Wednesday, March 29, 2017

မမ နဲ့ မောင်

၁၉၈၄ မှာ ၁၀ တန်းအောင်ပြီး ပထမနှစ် ရန်ကုန်တက္ကသိုလ်လာရတော့ လှည်းတန်းဇေယျာသီရိလမ်းထဲ က ရဲဘော် ၃ ကျိပ်ဝင် ဗိုလ်မှူးကြီးထွန်းတင် ရဲ့ အိမ်အဆောင်မှာ နေရတယ်၊ အဲတုန်းက တယ်လီဖုန်းဆိုတာ ကိုယ်တို့နယ်မှာဆို စာတိုက်တို့ ကြေးနန်းရုံးတို့ သွားပြီးဆက်ရ၊ အစိုးရရုံးနဲ့ အချို့အရာရှိ အိမ်၊ ပင်စင်စားအိမ်၊ မြို့နယ်ကောင်စီ ပါတီဝင်တွေ ရဲ့ အိမ်တွေမှာတော့ ဂရီးဂရီး နဲ့ လက်နဲ့ လှည့်ပြီး အိတ်ချိန်းက တစ်ဆင့် ခေါ်ရတဲ့ ခေတ်ပေါ့၊ အော်တိုတယ်လီဖုန်း နဲ့ အော်တို့အိတ်ချိန်း ဟာ အကန့်အသတ် နဲ့ ရှိနေဆဲ၊ ကိုယ်တို့မြို့က တိုးရစ်တွေ အလည်ရောက်လေ့ရှိတဲ့ မြို့မို့ နိုင်ငံတကာ ဆက်သွယ်လို့ရတဲ့ စံနစ်ကို မြန်မာနိုင်ငံ အခြားမြို့ အများစုတွေ ထက် စောပြီး မြင်ဖူး ကြားဖူးခဲ့ရတဲ့ မြို့လို့ ပြောလို့ရသေးရဲ့၊ 

ရန်ကုန်ရောက်တော့ နေရတဲ့ အဲဒီအဆောင်က ရဲဘော်သုံးကျိပ်ဟောင်းကြီး ရဲ့ အဆောင်ဆိုတော့ အော်တိုတယ်လီဖုန်းလေး ရှိတယ် ဆိုပါတော့၊ အဆောင်နေကြတဲ့ အဆောင်သူတွေ ထဲ ဖုန်းလာတယ်၊ ဖုန်းပြောရတယ် ဆိုတာလဲ တော်ရုံတော့ မကတဲ့ အခြေအနေမျိုး၊ ဖုန်းလာလို့ ဖုန်းပြောရင် အိမ်က အိမ်ရှင်တွေ ထဲ တစ်ယောက်ယောက် ဘေးနားမှာ အမြဲ ရှိတတ်တဲ့အပြင်၊ ခင်တဲ့ သူငယ်ချင်းတွေဆိုလဲ ဘာရယ်မဟုတ် စပ်စုတာမျိုးမဟုတ်ပဲ အနားအတူတူ ရှိကြတာ၊ တစ်နောကတော့ ကိုယ့်ဆီ ဖုန်းခေါ်တဲ့တစ်ယောက်ရှိလို့ ဖုန်းရှိရာ သူတို့ဧည့်ခန်းသွားပြီး ဖုန်းလက်ခံပြောရ၊ အြ့ပင်သွာခါးနီးမို့ ဘေးနားမှာ သူငယ်ချင်းက နှစ်ယောက်၊ အိမ်က အိမ်ရှင် သမီး အငယ် မကြည်မာ ရောရှိနေကြ၊ 

ဟဲလို 
ဟဲလို မောင်လေးလား
......
ဟုတ် မောင်လေး မမ ခုပဲ အပြင်သွား မလို့..
.......
အင်း.. လာခဲ့လေ ..
စနေနေ့ ညနေပိုင်း ဆို မမ အားတယ်.. 
.....
မောင်လေး... အန်တီရိုစီရော ပါလာမှာလား 
.......
ဟုတ်. ဟုတ် မောင်လေး..
မနက်ဖြန် ၄ နာရီခွဲ 
မမ စောင့်နေ မယ် ... ဒါပဲနော်. ဘိုင်..

