Sunday, April 26, 2009

သုဘဒ္ဒါ အလွမ်း

အချစ်ကြီးလို့.. အပြစ်ကြီး ထင်
အငြိုးဝင် ချစ်သူလှ ကို
နိုင်လိုတယ် သတ်ချင်ဇောနဲ့
ရင်ကွဲ ပက်လက်
အသက်ကို အသေခံ
ပစ္စေက ဗုဒ္ဓါ ထံမှာ
ကြာရိုး ကြာနွယ်
လှူကာရယ် ဆုချွေတောင်း
ဘ၀ဟောင်းကို စွန့်ခွာ
စူဠသုဘဒ္ဒါ ငယ်...


ငယ်စဉ်အရွယ်
ရာဇ၀င် အလယ်
ဖတ်ဖူးတယ် မှတ်ခဲ့ရ
လွမ်း တသသ နဲ့
အချစ်ကြီး သမားရယ်လို့
ဆဒ္ဒန်ကို သနား
ခံစားချက်များလဲ..
ဝေမျှကာ ယူခဲ့ဖူး သလို..


မျက်နှာငယ်..
အပြစ်ပယ်ခံ ဘ၀ပမာ
အချစ်ကို အတူမရတာကြောင့်
တဘ၀ တခါ
ချုပ်ငြိမ်းကာ ပြောင်းခဲ့ပေမဲ့
နောက်ဘ၀တော့လဲ မဖြေသာ
အဆုံးမှာ...
ရင်ကွဲကာ
သေပွဲကို အတူ နွှဲ ပြီး
အသဲ နှစ်ခါ ကွဲ တာတောင်
ယောင်ကာပင် မစာနာကြ
ရက်စက်သူ မိန်းမရိုင်းရယ်လို့
သတ်မှတ်တယ်.. လူ့ သမိုင်းမှာ
တို့ မပါ..
သုဘဒ္ဒါ ဒေ၀ီလေး ရယ်
သနားမိပါတယ်.....။


မမသီရိ

Tuesday, April 21, 2009

အချစ်ကြောင့်သာ...

တသက်တချစ်..
တွယ်တာရစ်တဲ့..
အဆုံးထိတိုင်..
ကြင်နာနိုင်မဲ့..
မြတ်နိုး နှောင်ရစ်.. အချစ်စစ်မို့..

မောင် ရဲ့ ပါးကို နမ်းစေလိုလဲ
ပန်းနု ဖတ်ဖတ်
ထိလျှင် မွကြွေ
ဖြစ်လေမလား.. အတွေးများ နဲ့
အချစ်ရဲ့ ပါးကို
ရဲရဲ မမွှေး..
ဖွဖွ လေး ပဲ နမ်းချင်သူ...။


အကြင်နာသစ် မြတ်နိုး ချစ်မို့
ရင်ခွင် မှီ နွဲ့.. သွဲ့ သွဲ့ တေးဆို
အားကိုးလိုတဲ့..
ဣတ္ထိယ ဖြစ် .. မနှစ်သက်ချင်
ဘေးနားအမှီ.. အဖော်ညီပဲ..
လက်ချင်းတွဲလို့..
မလဲမယိုင်... တူယှဉ်ပြိုင်ကာ..
လှမ်းပါ လိုက်မယ်...

ဟော ဟိုတောင်တန်း
မောင်မထမ်း နဲ့
ဖ၀ါးနုနု သွေးခြေ ဥစေ
ဆက်လှမ်းနေမြဲ..
ချစ်သဲ ပင်ပန်း နွမ်းမှာ စိုးတယ်
ကြခတ်လမ်းလဲ.. ဆက်လှမ်းမယ်...


ဆူးကြမ်း လမ်းလျှောက်
လမ်းပျောက်ခရီး.. ဘယ်မနီးလဲ
ချစ်သူ အဖော် ရှိနေသော်က
မကြောက်မရွံ့.. နောက်မတွန့်ပါ

ပြဿနာတွေ့
ရင်ဆိုင်ဟေ့ ဆို

ရှေ့ကိုကိုယ်ထွက် မောင်ကျန်ခဲ့စေ
အသက်တွေလဲ ပေးဆပ်ရဲတယ်
မောင့် ကို သိပ်ချစ်လို့ပါကွယ်....။


မမသီရိ

Friday, April 17, 2009

ပျော်လိုက်တာ

တံခါးတချပ်ရဲ့
နောက်ကွယ်က စကားလေး တခွန်း
နမ်းခွင့် ကျမ ရခဲ့ ပြီ...

ပျော်လိုက်တဲ့ အပျော်တွေ
နှိုင်းလေလို့ မရ..
တဆတ်ဆတ် ခုန်နေတဲ့ နှလုံးသွေး
ရှက်ပြုံးလေးတွေ.. နှုတ်ခမ်းမှာသီ
ပါးလေးတွေ လဲ နီ ပေါ့..


