Monday, August 03, 2009

ပါရမီဖြည့်လိုသူ၏ဆန္ဒများ


ကလေးလေး..
တကယ်လို့ မင်းဟာ..
ငှက်ကလေး တကောင်ဆိုပါတော့..
ငှက်လောကမှာ
မင်းဟာ..
မိုးကောင်းကင်ရဲ့ အမြင့်ဆုံး
မိုးကုပ်စက်ဝိုင်းရဲ့ အဝေးဆုံး
ပြေးလို့ ပျံတက်
ထက်မြက်တဲ့ ငှက်ကလေးပဲ ဖြစ်စေချင်တယ်..
မင်း ခွန်အားတွေ ပြည့်စေဖို့
တေးသီချင်း တချို့ ကို
မင်းဘေးမှာ သီဆိုရင်း...
မင်းရဲ့ အရောင်အသွေး..
မြရေး ချယ်စေရင်း..
ထာဝရ မင်း အနားမှာ .. ဖေးမ ကာ နေမယ်လေ....။

ကလေးလေး..
တကယ်လို့ မင်းဟာ...
ပန်းကလေး တပွင့်ဆိုပါတော့..
ပန်းတို့ ရဲ့ ရာဇ၀င်မှာ
မင်းဟာ...
ကမ္ဘာမြေပြင်ရဲ့ အလှပ ဆုံး..
စကြ၀ဠာ ရဲ့ အမွှေးမြဆုံး
ထူးခြား ဆန်းကြယ်
လှရေးချယ်တဲ့ ပန်းကလေးပဲ ဖြစ်စေချင်တယ်....
မင်း ထာဝရ လှပ ဖို့..
ခူးလဲ မခူး.. (ရူးချင်လဲ ရူးသွား ပါစေ..)
နမ်းလဲ မနမ်း.. (ပင်ပန်းချင် ပင်ပန်းပါစေ..)
မြေသြဇာကြွေး.. ရေအေးပေးလို့
ပန်းကလေး မင်း အတွက်..
နေ၀င် နေထွက်
အသက်ရှင်တဲ့ ရက်တွေ ကို
မင်းဘေးမှာ ပဲ ကုန်ပါစေ ကွယ်....

ကလေးလေး
တကယ်လို့မင်းဟာ ...
တောင်ကုန်းလေး တခု ဆိုပါတော့
တောင်တကာတို့ ရဲ့ အလယ်မှာ
မင်းဟာ..
ကြည်နူးဖွယ်ရာ အကောင်းဆုံး
အတင့်တယ်ဆုံးသော တောင်ကုန်းလေး
မင်းသာ ဖြစ်ရပါစေမယ်..
မင်းစိမ်းလန်းလှပဖို့
မြက်ခင်းလေးတို့ ဖြစ်နေမယ်
အပြာရောင်မိုးကောင်းကင် တို့ဖြစ်ချင်တယ်
သစ်တောအုပ်စိမ်းစိမ်းဘ၀ နဲ့ ထွေးပွေ့ပါ့မယ်
လေနုအေးအသွင် မင်းကို ကြည်လင်စေမယ်
မြေနီလမ်းကလေး တို့ဖြစ်ပေးမယ်
တောပန်းရိုင်းပွင့် ပွင့်နေပေးမယ်
တောင်ကုန်းလေးရဲ့ အရာရာ
တို့သာ ဖြစ်နေပေး မယ်.လေ..။