မကြည်မာကရော ဘေးနားက သူငယ်ချင်း နှစ်ယောက်ကပါ ၁၆ နှစ် မပြည့်တပြည့်သမီး မမ ရဲ့ မောင်လေး ဟာ သူ့မမ ဆီ သူ့အမေ နဲ့ လာမှာလို့ ထင်နေတာ။

အဲအဆောင်ရဲ့ အပြင် ၂ ခန်းက စာသင်ခန်း  မို့ တစ်နေ့လုံးလိုလို စာသင် ချိန်တွေ က လဲ ရှိနေတတ်တာ၊ နောက်နေ့ စနေနေ့ ညနေခင်းမှာ မမ ဟာ စောစောစီးစီး ရေမိုးချိုး ဖြီးလိမ်းပြင်ဆင် လို့ အဆောင်ပါလာ မှာ မောင်လေး ကို ထွက်စောင့်၊ အိမ်ဘေး ခြံဝင်းထဲမှာ စာကျက် သူငယ်ချင်းတွေ၊ ဘေးက စာသင်ခန်း ထဲ မှာ အတန်းတစ်တန်း ရှိနေ၊ ၄ နာရီခွဲ ကျော်လာတော့ ခြံထဲ ကားဖြူကလေး တစ်စီးဝင်လာ၊ ကားရှေ့ခန်း မောင်းသူဘေးက အရပ် ၆ ပေ ခွဲ ကော်ျ တဲ့ မျက်လုံးမျက်ဖန် ကောင်းကောင်း ထောင်ထောင်မောင်းမောင်း အသက် ၃၀ ကျော် လူချောကြီး တစ်ဦးဆင်းလာ၊ 

မမ 
.......
ဟယ် မောင်လေး.. 
ကိုယ် အဆောင်ထဲ က ပြေးထွက် .. မောင်လေး က ကိုယ့်ကို ချိုင်း က မ ပြီး ချီတာ .. 
ခြံထဲ စာဖတ်နေတဲ့ သူငယ်တွေ ထဲ နှစ်ယောက်က မနေ့ က ဖုန်းပြောတုန်း အနား မှာ ရှိတဲ့ နှစ်ယောက် ထဲ က အသံ အာဗြဲစိန်တစ်ယောက် .. မောင်လေး ကောက်ချီလိုက်တဲ့ ကိုယ် နဲ့ မောင်လေး ကို ကြည့်ပြီး ပထမ ပါးစပ်အဟောင်းသား၊ ပြီးတော့...  ဟယ်.. မကြည်မာ ရေ တော့် .. ဒီမှာ .. သံတွဲ ရယ် လေ.. သူ့ မောင်လေး တဲ့ တော့်.. ဆို ကုန်း အော်တော့  .. မကြည်မာ ရော မရီမာ ရော အပြင်ရောက်လာ၊ ကျန်သူငယ်ချင်း တွေ လဲ ၀ိုင်းလား၊ ဘေးနာ က စာသင်ခန်း က လဲ စာသင်တာ ရပ်ပြီး ပြူးပြဲ ကြည့်ကြ... 

နောက်တော့ ကားနောက်ခန်းက ဆင်းလာတဲ့ အန်တီရိုစီ.. မောင်လေးရဲ့ အမေ မဟုတ်တဲ့ ဇနီး၊
အဆောင်ပိုင်ရှင် မကြည်မာ နဲ့ မရီမာ ကို သူ့တူ မ ကို သေချာစောင့်ရှောက်ပေးဖို့ ပြောနေတဲ့ ဦးလေး နဲ့ သူ့မိန်းမ ကိုကြည့် ကြ ၀ိုင်းရီကြ နဲ့ ကိုယ့်မလဲ အဲအဆောင်မှာ အဲနောက်တော့ ကိုယ့် နာမည်ရင်း ခေါ်သူမရှိတော့ပဲ .. သံတွဲ လို့ ခေါ်သူခေါ် .. မမ လို့ပဲ ခေါ်သူ ခေါ်...
.......................................................................

တကယ်တော့ မောင်လေး/ မောင်ချေ၊ မောင်မောင်၊ အမောင်၊ မောင်လတ်၊ မောင်ကြီး/ မောင်ကီးသျှန်၊ မမ၊ အမ၊ မကြီး၊ မငယ်၊ ကိုကို၊ ကိုလေး၊ အပု/အဘု၊ အပုငယ်/အဘုချေ၊ အပုကြီး ဆိုတာတွေ က ရခိုင်ပြည်နယ် တနံတလျား က ကလေး တိုင်း ရှိကြတဲ့ common နာမည် တွေပါ၊ 

ကိုယ်အပါအ၀င် အမျိုးတွေက ကိုယ့်ဦးလေး ၀မ်းကွဲ တွေ အကုန်လုံး နာမည် ပဲ ခေါ်ကြတာ ကိုး၊ ခုထိလဲ မောင်လေး လို့ ခေါ်တဲ့ဦးလေး က အသက် ၆၀ ကျော်၊ မောင်မောင် က အသက် ၆၅ ကျော်၊ အမေရိကားရေက်နေတဲ့ အသက် ၅၀ ကျော်ဦးလေးက ခုလဲ  ပေါက်စ၊ ကိုယ့်ထက် ၃ လ ကြီး ဦးလေး က မေါက်ပေါက်၊ မောင်လေး အောက်က အပု လို့ခေါ်တဲ့ ဦးလေးက အရက်နာ ရောဂါ နဲ့ မနှစ်က ဆုံးပါ သွားခဲ့ .. ကိုယ့်ကို ခုချိန်ထိ ခေါ်တာ .. မမ ရေ.. တူမလေး ရေ .. ပဲ..

