Friday, December 05, 2008

နောင်တ မဲ့သော

ပန်းကလေး
အလှမ်းမဝေးပါဘူး...
သခင်
အလိုရှိတယ် ဆိုရင်ဖြင့်..
လှမ်းဆင့်လို့ချွေ
ကမ်းလင့်လို့နေရုံနဲ့
ကြွေပါ့ မယ်..
မောင့်ခြေရင်းမှာ..
ဝပ်စင်းလို့လေ....
.......
မျိုးမမှန်..
ဖိုး မတန်တဲ့ ပန်းရယ်လို့
သခင်..
အထင်တော် လွဲပါနဲ့
..
ချစ်လွန်း လို့ပါ..
...
တစ်သက် တစ်ခါ
ပွင့်လာတဲ့ ချစ်ပန်း..
သခင် မနမ်း..
လက်မကမ်း ချင်လဲ လေ..
ဝေပါရစေ..
ရင်တွင်းမှာ နေပစေပေါ့..
သခင် ရယ်...
လွမ်း တ စွာနဲ့.....။

မမသီရိ

Friday, November 21, 2008

ချစ်သမီး အလိမ္မာ

သမီးလေး ရေ..
လွန်ခဲ့တဲ့ ၁၄ နှစ်
နှင်းတွေ နဲ့ မိုးတွေ နဲ့
ဒွေးရော ယှက်တင်.. ကမ္ဘာမြေပြင်မှာ
ရော နေတဲ့ ညနက်နက် တစ်ခုမှာ
မေ့ သမီးလေး..
မေမေ့ဆီ ရောက်ခဲ့ တာပေါ့..
....
သောက်ရှူး ကြယ်စင်လို..
လင်းလက်တဲ့ မျက်ဝန်း အစုံ နဲ့
လောကထဲ ကို ထိုးခွဲ ကြည့် ဘို့..
မေမေ့ ဘေးနား သမီးလေး ရောက်ခဲ့ တာနော်...
.......
မေမေ ပျော်ရင် ပျော်
မေမေ ငို ရင် ငို..
မေမေ မဲ့ တော့ မဲ့
မေမေ တွေ ဝေနေတဲ့ အခါမျိုး မှာလဲ
မေမေ့ ဘေးနား သမီးလေး.
အားပေးနေခဲ့တာ ပေါ့..။
...
မကြာတော့ တဲ့ ကာလ တစ်ခုမှာ
မေ့ သမီး..
လောကကြီးထဲ တိုး ၀င် ဘို့
မေမေ့ ရင်ခွင် ကို
စွန့်ခွာ သွားတော့မှာ..
မေမေ ရင် ဆိုင် ရတော့မယ် မီး ရယ်...
............
တစ်ကယ်တော့ သမီး ဟာ..
မေမေ့ ရဲ့ခွန်အား
မေမေ့ရဲ့ ထီးကလေး
မေမေ့ အပေါ် နားအလည်ဆုံး..
မေမေ့ အတွက် အရာရာ ခံ စားပေ ခဲ့ တာ..
ကျေးဇူး တင်ပါ တယ် မီး ရယ်...။
.....
မေ့ သမီးရွက် လွှင့်တော့ မယ့် ရက်တွေ အတွက်
မေမေ တင် ကြို သတ္တိတွေ မွေး နေခဲ့ ပြီ..
မေ့အနား က ခွာသွားတော့ မဲ့ မေ့ သမီး အတွက်
မေမေ ကြို တင် လွမ်း ဆွတ်နေရပြီ...
လောက အလယ် မွှေးပျံ့ လာမဲ့
မေမေ့ ပန်းပွင့် လေး အတွက် ..
မေမေ တင်ကြို ကြည် နူးနေခဲ့ပြီ..။
....
မေ့ သမီးဟာ
မေမေ့ အတွက် တော့
အဖိုးမဖြတ်နိုင်တဲ့ ရတနာ
မေမေ့ အတွက် အမြဲ လိမ္မာပေးခဲ့ တာ..
ကျေးဇူး ပါ သမီးလေး ရယ်...။
(၂၀.၁၁.၂၀၀၈ မှာ ကျရောက် တဲ့ ချစ် သမီး..`အလိမ္မာ` ရဲ့ ၁၄ နှစ်ပြည့် မွေးနေ့အတွက်..)
မမသီရိ. (၂၁.၁၁.၂၀၀၈)

Thursday, November 20, 2008

သံသယ တမ်းခြင်း


တဖျောက်ဖျောက်နဲ့

အိမ်အမိုးထက်. ဆော့လျက်သက်ဆင်း

နှင်းပွင့်ခြေသံ နာခံနေရင်း

ဆုံခဲ့ တဲ့ အကြောင်းပြန်ပြောင်း စဉ်းစား

လွမ်း သင့်သလား လို့လေ.....။


တချက်ချက်နဲ့..

