Wednesday, December 30, 2009

နှစ်သစ်ဆုမွန်

နှစ်ကူးတော့မည်..
မှုံရီအတိတ်.. တဆိတ်မှုန်ဝါး
ကောင်းလား.. ဆိုးလား...
ဝေးသွား မပီ .. ကျန်ခဲ့ပြီ....

လာမည့် တနှစ်..
ဖြစ်မည့်အကြောင်း.. ကောင်းခြင်းသာ စုံ
ကုံလုံကြွယ်ဝ.. လိုတာ ရလို့..
ဆန္ဒဖို့ ညီ.. မင်္ဂလာပီတိ..
တ..တိုင်း ပြည့်စေ.. ဆုမွန်ချွေ သည်...

ချစ်သော မိတ်ဆွေ အား လုံး သို့...........။


ချစ်ခင်ရသော မိတ်ဆွေအားလုံးအတွက် နှစ်သစ်ကူးလက်ဆောင်ပါ။

မမသီရိ

Saturday, December 26, 2009

ပထမ ကဗျာ

သူများတကာတွေ နှစ်သစ်ကူး နဲ့ ခရစ်စမတ်နဲ့ ဟောလီးဒေးတွေ ယူကြ၊ ခရီးထွက် ကြ၊ ခရီးထွက်ဖို့ ပြင်ဆင်ကြ၊ မိသားစုတွေ ဆုံဖို့ စီစဉ်ကြ နဲ့ ကိုယ်ရ မဲံ့ခွင့်ရက်လေးတွေ အလဟသ မဖြစ်ရအောင် အမိအရ ခွင့်ယူနေကြပေမဲ့.. ကံ အကြောင်းမလှလို့ အလုပ်တွေနဲ့ လုံးချာလိုက်နေသူတွေ ထဲ ပါခဲ့သူ ကျမ ကတော့ ကိုယ်ဆတ်ဆော့ထားမိတဲ့ ပရောဂျက်တွေ နဲ့ ဘတပြန် ကျားတပြန် နှစ်ကုန်ထဲ မှာ နပမ်းလုံးနေရတာမို့ ခွင့်ရက်လေးတွေကို လွမ်းမောတသ စွာ မျှော်ငေးနေယုံလေး ဖြစ်နေရပါတယ်..။

အွန်လိုင်းထဲ မရောက်ဖြစ်တဲ့ ရက်တွေ က ခပ်စိပ်စိပ်၊ ခပ်ထပ်ထပ်၊ ရောက်ပြန်တော့လဲ မေးလ်ကလေး ကပျာကယာ စစ်၊ ကိုယ့်ဘလော့လေး ဖွင့်ဖြစ်တဲ့အခါ ဆို ဘေးဆိုဒ်ဘားထဲက ခင်ရာမင်ရာ ဘလော့လေးတွေ ထဲက မှ စိတ်ဝင်စားဖွယ် ခေါင်းစည်းလေးတွေ နဲ့ စာမြည်းလေးတွေ ဖတ်၊ ကသုတ်ကရက် လည်ဖြစ်တဲ့အခါ လည်၊ မန့်ခါမန့်၊ မမန့်နိုင်တဲ့ခါတွေ အများသား၊ တခါတလေတော့ မန့်ချင်ရက်နဲ့ ကွန်နက်ရှင်က အဆင်မပြေ နဲ့ ကိုယ့်ရဲ့ ဘလော့ဂါ အသိုင်းအ၀ိုင်းပိစိ လေးကိုတောင် ဧည့်ဝတ်မကျေတွေဖြစ်နေရပြီး မျက်နှာပူနေမိပါတယ်။ ခင်ရာ ခင်ကြောင်း Tag ထားတာတွေ ကိုလဲ မရေးဖြစ်မရေးနိုင်တာမို့ အားနာရတာ လဲ မရှိတတ်တော့....။

ကိုဆောင်းယွန်းလ Tag ခဲ့တဲ့ ဆိုးငြီးဖြစ်တဲ့ သီးချင်းများ အကြောင်း၊ ညီမငယ် နှင်း Tag ဖူးခဲ့တဲ့ ကမ္ဘာပျက်မယ် ဆိုခဲ့ရင် အကြောင်း၊ တူတော်မောင် ရီနိုမာန် Tag ဖူး တဲ့ နေချင်တဲ့ မြို့ကလေး အကြောင်း၊ မောင်မျိုး Tag ခဲ့ဖူးတဲ့ ဆုံဖူးချင်သူများ ဆိုတဲ့ အကြောင်းတွေ .. ရေးမယ်လို့ တေးထား လိုက်၊ စ ထားခဲ့ လိုက်ပေမဲ့.... အကြောင်းအမျိုးမျိုး ကြောင့် ရှေ့ဆက် မတိုးနိုင်ပဲ ဖြစ်နေတာမို့ Tag ထားတဲ့သူတွေ တောင် စိတ်နာနာ နဲ့ မေ့လောက်ကြပြီ ပေါ့....။

ဟိုတလောလေးကတော့ ကိုတင်မင်းထက်က သူ့ရဲ့ ပထမကဗျာ-ဆိုတဲ့ ပို့စ်ထဲမှာ ကျမ ကို သတိတရ Tag လာပြန်ပါတယ်။ အမှန်ပြောရရင် သူ Tag ခဲ့တဲ့သူတွေထဲမှာ ကျမ ကလွဲလို့ ကျန်သူတွေ အားလုံးက ပရောဖက်ရှင်နယ် တွေဖြစ်နေတာမို့ ကိုယ့်အကြောင်းကိုယ်ရေးရမှာ စာဖတ်သူတွေ အားနာမိ ပါတယ်..။

ဘာလို့လဲ ဆိုတော့ ကျမရေးခဲ့တဲ့ ဘယ်ကဗျာကိုမှ၊ ဘယ်မှာမှ၊ ဘယ်နေရာမှာမှ ပုံနှိပ်ဖော်ပြခဲ့ဖူးခြင်း မရှိလို့ပါပဲ။ ကျမဘလော့ထဲက About Me ထဲမှာရေးခဲ့သလိုပါပဲ.. ကျမ ကဗျာတွေ ရေးပါတယ်.. ဒါပေမဲ့ သိမ်းထား ရုံလေးပါပဲ..ပြီးခဲ့တဲ့ နှစ်ထဲမှာတော့ မထင်မှတ်ပဲ ဘလော့လေးတခု လုပ်ဖြစ်ပြီး ကိုယ်ရေးတာလေးတွေ မျှဝေခွင့်ရခဲ့တော့မှ ရေးဖြစ်တာတွေနဲ့ ရေးဖြစ်ခဲ့တာ တချို့ကို ဒီမှာ ချပြခဲ့တာပါ။

ကဗျာတွေ ကျမ ဘယ်တုန်းထဲက စရေးဖြစ်ပါလိမ့်လို့ ပြန်ပြောင်းစဉ်းစား ကြည့်တော့ ကျမ ရဲ့ ငယ်ဘ၀ တွေက အတွေးထဲ ပြေးပြေးလွှားလွှား ပြန်လည်ဝင်ရောက်လို့လာပါတော့တယ်..။

ကျမတို့ အရွယ်ငယ်ငယ်က ပန်းချီဆန်းထွန်းဆွဲတဲံ့ စာရွက်ပါးနဲ့ခေါက် ပို့စ်ကဒ်လေးတွေ အရမ်းခေတ်စားခဲ့ဖူးတယ်။ ဒီခေတ်လူငယ်လေးတွေကတော့မြင်ဖူးမယ် မထင်ပါဘူး.. (သိမ်းထားဖူးပေမဲ့ အပြောင်းအရွှေ့တွေ နဲ့ ဘယ်နားရောက်နေသလဲ အထားမှား တာမို့ ကြုံတုန်း ပြန်မတင်ပြပေးနိုင်တာ စိတ်မကောင်းဖြစ်မိသေး။ ) ကျမက ပန်းချီ (ရုပ်ပြ ခဲပန်းချီ) ဆွဲဝါသနာပါသူမို့ အဲဒီရောင်စုံ ပို့စ်ကဒ်လေးတွေက ကျမရဲ့ အသဲစွဲ စုဖြစ်ခဲ့တဲ့အရာတွေ ပေါ့..။ ကျမကို ပိုပြီးဆွဲဆောင်စေခဲ့တာက ပို့စ်ကဒ်နောက်မှာပါလေ့ရှိတဲ့ ဆရာမောင်ပန်းမွှေးရဲ့ ၃ ကြောင်းစပ်ကဗျာတွေပါ..။

မမျှော်ဘူးလေ့
စိတ်ကမေ့လည်း

ဝေ့ဝေ့မျက်လုံး လမ်းတဆုံး..။

ဆိုတဲ့ကဗျာလေးဆို ခုထိ မှတ်မိနေတုန်း.။ ပြီးတော့ အဒေါ်တယောက်လစဉ်ယူဖတ်တဲ့ တိုင်းရင်းမေ ဂျာနယ်ထဲမှာဆို အနယ်နယ်အရပ်ရပ် ကရေးပို့ကြတဲ့၃ကြောင်းစပ်ကဗျာတွေ ၂ မျက်နှာ ၃ မျက်နှာလောက်စီ ပါဖူးတယ် လို့ မှတ်မိနေသေးတယ်.. တ၀ ကြီး ဖတ် ပေါ့...။

မူလတန်းကလေးဘ၀မှာ ကဗျာရွတ်ပြီး အသင်အပြကောင်းတဲံ့ ဆရာမကျေးဇူးကြောင့် ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာတွေ၊ ဆရာဇော်ဂျီ ရဲ့ကဗျာတွေကိုတမက်မောမော ဆိုဖူးသူမို့ အရွယ်လေးရလာတော့လဲ ကဗျာတွေကို ရင်ခုန်တတ်လာတယ် ဆို မှားမယ် မထင်ပါဘူး..။ ရွှေးသွေး တို့တေဇ တို့မှာ တဲ့ ကဗျာတွေ ကို ဖတ်တယ်..။ မြ၀တီ နဲ့ ငွေတာရီ မဂ္ဂဇင်းတွေမှာပါတဲ့ကဗျာတွေ ကို ဖတ်တယ်.. တခုတော့ ရှိပါတယ် .. ကျမ ရဲ့ ဦးလေးတွေက မိုးဝေတို့ ဘာတို့ မဖတ်တာမို့ အဲဒီ ကဗျာတွေ နဲ့တော့ ကျမ သိပ်မရင်းနှီးပါဘူး..။ အဲဒါကြောင့်လဲ ကဗျာဆရာ ကိုအောင်သာငယ်က ကျမ နဲ့ ကျမ ကဗျာတွေကို Old Fashion လို့ ပြောခဲ့တာ ထင်ပါရဲ့..။

သေချာ မမှတ်မိတော့ပေမဲ့ ကျမ ပထမဦးဆုံးရေးဖြစ်ခဲ့မဲ့ ကဗျာဟာ ၃ ကြောင်းစပ် ကဗျာတပုဒ်ဖြစ်မယ်ဆိုတာ သေချာသလောက်ရှိပါတယ်..။ ကျမ အသက် ၁၂ နှစ်အရွယ် ၈ တန်းကျောင်းသူဘ၀ ရဲ့ နွေရာသီ ကျောင်းပိတ်ရက်မှာ ဗလာစာအုပ်လေးတအုပ်နဲ့ စခဲ့တဲ့ ကျမ ရဲ့ ကိုယ်ပိုင် ကဗျာစာအုပ်လေး ရှိခဲ့တာ ကျမ မှတ်မိပါတယ်။ ကဗျာတိုစိလေးတွေ ကို ကိုယ်တိုင်ဆွဲတဲ့ ပုံတွေ နဲ့ တွဲပြီး စာအုပ်လေး လုပ်ထားခဲ့တာပါ..။ ၉ တန်းနှစ်အရောက်မှာ ကျမရေးတဲ့ကဗျာတချို့ ကို ရီးစားရှိတဲ့ သူငယ်ချင်းတွေ ကူးရေး ကြတယ်..။ စပယ်ပန်းနဲ့ ဖွဲ့ခဲ့တဲ့ အချစ်ကဗျာ (၀တ္တုစာအုပ်ဖတ်ရင်းရေးတာပါ.. တကယ့်အချစ်ကိုတွေ့လို့ မဟုတ်) တပုဒ်ဟာ ကျမ ရဲ့ ပထမ ဆုံး ၇ ကြောင်းလောက်ရှိမဲ့ ကဗျာပေါ့.. ကဗျာ ကို အလွတ်မရတော့ပါဘူး.. နောက် ခပ်ရှည်ရှည် တပုဒ်ကတော့ ၁၀ တန်းဖြေခါနီး နွေရာသီမှာ ကျောင်းနောက်ဖက် လယ်ကွင်းထဲက ပေါက်ပင်တွေ ရဲရဲ နီအောင် ပွင့်တာ ကိုကြည့်ရင်း အာရုဏ်မှာ တွန်တဲ့ ဥသြသံ ကို နားစွင့်ရင်းသူငယ်ချင်းတွေနဲ့ တသက်တာ ခွဲရတော့မဲ့ အကြောင်း၊ လွမ်းဆွတ်စရာ ကောင်းနေကြောင်းဖွဲ့ခဲ့တဲ့ ကဗျာ ပါ...။

