Saturday, January 31, 2009
ချစ်မိသည့် ..ဒဏ်...
မေ့နိုင်မလားရယ်လို့..
မတွေ့အောင် ..ကိုယ်ရှောင်ပုန်း မိတော့..
နေမင်း.က.အစင်းတစ်ရာ..
ရင်ထဲ .. မှာ သာ......
................
လေဟာနယ် တိမ်တကြော...
အိပ်မက် အမောတွေ နဲ့...
သူ့မျက်နှာ ရီဝေ ပြုံးရယ်
(ထွက်ပြေးသွား တဲ့ အိပ်စက်ခြင်းတွေ ကြား...)
နေရာယူ..ရင်အပူ ဖွဲ့ ပြီ ကွဲ့...
လွမ်း ရက် ဆက်..ကြာ........။
မမသီရိ
Wednesday, January 28, 2009
ကျွန်မ၊ ကွန်ပျူတာ နဲ့ Information Technology
(ဒီစာစုလေးကို.. ကျမ ဒီဘက် ထွက်မလာခင်...လွန်ခဲ့ တဲ့ တစ်နှစ်နီးပါး..လောက် က ရေးဖြစ်ခဲ့ တာပါ... ဘလော့ဂ် လုပ်ဖြစ်မယ် ရယ် လို့လဲ..မျှော်လင့် ချက် မရှိခဲ့ပါ ဘူး...ကိုးယိုး ကားယား နိုင်လှတဲ့ ..ကျမရဲ့ ဘ၀ တစ်စိတ် တစ်ဒေသ ..ကို မှတ်တမ်းလေး ရေးကြည့်ခဲ့ တာပါ.....ခု..အတိတ် က မိတ်ဆွေတွေကိုသတိရလို့ ရော..လောလော ဆယ် အလုပ်လေးတွေကလည်း အတော်များနေတာ မို့... အလွယ် တကူ ရေးပြီးသား လေး ကိုပဲ.......း)....)
ကျွန်မ....
ကျွန်မကို တရုတ်မျောက်နှစ်တစ်နှစ်ရဲ့ နွေဦးကာလမှာ မွေးဖွားခဲ့ပါတယ်။ မျောက်နှစ်ဖွားတို့ရဲ့ သဘာဝက မြင်မြင်သမျှ သိချင် တတ်ချင်... အဲ.. သင် လွယ် တတ်လွယ် လဲ ဟုတ်သေးတယ်..း) ... စိတ်က မငြိမ်..အတည် တကျ မရှိ.. ဟို ခုန် ဒီ ကူး.... ဆိုတော့.....ထုံးစံအတိုင်း ကျွန်မ တစ်ယောက်.. လူမှန်းသိတတ်စ ကတည်းက ဟိုစပ်စပ် ဒီစပ်စပ် ဆိုပါတော့... တစ်ကယ် တမ်း ဘယ်နေရာမှာ ဘယ်လိုအသုံးတည့်သလဲ မေးရင် .. ဘယ်ဟာ တစ်ခုမှ မယ်မယ်ရရ သိတာ တတ်တာလဲ မရှိပါဘူး။
မသိဘူးလားမေးရင် အားလုံး သိသလိုလို တတ်သလိုလို ... လက်တွေ့တော့ ဘာမှမဟုတ်...။ ဒါပေမဲ့ ကျောင်းဆရာမ လုပ်ခဲ့ဘူးသူ ဆိုတော့ သိကြတဲ့အတိုင်း နေရာတစ်ကာ ဆရာ လုပ်ရမှ နေသာထိုင်သာ ရှိသလိုလို.......... ..။
အဲဒီ ကျွန်မ က လွပ်လပ်မှုကိုလဲ မြတ်နိုးသတဲ့။
အမှန်တရား ကိုလဲ ကိုးကွယ်လိုသတဲ့.......။ ချုပ်ချယ်တာကိုလဲမကြိုက်ပါတဲ့....။ မတရားတာကိုလဲ မနှစ်သက်ပါတဲ့..........။
ကျွန်မရဲ့ ကျောင်းဆရာမသက်တမ်း က ရှည်ခဲ့တယ် လို့ ပြောလို့ ရမယ် မထင်ပါဘူး............။
ကိုယ့်မှာရှိတဲ့ အသိပညာဗဟုသုတတွေကို တပည့်သားမြေးတွေ ဖြန့်ဝေပေးရတဲ့အလုပ်၊ သင်ကြားရတဲ့ အလုပ်ကို မြတ်နိုးနှစ်သက်ပေမဲ့... ပီတိကိုစား အားဖြစ်ပါ၏ ဆိုတဲ့စကား မှတ်သား မိပေမဲ့ .... အဲ..... အကြောင်း အမျိုးမျိုးကြောင့်ဆိုကြပါစို့ရဲ့.....ကျွန်မရဲ့ ဆရာမ ဘ၀ ကို စိတ်မကောင်းစွာနဲ့ကျောခိုင်း ခဲ့ပါတယ်...။
ကျွန်မ နဲ့ ကွန်ပျူတာ
ဖောင်ဖျက်ပြီးတော့ INGO လောကထဲ ခြေစုံပစ် ၀င်လာခဲ့တဲ့ကျွန်မ....... အလုပ်စ ၀င်ပြီး တစ်နှစ်လောက် အကြာ....... ကွန်ပျူတာနဲ့ နီးစပ်ဘို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကျွန်မ INGO လောကထဲ ရောက်တဲ့ အချိန်ကာလ......လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ကွန်ပျူတာဆိုတာ ဒီဒေသမှာ ရှားပါးအရာတစ်ခုပါပဲ..။ အဲဒီတုန်းက ဒီအရပ်ဒေသမှာ ဒေသဖွံ့ဖြိုးရေး နဲ့ ပြန်လည်ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေခဲ့ကြတဲ့ UN နဲ့ INGO Agency တွေမှာ ကွန်ပျူတာတွေသုံးနေပြီဖြစ်ပေမဲ့ Agency တစ်ခုမှ တစ်လုံးလောက်ရှိကြတာမျိုးပါ။ .....နိုင်ငံတစ်ကာ ၀န်ထမ်း ၅ ယောက် ၆ ယောက်လောက်ရှိတဲ့ ကျွန်မစပြီး ...အလုပ်ဝင်လုပ်ခဲ့တဲ့ INGO ရုံးမှာ စုစုပေါင်းမှ ကွန်ပျူတာ ၂ လုံးပဲ ရှိခဲ့တာပါ။ တစ်လုံးက International Staff တွေ စုပေါင်းသုံးရတာဖြစ်ပြီး.... နောက်တစ်လုံးကတော့ အထွေထွေ ရုံးသုံး ဖြစ်ပါတယ်။ အဲဒီတုန်းက Computer Operator ရာထူးနဲ့ နိုင်ငံသား ၀န်ထမ်း တစ်ယောက် ရှိပြီးတော့ ဘာစာပဲ ရိုက်ချင် ရိုက်ချင် သူ့ဆီပဲ သွားသွားပြီး Requestလုပ်ရပါတယ်......။ သွားပြောတဲ့သူတိုင်းက ကိုယ်လိုချင်တဲ့ အချိန် ရတာမျိုး မဟုတ်ဘူးနော်..၊ သူ့မျက်နှာထားကြည့်ပြီးမှ ခိုင်းရတာ တောင်းရတာမျိုး ..။ ကျွန်မကျတော့ သူ့ညီမ ၂ ယောက်ရဲ့ ဆရာမ ဖြစ်ခဲ့ဖူးသူမို့ တစ်ခြားသူတွေနဲ့စာရင် အခြေအနေ မဆိုးဘူး ပြောရမှာပါ..။ (အဲဒီကလေး က လွန်ခဲ့တဲ့ ၆ နှစ် လောက်က ကွယ်လွန်သွားပါပြီ)။
ဒီလိုနဲ့ .. တစ်နှစ်လောက်ကြာတော့.. ကျွန်မလုပ်နေတဲ့ Project အပိုင်းက အသုံးစာရိတ် တွေ ပိုနေလို့ဆိုပြီး ကွန်ပျူတာတွေ ၄ လုံးလောက် တစ်ခါတည်းဝယ်ဘို့ ရုံးချုပ်က ဆုံးဖြတ်တဲ့ အတွက် ကျွန်မအတွက်လဲ တစ်လုံးရခဲ့တယ်ဆိုပါတော့.......။ အဲဒီ အချိန်တုန်းက ကွန်ပျူတာဆိုတာ မြင်ရုံပဲမြင်ဖူးတာ၊ ထိတောင် ထိကြည့် ဖူးတာမဟုတ်တော့.......ကျွန်မ အဲဒီကွန်ပျူတာဆိုတာကြီးကို လက်ခံဘို့ တွန့်ဆုတ်နေခဲ့တာပေါ့...။....ကျွန်မရဲ့ ဂျပန်လူမျိုး Manager (ကျွန်မတို့က မျက်မှန်အထူကြီးနဲ့သူ့ကို စိုင်းထီးဆိုင်လို့ခေါ်ကြပါတယ်.....) ကို ကျွန်မ ကွန်ပျူတာ မသုံးတတ်ဘူး....၊ သင်တန်းလဲမတက်ဖူးပါဘူးဆိုတော့ အဲဒီဆရာက ဘာပြောတယ်မှတ်သလဲ..။ မင်း အင်္ဂလိပ်လိုတတ်တယ် မဟုတ်ဘူးလား.. ကွန်ပျူတာသင်ဘို့ အတွက် ကွန်ပျူတာကမင်းရဲ့ ဆရာပဲ .. ဘာမှ....မစိုးရိမ်နဲ့ ယူသာ ယူသွားတော့.....ဆိုတော့ ကျွန်မလဲ ဘာမှ မပြောသာတော့ ပဲ ကွန်ပျူတာပုံးကြီး ကိုယ့်အခန်းထဲ လူ အကူနဲ့ မ ခဲ့ရပါရောလား..။ အခန်းထဲရောက်တော့ ကဲ မထူးဘူးဟေ့.. ဖွင့်ကြရအောင် ဆို ပြီးဝန်ထမ်းကောင်မလေး ၂ ယောက် အကူခေါ် (ကျွန်မရဲ့ Project မှာ Staff တွေအားလုံးက မိန်းကလေး တွေပါ) ပြီး ဖွင့်တော့တာပါပဲ ..။ ဖွင့်ပြီးတော့ ရုံးကတာဝန်ရှိတဲ့ တစ်ယောက်ကလဲ ဆင်ပေးဘို့ ပေါ်မလာတော့ ကြားဖူးနားဝနဲ့ ကြိုးတွေလိုက်တပ်ပြီး ကိုယ့်ဘာသာကိုယ်ပဲ ဆင်..ပစ်လိုက်တာ.....။ ကွန်ပျူတာ... ပါတဲ့အပေါက် ထိုးသာထိုး ..ကြိုးကမှား စရာမရှိဘူးလို့ မှတ်သားထားမိတာကိုး.....း) ............။
အဲဒီ စကား မှားတော့ မမှားပေဘူး..။ Manager လာကြည့်တဲ့အခါ ကျွန်မက ဆင်လို့ပြီးနေပြီ..။ မှန်လဲ မှန်တယ် တဲ့ ရှင့်..ကဲ.......။ အဲဒီ.. ဆရာလာပြီးတော့ ကျွန်မကို ကွန်ပျူတာ ဘယ်လိုဖွင့်ရသလဲ.. Shut down ဘယ်လို လုပ်ရသလဲ..။ Word file နဲ့ Excel file ဘယ်လိုဖွင့်ရသလဲ၊ ဘယ်လိုသိမ်းရသလဲ ဆိုတာ တစ်ထိုင်တည်း သင်ပေး .. ပြီးတော့.. ကဲ မင်း ဆရာအစစ်က ဒီမှာ လုပ်တော့ ဆိုပြီး ကွန်ပျူတာကြီး ပုတ်ပြပြီး ကျွန်မကို ထားခဲ့တော့တာ....။ မျက်စိသူငယ် နား သူငယ်နဲ့ ကျွန်မတစ်ယောက် မျောက်နှစ်ဖွား တို့ထုံးစံ အတိုင်း လျှောက်ကလိတော့တာပဲ ဆိုပါတော့..။
အဲဒီတုန်းက ကျမရဲ့ အထက်မှာ Field Coordinator ဂျပန်အမျိုးသမီး တစ်ယောက်ရှိပါတယ်.. သူကလဲကြုံရင် ကြုံသလို နဲနဲပါးပါး သင်ပြပေးပါတယ်..။ ဒါပေမဲ့..သိကြတဲ့အတိုင်း.. ကျွန်မကဘာသင်တန်းမှ တက်ထားဖူး တာမရှိတော့ ပင်ပန်းတာပေါ့.. စာရိုက်တာလဲ စံနစ်တစ်ကျမဟုတ်.. ကီး ဘုတ်ပေါ် လက်တစ်ချောင်းချင်းစီတင် တစ်လုံးချင်း ရိုက်ပြီး ကွန်ပျူတာနဲ့ ကျွန်မ... စစ်ခင်းနေခဲ့ကြတာ..။ စာရိုက်တာနှေးလို့ ကိုယ့်ကိုကိုယ် အားမရတဲ့အကြောင်း ကျွန်မရဲ့ Field Coordinator ရှေ့ ညည်းမိတော့ သူက အားပေးရှာပါတယ်.. ......ဟေ့ မင်းက Computer Operator လုပ်စားမှာမှ မဟုတ်တာ ..Word နဲ့ Excel တော်ရုံ တန်ရုံ ရိုက်တတ် တော်ပြီပေါ့... တဲ့..။ ဆရာ ဆရာမ စကား မြေ၀ယ်မကျ နားထောင်တတ်တဲ့ကျမလဲ .. အဲဒီ လက်ဦး ဆရာ ဆရာမ တွေ စကား အတိအကျ လိုက်နာခဲ့တာ ခုချိန်ထိ ဆိုပါတော့..။ ကွန်ပျူတာနဲ့ ထိတွေ့တာ ၈ နှစ်ပဲ ကျော်ခဲ့ပြီ ခုထိ ကျွန်မ မြန်မာလို ပတ်ဆင့်တွေ မရိုက်တတ်သေးပါ.............း)......။
ကျွန်မနဲ့ Information Technology
တစ်ကယ်တော့ ကမ္ဘာကြီး ကကျွန်မတို့ မှန်းလို့ မရလောက်နိုင်အောင်ကိုပဲ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေ တာပါ။ အဲဒီ ကမ္ဘာကြီးထဲက ကွန်ပျူတာ ဆိုတာဘာလဲ....၊ အင် တာနက်ဆိုတာ ဘာလဲ လို့ မသိနိုင်ကြသေးတဲ့ သူတွေလဲ မြောက်များစွာ ရှိနေဦးမှာပါ။ ကံကောင်းသူတွေလို့ ယူဆလို့ရတဲ့သူတွေထဲမှာတော့ ကျွန်မ တစ်ယောက် ကတော့ အပါအ၀င်ပေါ့..... (အကောင်း မြင် ၀ါ ဒနဲ့ ကြည့် ကြည့် မိတာ ပါ...း) .....။
မြန်မာနိုင်ငံထဲ IP Star တွေ ကျယ်ကျယ်ပြန့်ပြန့်နေရာယူလာတော့ ကျွန်မနေတဲ့ တောမြို့လေး မှာလဲ E mail သုံးလို့ရတဲ့အဆင့်က လွန်ခဲ့တဲ့ ၃ -၄ နှစ်လောက် ကပဲရှိနေခဲ့ပါပြီ။ ဒီဒေသ ဖွံ့ဖြိုးရေးလုပ်နေတဲ့ အဖွဲ့အစည်း တွေ ကိုရည်ရွယ် ပြီးတော့ လုပ်ခဲ့တဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုပါ။ (ခုတော့ Agency တိုင်း လိုလို က ကိုယ်ပိုင် Satellite တွေ ၀ယ်လိုက်ကြပြီမို့ အဲဒီလုပ်ငန်းလေး လဲ ပိတ်သွားတာ အတော်ကြာခဲ့ပါပြီ။) ကိုယ့်သက်ဆိုင်ရာ ဌာနချုပ် နဲ့ ဌာနေ ကိုယ်စားလှယ်ရုံးတွေကို ဆက်သွယ်တဲ့ခါ Memory Stick လေးနဲ့ သွားပြီး Mail တွေကို ပို့ဖူး၊ ယူ ဖူး ပေမဲ့ Internet ဆိုတာ ဘယ်လိုဟာလဲ ရင်းနှီးခွင့် သိပ်မရှိခဲ့ပါဘူး။