နာရီလက်တံ.. သန်းခေါင်ယံကို..

စည်းချက်မှန်မှန်...ဖြတ်ဆန်ကျော်သွား

...

အိပ်မပျော်ပဲ အတွေးထဲမှာ

အိပ်ပျော်နေလဲ.အိပ်မက်ထဲမှာ

...

အကြင်နာ ထဲ အရောင်တွေ ကဲ သလား

ရက်စက်မညှာ ချွေကာသွားမလား

အပျော်သဘောလား

ရိုးရိုး လားလေ..

သံသယတွေ ရင်မှောဝေဆဲ....။


ကံကြမ္မာရယ်..ဘယ်လိုကြောင့်များ

ရေစက်ကယ် ကြုံ ဆုံစေခဲ့လဲ..

ငြိုး အတေးများ ရေး မှတ်ထားသလား..

ရင်မဆန့်အောင် ပိတ်လှောင် အလွမ်း

နွမ်းလျ မပြေ ဆယ်နေ ပူကဲ

ခံစားချက်များ နှလုံးသားထဲ..

တင်းကျပ် မွန်းလျက်ပါပဲ လေ....။ ...။


မမသီရိ

Thursday, November 13, 2008

တဂိုး၏ အချစ် စာစုများ

တစ်ကယ် တမ်းပြောရရင် ဒီအကြောင်းအရာနဲ့ ဒီစာစုလေးကို ဖေါ်ပြဘို့ အချိန်အတော်လေး ယူခဲ့ရပါ တယ်..။ မြန်မာ ဘလော့ဂ်ဂါ လောကလေး ကို ကျွန်မ တတ်နိုင်သလောက် လေ့လာကြည့်တော့ အများစု က တစ်ကယ့်ကို ရည်ရွယ်ချက်ကောင်း.. အတွေး အခေါ် ကောင်း.. ခံစားမှုကောင်း.. တင်ပြမှု ကောင်းလေးတွေနဲ့ ကြိုးစား ပမ်းစား ရေးသာ တင်ပြထားတာတွေ တွေ့ရတော့ ကိုယ့်ကိုကိုယ် အားငယ်မိပါတယ်..။

အချိန် အတော်ကြာ စဉ်းစားပြီး တဲ့ နောက် မှာ တော့
ဟိုမရောက် ဒီမရောက် ..ကဘောက်တိ ကဘောက်ချာ.. မတောက် တစ်ခေါက်လေး နဲ့.. မြန်မာ ဘလော့ဂါ လောကထဲ မရဲ တရဲ တိုးဝင်မိချင် တဲ့ အတွက် ဘယ်သူ ကမှ ရယ်ပွဲ မဖွဲ့ လောက်ဖူးရယ် လို့ ဇွတ် အားတင်းပြီးတော့ ..
ငယ်ငယ် တုန်းက အမြတ်တနိုး ၀ယ် ယူ သိမ်းဆည်းဖူး တဲ့ ရာဘင်ဒြာနသ်တဂိုး .. တဂိုးစာနုယဉ် ဆိုတဲ့စာအုပ်ထဲ က နှစ်သက် ခံစားမိတဲ့ စာစု တစ်ချို့ ကို ပြန်လည် မျှဝေလိုက်တာဖြစ်ပါတယ်.. ။
ကျမဆီမှာ ခုလက်ရှိနေတဲ့ စာအုပ်က စာပေလောက စာအုပ်တိုက်က ၁၉၉၈ မှာ ဆဌမ အကြိမ် ပြန်လည်ပုံနှိပ်တဲ့ ၁၉၇၆ သြဂုတ်လ က တည်းဖြတ်ထုတ်ဝေခဲ့တဲ့ စာအုပ် ပါ...။ ပါဝင် ဘာသာပြန်ဆိုသူတွေ က မိုးမိုး (အင်းလျား) ၊ မောင်ဇေ၊ မောင်မျိုးညွန့်၊ ပုသိမ်မောင်းစိမ်းသူ၊ မောင်သန့်စင်၊ တက္ကသိုလ်ညိုဝင်ေးအာင်နဲ့ တက္ကသိုလ်မိုးမိုး တို့ ဖြစ်ပါတယ်..။