အဲဒီကဗျာတွေ ပါတဲံ့ ကဗျာ ဗလာစာအုပ်ရယ်.. နောက် ထပ် ကဗျာတွေ စာအုပ်တ၀က်နီးပါးရှိမဲံ့ စာအုပ် တအုပ်ရယ် က လွန်ခဲ့တဲ့ ၃ နှစ်လောက်ကထိ ရှိနေခဲ့သေးပေမဲ့.. ခုတော့ ဘယ်နား ကျန်ခဲ့မှန်းမသိ ရှာမတွေ့ တော့ပါဘူး..။ ၁၉၈၉ နောက်ပိုင်း မှာ ရေးတဲ့ကဗျာတွေပဲ ကျန်နေပါတော့တယ်..။


ကျမ က ကဗျာတွေ ရေးသာရေးပေမဲ့ မဂ္ဂဇင်းတွေ ပို့ဖို့ စာစောင်တွေ ပို့ဖို့ ဘယ်တုန်းမှ စိတ်ကူး မ၇ှိခဲ့ဖုပါဘူး။ ကျမ ကဗျာတွေ ရေးတယ်ဆိုတာ လူတိုင်းလဲ မသိပါဘူး။ ကျမနဲ့ အလွန်တရာ ရင်းနှီးလွန်းတဲ့ သူ မိတ်ဆွေ တချို့ ကိုပဲ ကျမ ကဗျာ တချို့ ကိုပေးဖတ်ခဲ့တာပါ..။ အထူးသဖြင့် မိန်းခလး မိတ်ဆွေ တချို့ ပဲ သိတာမျိုးပါ... ယောင်္ကျားလေး သူငယ်ချင်းတွေ ကျမ ကဗျာရေးတာ မသိကြပါဘူး။ ခုလဲ အပြင်မှာ ကျမကို ကဗျာရေးတဲ့သူ ဘလော့ ရေးတဲ့သူ လို့ သိတဲ့သူ မရှိသလောက်ပါ ပဲ..။

လူတွေ ရှေ့မှာ ချပြခဲ့ဖူးတဲ့ ကျမရဲ့ တပုဒ်တည်းသော ကဗျာကတော့ကျမရဲ့ ဇာတိမြို့ကလေးမှာကျင်းပ ခဲ့တဲ့ ကိုဖုန်းမော် တနှစ်ပြည့် အခမ်းအနား မှာ ကျမ ရေးဖွဲ့ပြီး ကျမ ကိုယ်တိုင် တက်ရွတ်ခဲ့တဲ့ ကမ္ဘာမကျေဘူးဟေ့ လို့ခေါင်းစဉ်တပ်ခဲ့တဲ့ကဗျာပါ..။ အဲဒီတုန်းက ကျမ က ကျမတို့မြို့ကလေးရဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှာ (တဦးတည်းသော မိန်းခလေး) တွဲဖက်စည်းရုံးရေးမှူး တာဝန်ယူပေးအပ်ခြင်းခံခဲ့ဖူး ပါတယ်..။ အဲဒီနေ့က ဆွမ်းကျွေးပြီးတော့ ဟောပြောပွဲအစီအစဉ်တွေကြားထဲမှာ ကျမရဲ့ ကဗျာကို ရွတ်ခဲ့တာပါ..။ ဖတ်ရင်း နဲ့ အံကြိတ် မျက်ရည် ၀ဲခဲ့ရတဲ့ ကဗျာ တပုဒ်..။ အဲဒီကဗျာ အပါ အ၀င် အဲဒီကာလမှာ သွေးစွန်းတဲ့တော်လှန်ရေး အကြောင်းနဲ့ ဖိနှိပ်မှု တွေ၊ မတရားမှုတွေ အကြောင်းတွေပါတဲ့ ကဗျာတွေ ကျမ ရေးဖြစ်ခဲ့ပါသေးတယ်..။ ဒါပေမဲ့ ၁၉၈၉ ခု ဇွန်လ မှာတော့ ကျမတို့မြို့လေးရဲ့ လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီရဲ့ မြို့နယ် ကော်မီတီဝင်အားလုံးနီးပါး (ကျမ နဲ့ ထွက်ပြေး သွားတဲ့ အတွင်းရေးမှူး ကလွဲလို့) အဖမ်းခံခဲ့ရတဲ့ အခိုက် ကျမရဲ့ မိခင်က ကြောက်လန့်တကြား အိမ်မှာ ရှိတဲ့ကျမရဲ့စာရွက်စာတမ်း မှတ်စုတွေ၊ ဒိုင်ယာရီ နဲ့ နိုင်ငံရေးအတ္ထုပတ္တိစာအုပ်တွေ အားလုံး ကျမ မသိအောင် မီးရှို့လိုက်တာမို့ ရေးထားတဲ့ ကဗျာစာရွက်တွေ ပါ ပါ သွားခဲ့ပါတယ်... ။ (ကျန်တဲ့ အဖွဲ့ဝင်တွေ အားလုံး ဖမ်းခံရပြီး ကျမ တယောက် ထဲ ဘာလို့ ကျန်နေခဲ့သလဲ ဆိုတာ ဒီနေ့ထိ ကျမ နားမလည် နိုင်သေးပါဘူး.. .အဲဒီ အချိန်မှာ မိဘတွေ ရှိတဲ့ နယ် ကို ရောက်နေခဲ့ လို့များလား.. ဒါမှ မဟုတ်တဦးတည်းသော မိန်းခလေးမို့လို့ ချန်ထားခဲ့သလား မသိပါဘူး... )..


ကျမရဲ့ ကဗျာတွေကို ဘယ်မှ မပို့ဖူး၊ ဘယ်မှာမှ မပါဖူးပေမဲ့.. စာရေးဆရာ ဆရာကြီး ကမ္ဘောဇခင်လှိုင် ကတော့ ၁၉၉၀ ၀န်ကျင်းလောက်တုန်းက မြန်မာ့အလင်း နဲ့ ကြေးမုံ သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ သူ့ရဲ့ အခန်းဆက် ခရီးသွားဆောင်းပါးတွေထဲမှာ ကျမ ကို ကဗျာဆရာမ ရယ်လို့ သညာ တပ်ပြီး (ကျမရဲ့ဇာတိမြို့အမည်နဲ့ကျမရဲ့ အမည်ကိုတွဲရက်) ဖော်ပြပေးခဲ့ဖူးတာလေး က ထူးခြား မှု တခု လို့ ပြောရမယ် ထင်ပါရဲ့.. ။ ကျမ တာဝန်ကျတဲ့ မြို့ကလေးမှာ ဆရာကြီး နဲ့ မမျှော်လင့်ပဲ အမှတ်တမဲ့ ဆုံတွေ့ ခင်မင်မိကြခဲ့ရင်း .. ကျမ ကဗျာတွေရေးတာသိတဲ့ ကျမ မိတ်ဆွေ ဆရာမလေးက ကျမ ကိုမြှောက်ပင့် မိတ်ဆက်ပေးတဲ့အပြင် ဆရာကြီး ရဲ့ မှတ်စု စာအုပ်ထဲမှာ ဆရာကြီး ပြန်ခါနီး၊ ဆရာကြီးအတွက် အမှတ်တရ ကဗျာတိုလေး တပုဒ် ရုတ်တရက် ရေးဖွဲ့ ပေးခဲ့လို့များ အဲသလို ဖော်ပြပေးခဲ့တာလဲ ဖြစ်ချင်ဖြစ်မှာပေါ့.. အဲဒီ သတင်းစာ ရောက်လာတော့ ကျောင်းက ဆရာမတွေနဲ့ ဖတ်ရင်း မျက်နှာပူပူနဲ့ ရီခဲ့ကြရသေးတာ မှတ်မိသေးတော့..။

အဲဒီတုန်းက ကျမရေးခဲ့တဲ့ ကဗျာ အများစု က အိမ်ဝေးနေတဲ့ သမီးတယောက်ရဲ့ အိမ်အလွမ်းတွေ နဲ့၊ ကျမ တာဝန်ကျရာ မြို့လေးရဲ့ အလှအပတွေ၊ ရာဇ၀င်တွေ ကို ရာသီ ဖွဲ့တွေနဲ့ တွဲဖက် သီဖွဲ့ခဲ့တာ များ ပါတယ်..


ကျမရဲ့ တပုဒ်တည်းသော ဖယောင်းဖောက်ကဗျာလေးကတော့ ဒီမှာပါ..။



ကျမ ကျောင်းဆရာမ လုပ်ခဲ့တဲ့ကာလတုန်းဆီက ဆို စာမေးပွဲ မေးခွန်းတွေကို ဖယောင်းစက္ကူပေါ်မှာ စူးနဲ့ဖောက် ရေးပြီး မီးချောင်းနဲ့ လှိမ့်ပြီး မိတ္တူပွားကြရပါတယ် ..။ စာကူးစက်တွေက အထက်တန်းကျောင်းကြီး တွေ နဲ့ မြို့နယ်ပညာရေးမှူး ရုံးတွေမှာလောက်ပဲရှိတာမို့ အလယ်တန်းကျောင်းတွေ မူတန်းကျောင်းတွေ မှာ တော့ ဒီလိုပဲ မေးခွန်းလှိမ့်ကြရတာပါ..။ ကျမ သင်တဲ့ အဌမတန်း အင်္ဂလိပ်စာ မေးခွန်းဖောက်တော့ စာမျက်နှာ တပိုင်း ပိုနေတာမို့ ကဗျာတပုဒ် လောက် ဖောက်ကြည့်ကောင်းမလား စိတ်ကူးရပြီး ဖောက်ကြည့်ခဲ့တာပါ...။ အားလုံး ကော်ပီတွေ ထွက်လာတော့ ကျောင်းအုပ်ဆရာမကြီး မသိအောင် ကျောင်းအကူ ကို အကူအညီတောင်းပြီး တိတ်တိတ်လေး ၂ ယောက်သား ဖြတ်ကြရတာပေါ့..း)...။ ၈ တန်းကျောင်းသား ၂၀ ကျော် ရှိတာမို့ ကဗျာစာရွက် ၂၀ ကျော် ရခဲ့တယ်... ဒီအတိုင်းပဲ သိမ်းထား ခဲ့တာ... ခုထိ ကျန်တုန်း ဆိုပါတော့..း)..။

အဲဒီ ကဗျာလေး ကိုပဲ ဒီဘလော့ စရေးတဲ့ နေ့မှာနေတတ်သလို ဆိုပြီးအဖွင့်ကဗျာ အနေနဲ့ နဲနဲ ပါးပါး ပြင်ပြီး တင်ထားခဲ့ပါတယ် ..။ ဖယောင်းဖောက် ကဗျာ မူရင်းကတော့ ..


နေတတ်သလို

ပျော်စရာ...
တွေ့လာရင်ပျော်လိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...

ငိုစရာ...
တွေ့လာရင် ငိုလိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...

နေ့...
ည.......ရာသီ

သံသရာ ဒီစက်ဝိုင်းမှာ...
နေရတာ ဘာမဟုတ်...

ခဏတာ အလည်ရောက်ကြတာမို့...
အခြေအနေ...
ဝန်းကျင်တွေ အားလုံး...
ပြေပြစ်အောင်အသုံးချလို့....

လာလမ်းကို ပြန်ချိန် ကျရင်...
ဝေဒနာ ရင်မှာ ပါမသွားစေဘို့...

ဖြေစရာရှာကာ ဒီဘဝ
နေကြမယ်လေ....။

(၃၀.၇.၁၉၉၀)


ဒီကဗျာ ကိုပဲ ကိုရင်နော်နဲ့ ခင်လေးငယ် တို့ Tag ဖူးတဲ့ ဆန္ဒရှိတဲ့ အဟောင်းလေး ဆိုတဲ့ ပို့စ်မှာ ပြန်လည်ဖော်ပြဖူးပါသေးတယ်..။

နောက်.. ပထမ ဆုံး .. တခြားကဗျာဆရာ၊ ဆရာမတွေနဲ့ အတူတူ ဖော်ပြခံရတယ်လို့ ပြောရမဲံ့ကဗျာ တပုဒ်က တော့ ကိုအောင်သာငယ်၊ ကောင်းကင်ကိုနဲ့၊ မောင်ဖုန်းမြင့်တို့ စီစဉ်ခဲ့တဲ့ ပြိုင်တူလင်းတဲ့ ကောင်းကင် ဆိုတဲ့ သင်္ကြန် ကဗျာစုမှာ ပါခဲ့တဲ့ မပန်ဖြစ်တဲ့ ပိတောက်ခက်မှတ်တမ်း ဆိုတဲ့ ကဗျာပါ.. ကဗျာစုထုတ်မယ်.. ကဗျာတပုဒ်လောက် အဆင်ပြေရင်ရေးပေးပါလို့ ပထမ ဦးဆုံး တောင်းခံ ခဲ့ရတဲ့ အခွင့်အရေး ဖြစ်ပြီး. ကျမ ကို ကဗျာ ဆရာ စာရင်းသွင်းခြင်း ခံရတဲ့ ကဗျာစု ဆိုပါတော့ .. တကယ်တော့ အဲဒီ ကဗျာကလဲ ကဗျာဟောင်း တပုဒ် ပါပဲ.. မှတ်စု စာအုပ်ထဲ ပြန်ကြည့်တော့ ကဗျာရေးတဲ့ နေ့စွဲ က ၅.၅.၁၉၉၀ ပါတဲ့...။

ကဲ .. ကို တင်မင်းထက်ရေ.. ဘယ်လို ပုံနှိပ်စာလုံးတွေနဲ့ မှ ပုံနှိပ်ဖော်ပြခြင်း မရှိသေးတဲ့ ကဗျာရေးသူ၊ ကဗျာချစ်သူ တယောက်ရဲ့ မရှိမဲ့ ရှိမဲ့ မှတ်တမ်းလေး နဲ့ ပထမ တွေ အကြောင်း သောင်းပြောင်းထွေ လာလေး မျက် စိနောက်အောင် ရေးလိုက်ပြီ မို့ ကျေနပ်မယ် လို့ ထင်မိပါတယ် ရှင်..။


အားလုံးကိုချစ်ခင်လေးစားသော

မမသီရိ

Sunday, December 13, 2009

ချစ်ခြင်း မှာ အကြိမ် ကြိမ် သေ...


