Wednesday, November 04, 2009

မင်း မရှိတဲ့ အရပ် မှာ....


ဝေး......ကွာခြင်းက ..
တို့ရဲ့ နှလုံးသား ကို..
တိတ်ဆိတ်စွာ ပဲ..
ရက်ရက် စက်စက် လာနှိပ်စက်နေပြီ...

အိပ်မက်ဆန်သော ကမ္ဘာ အလယ်
ဆုံကြတဲ့ အခိုက်.. ချစ်နေကြတဲ့ အချိန်..
အဲဒီ အချိန်တွေ တုန်းကတော့..
ချစ်တာတခုပဲ ချန် ကျန်တာတွေအကုန် မေ့ထား..
မိုက်မဲ စွာ အပျော်လွန်ခဲ့ သမျှ...
ခု ချိန်ကျတော့...
အက်စစ် မျက်ရည်တွေ..
ကြွေနေပြီ.... ဝေနေပြီ... အချစ် ရယ်......

အတူ လျှောက် လို့ မရတဲ့ လမ်း မှာ..
ဝေး ကွာ စွာနေရင်း..
ဦး တည်ချက် စခန်းများ..
တယောက် တလမ်းပေါ့ အချစ် ရယ်....
ဆောင်း ၀င်စ.. နှင်းတွေ က လဲ
အသံ မဲ့ စွာ ကျနေကြတယ်...
တိတ်ဆိတ် လွန်း လိုက်တာ..

တို့ ရင်ထဲ ငို နေတာ.. သိလို့ များလား..

ငှက်ကလေး တွေ တေးဆို ကြတာကလဲ
ပီပြင်စွာ ကြည်လင်မနေ ပဲ
အက်ကွဲ လို့ ဆွေးမြေ့ စွာ...ကူ လွမ်း နေသလား....

လမင်းလေး ရယ်..
မင်းကတော့.. နေထွက် တဲ့ အခါ ပုန်း လျှိုး
နေ၀င် တဲ့ အခါ ပြန်ရောက်လာမှာ ..
တို့တတွေ မှာသာ..
ဘယ်အချိန် ဘယ်ကမ္ဘာ ရောက်လို့
ဘယ်လို လမ်းတွေ လျှောက်
ဘယ်စခန်း ရောက်မှ
တိမ် စင်စွာ ပျော်ရွှင် ရမလဲ...
နေမင်း ကြီး နဲ့ လွဲခဲ့ ရုံ နဲ့ ငို တာ မဟုတ်ပေမဲ့....
မဖြေနိုင်ဘူး..
မဖြေနိုင်ဘူး.. အချစ်ရယ်...

အတူနေ မဖြစ် သေးလို့.. ဝေးနေရ တဲ့ အရပ်မှာ
အလွမ်း ကမ္ဘာ တည်ဆောက်လို့
ဖုံ ချောက် တဲ့ လမ်းပေါ် .. အလွမ်း နဲ့ ပျော်လို့..
မျှော်လင့်ချက် ကင်းမဲ့ စွာ..
တမ်းတ ကာ နေရင်း....
တို့ တယောက်ထဲ အထီး ကျန်စွာ...
နေ .. နေ.. ရတာ စဉ်းစား ရင်း....

ဝေးကွာခြင်း အတွက်... ဆို့ နစ် လို့ နေတယ်....

ရက်စက်တာ ကံကြမ္မာလား
မိုက်ခဲ့တဲ့ ဒဏ်ရာလား
အချစ်အတွက် ရင်နာရတာ..
တဘ၀ မှာ တခါ သာ ကြုံပါရစေတော့
ဘ၀ အဆက်ဆက်.. အချစ် အတွက် မငိုပါရစေနဲ့..

ဝေးကွာခြင်း မိုင်တိုင်များကြောင့်
ထက်သထက် ပိုထက်လာတဲ့ ဓါးသွား က
နှလုံး သား ကို ခပ်ဖွဖွ လာမွှန်းတာ
တည်ငြိမ် စွာ ခံယူ နိုင်မဲ့ အသဲ.. ရခဲ့ ချင်လိုက်တာ...

အချစ်ရယ်...
နွေးထွေး မနေတော့တဲ့..
ပါး ပြင်ပေါ်က အနမ်းတွေ (အိပ်မက်ထဲမှာပဲ)
အေးစက်စက် နဲ့ အသက် မဲ့ နေကြ ပြီ....

တောက်ပ မနေတော့ တဲ့....
မျက်ဝန်း နက်ထဲက အရိပ်တွေ..
မှုန်မွှားမွှား နဲ့ေ၀၀ါး နေကြပြီ...


ဝေး သထက် ဝေးသွားတဲ့ အခါ..
သူ... သတိရ နေမလား...
အချိန်ကြာလာတဲ့ အခါ..
သူ.. မေ့သွား မလား..
နောင်ဖြစ်လာမှာတွေ ကြိုမတွေးထားချင်ဘူး
နောက်တော့လဲ
သူ သတိရချင်ရ မရချင်နေ..
သူ လွမ်းချင် လွမ်း မလွမ်းချင်နေ

တို့ရှေ့မှာ ခု လာရပ်နေတဲ့ ဝေးကွာ ခြင်းအတွက်..
တို့ နှစ်ယောက် ရဲ့
ဆုံဆည်းခြင်းတံခါး ကို .. ခု လာခေါက်နေတဲ့.. ဝေးကွာခြင်း အတွက်

တို့တယောက်ထဲ လွမ်းနေရ အောင်
ရက်စက်လှတဲ့ ဒီ ဝေးကွာခြင်း အတွက်

မင်း .. ဖုန်းဆက် အနမ်းတွေ ပေးတဲ့ အခါ..