သိတတ်ပါဘူး ရှင်ရယ်..
`သောကကို ဆောင်ယူလာတတ်ပေမယ့်.
မေတ္တာတရားဆိုတာ..ယုံစား အားထားသင့်ပါတယ်၊
မင်းရဲ့ အသဲတံခါးကို ပိတ်မထားလိုက်ပါနဲ့ နော်`
...
`အို.. သူငယ်ချင်းရယ်..
မင်းရဲ့ စကားတွေ က နက်နဲ လွန်းလှတယ်.၊
ကိုယ်ဖြင့် နားမလည် နိုင်အောင်ပါပဲ အချစ်ရယ်`
...
`နှလုံးသား ဆိုတာ
မျက်ရည် တစ်စက်... လင်္ကာ တစ်ပုဒ်နဲ့ အတူ.၊
ပေးဆပ်ဖို့ သက်သက် မဟုတ်လားကွယ်..`
...
`အို.. သူငယ်ချင်းရယ်..
မင်းရဲ့ စကားတွေ က နက်နဲ လွန်းလှတယ်.၊
ကိုယ်ဖြင့် နားမလည် နိုင်အောင်ပါပဲ ကွယ်`
...
`ပျော်ရွှင်မှု ဆိုတာ တဒင်္ဂပါ..၊
ရယ်မော လှုပ်ရှားလိုက်ရုံ နဲ့ ဘ၀ ချုပ်ငြိမ်းသွားတတ်တယ်တဲ့..၊
နှင်းစက်လေး တစ်ပေါက်လိုပါပဲ..၊
ဝမ်းနည်းခြင်း ဆိုတာကတော့..
တည်တံ့တယ်၊ ခိုင်မြဲတယ်..၊
သည်တော့ တမ်းတ လွမ်းဆွေး ရတတ်တဲ့
ချစ်မေတ္တာတရားကို
မင်းမျက်လုံးတွေ မှာ နိုးကြားပါစေကွယ်...`
...
`အို.. သူငယ်ချင်းရယ်..
မင်းရဲ့ စကားတွေ က နက်နဲ လွန်းလှတယ်.၊
ကိုယ်ဖြင့် နားမလည် နိုင်အောင်ပါပဲ ကွယ်..`
...
ကြာပွင့်လေးတွေ က
နေမင်းရဲ့ ရောင်ခြည်အောက်မှာ ပွင့်လန်းကြတယ်၊
သူ့မှာ ရှိသမျှ အားလုံး ဆုံး ရှူံးရတယ်..၊
ဆောင်းရာသီရဲ့ ဆုံးစ မရှိတဲ့ မြူနှင်းတွေ ကြားမှာတော့
အဖူး အငုံလေးတောင် မကျန်တော့ ဘူးတဲ့..`
....
`အို.. သူငယ်ချင်းရယ်..
မင်းရဲ့ စကားတွေ က နက်နဲ လွန်းလှတယ်.၊
ကိုယ်ဖြင့် နားမလည် နိုင်အောင်ပါပဲ ကွယ်`
မိုးမိုး (အင်းလျား)
.................................................................................................
ဝေဒနာ
ဘယ်သူမှန်း မသိဘူးကွယ်..
ကိုယ့်လက်ထဲမှာ မေတ္တာပန်း တစ်ပွင့်
တိတ်တိတ်လေး ထည့်သွားတယ်..။
...
ဘယ်သူမှန်း မသိဘူးကွယ်..
အသည်းနှလုံး ကို ခိုးသွားတယ်..
ပြီးတော့ ကောင်းကင် အနှံ့
အဝေးကို ဖြန့်ကြဲ လိုက်ပါတယ်..။
.....
သူ ဘယ်သူ လဲ ဆိုတာ သိပါပြီလား..
ဒါမှ မဟုတ် နေရာတကာမှာ
သူ့ကို ရှာနေဆဲ ပဲလား
ကိုယ် မသိပါဘူးကွယ်...
အင်း........
ကိုယ့် အတွက်..
သုခ ဝေဒနာ လေလား
ဒုက္ခ ဝေဒနာလေလား ကွယ်...။
မောင်ဇေ

ရွှေကျီး ငယ်ငယ်


မေ့ဧည့်သည်..လာလေနိုး

မျှော်ကိုးလို့..လွမ်းယောင်ယောင်

ခန်းဆောင်ပေါ် သစ်ညိုရိပ်က

ဧည့်နိမိတ်ပုံဆောင်..