လွန့်ကနဲ တချက် ရုန်းအကြွ
မင်း နှုတ်ခမ်းထောင့်က အလှကလေးမှာ
ဗုန်းဗုန်းပါအောင် ကျဆုံး
ငါ့ နှလုံးသားတွေ ကြွေ.....


ကောင်မလေးရေ...
ဘယ်လိုမှော်တွေအောင်လို့ မင်း.. ဘယ်လိုလှ..
မင့် အပြုံးမှာ ဘာတွေ ချယ်..
မင့် နှုတ်ခမ်းလေးတွေ ဘာနဲ့ ထွေး..
မင်း ပါးကလေး တွေက ဘယ်တန်ခိုးနဲ့ မို့..
မင့် သွားကလေးတွေ က ဘယ်အစွမ်း နဲ့ ကြွေရောင်ပြေ...
မင်း မျက်လုံးကလေးတွေ ဘာဂါထာနဲ့ မှုန်း
မင့် ပခုံးကလေး က ဘာလို့ ပြေ...

မင်း ဆံနွယ်တွေ ဘာလို့ လက်..
မင့် လက်ကလေးတွေ ကရော ဘာလို့ နွယ်..
မင့် ခြေဖမိုး လေးရယ်.. ဘယ်လို ဖောင်းဖောင်း.. အိ....
ဒီကမ္ဘာပေါ် ရှိသမျှ အလှဆုံး အရာတွေ
မင်း ကို ဆရာ.. ခေါ် ရချည့်. ...

တဒိတ်ဒိတ်နဲ့ ငါ့ ရင်တွေ..
ထိမ်း မရ ချင်ပြီ ကောင်မလေး ရဲ့..

နင့် မျက်တောင် တချက် အခပ်
ငါ... လှလှ ပပ သေ...

နင့် မျက်လုံး တချက် အ၀င့်..
ငါ... လှလှ ပပ သေ...

နင့် အပြုံး တချက် အလက်...
ငါ.. လှလှ ပပ သေ....

နင့် ခြေ တချက် အလှမ်း...
ငါ.. လှလှ.. ပပ သေ..

နင့် ခေါင်း တချက် အငဲ့..
ငါ လှလှ ပပ သေ....

ကောင်မလေး ရေ...
နင့် ကို ဖျတ်ကနဲ... ချစ်မိခြင်းထဲ
ငါ... လေ.. သေ ပြီး ရင်း ..သေ.....။


မမသီရိ


ကျမရဲ့ အချစ်ကဗျာတွေ ဖတ်ရင်း.. ကဗျာထဲက ချစ်သူကို မနာလိုဖြစ်နေကြသော..း)....
ချစ်ခင်ရသော.. မောင်လေး.. အောင်အောင့် အတွက် နဲ့၊ မောင်ငယ်များ ဖြစ်ကြတဲ့ ကဗျာဆရာလေး လင်းဒီပကိုရင်နော်၊ ကျမကဗျာတွေ အမြဲလာဖတ်ကြတဲ့ မောင်ငယ်ဏီလင်းညို ညရဲ့ကောင်းကင်၊ မောင်ဝင်းဇော် (welcome) မောင်လေး ဖိုးသူတော်၊ တူတော်မောင် ရီနိုမာန်၊ ဘလော့ဂါတယောက် မဟုတ်သော်လည်း သူ့ ချစ်သူဖတ်လို့ သူလဲလာဖတ်တာပါ ဆိုတဲ့ ကိုဇော်ထွန်း၊ ကိုဇော် (ခြေလှမ်းသစ်)မောင်ငယ် စိတ်စမ်းရေကလေးလေး ခရေတန်၊ လူပြိုကြီး အကိုကြီးရွှေရတု တို့ ကိုယ်စား ရေးဖွဲ့ ရင်းနဲ့ နှစ်သစ်ကူး လက်ဆောင်အဖြစ် ပေးလိုက်ပါသည်။ ပုံ ကတော့ ငယ်ငယ်တုန်းက ဆွဲခဲ့တာ..။

အစတုန်းကတော့ လူပျိုလေးတွေ အတွက်ပဲ လို့ ရည်ရွယ်ခဲ့တာ ပါ..း).. ။နောက်.. စဉ်းစားတော့.. ကိုဆောင်းယွန်းလနဲ့ ကိုတင်မင်းထက် ကို ပြေးမြင်ယောင်မိတယ်..း)..။.. ကိုဆောင်းယွန်းနဲ့ ကိုတင်မင်းထက် ရေ.. ချန်မထားခဲ့ပါဘူး ရှင့်.. နော်.. . ။

တကယ်တော့ ချစ်ခြင်း ကြောင့် ကိုယ့်ရဲ့ ချစ်သူ ဟာ ကမ္ဘာပေါ် မှာ အလှ ဆုံး ဖြစ်နေတတ်တာလေး ဖွဲ့ ပေးမိတာပါ ..။

ကောင်မလေး.. ရဲ့ အလှ မှာ ကြွေကျပြီး နှစ်သစ် မှာ ပျော်ရွှင်ကြပါစေ..။

ချစ်ခင်သော.. မမသီရိ

Saturday, December 05, 2009

သဲစုတို့ထက်ပိုသော ... ကြယ်စုတို့ထက်ပိုသော.....

ကွေ့ဝေ့သောင်စပ် ..
ကမ်းငွေလှက..
ဖွေးဖွေး ရွရွ... သဲ မှုံစ တွေ...
မောင်.... လေမပျင်း...
ရှင်း ရှင်း စိတ်ဝယ်...
ရည်ချင်တယ် ဆို....
ရာပေါင်း ကုဋေ .. ရှိလိမ့်လေလား..
သန်းပေါင်း ရာ ..ထောင်.. ရှိယောင် တိကျ..
ရလို ရလိမ့် .. မောင်နှစ်သိမ့်ရာ....

ပြန့်ပြော ကျယ်လွင့်
မိုးဆင့်တိမ်လွှာ..
ဝဠာတခို.. ညမှာ စိုလဲ့
ပြိုးပြိုး ပြက်ပြက်ေ၇ွှရည်လက်တဲ့
စိန်ပွင့်ရောင်စုံ.. ကြယ်မှုံလေးတွေ
ကုဋေ ဘယ်လောက် ပြည့်မောက်မလဲ..
မောင် သိချင်လို့ ရည်စို့ရယ်ဆို ..
ပိုလို မရှိ သိချင်သိလိမ့် ..
မောင်နှစ်သိမ့်ရာ
တိုင်းတာတခု.. ရလု ပါတယ်....

မောင့်ရဲ့ အပေါ်
စည်းတွေကျော်လို့ ..
မေတ္တာ သွန်းဖြိုး.. ရင်တွင်း မိုးနှယ်..
သဲဝယ်ချည်ရစ်.. နှောင်တွယ်ချစ်ခဲ့ ..
ကျမ အဖြစ်.. မောင်.. တွက် စစ်ရင်..
နုပျိုချိန်များ ကုန်ဆုံး သွားလို့..
ဇရာနွမ်းတိုင်.. မဆုံး နိုင်ပဲ..
ကျယ်ပြန့် လွင့်ပြော ..မေ့.. မောင်.. မော မယ်..
စိုးလို့ပါကွယ်.. မရည် ပါနဲ့....


အသက်ရှူသရွေ့ ..
အချစ်နေ့ ပါ...

ပိုတာ မဟုတ်..
ချစ်သရုပ် တွေ.. ပီပြင်နေခဲ့..

ဆထက်ထမ်းပိုး....
တိုးလို့ချစ်လာ.. မေ့မေတ္တာ တွေ
ကုဋေ ဆယ်ဆ .. ထောင်မက အောင်..
မောင် သိမှာ ပါ.. အရာရာ ကို..
မောင့်ရဲ့ သဘော... မောင်ပြော သမျှ..
မောင့် အလိုကျ ... ဖြစ်စေရခဲ့
ကိုယ့်ဖက်မတွေး ..ရှေ့ ရေး မမျှော်..
မောင်ပျော်ဖို့ အတွက်....
ကျမ ချစ်တာ.. ကမ္ဘာပေါ် က
သဲမှုန့် ထက် ပို... ကြယ်ပျိုထက် ကဲ..
ကျမ ရင်ထဲ.. မောင့် ကို ချစ်တဲ့ အချစ်တွေ လေ.........။



မမသီရိ

Friday, November 27, 2009

ပုထုဇဉ်

(သူ့ဖုန်းနံပါတ်လေး နှိပ်..
ဟဲလို ..ဟဲလို.. ဆိုတဲ့ အသံလေး အကြား
အသာ အယာ ပိတ် ပြစ်လိုက်..
...
အဲဒီ ဟဲလို.. ကလေး.. က
..
ရင်တွေ ခုန်စေသတဲ့
အလွမ်းတွေ ပြေစေသတဲ့..
ခွန်အားတွေ ဖြစ်စေသတဲ့......
ရူး လိုက် ပုံ များ..........)



ရင့်ကျက်သင့်ပြီ..
ဒါပေမဲ့ မရင့်ကျက်နိုင်သေး..

ချန်ခဲ့သင့်ပြီ..
ဒါပေမဲ့ မချန်ရက်နိုင်သေး..

မေ့လိုက်သင့်ပြီ..
ဒါပေမဲ့..မမေ့စွမ်းနိုင်သေး...

ချစ်နေဦးမည်..
ဘ၀ အဆက်ဆက် ချစ်ခွင့် ရှိသရွေ့

ဒါသည်ပင်လျှင် ပုထုဇဉ် ....


မမသီရိ
(၂၇.၁၁.၀၉)

Monday, November 23, 2009

ရင်မှာ..ဆောင်း.....


အချိန်တွေ အတော်လွန်ပြီး ခါမှ....
မပြောမဆို..
ကသုတ် ကရက်..
ကဆုန်စိုင်း.. ၀ုန်း ဒိုင်း ကျဲ လို့..
ရုတ်တရက်.. တံခါးခေါက်.. ပေါက်ချလာတဲ့... ဆောင်း....

လာချိန်တန်လျက်
မရောက်ခဲ့ ပဲ..
ရှိချိန်အလွန်..ပန်းဇွန် တွေ ငိုတော့မှ
ဥတ္တရ လေတွေ.. တပွေ့ တပိုက် နဲ့..
ခိုက် ခိုက် တုန် မလို..
လွင်ပြင်ကို ဖြတ်.. ယာယီ ခဏလေး .. လား.. ဆောင်း...

မင်း အလာ နောက်ကျခဲ့တော့..

မိုင်းသောင်းချီ အဝေးက
ထောင်ပေါင်း မရည်နိုင်တဲ့
လာနေကျ အနွေးလို ငှက်တွေ တောင်
ဆောင်းခိုဖို့အရေး..ဇဝေဇ၀ါ မရေ မရာ ဖြစ်လို့
နေရာသစ်ကို ခရီးဆက်သွားကြတယ် ဆောင်း ရေ့..

ဘာပဲ ပြောပြော..
အဖူး တွေ အသင့်နဲ့ စောင့်နေတဲ့
ဆောင်တော်ကူး ဂေါ်သဇင် တွေက
ပျော်နေကြ မှာတော့ အမှန်..

တော်ဝင် သဇင်တွေ ကသာ...
ရာသီ အို အတွက်.. မျက်နှာတွေ ညိုနေကြလေ ရဲ့..

မေမြို့ ပန်းတွေ
ချယ်ရီတွေ..
ဒေလီယာတွေ..
စိန်ချယ် တွေ..
သော်က တွေ....

အင်း... သူတို့ တွေ ရင်ထဲက အကြောင်းတော့
ငါ.. ကောင်း ကောင်း မသိခဲ့ဘူး ကွဲ့..

ခေတ်ပေါ် ဆောင်း.. အတု
ခေတ်ပေါ် နှင်း.. အတု..
နည်းပညာ.. ဆန်းဆန်း တွေ ရဲ့ အလယ်မှာ
အဲဒီ..ပန်းကညာတွေ က..
ဆောင်း.. အစစ်ကို မေ့ချင် မေ့နေ.. နိုင်သလို..
နှင်း.. အစစ် ကိုလဲ လွမ်း ချင်မှ လွမ်းကြတော့ မှာလေ...