လွန်ခဲ့တဲ့ ၁ နှစ်ကျော်မှာတော့ ခုလက်ရှို ဌာန ကိုပြောင်းဘို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကျွန်မ အလုပ်ဝင်ပြီး ၃ - ၄ လ လောက်ကြာတော့ ကျွန်မ တို့နဲ့ တွဲလျက်ရှိနေတဲ့ UN Agency မှာ Internet ဆင်လိုက်တော့ ကျွန်မတို့ဌာန အတွက်လဲ လိုင်းတစ်လိုင်းရခဲ့တယ် ဆိုပါတော့။ ဒါပေမဲ့ Line က ကျွန်မတို့ Project Director ရဲ့ ကွန်ပျူတာ မှာပဲ ချိတ်ထားတာဆိုတော့ ဆရာ ထမင်းစားချိန် ဒါမှ မဟုတ်လဲ သူမရှိတဲ့ခါတွေမှာမှ ခွင့် တောင်းပြီး Mail တွေ ဘာတွေ စစ်ခဲ့ရတာပါ။ ကျွန်မ ကိုလဲ ရုံးကြီးက အစ်မလေး တစ်ယောက်က ကူညီပြီး Gmail Account လေးတစ်ခုဖွင့်ပေးခဲ့ပါတယ်..။ ကျွန်မရဲ့ Gmail Account က တစ်နှစ်သား မပြည့်ချင် သေးပါဘူး။
ပထမ တော့ ကိုယ့် အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေ၊ ဆက်စပ်နေတဲ့လုပ်ငန်းတွေက သူတွေနဲ့ ပဲ Contact ရှိခဲ့တာပါ။ နောက် ၂ လ လောက်ထပ်ကြာတော့ ကျွန်မ နဲ့ တစ်ခြား Senior အစ်ကို တစ်ယောက် အတွက် လိုင်း တစ်လိုင်းရခဲ့ပါတယ်...။ အဲဒီ အစ်ကိုရဲ့ ကွန်ပျူတာမှာ ချိတ်ထားတာမို့ သူ အားတဲ့အချိန် တွေ ကြည့်ပြီးတော့ မှ ကိုယ့် Account လေး သွားသွားစစ်ရပါတယ်..။ သူ ကလည်း ခုံမှာတော်တော် မြဲတဲ့သူမို့ သူခွင့်ရက်ရှည်ယူပြီးအိမ်ပြန်အောင် ဆုတောင်းခဲ့ရတာ အမော..။ အဲဒါမှပဲ အဲဒီကွန်ပျူတာ ကျွန်မ သုံးရမှာကိုး....း) ...။
အင်တာနက် စသုံးဖူးတဲ့ အတွေ့အကြုံ တစ်ခုကလဲ တစ်သက် မမေ့နိုင်စရာ..............။
ကျွန်မရဲ့ Contact ထဲ မှာ ဒီအလုပ်ထဲ မရောက်ခင် လုပ်ခဲ့ဖူးတဲ့.. UN Agency တစ်ခုက Head နဲ့ ခုလက်ရှိ ဆရာရဲ့ Account Contact တွေလဲပါပါတယ်..။ တစ်ခါတော့...........ဘယ်တစ်ယောက်ပို့လိုက်မှန်း မမှတ်မိတော့တဲ့ Friendship Web တစ်ခု ကျွန်မ ဖွင့်ကြည့် ပြီး ဘု မသိ ဘမသိ ....ဘာတွေ လုပ်လိုက်မိမှန်း မသိ ခဲ့...............။ တစ်နေ့ မနက်မှာတော့ ကျွန်မနဲ့ တစ်ခန်းထဲ ကွန်ပျူတာနဲ့ အင်တာနက်မျှ သုံးနေတဲ့ Senior အစ်ကို ကို ဆရာခေါ်ပြီး Warning လုပ်ပါသတဲ့ .. ......အဲဒီ အစ် ကို ဒေါပွ .. စိတ်တို ... ပွစိပွစိ ပြောပြီး အခန်းထဲ ပြန်ရောက်လာပါတယ်..။ (သူက စိတ်လဲ နဲနဲ တိုတတ်ပါတယ်..) .. ဒီရုံးမှာ တစ်ခြားသူတွေလဲ အင်တာနက်၊ ဂျီ မေးလ် သုံးကြတာပဲ ..၊ ဘာလို့များ ငါတို့ကို လာပြီးချူပ်ချယ်ရ သလဲ.....ဒီဆရာ ...အတော် ခက်တဲ့ ဆရာ...ပေါ့.........။ အင်တာနက် ကို လုပ်ငန်းနဲ့ ပတ်သက်တဲ့ အခါ၊ .....ဒါမှမဟုတ် ရင်လဲ အကျိုးရှိမဲ့ Study တစ်ခုခု လုပ်မဲ့ ခါမျိုးမှာသာ သုံးဘို့နဲ့ တစ်ခြားကိစ္စတွေ မသုံးဘို့ မှာလိုက်သတဲ့..။ ကျွန်မ လဲ မျက်လုံးလေး အပြူး သား သူ့ကိုပြန်ကြည့်ရုံက လွဲလို့ ဘာမှ နားမလည်..။
အဲဒီနေ့ နေ့လည်ခင်း ရောက်တော့ ဆရာ ကျွန်မတို့ အခန်း ထဲ ကိစ္စ တစ်ခုနဲ့ ၀င်လာပါ တယ် .. ကျွန်မ ကို ...ကြည့် ပြီးတော့ .. ဆော်ရီး နော်.. မင်း .. Invite လုပ်ထားတဲ့ ဟာတွေ အလုပ်မအား လို့ မကြည့်ဖြစ် ဘူး.. Delete မကြာခဏ လုပ်တော့ Spam Mail အဖြစ် ရောက်ကုန်ပြီ တဲ့......... ရော...ကျွန်မ ဘာတစ်ခုမှ မသိတဲ့ ဟာကို.... ကျွန်မ ဘာ မှ Invite မလုပ်ထား ပါဘူး ဆိုတော့ ဆရာ က ဘာမှ ထပ်မပြော တော့ပဲ ပြုံးပြ လှည့်ထွက် သွားပါတယ်..။ ကျွန်မလဲ အူကြောင် ကြောင် နဲ့ ရှေ့ ခုံ က Senior အစ်ကို ကို အကူအညီ တောင်းတဲ့ အကြည့်နဲ့ လှမ်း ကြည့်မိတော့ ..... လား....လား... တရားခံ မိပြီ ဆိုတဲ့ မျက်လုံးအကြည့်နဲ့ တန်းတိုးပါရော...။ လုပ်တော့ ကျွန်မ ..ဆူခံထိတာက....သူ ... နင်းကန် ဒေါပွ ပါရောလား...။ သူ က အစ တည်းကမှ ကျွန်မ ကို မျက်စိ စပါးမွေး ခပ်စူးစူး ရယ်..။ သူ့ထက် ၈ နှစ်လောက် နောက်ကျပြီးမှ ဒီဌာန ထဲ ၀င်လာတဲ့ ကျွန်မကို သူ့ဝန်ထမ်း (မိန်းကလေး) တွေက သူ့ ထက် ပို ချစ်သွားပြီ .. ဆရာ ကလဲ အရေးပေးတယ် လို့ သူက ထင်နေတာလေ..(တစ်ကယ်တော့ ဒီလို မဟုတ်ပါဘူး.. သူ့ဘာသာ သူ စိတ်ထင် လျှောက်ပြောတာ)..။ အဲဒီနေ့ ညနေပိုင်း Staff Farewell Party တစ်ခုမှာ အရင် အလုပ်က ဆရာနဲ့ တွေ့ကြ ပြန် တော့ . တစ်ခါ..... အဲဒီဆရာက . မင်း Invite လုပ်ထားတဲ့ Freindship Web သွားကြည့်သေး တယ် .. မင်း ပုံတွေ ဘာတွေ လဲ မတွေ့ ပါလား.. ငါ့ မိတ်ဆွေ တွေ ကတောင်.. မင်းလဲ ဒီ အလုပ်တွေ လုပ်ဖို့ အချိန်ရှိ သလား လို့ ၀ိုင်းမေးကြတယ် တဲ့.. ကဲ.. လာပြန်ပြီ တစ်ယောက်...(အဲဒီ ဆရာက UN Agency အကြီးကြီး တစ်ခုရဲ့ Head ဆိုတော့ ရာထူးက အရမ်းမြင့်သလို အလုပ်လဲ များပါတယ်........) ။ ကျွန်မ ကလဲ ကိုယ် မလုပ် ဘူးပဲ ထင်နေတာကိုး..။ ကျွန်မ မယ် အဲဒီ ဆရာတွေ ကို မျက်နှာပူလိုက်ရတာ ဆို မပြောပါနဲ့ တော့..။ နောက်မှ သွား ရှင်းပြပြီး ..မျက်နှာငယ် လေး နဲ့...တောင်းပန်ခဲ့ရပါတယ်.........။ ကျွန်မ ကိုယ်စား အဆူခံ ထိတဲ့ အစ်ကို လဲ ခုတော့ မရှိတော့ပါဘူး...။........ ဧရာဝတီတိုင်း က မုန်းတိုင်း ဒဏ်သင့် ကလေးငယ်တွေရဲ့ ကျန်းမာရေး နဲ့ ပညာရေးအတွက် ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းကြီး တစ်ခုမှာ ရာထူးမြင့်မြင့် အလုပ်ရလို့ သူ့မိသားစုနဲ့ နီးတဲ့နေရာ ရောက်နေ ပါပြီ..။ သူ မပြန်ခင် ထိ စကားကြုံတိုင်း ကျွန်မ ကို ပြန်ဒေါပွ နေခဲ့သေးတာနော်...။
အဲဒီလို အလွဲလေးတွေ နဲ့ စ ခဲ့ တဲ့ ကျွန်မရဲ့ IT အတွေ့အကြုံလေးတွေ က ကျွန်မအတွက်တော့ အမှတ်ရ စရာလေးတွေပါပဲ..။ ခုတော့ ကျွန်မရဲ့ရုံး ကွန်ပျူတာမှာ ကိုယ်ပိုင် အင်တာနက် တစ်ကြိုး ရခဲ့ တာ ၂ လ နီးပါးရှိပါပြီ..။ ကျွန်မ ရဲ့ကမ္ဘာလေး လဲ အတော်အသင့် ကျယ်ဝန်းခဲ့ပါပြီ...။ အစ တုန်းက တော့ ကိုယ့်ကို Invite လုပ်လာပြီဆို ဘာမှန်း မသိပဲ Yes လုပ် လုပ်နေခဲ့ တာ နောက်တော့ အလုပ်က တော်တော်လေးရှုပ်တာ ကလား..။ ကလေးတွေ အများစု က ကျွန်မကို မိန်းခလေး ငယ်ငယ် အောက်မေ့ပြီး ဆက်သွယ်ကြတာကိုး.......း) .........။ ဒါနဲ့ပဲ Invite လုပ်တဲ့သူတွေ ကို... Interview လုပ်ပြီးမှပဲ လက်ခံတဲ့ အကျင့်လေး ရခဲ့ပြီ..။ မင်း က ဘယ်သူလဲ... သိလို့ Invite လုပ်တာလား.. မသိဘူးဆို ဘာရည်ရွယ်ချက်ရှိလို့လဲ...စသဖြင့် သူတို့ကို မေး.. ကိုယ့် ရဲ့ ကိုယ်ရေး အကျဉ်းကိုလဲ ဖြစ်အောင်ပြောရသေးတယ် လေ...။
Information Technology ကြောင့် တိးုပွားလာတဲ့ ကျွန်မရဲ့ IT ရွာလေးထဲ က မိတ်ဆွေ တွေကို ကြည့် ကြည့် ကြရင်တော့ ............။
.... အမေ တော်ပါ ရစေ လို့ ခွင့်တောင်းပြီးတော့ နေ့စဉ် လိုလို Hello My Dear Mom လို့ လာ လာ နှုတ်ဆက်တတ်တဲ့ ..အမေ တစ်ယောက် ကို ဂရုစိုက်သလိုမျိုး အစစ အရာရာ ဂရုစိုက်ပေးဖော်ရတဲ့ ထိုင်းနိုင်ငံ ဘုရင့်တော်ဝင် တက္ကသိုလ် တစ်ခုမှာ ပညာတော်သင်ရောက်နေတဲ့ ဦးပ္ပဇင်းလေးတစ်ပါး....
.... ရွယ်တူကောင်မလေး ထင်ပြီး စလာ မိတ်ဆက်ခဲ့ ပေမဲ့ နောက်တော့လဲရွယ်တူမဟုတ်မှန်းသိသွားပြီး.. ဒီခေတ်ကောင်မလေးတွေ က ငွေ နောက်ကို လိုက်ကုန်ကြပြီ အန်တီရဲ့ ဆို ပြီး.. မကြာခဏ အသဲကွဲ စကား တွေ.. လောကကြီးကို နာကျင် တဲ့ အကြောင်းတွေ.. ကိုယ်ခြေထောက်ပေါ်ပဲ ကိုယ်ရပ်ချင်တဲ့ အကြောင်းတွေ ကို စကားကြီး စကားကျယ် ပြော... ပြော တတ်တဲ့ .. လွန်ခဲ့တဲ့လကမှ ၁၈ နှစ်ပြည့်ရုံရှိသေးတဲ့ စင်္ကာပူ မှာ ကျောင်းသွားတက်နေတဲ့ ... ရီးစား အရေအတွက် က သူ့ အသက် ထက် များ တယ် အန်တီ ရဲ့ ဆိုတဲ့...ကျွန်မ က သားဥာဏ် လို့ခေါ်တဲ့ ကလေးလေး တစ်ယောက်...
.... Speed Boat တွေကို မိန်းကလေး မိတ်ဆွေ လို သဘောထားတယ် ဆိုပြီး ... ကျမ အားတဲ့ အချိန်တွေ မှာ သူရဲ့ အလုပ်အား ရက် ကိုယ်ပိုင်ဘုတ်လေးနဲ့ သွားခဲ့တဲ့ ခရီးစဉ်တွေ ကို စီကာ..ပတ်ကုံး ပြောပြတတ်တဲ့ ဆွီဒင် က အသက် ခပ်ကြီးကြီး ဆွီဒင် မိတ်ဆွေ တစ်ယောက်....
.... မြန်မာပြည် ကိုချစ်လို့ စိတ်ဝင်စားလို့ မြန်မာပြည် ကို သွား ...အလုပ်လုပ် မယ် လို့ ပြောပြီး မြန်မာ စကား ကြိုးစား ပမ်းစား ပြော တတ်တဲ့ ဂျပန်ပြည် က ဂျပန် အင်ဂျင်နီယာလေး တစ်ယောက်... သူကပြောသေး တယ်.. မြန်မာပြည်ရောက်တဲ့ အခါ မိတ်ဆွေ တွေ ရချင်တယ် မိတ်ဆွေ မိန်းခလေးတွေလဲ ရချင်သတဲ့ (သူ့မှာ ချစ်ရမဲ့ သူ ရှိလို့ မိန်းခလေး မိတ်ဆွေ တော့ မလိုချင်ပါဘူး တဲ့.....း) ... ။
.... NGO ဆိုတာဘာလဲ INGO ဆိုတာဘာလဲ လို့ ခဏခဏ စပ်စုတတ်တဲ့ မန္တလေး..တက္ကသိုလ် တစ်ခု....က သရုပ်ပြ ဆရာမ ညီမလေး တစ်ယောက်....
.... ရံဖန် ရံခါ မှ အွန်လိုင်း ပေါ် ရောက်ပေမဲ့ ... ကျွန်မ အိမ်ပြန်ချိန် နောက်ကျနေတာ တွေ့သွားရင်.. အစ်မရေ.. ရုံးဖယ်ရီ မမီရင် ဆိုက်ကား ခကုန်တော့မှာပဲ လို့ တွေး ပူပြီး သတိပေး တတ်တဲ့ ... ကျွန်မ မှာ ရှိတဲ့ တပည့် မိန်းခလေး တွေ နဲ့ ၀န်ထမ်းတွေ က မိန်းကလေးတွေပဲ အများစု မှန်းသိ သွားတော့... အစ်မ ကူညီမှပဲ ကျွန်တော် လူပျိုကြီး ဘ၀က ကျွတ်တော့ မှာ.. အစ်မကိုပဲ အားကိုးတော့မယ်လို့ လှမ်းနောက် တတ်တဲ့ ... မလေးရှားရောက် တိုင်းရင်းသားအမည် မှည့်ထားတဲ့ မြန်မာမောင်ငယ် တစ်ယောက်....