...

မျှော်တော်ရောင် လွမ်းသူလေးကို..

ဖေးကူလို့ ပျော်စေအောင်..

ရွှေကျီးမောင်..အသံပေး.

လာလုငေး..မလေး..မောင်..

......

..လွမ်းရက်တာ ကြာသော်လည်း...

ပေါ်မလာ မျှော်ရှာမော လို့.

လာတဲ့ခါ လာပါလိမ့်မယ်..

မျှော်မိသူ နေမထိအောင်..

ဗေဒင်စာ မအာ စမ်းပါနဲ့..

ရွှေကျီး ငယ်ငယ်......။


မမသီရိ (၁၂.၁၁.၂၀၀၈)


Sunday, November 02, 2008

ဒိုင်ယာရီ မရေးဖြစ်သော ရက်များ အကြောင်း

..... မျက်ဝန်း တံခါး ..ပိတ်လို့ ထား လဲ..
မျက်ရိပ်ရှေ့ မှာ ... သူ ၀င်လာနေ....
ရွှန်းဝေ ပီတိ...စွဲ ငြိစရာ...
မာယာ ကင်းမဲ့... ရီ ဝေလဲ့ လို့
ညှို့ မျက်ဝန်းတွေ... ဝေ့ ၀ဲ နေခဲ့..
........
.......
...ည နာရီများ...သန်းလွဲ သွားပြီ...
..အိပ် စက်ခြင်းတွေ ခိုး ယူလေတဲ့..
..အလွမ်း တစ္ဆေ စိုးမိုး နေ...
....
.......
... ရင်မှာ တင်းကြပ် ပန်း ရသတွေ..
အဖြေ မရှိ မေးမိ ပုစ္ဆာ ....
တစ်စုံ ရာ ကို....
တမ်း တနေသလို..
.. စက် လဲ မရွှင်.... အလွမ်း ရှင်ရေ....
............
မင် တံ ထိပ်ဖျား ...မှတ်တမ်း များလဲ...
အနားယူ နေ..
မျှဝေ ခံစား....
မွန်း ကျပ်မှု များ.. လွှမ်းခြုံထား တော့...
.......
........
ကဗျာ တမ်း ခြင်း... စာ ပန်းခင်းတွေ...
...ရင် ထဲ မှာပဲ လှောင်ပိတ်နေ......။
.
.
မမသီရိ

Sunday, October 19, 2008

ပိုးဖလံ

အဆိပ်မှန်းသိ...(ရက်)
မစား မိပဲ မနေချင်....

အရိပ်မှန်းသိ .... (ရက်)..
မဖမ်းမိ ပဲ မနေချင်....

အလွမ်းပေါင်း ကုဋေ ...
ဘ၀တွေ ခြား...
အတန်တန် စည်းတွေ တားပေမဲ့...

မသိမြင်..
လျစ်လျူ ရှုချင် စိတ်နဲ့ ရယ်...

နှလုံးသား ဟာ သခင်....
အချစ်များ သာ ဘုရင်....

... ကွယ်....

အဆိပ်မှန်းသိ....
မစားမိပဲ မနေချင်....

အရိပ်မှန်းသိ
မဖမ်းမိပဲ မနေချင်......
အရိပ်မှန်း သိရက်နဲ့
မဖမ်းမိပဲ... မနေချင် .....။