ကံကြမ္မာရေ..
ဒီမျက်နှာသာလေးအတွက်.. ကျေးဇူး
ကမ္ဘာပေါ်မှာ ကျမ အပျော်ဆုံး
ခေါင်းမော်လို့ ပြုံးလိုက်တယ်
ချစ်သူ.. ချစ်တယ် ပြောလာလို့....။


မမသီရိ (5.4.2009)

Sunday, April 12, 2009

နှစ်သစ် ဆုတောင်း

နှစ်သစ် ဆုတောင်း

နှစ်သစ်ကူးမှာ..
ရွှင်မြူးပါစေ...
ဆုမွန်ချွေတောင်း...
..
ကံကောင်းသောနှစ်..
အသစ်ဖြစ်စေ...
အတာရေချမ်း နှလုံးလန်းစေ
ပိတောက်ရနံ့ ရင်လုံး နှံ့စေ
လိုရာဆန္ဒ ပြည့်ပါစေ.။


မမသီရိ


(ဒီပို့စ်လေး ကို schedule လုပ်ပြီး တင်ထားတာပါ..ကျမ ခရီးဝေး ရောက်နေပေမဲ့.. ဘလော့ထဲက မိတ်ဆွေ အားလုံးကို သတိရလွမ်းဆွတ်နေပါမယ်..။ ဒီကဗျာလေးက ၂၀၀၉ ခရစ် နှစ်သစ်ကူး မှာ ချစ်ခင်ရသူ တယောက် အတွက်လက်ဆောင် ပေးထားခဲ့ တဲ့ကဗျာလေးပါ.. ခုတော့သူ့ဆီခွင့်တောင်း. မြန်မာနှစ်သစ်ကူးနဲ့ ညီအောင် အသစ်နဲနဲ ပြင်ရေးပြီးတော့ဘလော့မိတ်ဆွေအားလုံးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်.. မိတ်ဆွေ သူငယ်ချင်း တွေ အားလုံး. မြန်မာ နှစ်သစ်ကူးမှာ .ရွှင်လန်းချမ်းမြေ့ပါစေ)

ပြီးတော့.. နောက်ရေးဖြစ်ခဲ့တဲ့ ကဗျာ တချို့ လဲ ပဲ schedule လုပ်ပြီး တင်ခဲ့ပါတယ်..
ကျမ မရှိလို့ဧည့်ဝတ်ကျေနိုင်မှာ မဟုတ်ပေမဲ့..
မမသီရိ ကိုမေ့မသွားကြအောင်လို့လူလည် ကျတာပါ...း) . ကျမ မရှိပေမဲ့ ကျမရဲ့ ကဗျာလေးတွေက မိတ်ဆွေတွေ ကို.. နွေးထွေး မှုတွေ ပေးနိုင်စေဘို့.. ဆန္ဒ ပြုလိုက်ပါတယ်..
မေလဆန်းမှ ပြန်ဆုံကြစို့နော

အားလုံးကို ချစ်ခင်လေးစားတဲ့ .. မမသီရိ ... 10.4.2009 7:14 pm

Monday, April 06, 2009

ဆန္ဒရှိတဲ့ အဟောင်းလေး

ထွန်းအိန္ဒြာဗိုလ် ရဲ့ သီချင်းခေါင်းစဉ်လေး ငှားသုံးလိုက်မိတယ်..(copy right နဲ့ မငြိလောက်ဖူးထင်တာပဲ..း) ညီမငယ် ခင်လေးနဲ့ ကိုရင်နော်တို့က ဒုတိယအကြိမ်ထုတ်ဝေခြင်း (သို့) ဆားချက်ခြင်း ဆိုတဲ့ ခေါင်းစဉ် လေးနဲ့လာTag တော့.. ကျမ တယောက် ငိုရမလား.. ရီရမလား..လို့ ဝေခွဲရ ခက်သွားပါတယ်.. ကျမက ခုမှ ဘလော့ဂ်ဂါ လက်သစ်လေ.. ပို့စ်ပေါင်း ၅၀ ကျော်ရုံလေးပဲ ရှိတာ.. ဒီလောကထဲ တကယ့်တရားဝင်ရောက်တာက ၃ လ ပဲ ရှိသေးတာ ။ ဒါပေမဲ့ ချစ်တဲ့ မောင်လေးနဲ့ ညီမလေးက ချစ်လို့ Tag တာပါ လို့ ဆိုလာတော့ လဲ.. ချစ်ခြင်းများစွာနဲ့.. မျက်နှာခပ်ပူပူ နဲ့..ဆန္ဒရှိတဲ့ မဟောင်းတဟောင်းလေးတပုဒ် ပြန်လည်လို့ဖေါ်ထုတ် ပေးပါရစေ..။

ခုတလော.. အလုပ်လေးတွေက အတော်လေးများပါတယ်..။ စိတ်ဖိစီးမှုတွေကလဲ ခပ်များများ.. အမြင်ချင်းမတူ.. အတွေးချင်းမတူ.. အယူအဆ ချင်း မညီသူတွေနဲ့ လက်တွဲ အလုပ်လုပ်ရပြီ ၊ ပတ်သက်နေရပြီ ဆိုရင် ဘ၀မှာတကယ့် စိန်ခေါ်မှုတခုပါပဲ..။ ပြီးတော့ ဘ၀ရဲ့ အရာ တော်တော်များများ ဟာ.. ကိုယ့်ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်မလာတတ်လာလဲ ဘ၀ တခုပဲ ဖြစ်မယ် ထင်ပါရဲ့..။ ကိုယ် တင်ပဲ လားဆိုတော့... ကိုယ့်ထက် depression ရ နေသူတွေ ကရှိနေသေးတာ..

