Sunday, June 29, 2014

မြန်မာအမျိုးသမီးဆိုင်ရာ ဥပဒေ သိမှတ်ဖွယ်ရာများ မှ ဥပဒေ ကောက်နှုတ်ချက်



ဟိုတလောက မိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်ပိုင်စာကြည့်တိုက်မှာ စာအုပ်တွေ မွှေနှောက်လှန်လှောရင်း ဒီစာအုပ်ဟောင်းကလေး ကိုတွေ့မိတာပါ၊ မျိုးစောင့်ဥပဒေ၊ ဘာသာကူးပြောင်းဥပဒေ တွေ အကြောင်း သောသောညံညံ ဖြစ်နေတဲ့ အခိုက်အတန့်မှာ တိုက်တိုက်ဆိုင်ဆိုင် ရှာဖွေတွေ့တာပဲ ထင်ပါရဲ့၊ မြန်မာအမျိုးသမီးတွေအတွက် အပြည့်အ၀ အကာအကွယ်ပေးထားတဲ့၊ လက်ရှိမှာ လည်း မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ နဲ့ အတူ သက်ဝင်နေဆဲဖြစ်တဲ့ ၁၉၅၄ ခုနှစ် ဗုဒ္ဒဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ ကို  ကောက်နှုတ်ပြီး ဖေါ်ပြပေး လိုက်ပါတယ်။

ရာဇ၀တ်တရားသူကြီးဟောင်း၊ စာရေးဆရာ၊ ရှေ့နေကြီး ဦးမြင့်အောင် BA, BL Dep ရေးသားပြုစုတဲ့ ဒီစာအုပ်ဟာ အတော့်ကိုပြီးပြည့်စုံတဲ့ စာတစ်အုပ်ဖြစ်တဲ့အပြင် ၊ ဥပဒေရေးရာ နဲ့ မရင်း မကျွမ်းဝင်တဲံ သာမန် ပြည်သူတေံ သာမန် အမျိုးသမီး တွေ အတွက် အလွယ်တကူ ဖတ်ရှု လေ့လာ နားလည် သဘောပေါက်ပြီး မိမိ ကိုယ် မိမိ ကာကွယ် နိုင်ဖို့ အထောက်အကူပြုတဲ့ စာတစ်အုပ်လို့ လေ့လာမိပါတယ်။ စာမျက်နှာ ၃၂၈ မျက်နှာ မှာ အပိုင်း ၃ ပိုင်း ခွဲပြီး ပြဌာန်းချက်၊ စီရင်ထုံး၊ မှုခင်းများနဲ့ ဥပဒေ ကျင်းထုံးတွေ အကြောင်း ကျယ်ကျယ်ပြန့်ပြန့်ပြည့်ပြည့်စုံစုံပါဝင်တဲ့ ဒီစာအုပ်ကို ၁၉၇၁ ခုနှစ် ဒီဇင်ဘာလမှာ ပထမ အကြိမ်အဖြစ် အုပ်ရေ ၃၀၀၀ ကို တန်ဖိုး ၁၀ ကျပ်နဲ့ ထုတ်ဝေခဲ့တာပါ။

ကိုယ့်အလုပ်ထဲက အမျိုးသမီး အခွင့်အရေး ကိစ္စတွေမှာပါ အသုံးတည့် ပညာဖြန့်ဝေလို့ရတဲ့ အတွက် သမီး တစ်ယောက် ကိုမုန့်ကျွေးပြီး ပြန်ကူး ရိုက်ခိုင်းခဲ့တာပါ။

အမျိုးစောင့်ရေးဥပဒေပေါ်ထွက်လာရေး သွေးနီး တက်ကြွနေသူများအတွက်ရော၊ အမျိုးစောင့်ဥပဒေအပေါ် စိုးရိမ်သော က ရောက်နေသူများအတွက်ပါ  စဉ်းစာစရာတွေ ရစေဖို့ ရည်ရွယ် မျှဝေပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများနှင့် ဘာသာခြားများ၏ အိမ်ထောင်ရေးပြဌာန်းချက်ဥပဒေ။

၁၉၅၄ ခုနှစ်မတိုင်မှီအခြေအနေ

မြန်မာနိုင်ငံ၏ရှေးခတ်ဓမ္မသတ်များအရ၄င်း၊ တည်ဆဲဓလေ့ထုံးထမ်းအရ၄င်း၊ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုး သမီးများနှင့်အမျိုးသားများတို့သည် ဗုဒ္ဓဘာသာဝင်မဟုတ်ကြသူ ဘာသာခြားများနှင့် လက်ထပ်ထိမ်းမြားခြင်း အတွက်ပိတ်ပင်တားမြစ်ခြင်းမရှိပေ၊မြန်မာဗုဒ္ဓဘာသာဝင်များအတွက်လက်ထပ်ထိမ်းမြားရေးကိုဘာသာရေး ပတ်သက်သည်ဟုမယူဆပေ၊ လူမှုရေး၊လောကီရေးသက်သက်ဖြစ်၍လောကုတ္တရာပိုင်းနှင့်ရောထွေး စပ်ယှက်ခြင်းမပြုကြပေ။ ဤသို့ ထိမ်းမြားခြင်းဆိုင်ရာကိစ္စနှင့် ပတ်သက်၍ သီးခြားပြဌာန်းသော ဥပဒေမှာ ၁၉၅၄ ခုနှစ်မတိုင်မီအတွင်း တိကျစွာလိုက်နာရန် ပြဌာန်းခြင်းမရှိသဖြင့် ဘာသာခြားများနှင့် လက် ထပ်ကြသောမြန်မာဗုဒ္ဓဘာသာဝင်များအဖို့၎င်းတို့ယူသည့် ဘာသာခြားယောက်ျားတို့၏ပြဌာန်း ထားသော ဥပဒေအရ လိုက်နာကြရခြင်းကြောင့်မြန်မာဗုဒ္ဓဘာသာမှ လင်ဖြစ်သူ၏ ဘာသာသို့ပြောင်းရခြင်း န်မြန်မာဓမ္မသတ်နှင့် ဓလေ့ထုံးထမ်းအရ ပစ္စည်းပိုင်ဆိုင်ခွင့်၊ သားသမီးထိန်းသိမ်းခွင့်စသည့် အခွင့်အရေးများမှာလည်း မရနိုင်ဘဲ ဘာသာခြင်း၏ ဥပဒေအရသာ ရရှိခြင်းဖြင့် အဖက်ဖက်မှ နစ်နာမှုများရှိခဲ့ပေသည်။ ထို့ထက်ပိုဆိုးသည့်အချက်ကားမြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများအနေဖြင့် တရားဝင်ဇနီးများမဖြစ်နိုင်ကြဘဲ အပျော်မယားအဖြစ်သို့ရောက်ရှိနိုင်ကြသည်ဖြစ်ရာများစွာယူကြုံးမရဖြစ် ဘွယ်ရာ ကောင်းလှပေသည်။

ရှေးစီရင်ထုံးများအရ ကောက်နုတ်ဖော်ပြရမည်ဆိုလျှင်-

(က) မဟာမေဒင် ဘာသာဝင်နှင့်လက်ထပ်ခြင်း- ဗုဒ္ဓဘာသာဝင် အမျိုးသမီးသည် မဟာမေဒင်ဘာသာသို့ကူးပြောင်း၍ မဟာမေဒင်ထုံးထမ်းအရ လက်ထပ်ခြင်းမပြုက တရားမ၀င်ဟူ၍၄င်း၊ မဟာမေဒင်ဘာသာသို့ ကူးပြောင်း၍ လက်ထပ်သောမြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးသည် လက်ထပ်ပြီးသည့်နောက်တွင် မဟာမေဒင်ဘာသာကို စွန့်ပစ်၍ ဗုဒ္ဓဘာသာသို့ပြန်လည်ကူးပြောင်းပါက ထိမ်းမြားခြင်းမှာ ရုံးမိန့်မလိုဘဲ အလိုလိုပျက်ပြယ်သွားသည်ဟု၎င်း၊ မဟာမေဒင်ဘာသာနှင့်ဆန့်ကျင်သော စကားများကို ပြောခြင်း သို့မဟုတ် မဟာမေဒင်ဘာသာမှတပါး အခြားဘာသာများသို့ ယုံကြည်သည့်စကားများပြောဆိုခြင်းက ဘာသာကူးပြောင်းသည်ဟု ယူဆနိုင်သည်ဟု၎င်း၊ မဟာ မေဒင်ဘာသာဝင်တယောက်၏ အမွေအနှစ်ကို မဟာမေဒင်ဘာသာဝင် မဟုတ်သူက ဆက်ဆံခွင့်မရှိဟု၎င်း စသည်ဖြင့် စီရင်ထုံးဖွဲ့မှုများရှိခဲ့ပေသည်။