ရာသီ .. ဆိုတာ..
စားသုံးသူ ဦးစားပေး ခေတ်ကြီး ထဲ..
တခါ တရံ များစွာ အတွက်...
မေ့လျော့ခြင်း ခံခဲ့ ရပြီ ကွဲ့ ဆောင်း ရဲ့....
(မင်း ကလဲ .. လာချင်မှ လာမယ် ဆိုတဲ့ အချိုး နဲ့
အချိန် မှ မလေး စား တော့တာ ကို..)

ပုံ ရိပ်အဟောင်းတွေ ထဲ မှာတော့
နှင်း ဝေတဲ့ ဆောင်းနံနက် တွေက
ရာဇ၀င် တွင်... လို့....

ဆောင်း ရယ်... နှင်း.. ရယ်... ကိုယ့် ချစ်သူ.. ရယ်......

နှင်း..........ငွေ ရောင်ဖြူလွ.. တူစွ သန္တာ ရယ်.....

ခရမ်းနု ရောင်.. နှင်း မှုန်လေးတွေ နဲ့ .. ပြည်မှာဆောင်း ရယ်.....


အိုး....
လှ လိုက်လေခြင်း...
ဆောင်း..သတင်း.. နှင်း. သတင်း တွေ...

ခုတလော ဆောင်း ကတော့..

တွန့် တွန့် တိုတို
မပြိုချင့် .. ပြိုချင်...
မာန ရှင်.. နှင်း ..ကိုတဲ့...မြှောက်ပင့် ပေးနေ ခဲ့..လို့...

အေးတော့ အေးချင် ပါရက်...
နှင်း မပြို တဲ့ ညတွေ များများ.. လာ......

အဲဒီ.. နှင်း မပြိုသော ညတွေ မှာ...
ငါ......... မင်း ကို.. လွမ်းရမလား... ဆောင်း.........................။


မမသီရိ
၂၂.၁၁.၀၉


ဓါတ်ပုံက အင်တာနက်ကပါ။

Saturday, November 21, 2009

ငယ်ငယ်တုန်းက ရူးဖူးတယ်..း)




အရွယ်ငယ်ငယ် အပျိုပေါက် ဘ၀မှာ သူ့ ကို စွဲလမ်းဖူးတယ်..း)
ခုတော့ မဟုတ်တော့ပါဘူး နော်.. ( မရွှေဇီးကွက်.. ရေ....း)...

အဲဒီ တုန်းက တောင်ခြစ် မြောက်ခြစ် ခြစ်ခဲ့တာတွေ ပါ..
ပုံတပုံ ရဲ့အောက်ခြေမှာ တွေ့ တဲံ့ နေ့ စွဲ (၂၈.၁၀.၈၇) အရ ဆိုရင်.. ဒီပုံတွေ ကျမ ဆွဲဖြစ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော် ခဲ့ပြီ... အစွဲအလမ်းကလဲ ကြီး.. စာရွက်သေးသေး လေးတွေ ပါ သိမ်းတတ်သူမို့.. သွားလေရာ သယ်တတ်တဲ့ စာရွက်ဟောင်းပုံ ထဲ က ပန်းချီ ဖိုင် ထဲ မှာ ရှိနေတဲ့ ပုံလေးတွေ ပါ...

ငယ်ငယ် တုန်း က ခိုး ကြိုက်ခဲ့တာ မှန်ပေမဲ့... (...း).... ) ခုတော့ သူ့ လုပ်ရပ်တွေ ကို လေးစား တာမို့ ဂုဏ်ပြု ရင်း တင်ပေးလိုက်တာပါ..


အောက်က ပုံလေးကတော့ ဇီးထုပ်မှာ ပါခဲ့တဲ့ ပုံ..



ဒီ ပုံကတော့ မဂ္ဂဇင်း ထဲ ပုံ တပုံ ဖြတ်ပြီး ညှပ်ထား နေမှာ.. ပါ...း)....



ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ကျန်းမာ ရွှင်လန်းပြီး.. လူသားအကျိုးပြု လုပ်ငန်းများ ဆထက်ထမ်းပိုး သယ်ပိုး ဆောင်ရွက် နိုင်ပါစေ ကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်.....။


အားလုံးကို ချစ်ခင်လေးစားတဲ့


မမသီရိ

Tuesday, November 17, 2009

အမေ့အတွက် နားကပ်လေး တရံ

ကျနော်ယုံကြည်ရာ .. ကျနော် လျှောက်ခဲ့လို့
အမေ ယောက်ယက်ခပ်ခဲ့ရတာ .. ကျနော် သိပါတယ် ..အမေ..

ဘ၀ တက္ကသိုလ် ၀င်ခွင့်
အန်ထရင့်စ်တွေ မဖြေလိုက်ရ ပဲ
ဂျောင်း.....ကနဲ....
ဂုဏ်ထူးတန်း တက်ခဲ့ ရတဲ့ ကျနော် လေ..

ပြန်ပြောပြရင်.. ပုံပြင်တွေ ဖြစ်မှာပဲ မို့..
နားထောင်မနေပါ နဲ့တော့ အမေရယ်...
ဆန်ကွဲ ထမင်းစား...
အဲဒီမှာ.. ကျနော် မင်းသား.. ဖြစ်ခဲ့..
အေးစက်စက် သမံတလင်းပေါ် ကျောခင်းရပေမဲ့
အမှန်တရား တခု အတွက်.. ကျနော် ပျော် ခဲ့ပါတယ် .. အမေ

ရက်ရှည် လ များ... အလွမ်း ရထား စီးခဲ့ရတာမို့...
အမေ့ ကို... ကျနော်...
ခဏကလေး ထွေးပွေ့ထား ပါရစေ .. ..
ကျနော့ နှလုံးသားက အသံ
အမှန်တရားအတွက်.. ညံ နေတာ.. အမေ.. ကြား မိရဲ့လား....

ကျနော့ အတွက်.. အမေ ငိုရတာတွေ များ ခဲ့..
ထပ် မငို ပါနဲ့တော့ အမေရယ်..
ခုတော့... ကျနော် လေ.. ဘွဲ့ ရခဲ့ပြီ အမေ ရဲ့...


အိုး...
အမေ...
အမေ့ နားပေါက်လေး ဟောင်းလောင်း....
....
ဘာအကြောင်း ကြောင့်လဲ.. မမေးတော့ပါဘူး.. အမေ ရေ...
...

နောက်တခါ..
ယုံကြည်ရာ လမ်း... လျှောက် လှမ်းလို့ မထွက် မီ ထိ...
ခု... ကျနော်.. အမေ့ ရင်ခွင် ထဲ ရှိမယ် လေ....
အမေ့ အရိပ် .. ချွေး သိပ် နေရင်း...
အမေ့ အတွက်.. နားကပ်လေး တရံ... ရှာကြံ လို့ ..
ကျနော်.. ဆင်ဖြစ် အောင် ဆင် မယ်.. နော် .. အမေ.....။


မမသီရိ
၁၆.၁၁.၂၀၀၉


ပုံမှန်ဆိုရင်.. အဲဒီ သတင်းစာ ကို အမြဲ မဖတ်ဖြစ်.. ကြုံတဲ့ ခါ တွေ မှာ ဖတ်ပေမဲ့.. အမြဲတော့ မဟုတ်.. ဟိုတနေ့ က ပါဆယ် တထုပ်ရောက်လာတယ်။ ကွဲ တတ်တဲ့ ပစ္စည်းမို့ ရုံးချုပ်ကသတင်းစာတွေ ပတ်ပြီး ပို့ပေးလိုက်တာ .. အဲဒီထဲက စာရွက် တရွက် ကောက်ကိုင်ကြည့်တော့.. မျက်စိထဲ တန်းကနဲ ရောက် လာတဲ့ စိတ်ဝင်စား ဖွယ် ဓါတ်ပုံလေး တပုံ ကိုတွေ့ မိပြီး ခံစားလာရ လို့
ရေးဖြစ်တဲ့ ကဗျာလေးပါ..။ တယောက် ကိုတယောက် ထွေးပွေ့ထားတဲ့ သား အမိ နှစ်ယောက် ရဲ့ မျက်နှာ က အပြုံးတွေ ဝေနေပေမဲ့... မျက် ၀န်းမှာ မျက်ရည်တွေ နဲ့...

21- 27 September, 2009 ထုတ် Myanmar Times သတင်းစာ တွင် ဖေါ်ပြ ပါရှိသော " Govt grants amnesty to 7114 Prisoners" ခေါင်းစဉ်အောက်ရှိ ဓါတ်ပုံ တပုံ အားကြည့်ပြီး ခံစား ရေးဖွဲ့ ပါသည်။

ကာယကံရှင် " Former Weekly Eleven Editor .. Ko Kyaw Kyaw Thant" နှင့် ကျမ အပြင်မှာတွေ့ဆုံဖူးခြင်း သိခြင်း မရှိပါ..။ ကဗျာရေးပြီး ပြီးချင်း ဆက်သွယ် ရန် ကြိုးစား ခဲ့သော် လည်း မအောင်မြင် ခဲ့ ပါသောကြောင့် ကာယကံရှင် ၏ ခွင့်ပြုချက် ရယူ နိုင်ခဲ့ ခြင်းမရှိပါ .။ ယခုဖေါ်ပြထားသော ကဗျာ အပေါ် တစုံ တရာ မကျေနပ် ပါ က ma.lay751@gmail.com သို့ စာရေးပြီး ကန့်ကွက် နိုင်ပါသည်။ ကျမ ဘလော့ စာမျက်နှာပေါ်မှ ဤကဗျာ အား ပယ် ဖျက်ပေးပါမည်။

အားလုံးကို ချစ်ခင်လေးစားသေါ

မမသီရိ

Saturday, November 14, 2009

ချစ်တယ်.... ချစ်တယ်... ချစ်တယ်...

တကယ်ပေးချင်တယ်ဆို
ပေးလို့ရမဲံ့အရာတွေ အတွက်..
ဘယ်လို အကြောင်းတွေ ထောက်လို့..
ကျမ က သိမ်းထား ရမလဲ ကွယ်...


ကျမ နှလုံးသား မှာ ..
ပေါက်ပွားလာတဲ့ မေတ္တာတွေ ..ထုဆစ်ပုံဖေါ်လို့
ချစ်သူ ကို ချစ်ဖို့အရေး..

ကျမ ..က
ဧ၀ရက်တောင်ထိပ် .. တက်ဖူးဖို့ မလို...
အင်္ဂါဂြိုလ် လဲ သွားဖို့ မလို....
ဆာဟာရ ထဲ ဖြတ်စရာ မလို...
ပစိဖိတ် သမုဒ္ဒရာ ကူးစရာ မလို...
ဝင်ရိုး စွန်း လဲ ယွန်း စရာမလို...
ကြယ်စင်တွေ တက်ခူးစရာ မလို..
မိုး အရွာ စောင့်စရာ မလို..
နေအပူ စောင့်စရာ မလို...
နှင်း အဝေ.. စောင့်စရာ မလို...
မိုး အလင်း စောင့်စရာ မလို....
နေ အ၀င် စောင့်စရာ မလို....
လပြည့် ..လကွယ်.. စောင့်စရာ မလို....

သူ့ အလို လို... သူ့ ကို...
ချစ်လို့ ချစ်ခဲ့တယ်..
ချစ်လို့ ချစ်မိတယ်..
ချစ်မိလို့ လွမ်းရတယ်..
လွမ်း လို့ တမ်းတ တယ်..
တမ်း တရင်း... ချစ်မိ တယ်....

ရင်ထဲ မှာ ရှိသမျှတွေ..
နှလုံးသွေး လည်ပတ်... အသက် ရှူ ရှိုက်နေသမျှ...
အကုန် သွန် ပုံအော .. မင်း ကို..ချစ်ချ ပစ်လိုက်ပေမဲ့...

လျော့ လို့ မှ မသွား ပဲ ကွယ် ......
(တကယ်တမ်း ပြောရရင်...တိုးတောင် တိုးလာသေးတယ်...)

လူချင်း မဆုံ ဖြစ်သေးတာ တခုလေးနဲ့..
ကျမ က ဘာလို့ ချုပ်တီး ထားမလဲ...
ကျမ က ဘာလို့ ကပ်စီး နည်းမလဲ...

ချစ်တယ်..
ချစ်တယ်...
ချစ်တယ်...
ကဲ..... ချစ်တယ်....

ပေးချင်ရင် ပေးလို့ ရနေပါရက်...
ဘယ်လိုအကြောင်း ကို ထောက်လို့ မှ...
ကျမ သိမ်း မထား ပါဘူး.. ချစ်သူရယ်.....

ချစ်တယ်... ချစ်တယ်.... ချစ်တယ်.....။



မမသီရိ

Monday, November 09, 2009

ပိုင်စိုး ပိုင်နင်း

အတူတူနေဖြစ်ကြတဲ့အခါ ..

ရှင်.. ဂစ်တာတီးတော့..
ကျမ ဘေးက ထိုင်နားထောင်မယ်..
ကိုယ်နှစ်သက်တဲံ့ သံစဉ်တွေ ဆို
သီချင်းလေး လိုက်ငြီး ရင်း နဲ့...

ခဏနေကြာတော့..
ရှင့်ပုခုံးပေါ် ခေါင်းလေး မှီလို့..
ရှင့်ကျော ပြင် ဖွဖွလေး သိုင်းဖက် ထား ...