ကိုယ်က အိမ်မှာမိသားစု မှာ မြေးဦး မိန်းကလေးမို့ မမ ဖြစ်ခဲ့ပြီး ခုချိန်ထိ အမျိုးတွေ အကုန်လုံး က ကြီးကြီးငယ်ငယ် မမ ပဲ ခေါ်ကြတာ၊ ကိုယ့်ကို ကိုယ် မမ ပြောတဲ့ အကျင့်က အသက် ၂၀ ကျော်တဲ့ ထိ စွဲ နေပြီးတော့ ကျမ၊ ကျွန်မ လို့ ပြောရအောင် မနည်း ကျင့်ယူခဲ့ရတာ၊ ငါ လို့ ပြောဖို့ အင်မတန် ၀န်လေးခဲ့သူ တစ်ယောက်က ခုတော့လဲ ငါတွေ ကျုပ်တွေ မိုးမွှန်ခဲ့ပေါ့။ 

 ပြီးတော့ ကိုယ်တို့ ဒေသ က ကလေးတွေ အများစု က ကျွန်တော် ကျွန်မ ပြောလေ့ပြောကျင့် နည်းပါးကြပြီး မမ က . မ . က လို့ ပြောသလို ယောင်္ကျားလးတွေက လဲ မောင်မောင် က မောင်က လို့ ပြောလေ့ရှိတတ်ကြတာပါ ။
ထူးခြားချက် အနေနဲ့ မြောက်ပိုင်းက မိန်းကလေးတွေ ဆို သူတို့ သူတို့ မောင်လို့ ပြောတတ်ကြသေးတာပါ။

ကိုယ်တို့ပြည်နယ် ရဲ့ ထူးခြား ချက်က တောင်ပိုင်း မြောက်ပိုင်း အလယ်ပိုင်း က ဒေသိယ စကားတွေ အသုံး အနှုန်းတွေ ကွာခြား တာပါပဲ၊ ၈၈ အရေးအခင်း ပြီးနောက်နှစ် မြောက်ပိုင်း ကျောင်းဆရာမ သွားလုပ်တော့ အဲက မိန်းကလေး တွေ ရော အချို့ ယောင်္ကျားလေးတွေ ပါ စကားပြောရင် သူတို့ ကိုယ် သူတို့ မောင် နဲ့ ပြောတတ်ကြတဲ့ အကြောင်း ကိုယ့်မှာ မောင် ဆိုတဲ့ ၀ထ္တုလတ်လေး တစ်ပုဒ်တောင် ရေးဖြစ် (အဲ မောင်က ယောင်္ကျားလေး မဟုတ်တဲ့ မောင် .. အထင်မကြီး ကြနဲ့ ရေး-သိမ်း . ဘယ်မှ မပို့ပါ) .. ခုချိန်ထိ အချို့ ယောင်္ကျားလေး တပည့် တွေ ဖုန်းခေါ် ကြ ရင် ဆရာမ .. မောင် . ခု ဘယ်မှာ .. မောင် ဘာလုပ်နေတယ်.. မောင် တို့ လာခဲ့ အုံး .. ပြောကြတာ... 
မောင်နဲ့ ပြောတဲ့ မိန်းကလေး တပည့်မ တွေ၊ သူငယ်ချင်း မိတ်ဆွေ တွေ တော့ မရေ မတွက် နိုင်..


အိမ် က သားတော်မောင် အကြီးကောင် က သားသားမောင် .. အလုပ်ခိုင်းစရာ ရှိရင် အမေ ခေါ်တဲံ အသံ ချိုချို က အသဲမောင် .. ရေ.. မောင် .. ရေ.. သားမောင် ရေ... စိတ်တိုတဲ့ အခါ ကျတော့ သား.သား.မောင် .. ပေါ့ .. 

ကိုင်း... ခု နေ... မမ .. မှာ.. မောင်.. ခေါ် ဖို့ .. 


မမသီရိ
၂၉ မတ် ၂၀၁၇