(ခ) ဟိန္ဒူဘာသာဝင်နှင့် လက်ထပ်ခြင်း- ဇာတ်လေးမျိုးရှိသည့် ဟိန္ဒူများနှင့် မြန်မာဗုဒ္ဓဘာသာ ၀င်အမျိုး သမီးများသည် တရားဝင်လက်ထပ်ရန် မဖြစ်နိုင်ဟု၎င်း၊ ပန်ချမာ ခေါ်ဇာတ်ဝင် ဟိန္ဒူများနှင့်ပေါင်း သင်း ရာ၌မူ ၄င်းဟိန္ဒူသည် မြန်မာအမျိုးသမီး၏ချက်ပြုတ်သော ထမင်းဟင်းများ စားခြင်း၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း များသို့သွားခြင်း၊ အများက လင်မယားအဖြစ် အသိအမှတ်ပြုခြင်းဖြစ်ကမူ တရားဝင်လင် မယားဖြစ်သည်ဟု၎င်း၊ ကလေး ၆ ယောက် ရထား၍ ဇာတ်မပျက်ဘဲ သီးခြားစားသော ဟိန္ဒူလင်ယော က်ျားမှာမူ ဟိန္ဒူတရားဥပဒေနှင့်သက်ဆိုင်ပြီး တရားဝင်လင်မယား မဟုတ်ဟု၎င်း စသဖြင့် စီရင်ထုံးဖွဲ့ မှုများရှိခဲ့ပေသည်။

(ဂ) ခရစ်ယာန်ဘာသာဝင်နှင့်လက်ထပ်ခြင်း- ခရစ်ယာန်ဘာသာဝင်များနှင့် လက်ထပ်ရာ၌မြန်မာဗုဒ္ဓဘာ သာဝင်သည် ခရစ်ယာန်ဘာသာကို ကူးပြောင်းကိုးကွယ်ရန် မလိုဘဲ ထိမ်းမြားနိုင်ခွင့်ရှိပေသည်၊ သို့ရာတွင် ခရစ်ယာန်အနေဖြင့် သေတမ်းစာရေး၍ ထားခွင့်ရှိရကား ယင်းသေတမ်းစာပါအတိုင်း အမွေဆက်ခံမှုဥပဒေ အရ လိုက်နာရသဖြင့် သေတမ်းစာတွင် အခွင့်အရေးမပေးထားပါက တရားဝင်လင်မယားဖြစ်သည့် တိုင်အောင် ခံစားခွင့်မရှိနိုင်ပေ။

(ဃ) တရုပ်နှင့်လက်ထပ်ခြင်း-မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများနှင့် တရုတ်ကွန်ဖြူရှပ်ဘာသာဝင်တို့ လက်ထပ်နိုင်ခွင့်ရှိရာတွင် တရုတ်အမျိုးသားအနေဖြင့် ထိမ်းမြားမှု၌မြန်မာ့ဓလေ့ထုံးထမ်းဥပဒေနှင့် မသက်ဆိုင် စေလိုပါက ၄င်း၏ တရုပ်ဓလေ့ထုံးထမ်းများသည် မြန်မာနိုင်ငံ၌ တည်ဆဲ တရားဥပဒေကဲ့သို့ အတည်ဖြစ်လျက် ရှိခြင်း၊ ၄င်းထုံးထမ်းသည်မြန်မာဓလေ့ ထုံးထမ်းဥပဒေနှင့် ဆန့်ကျင်နေခြင်း၊ ၄င်းဓလေ့ထုံးထမ်းကြောင့်မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးအပေါ် မတရားမှုမဖြစ်ခြင်းကို ထင်ရှားအောင်ပြနိုင် ရမည် ဤသို့မပြနိုင်ပါက မြန်မာဓလေ့ထုံးထမ်းဥပဒေကို လိုက်နာရမည်ဟု မရင်မြနှင့်တန်ယောက် (၅ ရန်ကုန် ၄၀၆ စုံညီခုံ မှ အဆုံးအဖြတ် ပေးထားပေသည်။

၂။ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ဆံမှု အက်ဥပဒေ ပြဌာန်းခြင်း-

(Burma Laws Act)မြန်မာနိုင်ငံ တရားဥပဒေများဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၁၃- အရ ထိမ်းမြားလက်ထပ်မှု ကိစ္စများတွင် ဗုဒ္ဓဘာသာဖြစ်လျှင် ဗုဒ္ဓဘာသာ တရားဥပဒေ အရ ဆုံးဖြတ်သင့်သည်ဟု ပြဌာန်းထားပေသည် အမှန်စင်စစ်အားဖြင့် ဘာသာခြင်းယောက်ျားများနှင့်မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများလက်ထပ်ခြင်း ပြုပါ ကမြန်မာ ဗုဒ္ဓဘာသာတရားဥပဒေအရသာ အဆုံးအဖြတ်ပေးသင့်ပေသည်။ (Lex Loci Contractus) ပဋိညာဉ်ပြုရာ တိုင်းပြည်၏ တရားဥပဒေနှင့်အညီ မြန်မာနိုင်ငံ၏ တရား ဥပဒေနှင့်အညီဖြစ်သော တရားမျှတမှု၊ သာသနာညီမျှမှုနှင့်ကောင်းသောစေတနာအရဖြစ်စေ ၊ ဘာသာခြားနှင့် လက်ထပ်သည့် ကိစ္စများကို ဆုံးဖြတ်ပေးသင့်သော်လည်း အထက်ဖေါ်ပြပါအတိုင်း ဘာသာခြားဖြစ်သူ၏ လက်ထပ်မှုဥပဒေ အရသာ ဆုံးဖြတ်ပေးခဲ့ခြင်းပြုသည်ဖြစ်ရာ နိင်ငံအုပ်ချုပ်သူ ဘာသာခြင်းများ၏ ဖိနှိပ်မှုတရပ်ဟုပင် ယူဆ ရမည် ဖြစ်ပေသည်။

          ၁၈၇၂- ခုနှစ်တွင် ဘာသာမတူသူများ၏ ထိမ်းမြားခွင့်အတွက် အထူးထိမ်းမြားမှုအက်ဥပဒေ (Special Marriage Act) ကို ပြဌာန်းခဲ့သော်လည်း၊ လက်ထပ်နိုင် သည့် အရည်အချင်းကိုသာ သတ်မှတ်ပေးပြီး အခွင့်အရေး ပိုင်းတွင်မူ မြန်မာဗုဒ္ဓဘာသာအတိုင်းမဟုတ်သဖြင့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက်နစ်နာမြဲနစ်နာခဲ့ရသည်။ ၁၉၃၂ တွင် ယင်းဥပဒေကို အနည်းငယ် မျှ ပြင်ဆင်ပေ   သော်လည်း မြန်မာဗုဒ္ဓဘာသာ ဥပဒေအရ စီရင်ပိုင်ခွင့်မရှိသဖြင့် မည်သို့မျှ အကျိုး သက်ရောက်ခြင်း မရှိ ဖြစ်ပေသည်။ ၁၉၃၉ - ခုနှစ်တွင် ပါလီမန်၌ ဦးသာဆိုင်ဆိုသူ မျိုးချစ်ပုဂ္ဂိုလ်က လက် ထပ်မှုတွင် ပြည်တွင်းတရားဥပဒေအရ ဆုံးဖြတ်သင့်ကြောင်း တင်ပြ အရေးဆိုသဖြင့် ၁၉၃၉ -ခု၊ မြန်မာဗုဒ္ဓ ဘာ သာဝင်အမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို အင်္ဂလိပ်ဘာသာဖြင့် ၁. ၄. ၄၀ မှ စ ၍ အတည်ပြု ပြဌာန်းပေးခဲ့ပေသည်။ ယင်းဥပဒေအရ လင်ဖြစ်သူ ဘာသာခြား၏ ဥပဒေအရ စီရင်ပိုင်ခွင့် မရှိတော့ပေ၊ သို့ရာတွင် ဥပဒေမှာ ဒုတိယကမ္ဘာစစ်ကြောင့် လူသိနဲပြီး မည်သို့မှ အကျိုး သက် ရောက်အောင် အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်ရပြန်သည်။ သို့ဖြင့်မြန်မာဗုဒ္ဓဘာ သာဝင် အမျိုး သမီးများ အတွက် အကြောင်းအမျိုးမျိုးကြောင့် ဘာသာခြားနှင့် လက်ထပ်ကြရာတွင် ဤဥပဒေ၏ အနှစ်သာ ရကိုမသိကြရ၍ မိမိတို့၏ ဘာသာကို စွန့်လွတ်ကြရသည် သာမက မိမိတို့၏ သားသမီးများပါ ဘာ သာခြားများ ဖြစ်ကုန်ကြရတော့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ် သည့် နိုင်ငံအဖြစ် ရောက် ပြီးသည့်နောက်ပိုင်းတွင် ယခင် ၁၉၃၉ ခုနှစ်က ပြဌာန်းခဲ့သော ဥပဒေကို ဖျက် သိမ်းပြီးမြန်မာဘာသာဖြင့် ၁၉၅၄-ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက် ခံမှုအက်ဥပဒေကို အတည်ပြုပေးခဲ့လေသည်။


၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ

(၁၉၅၄) ခုနှစ်၊ အက်ဥပဒေအမှတ် ၃၂)
အောက်ပါအတိုင်းအက်ဥပဒေပြဌာန်းလိုက်သည်။
၁။ ဤအက်ဥပဒေကို ၁၉၅၄ - ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ၊ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေဟု ခေါ်ရမည်။
၂။ ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက် စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင်-
          (က) ဗုဒ္ဓဘာသာဝင်မိန်းမဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သည့်ပြင်၊ ဗုဒ္ဓဘာသာကိုးကွယ်သော မွေးဖွားသော မိန်းမကိုဆိုလိုသည်။ ချွင်းချက်၊   ၊ သို့ရာတွင် ဗုဒ္ဓဘာသာကိုး ကွယ်သော မိဘတို့မှ မွေးဖွားသော မိန်းမ တစ်ဦးသည် ဤအက်ဥပဒေ စတင်အာဏာမတည်မီက အခြားဘာသာတစ်ခုခုသို့ အထင်အရှားကူးပြောင်း၍ ထိုအခြား ဘာသာကိုကိုးကွယ်လျက်ရှိလျှင် ထိုမိန်းမသည် ဗုဒ္ဓဘာသာကိုးကွယ်သော မိဘတို့မှမွေးဖွားသည်ဟူသော အကြောင်းသက်သက်ကြောင့် ဗုဒ္ဓဘာသာဝင် မိန်းမဖြစ်သည်ဟု မမှတ်ယူရ။
          (ခ ) မှတ်ပုံတင်အရာရှိဆိုသည်မှာ ဤအက်ဥပဒေအရ ထိမ်းမြားမှုမှတ်ပုံတင်အရာရှိကို ဆိုလိုသည်။
 ၃။ (၁)ရွာသူကြီးအားလုံးသည် ဤအက်ဥပဒေအရထိမ်းမြားမှုမှတ်ပုံတင်အရာရှိများဖြစ်ရ မည်။ နိုင်ငံတော်သမ္မတသည် မိမိသင့်တော်သည် ထင်မြင်သော ပုဂ္ဂိုလ်ကို ရွာသူကြီးမရှိ သည့်ဒေသ အတွက် ထိမ်းမြားမှု မှတ်ပုံတင် အရာရှိအဖြစ် ခန့်ထားနိုင်သည် မှတ်ပုံတင်အရာရှိများအား အကြောင်း ကြားစာ ပုံစံများနှင့် ထိမ်မြားမှု သက်သေခံ မှတ်ပုံတင်စာအုပ်များကို ပေးအပ်ထားရမည်။
                   (၂)မှတ်ပုံတင်အရာရှိအားလုံးသည် ပြည်သူ့ဝန်ထမ်းများဖြစ်သည်ဟု မှတ်ယူရမည်။
      ၄။  အခြားတည်ဆဲ တရားဥပဒေများတွင်သော်၎င်း၊ တရားဥပဒေကဲ့သို့ အာဏာရှိသော ဓလေ့ထုံးစံ များ တွင်သော်၎င်း မည်သို့ပင် ဆန့်ကျင်လျက်ရှိစေကာမူ ဤအက်ဥပဒေပါ ပြဌာန်းချက်များသည် ဗုဒ္ဓဘာ သာဝင်မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင်မဟုတ်သော လင်ယောက်ျားတိုင်းအပေါ်၌ အာဏာသက်    ရောက်ရမည်။
    ၅။       လူပျိုဘော်ဝင်ပြီးဖြစ်သည့် ဗုဒ္ဓဘာသာဝင်မဟုတ်သော ယောက်ျားတစ်ဦးနှင့် အသက် ၁၄ နှစ်   အောက် မငယ်သည့် ဗုဒ္ဓဘာသာဝင်မိန်းမတစ်ဦးတို့သည် ဤအက်ဥပဒေအရ ထိမ်းမြားနိုင်သည်။ သို့ရာတွင်-
              (က) နှစ်ဦးလုံးမှာ စိတ်ပေါ့သွပ်သူများမဖြစ်စေရ။
     (ခ ) အသက်(၂၀)မပြည့်သေးသည့် မိန်းကလေးဖြစ်လျှင် မိဘ၏သဘောတူချက်သော်၎င်း၊ မိဘတို့ သေဆုံးပါမူ အမှန်အုပ်ထိန်းသူ သို့တည်းမဟုတ် တရားဥပဒေအရ အုပ်ထိန်းသူရှိလျှင် အုပ်ထိန်း သူ၏ သဘောတူညီ ချက်ကိုသော်၎င်း ရရှိပြီးဖြစ်ရမည်။
              (ဂ ) မိန်းမမှာ မပြတ်စဲသော တရားဝင်လင်ယောက်ျား မရှိစေရ။
    ၆။       ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ယောက်ျားတစ်ဦးနှင့် ဗုဒ္ဓဘာသာဝင်မိန်းမတစ်ဦး ထိမ်းမြားရန်ကြံ ရွယ် သည့်အခါ မိမိတို့တစ်ဦးဦး ၁၄ ရက်ထက်မနည်း နေထိုင်လျက်ရှိသည့် ဒေသဆိုင်ရာ မှတ်ပုံတင် အရာ ရှိထံ ဇယားတွင် ပြဌာန်းထားသည့်ပုံစံဖြင့် မိမိတို့တစ်ဦးဦးကအကြောင်းကြားစာ ပေးပို့နိုင်သည်။ အကြောင်း ကြားစာပုံစံကို မှတ်ပုံတင် အရာရှိထံ တောင်းယူက ရနိုင်သည်။
   ၇။  ပုဒ်မ (၆)အရ အကြောင်းကြားစာပေးသူသည် အကြောင်းကြားစာတွင် ပြဌာန်းထားသည့် ထုတ်ဖော် ချက်ကို သက်သေ(၂)ဦးနှင့် ထိမ်းမြားရမည့် မှတ်ပုံတင်အရာရှိတို့ ရှေ့တွင် လက်မှတ်ထိုးရမည်။
    ၈။       (၁) မှတ်ပုံတင်အရာရှိသည်-
     (က) အကြောင်းကြားစာ မိတ္တူတစ်စောင်ကို မိမိ၏ရုံးရှိ အများမြင်သာသည့်နေရာ၌ ကပ်ခြင်းဖြင့်၎င်း၊
   (ခ) အကြောင်းကြားစာ မိတ္တူတစ်စောင်ကို တရားမကျင့်ထုံး ဥပဒေအရ သမ္မာန်စာများ နို့တစ်စာ များ ပေးသည့် နည်းအတိုင်း။
      (ကက) ထိမ်းမြားမည့် မိန်းမအသက် ၂၀ မပြည့်သေးလျှင် ထိုမိန်းမ၏ မိဘသို့တည်းမဟုတ် အုပ်ထိန်း သူဆိုင်သင့် အရာရာအားပေးခြင်းဖြင့်၎င်း။
  (ခ ခ) မိန်းမသည် ယောက်ျားတစ်ဦးနှင့် ထိမ်းမြားဘူးလျှင် ထိုယောက်ျားအားပေးခြင်းဖြင့်၎င်း အကြောင်း ကြားစာကိုကြေငြာရမည်။ ချွင်းချက်- သို့ရာတွင် အကြောင်းကြားစာ မိတ္တူပေးခြင်း ခံရမည့်သူတစ်ဦး တစ်ယောက် ၏နေရပ်သည် မှတ်ပုံတင်အရာရှိ၏စီရင်ပိုင်ခွင့် အာဏာနယ်နမိတ်ပြင်ပတွင် ရှိလျှင် မှတ်ပုံတင်အရာရှိသည် မိတ္တူတစ်စောင်ကို ထိုသူထံ စာပို့တိုက်မှ Register ပြုလုပ်၍ဖြစ်စေ၊ လူလွတ် ၍  ဖြစ်စေ ပေးပို့နိုင်ပါသည်။
  မှတ်ပုံတင်အရာရှိသည် ပြဌာန်းထားသည့် ပုံစံပါ မူလအကြောင်းကြားစာအောက်ခြေရှိ သက်သေခံ လက်မှတ်တွင် ဆိုင်ရာအကြောင်းအရာများကို ရေးသွင်းရမည်။
    ၉။       ထိမ်းမြားရန်ကြံရွယ်ကြောင်း အကြောင်းကြားစာကို ပုဒ်မ ၆-အရ ပေးပြီးနောက် ၁၄ ရက်ကြာ သည့်အခါ  ဤအက်ဥပဒေတွင် နောက်၌ ဖော်ပြပါရှိသည့် နည်းလမ်းအတိုင်း ကြိုတင်ကန့်ကွက်ခြင်းမရှိလျှင် မှတ်ပုံတင် အရာရှိက သက်ဆိုင်သူ နှစ်ဦးကို ထိမ်းမြားပေးနိုင်သည်။
  ၁၀။     အကြောင်းကြားစာ ပေးထားသူတို့ ထိမ်းမြားလျှင် ပုဒ်မ ၅ တွင် ပြဌာန်းထားသည့် စည်းကမ်း တရပ်နှင့် ဖြစ်စေ၊ အများနှင့်ဖြစ်စေ၊ ဆန့်ကျင်မည်ဟူသော အကြောင်းပြချက်ဖြင့် မည်သူမဆို မှတ်ပုံတင် အရာရှိထံ လိပ်တပ်လျက် ထိုသူတို့အား ထိမ်းမြားခြင်းမပြုစေရန် စာရေးသားကန့်ကွက်နိုင်သည်။
  ၁၁။     (၁) ကန့်ကွက်လွှာရရှိသောအခါ မှတ်ပုံတင်အရာရှိသည် ကန့်ကွက်သူအား စီရင်ပိုင်ခွင့်အာဏာရ တရားရုံးသို့ ညွှန်ရမည့်ပြင် ထိမ်းမြားခြင်းကိုလည်း ထိုအခါ၌ ထိုတရားရုံးဖွင့်လှစ်သည့်နေ့မှ ၁၄ ရက်မျှ ရွှေ့ဆိုင်းထား ရမည်။ သို့ရာတွင် မှတ်ပုံတင်အရာရှိသည် ကန့်ကွက်သူက လျှောက်ထားသည့်အခါ လုံလောက်သော အကြောင်း တရပ်ရပ် ရှိသည်ဟု ထင်မြင်လျှင် ထိုသို့ထိမ်းမြားခြင်းကို နောက်ထပ် ၁၄ ရက် ထက်မပိုသော ကာလမျှ ထပ်မံရွှေ့ ဆိုင်းနိုင်သည်။
    (၂) ပုဒ်မခွဲ(၁)အရ စီရင်ပိုင်ခွင့်အာဏာ တရားရုံးသည် မှတ်ပုံတင်အရာရှိ၏ ရုံးတည်ရှိရာဒေသတွင် စီရင်ပိုင်ခွင့်ရှိသည့် မြို့နယ်တရားမ တရားရုံး၊ သို့တည်းမဟုတ် ရန်ကုန်မြို့တော် တရားမရုံးဖြစ်စေရမည်။
        ၁၂။     (၁) အကြောင်းကြားစာပေးထားသူတို့၌ ပုဒ်မ ၅ အရ ထိမ်းမြားနိုင်ခွင့် ရှိ မရှိ အမိန့်ချမှတ်ရန် စီရင် ပိုင်ခွင့်အာဏာရတရားရုံးသို့ ကန့်ကွက်သူက လျှောက်လွှာတင်သွင်းနိုင်သည်။
        (၂) တရားရုံးက ထိုလျှောက်လွှာရရှိကြောင်း သက်သေခံ လက်မှတ်တစ်စောင်ကို လျှောက်ထားသူ
အားပေးရမည်။
       (၃) (က) တရားရုံးပေးသည့် သက်သေခံလက်မှတ်ကို မှတ်ပုံတင်အရာရှိထံ ပုဒ်မ ၁၁၊ ပုဒ်မခွဲ(၁)အရ၊ ထိုအရာရှိခွင့်ပြုထားသည့် အချိန်ကာလအတွင်း တင်သွင်းလျှင် ထိုအကြောင်းကြားစာပေးထားသူ၌ ပုဒ်မ ၅ အရ၊ ထိမ်းမြားနိုင်ခွင့်ရှိသည်ဟူသောအမိန့်ကို တရားရုံးမှ မရသမျှကာလပတ်လုံး ထိုသူတို့ကို ထိမ်းမြားမပေးရ။
        (ခ ) ထိုသက်သေခံလက်မှတ်ကို မှတ်ပုံတင်အရာရှိထံ ထိုအရာရှိ ခွင့်ပြုထားသည့်အချိန်ကာလ အတွင်း မတင်သွင်းလျှင့် မှတ်ပုံတင်အရာရှိသည် သက်ဆိုင်သူ နှစ်ဦးက ထိမ်းမြားလိုမူ ထိမ်းမြားပေးရမည်။   
    (၄) တရားရုံးသည် လျှောက်လွှာတွင် ပါရှိသည့်အချက်များကို၎င်း၊ နှစ်ဘက်အမှုသည်များတင်ပြသည့် သက်သေခံချက်ကို၎င်း၊ အကျဉ်းချုပ်နည်းဖြင့် စစ်ဆေးကြားနာပြီးနောက် ထိုသူနှစ်ဦး၌ ပုဒ်မ ၅ အရ ထိမ်းမြားနိုင်ခွင့် ရှိ မရှိ ဆုံးဖြတ်ရမည့်ပြင် ထိုသို့ဆုံးဖြတ်သည့်အတိုင်းလည်း အမိန့်ချမှတ်ရမည်။ ထိုအမိန့်သည် အပြီးသတ်ဖြစ်ရမည်။
        (၅) တရားရုံးသည် မိမိချမှတ်သော အမိန့်၏ မိတ္တူတစောင်ကို မှတ်ပုံတင်အရာရှိထံချက်ချင်းပို့ရမည်။
      (၆) (က) ထိုသူနှစ်ဦး၌ ပုဒ်မ ၅ အရ ထိမ်းမြားနိုင်ခွင့်ရှိသည်ဟု တရားရုံးက အမိန့်ချမှတ်လျှင် မှတ်ပုံ တင်အရာရှိသည် ထိုသူတို့က ထိမ်းမြားလိုမူ ထိမ်းမြားပေးရမည်။
           (ခ ) ထိုသူနှစ်ဦး၌ ပုဒ်မ ၅ အရ ထိမ်းမြားနိုင်ခွင့်မရှိဟု တရားရုံးက အမိန့်ချမှတ်လျှင် မှတ်ပုံတင် အရာရှိသည် ထိမ်းမြားမပေးရ။
         