အဲဒီကဗျာလေး ရေးခဲ့တာ နှစ်တွေအတော်ကြာခဲ့ပါပြီ...ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့ လောကကြီးကို ကြည့်ပြီး..ကိုယ့်ကိုကိုယ် အားပေးဘို့ရေးခဲ့တဲ့ကဗျာလေးပါ...အဲဒီတုန်းက ကျောင်းဆရာမဘ၀နဲ့မွေးရပ်ဇာတိ ကနေမိုင်ပေါင်းများစွာ..ဝေးကွာပြီးအတော်လေး ဂျောင် ကျ ခေါင်သီတဲ့ ဒေသ တစ်ခုမှာ ရှိနေခဲ့တာပါ..လိုင်းတို ရေဒီယိုလေး တစ်လုံး ရယ်..ဒိုင်ယာရီ စာအုပ် တစ်အုပ်ရယ်နဲ့...ဖတ်စရာ စာအုပ် တစ်ချို့ရယ်က လွဲပြီး..အဖော်မဲ့ နေခဲ့တဲ့ ၂၁ နှစ် အရွယ် ကောင်မလေး တစ်ယောက်ရဲ့ကာလလေး တစ်ခုပေါ့...ဘယ်သူမှ မသိတဲ့.. ကဗျာတွေ တပုဒ်ပြီး တပုဒ် မွေးဖွားနေခဲ့တဲ့ ကာလထဲ က အမှတ်တရ ကဗျာတပုဒ်ဆိုလဲ မမှားပါဘူး..။

ကျမရဲ့ ဘလော့ဂ်စဖွင့်တဲ့ နေ့ 10.9.2008 မှာကျမရဲ့ ပထဆုံးပို့စ်လေး အဖြစ်တင်ထားခဲ့တာပါ.. ခုတကြိမ်မှာလဲပဲ ကိုယ့်ကိုကိုယ် အားပေးဖို့ အတွက်ရော.. တခြား depression ရနေတဲ့ မိတ်ဆွေတွေ အတွက်ပါ.. အားဆေးလေးတခွက်.. လန်းဆန်းစေမဲ့ ဖျော်ရည်လေး တပေါက် အနေနဲ့ ပြန်လည်တင်ပြ လိုက်ပါတယ်..။

ညီမခင်လေး နဲ့ ကိုရင်နော် .. ကျေနပ်မယ်လို့လဲ ယုံကြည်လိုက်ပါရဲ့..။

ဒီပို့စ်လေးက ကိုယ့်ကို လာ Tag ခံရတာ တတိယမြောက်ပါ၊ ပထမ ၂ ကြိမ်တုန်းက သူများကို ပြန် Tag ရကောင်း မှန်း မသိသေးလို့..။ ဒီတကြိမ် တော့.. ညီမ မိးုချိုသင်းနဲ့. မကေ ပြီးတော့ မောင်လေး July Dream ကိုတို့ Tag ကြည့်စမ်းပါရစေ..။ သူတို့ ၃ ယောက် ပြန်လည် တင်ပြမဲ့ ပို့စ်လေးတွေက စိတ်ဝင်စား စရာ ကောင်းမှာ အမှန်..။


နေတတ်သလို

ပျော်စရာ...

တွေ့လာရင်ပျော်လိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...

ငိုစရာ...
တွေ့လာရင် ငိုလိုက်...

ရင်ထဲခိုက်အောင် မဟုတ်ပါ...


နေ့...

ည...
ရာသီ...

သံသရာ ဒီစက်ဝန်းမှာ...
နေရတာ ဘာမဟုတ်...
ခဏတာ
အလည်ရောက်ကြတာမို့...


အခြေအနေ...
ဝန်းကျင်တွေ အားလုံး...

ပြေပြစ်အောင်အသုံးချလို့....
လာလမ်းကို ပြန်ချိန် ကျရင်...
ဝေဒနာ
ရင်မှာ ပါမသွားစေဘို့...


မင်း..
ပျော်ချင်ရင်ပျော်လိုက်...
ရဲရဲပဲပျော်....


ငိုချင်ရင်ငိုလိုက်...
ရဲရဲပဲငို...

မင်း..


နောင်တဆိုတာ...
မရတာသေချာရင်...