ဘယ်လို.. ဖြေရ မလဲ အချစ်ရယ်..
မင်း မရှိတဲ့ အရပ် မှာ ဘယ်လို နေရမလဲ အချစ်ရယ်

မင်း မရှိတဲ့ အရပ် မှာ ဘယ်လို နေရမလဲ အချစ်ရယ်
မင်း မရှိတဲ့ အရပ် မှာ ဘယ်လို နေရမလဲ အချစ်ရယ်.....။


မမသီရိ

10 comments:

kiki said...

သြော် ခက်တော့တာပါပဲ မမသီရိရယ် ။။
ခု ဂလိုဘယ် လိုက်ဇေးရှင်း ခေတ်ကြီးထဲ ။ အိမ်သာနက် နဲ့ ဝက်ကင် နဲ့  တွေ့ ချင်ရင် တွေ့ လို့ ရတဲ့ ကမ္ဘာ့ ရွာကြီးထဲ မှာ ..
ဘယ်လို နေချင်သေးတာလဲ လို့ 
ဘယ်လို နေချင်သေးတာလဲ လို့  ..
ဟွင်း ပြောပြနေစရာ လိုသေးလို့ လား လို့  ..
(ဟိ .. အိမ်သာနက် ထဲ ဝက်ကင် တော့ မစားနဲ့နော် ..) ဝက်သားဒုတ်ထိုး စားချင်ရင်တော့ စားပါ ..
အဟဲ .. မမသီရိ ဖီလင် တခွဲသားနဲ့ ရေးထားတဲ့  ကဗျာလေး ကို ကပျက်ကချော် လုပ်မိတာ တောင်းပန်အပ်ပါသည် ..
ဟီး ဟီး

~ဏီလင်းညို~ said...

ကဗျာလေးဖတ်ပြီး ကျွန်တော်တောင်မှ လွမ်းမိသွားတယ်...

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

လာဖတ်သွားပါတယ် အဲကဗျာေးလးကို မမကောင်းကင်ပြာကို ပေးပေးပါလားဟင် နော်မမသီရိ နော်

ဂျပန်ကောင်လေး said...

နဂိုကမှ ကိုယ့်ဟာကိုယ် မခိုင်ပါဘူးဆို.. မမသီရိရေ.. ကဗျာလေးက ပိုပြီးခံစားသွားရစေပြီ... ချစ်သူနဲ့ ဝေးနေတဲ့သူတွေအတွက် တကယ်ပဲ ခံစားစေပါတယ်ဗျာ...

စည်သူ said...

“ဘ၀ အဆက်ဆက်.. အချစ် အတွက် မငိုပါရစေနဲ့..” ဒီစာသားကိုကြားရင်.. ဝမ်းနည်းမိတယ်.. သင်ခန်းစာလည်း ရတယ်..။

“ဝေးကွာခြင်း မိုင်တိုင်များကြောင့်
ထက်သထက် ပိုထက်လာတဲ့ ဓါးသွား က
နှလုံး သား ကို ခပ်ဖွဖွ လာမွှန်းတာ
တည်ငြိမ် စွာ ခံယူ နိုင်မဲ့ အသဲ.. ရခဲ့ ချင်လိုက်တာ...” မမသီရိရေ.. ဖွဲဆိုမှုကို သဘောကျတယ်.. ဘယ်လောက်နာကျင် လိုက်မလဲ
ဒါပေမယ့် အချစ်စစ်တို့ရဲ့ ခိုင်မြဲခြင်းသဘောမှာ သာတာနာတာ မရှိဘူးလေ..။

“အချစ်ရယ်...
နွေးထွေး မနေတော့တဲ့..
ပါး ပြင်ပေါ်က အနမ်းတွေ (အိပ်မက်ထဲမှာပဲ)
အေးစက်စက် နဲ့ အသက် မဲ့ နေကြ ပြီ... ” အဲဒါတော့ တိဘူး..းP

ပျော်ရွှင်ပါစေ မမသီ၇ိရေ
ခင်မင်စွာဖြင့်
စည်သူ။

ရွှေရတုမှတ်တမ်း said...

ပန်းကလေးရဲ့ အလွမ်းမျက်ရည်မှာ....
အက်ဆစ်တွေ..ဝေနေသတဲ့လား...
မယုံနိင်ပါဘူး.........

ဒဏ္ဍာရီ said...

မမသီရိရဲ့ အလွမ်းကဗျာလေး ခံစားသွားတယ် မမရယ်။ ဝေးကွာခြင်းတွေနဲ့ ချစ်ခြင်းတွေကို နားလည်ပါတယ်။ ဘ၀အဆက်ဆက် အချစ်အတွက် မငိုပါရစေနဲ့တော့ ဆိုတဲ့ စာကြောင်းလေးက ရင်ထဲထိထိမိမိလေး ရှိလှပါတယ်။

မမသီရိ ပျော်ရွှင်ပါစေ ....

ခင်မင်လေးစားလျှက်

Nge Naing said...

လူချင်းဝေးပေမယ့် စိတ်ချင်း၊ နှလုံးသားချင်း နီးနေဖို့ အရေးကြီးတယ် မဟုတ်လား။

သက်ဝေ said...

မငယ်နိုင်ပြောသလို လူချင်းဝေးနေပေမယ့် စိတ်ချင်း၊ နှလုံးသားချင်း နီးနေဖို့ အရေးကြီးတယ် ဆိုပေမယ့်လဲ....

တခါတလေတော့လဲ....

တခါတလေတော့လဲ....

တခါတလေတော့လဲ....

သက်ဝေ said...
This comment has been removed by the author.