    ၁၃။     ကန့်ကွက်ခြင်းသည် မသင့်လျှော်သည့်အပြင် သဘောရိုးနှင့်ကန့်ကွက်ခြင်းလည်းမဟုတ်ဟု ပုဒ်မ ၁၂ အရ၊ လျှောက်လွှာတင်သွင်းရာ တရားရုံးထင်မြင်လျှင် ၅၀၀ိ/-ထက်မပို သည့် လျှော်ကြေးငွေကို လျှောက်ထားသူက ထိမ်းမြားမည့်သူနှစ်ဦးအား ပေးစေရန် စီရင်နိုင်သည်။
   ၁၄။     ဤအက်ဥပဒေအရ၊ ထိမ်းမြားခြင်းကို သဘောတူချက် ပေးရမည့်သူသည် စိတ်ပေါ့သွပ်နေလျှင် သို့တည်းမဟုတ် ထိုသို့သဘောတူချက် ပေးရမည့်သူ (မိဘမှတပါး)သည် လုံလောက်သောအကြောင်းမရှိဘဲ ထိမ်းမြား ခြင်းကို သဘောတူချက်မပေးလျှင် ထိမ်းမြားလို့သူတို့သည် စီရင်ပိုင်ခွင့်အာဏာရ တရားရုံး သို့ လျှောက်လွှာဖြင့် လျှောက်ထားနိုင်သည်။
          ထိုတရားရုံးသည် လျှောက်လွှာပါ အချက်များကို အကျဉ်းချုပ်နည်းဖြင့် စစ်ဆေးနိုင်သည်။ ထို့ပြင် စစ်ဆေးသောအခါ ထိုသူတို့၌ ပုဒ်မ ၅ အရ၊ ထိမ်းမြားနိုင်ခွင့်ရှိသည်ဟုထင်မြင်လျှင် ထိမ်ြး မားနိုင်ကြောင်း ကိုတရားရုံးကြေငြာရမည်။ ထိုကြေငြာချက်သည် သဘောတူချက်ပေးရမည့်သူက သဘောတူချက်ပေးပြီးဖြစ် ဘိသကဲ့သို့ အကျိုး သက်ရောက်ရမည်။
    ၁၅။     ပုဒ်မ ၉၊၁၂၊၁၄ တခုခုအရ ထိမ်းမြားသောအခါ မှတ်ပုံတင်အရာရှိသည် သက်သေနှစ်ဦးရှေ့တွင် သက်ဆိုင်သူတို့ကို ထိမ်းမြားပေးရမည်။ ထိုသက်သေတို့သည် ပုဒ်မ ၆ တွင် ရည်ညွှန်းထားသည့် ထိမ်းမြားမှု သက်သေခံမှတ်ပုံစာအုပ်တွင် အသိသက်သေအဖြစ် လက်မှတ်ထိုးရမည်။ ထိမ်းမြားခြင်းကို မည်သည့်နည်းဖြင့်မဆို ဆောင်ရွက်နိုင်သည်။ သို့ရာတွင် ထိမ်းမြားမည့်သူများသည် မှတ်ပုံတင်အရာရှိနှင့် သက်သေများရှေ့တွင် ထိုသူကို ကြားလောက်အောင် 'ကျွန်ုပ်တို့သည် တရားဝင်လင်မယား အဖြစ်ပေါင်း ဖက်ပါမည်' ဟူ၍ ပြောဆိုရမည်။
 ၁၆။     အထက်ပါအတိုင်း ထိမ်းမြားပြီးသည့်အခါ မှတ်ပုံတင်အရာရှိသည် သက်ဆိုင်သော အကြောင်း အရာ များကို ထိမ်းမြားမှုသက်သေခံစာအုပ်ဟု ခေါ်တွင်သည့် မှတ်ပုံစာအုပ်၌ မူရင်းထပ်တူလေးစောင်ရေး သွင်းရမည်။ ထို မှတ်ပုံစာအုပ်သည် ဤအက်ဥပဒေတွင် ပူးတွဲထားသည့် ဇယားပါပုံစံအတိုင်းဖြစ်စေရ မည့်ပြင်၊ ထိုမှတ်ပုံစာအုပ်တွင် ထိမ်းမြားသူတို့က၄င်း၊ သက်သေတို့က၄င်း၊ မှတ်ပုံတင်အရာရှိက၄င်း လက်မှတ်ထိုးရမည်။
 ၁၇။     (၁) မှတ်ပုံတင်အရာရှိသည် သက်သေခံလက်မှတ်တစောင်ကိုလင်အား၊ အခြားတစောင်ကို မယား အားပေးအပ်ရမည်။ အကယ်၍ မယားသည် အသက် ၂၀ မပြည့်သေးလျှင် သူ၏မိဘအား၊ သို့တည်းမဟုတ် အုပ်ထိန်း သူအား ပေးအပ်ရမည်။ တတိယတစောင်ကို ပုဒ်မခွဲ(၂)နှင့်အညီ ခရိုင်ဝန်ထံပို့၍ စတုတ္တတစောင် ကို သိမ်းထားရမည်။
       (၂) မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၆ အရ အကြောင်းကြားစာရရှိလျှင် ထိုအကြောင်းကြားစာကို၎င်း၊ ထိမ်းမြားမှုသက်သေခံလက်မှတ်တစောင်ကို၎င်း၊ ထိမ်းမြားခြင်းဆိုင်ရာ အခြားစာတမ်းအမှတ်အသား အရပ်အရပ်ကို ၄င်း ထိမ်းမြားသည့်နေ့မှ ရက်သတ္တပတ်အတွင်း ဆိုင်ရာခရိုင်ဝန်ထံသို့ မြို့နယ်အရာရှိမှ တဆင့် ပို့ရမည်။ ထို့ပြင် ဆိုခဲ့သည့် စာတမ်းအမှတ်အသားများကို ထိမ်းမြားမှုဆိုင်ရာ မှတ်ပုံစာအုပ်တွင် တွဲထားရမည့်ပြင်၊ ခရိုင်ဝန်ရုံးတွင် အမြဲ သိမ်းထားရမည်။
 ၁၈။     ထိမ်းမြားမှု သက်သေခံမှတ်ပုံစာအုပ်နှင့် ထိမ်းမြားခြင်းဆိုင်ရာ အခြားစာတမ်းအမှတ်အသားများကို သင့်တော်သည့်အခါများ၌ ကြည့်ရှုခွင့်ပြုရမည့်ပြင်၊ ထိုစာတမ်းအမှတ်အသားများ၏ တာဝန်ခံမိတ္တူများကိုရ လိုကြောင်း လျှောက်ထားသည့်အခါ ခရိုင်ဝန်သည် တော်လှန်ရေးကောင်စီဥက္ကဌ သတ်မှတ်ထား သည့်နှုန်း အတိုင်း အခငွေကို မိမိ အားလျှောက်ထားသူက ပေးဆောင်လျှင် ထုတ်ပေးရမည်။
၁၉။     ဤအက်ဥပဒေအရ၊ ထိမ်းမြားခြင်းနှင့်ဆိုင်သည့် စာတမ်းအမှတ်အသားများ၏ တာဝန်ခံမိတ္တူများ တွင်  ပါရှိသည့် အကြောင်းအရာများသည် မှန်သည်ဟု သက်သေခံအဖြစ် လက်ခံရမည်။  နောက်ထပ် သက်သေ ထင်ရှားပြ ရန် မလို။
၂၀။ (၁) ဗုဒ္ဓဘာသာဝင်မဟုတ်သည့်ယောက်ျားတဦးနှင့်ဗုဒ္ဓဘာသာဝင်မိန်းမတဦးတို့ င်းဖက်နေ ထိုင် ပြုမူကြပုံသည် အကယ်၍ ထိုသူနှစ်ဦးလုံး ဗုဒ္ဓဘာသာဝင်မြန်မာ လူမျိုးချည်ြး ဖစ် ခဲ့သော် ဗုဒ္ဓဘာသာ ဓမ္မသတ်အရ လင်မယားအရာမြောက်မည့်ပေါင်းဖက်နေ ထိုင်ပြုမူကြပုံ မျိုးဖြစ်လျှင် ထိုသူတို့သည် ထိုသို့ ပေါင်း ဖက်စကပင် ထိမ်းမြားခဲ့ကြ သည်ဟု မှတ်ယူရမည့်ပြင်၊ ထိုသူတို့သည် ဤအက်ဥပဒေအရ ထိမ်းမြား ခဲ့ကြသည်ဟုလည်း မှတ်ယူရမည်။
        (၂) ထိုလင်မယားသည် စတင်ပေါင်းဖက်သည့်နေ့မှစ၍ မည်သည့်အခါတွင်မဆို ဤအက်ဥပဒေအရ မှတ်ပုံတင်ရန် မှတ်ပုံတင်အရာရှိထံလျှောက်ထားနိုင်ပါသည်။ ထိုအခါ မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၅ အရ လိုအပ် သည့်အတိုင်း ထိုသူတို့ကို မိမိက ထိမ်းမြားပေးဘိသကဲ့သို့ ပုဒ်မ ၁၆ နှင့် ၁၇ တွင် သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ရမည်။