အိပ်ယာဝင်နောက်ကျတတ်တဲ့ ရှင့်ကို..
မျက်စောင်းထိုး လို့ ကျမ ဆူမယ်..
ရှင် အိပ်ပျော် တဲံ့ ချိန်ထိ ဘေးနား က ကျမ ထိုင်စောင့်ရင်း...
ရှင့် ရင်ဘတ်ပေါ် စောင်ကလေး လွှာပေးလို့..

မနက် မိုးလင်းတဲံ့ အချိန်..
အတင်းဆွဲ လို့ နှိုးထ..လေ့ကျင့်ခန်း လုပ်
ပျင်းကြောလေး နဲ့ ကျောဆန့် မနေနဲ့..
ရှင့် အတွက် ကော်ဖီ ခွက်ကလေး က စားပွဲပေါ်မှာ....


ခု လောလော ဆယ်မတော့..
ကျမတို့ ကြားက မိုင်တိုင်တွေ ကျဉ်းသွားအောင်..
ရှင်.. ရှေ့ ကို တလှမ်း စီ.. တလှမ်း စီ တိုး ခဲ့...
ကျမ လဲ တလှမ်း ချင်း တလှမ်းချင်း.. လှမ်း ခဲ့ မယ်...

(ခဏ... နော်.).. မှာ စရာလေးတွေ ရှိသေးတယ်..

စိတ်ညစ်စရာတွေ လာ လာ မပြောနဲ့
သိပ်ချစ်တာတွေ ပဲ ပြော...
ဝမ်းနည်းစေသော အကြောင်းတွေ မြှပ်နှံ သဂြိုလ် လိုက်တော့..
ဒီမှာ.. ရှင့်အတွက်.. နွေးထွေး တဲ့ ရင်ခွင်တခု ရှိနေပြီ....

အွန်လိုင်း ပေါ် ခဏခဏ မတက်နဲ့
အွန်လိုင်း မှာ အကြာကြီး မနေနဲ့..
ကောင်မလေး တွေ ပြုံး ပြုံး မပြ နဲ့..
တယ်လီဖုန်းပြောရင် အသံ တွေ မချိုနေစေနဲ့..
ကားမောင်းတာ ဂရုစိုက်မောင်း...
သစ်သီးတွေ များများ စား...
အိပ်ရေးပျက်မခံ နဲ့...
ကျန်းမာရေး ဂရုစိုက်..
ဒေါသ မထွက်အောင်နေ..
အစွန်းလေး ပါး လွတ်အောင် ကျင့်..
ဝမ်းမနည်းအောင် ကြိုးစား...
လမ်းသွားတဲ့ ခါ ခေါင်း ငုံ့မထားနဲ့..
ဆံပင်တွေ သေသေသပ်သပ် ဖြီး..
စီးကရက်သောက်တာ ဖြတ်လိုက်ပြီလား.
(မဖြတ် ရသေး ရင် ဖြတ်လိုက်တော့..)..
အရက်သောက်တာ မကြိုက်ဖူး...
အဆီများ တဲ့ အစား အသောက်တွေ ရှောင်..
အရာရာ ကို ရင်ဆိုင်နိုင်အောင်ကြိုးစား...


အရေးအကြီးဆုံးက..
ကျမ.. ရှင့်ကို ချစ်တယ်...
အဲဒါ ... ဘယ်တော့မှ မမေ့လေ နဲ့......။

PS:
ရှင်စားချင်နေတယ် ဆိုလို့..
ကျမ ချဉ်ပေါင်ကြော်ဖို့ ရယ်..
ပဲပြုတ် ပြုတ်တတ်ဖို့ရယ် လေ့ကျင့်နေပါတယ်..
အတူတူ နေကြတဲ့ အခါ.. ချက်ကြွေးချင်လို့ပါ......။



မမသီရိ

Saturday, November 07, 2009

Memory of Yangon 2008

၂၀၀၈ ခု ဖေဖေါ်ဝါရီတုန်းက အလုပ်ကိစ္စတချို့ နဲ့ ရန်ကုန်ရောက်ဖြစ်ခဲ့ပါတယ်။ မြင်တာ တွေ့တာလေးတွေ ဟိုရိုက် ဒီရိုက် လုပ်ထားခဲ့မိတာ .. တနေ့က ဓါတ်ပုံ file တွေ ပြန်ကြည့်ရင်း သတိတရ ဖြစ်လာလို့ ရန်ကုန် လွမ်းနေသူတွေ အတွက် ဝေမျှပေးလိုက်ပါတယ်။ ခုလောက်ဆို မြင်ကွင်းတွေက ပြောင်းနေမလားတော့ မပြောတတ်.. ။

(၁)

ဒီပုံ က ဘယ်နားက ရိုက်ထားတာလဲ မှတ်မိကြမလား မသိဘူး...။

(၂)


အမှန်က လက်ဖက်သုပ်ဆိုတာ ကိုယ်နဲ့ မတည့်ဆုံးသော အစား အစာ.. ဒါပေမဲ့ .. ကြွရွနေတဲ့ နှစ်ပြန်ကြော် အကြော်တွေ.. လက်ဖက်ရွက် နုနု လေးတွေ.. တလုံးကြက်သွန်ဖြူ လေးတွေ.. ကုလားအော်ငြုပ်စိမ်းဖြူဖြူလေးတွေ မြင်တော့ မနေနိုင်မထိုင် ၀ယ်မိတော့တာ..။ တည်းတဲ့ ဟိုတယ်ပြန်ရောက်တော့ တို့ယုံလေး တို့ကြည့်ပြီး... ဟိုတယ်က တာဝန်ကျ ကလေးတွေ ပေးစား ခဲ့ရရော...း).... အဲဒါ တခါ တည်း မဟုတ်ပဲ... နေခဲံ့တဲံ့ ရက်တွေမှာ နေ့တိုင်း သွား ၀ယ် ပြီး.. နေ့တိုင်း ပေးစား ခဲ့ရတာ...း)... ။


Justify Full(၃)
ရန်ကုန်မြို့လည်တနေရာ.. အပေါ် က ရိုက်ထား ခဲ့တာ... ဘယ်အပေါ် ကလို့ ထင်ကြပါ သလဲ.......း)....။

(၄)

ကျမ ရောက်ခဲ့တုန်းက.. ဒီအဆောက်အဦကြီး ကို.. ဟို ပုဂ္ဂိုလ် က ၀ယ်လိုက်ပြီ .. ပြန်ပြင်တော့မယ်.. ဟိုတယ် လုပ်မလား မသိဘူး ဆိုတဲ့.. ကောလဟာ လတွေ ထွက်နေတော့ .. ၀မ်းနည်းစွာ နဲ့.. အချိန်ရ တိုင်း.. ကျမ အဲဒီရှေ့ သွားပြီး ကြည့်ခဲ့တယ်... ခု တော့ ဘာဖြစ် ကုန်ပြီ လဲ မသိတော့.... အဲဒီ သမိုင်းဝင် အဆောက်အဦကြီး..ကို တကယ်သာ ရောင်းခဲ့ တယ် ဆိုရင်တော့....... ကျမတို့ ဘယ်လို အစား ထိုး မှု မျိုးနဲ့ ဖြေသိမ့်ရမှာ လဲ...။

အဲဒီရှေ့ မှာ...ထိုင်နေတဲ့ လူအုပ်စုတွေ က နိုင်ငံခြားထွက်ဖို့ ပတ်စပို့တ် လုပ်တဲ့ သူတွေ.. မနက် က ည ထိ အပြည့် ရှိနေတာ တွေ့ခဲ့ ရတယ်..။

(၅ - က)


(၅-ခ)

(၅-ဂ)

ရောက်စ တည နေခင်းမတော့ တည်းတဲ့ ဟိုတယ်ရှေ့နားလေး ထွက်ကြည့်တုန်း . လူတွေ စုရုံးနေတာတွေ့လို့ သွား စပ်စု ကြည့်တော့ အသက် ၁၁ အရွယ် ကလေးလေး တယောက် ပန်းချီ ထိုင်ဆွဲ နေတာ တွေ့ ခဲ့ရတယ်.. ဆဌမ တန်းကျောင်းသားလေး ပါ..။ မျက်စိရှေ့မှာ တင်.. ပုံတွေ တခုပြီး တခု စိတ်ဝင်တစား နဲ့မနား တမ်း ဆွဲနေ တဲံ့ ကလေးလေး ကို အံ့သြဖွယ်ရာ တွေ့ခဲ့ရတယ်..။ လက်ရာတွေ ကလဲ မဆိုး ဘူး ပြောရမှာ.. သူ့ အဖေနဲ့ အမေနဲ့ က ဘေးနား မှာ စောင့်ပေးနေတယ်.. မိဘတွေ ခွင့်တောင်းပြီး ဓါတ်ပုံ ရိုက် စကားလေး နဲနဲ ပါးပါး ပြောဖြစ်ခဲ့တယ်.။ ညနေ ကျောင်းအားချိန်တွေ မှာ.. ဟိုတယ် တွေ နား မှာ ပန်းချီ ထွက်ဆွဲ ပြီးမိဘတွေ ကို လုပ်ကျွေးနေတာ ပါတဲ့.. သူ့ အဖေ က လဲ ပန်းချီဆရာ တယောက်ပါ .. ဒါပေမဲ့.. သူ့ ပန်းချီကားတွေ ကို ရောင်းလို့ရအောင် တင်မဲ့ နေရာ အခက်အခဲ .. နဲ့ကျန်တဲ့ အခက်အခဲ လေးတွေ ရှိနေလို့ ၀မ်းရေးအတွက် အတော်လေး ပင်ပမ်းကြပါသတဲ့...။ သားကလေးက ငယ်ငယ် ထဲ ပန်းချီ ၀ါသနာပါပြီး.. အဖေ ပန်းချီ ဆွဲတဲ့ အနား အမြဲ နေတတ်သူ .. နောက်တော့ သူကိုယ်တိုင် စမ်းဆွဲ လာတော့.. လူမြင်ကွင်းမှာ.. ဆွဲ ပြီး ရောင်းကြည့် ဖို့ အကြံ ရပြီး .. စ ရောင်းခဲ့ ကြတာ တဲ့... ခုတော့.. ကလေးလေး ရဲ့ လုပ်အားနဲ့ သူတို့ ထမင်းစာဖို့ အတော် အသင့် အဆင်ပြေတယ် လို့ သိခဲ့ ရတယ်..။ ၅ မိနစ် ကနေ မိနစ် ၂၀ အတွင်းအပြီး ဆွဲ တဲံ့ ပန်းချီ တကားရဲ့ တန်ဖိုး က ကျပ် ၅၀၀ နဲ့ ၁၀၀၀ ပါ..။ ဓါး တချောင်းနဲ့ စုတ်တံ အရွယ်အစား အမျိုးမျိုး ကို သုံးပြီး တမဟုတ်ချင်း လက်တမ်း ဆွဲ နိုင်တဲ့ ကလေးလေး ရဲ့ အနုပညာ ဗီ ဇ လေး ကို ချီကျူး မိပြီးတော့ အနာဂတ်မှာ ထူးချွန်တဲ့ပန်းချီ ဆရာ လေး ဖြစ်ဖို့ .. ဆုတောင်းပးခဲ့တယ်.။


(၆)
ဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းဈေး ထဲ က ပန်းချီကားတွေ ရောင်းတဲ့ တနေရာပါ..။



မမသီရိ


Friday, November 06, 2009

ညီညီ


ညီညီရေ..
ရှေးဟောင်း၈ရိတွေရဲ့
နတ်ဘုရားလေး တပါး ဟာ မင်း ပဲပေါ့....
ကြေးဝါ ရောင် အသား အရည် နဲ့
ခွေကောက်ကောက် ဆံ နွယ်တွေ..
နေခြည်မှာ ဆို ရွှေ အို ရောင်လက် လို့...

လင်း လဲ့ မျက်ဝန်း ပြာ ပြာ မှာ...
ကော့ ညွှတ်နေတဲ့ မျက်တောင်တွေ...
မဲ နက် တဲ့... မျက်ခုံး တန်း နဲ့...
ဆုတောင်း ကောင်းခဲ့တဲ့ ကလေး...
သွား ကလေး တွေ ဖွေးဖွေး ဥလို့ စီ...
ညီ ညာ ပါ ပေ့...
နီထွေး နှုတ်ခမ်းပါး ကလေးက ထော်ထော်..

မေမေ ရေ.. လို့အော် ခေါ်တဲ့ အခါ...
နိုက်တင်ဂေးလ် ငှက်ကလေးရဲ့ အသံသာ သလိုပဲ လို့...
ညီညီ့ မေမေ က ထင် သတဲ့....

တန်ဆောင်မုန်း လ..
နက္ခ စုံ ညီ ၀န်းရံ ခ စား...
လပြည့် နား ရဲ့ တဖက်.. ခု လို တရက် မှာပေါ့
မေမေ က ညီညီ့ ကို...
အပြုံးချိုချို တွေနဲ့ . ထွေးပွေ့ ခဲ့တာ ကွဲ့....

ညီညီ ရေ...
ညီညီ့ မေမေ ပြောတဲ့ စကား.... ကြားနေပါ သေး ရဲ့..
မေတ္တာ မပါ တဲ့.. .ည.. အပြာ တွေ ကြောင့်...
ဆောင့် ကြီး အောင့်ကြီး... လွယ်ခဲ့ရတဲ့ သား....
သူ့ ၀မ်း ကြာ တိုက် ကြား ရောက်လာပြန်တော့..
သူ့  ဘ၀ မှာ ညီ ညီ ကလေးလေး သာ
အရေး ကြီး ဆုံး ဖြစ်ခဲ့ ပါ သတဲ့.....