.... မြန်မာအမျိုးသမီး တစ်ယောက်နဲ့ Online မိတ်ဆွေ ဖြစ်ရတာ ဂုဏ်ယူပါတယ် ..လို့ပြောပြီး ..နှစ်နိုင်ငံ အတွေ့ အကြုံတွေ ဖလှယ်ဖြစ်တဲ့...အိမ်နီးချင်း နိုင်ငံ တစ်ခုက စွမ်းအင် ဆိုင်ရာနိုင်ငံတော်အဆင့် အစိုးရ အရာရှိကြီး တစ်ဦး (သူကတော့ အဲသလိုပြောတာပဲ)...သူက မြန်မာနိုင်ငံမှာ အစိုးရ အပြောင်းအလဲ ဖြစ်တဲ့ အခါ လာလည်ချင်ပါ သတဲ့.. .........
.... ကမ်းပေါ်ပြန်ရောက်တိုင်း..Hi my sister လို့ လှမ်းခေါ်ပြီး ကျန်းမာ ရဲ့လား .. အဆင်ပြေရဲ့လား လို့ သတိတရ နှုတ်ဆက်တတ်ပြီး သူ့ရဲ့ ပင်လယ် အတွေ့ အကြုံလေးတွေ ဖောက်သည်ချတတ်တဲ့ ... ပင်လယ်ကမ်းလွန် ရေနံ နဲ့ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေး တစ်ခုမှာ လုပ်နေတဲ့လျှပ်စစ် အင်ဂျင်နီယာ မောင်ငယ် လေးတစ်ယောက်...
.... နောက်..... ကျွန်မ ရုံးပြန် နောက်ကျတာတွေ့ တိုင်း... သရဲပုံတွေ လှမ်း လှမ်း ပို့ပြီး အိမ် မြန်မြန်ပြန်အောင် လုပ်တတ်တဲ့ ... နင့် ဆိုင်ကယ်နောက် တစ်ယောက်ကပ်ပါတော့မှာနော်... နင် ဆိုင်ကယ် ပါကင်လုပ်တဲ့ အပင်မှာလဲ သရဲ ရှိတာပဲ လို့ .. လှမ်း ခြောက်တတ်တဲ့ ... ခုတော့ L.A မှာ မိန်းမလုပ်စာ အေးဆေး ထိုင်စားပြီး အလုပ်ရှာနေတုန်းပဲဆိုတဲ့ ... ပြီးခဲ့တဲ့နှစ်က ထိ ရုံးချင်းကပ်ရက် ရုံး တစ်ရုံး မှာ လုပ်ခဲ့ဘူးတဲ့ အစ်ကိုလို ခင်ခဲ့ ရသူ တစ်ယောက်...
အဲ..... နောက် တစ်ယောက်ကတော့... .......ကျွန်မ ဒီ ဘလော့ဂ်လေး လုပ်ဖြစ်အောင် ဘလော့ဂ်ဆိုတာ ဘာ လဲ ၊ ဘလော့ဂ်ဂါ ဆိုတာ ဘာလဲ လို့ မိတ်ဆက်ပေးသူ ဘလော့ဂါလေး တစ်ယောက်ပါ... သူက နဲနဲ တော့ ဂျီ ကျကျ ခပ်ဆိုးဆိုး လေး ဖြစ်ပုံရပါ တယ်.. ...ကျမ လက်ဆော့ ခြေဆော့ ..လုပ်ထားတဲ့ Friendship web တစ်ခုထဲ က တစ်ဆင့် ကျွန်မကို ခင်ပါရ စေ ဆိုပြီး သူပဲ...စတင် မိတ်ဆက် လာခဲ့ ပေမဲ့.... လောကကြီး ကို အမြဲ မကျေမနပ် ဖြစ်နေတတ်ပြီး..... ကျွန်မ ပြောသမျှလဲတစ်ခွန်းမခံ နှုတ်လှန်ထိုးသူလေး ပါ... ဘာပဲ ပြောပြော..သူ့ကြောင့် ပဲ ........... သူ မိတ်ဆက်ပေးခဲ့ လို့ ပဲ....
.ကျွန်မတစ်ယောက် မြန်မာ ဘလော့ဂ်ဂါ ရွာလေးထဲ အလည်ထွက်တတ်ခဲ့ပါပြီ.. ဘ၀ မျိုးစုံ ကို ကျင်လည် ကျက်စားနေသူတွေ ရဲ့ ကြည်နူး ဘွယ်ရာ.. ကြေကွဲ ဘွယ်ရာ.. လွမ်းဆွတ်စရာ... ဗဟုသုတ ရစရာ... ဘ၀အထွေထွေ ..........တွေနဲ့ ကျွန်မ ထိတွေ့ ရင်းနှီးခွင့် ရခဲ့ ပါပြီ... ။
ကျွန်မရဲ့ အိမ် မပြန်ချင်တဲ့ ရုံးဆင်း ချိန် ..ညနေခင်းလေးတွေ က ခုတော့ Information Technology ကြောင့် အဓိပ္ပါယ် မမဲ့တော့ပါဘူး... ခုပြောခဲ့ မိတ်ဆွေ တွေထဲ က တစ်ယောက်မဟုတ် တစ်ယောက် ကျွန်မကို လှမ်းနှုတ်ဆက် တာမို့ ကျွန်မတစ်ယောက် အထီးမကျန်တော့သလို မြန်မာဘလော့ဂ်ဂါရွာလေးထဲ ခြေဆန့်ခွင့် ရှိနေပြီဖြစ်လို့... ကျေးဇူး ပါ IT........။
မှတ်ချက်။ ။ ဒီစာစုလေးရေးပြီးလို့ ၂ ရက် ၃ ရက် ကြာတော့ Blogger ပုဂ္ဂိုလ်လေး ကျေးဇူးနဲ့ပဲ ကျွန်မ ပတ်ဆင့်တွေ ရေးတတ်ခဲ့ပြီမို့ စာဖတ်သူတွေ ပတ်ဆင့် စာလုံးတွေ အောက်ပိုင်းပြုတ်နေတာ မြင်တွေ့ခွင့် မရှိတော့ ပါ ဘူး.........publish လုပ်ပြီးမှ... လိုက် ပြင် ထားရတာပါ....း) ....... မတွေ့တာ ကြာပြီ ဖြစ်ပေမဲ့..ကျမ ဘ၀ ကို IT လောကနဲ့ စတင်ရင်းနှီးစေခဲ့..တဲ့. ဘလော့ဂါလေး ကို..ဒီစာစုလေးနဲ့..မှတ်တမ်း တင်..ကျေးဇူးတင်လိုက်ပါ တယ်...........
မမသီရိ
Sunday, January 25, 2009
ဆူး
သံယောဇဉ် ဆူး..
ရင်မှာစူးငြိ....ရူးမိတော့မယ်ကွယ်....
...................
ငယ်စဉ် ဘ၀..အ..ကာလညများမှာ..
ကြိမ်ဖန်များစွာ.. ကြားနာခဲ့ ရ...
ရှေးနိပါတ်တော်ထဲ က..
ကိန္နရီ မောင်နှံ ရဲ့ ..ဇာတ်လမ်း...
လွမ်း လိုက် ကြတာလေ.......
.......................
တစ်ညလေး ခဏ...ဝေးရတာများ..
၇၀၀...ရက်ပေါင်း...
လွမ်းကောင်းတုန် ..ရှိ သေးသတဲ့...
ပြောလို့ လဲ ..မပြီး....
တစ်ဘ၀လုံး...ငြီးကြသတဲ့...
...............
အဲဒီ အလွမ်း ဇာတ်..
ရင်ထဲမှာ မှတ် ထား...
နားထောင်ရင်း စောကြော...ပိုရန်ကော ရယ်လို့....
ရင်ထဲမှာ ဘာမရှိ...
အလွမ်းတွေ မသိခင် တုန်း ကပေါ့......
...............................
စိုးမိုးသူရယ်...
မျက်ဝန်းလေး တစ်စုံ...ဆုံ မိတဲ့ အခိုက်..
နှလုံးသား ထဲ ..လှိုက် လှိုက် ခုန်....
ရင်တုန်မောလျ...ခံစားခြင်း ရသ များ...
နှလုံးသား ထဲ စီးမျော....
အဲဒါ....ဘာသဘောလဲ ကွယ်.......
...................
သူ့မျက်ဝန်းနက်နက်...
အကြင်နာ စွက်နေသလား...ရေရာမှုများ မရှိပေမဲ့..
အထီးကျန် ဘ၀ ငယ်တစ်ခု...
စိုပြေ မှု တော့ ရှိ ခဲ့ တယ်.....
..................
သူ့စကားသံ သဲ့သဲ့...
အကြင်နာ ရှိခဲ့ သလား..ရေရာမှုများ မရှိပေမဲ့..
အဖြူရောင် ဘ၀လေး ထဲ...
နွေးထွေးမှု တော့ ရှိခဲ့ တယ်...
............................................
သူမချော့ပေမဲ့...
ရင်ထဲ မှာ..စိတ်ကောက်..
ဘု နဲ့ ဘောက် တွေ ဖြစ်...
စူးစူး နစ်နစ် ပျော် ... ပျော် ပါတယ်.....
........................................
သူ...ခင်ခင် မခင်ခင်..
နေ့စဉ် ဆုံ ဖြစ်..
သူ ပြောပြော မပြောပြော...
ကိုယ် ကပြော...ဘေးနား ထိုင်...
သူငိုင် ရင် မပျော်ဖြစ်..
ကိုယ်လဲ လိုက် စိတ် ညစ်..ကူ....
............................
အော်......
ခုတော့လည်း....
တစ်နေ့မမြင်..
မရွှင်နိုင်ဘူး...ရူးမိတော့မယ်...
.............
ဟိုး....ငယ်ငယ်..က..
ပို တယ် လို့ ထင် ရ...
ကိန္နရီ မရဲ့ အလွမ်း..အဆန်း တကြယ် မဟုတ်တော့...
ခု မှ ..ကိုယ်ချင်းစာ....
မတွေ့ ရတဲ့...ရက် ကလေးမှာ...
လွမ်းလိုက် တာကွယ်......
...........
သံယောဇဉ် ဆူး....
ရင်မှာ...စူး ငြိ.....
ရူးမိတော့မယ်....
ရူး မိတော့မယ်......ကွယ်.........................။
မမသီရိ (၂၅.၁.၂၀၀၉)
Thursday, January 22, 2009
ချစ်တူလေး အတွက်..မွေးနေ့ လက်ဆောင်
တစ်နှစ်ပြည့်စ ..သားလူလှ..
ဟန်တွေ တကြွကြွ...
ဖေ..မေ... လှ..ပ..
ရွတ်နေတယ်...
မပီကလာ..ချစ်စဖွယ်..
ဖေ့ကို ချစ်လား..မေ့ ချစ်လား....
မေးတော့ တူတူ ခေါင်းညိတ်ထား....
ကိုကြီး... ကိုလတ် ကျန်သေးတယ်....
သိပ် သိပ် ချစ်ပါတယ် တဲ့...
မျက်စိမှေးကာ..အိုက်တင်ပေး....
သားသား..လူလည်လေး...
စိတ်ချမ်းသာလို့ ..မာစေ ကွယ်...
ဆုတောင်း ကြပါ တယ်...
အသက် ရာကျော် ရှည်စေ..ဘွား...
ကမ္ဘာကျော်မဲ့...ချစ်တဲ့ သား...........။
၂၀၀၉ ခု ဇန်န၀ါရီ လ ၂၃ ရက်နေ့မှာ.. ၁ နှစ်ပြည့်တဲ့... ကျမရဲ့ အစ်ကို .. ကိုအောင်သာငယ် ရဲ့ သား... ကျမရဲ့... ချစ်တူ အထွေးလေး... ရန်ဆက်အောင် အတွက်.. မွေးနေ့ လက်ဆောင်ပါ... ။ ကိုယ်တိုင် ထွေးပွေ့ ခွင့် မရနိုင်သေးတဲ့ အတွက်.. ကဗျာလေး ရယ်.. ခဲခြစ် ပန်းချီလေး ရယ် နဲ့ပဲ..လှမ်း ပြီး.. မွေးနေ့ လက်ဆောင် ပေးလိုက် ရပါ တယ်............................။
ပုံလေး...ထိုင် ဆွဲ နေရင်း...ချစ်စရာ ကောင်းလွန်းလှ တဲ့.. ကလေးလေး ပေါက်စ အရွယ် ထက် မကြီး ခင်... ချီခွင့် ရရင် ..ဘယ်လောက် များ ကောင်းမလဲ လို့.. လွမ်းနေမိ သေး တယ်.............။
...............................................................................................................
...........................................................
............................................................................................................................
ကျမရဲ့ တူ အထွေးလေးက ..၂၃ ရက်နေ့ ဖွား ဖြစ်တာမို့... ၅ ဂဏန်းပိုင်ရှင်လေး ပါ..။....တူလေး အတွက် မွေးနေ့ လက်ဆောင် ထဲ မှာ.. ချစ်တူ.. ပေါက်စလေး (ပေါက်စလေး ဆိုတာ ကျမထား တဲ့ အမည်..) အပါ အ၀င် ၅ ဂဏန်း ပိုင်ရှင်များ ( ၅ ရက်...၁၄ ရက်... ၂၃ ရက် ဖွား များ) အားလုံးအတွက်..... ၅ ဂဏန်း သမားများ ရဲ့ စိတ်နေ သဘာဝနဲ့.. ကမ္ဘာကျော်.. နံပါတ် ၅ .. ဂဏန်း ပိုင်ရှင်များ ကို ဖေါ်ပြပေး လိုက်ပါတယ်......။
၅ ဂဏန်းဖွားများ သည်... ပါးနပ် လျင်မြန်ပြီး.. အပြောင်း အလဲ မြန်သည့် သဘော သဘာဝ ရှိသည်။ အလွယ် တကူ မိတ်ဆွေ ဖွဲ့ တတ်ခြင်း... လူချစ် လူခင် ပေါများခြင်း.. စိတ်ဇောကြီး ၍ လျင်မြန်စွာ စဉ်းစား တွေးတော.. ဆုံးဖြတ် တတ်ခြင်း.. စိတ်ကူး စိတ်သန်း အသစ် အဆန်းများအား.. အမြဲ ကြံစည် တွေးတော နေတတ်ပြီး... စွန့်စွန့် စားစား ငွေကြေး ဥစ္စာ ရှာဖွေ ရန် အားသန်သူများ လည်း ဖြစ်သည်။ လူတကာ အံ့သြဖွယ် ဖြစ်အောင် အခြေ အနေ ဂုဏ် အင်္ဂါ ရပ်များအား.. ပြောင်းလွဲအောင် လုပ်နိုင်စွမ်း ရှိကြသည်။ သူတပါး ၏ အပြင်းအထန် ထိုးနှက်ခြင်း ခံရသော်မှ.. ပြန်လည် ထူထောင်နိုင်သည့် စွမ်းအားများ ပိုင်ဆိုင်ကြသည်။ ကံကြမ္မာ သည်.. ၅ ဂဏန်း ပိုင်ရှင် များအား.. ထိုးနှက်ရန် မတတ် သာ... အကောင်း အဆိုး ဟူ သမျှ သည်..မိမိ တို့နှင့် သာ.. တိုက်ရိုက် ဆက်စပ် ပတ်သက် နေတတ်သည်....။ ကောင်းခြင်း မကောင်း မှန်သ မျှ .. မိမိ အပေါ်၌သာ မူတည် နေတတ်သည်။
ထင်ရှား ကျော်ကြား..၅ ဂဏန်း ပိုင်ရှင်များ....
စိန့်လူးဝစ်စ် (ပြင်သစ်)........................မေ ၂၃
လူးဝစ် ၁၆.........................................သြဂုတ် ၂၃
HM ဂျော့ရှ် -၆...................................မေ ၅
H-R-H (၀င်ဆာမြို့စားကြီး)................ဇွန် ၂၃
ဆင်မြူရယ် ပက်ပီးစ်............................ဖေဖေါ်ဝါရီ ၂၃
လော့ဒ် လစ်စတာ...............................ဖေဖေါ်ဝါရီ ၅
ရှိတ်စပီးယား......................................ဧပြီ ၂၃
ချက်တူဘရိုင်းန်..................................စက်တင်ဘာ ၁၄
ကားလ်မာ့ခ်စ်.....................................မေ ၅
ဂျိုးဇက်ဖင်း (ပြင်သစ် မိဖုရားကြီး)..........ဇွန် ၂၃
ချစ်တူလေး မွေးနေ့မှာ.. တူလေးနဲ့ အတူ အားလုံး ပျော်ရွှင်ကြပါစေ.............။
မမသီရိ
အားကျစေချင်..သူ့ကို ပင်...