မမသီရိ

Friday, October 10, 2008

ကြေကွဲနေတဲ့ ည

တိတ်ဆိတ်စွာ
ကြေကွဲ
ပိန်းပိတ်နေတဲ့ အမှောင်အောက်
ဆွေးဆွေး မြေ့မြေ့
ငြီးငြူနေတဲ့
ပုစဉ်း ရင်ကွဲ ရဲ့
နာကျင် မှု ကြားမှာ
ပန်းတစ်ပွင့်ရဲ့
ငိုရှိုက်သံဟာ
တိုးတိမ် ဖျော့တော့နေခဲ့...။
တစ်ကယ်တော့
ညဟာ
တပ်မက်ခြင်းထက် ပိုတဲ့
မြတ်နိုးခြင်းတွေနဲ့
မွတ်သိပ်မှုထက် ပိုတဲ့
တွယ်တာခြင်းတွေနဲ့
ဇီဝ လိုအပ်ချက်ထက် ပိုတဲ့
နားလည်မှုတွေ နဲ့
ချစ်ခြင်း မေတ္တာ တရားတွေ နဲ့....
ကြည်နူးစရာ..
ရင်ခုန်စရာ
တမ်းတ အမှတ်ရစရာ..
ကောင်းနေခဲ့ရမှာ...
ခုတော့ဖြင့်
လိပ်ပြာရိုင်းနဲ့ လေပွေ ကြောင့်
ပွင့်ဖတ်လေး တစ်ခု
ဖျတ် ကနဲ ကြွေ
မျက်ရည်တစ်စက်
လွင့်.......ကနဲ.............ကြွေ.........။
ည ကတော့..
ကြေကွဲမှုတွေနဲ့
.....
တိတ်ဆိတ်နေဆဲ...............။

မမသီရိ (၁၀.၁၀.၀၈)

Tuesday, October 07, 2008

နှစ်ယောက်အတူ


....ကြိုးမညီတဲ့ ဂစ်တာလို..

သံစဉ်တွေ...

ကကျိုး ကကြောင်နဲ့..

အရာ ရာ အလိုမကျ...

လိုချင်တာတွေ .. မရ လို့...

စိတ်ပျက်တာလား...


အခက်တွေ့ပေမဲ့..

လက်မလျှော့နဲ့ ကွဲ့..

ယောကျာင်္းတံခွန် ..လူရည်ချွန်..

မိုးစွန် တမွတ် ကြယ်ကို ဆွတ်မယ်လို့...

ကြိမ်းဝါးလိုက်စမ်း..


မင်းလိုအပ်သမျှ..

မင်းဆန္ဒတွေ..

အသက်ရှိသရွေ ....

ဖြစ်နိုင်မဲ့..နေ့တွေ ချည်းပဲပေါ့..


မမေ့နဲ့လေ..

အနားနား..

အားပေးဖေါ် ပါနေခဲ့..


ရောက်ချင်တဲ့နေရာ..

အတူလှော်ကြစို့လား...

အလျားလိုက် ဖြစ်စရာမလို..

ရေဆန်ဆိုလဲ...

ရင်ဆိုင်ရဲကြမယ်လေ....


ဟိုး.....ရှေ့မှာ..

အရိပ်လေး..ရှိနေတယ်..

နှစ်ယောက်အတူ..

ချွေးသိပ်ကြစို့..............။





မမသီရိ

Sunday, October 05, 2008

အဲဒါ....................?


..သူ့အကြောင်း........
စဉ်းစားမိရုံလေးနဲ့....
..နှလုံးသွေးတွေ..ဆူပွက်...
သွေးကြောထဲ...လှည့်ပတ်စီးဝင်..
တစ်ကိုယ်လုံးပူနွေး....

...လက်ဖျားလေးတွေ..အေးစက်..
..ပါးလေးတွေ လဲ ရဲ....
နားရွက်လေးတွေလဲ...ရဲ...


..သူ့အကြောင်း....
စဉ်းစားမိရုံလေးနဲ့....
...ပန်းလေးတွေ ပွင့်...
ရနံ့ လေး တွေ မွှေး....
ငှက်ကလေးတွေ ..တေးဆို..
ကောင်းကင်ပြာပြာ...
သက်တန်လေးက ရောင်စုံ ဖြာ...

...အရာရာ....မြင်မြင် သမျှ...

လှပနေလိုက် တာ...............
..သူ့အကြောင်း...
စဉ်းစားမိရုံလေးနဲ့.....

.......................

ထောင်သောင်းချီ ဝေးနေတဲ့....
မိုင်းပေါင်း ခရီးတွေ လဲ....

တစ်ကယ့် နီးနီးလေး....
သူ က....ကိုယ့် အနားနားမှာ....

.............................