   (၃) ဤပုဒ်မပါပြဌာန်းချက်များသည် ပုဒ်မခွဲ(၁)၌ ဖော်ပြထားသည့် ပေါင်းဖက်နေထိုင်ပြုမူကြပုံမျိုးဖြင့် ဤအက်ဥပဒေ စတင်အာဏာမတည်မီ ခြောက်လကာလ အပိုင်းအခြားအတွင်း မည်သည့်အခါ တွင်မဆို ပေါင်းဖက် လျက်ရှိသည့် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဗုဒ္ဓဘာသာဝင်မဟုတ် သည့် ယောက်ျားတိုင်း အပေါ်၌ အာဏာသက်ရောက် ရမည်။
 ၂၁။     (၁) ဗုဒ္ဓဘာသာဝင်မိန်းမတဦးနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သည့်ယောက်ျားတစ်ဦးတို့သည် မိမိတို့၏ ထိမ်းမြားခြင်းကို မှတ်ပုံမတင်ဘဲ ပေါင်းဖက်လျက်ရှိလျှင် ထိုအကြောင်းကို ထိုမိန်းမနေ ထိုင်ရာဒေသတွင် စီရင်ပိုင်ခွင့် အာဏာ ရှိသည့် မှတ်ပုံတင်အရာရှိထံ ထိုမိန်းမကဖြစ်စေ၊ ထိုမိန်းမ၏အမိက သို့တည်းမဟုတ် အဘက သို့တည်းမဟုတ် အုပ်ထိန်းသူကဖြစ်စေ၊ အခြားဆွေမျိုးတော်စပ်သူ တဦးဦးကဖြစ်စေ သတင်းပေးနိုင်သည်။ မှတ်ပုံတင် အရာရှိသည် သတင်းပေးချက်ကို ရေးမှတ်ထားရမည် သို့တည်းမဟုတ် ရေးမှတ်ထားစေရမည်။ ထို့ပြင် ထိုသို့ရေးမှတ်ထားသည့် သတင်းပေးချက်အားလုံးကို သတင်းပေးသူက လက်မှတ်ထိုးရမည်။
 (၂) ထိုနောက် မှတ်ပုံတင်အရာရှိသည်ထို ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျားတို့ကို မိမိချိန်းဆိုသည့်နေ့ရက်တွင် မိမိထံလာရောက်ရန် ဆင့်ခေါ်ရမည်။ ထိုသူနှစ်ဦးလုံးက မိမိတို့၏ ထိမ်း မြားခြင်းကို မှတ်ပုံတင်လိုလျှင် မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၅ အရ လိုအပ်သည့်အတိုင်း ထိုသူတို့ကို မိမိက ထိမ်းမြားပေးသကဲ့သို့ ပုဒ်မ ၁၆ နှင့် ၁၇ တွင် သတ်မှတ်ထား သည့်အတိုင်းဆောင်ရွက်ရမည်။ အကယ်၍တဦးဦးက ဖြစ်စေ၊ နှစ်ဦးလုံးကဖြစ်စေ မိမိတို့၏ထိမ်းမြားခြင်းကို မှတ်ပုံမတင်လိုလျှင် မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၅ အရ လိုအပ်သည့်အတိုင်း ထိုသူတို့ကို မိမိက ထိမ်းမြားပေးဘိသကဲ့သို့ ပုဒ်မ ၁၆ နှင့် ၁၇ တွင် သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ရမည်။ အကယ်၍ တဦးဦးကဖြစ်စေ နှစ်ဦးလုံးကဖြစ်စေ မိမိတို့၏ထိမ်းမြားခြင်းကို မှတ်ပုံမတင်လိုလျှင် သို့ တည်းမဟုတ် မလာရောက်လျှင် ထိုမှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၁ တွင် ရည်ညွှန်းထားသည့် အစီရင်ခံစာပေးပို့ရ မည်။ (၃) အခြားတည်ဆဲတရားဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူ ထိုတရားရုံးသည် အစီရင်ခံစာ ရရှိ သောအခါ ထိုအမှုသည် နည်းလမ်းတကျစွဲဆိုသည့် တရားမမှု ဖြစ်ဘိသကဲ့သို့ ပုဒ်မခွဲ(၄) တွင် ဖော်ပြ ထား သည့် နှစ် ဘက်အမှုသည်များကို၎င်း ထိုသူတို့ တင်ပြချက် အသက်သေခံချက် ကို၎င်း အကျဉ်းချုပ်နည်း အားဖြင့် စစ်ဆေး ကြားနာပြီးနောက် ထိုမိန်းမနှင့် ထိုယောက်ျားတို့သည် ပုဒ်မ ၂၀၊ ပုဒ်မခွဲ(၁)၏ အဓိပ္ပါယ် အရ လင်မယားဟုတ်မဟုတ် ဆုံးဖြတ်ရမည့်ပြင် ဆုံးဖြတ်သည့်အတိုင်း အမိန့်ချမှတ်ရမည်။ တရားရုံးသည် စရိတ်နှင့်စပ်လျဉ်း၍ မိမိသင့်တော်သည် ထင်မြင်သည့်အမိန့်ကို ချမှတ်နိုင်သည်။
(၄) (က) တဦးဦးက ထိမ်းမြားခြင်းကို မှတ်ပုံတင်မလိုသည့် အမှုတွင် မှတ်ပုံတင်လိုသူအား တရားလိုဟူ၍၄င်း မှတ်ပုံမတင်လိုသူနှစ်ဦးအား တရားခံဟူ၍၄င်း မှတ်ယူရမည်။
   (ခ ) နှစ်ဦးလုံးက ထိမ်းမြားခြင်းကို မှတ်ပုံမတင်လိုသည့်အမှုတွင် ဆိုင်ရာသတင်းပေးသူအား တရားလို ဟူ၍၄င်း မှတ်ပုံမတင်လိုသူနှစ်ဦးအား တရားခံဟူ၍၄င်း မှတ်ယူရမည်။
(၅) တရားရုံးသည် မိမိချမှတ်သောအမိန့်၏ မိတ္တူတစောင်ကို မှတ်ပုံတင်အရာရှိခံသို့ ချက်ခြင်းပေးပို့ ရမည်။
(၆) တရားရုံးက ထိုယောက်ျားနှင့် မိန်းမတို့သည် ပုဒ်မ ၂၀ ၊ ပုဒ်မခွဲ (၁)၏ အဓိပ္ပါယ်အရ လင် မယား ဖြစ်သည်ဟု ဆုံးဖြတ် လျှင် မှတ်ပုံတင်အရာရှိသည် ထိုတရားရုံး၏ အမိန့်အတိုင်း ထိမ်းမြားမှု သက်သေခံ မှတ်ပုံတင် စာအုပ်တွင် လိုအပ်သည့် ပြင်ဆင်ချက်များပြု၍ ထိုမှတ်ပုံတင်စာအုပ်တွင် သက် ဆိုင်သည့် အကြောင်း အရာများကို မူရင်းထပ်တူလေးစောင်ရေသွင်းရမည်။ ထို့ပြင် မှတ်ပုံတင် အရာရှိသည် ထိုမှတ်ပုံတင်စာအုပ်တွင် လက်မှတ်ထိုးပြီး နောက် ပုဒ်မ ၁၇ တွင် သတ်မှတ်ထား သည့် အတိုင်း ဆောင်ရွက်ရမည်။
 (၇)  မြို့နယ်တရားမ တရားရုံးမှ ချက်မှတ်ထားသော အမိန့်ကို ထိုရုံးတည်ရှိရာဒေသတွင် စီရင်ပိုင်ခွင့်ရှိ သည့် တရားရုံး၌ အယူခံခွင့် ရှိစေရမည်။ ရန်ကုန်မြို့တော်တရားမရုံးမှ ချမှတ်သောအမိန့်ကို တရားရုံးချုပ် ၌အယူဝင်ခွင့်ရှိစေ ရမည်။ အယူခံမှုတွင် ခရိုင်တ၇ားမရုံးက သို့တည်းမဟုတ် တရားရုံးချုပ်က ချမှတ်သောအမိန့်သည် အပြီးသတ်ဖြစ်ရ မည်။