မင်းဖြစ်ချင်တာ ဘာမဆို...
ခု...
ဖြစ်ခွင့်ရှိတယ်.....။



(မမသီရိ) ၁၀.၉.၂၀၀၈

တစ်ကယ်တော့ ဒီကဗျာလေး ကို လွန်ခဲ့တဲ့ နှစ်အတော်တော်ကြာကြာတည်းက ရေးဖြစ်ခဲ့တာပါ ဒီနေ့ ဘလော့ဂ် လေး တစ်ခု ဆောက်တော့ ဘာရေးရမလဲ စဉ်းစားတုန်း ခေါင်းထဲမှာ ပြန်ပေါ်လာတာနဲ့ နည်းနည်း ပါးပါး ပြင်ပြီး ဝေမျှလိုက်တာပါ။ အားလုံးကို ပျော်စေချင်ပါတယ်။

မမသီရိ

Friday, April 03, 2009

မမသီရိရဲ့ဝါသနာစစ်တမ်း

ဝါသန ဆိုတဲ့စကားလုံးလေးဟာ တကယ်တော့ ကမ္ဘာပေါ်မှာ လူတိုင်းလူတိုင်းနဲ့ အနီးစပ်ဆုံး စကားလုံးလေး ဖြစ်မယ်ထင်ပါရဲ့.. ကျမ ထင်တယ် ချစ်တယဆိုတဲ့စကားလုံးထက်တောင် လူတွေသုံးဖြစ်တယ်လို့..။ မောင်လေးမျိုးက သူ့ Tag စာရင်းထဲ ထည့်လာတဲ့အချိန် မသီတာကလဲ c-box မှာ မတိုးမကျယ်လေး လာအော်သွား တဲ့အချိန် ဒီ ၀ါသနာ ဆိုတဲ့ စကားလုံးလေးနဲ့ ကျမ ဘယ်လိုပတ်သက်နေသလဲ လို့ ပြန်လည်ဆန်းစစ်ဖို့ ဖြစ်လာ ပါတော့တယ်။

ဒီကမ္ဘာပေါ်က စကားပြောတတ်တဲ့လူသားတွေအားလုံး ဒီစကားလုံးကို မကြာခဏ အသုံးပြုဖြစ်ကြပါတယ်။ တချို့ဆိုအတော်လေးကို ဖောဖောသီသီ သုံးပစ်လိုက်ကြတာ..။ အဲဒါ ကျမ ဘယ်နားမှာ သွားတွေ့လဲဆိုတော့.. အလုပ်လာလျှောက်ကြတဲ့ မြန်မာပြည်ထဲကလူငယ်လေးတွေအချို့ပါ။ ဒီအလုပ်ဘာလို့လျှောက်တာလဲ လို့မေး လိုက်ပြီဆိုရင် ၀ါသနာပါလို့ ဆိုပြီး မဆိုင်းမတွ ပြန်ဖြေတတ်ကြတယ်။ ဘာလို့ ၀ါသနာပါတာလဲ.. ဘယ်လောက်ထိ ပါတာလဲလို့ပြန်မေးပြီဆိုရင်.. အများစုက ပြန်မဖြေနိုင်ကြတော့ပါဘူး.။ ဘာလို့ လဲဆိုတော့ သူတို့ဆိုလိုတဲ့ ၀ါသနာ ဆိုတာက သူတို့ ဖြစ်ချင်တဲ့ ဆန္ဒလေးကိုပဲပြောတာမို့.. သူ့တို့စိတ်ဝင်စားမှုကို ဆိုလိုချင်တာမို့ပါ.. ကိုယ့်မြန်မာတွေချည်းပဲလုပ်တဲ့အင်တာဗျူးမျိုးဆိုမထောင်းသာလှပေမဲ့.. နိုင်ငံခြားသား ၀န်ထမ်းအရာရှိတွေပါ ထိုင်တဲ့ အင်တာဗျူးတွေမှာတော့ ဇာတ်လမ်းက ရှုပ်ကုန်ရော.. နောက်တော့ ကျမလူလည်ကျတတ်သွားခဲ့ပြီးမှ နဲနဲသက်သာရာရခဲ့တော့တာ.. အခြေအနေကြည့်ပြီး ..အလုပ်လျှောက်သူလေး တွေက ၀ါသနာလို့ ပြောလာရင်ကျမ Hobby အစား Interest လို့ ပြန်လိုက်တော့ အေးရော..း)။ တကယ်တော့ အဲဒီအဓိပါယ်ကလဲ မမှားပါဘူး။ အကုန်လုံးအတွက် အဆင်ပြေအောင်ပြောတာမို့.. ကျမ ငရဲကြီးမယ်တော့ မထင်..း)။ ကျမတို့တွေအားလုံး အကြိမ်တော်တော် များများမှာ ကိုယ်ဖြစ်လိုတဲ့ဆန္ဒတွေ၊ စိတ်ဝင်စား တဲ့အကြောင်းအရာတွေကို ၀ါသနာ လို့ ပဲ သိမ်းကြုံးပြီးပြောဖြစ်ကြတာကို...။

