Monday, August 31, 2009

"သူသိစေချင်"


မဖြေနိုင် လည်တိုင်မော့နဲ့
လွမ်းလေရော့ အဝေးဆီမှာ
မထောက်မညှာ ..
ရက်စက်စွာ
တမင်တကာ.. သခင်ထား ပြီလာ့..
ရွှေအားတော် ငယ်ငယ်
လွမ်း ပုံ ကကြွယ်......။


ရင်ထဲက အိပ်မက်ဖော်ရယ်
စက်လဲ မပျော် ညဥ့်တွေက များ
ကျော်သွားတဲ့ နေ့တွေက အလီလီ
အလွမ်း ပန်းချီတွေ သာ စီခဲ့ရ ရာသီလုံး...

ဟို ဒီ ပွေ စိတ်လေရူးရယ် နဲ့
ရနံ့ ထုံ ပန်းစုံတောမှာ
ရင်မော ကာ ပူပုံပမ်း... တမ်းတ နေတယ်.....။

မမသီရိ
(၃၁.၈.၂၀၀၉)

Saturday, August 29, 2009

ပုလဲပျောက်ရှာပုံတော်



သူ..
ပုလဲလေး တလုံး ပျောက်သွားလို့
ကသုတ်ကရက်
ကမန်းကတမ်း
ကပျာကယာ
ပုလဲလုံး အရှာ ထွက်... ကြေကွဲရတဲ့ နေ့ရက်တွေ.......


ကသုတ်ကရက် ထွက်ခဲ့ရတော့
ဘိနပ်တောင်မပါနိုင်ရှာ
ခြေဗလာနဲ့..
လွင်တီးခေါင်တွေ ဖြတ်
ကန္တာရ ကိုကျော်
တောဟေမ၀ါအတွင်း
တတောင်ဆင်း တတောင်ကျော်
ရင်ထဲမှာ တကြော်ကြော် အော်လို့
ပုလဲပျောက် အရှာ... သူ..ထွက်ခဲ့ပါတယ်......


လမ်း ခုလပ် တနေရာ
မောရှာတော့ သူနား...
သိမလား လို့မေး
သစ်ပင်လေး တပင်..

အပင်လေးက ပြုံးရှာတယ်..
ဂရုဏာ သက်စွာနဲ့

မတွေ့မိပါဘူး ကလေး ရယ်
မင့် ပုလဲလုံး လေး ဘယ်လို တွေ့မလဲ
ငါ ကိုယ် တိုင်က အရွက်မဲ့နေရတာပါ..... တဲ့......


ခေါင်းငိုက်စိုက် ရှေ့ကို ဆက်
တွေ့ခဲ့ပြန်ပေါ့ မြစ်ကလေး တစင်း...
သူလဲ အတင်း ငြင်းရှာတယ်..

မတွေ့မိပါဘူး ကလေး ရယ်
မင့် ပုလဲလုံး လေး ဘယ်လို တွေ့မလဲ
ငါ ကိုယ် တိုင်က ခမ်းခြောက်နေခဲ့တာပါ..... တဲ့......


ဝမ်းနည်းပက်လက်
သူ ကလေး လှမ်းထွက်
အရိပ်မဲ့သော နေပူပူ
ရင်တွင်းမှာလဲ ရေတွေ ဆူလို့..

ဟော ..ဟို မှာ..
သမုဒ္ဒရာ တစင်း...
အင်း......
သူတော့ သိတန်ကောင်းပါ ရဲ့....
မျှော်လင့်ခြင်းတွေ ပြန်လင်းလက်
ယုံကြည်ခြင်းတွေ ပြန်ရှင် သန်...

..တွေ့ မိလိုက်သေးလား....
ကျမ ရဲ့ ပုလဲ လုံးလေး.........

သူမ အမေး
လှိုင်းကလေး က
အမောတကော ပြေးလာ.. ဖြေ....

တွေ့ပါသော်ကော.. ကောင်မလေး ရယ်...
ဒါပေမဲ့... သမုဒ္ဒရာ က စကား ပါးခဲ့...
မင့် လည်ဆွဲဘ၀ ဖြစ်ခွင့် မကြုံ နိုင်မှတော့
ဝဋ်ကြွေး မကုန်တဲ့ ဒီပုလဲ
သူပဲ ထာဝရ သိမ်းဆည်း လိုက်တော့ မတဲ့........

လှိုင်းကလေး စကား အဆုံး..
ကောင်မလေး ချုံးပွဲ ချငို...
တိမ် ညိုတွေလဲ ပြိုခဲ့ပေါ့ ..

ဟောဒီ့ ကမ္ဘာ တခုလုံး.. တိတ်ဆိတ် သွားခဲ့ ပုံများ............

သစ်ရွက်လေးတွေ အသက် မရှူတော့....
ကြယ်ကလေးတွေ မျက်တောင် မခတ်တော့.....
သဲပွင့်လေးတွေ တုတ်တုတ် မလှုပ် တော့....
လေပြေလေးတွေ လမ်း ဆက်မလျှောက်တော့....
ပန်းပွင့်လေး တွေ မရီမောတော့...
လိပ်ပြာလေးတွေ.. အတောင်တွေ သိမ်းရုပ်....
တိမ်တွေ ညီလာခံတာ ..ရပ်....


