Sunday, July 24, 2016

အဆိပ်သင့်သူများ



မစားကောင်းတဲ့အသီးကို အတူတကွစားမိကြတဲ့အခါ

မဖြတ်ကောင်းတဲ့မြစ်ကို အတူတကွ ဖြတ်သန်းကြတဲ့အခါ

မသောက်ကောင်းတဲ့ ဝိုင် ကို အတူ သောက်သုံးမိကြတဲ့အခါ

မကျော်သင့်တဲ့တောင် ကို အတူတကွ ကျော်ဖြတ်မိကြတဲ့ အခါ

အနာတရ ကိုယ်စီ သွေးအလိမ်းလိမ်းရာသီများသာ အခါမလပ် ပွင့်ပေါ့ .... ။


မမသီရိ
၂၄.၇.၂၀၁၆

Monday, July 04, 2016

ငါ့ငြိမ်သက်ခြင်းဖြင့် သခင်အေးချမ်းစေ

ငါ၏ငြိမ်သက်ခြင်းဖြင့် သခင်ငြိမ်းချမ်းစေ
ငါ၏မှိန်ဖျော့ခြင်းဖြင့် သခင်ရွှင်လန်းစေ
ငါ၏ဝေးကွာခြင်းဖြင့် သခင်ပျော်ရွှင်စေ
ငါ၏မုန်းခြင်းတရားဖြင့်
သခင့်ပုခုံးထက်က လက်တို့နွေးထွေးစေ
သခင့်နာရီများ တောက်ပစေ
သခင့်ညများ ပြည့်ဝစေ... ။

၀၃ ဇူလိုင် ၂၀၁၆