၂၀၀၉ ခုနှစ် ဟာ... အာရှတိုက်သား မြန်မာများ အတွက်တော့.. ထူးခြားတဲ့.. အထိမ်း အမှတ် နှစ်တစ်နှစ် ဖြစ်ပါသည်။ ကမ္ဘာပေါ်မှာ.. အကြီးဆုံး..တစ်ခု တည်းသော.. နိုင်ငံ တစ်ကာ.. ပါဝင်တဲ့ ကမ္ဘာလုံး ဆိုင်ရာ.အဖွဲ့ကြီး ဖြစ်တဲ့.. ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့... တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ၂ ကြိမ် ဆက်တိုက် ရွေးချယ် ခန့်အပ်ခြင်း.. ခံခဲ့ရတဲ့... မြန်မာ နိုင်ငံသား.. ဦးသန့်ရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ ကျရောက် တဲ့ ရာပြည့် နှစ်ပတ်လည် အခမ်းအနား.... ကျရောက်တဲ့.. နှစ်တစ်နှစ် ဖြစ်လို့ပါ.....။
ကမ္ဘာတည်သရွေ့ သမိုင်းမှတ်တမ်းမှာ... အမြဲ တည်ရှိနေမှာ ဖြစ်တဲ့... သူ့ရဲ့ ဂုဏ်ပုဒ် တွေ က...အထူး တလည် ဖေါ်ပြနေစရာ မလိုတော့ပါ ဘူး...။ ကမ္ဘာပေါ်က နိုင်ငံ ပေါင်း ၂၀၀ နီးပါး ထဲ ကမှ...ထူးထူးချွန်ချွန် ..ပေါက်ပေါက် မြောက်မြောက် နဲ့... ဒီနေရာ ကို ရဘို့ ဆို တာ..ဘယ်လောက် ခက်ခဲ မလဲ..ဆို တာ.. လူတိုင်း နားလည် နိုင်ပါ တယ်..။ ဦးသန့် နဲ့ ပတ်သက် တဲ့.... အထ္ထုပထ္တိတွေ.. မှတ်တမ်း.. မှတ်ရာတွေကို.. စာဖတ်သူ အတော် များများ.. လဲ ဖတ်ဖူး ကြမှာ ဖြစ်ပေမဲ့... ကျမ ဘ၀မှာ.. လေးစား စံပြု ခဲ့ ရတဲ့... ပုဂ္ဂိုလ်ကြီး တစ်ဦး အတွက်.. သူ့ ရဲ့ ဘ၀ မှတ်တမ်း အကျဉ်းလေးကို...ဗဟုသုတ အလို့ငှာ... သေချာ မသိသေး တဲ့.. လူငယ်တွေ အတွက် ရှာဖွေ တင်ပြ လိုက် ရပါတယ်....။ ဦးသန့် ဟူသည့် မြန်မာ နိုင်ငံ သားကောင်း တစ်ဦးကြောင့်... ကျမတို့ မြန်မာ နိုင်ငံရဲ့ ဂုဏ် သတင်း ဟာလဲပဲ.. ကမ္ဘာ့ အလယ် ဂုဏ်ဝင့်ထည် ခဲ့သလို... ကမ္ဘာ တည်သရွေ့ မှာ လဲ... သူ၏ အမည် နာမနဲ့ အတူ တကွ... UN ရဲ့ သမိုင်းကြောင်း ကတစ်ဆင့်... ကမ္ဘာ့ သမိုင်းကြောင်း မှာ.. ထာဝရ တည်မြဲ နေတော့မှာ မို့... ကျမ တို့ မြန်မာ မှန် သမျှ..သူ့အတွက်..ဂုဏ် ယူ ကြရ အောင်လား..ရှင်....။
အမည်ရင်း......ဦးသန့်
- ၁၉၀၉ ခု ဇန်န၀ါရီ လ ၂၂ ရက် သောကြာနေ့တွင်.. ဧရာဝတီတိုင်း.. ပန်းတနော်မြို့.. အနောက်ပိုင်း ရပ်နေ.. အဘ. မြေပိုင်ရှင် ဦးဘိုးနှစ် နှင့်.. အမိ ဒေါ်နန်းသောင်တို့မှ.. ဖွားမြင်ခဲ့ ပါသည်။
- အသက် ၅ နှစ် အရွယ်တွင်.. ပန်းတနော်မြို့ရှိ ဆရာကြီး ဦးဘဟန်၏ မြန်မာ ကျောင်းတွင်.. စတင်ပညာ သင်ကြားခဲ့ သည်။
- အသက် ၉နှစ်အရွယ်တွင်.. စတုတ္ထတန်းသို့ တက်ရောက်ပြီး.. ၀ိုင်အမ်ဘီအေ အလယ် တန်း ကျောင်းတွင် တက်ရောက် သည်။
- အသက် ၁၂ နှစ်အရွယ်မှ စပြီး..အင်္ဂလိပ် စာရေးဆရာကြီး ရှိတ်စပီးယား နှင့် ဆာ အာသာ ကိုနင်ဒွီုင်း တို့ ၏ မူရင်း အင်္ဂလိပ် စာ အုပ်များကို သဲကြီးမဲကြီး.. စတင်ဖတ်ရှူခဲ့သည်။
- ၁၉၂၂ တွင် ၀ိုင်အမ်ဘီအေ အလယ်တန်းကျောင်းမှ သတ္တမတန်း အောင်မြင်ပြီး အမျိုးသား အထက်တန်း ကျောင်း သို့ပြောင်းရွှေ့ ပညာ သင်ကြားသည်။
- အသက် ၁၄ နှစ်အရွယ်တွင် ဖခင်ကြီး ဆုံးပါးခဲ့ သည်။
- ၁၉၂၆ တွင် အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်း စာမေးပွဲကို အောင်မြင်ခဲ့ပြီး.. ရန်ကုန် တက္ကသိုလ်သို့ တက်ရောက် ပညာသင်ကြားခဲ့သည်။
- ရန်ကုန်တက္ကသိုလ်တွင် ပထမ နေခဲ့သော ကျောင်းဆောင်မှာ.. တကောင်းဆောင် ဖြစ်ပြီး..ထိုမှ ပုဂံဆောင်.. နောက် မေအောင် ကျောင်းဆောင် သို့ ပြောင်းရွှေ့ခဲ့ သည်။
- ၁၉၂၈ တွင် ဥပစာတန်းကို အောင်မြင်ခဲ့ပြီး.. ရန်ကုန်တက္ကသိုလ် ကို ဆက်မတက်တော့ ပဲ.. ပန်းတနော်ပြန်ကာ အမျိုးသား အထက်တန်း ကျောင်းတွင်.. အထက်တန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
- ၁၉၃၁ တွင် မြန်မာနိုင်ငံအစိုးရ ပညာရေးဌာနမှ ကျင်းပ ပြုလုပ်ခဲ့သော. အထတ်တန်း ဆရာဖြစ် စာမေးပွဲ ကို ၀င်ရောက် ဖြေဆိုရာ မြန်မာတစ်နိုင်ငံလုံး. ပထမ ရခဲ့ပြီး... ပန်းတနော် အမျိုးသားကျောင်း၏ ကျောင်းအုပ်ကြီး အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည့် အခါ.. အသက် ၂၂ နှစ်သာ ရှိသေးသည်။
- ၁၉၃၄ နိုဝင်ဘာလတွင် ပန်းတနော် မြို့မှပင် .. ဒေါ်သိန်းတင်နှင့် လက်ထပ် ထိမ်းမြား ခဲ့သည်။
- ၁၉၄၂ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်ထွန်းအုပ်တို့က ရန်ကုန်သို့ ခေါ်ယူကာ.. မြန်မာ့ ပညာရေး စီမံကိန်း သစ် ကို ရေးဆွဲ ရန် တာဝန်ပေးအပ်ခဲ့ သဖြင့် ထိုနှစ် ဇူလိုင်လကုန်တွင်..အပြီးသတ်ရေးဆွဲ ပေးခဲ့ သည်။
- ၁၉၄၇ ခုနှစ်တွင်..ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ သော..အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီး.. အသစ် ပြန်လည် ဖွဲ့စည်းသော အစိုးရအဖွဲ့ သစ်တွင် ဖဆပလ အဖွဲ့ ချုပ် ပြန်ကြားရေး အရာရှိအဖြစ် ၀န်ကြီးချု့ ဦးနုက ခေါ်ယူ ကာ တာဝန်ပေးအပ်ခဲ့ သည်။
- ၁၉၄၈ ခု ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေး ရပြီး ၅ လ အကြာတွင် ပြန်ကြားရေး ဌာန ညွှန်ကြားရေးဝန်၊ ထိုမှ တစ်ဆင့် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ အတွင်းဝန် နှင့် အသံလွှင့်ဌာန ညွှန်ကြားရေးဝန်အဖြစ် ပူးတွဲတာဝန် ထမ်းဆောင်ခဲ့သည်။
- ၁၉၄၉ တွင် ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန် အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပြီး.. ၁၉၅၀ ခုနှစ်ထိ.. မြန်မာ့အသံမှ.. နေ၍ တရားဦးပဒေ စိုးမိုးရေး.. ဒီမိုကရေစီဝါဒ၏ နက်နဲသော သဘောတရားများ ပေါ်လွင်ရေး. ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စများအတွက်.. အချိန်မှန် အသံလွှင့်ပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။
- ၁၉၅၁ ခုနှစ်တွင်.. မြန်မာနိုင်ငံ သမိုင်း ကော်မရှင်နှင့်.. မြန်မာနိုင်ငံ ဘာသာပြန် စာပေ အသင်း တို့တွင် ပါဝင်ဆောင်ရွက် ပေးခဲ့ရသည်။
- ၁၉၅၂ ခုနှစ်တွင်..မြန်မာနိုင်ငံ ရုပ်ရှင်အကဲဖြတ်အဖွဲ့ ဥက္ကဌအဖြစ် ရွေးချယ် ခန့်အပ်ခြင်းခံရသည်။
- ၁၉၅၂ မြန်မာနိုင်ငံအစိုးရ၏ ၈ နှစ်တာ ပြည်တော်သာ စီမံကိန်း ကို ကိုယ်တိုင် ပါဝင်ရေးဆွဲ ခဲ့သည်။
- ၁၉၅၂ ခုတွင် ပင်ကုလသမဂ္ဂ အထွေထွေညီလာခံကြီးသို့ မြန်မာ ကိုယ်စားလှယ် အဖွဲ့အား ဦးဆောင်ပြီး တက်ရောက်ခဲ့ ရသည်။ (ထိုအချိန်ကျမှ ..အနောက်တိုင်း ၀တ်စုံ ကို စတင် ၀တ်ဆင် သည် ဟု မှတ်သား ရပါသည်။)
- ၁၉၅၃ တွင် ၀န်ကြီးချုပ်ရုံး၏ စီမံကိန်းအတွင်းဝန် အဖြစ်တာဝန်ပေးခြင်း ခံရသည်။
- ၁၉၅၄ တွင် ၀န်ကြီးချုပ်၏ အတွင်းဝန်ရာထူးတွင် ခန့်အပ်ခံရပြီး..
- ၁၉၅၅ တွင် မြန်မာနိုင်ငံအစိုးရအဖွဲ့၏ စီးပွားရေးနှင့် လူမှုရေးဘုတ်အဖွဲ့.. အတွင်းဝန် ရာထူးကိုပါ ပူးတွဲ တာဝန် ထမ်းဆောင်ခဲ့ ရသည်။
- ၁၉၅၇ တွင် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း သံအမတ်ကြီး အဖြစ် ၀န်ကြီးချုပ် ဦးနု က ခန့်အပ် တာဝန်ပေးခဲ့သည်။
- ၁၉၆၁ နိုဝင်ဘာလဆန်းတွင်.. ဦးသန့်အား. ကွယ်လွန်သူ လက်ရှိ အတွင်းရေးမှူးချုပ် မစ္စတာ ဒက်ဟမ်းမာရှိုး ၏ နေရာတွင် ယာယီ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ခန့်အပ်ထားရန် လုံခြုံရေး ကောင်စီမှ ရွေးချယ် တင်သွင်းပြီး အထွေထွေ ညီလာခံကြီးမှ..ချွင်းချက်မရှိ ထောက်ခံခဲ့သဖြင့်.. ယာယီကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့သည်။
- ထို့နောက် ၁၉၆၃ ခု ဧပြီလတွင် ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ် (အမြဲတမ်း) ဖြစ်လာခဲ့သည်။
- ၁၉၆၇ ဒီဇင်ဘာလတွင်.. မိမိဆန္ဒမပါတော့ သော်လည်း.. လုံခြုံရေး ကောင်စီ၏ တောင်းဆိုချက်၊ အထွေထွေညီလာခံကြီး၏ ကန့်ကွက်မဲ မပါသော ထောက်ခံချက်များ ဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဒုတိယ သက်တမ်း ကို လက်ခံ ဆောင်ရွက်ခဲ့ရသည်။
- ၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ရာထူးမှ တရားဝင် အငြိမ်းစား ယူခဲ့ပြီး..
- ၁၉၇၄ ခု နိုဝင်ဘာလ ၂၅ ရက် အသက် ၆၅ နှစ် အရွယ်တွင် ပါးစောင်တွင်ဖြစ်သော.. ကင်ဆာရောဂါ ဝေဒနာဖြင့် ကွယ်လွန် အနိစ္စ ရောက်ခဲ့ ပါသည်။
- ကွယ်လွန်ချိန်တွင်..ဇနီး ဒေါ်သိန်းတင်၊ သမီးအရင်း ဒေါ်အေးအေးသန့် နှင့် မွေးစားသား ဦးစောလွင် တို့ ကျန်ရစ်ပါသည်။
.................................................................................................
ကမ္ဘာ့ကုလသမဂ္ဂတွင် အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် တာဝန် ထမ်းဆောင် နေစဉ် အတွင်း.. ဦးသန့်၏ ကမ္ဘာ့ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များမှာ.. အံ့မခန်း ဖြစ်ခဲ့ပါသည်...။ တတိယ ကမ္ဘာစစ်ကြီးကို ဦးတည် ခဲ့သော.. ကျူးဘား နိုင်ငံ ရောက် ဆိုဗီယက် ဒုံးပျံတင် သဘောင်္ များ ကြောင့် ဖြစ်ခဲ့ သည့် ကျူးဘား-အမေရိကန် ပဋ္ဋိပက္ခ၊ အင်ဒိုနီးရှား နှင့် အနောက် အီရီယန် ပြသနာ၊ ဆိုက်ပရပ်စ် ပြသနာ၊ အရှေ့အလယ်ပိုင်း အရေးအခင်း၊ အိန္ဒိယ - ပါကစ္စတန် စစ်ပွဲ ၊ မြောက်ဗီယက်နမ် သို့ အမေရိကန် ဗုံးကြဲမှု ရပ်စဲရေး အပါ အ၀င်၊ ကမ္ဘာ့ လောင်စာ ပြသနာ ကြီးငယ်တို့ အား.. စွမ်းစွမ်း တမံ ကြိုးစား ဖြေရှင်း ပေးခဲ့ပါသဖြင့်... ကမ္ဘာက ၀ိုင်းဝန်း လေးစားခြင်းခံ ခဲ့ရသော ပုဂ္ဂိုလ်ကြီး .. တစ်ဦး ဖြစ်ပါသည်။
............................................................................................................................
