ်ကဗျာရေးတော့တာ။ :)

Nge Naing said...

မမသီရိရေ ကဗျာလေးလာဖတ်သွားတယ်။ အချစ်ကဗျာတွေကိုပဲ စဖတ်ဖူးလို့ အချစ်ကဗျာပဲ စပ်တယ်ထင်နေတာ မမသီရိက ကဗျာစပ်တာ အမျိုးမျိုးစပ်တတ်တယ်နော့်။ ၉၀ ခုနှစ်ကဆိုတော့ အတော်ငယ်ဦးမယ် ထင်တယ်။

~ဏီလင်းညို~ said...

အစ်မသီရိရေ...
အဲ့ဒီတုန်းတည်းက ရေးတဲ့ကဗျာလေးပေမယ့် အခုအချိန်ထိ အသက်ဝင်နေဆဲပဲနော်...။
ခင်မင်တဲ့
ဏီလင်းညို

ရွှေရတုမှတ်တမ်း said...

ကဲ..ပန်းတပွင့်ဖန်ဆင်းထားခြင်းအကြောင်းတော့သိရပြီ

ချစ်ကြည်အေး said...

မမရေ...လူသားဆန်ဆန် လက်တွေ့ကျကျ နေနည်းလေးကိုပြထားတဲ့ ကဗျာလေးပါပဲ....:D

Craton said...

နေတတ်သလို ကဗျာရေးတုန်းက သားသား ၇ လသားပဲရှိပါသေးသည် :DDDD

ညရဲ့ကောင်းကင် said...

မမသီရိရဲ့ ပထမ ကဗျာလေးကိုက တော်တော်ကောင်းတာဗျ...
အဟီး မုန့်ဝယ်ကျွေးရမယ်....

စိတ်စမ်းရေ said...

စိတ်ဝင်တစား လာဖတ်သွားပါတယ်....။

ကိုလူထွေး said...

ကဗျာဖတ်ရတာ သံဝေဂရစရာပဲ...

တကယ်တော့ အားလုံးဟာ ခဏတာ အလည်ရောက်ကြတာပဲလေ...

အနမ်း said...

မသီရိရဲ့ နေတတ်သလို ကဗျာလေးက ရှင်းရှင်းလေးနဲ့ သဘောပေါက်လွယ်တယ်။လူအများနဲ့အပ်စပ်တဲ့ကဗျာလေးပါပဲ။ အဆင်ပြေပျော်ရွှင်ပါစေ မသီရိရေ။

ဝေလင်း said...

အစ်မကဗျာလေးရေးတုန်းက ကျွန်တော်ဖြင့်မွေးတောင်မမွေးသေးဘူး။ ကဗျာလေးကို ကိုယ့်ထက်ကြီးသူတစ်ရောက်အနေနဲ့ လေးစားပါတယ် :)။ ရိုးရိုးလေးနဲ့ တည်ငြိမ်တဲ့ကဗျာလေးပဲ..

ကောင်းကင်ပြာ said...

မမ ကဗျာလေးတွေ အကုန်ကြိုက်တယ်..း)

vanko said...

မမသီရိရဲ့ တစ်ပုဒ်ထဲသော ဖယောင်းဖောက်ကဗျာလေးက ဖတ်လို့ကောင်းတယ်။ အဓိပ္ပါယ်လည်းရှိတယ်။ မမသီရိပို့စ်ကို ဖတ်ပြီး ငယ်ငယ်က သူငယ်ချင်းတွေ ကဗျာတွေရေးခဲ့ကြတာ သတိရမိတယ်။ ကျွန်တော့ကဗျာတွေကတော့ မမသီရိလို ဖယောင်းလေးတောင် အဖောက်မခံခဲ့ရရှာပါဘူး။ သနားစရာ...။
နောက်ပို့စ်ထဲက မမသီရိ ငယ်ငယ်ကဆွဲထားတဲ့ ဗီးနပ်စ် ရုပ်ထုလေးကလည်း လက်ရာကောင်းတယ်နော်။