ဟောဒီ့ ကမ္ဘာ တခုလုံး.. တိတ်ဆိတ် သွားခဲ့ ပုံများ..............။


(ပျောက်ဆုံးသွားသော ပုလဲလေး တလုံး အတွက်..)

မမသီရိ
29.8.2009

Thursday, August 27, 2009

နောင်တမဲ့သော... (၂)

အလွမ်းတွေ တိုက်စားသွားတဲ့ .... ဟာ
တဖြည်းဖြည်း ပါးလျ လာခဲ့လိုက်တာ
နောက်ဆုံးတော့
အလင်းမှုန် ယဲ့ယဲ့ လေး တွေတောင် ပြုံးပြ..

သံသရာအတွင်းမှာ
ရှင်းလို့ မလင်း နိုင်သေးသရွေ့
ဝဋ်ကြွေးမကျေတဲ့ နေ့တွေ..
အလွမ်းနွံ ထဲ ကျွံ ဆဲ
ဒုက္ခ သစ္စာ .. ဒီ ဆင်းရဲ...
ပြုံးပြုံး လေးပဲ နှစ်သက်နေ.....


ပင်လယ်အတွင်း.. ရေဆင်းချိုးတဲ့.. နေ..
ကမ္ဘာ တဖက်.. လေညင်းခံထွက်တဲ့ .. .
ဒီကမ္ဘာ ဂြိုလ် နှစ်ပါးခွင်မှာ
နှစ်ပါး သွား...
ကတော့ က ပါရဲ့ ထာဝရ..
ဒါပေမဲ့.. တနေရာစီ
(ဒီအမိုက်မ.. ကတော့)..
အဲဒီ ကမ္ဘာခြား ဝေဒနာ လေး ကိုပဲ
နစ်မျော တွယ်တာဆဲ..


တကယ်ပါပဲ ကွယ်..
ခေါက်ရိုးကျိုး နေတဲ့ အလွမ်းတွေနဲ့
အသားကျ နေခဲ့ပြီးပြီ မို့..
ရာသီပေါ် အချစ်တွေ
မက်မော မနေတော့ ပါဘူး လေ....


ညီမလေး ရေ...
သူ့ကို ငါ.. တကယ်ချစ်ခဲ့တာ ပါ.....။


မမသီရိ
၂၆.၈.၂၀၀၉

Friday, August 21, 2009

ဝိုင်နီပုလင်းလေး တလုံး...


တိမ်တွေကို အထူအပါးညှိကြည့်ဖို့
စိန်စီသောလမ်း လဲ

မလျှောက်လှမ်းလိုပါဘူး ကလေးလေး ရယ်...


မင့် မျက်ဝန်း ညိုညို တွေ
အဝေး က ငေး ရုံလေးပါပဲ....။

မင့် အပြုံး မှုန်မှုန်တွေ
အဝေး က ငေး ရုံလေးပါပဲ....။

မင့် ကိုယ်ငွေ့ နွေးနွေး
အဝေး က တွေး ရုံလေးပါပဲ...။

အသက်တွေသာ
တနေ့ ပြီး တနေ့ ကြီးလာခဲ့

နှလုံးသားလေး က နဂိုနေရာမှာ ရပ်တန့်

ခံစားလွယ်လွန်း သူ လူကလေး အတွက်

အကြင်နာ ၀တ်ရုံလေးတခု ခြုံပေးချင်တာက လွဲပြီး.....



လမင်း လမ်းလျှောက်ထွက်တဲ့ ည

ကြယ်ကြွေတွေ အတူကောက်
အိပ်မက်ဝိုင် ချိုချိုကို အိပ်မက်ထဲ ပဲ အတူသောက်

အိပ်မက်ထဲမှာပဲ ရောက်ခဲ့တဲ့မြို့မှာ

အိပ်မက်ထဲ မှာပဲ အတူတူ ရှိနေရုံက လွဲ ပြီး...



ကသစ်ပန်း နီနီ တွေ

အစီအရီ ပွင့်တဲ့ ရာသီတခု

တိမ် အကြွင်း အကျန်တွေ စုလို့ မြေသြဇာကျွေး

အိပ်မက်ထဲမှာပဲ ပြုစု မွေးထားတာက လွဲပြီး....



ကျမရဲ့ ချစ်ခြင်းမေတ္တာတွေ

မင့် ချစ်ခြင်း အကြင်နာတွေ
....
အတူတူ ရောဖောက် ရက်ထားတဲ့

ကော်ဇော ပြာပြာလေးတချပ်
..
အတူတူ ထိုးစိုက် အလှဆင်ခဲ့တဲ့
ရောင်စုံ ပန်းအိုးလေး တလုံး
ကျမ ထာဝရ သိမ်းထုပ်ပေးသွား မှာက လွဲပြီး....



တိမ်တွေကို အထူအပါးညှိဖို့

စိန်စီသော လမ်းကိုလဲ မလျှောက်ခဲ့ချင်..

(ကလေးလေး ရယ်..
)
မှန်တာပြော သစ္စာ လို့ဆိုခဲ့ရင်..

တို့...ဆံပင်တွေ သိပ်မဖြူ ကြခင်..

တွေ့ ကို တွေ့ ချင်တာပေါ့နော်...