မြန်မာစာ အဘိဓါန်ကျမ်းစာအုပ်ထဲမှာ ၀ါသနာ = စွဲမြဲနေသောအလေ့အကျင့် လို့ အဓိပါယ်ဖွင့်ပါတယ်။
မြန်မာ-အင်္ဂလိပ် အဘိဓါန်မှာ ၀ါသနာ = Interest; natural bent; hobby လို့ အနက်ရှိပြီး
အင်္ဂလိပ်- မြန်မာအဘိဓါန်ထဲမှာတော့ Interest = 3. ၀ါသနာ၊ စိတ်ဝင်စား-စိတ်ပါသောအရာ
Hobby =Interesting occupation, not one's regular business, for one's leisure time. ၀ါသနာပါရာ အလုပ် လို့တွေ့ရပါတယ်။
အင်္ဂလိပ်-အင်္ဂလိပ် အဘိဓါန်ထဲကျတော့ Hobby = an activity which someone does for pleasure when they are not working:

ဒီအဓိပါယ်ဖွင့်ဆိုချက်လေးတွေ ကိုကြည့်မယ်ဆိုရင်.. ၀ါသနာ ဆိုတာ မိမိဆန္ဒရှိတဲ့၊ စိတ်ဝင်စားတဲ့ တစုံတခုကို စွဲစွဲ မြဲမြဲ ဆက်လက်လုပ်ဆောင်နေတဲ့ အပြုအမူ တစ်ခုလို့ ကျမ အတွက် အဓိပါယ် ဖွင့်ချင်ပါတယ်..

ကျမ က ဟိုစပ်စပ် ဒီစပ်စပ် သမား မို့ ငယ်ငယ်ထဲက ခုချိန် ထိ စွဲမြဲနေတဲ့ အလေ့အကျင့်လေးပေါင်း မြောက်များစွာ ရှိပါတယ် ။ အဲဒီထဲက နေ့စဉ်နီးပါး ထိစပ်နေတဲ့ ၀ါသနာများ ကို.. ဦးစားပေး အစဉ်လိုက်တိုင်း ကြည့်ပါရစေ နော်..
  1. အလှပြင်ခြင်း
  2. အလွန်အမင်းစိတ်ကူးယဉ်ခြင်း
  3. ကိုယ့်ထမင်းကိုယ်စား ဂျီးဒေါ်နွား အငှားကျောင်းခြင်း
  4. စာဖတ်ခြင်း
  5. မိတ်ကပ်ဗူး၊ လက်သဲဆိုးဆေးဗူး စသည့် ဗူးခွံ ပုလင်းခွံများအား စုဆောင်းခြင်း
  6. ဖိနပ်အမျိုးမျိုး အား နှစ်သက်စုဆောင်းရန်ဝါသနာထုံခြင်း
  7. အပ်ချုပ်ခြင်း နှင့် ဒီဇိုင်းဆွဲ ခြင်း
  8. လက္ခဏာဆန်းစစ်ခြင်း
  9. ကလေးထိန်းခြင်း
  10. ဆရာလုပ်ခြင်း
တလက်စထဲ..မတီးပဲမြည်တတ်တဲ့စည်ကလေးက ဘယ်လိုဝါသနာပါတာလဲလို့ အကျယ်ဖွင့်ချင်ပါသေးတယ် နော် .. မျက်စိညောင်းပေမဲ့.. သီးခံပြီး ဖတ်ကြည့်ကြပါအုံး..။

၁။ အလှပြင်ခြင်း
လူတိုင်းအလှပြင်တယ်ဆိုပေမဲ့.. ကျမလိုဂုဏ်ထူးဆောင်ဘွဲ့ရတဲ့ထိတော့ ရူးကြမယ်မထင်..း).. ကျမက ဘိလပ်မှန်ကွဲလေးလေ..း)။ ကိုယ်ကိုတိုင်ပြင်တာတင်မဟုတ် ကျမနဲ့ နီးစပ်သူတိုင်းကို အလှပြင်စေချင်တာ၊ လှပစေချင်မိတာလဲ ကျမရဲ့ဝါသနာတခု။ တွေ့တဲ့ လူတိုင်းနီးပါးကို ကျမရဲ့ အလှပြင်ခြင်းတရားဟောတတ် သေးရဲ့၊ အချက် (၅) ချက်နဲ့ ပြည့်စုံသူ မဟုတ်ဖူးဆိုရင် ဘယ်သူမှ အလှမပြင်နိုင်.ဆိုတာကျမရဲ့ လက်သုံစကား.။ အဲဒီ အချက်တွေက တော့ (၁) စိတ်၏ကျန်းမာရေး၊ ကိုယ်၏ကျန်းမာရေးနှင့်ပြည့်စုံခြင်း။ (၂) ကိုယ်ပြင်ထားတဲ့ လှပခြင်းအတွက် လက်ခံနိုင်တဲ့ သင့်တင့်လျောက်ပတ်သော နေရာဒေသဖြစ်ခြင်း၊ (၃) သင့်တင့်လျောက်ပတ်တဲ့ ၀င်ငွေ ရှိခြင်း၊ (၄) သင့်တင့်လျော်ကန်သော အသက်အရွယ်နှင့် လိုက်ဖက်ခြင်း (၅) ကိုယ်ပြင်ထားတဲ့ လှပခြင်းအတွက် လက်ခံနိုင်တဲ့ သင့်တင့်လျောက်ပတ်တဲ့ အချိန်ကာလ ဖြစ်ခြင်း.. တို့ ပါပဲ၊ ဒီအချက်တွေ ထဲ တခုခု လျော့ နေမယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ အလှပြင်မှု နဲ့ လှပမှုမဖြစ်နိုင်ပါဘူး..။ ဒီသဘောတရား လက်ကိုင်ထားတဲ့ ကျမကတော့.. ငယ်ငယ်ထဲ က ကြိုက်လိုက်တဲ့ မှန်..ပြင်လိုက်တဲ့ အလှ ၀ါသနာ.. ခုလဲ အလုပ်စားပွဲပေါ်မှာ တောင် မှန်ဝိုင်းလေးထောင်လို့...း)။