ဦးသန့် ..မည်သည့် အတွက် အောင်မြင် ကျော်ကြားခဲ့ ရ သနည်း။
။ ချစ်ခင်နှစ်လိုဖွယ်ရာ...ကိုယ်အမူအယာ ရှိခြင်း၊
၂။ ချစ်ခင်နှစ်လိုဖွယ်ရာ...နှုတ်အမူအယာ ရှိခြင်း၊
၃။ ချစ်ခင်နှစ်လိုဖွယ်ရာ...စိတ်အမူအယာ ရှိခြင်း၊
၎။ ချစ်ခင်နှစ်လိုဖွယ်ရာ...မျှတသော ဝေဖန်မှုရှိခြင်း၊
၅။ ချစ်ခင်နှစ်လိုဖွယ်ရာ...ကိုယ်ကျင့်တရား ရှိခြင်း၊
၆။ ချစ်ခင်နှစ်လိုဖွယ်ရာ...လိုက်လျောတတ်ခြင်း၊
၇။ ဗုဒ္ဓတရားတော်၏ အနှစ်သာရဖြစ်သော မေတ္တာတရားအား လက်ကိုင်ထား ခြင်း၊
၈။ ငယ်စဉ်ကပင် အပတ်တကုပ် အစဉ်မပြတ် ကြိုးပမ်း အားထုတ်ခြင်းကြောင့်.. အင်္ဂလိပ်စာတွင် သူမတူအောင် ထူးချွန်ခြင်း၊
၉။ မည်သူ တစ်ဦး တစ်ယောက်နှင့်မှ ရန်လို မုန်းထား မရှိခဲ့ ခြင်း၊
၁၀။ သန့်ရှင်း သေသပ်သော ၀တ်စားဆင်ယင် မှု ရှိခြင်း၊
၁၁။ အမှန်တရား ကို မြတ်နိုးပြီး.. အမှန်တရားအတိုင်း ချင့်ချိန် လိုက်ပါ ဆောင်ရွက်ခြင်း၊
၁၂။ ကျောင်းဆရာ၊ သတင်းစာဆရာ ဖြစ်ခဲ့သူ ပီပီ အထွေထွေဗဟုသုတနှင့်ပြည့်ဝခြင်း၊
(ကျမ လက်လှမ်းမမီ သော ၀ိသေသ များ ..များစွာ ကျန်နိုင်ပါသေးသည်..။)
စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာ ဆရာ၊ အစိုးရ၀န်ထမ်း ဘ၀ အထွေထွေ စသည့် ဘ၀ မျိုးစုံ ကို ကျင်လည် ကျက်စား ခဲ့ သည့် ကမ္ဘာ့ ငြိမ်းချမ်းရေးဗိသုကာ ကြီး ဦးသန့်အတွက် ..ကျမတို့ အစဉ်ထာဝရ ဂုဏ်ယူနေရမှာ မလွဲပါ ဘူး ရှင်............၊။
ဦသန့်ရရှိခဲ့ သော ဂုဏ်ထူးဆောင်ဘွဲ့ များအား.. အောက်ပါ Link တွင်သွားရောက်ဖတ်ရှူ နိုင်ပါ သည်။
http://www.un.org/sg/thant.shtml
အခြားသော.. ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်များ အကြောင်းကိုတော့ အောက်ပါ link တွင် သွား ဖတ်ပါ။
http://www.un.org/sg/formersgs.shtml
ဦးသန့်နှင့် နော်ဝေဘုရင် ပဉ္စမမြောက် အိုလပ်ဖ် (၁၉၆၂ ဇူလိုင် ၁၀ ရက်)
ဂျမေကာ နိုင်ငံ ကင်စတန်မြို့တော်၌ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေသော ဦးသန့်
ကြီး ၃ ကြီး နှင့် ဦးသန့် (၀ဲမှယာ ..အမေရီကန် နိုင်ငံခြားရေးဝန်ကြီး ဒင်းထရစ်၊ ဆိုဗီယက် နိုငငံခြားရေးဝန်ကြီး ဂရိုမီကို၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး လော့ဒ်ဟုမ်း)
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ ကျောင်းသား သမဂ္ဂတွင် မိန့်ခွန်းပြောနေသော ဦးသန့်
(၁၉၆၂ မေလ ၈ ရက်)
အိုင်ယာလန်သမ္မတ အာမွန်ဒီဗလီယာ (၀ဲ) နှင့် ဦးသန့် (၁၄-၇-၁၉၆၁)၊ ဒဗလင်မြို့တော်
ဦးသန့်၊ ဂျက်ကလင်းကနေဒီ၊ ကုလဆိုင်ရာအမေရိကန်သ့အမတ်ကြီးအက်ဒလေစတီဗင်ဆင်
(၇-၂-၁၉၆၃) ကုလသမဂ္ဂဌာနချုပ်
သြစတီးရီးယား သမ္မတ အဒေါ့ဖ် စကပ်ဖ် နှင့် ဦးသန့် (၃-၉-၁၉၆၂) ဗီယင်နာ
ကုလဌာနချုပ်တွင်ကျင်းပပြုလုပ်သော အစည်းအဝေး တစ်ခု
(ဤဆောင်းပါးတွင် ဖေါ်ပြထားသော အကြောင်း အရာ အများစု နှင့် ဓါတ်ပုံများအား... ၁၉၆၇ ခုနှစ် တွင် မြ စာပေ တိုက်မှ ထုတ်ဝေခဲ့သော စာရေး ဆရာ တက္ကသိုလ် စိန်တင် ရေးသား ပြုစုခဲ့ သည့် ကမ္ဘာ့ ငြိမ်းချမ်းရေး ဗိသုကာ.. ဦးသန့် စာ အုပ်မှ.. ကောက်နှုတ် ဖေါ်ပြ ထားပါ သည်။)
မမသီရိ
Wednesday, January 21, 2009
တိတ်တိတ်လေးပဲ.လွမ်းနေမယ်..
..တစ်ခါခိုးကြည့်....တစ်ခါမိပေါ့....
သူသိသွားလား.....
နှလုံးသား ထဲ က...စကားတွေ.......
မျက်ဝန်းပြူတင်း...
လှမ်းကြည့်ရင်းတွေး..
ချစ်ပန်းလေးတွေ....ရင်တွင်းမြေမှာ..
ဝေဆာဖူးပွင့်...လန်းတင့်နေတာ...
သူသိမှာလား ကွယ်....
တိတ်တခိုး ချစ်..
ကိုယ့်အဖြစ်တွေ...ရိပ်မိနေလား....
ဖြတ်သွားဖြတ်လာ..
ရံတစ်ခါတွေ့.....အကြည့်ရှေ့မှာ..
ရင်တုန်မောဟိုက်..ဆူဝေလှိုက်နေ....
မဆုံတာကြာ..
ရင်တွင်း ဟာ လှပ်..မနေတတ်တော့...
တစ်ကျော့မျက်နှာ...မြင်သာအောင်တွေး...
အသံလေးကြား...
သူ့အနား မဟုတ်တောင်...
အရိပ် အယောင်လေး ဖြစ်ဖြစ်..
တွေ့မှ...ဖြစ်မယ်...
ချစ်တယ်နော်....လို့..
ရင်ဖွင့် အန်ပြ...ပြောဖို့ ကျလဲ...
မိန်းခလေး...တဲ့.....
ထိမ်းသိမ်း ရမဲ့...ကမ္ဘာ ဦး စည်းကမ်း...
ဖေါက်ဖျက် ဖို့ သတ္တိတွေ မစွမ်းတော့..
...တိတ်တိတ်လေး ကြည့်...
...တိတ်တိတ်လေး ချစ်...
...တိတ်တိတ် လေး...လွမ်းနေတော့ မယ်....
တိတ်တိတ်လေးပဲ....လွမ်းနေတော့ မယ်.....ကွယ်.......။
မမသီရိ
Monday, January 19, 2009
ခေါ်သွားချင်တဲ့ နေရာတွေ..
ဆိပ်ကမ်းကို ကားရပ်တော့..မနက် ၆ နာရီထိုးခါနီးနေပြီ....အစတုန်းက အစီအစဉ် အတိုင်း ဆို..၅း၃၀ မှာ ဆိပ်ကမ်း က ခွာ ကြဘို့ ဖြစ်ပေမဲ့... ထုံးစံ အတိုင်း...လူစုရင်း..လူစောင့်ရင်း...အချိန်တွေ ကကြာ..ခဲ့ ပါသည်။ ဒီခရီး ကို သွားကြရအောင်လို့ စပြော လာသူ က သူတို့ ရဲ့ ဆရာ ဖြစ်ပါသည်။ ... ဆရာက သူ ဒီဒေသ ရောက်တာပဲ.. ၅ နှစ် ရှိခဲ့ ပြီ...ဒီဒေသ ရဲ့.. အထင်ကရ ရှေး ဟောင်း မြို့တော်ကို.. မရောက်ဖူး သေးတာမို့..သွားချင်ပါ တယ်..၀န်ထမ်းတွေ အားလုံး သွား ကြ ရအောင် စီစဉ် ပါ ဆို တာနဲ့... အလုပ်တွေ ရှုပ်ကြတဲ့ ကြား ထဲ ကပဲ..မဖြစ်..ဖြစ် အောင် စီစဉ် ခဲ့ ကြရတာပါ...။ ရုံး ပိတ်ရက် .. ၃ ရက် လောက် ဆက် တိုက်ရတာလဲ ပါ ပါ သည်။ တကယ် သွားဖို့ ဖြစ်လာတော့... ၀န်ထမ်းတွေ အားလုံးမပါ နိုင် တော့....။ ....ရုံးဝန်ထမ်း ၁၅ ယောက်၊ တစ်ချို့ ၀န်ထမ်း မိသားစု ၀င် အချို့နဲ့... အခြားရုံးက မိတ် ဆွေ တွေ တစ်ချို့ ပါ ပေါင်း လိုက် တော့ အင်အား.. ၂၀ ကျော် ၃၀ နား ကပ် သွား ခဲ့ သဖြင့် အုပ်စု အင်အား တောင့် ပါသည်။... လူတွေ အားလုးံ စုံ လို့ အဆင်သင့် ဖြစ်ပါ ပြီ ဆိုတော့... မနက် ၇ နာရီ ထိုး ပြီ...။
စုစုပေါင်း.. ဘုတ်မောင်း ချိန် ၁၀ နာရီ ကျော်ကျော် လောက် မှန်းထားတာမို့... ဘုတ်ပေါ် မှာ..မပျင်း ကြရ အောင်...အစား အသောက် မျိုး စုံ..(အရက် မပါ ပါ..) အင်တာတိန်း မင့်တွေ..အမျိုး မျိုး စီစဉ်လာခဲ့ ကြ သည်...။ တီဗွီ.. ဒီဗွီဒီ အောက်စက်..... ကာရာ အို ကေ...ဆောင်းဘော့ခ်စ်....ဖဲဝိုင်း...နောက် ဘာ ကစား ၀ိုင်း လေး လဲ မသိတဲ့ အဖွဲ့ လေးတွေ.. ကိုယ့် အဖွဲ့ နဲ့ ကိုယ်..... ဟုတ်နေကြတော့ သည်...။..
ဆရာ...သူမ နဲ့... ကပ်ရက် ရုံး က..ဂျပန်မလေး ကတော့...ထုံးစံ အတိုင်း...တွေ့သမျှ... မြင် သမျှ... ဓါတ်ပုံ ဖမ်း ရိုက် ကြ တာပေါ့...။ သူ မတို့ ၃ ယောက်လုံးက..ရုံးမှာ.. နာမည် ကြီး ပြီးသားတွေ လေ..။........(စိတ်ပုပ်တဲ့..း)....) ဒရိုင်ဘာ တစ်ချို့ ဆို... သူမတို့ နဲ့ Field မဆင်း ချင်ပါဘူး ရယ် လို့..နောက်မှာ အတင်းတုပ် ကြတာ.....။ ဟိုအနား လေး... ကား ရပ်ပါအုံး.... ဒီ အနား လေး ...ခဏ ရပ် ပါ အုံး နဲ့ ....ဓါတ်ပုံ တွေ စွတ်ရိုက်နေတော့....ခရီး မှ မတွင် တာကိုး.....း).....ခု ဘုတ်နဲ့ ဆိုတော့..ဘယ်သူ့မှ မျက်နှာပူစရာမလို တော့......။
........................................................................................
..............................................................................................................................
အမှန်တော့...ဒီမြေ က....လွန်ခဲ့ တဲ့... ဆယ်စုနှစ် ၂ ခုနီးပါး စာ ကာလ တစ်ခု ဆီ တုန်းက....အချိန် ကာ လ အတော်ကြာ...သူ မ ကျင်လည် ဖူး ခဲ့တဲ့... နေရာ လေး တစ်ခု ပါ......။ ဘ၀ မှာ ကိုယ့်ခြေထောက် ပေါ်..ကိုယ် ပထမ ဦးဆုံး ရပ်ခဲ့ တဲ့ နေရာ..... ဘ၀ က ဂျွမ်းထိုး မှောက် ခုံ ဖြစ်ခဲ့ ပြီး.....ခု ချိန် ထိ လဲ...အဲဒီ ဒဏ်ရာတွေ အကျိုး ဆက်တွေ..နဲ့.....ထွေးလုံးရစ် ပတ်ဆဲ....ဖြစ်စေခဲ့ တဲ့...နေရာ လေး ပါ...ဒီ ၁၅ နှစ် ကျော် ကာလ တစ်ခု မှာ ဘာတွေ များ ပြောင်း လဲ နေမလဲ ရယ် လို့...ရှည် လျား လှ တဲ့... ခရီး စဉ် တစ်လျှောက် မှာ... အချိန်ရ တိုင်း....စဉ်းစား နေခဲ့ မိပါ သည်.....။
သူမ နေခဲ့ တဲ့ ...ကာ လတစ်လျှောက် မှာ.. လဲ..ဒီဒေသ ရဲ့...ကာလ တိုင်းကို.. နှစ်သက်ခဲ့ တာပါ.....အထူး သဖြင့် ဆောင်းရာသီ ကာ လတွေ ကို..သူမ သဘော အကျဆုံး.....နှင်းငွေ့ တွေ... မြူ ငွေ့တွေ.. နဲ့ အမြဲ အုံ့ မှိုင်း ပြီး.. လွမ်း စရာကောင်းလှတဲ့..ဒီမြေ..ကို.......(ဒဏ်ရာတွေ ရစေခဲ့ တဲ့ တစ်ချက် ကလွဲ လို့)....သူမ မြတ်နိုးပါ သည်.....။
.......................................................................................................................
လမ်း တစ်လျှောက် မှာ... ထူးခြားတာက... ဆောင်းခို ငှက်တွေ... တစ်ကောင်တစ်လေမှ ကို... မတွေ့ ရတာပါ ပဲ.... ဟို အရင် တုန်း က ဆို....ဒီက ဆောင်း ကာ လမှာ... ဆိုက်ဘေးရီးယန်း ငန်းတွေ ရယ် လို့ နာမည် ကျော် တဲ့.... မိုင်ပေါင်းသောင်းချီ ခရီး ကနေ.. ဆောင်းခို ဘို့ ရာရောက်လာတဲ့..ငှက်တွေ က... မြစ်ကြော တစ်လျောက် ဘယ်နေရာ ကြည့်ကြည့်... အပြည့် ပါ......။ ခုတော့.. ဒေသ ခံ ငှက်ကလေးတွေ... စင်ရော်လေး တွေ ကလွဲ လို့.... မမြင် မိခဲ့.....။
..............................................................................................................................
....သူမတို့ ရဲ့... ဘုတ်ကလေး.... မြို့ ကို ၀င် တော့...ညနေ ဆည်းဆာ ရဲ့ အလှဆုံး အချိန် ဖြစ်နေခဲ့ ပြီ..... လမ်းဘေး ၀ဲယာ တစ်လျှောက် မှာ တွေ့ ရတဲ့.. ရွာကလေး တွေ... ရှု ခင်းတွေ....ပြီးတော့..တစ်မြို့လုံး လိုလို ရဲ့ မြင်ကွင်းတွေက.....ကုန်လွန်ခဲ့ သော..ကာလတွေ နဲ့... ဘာမှ ထူး မခြား နား..... မြစ်ကမ်းနားက တဲ ကုပ်ကုပ် စုတ်စုတ်လေးတွေ.... ဖြတ်သွား တဲ့... ဘုတ်တွေ..ကို.. လက် ဝှေ့ ရမ်း ပြနေတဲ့.... ကလေးလေး တွေ...က..ဟို အရင်ကအတိုင်း... ထူးခြားမှု တစ်ခုကတော့.... မြို့တွင်း နဲ့ အနီးအနား တစ်ဝိုက် မှာ.. အဆင့်မြင့် ဟိုတယ်တွေ..တည်းခို ခန်းတွေ..ရှိလာတာ ဖြစ်ပြီးတော့ ....ကမ္ဘာလှည့် ခရီးသည်နိုင်ငံ ခြားသားတွေ က..စက်ဘီးလေးတွေ နဲ့.... ဖုန်ထူထူ လမ်းလေးတွေ ပေါ်မှာ..။ ......၁၉၈၈ မတိုင်ခင် တုန်း က...မြန်မာ့ အရေး လေ့လာသူ တစ်ဦးဖြစ်တဲ့...ဒေါက်တာ ရောဘတ်တိုင်လာ... (ကျမ သိပ်မသေချာတော့ပါ...အမှန်သိသူများကျေးဇူးပြီး..ပြင် ပေး ကြပါ...)... က ...တစ်ကယ်တော့ မြန်မာပြည် ဟာ...တိုးတက်နေတဲ့ ကမ္ဘာကြီး ကို...သစ်ပင်ရိပ်လေး တစ်နေရာကနေ.. ကောင်းကင်မှာ ပျံသန်းသွားတဲ့ လေယာဉ်တစ်စီး ကို..ငြိမ်ငြိမ် လေး..ထိုင်ကြည့် နေတဲ့... ကလေးလေး တစ်ယောက် လိုပါ ပဲ......တိုးတက်ရကောင်း မှန်းမသိတဲ့... ချစ်စရာ ဓလေ့ထုံးတမ်း စဉ်လာတွေ နဲ့.. နစ်မျောနေတဲ့ နိုင်ငံ တစ်ခု ရယ် လို့...ဝေဖန်ခဲ့ ဖူး တာ ..သွား အမှတ်ရမိပါတယ်.....။ ခုချိန် ထိ ပဲ ပေါ့...။
.................................................................................