တကယ်လက်တွေ့ဘ၀ မှာတော့

နေ့ဆိုတာတွေ

ည ဆိုတာတွေ
ဝေးကွာခြင်းရဲ့ သဘောတရားတွေ

တရွက်..စီ

တလွှာ..စီ
ခွဲခြား စိတ်ဖြာ ကြည့်လိုက် တဲ့ အခါ....



မင်းရဲ့ နာကျင် ကြေကွဲခြင်း အထွေထွေ

ကျမရဲ့ ဆူးပြွမ်းတဲ့ ဒဏ်ရာ ဗရပွ
အသီးသီး အ.သ.က.. အ.သ.က..

စီးကျလာတဲ့ နှလုံးသွေး ကိုယ်စီကို...
အနီရောင် ၀ိုင်ပုလင်းထဲ ထည့် .. ချိပ်ပိတ်..

နောင်ဘ၀ တခု မှာ အတူဖွင့်ကြဖို့ တံဆိပ်နှိပ်..



မျက်ရည်တွေ ကိုယ်စီနဲ့...တို့...
.
တိတ်တိတ်လေး.. ငေးကြည့်နေကြ ရုံ.........။



မမသီရိ (၁၁.၈.၂၀၀၉)

Thursday, August 20, 2009

အိမ်အပြန်

ဆေးရောင်စုံများ ချယ်ထားသလို
ရှုပ်ထွေးပွေလိမ် လောကအိမ် ထဲ
အလည်တခေါက် သင်ရောက်ခဲ့ ပြီ...

လူ့ဘ၀နဲ့ လောကထဲမှာ
ဖြတ်ကျော်ခဲ့ရင်း.. ကျင်လည်ရင်း နဲ့
မြင်ကွင်း မျိုးစုံ ဘ၀ဘုံတွေ
သင်ကြုံခဲ့ ရ တွေ့ခဲ့ရ ပြီ....

သင့်ပတ်ဝန်းကျင် ရှုမြင် သုံးသပ်
မကျေနပ်စရာ ပြည့်ကာနေခဲ့
လောဘ.. ဒေါသ.. မောဟ တွေနဲ့
တဏှာ ဖုံးလွှမ်း အာသာ ငမ်းတက်
ကျင်လည် ကျက်စား.. ဘ၀ ကိုမေ့ထား..
စား.. နေ.. ၀တ်. ဝဲသြဃထဲ
တဝဲလည်လည်...

သံယောဇဉ် ဆိုတဲ့ နွယ်မျှင်တွေ နဲ့
ချစ်ခြင်း.. မုန်းခြင်း.. ၀န်တိုခြင်းတွေ

တွေ့ခြင်း ဆုံ ခြင်း ခွဲခွာ ခြင်းတွေ
တွယ်ငင်ရစ်ပတ် ရုန်းမရ ပဲ
ထွက်ပေါက်တွေ ပိတ် ကြိတ်မှိတ်ပြီးနေ..

လူ့ဘ၀ သက်တမ်း တကယ် တိုတယ်ဆိုတာ
သင် ကိုယ်တိုင် ပဲ .. သတိမထား.. မေ့ထားမိ ခဲ့....

ပျော်စရာ တလှည့်.. ငိုတလှည့်နဲ့
စိတ်ညစ်ငြူးလိုက် ရယ်မောလိုက်နဲ့

ဝမ်းနည်းတခါ.. ၀မ်းသာတလှည့်
ကုလားထိုင်ပေါ်တခါ တက် .. အောက်ရောက်တခါ..

စာဖွဲ့ မကုန်..လောကီ ဘုံထဲ
မိန်းမောဆဲမှာ....


အချိန်တန်ကြောင်း .. ဧည့်နှင်မောင်း.. သံ
သင် နာခံ ခိုက်....
သင့် အိမ် အမှန် သင် ပြန်ရတော့ မှာ......

ငို ရှိုက်သံများ.. သင် ကျော်လွှားလို့
သင့် ရဲ့ နောက်မှာ .. သင်ပိုင်ထင်ထား
သင့် အိုးအိမ် ယာ..ရတနာနဲ့
ရွှေထီး ရွှေ နန်း.. ရွှေ ကြငှန်း ရော..

ပါဝါ အာဏာ.. အင်ပါယာ ရော
ရွှေ ငွေ စည်းစိမ်.. ဂုဏ်ရှိန် သိန် စက်
သံယောဇဉ် ဖွဲ့ ချစ်တဲ့ သူများ....
အပြန်လမ်း မှာ.... ဘာ မှ မပါ....

တိတ်ဆိတ် ငြိမ် သက်... ထီးတည်း မဲ့ လို့..
သင် နဲ့.. သင် ပဲ .. တယောက် တည်းရယ်...
အလည်ရောက်ခဲ့ တဲ့..လောကအိမ် အပြင်ဖက်
သင်... ထွက် ..တဲ့ ..အခါ.........။