၂။ အလွန် အမင်းစိတ်ကူးယဉ်ခြင်း
စိတ်ကူးယဉ်ရတာ ကျမ အင်မတန်ကြိုက်ပါတယ်၊ အချိန်အားတိုင်းမှာ တကိုယ်တည်းပဲ ဖြစ်ဖြစ်၊ လူတွေ ကြားထဲမှာပဲဖြစ်ဖြစ် ကျမရဲ့စိတ်ကူးတောင်ပံလေးတွေက တဖျတ်ဖျတ်လှုပ်ခတ်လို့ စိတ်ကူးနဲ့ မျောနေတတ်တာ ကျမရဲ့ နောက်ဝါသနာတခုပါ.. စိတ်ကူးယဉ်တဲ့အကြောင်းအရာတွေ က အသက်အရွယ်ကိုလိုက်ပြီးပြောင်းလဲ ခဲ့ပေမဲ့.. စိတ်ကူးယဉ်တတ်တာကတော့.. ငယ်ငယ် က ခု ချိန်ထိ မပျောက် နိုင်သေး..။ ငယ်ငယ်တုန်းက ယဉ်ခဲ့တဲ့ စိတ်ကူးတွေ.. ၀ိုင်းမရီကြဘူးဆိုရင်ပြောပြချင်သေးရဲ့..။ ကျမရဲ့စိတ်ကူးထဲမှာ ကျမက..ကမ္ဘာ့နက္ခတ္တ ရူပဗေဒပညာရှင်.. နေ၊ ကြယ် နဲ့ စကြာဝဠာကို ကျမ စိတ်ဝင်စားတာကိုး။ ချူအင်လိုင်း နဲ့ ဟင်နရီကစ်ဆင်ဂျားကို ဖတ်ပြီး နိုင်ငံ့ခေါင်းဆောင်လဲ ဖြစ်ခဲ့သေးတာ..စိတ်ကူးထဲမှာ ကျမလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေက မနည်းမနော.း)..။ တခါတလေမှာတော့ ကျမ က စင်ဒရဲလား မင်းသမီးလေးဖြစ်လိုက်.. စနိုးဝှိုက်မင်းသမီးလေး ဖြစ်လိုက်နဲ့.. တနေ့နေ့ မှာ ကိုယ့်ကို အရမ်းချစ်တဲ့ မင်းသားလေး တပါးပါးနဲ့ တွေ့တဲ့အကြောင်းလေး ကလဲ စိတ်ကူယဉ်လို့ကောင်းသလား မမေးပါနဲ့....။ ဒါပေမဲ့...... အရွယ်လေးရလာခဲ့တဲ့နောက်မှာတော့.. ကျမရဲ့ စိတ်ကူးယဉ်ခြင်းတွေက ပြောင်းလဲခဲ့ပါတယ်..ခုတလောယဉ်နေမိတဲ့ စိတ်ကူးတွေက.. ကမ္ဘာတပတ် ခရီးထွက် ပြီး.. ဗင်းနစ်မြို့ရဲ့ တူးမြောင်းထဲ လှေစီးနေတတ်သလို.. ဖူဂျီတောင်ထိပ်ပေါ်က နေထွက်တာလဲ တက်ကြည့်မိရဲ့.. အီဖယ်မျှော်စင်ကြီးပေါ်က ရှူမျှော်ခင်းကို အိပ်မက်နေမိသလို.. ဆိုးလ်ရဲ့ ညရှူခင်းကလဲ မျက်စိထဲက မထွက်.. မြောက်ဝင်ရိုးစွန်းက ပိုလာဝက်ဝံကြီးတွေဆီ ရောက်သွားတတ်သလို့.. အီကွေတာနားက.. တောတွင်းလူသား တွေနဲ့ စကားစမြည်ပြောခါ ပြောဖြစ်လို့... .။