.........................................................................................................
ဒီခရီးစဉ်လေးက တော့... ကျမ ရောက်ဖူးချင်တယ် ...ဆိုလို့...။..ဓါတ်ပုံဝါသနာပါသူ..ကျမရဲ့..မိတ်ဆွေဟောင်းလေး... တစ်ယောက် က..သူ့ဆီ ရှိနေတဲ့ ပုံလေးတွေ ပို့ပေး လိုက် တာနဲ့...သူရေးလာတဲ့..မေးလ် ကို ဖတ်... အဲဒီ .. ဓါတ်ပုံတွေ ကို ကြည့် ပြီး...စိတ်ကူးနဲ့... ရူး မိလိုက်တာပါ.........................။
....................................................................................................................
.............တစ်နေ့နေ့... .........
အဲ ဒီ... တစ်နေ့နေ့... ဆိုတာ...ရှိခဲ့ ရင်.....
ကျမ ချစ်တဲ့ သူတွေ နဲ့..... အတူတကွ...သွား ချင် တဲ့ နေရာလေး တွေ...ပါ...
ကျမ ရဲ့ ချစ်သူတွေ ကို ကျမ...ခေါ်သွားချင် တဲ့ နေရာလေးတွေ ကို...ဝေမျှပေးလိုက်ပါ တယ်......။
မြစ်အတွင်း က ဆည်း ဆာ ချိန်.......
ပျင်းရိနေတဲ့...ဗျိုင်းလေးတွေ................။
တိတ်ဆိတ်နေတဲ့...လမ်းကလေး.......။
လွမ်းစရာ့.....မနက်ခင်း.........။
အတူခံစားချင် မိတဲ့...နေ၀င်ချိန်...............။
ရှုခင်း လှလှ.....။
...နာမည်ကြီး...ပုထိုးတော်.......။
မြူငွေ့ တွေ ကြားမှာ.........။
တိတ်ဆိတ်နေတဲ့...မနက်ခင်း ထဲ.....။
ရှေးဟောင်း...ဆင်းတုတွေ..........။
အထင်ကရ...ပုထိုးတော်ကြီး..........။
လူငယ် ဘာ ၀..............။
လွမ်းစေတီ........။
အတူလျှောက်ချင်တဲ့ လမ်း ကလေး..........။
.......ရှေး လက်ရာ.....။
အနှစ် ၂၀ ပေမဲ့..ဘာမှ မပြောင်းလဲ ပါ.....။
သူတို့..ဘယ်ကို သွား ကြ ပါလိမ့်.........။
မရိုး နိုင် တဲ့ မြင်ကွင်း..........။
ဒီ ကန်ကြီး ထဲ မှာ တော့...ဆောင်းခိုငှက်တွေ ရှိနေတယ်... တော် သေးတာပေါ့......။
ခုထိ အသုံး ၀င်ဆဲ..... ရေယာဉ်ငယ်......။
မြစ်တစ်ကြော က...ငှက်လေး တွေ.........။
မမသီရိ
Saturday, January 17, 2009
ချစ်သူ့ ရင်ခွင်
..နှင်းစိုစို..
အအေးပိုတဲ့ ..ဒီလ
စောင်ခြုံတောင်.
လုံအောင် မနွေး နိုင်သမို့.
ချစ်ရိပ်ခို ရင်ခွင်နန်းကို..
လွမ်း.. တသသ..။
မမသီရိ (၂၆.၁၁.၂၀၀၈)
Friday, January 16, 2009
ကျောင်းတော်သာ
အရှေ့တံခါး...သော့ခတ်ထား တယ်..
လယ်ကွင်းစပ် က ကျောင်း ကလေး...
နောက်ဖက် ဟင်းလင်း..ညှင်းညှင်း ပြိုကျ..
ထရံစတွေ..ဟိုထိုး ဒီ ထောင်..
အလင်းရောင်တော့ ..ကောင်းကောင်း ရတယ်..
ကြည့် ကြည့်ပြီးတော့ ပြုံး မိသေး......။
နှပ်ချေး တွဲလောင်း.. ညစ်ပတ်ကောင်းတဲ့.
လေးငါး ခြောက်နှစ်..ကိုးနှစ် အရွယ်..
လူ မမယ် တွေ...
ဝလုံး တန်း နဲ့ ..တစ် တန်း လောက် မှာ ..ပြွတ် သိပ်နေ......။
နှစ်တန်း.. သုံး တန်း.. လေးတန်း ..မှာဆို..
ကျောင်းသား ဦး ရေ... တစ္ဆေ ခြောက် လောက်..
ဆရာတွေ တော့ ..သက်သာရော........။
ဘာ့ကြောင့် ခုလို...
စမ်းလို့ မရ...ဖြစ်ကြတာလဲ....
စုံစမ်း ..စပ်စု ကြည့် မိတော့...
၁၃ -- ၄ --နှစ် ..အရွယ်သစ်မှာ..
အိမ်ထောင် ကျသွား လို့ ပါ....တဲ့..................။
ဒေသ ဖွံ့ဖြိုး ...တိုးတက်မှုတွေ....
နှစ်ကမ္ဘာ လောက်...နောက် ကျနေတဲ့..
တိုင်းရင်းသားတွေ....အမြင် ရှည် ဖို့..
ကြိုးပမ်း စို့ လို့...
ဟစ်ကြွေး ဆုံးဖြတ်..အဝေး ရပ်က လာခဲ့ တဲ့ သူ..
ကူ ညီ လူ... မရှိ..... ငုံး တိတိ....
အလေး အနက် မထား တာ....
သဘာ ၀ ဖြစ် သွား ပြီ ထင် ရဲ့....
အပြစ်တွေ ...ရမယ် ဖွဲ့......
ဘယ်သူ့ ဖက် ...လှည့် ရပါ့......
ရင် နာနာ နဲ့.....
ပြန် တာပဲ... ကောင်းလေ.. မလား ရယ်လို့.........။
မမသီရိ....(၁၂.၁၂. ၁၉၈၉)
.............................................................................................
လွန်ခဲ့တဲ့..နှစ်ပေါင်း ၂၀.နီးပါး..... အရွယ်က ၂၀ စွန်းစ... ကောင်မလေး တစ်ယောက် ....ရှိခဲ့ ဖူးတယ်.... သူ့မှာ..စိတ်ကူးတောင်ပံတွေ က..မိုးလောက်ထိ မြင့်..... လွတ်လပ်ခွင့်..ဆိုတာ မြတ်နိုး.....တိုးတက်ရေး ဆိုတဲ့ စကားတွေ..လှိုင် လှိုင်ပြောလို့.....မွေး ရပ်နဲ့.. မိုင်ပေါင်း များစွာ... ဝေးကွာတဲ့ ..အင်မတန်မှ..ဂျောင် ကျ ခေါင် သီလွန်း တဲ့.. အရပ်ဒေသ တစ်ခု ဆီ မှာ ရှိနေခဲ့ ဖူး ပါတယ်...... အဲဒီ အရပ်ဒေသ ကို ရောက် ဖို့.. လေယာဉ် ခရီး.. က တစ်သွယ်... သင်္ဘော..စီးလို့ တစ်မျိုး.... ကားလေး နဲ့ တစ်ဖုံ... ဒေသ အခေါ်.. သဗ္မာန်လို့ ခေါ်တဲ့.. လှေ အိပဲ့ပဲ့ ကို.. စီးလို့..တစ်ခရီး......တစ်ဆင့်ပြီး တစ်ဆင့်သွား ခဲ့ ရတာပါ......
ကိုယ့် ကို ကိုယ် သတ္တိကောင်းလွန်းသူ ရယ် လို့ တော့ အမွှမ်း မတင်ချင်ပေမဲ့... တော်ရုံ ..မိန်းကလေး တစ်ယောက်...အတွက် တော့... သိပ်မလွယ် တဲ့ ခရီး ပါ ပဲ........
ကျမ ဘ၀ရဲ့... အစပထမ...ဘ၀ ခရီး ဆို လဲ မှား မယ် မထင်ပါဘူး.....အဲဒီက အစ ပြုလို့...ဘ၀ ပင်လယ်ထဲ မျောခဲ့ တော့ တာ.....
..........................................................................
မြို့ နယ်ပညာရေးမှူး ရုံးမှာ..ခန့်စာ ၀င်ယူပြီးတော့... တာဝန်ကျတဲ့ ..ရွာကလေး ကို ရောက်ဖို့ အတွက်..... သဘောင်္ ခရီး တစ်ခု ထပ်စီး ပြီး ...နောက် တစ်မြို့ ဆီမှာ... တစ်ည...တစ်ထောက်နား ရပါသေး တယ်... ..အဲဒီကမှ တစ်ဆင့်... လှုပ်လီ လှုပ်လဲ့ ..မြုပ် ချင်သယောင် နစ်နေတဲ့...သဗ္ဗာန်လေး...လေး စီးပြီး... မြစ်ပြင် ကျယ် တစ်ခု ကို..ပြန် ဖြတ်ရတာ ပါ.... ရေကူး မတတ်သူ ကျမ အတွက်တော့....ဘာဖြစ်နေခဲ့ မလဲ.ဆိုတာ. ခု ပြန်စဉ်းစား ရင် တောင် ..... ရင် က ထိတ်နေသေး တာ ပါ....မြစ် ကလဲ... မြစ် အ၀ မှာ ဆိုတော့.. လှိုင်းတွေ က အမြဲ လိုလို.. ရှိနေခဲ့ တယ်......ရွက်လဲ ကူ တက်လဲ ကူ ..တဲ့.. သဗ္ဗာန်လေး ကို.. ၁ နာရီ နီးပါးလောက် စီးပြီးတဲ့..အဆုံးမှာ တော့... ရေကျချိန် မို့... ကိုက် ၁၀၀ လောက် ရှိတဲ့ နုံး လတာပြင်ကို..ကြည့်ပြီး..မျက်ရည်ကျခဲ့ ရတဲ့..ကာလ တစ်ခု..... ဆရာမအသစ် ပေါက်စလေး..ကို.. ၀ိုင်းသနားနေကြတဲ့..သူ့စကား ကိုယ် နားမလည်.. ကိုယ့်စကား သူတို့ နားမလည်..ကြတဲ့.. ရွာသူ ရွာသား ခရီးသွားဖော် တစ်ချို့..ရဲ့ ကြင် နာတဲ့ မျက်ဝန်းတွေ အောက်မှာ... တစ်ဖက်တစ်ယောက် ၀ိုင်းဝန်း တွဲကူ ရင်းနဲ့... ဆိပ်ကမ်း တာရိုးကို တစ်ထောက် ရောက်ခဲ့........မဆုံးသေးဘူး ..နော် ခရီး..က................. ဆည်ပိတ်ထားတဲ့ ..ချောင်ရိုးလေး တစ်လျှောက်...နောက် ထပ် ၁ နာရီကျော် လောက်..ကနူးလှေကလေး ကို.. ထပ်စီးရသေး တာကိုး.....ရွာ..ရောက်တော့ မိုး စုပ်စုပ် ချုပ် ခဲ့ပြီ.......ရာသီက..ဆောင်း အလယ် ..... တစ်ညလုံး ..အငြိုးနဲ့ တိုက် နေတဲ့... မြောက်လေ ကြမ်း ကြောင့် အေးစိမ့် တဲ့ ဒဏ် ကိုလဲ.. ခု ထိ မမေ့နိုင် သေး............
နောက်နေ့မနက်ကျတော့.. အသစ်ရောက်လာတဲ့ ဆရာမလေး ကို....လာကြည့်ကြတဲ့ တပည့် တွေ...အိမ်ရှေ့မှာ ..အုပ်စု လိုက် ရှိနေခဲ့ တယ်...... အမြဲ လိုလို ကျောင်းတက်မမှန်တဲ့...တခြား ရွာတစ်ရွာမှာ..မိသားစု နဲ့ နေတဲ့..ကျောင်း အုပ်ဆရာကြီး လဲ ပဲ....အဲဒီ နေ့ မှာတော့.. နေသိပ်မမြင့် ခင် ရောက်လာပါ တယ်......
............................
ကလေးတွေ တစ်အုပ်ကြီး ခြံ ရံလို့..ရွာပြင် ကွင်းစပ် က ကျောင်းလေးနား ကို ရောက်တော့....အင်း... သိပ် မဆိုး ဘူး... ကျောင်းလေးက.. သွပ်မိုး..နဲ့... အရှေ့ဖက်က... သော့ခလောက်လေး ခပ်လို့........ဆရာကြီး သော့ ဖွင့်ပေးတဲ့ တံခါးမကြီး..က............ကျောင်းတွင်းထဲ ၀င် လိုက် တဲ့ အခါ မှာတော့..........
ကျမရဲ့ ကဗျာလေးကို မွေးဖွားစေခဲ့ တဲ့...ကျောင်းလေးရဲ့ ဘ၀ မှန် ကို မြင်လိုက်ရပါတော့ တယ်........
.......................................................................
ဓါတ်ပုံ ဆရာ တစ်ယောက် မျက်စိလည် လမ်းမှားပြီး ရောက်လာတဲ့ တစ်နေ့မှာ... ကျမရဲ့ ပထမ ဦး ဆုံး တပည့်တွေ နဲ့ အတူ...ကျမရေးထား တဲ့ ကဗျာလေး အတွက်..မှတ်တမ်းတင် ဓါတ်ပုံလေး ကို..ရိုက်ဖြစ်ခဲ့ ပါတယ်.... ကျောင်းရှေ့ဖက် က...မရိုက်ပဲ ...စုတ်ပြတ်နေတဲ့ ကျောင်းနောက်ဖက်မှာ..သွား ရိုက်တော့...တပည့်တွေက..မျက်နှာ မလှ ချင်ကြ...ဆရာမကလဲ...ဒီလောက် ဆိုးတဲ့ နေရာကိုမှရွေးရိုက် ရသလား တဲ့.......
........................
တိုင်းရင်းသား ပြည်သူ တစ်ရပ်..လုံး အောက်ခြေ အဆင့် က စပြီး တိုးတက်မှ..... တစ်နိုင်ငံ လုံး..တိုးတက်နိုင်မယ် လို့..ယုံ ကြည်ခဲ့ ပြီး...... ကိုယ် တတ်နိုင်တဲ့ ဖက် က...တစ်ထောင့် တစ်နေရာ က..တစ်ခုခု လုပ် ချင် ခဲ့ တဲ့.....လူငယ် ဘ၀..ကျမရဲ့.. ရည်ရွယ်ချက်တွေ ဟာ..အဲဒီ အချိန် တုန်းက ..lack of support, lack of effective assistance, lack of proper planning & proper management တွေ.. ရွှံ့ဗွက်တွေ.. အထီးကျန် ဆန်မှုတွေ.....နဲ့.... အိမ်သာ မရှိတဲ့...လူနေမှု ဘ၀ တစ်ခု အတွင်းမှာ.........ကဗျာတွေ... တစ်ပုဒ်ပြီး တစ်ပုဒ် မွေးဖွားရင်း.....ကာလအတန် ကြာ ခဲ့တယ်.....တစ်တပ်တစ်အား ဆိုတဲ့ အယူအဆ ကို.. ခုထိ ယုံကြည်ဆဲ ပေမဲ့....အဲဒီ တစ်တပ်တစ်အား.. အတွက် တွန်းအား နဲ့ ပံ့ပိးု မှုတွေ..ရှိပါမှ.... ဆိုတာ ကို.... အချိန်ကာလ အတော်ကြာမှ.... ပိုပြီး သဘောပေါက် ခဲ့ ရတာပါ..........
.................................