 ၂၂။ ဗုဒ္ဓဘာသာဝင်မဟုတ်သည့်ယောက်ျားက ဗုဒ္ဓဘာသာဝင်မိန်းမကို ထိမ်းမြားရန်ကတိပြုလျှင် ထိုယောက်ျားသည် ထိုမိန်းမကို ဤအက်ဥပဒေအရ ထိမ်းမြားရန်ကတိပြုမည်ဟု မှတ်ယူရမည်။
   ၂၃။     ဟိန္ဒဘာသာ ဆိ(ခ်)ဘာသာ၊ ဂျိန္ဒဘာသာအရပ်ရပ်ကို ကိုးကွယ်သော ပစ္စည်းမခွဲဝေရသေးသည့် အိမ်ထောင်သားစုဝင် တစ်ဦးတစ်ယောက်သည် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဤအက်ဥပဒေအရ ထိမ်းမြားလျှင် သို့တည်း မဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခြင်းခံရလျှင် ထိုသူသည် ထိုအိမ်ထောင်သားစုမှ ခွဲခွာပြီဟု မှတ်ယူရမည်။ ထို့ပြင် ပစ္စည်းခွဲဝေခြင်းမပြုမီ ထိုသူသေဆုံးလျှင် ထိုသူပိုင်သည့် ဆိုင်ရာဆိုင်ခွင့်သည် ထိုသူ၏မယားနှင့် သားသမီးများသို့ သက်ရောက်ရမည်။
 ၂၄။     (၁) ဤအက်ဥပဒေအရ ထိမ်းမြားသူတို့၏ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခြင်းခံ ရသူတို့ ၏ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် စပ်လျဉ်းသော ကိစ္စအားလုံးကို ထိုသူတို့နှင့် ထိုသူတို့မိသားစုအားလုံးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်းဖြစ်ဘိသကဲ့သို့ ဗုဒ္ဓဘာသာဓမ္မသတ်အတိုင်း ဆုံးဖြတ်ရမည်။
             (၂) ဤပုဒ်မနှင့် ပုဒ်မ ၂၆ ပါ ကိစ္စများအလို့ငှာ မိသားစုဆိုသည့် စကားရပ်တွင် တရားဝင်လင် တရားဝင်မယား သို့တည်းမဟုတ် မယားများနှင့်တရားဝင်သားသမီးများပါဝင်ရသည်။
 ၂၅။     (၁) လင်မယားကွာရှင်းမှုကိစ္စ၊ ပစ္စည်းခွဲဝေမှုကိစ္စ၊ သားသမီးထိန်းသိမ်းမှုကိစ္စတို့ဆိုင်ရာ ဗုဒ္ဓဘာသာ ဓမ္မသတ်၏ ပြဌာန်းချက်များသည် ဤအက်ဥပဒေအရ ထိမ်းမြားကြသူတို့အပေါ်သို့ သို့တည်းမဟုတ် ထိမ်းမြားခဲ့ကြ သည်ဟု မှတ်ယူခြင်းခံရသူတို့အပေါ်သို့ ထိုသူတို့သည် ဗုဒ္ဓဘာသာဝင်မြန်မာ လူမျိုးခြင်း ဖြစ်ဘိ သကဲ့သို့ အာဏာသက် ရောက်ရမည်။ ချွင်းချက်၊   ၊ သို့ရာတွင် တရားဥပဒေကဲ့သို့ အာဏာရှိသော ဘာသာရေးဓလေ့ ထုံးစံတခုကဖြစ်စေ၊ ထိုသို့သော ဘာသာရေး ဓလေ့ထုံးစံကို အကျိုးသက်ရောက်စေသည့် တရားဥပဒေတခုခုကဖြစ်စေ၊ ဗုဒ္ဓဘာသာဝင် မဟုတ် သည့် ယောက်ျားတစ်ဦး အား ဗုဒ္ဓဘာသာဝင်မိန်းမတစ်ဦးနှင့် လင်မယားအဖြစ် ပေါင်းဖက်နေခြင်းကို ခွင့်မပြုသည့် အကြောင်းကြောင့် ထိုယောက်ျားက ထိုမိန်းမကိုကွာရှင်းလိုလျှင် ကွာရှင်းနိုင်သည်။ ထိုအကြောင်းကြောင့် ထိုယောက်ျားက ထိုမိန်းမကို ကွာရှင်းလိုလျှင် သို့တည်းမဟုတ်စွန့်ခွာလျှင် သို့တည်းမဟုတ် ကိုယ်ထိ လက်ရောက် ညှင်းပန်းနှိပ် စက်ရာ ရောက်သည်ဖြစ်စေ ၊ မရောက်သည်ဖြစ်စေ ရက်စက်သည့် အပြုအမူ အား စိတ်ဆင်းရဲအောင်ပြုလျှင် အဆိုပါဓလေ့ထုံးစံက သို့တည်းမဟုတ် တရားဥပဒေက မည်သို့ပင် ဆိုစေကာမူ-
     (က) ထိုယောက်ျားသည် နှစ်ဦးပိုင်ပစ္စည်းများမှ မိမိရထိုက်သောအစုကို စွန့်လွတ်ရမည့်အပြင် ဗုဒ္ဓဘာသာမိန်းမအား လျော်ကြေးပေးရမည်။
             (ခ ) ဗုဒ္ဓဘာသာဝင်မိန်းမသည် သားသမီးများအားလုံးကို ထိန်းသိမ်းခွင့်ကိုရရှိရမည်။ ထို့အပြင်-
             (ဂ) ထိုသူသည် အရွယ်မရောက်သေးသည့် သားသမီးများအတွက် ခလေးစရိတ်ပေးရမည်။
(၂) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သည့် ဗုဒ္ဓဘာသာဝင်မဟုတ်ခဲ့သော မိန်းမတစ်ဦးသည် ဗုဒ္ဓဘာသာ ၀င် မဟုတ်သည့်ယောက်ျားနှင့် လင်မယားအဖြစ်ပေါင်းဖက်နေစဉ် ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်လျှင် ထိုသူတို့သည် ဤအက်ဥပဒေအရ ထိမ်းမြားကြဘိသကဲ့သို့ ပုဒ်မ၂၄ နှင့် ပုဒ်မ ၂၅ (၁) ပါပြဌာန်းချက်များ သည် ထိုသူ တို့နှင့်သက်ဆိုင်ရမည်။ ချွင်းချက် ၊ ၊ သို့ရာတွင် ထိုမိန်းမသည် ဗုဒ္ဓဘာသာသို့ကူးပြောင်းကိုး ကွယ်သည့်အခါ တရား ဥပဒေကဲ့သို့ အာဏာရှိသော ထိုယောက်ျား၏ ဘာသာရေးထုံးစံတခုခုကဖြစ်စေ ထိုသို့သော ဘာသာရေး ဓလေ့ထုံးစံ ကို အကျိုးသက်ရောက်စေမည့် တရားဥပဒေတခုခုကဖြစ်စေ ထိုယော က်ျား အားဗုဒ္ဓဘာသာဝင်မိန်းမနှင့် လင်မယား အဖြစ် ပေါင်းဖက်နေခြင်းကို ခွင့်မပြုသည့် အကြောင်းကြောင့် ကွာရှင်းလိုသော် ထိုမိန်းမသည် ဗုဒ္ဓဘာသာသို့ ကူး ပြောင်းကိုးကွယ်သည့်နေ့မှ သင့်လျှော် သည့် ကာလ အပိုင်း အခြားတွင် ထိုယောက်ျားကဖြစ်စေ ထိုမိန်းမကဖြစ်စေ ကွာရှင်းနိုင်သည်။ ထိုအကြောင်းကြောင့်-
      (က) ထိုယောက်ျားက ထိုမိန်းမကို ကွာရှင်းလျှင်-