ဘယ်သွားသွား ...ဘာလုပ်လုပ်......
အနားနား ကပ် ပါ..............

...............

သူ့အကြောင်း....

စဉ်စားမိရုံလေးနဲ့.......

........................

သူ့အကြောင်း...စဉ်းစားမိရုံလေးနဲ့.....

.................

အဲဒါ...............

အချစ်လို့ ...ဆိုရင်..................။

Thursday, September 25, 2008

လွမ်းလိုက်တာ

.... လမင်းလေး က..
ဟိုး..ဘက်ကမ္ဘာဆီ.. ရောက်နေတာမို့..
တိတ်ဆိတ်သယောင်...
မှောင်နေတဲ့ ည..............

အိပ်ခြင်းတွေက..အဝေးကို..
အလည်ထွက်သွားတယ် ထင်ပါရဲ့.....
....မောင်ကျော်ဇောရဲ့ ..အလွမ်း....
..ခင်ညွန့်ရီရဲ့ အသံ.....
တို့.....ထံဆီ...လွင့်ပျံ့လို့လာ တယ်.....

...စိုးမိုး လွန်းတဲ့စိတ်...
ကုလို့ရမဲ့ ဆေး..
မတွေ့ကြသေးဘူးလား......
....လုံးဝ မဟုတ်ရင်တောင်....
နဲနဲလေးလောက်.... မေ့နိုင်ရင်..
ဘယ်လောက်ကောင်းလိုက်မလဲ....

သံသယတွေနဲ့...
ဖြူဖြူစင်စင်....ချစ်အလွမ်းတွေနဲ့...
မွန်းကျပ်နေတဲ့ ...ဘ၀ က
..လွတ်မြောက်ချင်လိုက်တာ......

...တဂိုးရေ....
ဘိုင်ရွန်ရေ.......
အိုမာခရမ် ရေ....
...မောင်စိန်ဝင်းရေ.......
ကဗျာ ဆိုတာ...
ဘယ်က မွေးဖွားလာကြောင်း....
ခုတော့.... ကောင်းကောင်း သိပြီ....

ဒီလောကထဲ...
ကိုယ်ဖြစ်ချင်တာ...
လုပ်လို့ရမယ်ဆို...
နာရီ လက်တံပေါ် ထိုင်...
နောက်ပြန်လှည့်သွားလိုက်ချင်ရဲ့...
ဒါမှ မဟုတ်.........
ခံစားချက်မရှိတဲ့..
ကမ္ဘာသစ်လေး တစ်ခု...
ထူထောင်ပစ်လိုက်မယ်..

အို.........
တွေးနေရင်း.........
ရေး နေရင်း..............
...လွမ်းလိုက်တာ....................။

မမသီရိ

Monday, September 15, 2008

သံယောဇဉ်

....နွယ်....
နွယ်တစ်မျှင်... တွယ်ငင်ရစ်မိလို့...
ဖြေဘို့ကို...ဟန်ပြင်ချိန်မှာ.......

...စူးနစ်စွာ...ရင်မှာ စွဲနေကြောင်း....
အံ့သြဘွယ်...ဆင်ခြင်သိခဲ့ပေါ့...
စဉ်းစားတော့..ခက်နေပြီ...

...နွေ..သဘွယ်...
ရေပင်လယ် ငံငံသောက်မိသလို...
ပူလောင်တယ်...ဒီနွယ်ကြိုးဟာ...
ချည်မိရင်...ရုံးမရပြီမို့...
ကာမဘုံ.. လောကီတွင်းမှာ...
ရှင်းရှင်းသာ...နေသွားတော့မယ်ကွဲ့..
ဟစ်ကြွေးကာ... ရှောင်လာခဲ့ပေမဲ့...
.... ရေစက်လေလား....
...ကံ..နဖူးစာ...
ဇာတ်ဆရာရဲ့..လှည့်ကွက်လေလား...

...ထွေမပြား...
ေ၀၀ါးစွာ...သုံးသပ်ဆဲ မှာ...
အသဲတစ်နေရာ...
မသိမသာ...နေရာယူ ၀င်လာပြီး...
ခိုင်မြဲစွာ... နှောင်ငင်ဖွဲ့နေခဲ့....
နွယ်.....ဆိုတဲ့...သံယောဇဉ်....