ဒီပို့စ်လေး ရေးဖို့ စိတ်ကူး ရမိတာက...တော့. Community Development & Social Management ကိုစိတ်ဝင်စား တယ် လို့ ခဏခဏ ပြောတတ်တဲ့..Information Technology ကြောင့် ..ရခဲ့တဲ့ ..ကျမရဲ့ သားတော်မောင် Wara .....ကျမရဲ့ ..Blog လေးကို ပထမဆုံး ကာလတွေမှာ လာလည်တဲ့...မဖွံ့ဖြိုးသေးတဲ့ ဒေသမှာ ကျောင်းဆရာ လေး လုပ်ချင်တယ် လို့.. သူ့ ရဲ့ profile လေးမှာ ရေးထားတဲ့.. မောင်ငယ် စိုးသွန်း (ဆိုးသွမ်း... လို့ မခေါ်ချင်လို့ ပါ မောင်လေး ရေ.... ပညတ်သွားရာ.. ဓါတ်သက် ပါသတဲ့..... သဘောတူရဲ့ လားတော့ မသိဘူး....း)........နဲ့... ဖွံ့ဖြိုးရေး ဆိုတာ ကို စိတ်ဝင် စား တဲ့ လူငယ် တွေ အတွက်..ပါ.......လွန်ခဲ့တဲ့ နှစ်ပါင်း ၂၀ မှ သည်...ခုလက်ရှိ ကာလ ထိ... ....ဒီအနေ အထား အတိုင်း ပဲ ရှိနေတဲ့..... မဖွံ့ ဖြိုးသေးတဲ့ ဒေသ တွေ.. မြန်မာနိုင်ငံ တနံတလျား ..အများ ကြီးရှိနေပါတယ်.......
Thursday, January 15, 2009
ပန်းကြိုက်တဲ့ ခင်
တစ်နှစ်မှာ ..တစ်ခါ..
ပင်မြင့်လွှာ အသာပွင့်..
လန်းတင့်တဲ့ ငွေ သဇင်..
...
ရနံ့ ငယ်လွင်..
မွှေးကြူစင် ထုံ ရီအေးရယ်နဲ့..
မှုံဝတ်ကာ..နံ့သာ နှစ်ကယ်..
လတ်ဆတ် ကြည်လင်..
....
လေလာတွင်..အသာနွဲ့ ပုံက..
မြင်ရသူ သည်းအူကြွ အောင်..
လှရက်သူ..ပင်ယံဦး ကိုလ..
ဆွတ်ချူငင်..ယူချင်စမ်း ပါတဲ့..
ပန်းကြိုက်သူ ခင်......။
မမသီရိ
Wednesday, January 14, 2009
ခြစ်ဖူးသူ နဲ့ သူမ၏ အိပ်တစ်မက်...
ကျွန်မတို့ မောင်နှမ က အတော် ထူးဆန်းတဲ့ အထဲ ပါတယ် လို့ ပြောရမယ် ထင်ပါတယ်... ပုံမှန် အားဖြင့် ဆိုရင်.. မောင် နှမ တွေ အချင်းချင်း.. ပွင့်ပွင့် လင်း လင်း ချီး မွမ်း တယ်... တစ်ယောက် ကို တစ်ယောက် အသိ အမှတ် ပြု တယ် ဆို တာ ခပ် ရှားရှား ရယ်... အသက် ကြီး လေ... ပို ဆိုး လေ ဆိုပါတော့...
ကျမ တွေ့ ဖူး သမျှ မှာ တော့.. မိုက်ကယ် ဂျက်ဆင်တို့ မောင် နှမတွေ.. တွေ့ ဖူးတယ်... သူ့ညီမ ဂျက်နက် ဂျက်ဆင် က.. အစ်ကို့ ကို.. တရားဝင် ချီးမွမ်း ခန်း ထုတ်တာလေ... သူ့ အစ်ကို .. ဂရမ်မီ ဆု ချီးမြှင့် ခံ ရတဲ့ အခမ်း အနား မှာ... အစ်ကို့ အကြောင်း စီကာ ပတ်ကုံး ချီးမွမ်း ခဲ့ တာ....
ခု ကျမ အစ်ကို က.. ကျမ ကို .. မရှိ တဲ့ ဂုဏ်ပုဒ် နဲ့.. ချီး မြှင့်နေခဲ့ တာ...သူ့ ညီမ ကို.. ပန်းချီ ဆရာမ တဲ့..
အမှန်က ကျမ ပုံဆွဲ ခဲတံ ..မကိုင် ဖြစ် ခဲ့ တာ.. နှစ်ပေါင်း ၁၀ ကျော် လို့ ၂၀ နား ကပ်တော့မှာ.....
အစ်ကို့ အတွက် ...ပေးခဲ့ တဲ့ ခရစ်စမတ် လက်ဆောင် က...ပထမဦးဆုံး... ပြန်ခြစ် ဖြစ်ခဲ့တဲ့ လက်ရာ...
ငယ်ငယ် က ၀ါသနာ ပါရုံ လေး ရှိခဲ့ တာ... သင်တန်းတွေ ဘာတွေ တက်ဖူး တာလဲ မဟုတ်...
အစ်ကို့လို.. အရောင် တွေ နိုင်နင်း တဲ့သူ လဲ မဟုတ်.... .. ခဲတံ တစ်ချောင်း နဲ့ မှတ်စု စာအုပ်တွေ ထဲ..ဟိုခြစ် ဒီ ခြစ်.......ခြစ် ခဲ့ ဖူးသူ တစ်ယောက် သာ....... အဲ... သူငယ်ချင်းတွေ ကြားထဲ တော့..လူ စွမ်းကောင်း...ဖြစ်ခဲ့ တယ်...... သူတို့ က ... လမင်း ပုံ ဆွဲ ကြရအောင် ဟေ့ ဆို ရင် တောင် ၀လုံး နဲ့ လမင်း တူ တာ မေ့ ပြီး ...မဆွဲ တတ်ပါ ဘူး ...အော်..နေကြသူတွေ .. ဆိုတော့.... ကျမ က ပန်းချီ ဆရာမ ပေါ့...း)......
ကျမ အစ်ကို နဲ့ ...ကျမ က ၀ါသနာ တူ ...စိတ်သဘောထား ချင်း လဲ ..အတော် တူ.. အကြိုက် တွေ လဲ အတော် တူ ခဲ့ ကြတာ... ... ပန်းချီ... ဂီတ... အနုပညာ... ခံစား ချက်... လွမ်းတတ်တာ...မှန်တယ် ထင် ရင် ဇွတ်တိုးတတ် တာ.. ခေါင်းမာတာ.... အဲ.....မတူတာတွေ လဲ ရှိ သပေါ့ နော်........ ကျမ က.... မကြာ ခဏ စိတ်ကောက် တတ်သူ... အစ်ကို.က. မကြာ ခဏ စိတ်တို တတ် သူ... ကျမ က.. မိန်းကလေး ဖြစ်ပေမဲ့.. ထမင်းချက် ရင်း ဘ၀ အဆုံး မခံ နိုင် ဘူး လို့ ယူ ဆပြီး... အဖေ နဲ့ အမေ ကို ၂ နှစ် လောက် ချက် ကျွေး ဖူးတာက လွဲပြီး.. တစ်သက်လုံး ထမင်း မချက် ရ အောင် ကြိုး စား ခဲ့ သူ..... အစ်ကို.. က တော့ ...အချက် အပြုတ် ၀ါသနာ ပါသူ.... ..... ကျမ က... ကျမရဲ့ စာကြည့် စားပွဲ တို့.. အလုပ် စားပွဲ တို့ မှာ...အမြဲ.. ရှုပ် ရှက် ခတ် နေ သလောက်... အစ်ကို.. ကျ တော့.....သန့် ရှင်း သပ်ရပ် စံနစ် တကျ ရှိတဲ့ သူ..
ပန်းချီ နဲ့ ကဗျာ တွေနဲ့ ပတ်သက် လာရင် .တော့.... ကျမ ကပဲ တစ်ချိန်လုံး....သူ့ ကို အား ကျနေခဲ့ ရတာ.....ပါ.. ..အစ်ကို ဆွဲ တဲ့... ပန်းချီကားတွေ က အရောင် တွေ ရဲ့ ဖွဲ့ စည်း ပုံ ကို.. ကျမ အရမ်း သဘောကျခဲ့တာ လေ.....ကိုယ် က အရောင် နဲ့ ပတ်သက် လို့... ကကြီး ခခွေး အဆင့်တောင် ရှိတာ မဟုတ်...... ခုတော့ အစ်ကို က..ကွန်ပျူ တာနဲ့ တောင်.. ဖန်တီး လို့ သူ့ ခံစား ချက်တွေ အသက် သွင်း နေခဲ့ ပြီ....
အဲဒီလောက် ညံ့ သူ..သူ့ ညီမ ကို..မှ... မြှောက် ပုံ များ...ပန်းချီ ဆရာမ တဲ့.....ငို ရ ခက် ရီ ရ ခက်...
ဒီ....အစ်ကို လုပ် ပုံ နဲ့ ကျမ ခဲ တံ ပြန် ကိုင် ရတော့ မဲ့ ပုံ....
........................................
...တစ် ကယ်တော့... ကျမ မှာ... အိပ်မက်တွေ.. က...များများ စား စား မရှိ ပါဘူး...
အဲဒီ အနည်း အကျဉ်း ထဲ က..... အပြင်း ပြဆုံး အိပ်မက် တစ်ခု ကတော့...
ကျမ တို့ မောင်နှမတွေ...တစ်စု တစ်စည်း ထဲ ..တစ်နေ့နေ့ မှာ.. ပြန် ဆုံ ကြဘို့.... ပြီးတော့.. အစ်ကို နဲ့ အတူ... လုခ်ပြတိုက်.. စမစ်ဆိုနီယန် ပြတိုက် က...ကမ္ဘာကျော် ပန်းချီ လက်ရာတွေ ကို.. အတူ ခံစားဖို့.. အမှန် က... ကျမ က မိုက်ကယ်အိန်ဂျလို နဲ့.. အိုင်းရစ် ပန်း ချီ ကျော် တွေရဲ့ လက်ရာတွေ ကို ပဲ..တစ်လျှောက် လုံး..စွဲစွဲ မြဲမြဲ.. နှစ်သက်ခဲ့ပေမဲ့... အစ်ကို သဘောကျတဲ့ .. ရေးနွား.. ဗန်ဂိုး...ပီကာဆို.. နဲ့.. ဒါဗင်ချီ တို့ လက် ရာတွေ ကို .. ကြည့် ပြီး အစ်ကိုနဲ့ ငြင်းခုံခွင့်.လေး တစ်ခုပြန်ရဘို့... အဲဒီ ခရီး မှာ ပဲ.. .အစ်ကို သိပ် စိတ် မ၀င် စားပေမဲ့.....ကျမရဲ့... အိပ်မက် မြို့တော်.. ဖလောရင့်စ်က.. မိုက်ကယ် အိန်ဂျဲလို ရဲ့... ပန်းပု လက်ရာတွေ ကို.. ဆက်ပြီး သွား ကြည့် ကြ ဖို့.......... ပြီးတော့... အစ်ကို ချစ် တဲ့ အမိ မြန်မာ ပြည် မှာ.. မိသား စုတွေ အာလုံး ဆုံ ကြပြီး..... ထန်း ရိပ်ညို ဒါမှ မဟုတ်လဲ ..လောကနတ် မှာ... အစ်ကို့ လက် ရာ ပန်းချီ ကားတွေ နဲ့... ကျမရဲ့ ခဲ ပန်း ချီ တွေ ကို.. ပြ ပွဲ တစ်ခု လုပ် ဖို့ ပါ....... ကျမဆွဲ တဲ့ ... ခဲ ပန်းချီ တစ်ချို့ ကို တော့.. အစ်ကို့ကို အတင်း ပူဆာပြီး.. အရောင်တွေ ဖြည့် ခိုင်းဘို့ လဲ.. စိတ်ကူး က ရှိသေး....း)........
...............................
အဲဒါ က...........................ကျမရဲ့ အိပ်တစ်မက်.....
............................
ခု လောလော ဆယ် တော့.... အစ်ကို ချီးမြှင့် ထား တဲ့.ဂုဏ်ပုဒ်လေး. အလကား ..မဖြစ် ရအောင်... ငယ်ငယ်က.. ခြစ် ဖူး ခဲ့ ...တဲ့..ပုံ လေး တွေထဲ က တစ်ချို့ ကို.. ပြန် လည် ဖေါ်ပြလိုက် ပါတယ်......
ဒါပေမဲ့..ပန်းချီ ဆရာမ ... တော့ ..မဟုတ်ဘူး....နော်.....
မမသီရိ
Tuesday, January 13, 2009
အပြစ်တစ်ခု လို့ မမှတ်စေချင်
သစ်ရွက် လှုပ်လျင်..
ရယ်ချင် တတ်သည့်..
ဆယ်ကျော် သက် ရွယ်.. မဟုတ်တော့...
ရွှေမိုး ညိုလျင်..
ငိုချင် တတ်သည့်...
ဆယ်ကျော် သက်ရွယ်.. မဟုတ်တော့...
မြင်ရာ မြင် တိုင်း...
တုန် ယင် လှိုင်း ခတ်..
ရင် ခုန် တတ် သည့်...
ဆယ် ကျော် သက် ရွယ် မဟုတ်တော့...
သို့လေ သော် လဲ..
....
နှလုံး သား ထဲ...
နစ်စွဲ ထိ ခိုက် ...
အငိုက် မိ....ရင်...
သိမမီ ခင်...
တွယ် ငင် တိုး လျှိုး...
ကြိုး တွေ ထပ်ထပ်...
ကြပ်ကြပ် ချည် နှောင်...
မှောင် မှောင် မဲမဲ ...မိုက် ရဲ သတ္တိ.
ရင် မှာ ရှိ ပြီ...
......
သစ်ရွက် လှုပ် လျင်...
ရယ် တတ် ချင် သည့်...
သက်ရွယ် ဆယ် ကျော်..မငယ် သော်လည်း...
ရင် ထဲ အချစ် ကျန် သေး သည်.......။
....
...
မမသီရိ (၁၃.၁.၂၀၀၉)
Sunday, January 11, 2009
သူတို့လေးတွေ..
ဒီနေ့ မနက်စောစော ကျမ လမ်းလျှောက် ထွက်တော့.. လမ်းထိပ်မှာ အဲဒီကောင်မလေး ကို တွေ့လိုက် ရပါတယ်..။ ခါတိုင်းဆို အမြဲ.... ၂ ယောက်တွေ့နေကျ..ဒီနေ့တော့ တစ်ယောက်ထဲ ပါ..။ အဲဒီ ကောင်မလေး ၂ ယောက် ကို ဒီမြို့လေးမှာ ကျမ တွေ့တွေ့ နေတာ ..အချိန်.....၃- ၄ လလောက် ကြာခဲ့ပါပြီ...။ သူတို့ ညဥ့်ငှက်မလေးတွေ ဖြစ်နိုင်တယ် လို့ လဲ တွေ့ တိုင်းမှာ ထင်မိရဲ့... ပုံစံလေးတွေ က နဲနဲထူးခြားနေတာ ကိုး။ ပုံမှန် အားဖြင့်ဆိုရင်..ဒီဒေသမှာ ဒေသခံလူမျိုးစု အမျိုသမီးငယ်တွေ...အိမ်အပြင် ကို သိပ်မထွက်ကြပါဘူး။ ကျောင်းသွား ကျောင်းပြန် ချိန်တွေ မှာ အရေ အတွက် အနည်း ငယ်သော မိန်းကလေး ငယ်တွေ ကို အစောင့် အရှောက် ဒါမှ မဟုတ်လဲ ပဲ အုပ်စုလိုက်၊ အဖော်၊ အုပ်ထိန်းသူတွေနဲ့ စသဖြင့် တွဲ လျက်သာ တွေ့ရတတ်ပါ တယ်။ လုပ် ငန်းခွင်တွေမှာ ၀င်ရောက် လုပ်ကိုင်နေတဲ့ အမျိုးသမီး အနည်းငယ် ရှိပေမဲ့ လက်ချိုး ရေတွက် လို့ ရနိုင်တာမို့.. သူတို့ ၂ ယောက် ဟာ ဒီ မြို့ မှာ ထူးခြားနေတယ် ဆိုတာ လူတိုင်း သတိပြုမိကြပါလိမ့်မယ်။
အမှန် ဆို... တခြား နယ်စပ် မြို့တွေ နဲ့ နှိုင်းစာ ရင်... ဒီမြို့လေး က အတော် ကို အေးချမ်း တာပါ... ကာရာအိုကေ ဆိုင် မရှိ... နိုက် ကလပ် မရှိ... ရှိတဲ့ စား သောက် ဆိုင် တွေက ရိုး ရိုး လေးတွေ... အနှိပ်ခန်း ဆို တာလဲ ..မရှိ......