   -  ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်ခြင်းမပြုမီက ထိုမိန်းမနေထိုင်ရသည့် အတန်းအစား အခြေ အနေ အောက်မလျော့သော အတန်းအစားအခြေအနေတွင် ဆက်လက်နေထိုင်နိုင်အောင် လုံလောက် သည့် လစဉ်စရိတ်ကို ထိုမိန်းမနောက်ထပ်ထိမ်းမြားခြင်းမပြုသမျှကာလပတ်လုံး ထိုယောက်ျားက ထိုမိန်းမ အားပေးရမည်။
 -  ထိုမိန်းမဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်ခြင်းမပြုမီက ထိုမိန်းမတစ်ဦးတည်းပိုင်ဖြစ်သော ပစ္စည်းအား လုံးကို ထိုမိန်းမရပိုင်ခွင့်ရှိရမည်။ သို့သော်လည်း ထိုသို့ကူးပြောင်းကိုးကွယ်ခြင်းမပြုမီက ထိုယောက်ျား တစ်ဦးတည်းပိုင် ဖြစ်သော မည်သည့်ကိစ္စကိုမျှ ထိုမိန်းမရရှိခွင့်မရှိစေရ
  -  ထိုမိန်းမသည် အရွယ်မရောက်သေးသည့် သားသမီးအားလုံးထိန်းသိမ်းခွင့်ကို ရရှိရမည်။ ထို့အပြင်
  -  ထိုယောက်ျားသည် အဆိုပါအရွယ်မရောက်သေးသည့် သားသမီးများအတွက် ကလေးစရိတ်ပေးရ မည်။
    (ခ) ထိုမိန်းမက ထိုယောက်ျားကိုကွာရှင်းလျှင်-
 -  ထိုမိန်းမက ဗုဒ္ဓဘာသာသို့ ကူးပြောင်း ကိုးကွယ်ခြင်းမပြုမီက၊ ထိုမိန်းမတဦးတည်းပိုင်ဖြစ်သော ပစ္စည်း မှ  တပါး ထိုယောက်ျားတဦးတည်းပိုင်သော မည်သည့်ပစ္စည်းကိုမျှ ထိုမိန်းမရခွင့်မရှိစေရ။
  -        ထိုမိန်းမသည် အရွယ်မရောက်သေးသည့် သားသမီးအားလုံးထိန်းသိမ်းခွင့်ရရှိရမည်။
 -        ထိုယောက်ျားသည် အဆိုပါအရွယ်မရောက်သေးသည့် သားသမီးများအတွက် ခလေးစရိတ်ပေးရ မည်။ ရှင်းလင်းချက်။   ။ ဤပုဒ်မပါ ဘာသာရေးဓလေ့ထုံးစံဆိုသည့်စကားရပ်၌ ဘာသာဆိုသည်မှာ ဗုဒ္ဓဘာသာဝင် ဖြစ်သည့်မိန်းမနဲ့ ပေါင်းဖက်သည်မှစ၍ ထိုမိန်းမ၏လင်ယောက်ျားအစဉ် တစိုက်ကိုးကွယ် သည့် ဘာသာဆိုလိုသည်။
   (၃)     ဤပုဒ်မပါ ပြဌာန်းချက်များသည် အက်ဥပဒေစတင် အာဏာမတည်မီက ခြောက်လအတွင်း ဗုဒ္ဓဘာသာဝင်မိန်းမနဲ့ ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင်မဟုတ်သည့် လင်ယောက်ျားတို့ဖြစ်ပွားသော (အာဏာရ တရားရုံးက ဒီကရီချမှတ်ပြီးသည့် လင်မယားကွာရှင်းမှုကိစ္စမပါ) လင်မယားကွာရှင်းမှုကိစ္စ သို့မဟုတ် ဗုဒ္ဓဘာသာဝင်မိန်းမကို စွန့်ခွာသွားသည့်ကိစ္စ သို့မဟုတ် ကိုယ်ထိလက်ရောက်ညှင်း ပန်းနှိပ် စက်ရာရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ ရက်စက်သည့်အပြုအမူအားဖြင့် စိတ်ဆင်း ရဲအောင် ပြုလုပ်သည့်ကိစ္စအားလုံးနှင့် သက်ဆိုင်ရမည်။
 ၂၆။     ဤအက်ဥပဒေအရ ထိမ်းမြားကြသူတို့၏ သို့တည်းမဟုတ် ထိမ်းမြားခဲ့ကြသည်ဟု မှတ်ယူခြင်းခံရ သူ တို့၏ အမွေဆက်ခံမှုနှင့် စပ်လျဉ်းသည့်ကိစ္စအားလုံးကို ထိုသူတို့နှင့် ထိုသူတို့၏မိသား စုအား လုံးသည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးချည်းဖြစ်ဘိသကဲ့သို့ ဗုဒ္ဓဘာသာ ဓမ္မသတ်အတိုင်း ဆုံးဖြတ်ရမည်။
၂၇။     ဤအက်ဥပဒေအရ ထိမ်းမြားလျှင် သို့တည်းမဟုတ် ထိမ်းမြားသည်ဟု မှတ်ယူခြင်းခံရလျှင် ထိုသူနှစ် ဦးမှ ဖွားမြင်သော သားသမီးများသည် တရားဝင် သားသမီးများဖြစ်သည် ဟုတ် မှတ်ယူရမည်။
 ၂၈။     မည်သူမဆို မဟုတ်မမှန်သည်လည်းဖြစ်၍ မဟုတ်မမှန်ဟု မိမိသိသည်လည်းဖြစ်သော သို့မဟုတ် ယုံကြည်သည်လည်းဖြစ်သော ဖော်ပြချက်ပါရှိသည့် (ဤအက်ဥပဒေအရ ပြဌာန်းထားသော) ထုတ်ဖော်ချက် ကို၎င်း၊ ထိုသို့သော သက်သေခံ လက်မှတ်ကိုသော်၎င်း ပြုလုပ်လျှင် သို့မဟုတ် လက်မှတ်ထိုးလျှင် သို့မဟုတ် မှန်ကန်ကြောင်း သက်သေခံလျှင် ထိုသူသည် ရာဇသတ်ကြီးပုဒ်မ ၁၉၉ အရ ပြစ်မှုကျူးလွန်သည်ဟူ၍ မှတ်ယူရမည်။
  ၂၉။     မည်သည့်မှတ်ပုံတင်အရာရှိမဆို-
  (၁) ဆိုင်ရာအကြောင်းကြားစာရရှိလျှင် ထိုအကြောင်းကြားစာကို ပုဒ်မ ၈ အရ ကြေငြာခြင်းမပြုဘဲ သို့မဟုတ်-
     (၂) ဆိုရာအကြောင်းကြားစာကို မိမိရရှိပြီးနောက် ၁၄ ရက်အတွင်း သို့တည်းမဟုတ်-
   (၃) ထိမ်းမြားမည့် မိန်းမသည် အသက် ၂၀ မပြည့်သေးလျှင် ထိုမိန်းမ၏မိဘထံမှ ဖြစ်စေ ၊ မိဘသေ ဆုံးလျှင် အုပ်ထိန်းသူထံမှဖြစ်စေ လိုအပ်သည့် သဘောတူချက်ကိုရရှိပြီးမဟုတ်ဘဲ သို့တည်းမဟုတ်
  (၄) ပုဒ်မ ၁၁ ပုဒ်မခွဲ(၁)၊ ပုဒ်မ ၁၂ ပုဒ်မခွဲ (၃) အပိုဒ်(က)၊ ပုဒ်မ ၁၂ ပုဒ်မခွဲ (၆) အပိုဒ် (ခ) တခုခုပါ ပြဌာန်းချက်များနှင့် ဆန့်ကျင်၍ သိလျက်နှင့် တမင်ဤအက်ဥပဒေအရ ထိမ်းမြားပေးလျှင် ထိုအရာရှိ သည် တနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ၅၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ခြင်းခံထိုက်စေရမည်။
  ၃၀။     တော်လှန်ရေးကောင်စီဥက္ကဌသည် ဤအက်ဥပဒေပါကိစ္စများကို ဆောင်ရွက်ရန်အလို့ငှာ နည်း ဥပဒေ များပြုနိုင်သည်။
 ၃၁။   ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ (၁၉၃၉ ခုနှစ်၊ မြန်မာနိုင်ငံ အက်ဥပဒေအမှတ်၂၄)ကို ဤ အက်ဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
  