၃။ ကိုယ့်ထမင်းကိုယ်စား ဂျီးဒေါ်နွား အငှားကျောင်းခြင်း
ငယ်ငယ်တုန်းက တချို့တွေ ရဲ့ မေးငေါ့ခြင်း ခံခဲ့ရတဲ့ ဒီဝါသနာကတော့ ခုချိန်မှာ ကိုယ့်ရဲ့ အလုပ်နဲ့ အံဝင်ဂွင်ကျ ဖြစ်ခဲ့ပါတယ်။ လူမှုရေးလုပ်ငန်းတွေ လုပ်ရတာ ၀ါသနာပါသူ ကျမအတွက်..ခု လက်ရှိအနေအထားလေး က အတော်ဟန်ကျတယ်ပြောရမှာပါ.. ၀င်ငွေ၊ စီးပွားရေးအရ တွက်ခြေမကိုက်ပေမဲ့.. ကျမဘ၀ကို ကျမပျော်ရွှင် ကျေနပ်နေမိပါတယ်။

၎။ စာဖတ်ခြင်း
စာတတ်တဲ့လူအတော်များများက စာဖတ်ခြင်းကိုဝါသနာပါတယ်လို့ ပြောကြတယ်.. ဘယ်လောက်ထိလဲလို့ ကျမ မမှန်းတတ်ပေမဲ့.. ကျမကတော့.. လရောင်နဲ့ ဖတ်ခဲ့ဖူးတာနော်..း)။ အသက် ၅ နှစ် အရွယ် ပထမတန်းဖြေပြီးတဲ့ နှစ်မှာ ကျမဖတ်ခဲ့တဲ့ စာအုပ်က ခုထိ အမည်မှတ်မိနေတုန်း.. ဓူဝံရဲ့ မိုးကြယ်မို့လား တဲ့.. ဦးလေးတယောက် ယူလာတာကို မပြီးမချင်း ၂ ရက် ၃ ရက် ဆက်ဖတ်ခဲ့တာ။ အသက် ၉ နှစ် ၁၀ နှစ်မှာ တော့.. အဲဒီခေတ်က ၀တ္တုတွေ စွဲစွဲ မြဲမြဲ ဖတ်တတ်နေခဲ့ပြီ.. ကလျာ၊ မအေးလေး၊ တင်မြင့်၊ မိုးမိုး (အင်းလျား)၊ မောင်သာပြည့်၊ မောင်သာရ၊ လူကြီးတွေမသိအောင် ညဖက် လရောင်နဲ့ ခိုးဖတ်ခဲ့တာမျိုး..။ နောက်ပိုင်း ဖတ်ခဲ့တာတွေ က တော့..အများကြီးပါပဲ.. လောလော ဆယ် ရော လို့ မေးရင်.. ဘလော့တွေ လျှောက်ဖတ်နေပါတယ်..း)။

၅။ မိတ်ကပ်ဗူး၊ လက်သဲဆိုးဆေးဗူး စသည့် ဗူးခွံ ပုလင်းခွံများအား စုဆောင်းခြင်း
အဲဒါတော့ အတော်ဆိုးတယ်... အိမ်မှာ အရမ်း ရှုပ်သမို့.. အတူနေသူတွေဆီ မကြာခဏ ကွန်ပလိန့် လုပ်ခံ ရပေါ့..း)။ ဒါပေမဲ့ ၀ါသနာ ..ဖျာကာလို့ မရ.. ကျမကတော့ ဆက်သိမ်းဆဲ.. တနေရာက တနေရာ ပြောင်းတော့ ဘယ်လိုမှ မသယ်နိုင်တဲ့ ခါမျိုး မှ.. နှမျော တ.. သ .. စွာ.. သံယောဇဉ် ဖြတ်ရတဲ့ အမျိုး..။

၆။ ဖိနပ်အမျိုးမျိုး အား နှစ်သက်စုဆောင်းရန်ဝါသနာထုံခြင်း
ဒီဝါသနာကလဲ ငယ်ငယ်ထဲက ခုထိ.. ရှိနေသေး..။ ဖိနပ်လှလှ မြင်ရင် ဘယ်လိုမှ မနေနိုင်မထိုင်နိုင် လိုချင်မိတာ က..။ မတတ်နိုင် တတ်နိုင်သလောက် ကျန်တာ ခြိုးခြံပြီးတော့ ဖိနပ်တွေ ၀ယ်ဖြစ်တာ။ မကောင်းမှန်းသိပေမဲ့ ခုထိ မစွန့်နိုင်တဲ့ ၀ါသနာပါပဲ..။ အီမဲလ်ဒါ မာကို့စ် ကို ဆို အားကျမိတာ မပြောနဲ့။ တခါ တခါ စိတ်ကူးယဉ်တဲ့ အထဲ.. တကယ်လို့ များ ဘီလ်ဂိတ်က လာပြီး မျက်စိ ကျလို့ ရှိရင်ကောင်းမှာ ပဲ လို့.. :P... ဖိနပ်တွေ စိတ်ရှိ လက်ရှိ ၀ယ်ပစ်လိုက်မှာ..း)