နွယ် .. ဆိုတဲ့..သံယောဇဉ်...
ဒီတစ်ပင်... ရင်ကိုဝင်လျင်ဖြင့်..
လွမ်းကဗျာ...ကာရံသွားတွေနဲ့...
နုနုနယ်...သံစဉ်များရယ်က...
မာခဲ့တယ်...သဲအိမ်ကြမ်းကို..
ညှင်းနွဲ့အောင်...ကဗျာဆန်စေခဲ့...

မမြင်ရရင်..မနေတတ်အောင်...
......လွမ်းတတ်လို့လာပါပြီ....
မတွေ့ရရင်...အမျှော်ထောက်လို့..
....ဆွေးတတ်ပါပြီ....

...အမူပို...အခရာနဲ့..
စိတ်ကောက်ဘို့လဲ တတ်ခဲ့ပြီ...
...သ၀န်တို ငြူစူလို့...
နွဲ့ဆိုးဘို့လဲ တတ်ခဲ့ပြီ....

လင်းချီ...
မှောင်ချီ...
နေ့... ည.... ရက် ....စက်ရာသီ...
မတန့်ပြီ ချိန်ရထား..
ရပ်မနား သွား ခဲ့ သလို...

ရစ်ချည်..
နှောင်ချည်...
တိုးလို့သာ...ချည်လာခဲ့...
သံယောဇဉ်..ဒီနွယ်ကြိုး ကို...
..ဖြတ်ခက်နေပြီ.....။


မမသီရိ

Friday, September 12, 2008

သခင်သို့

..... ဖော့ဆို့ ပုလင်း...
ကျပ်တင်းမွန်းသိပ်.....
မီးခိုးရိပ်မှိုင်း......
ဆိုင်းဆိုင်း ဝေေ၀.....
သောကတွေကို.....
ပြေပျောက်စေဘို့..
ကြံဖန် ကြိုးစား...
အလုပ်များအောင်...
တိမ်းလို့ရှောင်လဲ...
အတွေးထဲမယ်..
ဝဲလည်လည်နဲ့...
ပိုလို့လွမ်းတယ်....
...... သခင်ရယ်.........

... နေထွက်မှာ...သူ....
...နေ၀င်လဲ..သူ...
... နေ့လည်လဲ..သူ..
ညလဲ..သူ....
စားနေလဲ ..သူ..
သွားလဲ..သူ...
အိပ်နေလဲ...သူ...
နားလဲ..သူ ပဲ...

စိတ်ညစ်လွန်းလို့..
အတွေးထဲက ပျောက်သွားရအောင်...
စွမ်းဆောင်.. ကြိုးပမ်း... ပိုလို့လွမ်းတယ်....

အိပ်ဆေးသီချင်း..
တိုးတိုးညဉ်းရင်း........
သိပ်လွမ်းနေတယ်......
..............သခင်..ရယ်.......


မမသီရိ

Thursday, September 11, 2008

မောင်

... မောင်.....
မောင်ဟာ... မေ့ရဲ့ ကဗျာ...
ကာရံများကို မွေးဖွားစေတယ်...

... မောင်...
မောင်ဟာ... မေ့ခံစားချက်...
မမေ့ရက်အောင် စွမ်းဆောင်တယ်...

...မောင်ဟာ...
အချိန်တိုင်းမှာ ... အရာရာထက်...
ပိုကဲလို့ အတွေးထဲမှာ...
နေရာတွေ ယူထား...
နှလုံးသားရဲ့...
ရင်ခုံသံကိုလဲ ...နွေးထွေးစေတယ်...

လူတွေငေးရအောင်...
မှုံနံ့သာပါး...
သနပ်ခါး ချယ်ထားတာ...
မောင့်အတွက်ပါမောင်....
အကျီင်္ အသစ်ထုတ်ဝတ်ဖြစ်တာလဲ...
မောင့်အတွက်ပါ မောင်....

မောင်...
မေ့ အနားမှာ ရှိရင်....
အရာရာ ပြည့်စုံ...
လုံခြုံလို့နွေးထွေး...

မောင်မရှိရင်....
ဘ၀ဟာ ပျော်စရာမဲ့...
ခြောက်သွေ့လို့ နေခဲ့ပြီ....

မောင်နဲ့သာဝေးရရင်.....
နေစရာ...
ဒီကမ္ဘာမှာ မရှိပြီမို့...
သေတာကောင်းမယ်လို့...
မချွဲချင်ပေမဲ့....