မမသီရိ
၁၀.၄.၁၉၉၀


ကျမရဲ့မှတ်တမ်းစာ အုပ် အဟောင်း တခုထဲ ပြန်တွေ့မိတဲ့ ကဗျာ တပုဒ်ပါ..။ နေ့စွဲ အရဆို နှစ်ပါင်း ၂၀ ပြည့်ပါတော့မယ်.။ အဲဒီ တုန်းက ကျမမှာ အသက် ၄၀ အရွယ် ဦးလေး ၀မ်းကွဲ တယောက် ရှိခဲ့ဖူးတယ်.. ငယ်ငယ်တုန်း ကတည်းက စာတော် တယ်၊ ရုပ်ရည် သန့်သန့်ပြန်ပြန့် စမတ် ကျကျ မို့ ကြိုက်သူ တွေ ၀ိုင်းဝိုင်းလည်နေခဲ့တယ်.. ။ ဒါပေမဲ့ ကိုယ့် ကိုယ် ကို အထင်ကြီးလွန်းတော့ အသက် ၄၀ ထိ မိန်းမ မရနိုင်သေး.. ။ ခေတ်ပြောင်းတဲ့ ကာလ တခု မှာ မြို့ နယ်တခု ရဲ့ ဒုတိယ အကြီးဆုံး အာဏာပိုင် ဖြစ်နေခဲ့တာ မို့.. သူတာဝန်ကျ ရာ မြို့ကလေးရဲ့ ဒုတိယ ဘုရင်ခံ ဆိုလဲ မမှားဘူးပြောရမှာပါ. အစ ထဲကမှ မာန ကခပ်ကြီးကြီး.. အတ္တ က ခပ်ကြီး ကြီး.. တော်ရုံ လူ ..လူမထင်ရတဲ့ အထဲ..ဘ၀င်က ခပ်မြင့်မြင့် မှာ.. အကြောင်းသင့် လို့ အာဏာ က လက်ထဲ အလိုလို ရောက်လာတော့.. ဘေးနားမှာ ခစား သူတွေ ၀ိုင်းဝိုင်းလည် ပြီး.. ကျမ ရဲ့ ဦးလေး ငယ်တယောက် က တကဲ့ ဘုရင်ခံ ကလေး လို ဖြစ်ခဲ့တာပေါ့..။

ဆွေမျိုးတွေထဲမှာ တူတွေ တူမတွေ အရင်း ရော ၀မ်းကွဲတွေ ၁၀ ယောက် ကြားထဲ မှာ.. ရုပ်ဆိုး ပေမဲ့.. ခင်မင် နှစ်လိုဖွယ်ရာ.. သွက်သွက်လက်လက် ချက်ချက်ချာချာ ရှိတဲ့ ဟိုစပ်စပ် ဒီစပ်စပ် ရုပ်ဆိုးဆိုး ဒီ တူမလေး ကို သူ အတော် ချစ်ပါတယ်..။ အသက် ငယ်ငယ် နဲ့ သူနဲ့ စာဖတ် ဖက်.. ဆွေးနွေးဖက် .. ရတာ ကိုး...

အပေါ် က ကဗျာ က အသက် ၄၀ ပြည့်ခါနီးလေးမှာ မှ ရီးစား ထားဖို့ သတိရတဲ့ ဦးလေး ကို သူ့ ရဲ့ အသက် ၄၀ ပြည့် မွေးနေ့ အတွက် ကျမပေးခဲ့တဲ့ မွေးနေ့ လက်ဆောင် ကဗျာလေး ပါ.. ဒီကဗျာ ရေးတုန်းက အဲဒီ ဦးလေး ကို ကျမ မျက်စိစပါးမွေး စူးခဲ့တာ လဲ အမှန်.. သူကတော့ တာဝန် အရလို့ ပြောပေမဲ့.. ကျမအတွက်တော့ မနှစ်သက်ဖွယ် ရာ ကိစ္စတွေ မြင်နေရ ကြားနေရတော့ မနေနိုင် မထိုင်နိုင် အကွက် ရတုန်း ကဗျာ လက်ဆောင် ပေးခဲ့မိတာပေါ့... သူ့ ခမျာ ၀မ်းသာ အားရ မွေးနေ့ လက်ဆောင် ကဗျာ ဆို လို့ ဖတ်လဲ ပြီးရော.. မုန့်ဖိုး မရတဲ့ အပြင် .. မျက်နှာတွေ နီရဲ ပြီး.. ကျမ ကို ထရိုက်တော့ မလို ဖြစ်ခဲ့ တာ ခု ထိ မြင်ယောင်နေပါသေး တယ်.....

မနေ့ ကတော့ စာရွက်ဟောင်းတွေ စာအုပ်ဟောင်းတွေ ပြန်လှန် လှော ရင်း ဒီကဗျာလေး တွေ တော့.. ကျမရဲ့ ဘဘကြီး၊ ဘဘလေး၊ ဘဘလတ် နဲ့ .... (.....) တွေ အတွက် လက်ဆောင်ပေး ဖတ်စေချင်တဲ့ စိတ်ကလေး ပေါ်လာလို့..

အင်းး... ဘဘကြီး တို့ ကျမ ကို နရင်းပိတ်တီးချင်စိတ်တော့ မပေါ်လောက်ပါဘူး နော့........။


(ဒီကဗျာ လက်ဆောင်ရခဲ့တဲ့ ဦးလေး က လွန်ခဲ့တဲ့ ၈ နှစ်လောက်က ကချင်ပြည် နယ် တနေရာမှာ တာဝန်ထမ်းဆောင်နေတုန်း ကွယ်လွန်ခဲ့ပါ ပြီ)