အဖေ ဆိုတာ တွယ်တာစရာ လို့
သိခွင့် မရခဲ့ သူလေး မို့..
အသနား ကလဲ ပို ရပါ သ တဲ့....

ဒါပေမဲ့ .. ညီညီ ရယ်...
မေမေ က နေ...
မေမေ .. က လ...
ညီညီ့ ဘ၀ မှာ အမြဲ သာ နေပေး တာ..

မေမေ ရဲ့ သီ ချင်း..... မေမေ ရဲ့ ကဗျာ
ညီညီ ရဲ့ နှလုံးသား မှာ အမြဲ သီကုံး ပေးနေ မှာ....

မေမေ ဟာ... ညီညီ လိုနေ သရွေ့
ညီညီ့  ကမ္ဘာ သာ ဖြစ် နေစေ့ ပါ မတဲ့......


လေး နှစ် မှ သည်...
ရာချီ တဲံ့ ထိ...
ရွှင် လန်း ကျန်းမာ.. ရတနာ သား ကောင်း...
မေမေ့ နားဒေါင်း တရံ ပမာ....
မေမေ့ အနားမှာ
အလင်း တွေ ဝေဖြာ စေမဲ့......သား ကလေး ညီညီ .. ...ပျော် ပါစေ....။


ဘယ်ဘ၀ က ၀င်စားလေသလဲ မသိ... စကား တတ်စ ကတည်းက စစ်ဗိုလ်ချုပ်ပဲ လုပ်မယ်ဆိုတဲ့ အပြောက တပြားသားမှ မလျှော့ သူကလေး..။ သူ့ အမေ က တော့.. စစ်ဆိုရင် ရေ တောင် စစ်မသောက် ချင်သူပါတဲ့...း)... အနာဂတ် မှာ ဘာတွေ ဖြစ်လာမယ် ဆိုတာ မသိကြပေမဲ့... ဘ၀ ရဲ့ အကောင်းတကာ့ အကောင်းဆုံးတွေ ပဲ ရပါစေ... ညီညီ ရေ.......


မမသီရိ

Wednesday, November 04, 2009

မင်း မရှိတဲ့ အရပ် မှာ....


ဝေး......ကွာခြင်းက ..
တို့ရဲ့ နှလုံးသား ကို..
တိတ်ဆိတ်စွာ ပဲ..
ရက်ရက် စက်စက် လာနှိပ်စက်နေပြီ...

အိပ်မက်ဆန်သော ကမ္ဘာ အလယ်
ဆုံကြတဲ့ အခိုက်.. ချစ်နေကြတဲ့ အချိန်..
အဲဒီ အချိန်တွေ တုန်းကတော့..
ချစ်တာတခုပဲ ချန် ကျန်တာတွေအကုန် မေ့ထား..
မိုက်မဲ စွာ အပျော်လွန်ခဲ့ သမျှ...
ခု ချိန်ကျတော့...
အက်စစ် မျက်ရည်တွေ..
ကြွေနေပြီ.... ဝေနေပြီ... အချစ် ရယ်......

အတူ လျှောက် လို့ မရတဲ့ လမ်း မှာ..
ဝေး ကွာ စွာနေရင်း..
ဦး တည်ချက် စခန်းများ..
တယောက် တလမ်းပေါ့ အချစ် ရယ်....
ဆောင်း ၀င်စ.. နှင်းတွေ က လဲ
အသံ မဲ့ စွာ ကျနေကြတယ်...
တိတ်ဆိတ် လွန်း လိုက်တာ..

တို့ ရင်ထဲ ငို နေတာ.. သိလို့ များလား..

ငှက်ကလေး တွေ တေးဆို ကြတာကလဲ
ပီပြင်စွာ ကြည်လင်မနေ ပဲ
အက်ကွဲ လို့ ဆွေးမြေ့ စွာ...ကူ လွမ်း နေသလား....

လမင်းလေး ရယ်..
မင်းကတော့.. နေထွက် တဲ့ အခါ ပုန်း လျှိုး
နေ၀င် တဲ့ အခါ ပြန်ရောက်လာမှာ ..
တို့တတွေ မှာသာ..
ဘယ်အချိန် ဘယ်ကမ္ဘာ ရောက်လို့
ဘယ်လို လမ်းတွေ လျှောက်
ဘယ်စခန်း ရောက်မှ
တိမ် စင်စွာ ပျော်ရွှင် ရမလဲ...
နေမင်း ကြီး နဲ့ လွဲခဲ့ ရုံ နဲ့ ငို တာ မဟုတ်ပေမဲ့....
မဖြေနိုင်ဘူး..
မဖြေနိုင်ဘူး.. အချစ်ရယ်...

အတူနေ မဖြစ် သေးလို့.. ဝေးနေရ တဲ့ အရပ်မှာ
အလွမ်း ကမ္ဘာ တည်ဆောက်လို့
ဖုံ ချောက် တဲ့ လမ်းပေါ် .. အလွမ်း နဲ့ ပျော်လို့..
မျှော်လင့်ချက် ကင်းမဲ့ စွာ..
တမ်းတ ကာ နေရင်း....
တို့ တယောက်ထဲ အထီး ကျန်စွာ...
နေ .. နေ.. ရတာ စဉ်းစား ရင်း....

ဝေးကွာခြင်း အတွက်... ဆို့ နစ် လို့ နေတယ်....

ရက်စက်တာ ကံကြမ္မာလား
မိုက်ခဲ့တဲ့ ဒဏ်ရာလား
အချစ်အတွက် ရင်နာရတာ..
တဘ၀ မှာ တခါ သာ ကြုံပါရစေတော့
ဘ၀ အဆက်ဆက်.. အချစ် အတွက် မငိုပါရစေနဲ့..

ဝေးကွာခြင်း မိုင်တိုင်များကြောင့်
ထက်သထက် ပိုထက်လာတဲ့ ဓါးသွား က
နှလုံး သား ကို ခပ်ဖွဖွ လာမွှန်းတာ
တည်ငြိမ် စွာ ခံယူ နိုင်မဲ့ အသဲ.. ရခဲ့ ချင်လိုက်တာ...

အချစ်ရယ်...
နွေးထွေး မနေတော့တဲ့..
ပါး ပြင်ပေါ်က အနမ်းတွေ (အိပ်မက်ထဲမှာပဲ)
အေးစက်စက် နဲ့ အသက် မဲ့ နေကြ ပြီ....

တောက်ပ မနေတော့ တဲ့....
မျက်ဝန်း နက်ထဲက အရိပ်တွေ..
မှုန်မွှားမွှား နဲ့ေ၀၀ါး နေကြပြီ...


ဝေး သထက် ဝေးသွားတဲ့ အခါ..
သူ... သတိရ နေမလား...
အချိန်ကြာလာတဲ့ အခါ..
သူ.. မေ့သွား မလား..
နောင်ဖြစ်လာမှာတွေ ကြိုမတွေးထားချင်ဘူး
နောက်တော့လဲ
သူ သတိရချင်ရ မရချင်နေ..
သူ လွမ်းချင် လွမ်း မလွမ်းချင်နေ

တို့ရှေ့မှာ ခု လာရပ်နေတဲ့ ဝေးကွာ ခြင်းအတွက်..
တို့ နှစ်ယောက် ရဲ့
ဆုံဆည်းခြင်းတံခါး ကို .. ခု လာခေါက်နေတဲ့.. ဝေးကွာခြင်း အတွက်

တို့တယောက်ထဲ လွမ်းနေရ အောင်
ရက်စက်လှတဲ့ ဒီ ဝေးကွာခြင်း အတွက်

မင်း .. ဖုန်းဆက် အနမ်းတွေ ပေးတဲ့ အခါ..

ဘယ်လို.. ဖြေရ မလဲ အချစ်ရယ်..
မင်း မရှိတဲ့ အရပ် မှာ ဘယ်လို နေရမလဲ အချစ်ရယ်

မင်း မရှိတဲ့ အရပ် မှာ ဘယ်လို နေရမလဲ အချစ်ရယ်
မင်း မရှိတဲ့ အရပ် မှာ ဘယ်လို နေရမလဲ အချစ်ရယ်.....။


မမသီရိ

Sunday, November 01, 2009

နှစ်ဦးသား ဆုံတဲ့နေ့



အခန်းတခုလုံး..
ဖွေးဆွတ်နေတဲ့ နှင်းဆီပန်းတွေနဲ့ မွှေးရီဖုံးလွှမ်း
ခန်းဆီး အဖြူ ရောင်....
ဆက်တီ အဖြူရောင်....
နံရံ အဖြူ ရောင်.....

စာပွဲခင်း အဖြူရောင် ခင်းထားတဲ့ စားပွဲ ပုလေးပေါ်
ရနံ့ သင်းသင်း ကော်ဖီ နှစ်ခွက် က မျှော် လို့....


အခန်းဒေါင့် တနေရာ..
ကိုယ့် ရင်ခုံ သံ ကိုယ် ကြားနေတဲ့ အခိုက်..
တိတ်ဆိတ်တဲ့ ခြေလှမ်းတွေနဲ့ .. အသာ အယာ ရောက်လာခဲ့တဲ့ .. သူ...

ပြုံးခဲတဲ့ နှုတ်ခမ်းပေါ်
ရှားပါးတဲ့ အပြုံးတပွင့် လန်းတင့် လို့နေတာ
မြင်ခွင့် ရခဲ့တဲ့.. အခိုက်အတန့်ကလေး မတော့

ကမ္ဘာ ပေါ်က အရာရာ .. ပြာ သွား ခဲ့ ပါပေါ့

တို့ နှစ်ယောက်သာ ရှိတဲံ့ ဒီကမ္ဘာ..

ကျမတို့ စကား တွေ မပြော ကြဘူး
ကျမတို့ စကားတွေ ပြောစရာ မလိုဘူး...
ကျမ တို့ မှာ ပြောစရာ စကား မရှိဘူး...

ကျမ နှလုံးသားက စကားသံ
သူ့ နှလုံးသား နဲ့ ကြားခဲ့ ပြီးပြီ..
သူ့ နှလုံးသား က စကား သံ ... ကျမ နှလုံးသား နဲ့ ကြားခဲ့ပြီး ပြီ...

သူ့ ထံ က ချစ်ခြင်းတွေ ကျမ ဆီ စီး ဆင်းခဲ့ ပြီး ပြီ.....


သူ့ ရင် ခွင် ထဲက .. သူ့ မျက်နှာ မော့ အကြည့်..
မျက်ရည် တွေ ပြည့်လျှံနေတဲ့ သူ့ မျက်ဝန်း...
အဲဒီ နောက်မှာတော့
ကျမ ကို ချစ်တဲ့ အချစ်တွေ..သမုဒ္ဒရာမက ကျယ်ဝန်းတာ ကျမ မြင်ခဲ့...

သူ့ကျောလေး အသာ သိုင်းဖက်
ချစ်လိုက်တာ..
ချစ်လိုက်တာ.. လို့ ထပ်ခါထပ်ခါ ... ကျမပြောတော့...
သူ..... ကြည်ကြည် နူးနူး နဲ့ ငုံ ကြည့်....

ခုတော့ လဲ..
အကျည်းတန်သော အရာတွေ အားလုံး....အတိတ်မှာ ကျန်ခဲ့..
လောကကြီး က အသာယာ ဆုံး...
ကျမ တို့ ဆက်လျှောက်မဲ့ လမ်းမှာ.. ချစ်ခြင်းဖွဲ့ ပန်းပွင့်တွေ ဖုံးလွှမ်း....

ကျမတို့ ဥယျာဉ်ထဲ မှာတော့..
ကျမတို့ ငှက်ကလေးတွေ ကဗျာဖွဲ့ သီခိုက်..
ကျမတို့ ပန်းကလေးတွေ က ဘယ်ညာ ယိမ်း စည်းချက်လိုက်...


အဖြူရောင် ခရုတွေနဲ့ စီထားတဲ့ ခန်းဆီးလေး..
ဒန်း စီး ရင်း... အချစ် သီချင်း တပုဒ် ကို ဆို....

ဟိုး အရှေ့ ပင်လယ်က လှိုင်းပုတ်သံ သဲ့သဲ့
တချက် တချက်... ယဲ့ယဲ့ လေး.. ကြား မိ....

မိုးကောင်းကင် တခု လုံး က ကြည်လင်လို့...

အခန်းထောင့်က တယောပြားလေး...
သူ့ အလိုလို .. တေး သွား တခု ဖန်တီး....

ပင်လယ် ပြင် အစွန်း.. မေးတင်နေတဲ့ နေလုံး ကြီး...
ပြုံး ဖြီးဖြီး လေး နှုတ်ဆက်...
ငါ... ပုန်းနေပေးပါ့ မယ် ကွယ်.... တဲ့...
သူ့ပါးပြင် မှာ ပုဇွန်ဆီရောင်တွေ သမ်းနေတာ
ကျမတို့ ချစ်ရည်တွေနဲ့ ရွှန်းလက် ခဲ့လို့.. ဆိုပဲ....


ကျမ ကတော့..
သူ့ ရင်ခွင် ထဲ...ရှက် ရှက် နဲ့... ခေါင်း ၀ှက် ထား မိရုံ....