နှလုံးသားကိုထုတ်ထား...
စက်ရုပ်အလားနှယ်...
လောကအလယ်....
ရှိနေတော့မယ်...

မောင်ရယ်...

မောင်ဟာ.....
မေ့ခံစားချက်....

မောင်ဟာ.... မေ့ ကဗျာပါ.............

မမသီရိ

Wednesday, September 10, 2008

ငှက်ကလေးရေ

... ငှက်ကလေးရေ...
မင်း ..လာနားတဲ့အခါ...
သီချင်းသံသာသာလေးအတွက်
ကျေးဇူးတင်ပါတယ်....

... ငှက်ကလေးရေ...
မင်း..ပျံသွားတဲ့အခါ...
မင်းရဲ့ခြေရာလေး အတွက်
ကျေးဇူးတင်ပါတယ်....

...ငှက်ကလေးရေ...
ဝိဥာဉ်လေးလို...
မင်းပျောက်သွားတဲ့အခါ...
နွေးထွေးတဲ့ ကိုယ်ငွေ့လေးတော့ ထားခဲ့ပါ....

...ငှက်ကလေးရေ...
အကြောင်းတိုက်ဆိုင်တဲ့ အခါ...
ဝင်ရောက်ခိုနားပါ...
မင်းအတွက် တံခါးတွေ ဖွင့်ပြီးသားပါ.....။

ချစ်စရာကောင်းတဲ့ ငှက်ကလေးတစ်ကောင်အတွက် ...............။

(မမသီရိ)

နေတတ်သလို

ပျော်စရာ...
တွေ့လာရင်ပျော်လိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...

ငိုစရာ...
တွေ့လာရင် ငိုလိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...

နေ့...
ည...
ရာသီ...

သံသရာ ဒီစက်ဝန်းမှာ...
နေရတာ ဘာမဟုတ်...

ခဏတာ အလည်ရောက်ကြတာမို့...
အခြေအနေ... ၀န်းကျင်တွေ အားလုံး...
ပြေပြစ်အောင်အသုံးချလို့....

လာလမ်းကို ပြန်ချိန် ကျရင်...
ဝေဒနာ ရင်မှာ ပါမသွားစေဘို့...

မင်း..............
ပျော်ချင်ရင်ပျော်လိုက်...
ရဲရဲပဲပျော်....
ငိုချင်ရင်ငိုလိုက်...
ရဲရဲပဲငို...

မင်း.............
နောင်တဆိုတာ... မရတာသေချာရင်...
မင်းဖြစ်ချင်တာ ဘာမဆို... ခု... ဖြစ်ခွင့်ရှိတယ်.....



(မမသီရိ) ၁၀.၉.၂၀၀၈



တစ်ကယ်တော့ ဒီကဗျာလေး ကို လွန်ခဲ့တဲ့ နှစ်အတော်တော်ကြာကြာ တည်းက ရေးဖြစ်ခဲ့တာပါ
ဒီနေ့ ဘလော့ဂ်လေး တစ်ခု ဆောက်တော့ ဘာရေးရမလဲ စဉ်းစားတုန်း ခေါင်းထဲမှာ ပြန်ပေါ်လာတာနဲ့
နည်းနည်းပါးပါး ပြင်ပြီး ဝေမျှလိုက်တာပါ။



အားလုံးကို ပျော်စေချင်ပါတယ်။

မိတ်ဆက်စကား

ဘလော့ဂ်ဆိုတာ ဘာလဲ
ဘလောဂ်ဂါ ဆိုတာ ဘာလဲ လို့ မိတ်ဆက်ပေးလာတဲ့
ဘလောဂ်ဂါ မောင်လေးတစ်ယောက်ကြောင့် ကိုယ်ပိုင် ဘလော့ဂ်လေး တစ်ခုရှိရင် ကောင်းမှာပဲ ဆိုတဲ့
အတွေးလေးနဲ့ ဒီ ဘလော့ဂ်လေးကို ဖန်တီးဖြစ်တာပါ
အမျိုးသမီးတစ်ယောက်ရဲ့ သာမန်ဘ၀၊ ပတ်ဝန်းကျင်၊ ခံစားချက်လေးတွေကို
မျှဝေသွားဘို့ ရည်ရွယ်ပါတယ်။