အာလုံးကို ချစ်ခင်လေးစားတဲ့

မမသီရိ

Monday, August 17, 2009

ရူးသွပ်ခြင်း


တကယ်တမ်းပြောရရင်...
အချစ်ဦးလို့ ဖြစ်ဖူးချင်တာပေါ့

ဒါပေမဲ့..
...
..
ဆန္ဒနဲ့ လက်တွေ့
ထပ်တူမကျနိုင်တော့တဲ့ အဆုံး
ဘယ်လိုပဲ ချစ်ရ ချစ်ရ..
ချစ်ခွင့်ရဖို့ကလေးပဲ.. တပ်မက်နေမိ...။

ညဥ့်နက်နက်တွေလဲ လှောင်ပြီပေါ့ ချစ်သူရေ...။

တကယ်တော့..
ကွန်ပျူတာ အွန်လိုင်းပေါ်က
မင်းရဲ့ အပြုံးသင်္ကေတလေးကိုတောင်
ရူးသွပ်စွာ... ရူးသွပ်မိသူ ..ငါ..
.....
.....
အာရုဏ် အတက်
မက်တဲ့ အိပ်မက်ထဲက
မင်းရဲ့ ကိုယ်ငွေ့ လေးကိုတောင်
ရူးသွပ်စွာ တပ်မက်မိသူ ငါ...
...
....
ကိုယ့်အတွက် မဖြစ်နိုင်မဲ့
သံစဉ်တွေ အတွက်... ၀မ်းနည်းခဲ့ရသလို..

မင်း အတွက်ပါ... လို့...ပြောလာမဲ့
ကဗျာလေး တပုဒ်..ရယ်

မင်း ကို ချစ်လိုက်တာ လို့
ပြောလာမဲ့ စကားလေး တခွန်း ရယ်...

အဲဒါ ရင်ထဲက ပါ ဆိုတဲ့
အနမ်းလေး တပွင့် ရယ်...

ကဲ အတူတူ လျှောက်ရအောင် ဆိုပြီး
ကမ်းလာမဲ့ လက်ကလေး တဖက်ရယ်....

မရုပ်သိမ်းချင်မိသေးတဲ့.. မျှော်လင့်ချက်.နဲ့.
မနက်ဖြန် ဆိုတာတွေ ရှိနေသရွေ့
ငါ မျှော်လင့် နေမိအုံး မှာ..

ငါ ..မျှော်လင့်နေမိတာ.. ဆန်းမလား ကွယ်....။


မမသီရိ

Friday, August 14, 2009

မင်းရဲ့အရုပ်ကလေး


မင်း ထိုင် ဆို ထိုင်

ထ ဆို ထ ပေးမဲ့

အရုပ်ကလေး တရုပ် က ငါ..


မင်း လာ ဆို လာ

သွား ဆို ထွက်သွားပေးမဲ့

အရုပ်ကလေး တရုပ် က ငါ..


မင်းငို ဆိုရင် ငို

ရီ ဆိုရင် ရီ ပေးမဲ့

အရုပ်ကလေး တရုပ် က ငါ…


မင်း ဆို ဆို ရင် ဆို

က ဆို ရင် ထက မဲ့

အရုပ်ကလေး တရုပ် က ငါ…


မင်း ပြောသမျှ ခေါင်း ညိတ်

မင်း ခိုင်းတိုင်း လိုက် လုပ်

အရုပ် တရုပ် လို လေ


အရာရာ မင်း အလိုကျ

မင်း ဆန္ဒ အတိုင်း ဖြစ်ရစေ့မယ်

အဲဒါ ချစ်လွန်းလို့ ပါ ချစ်သူ ရဲ့


တခုတော့ ရှိတယ်

မင်း ချစ်ဆိုရင် ချစ်

မုန်း ဖို့ ကို လာမပြောနဲ့

မင်း အဝေး နေရင် လွမ်း

မလွမ်းဖို့ ကိုတော့ လာမပြောနဲ့

(ဒီလို မျိုး ကျတော့)

မင်း ရဲ့ အရုပ်ကလေး ခေါင်းမာတယ်.. ။


မမသီရိ
(၂၉.၇.၂၀၀၉)

Wednesday, August 12, 2009

ပုံပြောပြမယ်..


မောင်လေးရေ မငို ပါနဲ့ ပုံပြောပြမယ် ကွဲ့
ညီမလေးရေ မငိုပါနဲ့ ပုံပြောပြမယ် ကွဲ့

နားစိုက်ထောင်လို့ မှတ်တော့ကွယ်
မမ ပြောပြမယ်..
..
(ရီလိုက်ရတာ ဖတ်ဖတ်မော
ရင်ဘတ်နောက်ကကျော...
လူ မိုက် တတော ရဲ့ .. မှတ်သားဖွယ်)
...
...

အရောင်မှိန်လေနိုး
ပြာပူနဲ့ တိုးတိုက်
မိုက်လိုက်တဲ့ ဒီလူတွေ
အဲဒီပတ္တမြား.. ပိုလို့တောင်ရဲသွား သတဲ့
..
..
အရှိန်အ၀ါ ညှိုးလေနိုး
တိမ်မိုး တွေ ကြိုးစားကာ
မိုက်ပါပေ့ ဒီလူများ..
အဲဒီနေမင်း ကတော့ သူ့ဖာသာ လင်း မြဲ တဲ့
..
..
အမျိုးပြုတ်လေနိုး
ဖိနစ်ငှက်ကို အတောင်ချိုး
အိုးထဲ ထည့်ဖို့ ကြံ
ငမိုက်သားတွေ ဖန်
အပြုံး မပျက် အဲဒီငှက်
အရောင်စုံ တောင်ပံဖြန့် ပျံဖို့ အသင့် တဲ့
...