သောက်သူမဲ့.. ကော်ဖီ နှစ်ခွက်..
စားပွဲ ပုလေး ပေါ်... ပြုံးပြုံး လေး.. အေး စက်.... လို့.....။



မမသီရိ

ပုံက ... သူ.. ကျမနဲ့ အတူတူ သွားချင်တယ်လို့ ပြောခဲ့တဲ့ နေရာလေး ပါ ..း)... ကျမ မှာ သူ.. ဆိုတာ ရှိနေတယ် လို့ ယုံတဲ့ သူတွေ အတွက် ညာတာပါ ..း)...။

Tuesday, October 27, 2009

ဥယျာဉ်မှူးနဲ့သူ၏ပန်း



အမြတ်တနိုး သူပျိုး
အဲဒီပန်းအိုးလေး
အဖူး အပွင့်တွေဝေဆာတော့

မွှေးလဲ မမွှေး သူငေးကြည့် ရုံ
..

အပင်လေးအတွက်မြေသြဇာ

သူ ကဗျာတွေ ရေး


အပင်လေး အမြဲလန်းဖို့

တေးချင်းသီ သူ စောင်းကြိုးညှိ


အရိပ်တကြည့်ကြည့် ..
ကြည့်ရုံလေး မြတ်နိုးတာ....
သူ ပြောလာပေမဲ့..


အဲဒီအပင်ကလေး
အဖူးတွေ ပွင့်အာ ခိုက်

ဝတ်မှုန်တွေကြား တွန်းတိုက်ထွက်

ညင်သာညံ့သက် တီးတိုးသံ သဲ့သဲ့
....
ဥယျာဉ်မှူးကို ချစ်သတဲ့.


မမသီရိ
23.9.2009

Sunday, October 25, 2009

စပါးပေါ်ချိန်




(မောင်)
ရွာနောက်က တို့လယ်ကွင်း

ဝင်းပါပေါ့ ရွှေရောင်ပြေ

မယ်ဒွေး ရေ. ကြည့်ပါလှည့် . မှည့်နေတာတွေ..


အသီးက ဝေေ၀.. အညှာက အဲ့အဲ့

သိမ်းလိုက်ရင် ရာကျော် တက်မဲ့

ဘိုး ဘွား ပိုင် တို့မြေကွက်.. စိန်နှံတွေ ထွက်..



(မယ်)
ဟုတ်ပါရဲ့ မောင်ကြီးရေ

လှလိုက်တဲ့ ဒီမြင်ကွင်း .. ရွက်ဖျား နှင်းကြွေ

နီးကြဖို့ အိပ်မက်တွေ .. မှန်ပေပေါ့ ဒီဆောင်းဦး
..

တို့လယ်တွေ ကောက်ဆိုင်ဖွဲ့ လို့

တလင်းနယ် ကွင်းကျယ် သိမ်းရင်..

မယ် နဲ့ မောင် .. ဖူးစာ ဖက်မယ်.. ရင်ခုန် ကြည်နူး....။


မမသီရိ


ခက်ဆစ် - - ကောက်ဆိုင် = ရိတ်သိမ်းပြီးသောစပါး ကောက်လှိုင်းများအားစံနစ်တကျစုပုံထားသည့်အပုံ
- တလင်းနယ် = ရိတ်သိမ်းပြီးကောက်လှိုင်းများအား အစေ့ချွေရန် ကျွဲ၊ နွားများဖြင့် လှည့်ပတ်နင်းစေခြင်း





Thursday, October 22, 2009

အလွမ်းတို့စေရာ



ဆန်းစလရဲ့ မှုန်ပြပြ အလင်း
ပြူတင်းက တစ်ဆင့်..
မရဲ တရဲ တိုးခွဲ လို့ ၀င်လာနေ..


အခန်းကျဉ်းလေး..

သီးခြား ကမ္ဘာ တစ်ခု

အထီးကျန်နေသူ့ ထံပါး..

လွမ်းတမန် စေရော့သလား..
ရွှေ အားတော် ငယ်......။


ဟိုး အဝေးမှာ ရှိနေတဲ့
အိပ်မက်တွေ ထဲ ထိ
စိုးမိုး မိသူ..

သူ..ဘာတွေ တွေးနေမလဲ

သူ..ဘာတွေ လုပ်နေမလဲ
..
သတိလေး နဲနဲ ရဘို့များ
သတိရမလား....
သတိလေး နဲနဲ ရဘို့များ အဆင်ပြေမလား....


လွမ်းလိုက်တာကွယ်.......။


နတ်သျှင်နောင် ရဲ့ လွမ်း ရတု တစ်ချို့

န၀ဒေးရဲ့ ကာရန် တစ်စ

ဦးစ ရဲ့ တေးသွား တစ်ခု

အလွမ်းတွေ စုနေပြီ...


တဂိုး ရဲ့ အလွမ်းကဗျာ မြစ်ဖျား အစ
ခုမှ ပဲ ခြေရာခံမိ...။

ဟင်နရီ ကွန်စတေဘယ်လ် ရဲ့
နှင်းဆီ ဆူးတွေ..
ရင် ထဲ မှာ စူးနစ်နေပြီ..
....

ဆန်း စလရဲ့
မှုန်ရီရီ အလင်း
ရောင်စဉ် စကြာ နင်းပြီး
သူ့ဆီ အရောက် လျှောက် နိုင်မယ် ဆို

သိပ် ကို ကောင်းမယ်...။


.........
ဆုံ ရမဲ့ ရက်
လက် ချိုးတွက် ရည်

ကမ္ဘာ ..ကမ္ဘာ ဆီ အဝေး..
နာရီ လက်တံ မြန်မြန် လှည့် ပြေး ..
ပြေးတွေ့ချင် တယ်..


...................................

လွမ်း လိုက် တာကွယ်....။


မမသီရိ


အလုပ်တွေ အလွန့်အလွန် ရှုပ်နေလို့ မိတ်ဆွေတွေ လဲ နှုတ်မဆက်အား၊ ဘလော့ များလဲ လျှောက်မလည်နိုင်သော်ငြားလည်း လွမ်းခြင်းတွေကတော့ ပိတ်ပင်တားဆီးမရစွာ လာ လာ လက်တို့ နေတော့.. လ ကွေးကွေးလေး ငေး.ငေးကြည့်ရင်း စီဆင်းလာတဲ့ အလွမ်းတွေအတွက် လွမ်းချင်းလေးတပုဒ် ကသုတ်ကရက် တင်ထားခဲ့ပါတယ်..

ချစ်ခင်ရတဲ့ မိတ်ဆွေတွေအားလုံး နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ..

Friday, October 16, 2009

တိမ်ကိုနမ်းသော ခြေလှမ်းများ


(၁)
ကန္တာရတွေကျော်.. တောင်တန်းတွေပေါ်ဖြတ်
လျှိုအထပ်ထပ်ဆင်း.. မြက်ခင်း အတန်တန်လွှား
ထိမ်းချုပ်ခြင်း တာရိုးများ.. ကျိုးသွားပြီးတဲ့ နောက်
ရှည်လျားသော မုတ်သုန်အလွန် မှာ.....
တခွန်းသော သူ့စကား...ကျမနား..နား ကပ်
တိုးဖွဖွ ညင်သာသာ
..ညီမလေး ကို... ချစ်လိုက်တာ.. တဲ့..
ရွှေအပြားကုဋေ တသန်းမက
အဖိုးတန်လှ ဒီဆုလာဘ်.. နောက်ဆုံးတော့.. ကျမ ရခဲ့ ပြီ...

(၂)
အလွမ်းတွေရယ်
အနမ်းတွေရယ်
ကမ်းအလွန်မှာ ရောဖျော်ချလိုက်တော့
အပြာရောင် စမ်းချောင်းလေး
ဖြတ်ကူးပြေးပါပေါ့.. ကျမ ရဲ့ နှလုံးသား ကဗျာ..

(၃)
နှင်းတွေရယ်
အလင်းတွေ ရယ်
အာရုဏ်မှာ ပေါင်းဆုံဖြစ်ကြတော့
အ၀ါရောင်လမ်းကလေး
ပေါင်းကူးပေးပါပေါ့.. ကျမရဲ့ ရင်ခွင် မှာ..

(၄)
တံခါးတွေရယ်
စကားတွေရယ်
လွင်ပြင်အလယ် ဖွင့်အန်ချလိုက်တော့.
အကြင်နာအခန်းကလေးတခု
တယုတယ ဖြစ်လာပါပေါ့ ကျမ နားခိုရာ..

(၅)
အသာယာဆုံး လောက
သတ္တ ဒီကမ္ဘာ .. ကျမလောက်ပျော်တာ
ရှိမှာ မဟုတ်တော့...
လေအဟုန်စီးမျော..
သောသောသုန်သုန်..ရင်ခုန်စည်းချက်
ဘ၀ဂ်ထိယံ.. မိုး ဆီပျံလွှမ်း
နှစ်သန်း ခြောက်ထောင် ..ဂြိုလ်ကမ္ဘာတောင်တုန်ဟီး
ရှက်ရိပ် စီးကျ.. ပူနွေးသောပါးပြင် အလှ
သူမြင်ခွင့် ရခဲ့.....

လှိုက်မော ညိုးညံ
သူ့ ရဲ့ ချစ်ခြင်းဖွဲ့ ဗုံသံတွေ..
စည်းချက်မပါ.. ကျမ ကောင်းကင်ပေါ် ဖြာသွားတဲ့ခဏ...
တိမ်ကိုနမ်းသော ခြေလှမ်းများနဲ့..
အဲဒါ... ကျမ ချစ်သူရဲ့ ချစ်သူ.. ကျမ.. လေ....။

မမသီရိ
၁၅.၁၀.၂၀၀၉

Thursday, October 15, 2009

မိဆိုး

ခုန်ချင်သလိုခုန်နေတဲ့ ရင်ခုန်သံတွေ
ပြန်ချင်သလို ဘာသာပြန်ပြီးတဲ့ နောက်မတော့
အရိပ် သုံး ပါး လဲ နားမလည်ချင်
ကာလ သုံး ပါးလဲ မှတ်မထားချင်
အချိန်ရှိ သရွေ့
ချစ်ပဲ ချစ်နေချင်မိ.......


သူ ချစ် ချစ် .. မချစ် ချစ်
ကိုယ် က သူ့ကို ချစ်
သူ သိသိ မ သိသိ
ကိုယ့် ရင်ထဲ သူ ရှိ
သူ လာ လာ .. မလာ လာ
ဆုံနေကျနေရာ အမြဲ ရှိ

သူ အား အား မအားအား
ကိုယ့်အနား ပဲ ရှိနေစေ့ချင်


ကိုယ်..ခေါ် တာသူ မကြားလို့ ကတော့
ရင်ပူအောင် သူလုပ်လို့ ကတော့..
နှုတ်ခမ်း ထော် ... စိတ်ကောက်
ခြေ ဆောင့် .. လို့ ..မျက်စောင်း ထိုး.
ဆိုး မျိုး တွေ စုံအောင်... ဆိုး...


မိဆိုး လို့ ခေါ်ချင်ခေါ်
တော် ကို မတော် နိုင် ဘူးနော်
ချစ်လို့ ကို.. ဆိုး နေတော့..
ဆိုးတယ်.. ဆိုး..ဆဲ.. ဆိုး မြဲ.. ဆိုး.. အုံး မှာ............။


မမသီရိ

Sunday, October 11, 2009

ငါက ကျန်စစ်သား မဟုတ်ဖူး

ရှေးရှေးက ပုဂံ ရာဇ၀င်
အရှင် ကျန်စစ်သား.. မင်းတရား မဖြစ်ခင်က
သူ့သခင် စောလူး.. ကျူးကျော်သူတွေ ဖမ်းဆီးတော့
သက်စွန့် ဆံဖျား
ကျန်စစ်သား ၀င်ကယ်..
ညဥ့်သန်းခေါင်ယံ အလယ်
ကျောပိုးလို့ သယ်ထုတ်...
စောလူး မင်းယုတ် မလိုက်လို...
ရန်သူ ကို အားကိုး သူအော်လို့ နှိုး တော့..
အရှင် ကျန်စစ်.. ချန်ရစ်ရပါ့ပေါ့ စောလူး ကို..
..ဟယ်.. မင်း ဆိုး မင်း ယုတ်...
ရန်သူ့ လက်ပေါ် ဖြစ်လိုရာဖြစ်လေရော့.. လို့
လက်လျှော့ ပြန်ဆုတ်...
ရာဇ၀င်မှာ .. အဟုတ်ကို ရှိခဲ့တာ......

ပစ်တိုင်းထောင် အရုပ်ကိုတဲ့
ကြိုး ရှုပ်အောင် ဖန်တီး
တိမ်တွေကို စီး လို စီး.. ရေကြီးတော့ ငို လို ငို..
အိမ်မက် ကို လိုက် လိုက် ဖမ်း..
တေးမဆို တဲ့ အရုပ် ငှက်... သီချင်းဖွဲ့ ဖို့ သင်လို သင်....
ပန်းမပွင့် တဲ့ အပင် အောက်.. ပန်း အကြွေကောက်ဖို့ စောင့်..
နားမကြားတဲ့ ပန်းပုရုပ်.. တယော ထုတ်လို့ တေးသီ ပြ...
အသီးမသီးတဲ့ အပင်
အသီး တင်လေနိုး မျှော်ကိုး ငံ့လင့်
အော်.. ငါ့ အရှင့် ရက်တွေ.........