ကလေးလေး..
တကယ်လို့ မင်းဟာ..
စမ်းချောင်းလေး တခု ဆိုပါတော့
စမ်းချောင်းတို့ ရဲ့ သမိုင်းမှာ
မင်းဟာ..
ကြည်လင်ခြင်းတို့ ရဲ့ အသန့်စင်ဆုံး
ရေတကာတို့ ရဲ့ အအေးမြဆုံး..
ကမ္ဘာမြေပြင်ရဲ့ ရတနာ
သဘာဝတရား ရဲ့ အခရာ.. မင်းသာဖြစ်ပါစေကွယ်..
အစဉ်ထာဝရ မင်း... စီးဆင်းစေဖို့
လိုအပ်တဲ့ ရေအတွက် မိုးစက်လေး တို့ ဖြစ်နေမယ်..
အေးမြခြင်း အတွက်..သစ်ရိပ်လေး တို့ ဖြစ်နေမယ်..
..
ကလေးလေး ရယ်..
မင်း.. အတွက်.. ဖြည့်ဆီး ဖို့.. အမြဲ အဆင်သင့်
ရင်ခွင်တံခါး ကို ဖွင့်လို့.. တဘ၀ လုံး စာ .. မင်း အတွက်ပါပဲ ကွယ်....။


(ကျမရဲ့ ကလေးလေး အတွက်ပါ..)

ဒီကဗျာက အစတုန်းက ၄ ပိုဒ် ထဲပါ..။ တနေ့ ကျမရဲ့ ကလေးလေးကို ဘာများ ဖြစ်ချင်သလဲ လို့မေးကြည့်မိတော့ သူက ထူးထူး ဆန်းဆန်း တောင်ကုန်းလေး ဖြစ်ချင်သတဲ့..း)...။ ဒါနဲ့ ပဲ ကျမရဲ့ ကဗျာလေးက နောက်ထပ် တပိုဒ် တိုး ခဲ့ ရတော့တယ်..း)....။

မမသီရိ
(၂၆.၇.၂၀၀၉)

8 comments:

phoe thu taw said...

ကလေးလေးက တောင်ကုန်းလေးဖြစ်ချင်လို့သာပေါ့။ တင့်ကား ကြီးဖြစ်ချင်တယ်ဆို သက်သက် အမြောက်ဆန် ဖြစ်ဦးမယ်။။. အဟတ်..

သူတော်
03.08.2009

Anonymous said...

အေ့လေ.. ကလေးလေးက ဘူဒူတုန်း..

tin min htet said...

ကဗျာက မျက်နှာလိုက်ထားပါတယ်။ ဘာဖြစ်ချင်သလဲ မေးပြီးမှ ရေးတဲ့ အပိုဒ်က အစုံလင်ဆုံး အဖွဲ့နွဲ့ဆုံးဖြစ်နေတယ်။ (ကောင်းစေချင်တဲ့ စေတနာနဲ့ပေါ့)

မြစ်ကျိုးအင်း said...

ကလေးလေးက တကယ့်ကလေးလေးလား ဘာအတွက်များ တောင်ကုန်းဖြစ်ချင်ရတာပါလိမ့် ...
တောင်ကုန်းဖြစ်ချင်တဲ့သူအတွက် ဖွဲ့နွဲ့ပေးတဲ့သူကလည်း
လိုအပ်ချက်မရှိသလောက်ပါပဲ...။

သီဟသစ် said...

ဖတ်ပြီးတော့ ကိုယ်တိုင်တောင် ဘာဖြစ်ရရင် ကောင်းမလဲ စဉ်းစားသွားပါတယ်

မမသီရိရေ

ခင်မင်စွာဖြင့်
သီဟသစ်

ကောင်းကင်ပြာ said...

အဲဒီ ကလေးလေးက ကောင်းကင်ပြာပဲ ဖြစ်ပါရစေ မမ

ဆောင်းယွန်းလ said...

စိတ်စေတနာအပြည့်နဲ့ကိုရေးထားတဲ့ပုံပဲ
ကဗျာလေးကလည်းလှတယ်
ကလေးလေးကတော့ပျော်သွားမှာသေချာတယ်

kyalkalay said...

ဟိ အသဲရားတယ်
အောက်ကစာဖတ်လိုက်တာ

မျက်နှာတောင်ရဲသွားတယ်