သူ့ အသက် က ရှိလှ မှ ၁၅ ဒါမှ မဟုတ်..ကျူးကျူး လွန်လွန် ၁၆ နှစ်လောက်ပဲ ရှိမှာပါ...။ စာသင်ခန်း မှာ ပဲ ရှိနေရမဲ့.. အရွယ်လေး...။
မနက်စောစော တိုင်းလမ်းလျှောက် ထွက်တဲ့..ကျမ ကို သူလေး လဲ ပဲ မျက် မှန်းတမ်း မိပုံ ရပါ တယ်.. ကျမ ပြုံးပြ တော့... သူ့ မျက် နှာ မှာ.. အရိပ် အယောင်လေး တစ်မျိုးဖြတ်ပြေး သွား ပြီး... ကျမ နား ကို.. မ၀ံ့ မရဲ တိုး ကပ်လာပါတယ်.. စကား သံ ၀ဲဝဲ နဲ့... ဆရာမ ...လမ်း လျှောက် တာလား ဆိုတဲ့ သူ့ အမေး ကို.. ပြုံးပြ ခေါင်း ညိတ် အဖြေပေးတော့... ကျမဘေးနား က ကပ် ရက် လိုက် ပါလာပါတယ်.. ။ ကျမ သူ့ ကို.. စကားတွေ.. ပြောချင် နေမိတယ်... တစ်ခုခု ကို လဲ မေး ချင်..နေတယ်... ဒါပေမဲ့ ဘယ်နား က စ မေး ရမလဲ ..ဆို တာ.. ခေါင်းထဲ ရုတ်တရက် ရောက် မလာ နိုင်ဘူး...မေး ချင် တဲ့ အကြောင်း ကလဲ...ခပ်ခက်ခက်....... နောက်ဆုံး... မထူးတော့ ဘူး..ဆိုပြီး... မျက်နှာ ပူပူ နဲ့ ပဲ..ဒီနေ့ အလုပ် ပြီးပြီ လား ဆို တော့....ပြီးပြီ တဲ့..... မေးမိတာ တစ်ခွန်း.. ကလေးမလေး ပြန်ဖြေတာတွေ က..... သူ့ ငယ် ဘ၀ က စလို့ ...လက်ရှိ နေ့စဉ် ...လုပ်ငန်းဆောင် တာတွေ..ထိ .. တောက် လျှောက် ပြောသွားတော့ တာ.......။.....ကြည့် ရတာ.. သူ့ကို ...အရေး တယူ မေးမဲ့ သူ...သူပြောတဲ့ စကားတွေ.....အရေး တယူ နားထောင် မဲ့ သူ မရှိခဲ့ ဘူး ဆို တာ သေချာ နေပါ တယ်...သူ့ ဇာ တိက..ဒီ နယ်စပ်မြို့လေး နဲ့ အတော် အလှမ်း ကွားဝေး တဲ့... နယ် မြို့ လေး တစ်မြို့ ရဲ့ ကျေးရွာ... တစ်ရွာ ကပါ....အမေ ဆုံးသွား ခဲ့ပြီ.း.... အဖေ က နောက် မိန်းမ ယူသွား တယ်...မောင်လေး ၂ ယောက်နဲ့ ညီမလေး ၂ ယောက် ကျန်ခဲ့ တယ်.... ၀ိုင်း ကြည့် ပေးဘို့ ..တောင့်တင်း တဲ့ ဆွေ မျိုး တွေ မရှိဘူး...အား လုံး က သူ လို ကိုယ် လို တွေ...သူတို့ မောင် နှမ ၅ ယောက်ထဲ မှာ..ဘယ်သူ မှ ကျောင်း မနေဖူး ဘူး... ထမင်း မရှိ တဲ့ နေ့ ရက် တွေ များ စွာ...လွန် လာပြီး တဲ့ နောက်မှာတော့...သူလို ပဲ ဘ၀ တူ မိဘမဲ့ ကောင်မလေး တစ်ယောက်နဲ့ တွေ့ ...အဲ ဒီကောင်မလေး က... အတွေ့ အကြုံ ရှိနှင့် ပြီး နေပြီ..... စွန့်စား ရင်း.. သူတို့ အတူ ...ဒီ မြို့လေး ကို ..ရောက် လာခဲ့ ကြတာ.....
တစ်ည ကို.. customer တစ်ယောက် ဆီ က တစ်သောင်း ရတယ်.... သူ တို့ လို လုပ် နေတဲ့ သူ တွေ နောက် ထပ်... ၁၀ ယောက် ကျော် လောက် ရှိတယ်.... ဈေး နှုန်း တွေ က မတူ ပါဘူး ..တဲ့.... တစ်ည ကို... သုံးသောင်း ထိ ရတဲ့ ..ကောင်မလေး တွေ ရှိ တယ်...အဲဒီ သုံးသောင်း ဆိုတာ ပြည်မက လာကြတဲ့ ..ချောချော လေး တွေ.... ဒီဒေသခံ တွေ ထဲ မှာ တော့.... နှစ်သောင်း... တစ်သောင်း ခွဲ.... တစ်သောင်း နဲ့... ငါး ထောင်... ဆို ပြီး.. ဈေး နှုန်း တွေ ရှိ သတဲ့.... ကျမနဲ့ ပြောနေတဲ့ ကောင်မလေး က ... တစ်သောင်း တန်း က... သူ က တစ်ည ကို.. တစ်ယောက် ပဲ... လက်ခံ နိုင်ပါ သတဲ့...
ကျမ တစ်သက်မှာ.. တစ်ခါ မှ... ခု လို တိုက် ရိုက် မကြား ဖူးတဲ့..စကားတွေ ကြား နေရတာ... ရင် ထဲ ဘယ်လို တွေ့ နေသလဲ မပြော တတ်တော့ ပါဘူး... မျက်နှာတွေ နီ ရဲ..ကတုန် ကယင် နဲ့.......ကိုယောဟန်အောင် ရဲ့ အရပ်ပျက်မလေး ဆို တဲ့ ပို့စ် ကို ..သွား သတိရနေမိပါတယ်.....
အဲ ဒီ အတွေ့ အကြုံ အား ကိုး နဲ့.. ကျမ တစ်ယောက် ..ကိုယောဟန်အောင် ရဲ့... အရပ်ပျက်မလေး ပို့စ် ထဲ.. မှာ.. ကိုယော ကို သွား စော်ကားခဲ့ ဖူးတယ်.. ကိုယောဟန်အောင်ရေ...ကျမ ဒီနေရာက တရားဝင် တောင်းပန်ပါတယ် ရှင်..
....................................
ခုန တုန်း က လမ်းမှာတွေ့ တဲ့ ကောင်မလေး အကြောင်း ဆက်ပြောရ ရင်တော့....
ကျမသူ့ ကို.. အရဲ ကိုးပြီး မေး ကြည့်သေး တယ်... သမီး တခြား အလုပ် တစ်ခုခု လုပ် ဖို့ စိတ် မ၀င်စား ဘူးလား ဆိုတော့......ဒီ အလုပ် ကို သူ နှစ်သက် သဘောကျလွန်း လို့ လုပ်နေရတာ မဟုတ်ပေမဲ့...စာ လဲ မတတ်... အလုပ် အကိုင် အခွင့် အရေး လဲ မရှိ ..ဒီ မောင် .. တေ...ွ ညီမတွေ ..ကျွေးမွေးစောင့် ရှောက် ဖို့... ဒိထက် ၀င်ငွေကောင်း တာ.. သူ ရှာတွေ့ နိုင် မှာ ..မဟုတ်ပါဘူး တဲ့..... သူ့မှာ.. ဖောက် သည် က နေ့ တိုင်းလိုလို.. ရှိနေတော့.. အဆင်ပြေ ပါ တယ် တဲ့...........
....
ကျမ ဆက် ပြော ဘို့ ဆွံ့ အ နေခဲ့ တယ်...ဘယ်သူ့ ကိုသွား ပြီး... ဘာ အပြစ်တွေ တင် ရပါ့ မလဲ...
တရား ခံ က ဘယ်သူလဲ.... အဖေ က နောက် မိန်းမ ယူ သွား တာ ..အပြစ်လား...
အလုပ် အကိုင် အခွင့် အလမ်းတွေ နည်းပါး ပြီး တော့... ထမင်း မ၀ တာတွေ က တရားခံ လား.....
ဒီလုပ်ငန်း ရှိနေတာက ..ဒီလို ကလေးမလေး တွေ ရှိနေလို့ ..ရှိနေတာလား...
customer တွေ ကြောင့် ဒီ လိုမျိုး ကလေးမလေး တွေ ရှိနေတာလား...
ကျမ အတွေး တွေ ..မမီနိုင်တော့ ပါဘူး...
.....................
ခု ကျမ လက် ရှိလုပ် နေတဲ့.. ဌာန က..လဲ.. ပညာရေးပဲ လုပ်တာ ဆိုတော့.. လတ်တလော.. သူနဲ့ သူ့ မိသား စုအတွက် .... သူ့ အတွက်...ကျမ လုပ် ပေးနိုင်တာ.. မရှိ.....။ .. မတတ်သာတဲ့ အဆုံး... ကွန်ဒုံး သုံး ရဲ့လား...လို့.. မေးတော့... နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ဆက်သွယ်ပြီး.. သူတို့ လို မိန်းကလေး တွေ ကို အမြဲ ပံ့ ပိုး ပေး ပါ သတဲ့......
ကျမ သက်ပြင်း တစ်ချက် တော့ ချမိတယ်... တော်ပါသေးရဲ့... သူ့ ခမျာလေး... ဘေးကင်းပါ..စေ...လို့...
ရတဲ့ ၀င်ငွေ လေး နဲ့... မောင်..ညီမလေး တွေ ကို.... ကျောင်း ထား ပေးနော်.. ဆို တော့... ဟုတ်ကဲ့ ပါ ဆရာမ.. လာမဲ့ ကျောင်း ဖွင့် ချိန် ကျောင်းထား ဖို့ စီစဉ်ထား ပါတယ်တဲ့.....
........................
ကျမ သွားတော့ မယ် ဆရာမ လို့ သူကလေး နှုတ်ဆက် ထွက် သွား တဲ့ အချိန် မှာ တော့.....အရှေ့ ဖက် ဆီက ကောင်း ကင်မှာ.......ပုဇွန်ဆီ ရောင် က ...အတော် ရင့်နေခဲ့ ပြီ..............အပူ လှိုင်း တစ်ခု ကတော့... ရင်ထဲ ..ဖြတ် စီး လို့.............။
မမသီရိ
ကြိုး
မမြင်သာ သည်......
ရင်လွှာ တိုးဖောက်.....
တောက်လျှောက် ၀င်သွား......
ဆီးတားမရ...
ကြိုး တစ ပေါ့.....
မေ့လျော့ သတိ.. မမူမိခင်..
တစ်ပင်ချင်း စပ်... ထပ်ထပ် ငြိတွယ်...
ဖြေမလွယ်တော့....
နွယ်လို မှတ် ထင်...
ဖြတ်ချင်လဲ ရှုးံ....
နှစ်လုံးသား ထဲ က...
အနက် ရှိုင်း ဆုံး .....သံယော ဇဉ်......။
(သရုပ်ဖေါ် ဓါတ်ပုံ လေးကို... အမေ...ဘလော့ဂ်ထဲ က ယူ သုံး ထားပါတယ်...)
မမသီရိ
Saturday, January 10, 2009
ကျမ ရဲ့ အမေ
ဒီကဗျာလေး.. ဖြစ် တည် ခဲ့ တာ ကြာတော့ ကြာ ခဲ့ပါပြီ..... လွန် ခဲ့ တဲ့ .. ဆယ် စုနှစ် ၂ ခု စာ လောက် တုန်း က... အမေ နဲ့ အလွန် တရာ ဝေး ကွာတဲ့ နေရာ တစ်ခု မှာ ရှိ နေခဲ့ ဖူး တယ်... အကြိမ် ပေါင်း များ စွာ... မေမေ့ အပေါ် စိတ် ကောက် .. ဆိုးခဲ့ ဖူး တယ်.... မိုင် ပေါင်း များစွား ဝေးတဲ့ နေရာ ရောက် နေခဲ့ ခါမှ..
မေမေ့ ကို တမ်းတမ်း တတ လွမ်း ခဲ့ ရတယ်.....မေမေ့ တန် ဖိုး ကို.. နားလည် ခဲ့ ရတယ်....
မေမေ့ ကို ....ပြန် ကြည့် ဘို့  အဆင်ပြေ ပြီ လို့ ထင် ခဲ့ တဲ့ ကာ လ တစ်ခု မှာ တော့....
မေမေ က လူ့ လောက ကြီး က စွန့် ခွာခဲ့ ပြီး ပြီ....... မေမေ့ နောက် ဆုံး အချိန် ကာလတွေ မှာတောင် မေမေ့ အနား ရှိ မနေနိုင်ခဲ့ တဲ့ ..ဘ၀...... မေမေ ဘယ်လောက် များ လွမ်း နေခဲ့ မလဲ ဆိုတာ...
အချိန် တွေ အတော် ကြာ .. နှောင်း ခဲ့ တဲ့ ခါမှ..ပဲ..... မျက်ရည် တွေ နဲ့... တစ်သက် လုံးမခန်း နိုင် မဲ့ မျက် ရည်တွေ နဲ့....
ဒီနေ့... ကိုယ် ရေးချင် တာ ..ရေး လို့ ရတဲ့.... ဘလော့ဂ်လေး ..တစ် ခုကို... ပိုင် ခဲ့ တဲ့ အချိန် မှာ..
အမေ များ နေ့ အမှ တ် တရ အနေ နဲ့..
ကဗျာ ဟောင်း လေး ကို.. ပြန် လည် တူး ဖော် ရင်း... မခန်း သေး တဲ့ မျက် ရည် တွေ နဲ့ .....မေမေ့ ကို..လွမ်း နေ မိပါတယ်......
ကျမ ရဲ့ အမေ
ကျမ ရဲ့ အမေ...
ကျမ ပုခက်တွင်း နေစဉ်က ..
ညင်သာ မြမြ..
သီချင်း လှလှ တွေ...သီဆို ပြလို့..
ကျမ အိပ် ပျော် အောင်..
အမေ စွမ်း ဆောင် ခဲ့ .. တယ်....။
ကျမ ရဲ့ အမေ..
စီးပွားတွေ ..ကျဆင်း လေလဲ..
သမီး အလှ..မျက် နှာ မငယ်စေရ..
သမီး လိုအပ် သမျှ..
အမြဲ ပြည့် စုံ စေခဲ့ .. တယ်....။
ဟင်း မလောက် တဲ့ ထမင်း ၀ိုင်း..
ဆုတ် ဆိုင်း လို့ စား ခဲ့ တဲ့ အမေ...
စာ ကျက် တဲ့ ကျမ အနား...
အိပ် ပျော် မသွား အောင်...စောင့် ခဲ့ တဲ့ အမေ...
သမီး အလှ... ပညာ တတ် မကြီး ဖြစ်ဖို့..
အမေ့ ခွန် အား....
မနား တမ်း စိုက် ခဲ့....
လော ကထဲ ... အမေ မြောက် များ စွာထဲ..
ဂေါ်ကီ ရဲ့ အမေ...
သိန်း ဖေမြင့် ရဲ့ အမေ...
ချစ် စံဝင်း ရဲ့ အမေ....
အမေ...
အမေ...
အမေ...
နာမည် တွေ ...ကမ္ဘာ ကျော်ခဲ့....
အမေ..
အမေ...
အမေ...
ဒီ အမေတွေ ထဲ..
ကျမ ရဲ့ အမေ...
နာမည် မကျော် လေ ပေမဲ့...
....
ခု... မေ့ သမီး လက်ထဲ..
ဖယောင်း ခဲ နဲ့.. ပန်း ဖူး လေးတွေ...
အနာ ဂတ် တိုင်းပြည် မှာ..
အသုံး ၀င်စွာ...ပွင့် ကြ ဘို့...
ပုံ သွင်း ယု ယ..
မေ့ သမီး ...ဆရာမ ဖြစ် ခဲ့ ပြီ...
....
ကဲ...
အမေ့ ရဲ့ ပုခက် လွှဲ ခဲ့တဲ့ လက်..
ကမ္ဘာ တစ်ဖက် ကိုင် လှုပ် နိုင် တော့မကွဲ့ လို့...
ကျမ ပြော ရင်...
ဘယ် သူမှ ...ငြင်း ချင် တော့ မှာ မဟုတ် ပါ ဘူး... မေမေ.....။
မမသီရိ (၁၈.၉.၁၉၉၃)