အားကုန် မောပမ်း..ခြေအစုံ မှာ ပုံလုခမန်း...
နွမ်းလျဝေသီ ရာသီတွေ ချီလာတော့
မြင်ရသူ ပင်ပမ်း.. နှလုံးတွေ ကျွမ်းလာလို့..
တံခါးတွေ တွန်းဖွင့်လို့.. လမ်းအသင့်ဆီ ထွက်ခဲ့စေလိုပေမဲ့..
လာခဲ့လို့ လက်ကမ်း..သူ ဖမ်းလို့ လှမ်းယူစေချင်ပေမဲ့..
နှလုံး နုသူ လူကလေး..... တွေတွေ လေး ငေးနေ.....
ချစ်သူလေးရေ...
မင်းက တခြမ်းသော ငါ့ နှလုံးသား...
အဲဒီ နှလုံးသား တခြမ်းကိုဖြင့်..
လွင့်ချင်သလို လွင့်စေတော့ လို့
လက်လွယ်စပယ်.. ချန်ဖယ်လို့ မထားနိုင်..
ငါ ကျန်စစ်သား လဲ.. မဟုတ်လေတော့...
မင်းး ၀ဋ်ကြွေးတွေ ကျေ လို့
ကြိုးတွေ ဖြေလျှော့ ပြီးတဲ့နောက်..
လွတ်မြောက်ပြီ... ကြွေးကြော်တဲ့ နေ့...
မင်း.. ခြံ အရှေ့ က ထိုင်စောင့်မယ်....။


(ဘာရယ်မဟုတ်.. ရုတ်တရက် အားမလိုအားမရဖြစ်ချင်စရာ တစုံတယောက် အတွက် တစုံတရာ ခံစားနေသော တစုံတယောက်ကိုယ်စား.. အမြင်ကပ်စွာ ရေးမိခြင်း ဖြစ်ကြောင်း ၀န်ခံအပ်ပါသည်.. ယနေ့ ပို့စ် တင်ရန် အကြံ မရှိသော်လည်း အမြင်ကပ်ကပ် နှင့် တင်ခြင်း ဖြစ်ပါကြောင်း...)

မမသီရိ

Saturday, October 10, 2009

အိုဘယ့်ဘယ်.. အိုဘယ့်.....


ရွေးစရာ လူမရှိလို့ရယ်တော့ ဟုတ်ပုံမရ
ပေးစရာ ငွေပေါလို့လဲ ဖြစ်ပုံမကျ
နတ်ဒေ၀ါ တွေ အလိုကျ လဲ ဟုတ်မယ် မထင်
အရှင်လတ်လတ် ဖျတ်ဖျတ်လူး
ငြိမ်းချမ်းရေး ဆုထူး သူ ခူးခဲ့ပြီ...

သူ ဘာတွေ လုပ်ပြီးပလဲ
သူ ဘာတွေ လုပ်ခဲ့ လို့လဲ
အဲဒီမေးခွန်းတွေ အကျော်မှာ
သန်းပေါင်းများစွာ သော အာမေဍိတ်သံ အကြား
မှင်တက်မိစွာ သူ ရ လာသော ဆု..

ဂရုပြုသော မျက်လုံးပေါင်း များစွာ
စွင့်ထား သော နားပေါင်း များစွာ..
စောင့်ကြည့်သော အကြည့်ပေါင်းများ စွာ အောက်
လောက်အောင် တန်ရဲ့လား
သူ ကိုယ်တိုင် မေးခဲ့ရပြီးတဲ့ နောက်မှာတော့

နိုဗယ်ဆု ကြီး ရှေ့ ချ
သနား စဖွယ် သူ့ဘဝ
ရှေ့ဆက် ဘယ်လို... က မလဲ
ဘေးကြပ် နံ ကြပ် သူ့ ဘဝ
အရှေ့အလယ်ပိုင်း ဇာတ် ဘယ်လို ဆက်ကြမလဲ
နျူကလီးယား ပြသနာ ထပ်တက်လာတော့
ခေါင်းငုံ့ အရှုံးပေး သူ ရှောင်ပြေးလို့ နိုဗယ်ဆုတန်ဖိုး သူ မြတ်နိုးမလား
ကမ္ဘာကျော် အကျဉ်းသားများ အရေး
အပြောလေးပဲ ပြော .. သူ လက်လျှော့ တော့မလား
ငြိမ်းချမ်းရေး.. ငြိမ်းချမ်း ရေး..ကြွေးကြော်ရင်း
ကမ္ဘာ့ရန်သူ တွေ စာရင်း လျှော့ချ မယ် ကြံသူကြီး..
ရှေ့တိုးတော့ ထမ်းပိုး.. နောက်ဆုတ်တော့ ကြိမ်ရိုး
ရှင်..
အကြံ တွေ ကြီး ခွင့် ရပါတော့ မလား....
ရှင့်အစား.. ရင်တွေမောပါဘိတော့...
အိုဘယ့် ဘယ်.. အို ဘယ့်.. အိုဘားမား.........။


မမသီရိ


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ငြိမ်ချမ်းရေးနိုဗယ်ဆုရှင် များ စာရင်း အင်တာနက်မှာတွေ့လို့ ပြန်ဖော်ပြပေးလိုက်ပါတယ်..။


The Nobel Peace Prize has been awarded 89 times to 119 Nobel Laureates between 1901 and 2008 – 96 times to individuals and 23 times to organizations. Since International Committee of the Red Cross was awarded the Nobel Peace Prize in 1917, 1944 and 1963, and the Office of the United Nations High Commissioner for Refugees was awarded the Nobel Peace Prize in 1954 and 1981, that means 96 individuals and 20 organizations have been awarded the Nobel Peace Prize. Click on each name to see the Nobel Peace Prize Laureate's page.

Jump down to: | 1980 | 1960 | 1940 | 1920 | 1901 |

Thursday, October 08, 2009

လက်ထပ်ခြင်း အနုပညာ












အလုပ်တွေ အလွန်တရာ များပြားနေတဲ့ ကာလမို့လို့ ရေးပြီးသား ကဗျာတွေ ရှိတာတောင် ရိုက်မတင်အားဖြစ်နေ ပြီးတော့ Tag ကြွေးရှင်တွေကိုတော့ သွားကလေးဖြီးပြ မျက်နှာချိုသွေးထား ရပါတယ်...။

ခု တင်ပေးထားတဲ့ ပုံတွေက ဖော်ဝါ့ဒ်မေးလ် တခုထဲက ရတဲ့ ပုံလေးတွေပါ၊ ဖတ်ပြီး ပြုံးမိရလို့ ဝေမျှလိုက်ပါတယ်..။

အထူး သဖြင့်ကတော့ ကျမ ကဗျာတွေ ဖတ် ဖတ်ပြီး ရီးစား လိုချင်တယ် ပြောပြောနေတဲ့ မကိကီ နဲ့ မောင်ငယ် စည်သူစိုး၊ ခုတလောတော့ ရီလဲမရီနိုင် ငိုလဲ မငို ချင်ဘူးလို့ ပြောလာတဲ့ ချစ်ခင်ရသူ တယောက် အတွက် ရည် ရွယ်ပါတယ်။ အကုန်လုံး ပြုံးပျော်နိုင်ကြပါစေ..။



အားလုံးကိုချစ်ခင်လေးစား တဲ့

မမသီရိ

Tuesday, October 06, 2009

ပျားကလေး တမန်


တိတ်တိတ်လေး ကျမလွမ်းတော့
ကဗျာတွေ မျက်ရည်စို့
နှင်းဆီဖြူတွေလဲ ခိုးခိုး ငို
တိမ်ညိုညို တွေက တိုးတိုး ရှိုက်...

ကြာရင်တော့ ခက်လှချည်ရဲ့တဲ့
လ ရွှေရည် ဖျန်းထားလို့
လက်လက်ထ အုန်းလက်တွေက တီးတိုးပြော
ကမ်းခြေ တကြောမှာတော့
ပုန်းညက်ပန်းတွေ သဲသဲ လှုပ်အောင်ကြွေ
မင်း.. လွမ်းနေတာ ငါတို့ သိလို့ပါ ဆိုပဲ....

တောင်တောင် အီအီ တော့ လျှောက်မတွေးပါနဲ့ ပျား ကလေး ရယ်...
မင်း.. ၀တ်မှုန်တွေ ရှာ အထွက်
ခရီးဆက်လို့ ဖြစ်နိုင်ရင်.. သယ်သွားပေးပါလား..
အလွမ်းတခက်.. အနမ်းက တသက်စာ...
(သူ့ကိုလေ.. ချစ်ရုံလေး ချစ်တာပါကွဲ့..)
သမုဒ္ဒရာ အတန်တန်ခြားပေမဲ့
မပုပ် မအဲ့ အလျှိုးရာတောင်မထင်
သစ်လွင် လတ်ဆတ်ဆဲ.. ရင်ထဲ က အချစ်တွေ
သူ့ ဥယာဉ်လေပြေ ကို သန့်စင်ဖို့
ကျမ ပို့ လိုက်တာ လို့ ပြောပေး နော်....

ထီးကလေး တချောင်း
နှစ်ယောက် အတူ ဆောင်းမလို့
နှစ်ချို့ ၀ိုင်တွေနဲ့ အတူ သိမ်းဝှက်
ပြန်ဆုံတဲ့ တရက်မှာပေါ့...
ပိုး မဖောက် ဆေးမပြယ် ချုပ်ရိုးတွေ မကျယ် ဖို့
ယုယမြတ်နိုး ထုပ်ပိုး အရိပ်ကြည့်
နေ့မရှိ ည မဆို
အပို ပြောတာလို့ မထင်လိုက်ပါနဲ့ လို့လဲ ပြောခဲ့နော်...

နေအုံး ပျား ကလေး ရဲ့ .. ကျန်ခဲ့ လို့ မဖြစ်သေး
ဖြစ်အောင် ပြောခဲ့ ပေး..
သူ ရောက် ရင် ထွန်ယက်မဲ့ တောင်ယာလေး
ကျမ ကိုယ်တိုင် ရှင်း ထားပေးကြောင်း
အောက်မေ့ဖွယ်ရာ.. ကြယ်ပြာတွေ ကြွေတဲ့ ညများစွာ
အဲဒိ တောင်ယာဘေးမှာသာ အချိန်ကုန်ခဲ့ကြောင်း
သောင်းသောင်းဖျဖျ သြဘာပေး
ကျမ လွမ်းတေးတွေ ဆိုတဲ့အခိုက် တောင်ယာတောကမြက်ရိုင်းတွေ ပေါ့
ခေါင်းမော့မော့ လည်ခါခါ .. သူ .. ရောက်အလာ ကျမနဲ့ အတူ စောင့်နေကြတာလေ..

ကျမအတွက် သူ သီကုံး ခဲ့တဲ့ ကဗျာ
ကျမ်းစာ လို အခါခါ ရွတ်
လွှတ် မျက်စောင်းထိုး ပါပေါ့.. အဲ စာ ရွက် ကလေး
မေး ခွန်းလဲ မေးသေး .. မလွန် လွန်း ဘူးလား ကွယ် တဲ့..
အဲ ဒီ အကြောင်းရော ထည့် ပြောပေးပါ ပျား ကလေး ရဲ့....

ခိုး ခိုး ငို နေတဲ့ နှင်းဆီဖြူ
တိုးတိုး ရှိုက်နေတဲ့ တိမ်ညိုလေး
မျက်ရည် စို့ နေတဲ့ ကျမ ကဗျာတွေ
ပျား ကလေး ရေ...
နားလည်ပေးပါ ကွဲ့
မင်း ကို တမန်စေ ရတဲ့ အကြောင်း..။

မမသီရိ
၂၅.၉.၂၀၀၉

Thursday, October 01, 2009

သစ္စာ


တဦး ရင်ထဲ တဦးခွဲ လို့
ထိုးဖောက်သိမြင်...
အကြင်နာများ အသဲကြားမှာ
ရင်းနှီး မှု များ နှလုံးသား မှာ
ညီတူ ခံစား
အမုန်းများလဲ .. မရှိပါ ပဲ
စွဲ မြဲနေလျှင်....

မလိုသူများ ..
ကြားထဲကပွေ..
တို့တွေ အသဲ ခွဲလာရဲစေ
မမှုပေဘူး..

ရည်စူး မေတ္တာ ခိုင်ခိုက်မာ လျှက်

မိုင်းပေါင်း ကုဋေ ခြားလို့နေလဲ
အသဲမအေး.. နွေးထွေး မြဲလေ
တို့တွေ မဝေး.. အနီးလေးမှာ...

ဆယ်ကမ္ဘာခြား.. ဝေးလို့ သွားစေ
တို့ တတွေ ရဲ့
သံယောဇဉ်ပန်း... လန်းဆန်းမြဲလေ..
မနွမ်းပေဘူး...

အသဲဦး ရေ....
ဘယ်လောက် ဝေးဝေး .. ဝေးစမ်းပါစေ..
ဘယ်သူပြောပြော.. ပြောစမ်း ပါစေ...
နှလုံးသွေး တွေ လည်နေသရွေ့..

မမေ့စတမ်း.. သစ္စာ ပန်း ကို စိုက် မယ်လေ......။


မမသီရိ
၂၁.၉.၂၀၀၉