 

အထက်ဖော်ပြပါ အက်ဥပဒေအရ အခြားသော တည်ဆဲဥပဒေများ၊ ဓလေ့ထုံးထမ်းများနှင့် ဤဥပဒေပြဌာန်း ချက်များသည် မည်သို့ပင် ဆန့်ကျင်စေကာမူဤအက်ဥပဒေက လွှမ်းမိုး၍ ဘာသာခြားယောက်ျားတိုင်းအပေါ် အာဏာ သက်ရောက်စေပေသည်၊ ဤအက်ဥပဒေ၏ အရေးကြီးလှသော ပြဌာန်းချက်မှာ ပုဒ်မ ၂၀ ဖြစ်၍ ဘာသာခြား ယောက်ျားနှင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့၏ ပေါင်းဖက်နေထိုင်ပြုမူကြခြင်းသည် ဗုဒ္ဓဘာသာ ထုံးထမ်းအရ နေထိုင် ခြင်းမျိုးဖြစ်ပါက ၄င်းတို့ ပေါင်းသင်းချိန်ကပင်လျှင် ထိမ်းမြားလက်ထပ်ခဲ့ သည်ဟု မှတ်ယူရသည့်အပြင် ၄င်းတို့ပေါင်း သင်းချိန်ကပင်လျှင် ထိမ်းမြားလက်ထပ်ခဲ့သည်ဟု မှတ်ယူရသည့် အပြင် ၄င်းတို့စတင်ပေါင်းသင်းချိန်ကပင်လျှင်ထိမ်းမြားလက်ထပ်ခဲ့သည်ဟုမှတ်ယူရသည့်အပြင် ၄င်းတို့စတင်ပေါင်း ခဲ့ သည့် နေ့မှစ၍ မည်သည့်အခါမဆို ဤအက်ဥပဒေ အရ မှတ်ပုံတင်နိုင်ခွင့်ရှိသည့် ပြဌာန်းချက်ဖြစ်သည်။ ၄င်းပြင် ပုဒ်မ ၂၅ တွင်လည်း ဤအက်ဥပဒေအရ ထိမ်းမြား ကြသူ (သို့) ထိမ်းမြားခဲ့ကြသည်ဟု မှတ်ယူခြင်း ခံရသူများ၏ လင်မယားကွာရှင်းမှု၊ပစ္စည်းခွဲဝေမှု၊သားသမီးထိန်းသိမ်းမှုများ တွင် မြန်မာဓလေ့ထုံးထမ်းဥပဒေ အရ ဆုံးဖြတ်ရမည်ဟု လည်း ပြဌာန်းထားပေသည်။ ၄င်းပုဒ်မ၏ ချွင်းချက်တွင် ဘာသာခြင်းယောက်ျားက ကွာရှင်းလိုခြင်း (သို့) စွန့်ခွာခြင်း (သို့) ညှင်းပန်းနှိပ်စက်ခြင်းပြုပါက ၄င်းယောက်ျားသည် နှစ်ဦးပိုင်ပစ္စည်းမှ မိမိရပိုင်ခွင့်အစုကို စွန့်ရမည့်ပြင် မိန်းမအားလျော်ကြေးပေးရမည်ဟု၎င်း၊ မိန်းမသည် သားသမီး ထိန်းသိမ်းခွင့်ကိုရရှိမည်ဟု၎င်း၊အရွယ်မရောက်သူကလေးများအား စားစရိတ်ပေးခြင်း၊  ပြုရမည်ဟု၎င်း၊ ပြဌာန်းထား ပေသည်။ ၄င်းပြင် ဤအက်ဥပဒေတွင် ဘာသာခြင်းနှင့်လက်ထပ်ခြင်းကို ကန့်ကွက်ပိုင်ခွင့် မည်သို့လက်ထပ်လျှင် တရားဝင်ခြင်း စသည့် ပြဌာန်းချက်များ လည်း ပါရှိသည်ဖြစ်ရာ၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတိုင်း ဤအက်ဥပဒေကို ကျေညက်စွာ နားလည်သဘောပေါက်သင့်ပေသည်။ မိမိတို့ နားလည်သည်နှင့်အမျှ ဘာသာခြား နှင့် လက်ထပ်ကြသော အမျိုးသမီးများကိုလည်း ဤအက်ဥပဒေပါပြဌာန်းသည့် ခံစားခွင့်များကို တဆင့်ပြန်လည် ဖောက်သည်ချခြင်းဖြင့် အကျိုးခံစားခွင့်များ ရရှိနိုင်ကြမည်ဖြစ်ပေသည်၊ အချုပ်အားဖြင့် ဤအက်ဥပဒေသည်၊ နှစ်ပေါင်းများစွာ အနစ်နာခံခဲ့ကြရသော ဘာသာခြားယောက်ျားနှင့် အကြောင်း အမျိုးမျိုးကြောင့် လက်ထပ်ခဲ့ကြသည့် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများအတွက် ရသင့်ရထိုက်သော အခွင့်အရေး များကို မြန်မာ့ဓလေ့ထုံးထမ်းနှင့်အညီ မဆုံးရှုံး မနစ်နာစေရန် ဥပဒေဖြင့် တိတိ ကျကျ ပြဌာန်း ချက်တရပ် ပင်ဖြစ်ပေသည်။

         
မမသီရိ
၂၉ ဇွန် ၂၀၁၂