၇။ အပ်ချုပ်ခြင်း နှင့် ဒီဇိုင်းဆွဲ ခြင်း
အသက် ၇ နှစ်လောက်မှာ အဒေါ့် စက် ကို မမီ တမီ တက်ချုပ် ခဲ့တယ်.. ၂ တန်းလောက် ကပဲ ကိုယ့် အကျီင်္ ချုပ်တော့မယ် ဆို. .စက်ချုပ်ဆရာမ အိမ်ကိုယ်တိုင် လိုက်ပြီး ကိုယ် လိုချင်တဲ့ ပုံ ပြောပြ ခဲ့တာမျိုး။ ဒီဝါသနာကလဲ.. ကျမအတွက် အကျိုး ပြု ခဲ့တဲ့ ၀ါသနာ တခုပါ.. ပြန်လည် ထူထောင်ရေး လုပ်ငန်းခွင် တခု မှာ အလုပ်ဝင်လုပ်တော့ ဂျပန်ဒီဇိုင်နာတယောက် နဲ့ ၁ နှစ်ကျော် အနီးကပ် နေပြီး လေ့လာ သင်ယူခွင့် ရခဲ့တဲ့ အပြင် ၆ နှစ်ကျော်လောက် ဂျပန် အပျော်တန်း ဒီဇိုင်းထုတ်လုပ်သူတွေ၊ Pattern maker တွေ နဲ့ အခြားအထည် အ၀တ်နဲ့ ပတ်သက်တဲ့ ပညာရှင်တွေ နဲ့ ပါရင်းနှီးဆက်ဆံထိတွေ့ခွင့် ရတဲ့ အတွက်.. တကဲ့ ကို အဖိုးမဖြတ်နိုင်တဲ့ အပြင်.. ကျမရဲ့ ၀ါသနာ မျိုးစေ့လေး ဆက်လက်ရှင်သန်ခွင့် ရခဲ့ပြီး .. ခုထိ ကိုယ့်အ၀တ်အစား ကိုယ်တိုင်ဒီဇိုင်းဆွဲ ကိုယ်တိုင် ချုပ်ပါတယ်..။

၈။ လက္ခဏာဆန်းစစ်ခြင်း
ကျမ၀ါသနာပါခဲ့ တာ အတော်ကြာခဲ့ပါပြီ.. နှစ်ပေါင်း အတော်ကြာ self study လုပ်ခဲ့ပါတယ်..။ လူတွေနဲ့ တွေ့ ရင်.. လက်ကို ပဲ အရင် ကြည့်ဖြစ်တာမျိုး.. စိတ်ထဲ က ဒီလက်ပိုင်ရှင် က ဘယ်လို လူမျိုး ဖြစ်နိုင်လဲ လို့ ကြည့်ရင်း တွေးနေတတ်တာ..။
နိုင်ငံကျော် လက္ခဏာဆရာကြီး တဦးထံမှာမမျှော်လင့်ပဲတပည့်ခံခွင့်ရခဲ့တဲ့ အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ပိုရှိခဲ့ပြီး ဒီဝါသနာ မျိုးစေ့ကို အခြေခံလို့ အချိန် ကာလတခု မှာ .. အသက်မွေးဝမ်းကျောင်း လုပ်ငန်း အဖြစ် လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်..


၉။ ကလေးထိန်းခြင်း
တွေ့သမျှကလေး ကောက်ချီတတ်တာမို့ အသက် ၂၀ လောက် ကတည်းက ကလေးအမေ ထင်ခံရတာ မဆန်းတော့..း)။ ငယ်ငယ် တုန်းကလဲ အိမ်နီး အိမ်နား ကလေးမှန်သမျှ.. ကလေးထိန်းမလိုအောင် ကျမ ထိန်းပေး တတ်တာ ။ ကျမ ဘယ်သွား သွား.. ကျမ နား ကလေးတွေ အမြဲ ၀ိုင်းအုံ လို့... ဒီဝါသနာကလဲ ခုတော့ လုပ်ငန်းခွင် မှာ အံဝင် ဂွင်ကျ..။

၁၀။ ဆရာလုပ်ခြင်း
ဒီတခု လဲ အတော် ဆိုးရွားတဲ့ ၀ါသနာ..ဒါပေမဲ့ မဖျောက်နိုင်သေးတာမို့.. လူတကာဆီ အမြင်ကပ်ခံရတာ ခဏ ခဏ.. ...အလုပ်နဲ့ ၀ါသနာ ထပ်တူကျနေလို့ တော်သေး..။


အားနာလိုက်တာ...မျက်စိတွေ အတော်ညောင်းသွားလောက်ကြပြီ.. အားနာလို့ဒီလောက်နဲ့ပဲ နားပါရစေ..နော်..း)
ရေးရအုံးမယ် ဆို .. ကျန်ပါသေး ရဲ့..း). ကျမ က ဟိုစပ်စပ် ဒီစပ်စပ်လေ...။

ကဲ မောင်လေးမျိုးနဲ့ မသီတာရေ.. Tag မိတာ မှားလေခြင်းလို့များ တွေးနေမိကြပြီလား...။

မမသီရိ