အသိဥာဏ်..ပညာမဲ့
ငမိုက်သားတဖွဲ့
လျှောက်ရမဲ့ လမ်းပျောက်တော့
အကြံကုန် ဂဠုန် ဆားချက်
ပညာရှိတွေ ရယ်ပွဲ ဖွဲ့
...
...

ညီမလေး နဲ့ မောင်လေးရေ
မှတ်သား လိုက်တော့လေ..

မင်းတို ဘ၀မှာ ရှောင်လေ ရှား
အဲသလို ဘ၀ နဲ့ ငမိုက်သား ....။


မမသီရိ (၁၂.၉.၂၀၀၉)

Tuesday, August 11, 2009

ချစ်ညီမလေး သို့



အဲဒီ မှောင်မိုက်တဲ့ညတွေ ပေါ့
ကျမ ရိုက်ချိုး ဖျောက်ဖျက်ပြစ်ချင်တာ

အဲဒီ ရိုင်စိုင်းတဲ့ သားရဲတွေကိုပေါ့
ကျမ နုပ် နုပ် စင်းချင်နေမိတာ

ဒီ သားရဲ တွေကြောင့်
ညီမလေး အဝေး မှာရှိနေရတာ

ဒီ သားရဲတွေကြောင့်
ညီမလေး ချစ်တဲ့မြေ မှာ ရှိမနေတော့တာ

ဒီ သားရဲတွေကြောင့်
ညီမလေး မေမေ့ ကို လွမ်းနေရတာ

ဒီ သားရဲတွေ ကြောင့်....

ညီမလေး ၀မ်းနည်း အားငယ် နေရော့မယ်

အားတင်းထားပါ ညီမလေး
မုန်တိုင်းတွေ လွန်ရင်တော့ လှိုင်းတွေ ငြိမ်သွားမှာလေ
အမှောင်ဆုံးကို ဖြတ်ပြီးတဲ့အခါ
အလင်းရောင် ရှိနေတာ အသေအချာ ပါပဲ

ဝမ်းမနည်းပါနဲ့ ညီမလေးရေ

တို့တွေ ပြန်ဆုံ ကြတဲ့ အခါ..

ညီမလေး ပါးပြင် ဖောင်းဖောင်းလေး
မမ သနပ်ခါးသွေး ပြီး လိမ်းပေးမယ်

သနပ်ခါး ဖွေးဖွေး နဲ့ ညီမလေး ကို
မမ မွှေးမွှေး ပေး ပေး မယ်..

ဝမ်းနည်းနေခဲ့ ရတဲ့ ညီမလေး ကို
မမ ထွေးပွေ့ ထားပေးပါ့မယ်
...
...
...

မမ ရဲ့ အလွမ်းတွေ ကို လဲ
ညီမလေး နားလည်ပေးမှာ မမ သေချာတာပေါ့

မမကြေကွဲနေတာတွေ လဲ
ညီမလေး ဖေး မ ပေးပေါ့..

ရင်မော ကြရတာတွေ ခံစားချက်ခြင်း ဖလှယ်ကြမယ်..
ပင်လယ်ကမ်းစပ်တလျှောက် မမ တို့ ခရုကောက်ထွက်မယ်..

တောအုပ်ညို ခင်တန်းနဘေး လိပ်ပြာလေးတွေ လိုက်ငေး မယ်

မိုးကောင်းကင်ပြာပြာပေါ်က တာရာလေးတွေ တို့ရေ ကြမယ်

ကဲ..
ညီမလေးရေ..
လုံးဝ အားမလျှော့လေနဲ့
ဝမ်းနည်း အားငယ် မနေနဲ့
မမ တို့ရဲ့ နေ့
ညီမလေးရဲ့ နေ့
ရှေ့မှာ မဝေးတော့ ဘူးကွယ့် နော်....။

(ချစ်သော ညီမလေး အတွက်)

ချစ်ခြင်းများစွာဖြင့်

မမသီရိ

Sunday, August 09, 2009

ဆုတောင်းများ

(က) မြို့သား ဆုတောင်း

မီးမှန်ပါစေ
ရေမှန်ပါစေ
ပရီမီယာ ဘောလုံးပွဲ စိတ်အေးလက်အေး ကဲ ချင်လို့

(ခ) တောသားဆုတောင်း

မိုးမှန်ပါစေ
လေမှန်ပါစေ
စပါး အထွက်ကောင်းမှ နှာခေါင်းပေါက်တွေ အသက်ရှူ ချောင်မှာမို့

(ဂ) မြို့သူ ဆုတောင်း

မီးမှန်ပါစေ
ရေမှန်ပါစေ
ကိုးရီးယား ဇာတ်လမ်းတွဲ တပိုင်းလေးတောင် အလွဲ မခံ နိုင်လို့

(ဃ) တောသူ ဆုတောင်း

မိုးမှန်ပါစေ
လေမှန်ပါစေ
စပါးအထွက်ကောင်းမှ သားလေး ကျောင်းပို့ နိုင်မှာ မို့..။


မမသီရိ

Friday, August 07, 2009

The Dead in the Square



(ပန်းခြံတွင်း၌ ကျဆုံးသူများ)
  • ဤပန်းခြံသို့ သေနတ်ကို ကျည် အပြည့် ထည့်လာသူများ..
    ရက်စက်စွာ ပစ်သတ်ရန် အမိန့်တော်ဦးထိပ်ရွက် လာသူများသည်
    တေးသံ ကျူးရင့်လာကုန်သော လူထုကိုသာ တွေ့ ရှိရသည်။
တိုင်းပြည်တာဝန်နှင့် အချစ်စိတ်က
လူအုပ်ကို ပြည်သူအဖြစ် ပြောင်းလဲ ပစ်သည်။

ပိန်ပိန်ပါးပါး မိန်းမငယ် တစ်ဦးသည်
အလံကို ဆုပ်ကိုင်းရင်း ပြန်လဲ ကျသွားသည်။

လုလင်ပျိုတစ်ဦး သည် ဒဏ်ရာကြောင့်
ချောင်းဟက် ကာ လည်ကျသွား သည်။

ဤအခြင်းအရာ ကြောင့် လူထု သည်
ထိတ်လန့်ကာ ငြိမ် သက်သွားပြီး
ကျဆုံးသူများ အား ငေးစိုက် ကြည့်နေကြ သည်။

တဖြည်းဖြည်း ၀မ်း နည်း ကြေကွဲခြင်းလှိုင်းတံပိုးသည်
အေးစက်သော ဒေါသ သို့ ထိုးတက်သွားကုန်သည်။

ထိုနောက်.....
သူတို့သည်... သူတို့၏ အလံများကို
သွေးအိုင်ထဲ ၌ နှစ်ပြီး သကာလ..
လူသတ်သမားများ ၏ မျက်နှာ ရှေ့၌ လွှင့်ထူလိုက်ကြသည်။

ဤကျဆုံးသူများ အတွက်...
ငါ သည်...
အပြစ်ဒဏ်ကို တောင်းဆိုပါ ၏။

ငါတို့၏ အဖတိုင်းပြည်ကို သွေးဖြင့် ပေကျံစေသူတို့အား
ငါ သည်.... အပြစ်ဒဏ်ပေးရန် တောင်းဆိုပါ ၏

ဤလူသတ်မှု ကျူး လွန်ရန် အမိန့်ပေးသူတို့အား
အပြစ်ဒဏ်ပေးရန် ငါ တောင်းဆိုပါ၏

ဤ အလောင်းများပေါ်မှ ကုတ်ကတ်၍
တန်ခိုး အာဏာ လုယူသူ သစ္စာဖေါက်များအား
အပြစ် ဒဏ်ပေးရန် ငါ တောင်းဆိုပါ၏..

ဤသတ်ဖြတ်မှုအား အပြစ်လွှတ်သူ ခွင့်လွှတ်ရေး သမားများအား
အပြစ်ဒဏ်ပေးရန် ငါ တောင်းဆိုပါ၏။

ငါသည်... သူတို့နှင့် လက်ဆွဲကာ မေ့လျော့ရန် အလိုမရှိ..

ငါသည်...သူတို့၏ သွေးစွန်းလက်များ ကို ထိရန် အလိုမရှိ..

ငါ သည် အပြစ်ဒဏ်ပေးရန်သာ အလိုရှိသည် သာ တည်း..။

သူတို့အား..

အရပ်ရပ်သို့ သံအမတ်ကြီးများ အဖြစ် စေလွှတ်ခြင်းကို ၄င်း..
အိမ်မှာပင် ကိုးကွယ် ကာ တဖြည်းဖြည်း ပျောက် ပသွားစေမည် ကို၎င်း။။

ငါ သည်... အလိုမရှိ..။

ဤနေရာမှာ ပင်..

ဤပန်းခြံမှာ ပင်..

သူတို့အား တရားစီရင်ရန် အလိုရှိသည်။

ငါသည် သူတို့ အား..အပြစ် ဒဏ်ပေးရန်သာ အလို ရှိသတည်း..။

သူတို့ ကျဆုံးခဲ့သော ဤနေရာသို့
ငါသည် ငိုကြွေး ရန် လာခြင်း မဟုတ်..

ယခုတိုင် ရှိနေကြသူ သင် တို့အား ပြောကြားရန် ငါ လာခြင်းဖြစ်သည်။

ငါတို့ တိုက်ပွဲသည်
မြေပြင်၌ ၄င်း..၊ စက်ရုံ ၌၄င်း ၊
လယ်တော ၌၄င်း ၊ လမ်းမပေါ်၌ ၄င်း..၊
စိမ်းစိမ်း နီနီ ပွင့်... ရဲရဲ တောက် လျက်ရှိသော
ကြေးနီ ဖို ကျင်များ၌ ၄င်း
စစ်ကြောင်းဖြန့်၍ နေမည်သာတည်း..။

အို.. ကျဆုံးလေပြီးသော.. သွေးချင်း သားချင်း အပေါင်းတို့...

တိတ်ဆိတ်ခြင်းမှ နေ၍.
ငါတို့၏ ကျယ်လောင်သော အသံဖြင့်

လွတ်လပ်ရေး ကြွေးကြော်သံ ကို ဟစ်အော် လွှမ်းမော် ကြကုန်အံ့..။

ထိုအခါ...
ပြည်သူတို့၏ မျှော်မှန်းချက်သည်.
ပျော်ရွှင်ခြင်းတေးသံဖြင့် အလျှံငြီးငြီးမြည်ဟီးနေပါ အံ့...။ ။

ပတ်ဗလို နီရူဒါ
(အမေရိက တိုက်တစ်နေရာမှ)
၁၉၄၃-ဖေဖေါ်ဝါရီ

( ၁၉၆၈ ခု နှစ် ဒီဇင်ဘာလ တွင် ပထမအကြိမ် ထုတ်ဝေခဲ့သေါ လင်းယုန်မောင်မောင် ပြုစုရေးသားသည့် ရဲခေါင်ပျောက်ကျား ချေဂွေဗားရား စာအုပ်မှ ကောက်နှုတ်ဖေါ်ပြပါသည်။ ဤကဗျာအား အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာ သို့ ဆရာကြီး ဒဂုန်တာရာ ပြန်ဆိုပေးခဲ့သည် ဟု စာရေးသူ လင်းယုန်မောင်မောင်က ၄င်း ၏အမှာစာတွင် ရေးသား ဖေါ်ပြထားပါသည်။)

ဤပန်းခြံတွင်း၌ သေဆုံးရသူများ အမည်ရှိ ကဗျာ သည်စိတ်ကူးယဉ်ကဗျာ မဟုတ်၊ တစ်ကယ့် အဖြစ်အပျက် တစ်ခုကိုအခြေခံ၍ ဆရာကြီး နီရူဒါ၏နှလုံးသားမှ ခံစားချက် အပြည့်အ၀ဖြင့်စပ်ဆိုခဲ့သည့် သရုပ်ဖေါ် ကဗျာဖြစ်သည်။

၁၉၄၃ ခုနှစ် ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က ချီလီပြည် စန်တီယာဂိုမြို့ မြို့လည်ပန်းခြံ ကြီးတွင် အလုပ်သမားများ ဆန္ဒပြပွဲ ကျင်းပခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲအား..ချီလီ အစိုးရအဖွဲ့ကသေနတ်များဖြင့် ပစ်ခတ်၍ လူစုခွဲခဲ့ ရာမှအလုပ်သမား အများအပြား ကျဆုံးဒဏ်ရာ ရခဲ့သည်။ ယင်း အဖြစ်အပျက်သည် တောင်အမေရိက တိုက် တစ်တိုက်လုံးကို ဂယက်၇ိုက်ပျံ့နှံ့ သွားခဲ့ရာ၊ အလုပ်သမားများ သွေးမြေကျခဲ့ရသည့် ယင်းအဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သည့် ဆရာကြီးနီရူဒါသည် ချီလီအစိုးရ၏ လူမဆန်သော ရက်စက်မှုများကို နိုင်ငံတစ်ကာမှ ပြည်သူများသိကြားစိမ့်သောငှာ ဤကဗျာဖြင့် လှုံ့ဆော် ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။

မမသီရိ

Wednesday, August 05, 2009

လောလော ဆယ်ဆယ်

ကိုအောင် Tag လို့ ရေးရတဲ့ စာပါ။ ကျေးဇူးပါ ကိုအောင်ရေ.. ကိုယ် ဘာတွေ ဖြစ်နေသလဲ လို့ ပြန် ဆန်းစစ်မိသွားတာပေါ့..။ နို့်မို့ တနေ့ တနေ့ နေ၀င် နေထွက် ဘာတွေ မှန်း မသိအောင် လုံးလည် လိုက်ပြီး တွေဝေ.. သာမာန်ပဲ ဖြစ်နေခဲ့ရတော့တာ။ ခုလို ပြန်သုံးသပ်မိတော့ လဲ တချို့ ကိစ္စ လေးတွေ အချိန်မီ ဘရိတ်အုပ် လို့ ရတာပေါ့နော်..။

တွေးနေမိတာက

ကမ္ဘာကြီးကဘာလို့ ဒီလောက်ကျယ်တာလဲ။
အင်တာနက်မပေါ်ရင် အကောင်းသား..။
ကြိုးတချို့က cutter တွေ အမျိုးမျိုးသုံးပြီး ဖြတ်တာ အရာတောင် မပွန်း တာ ဘာကြောင့်ပါလိမ့်။
လှော်တက်တွေ ကူပါရက်နဲ့ ကမ်းမကပ်နိုင်ပဲ တ၀ဲလည်လည်ဖြစ်နေတဲ့ လှေကလေးတွေ အကြောင်း..။
ပြီးတော့ ကိုယ်တိုင်က...
ရူးများ ရူးနေပလားလို့ တွေးနေမိတယ်၊ စိတ်တွေက ဟိုရောက် ဒီရောက်၊ မေ့တာကလဲ မပြောနဲ့၊ မနက်မနက် ရုံးသွားတော့မယ် လုပ်ရင် အနည်းဆုံး အိမ်ပေါ်ကို ၂ ကြိမ်လောက် ပြန်မတက်ရတဲ့နေ့ မရှိသလောက်၊ ရုံးခန်းသော့မေ့လို့၊ မုန့်ဗူးမေ့လို့၊ စာရွက်ဖိုင်တွေ မေ့လို့....မျက်မှန်မေ့လို့...အခန်းသော့မပိတ်ခဲ့ ရလို့.. အ၀တ်အစားနဲ့ တွဲစီးရမဲ့ ဖိနပ် အရောင် မှားစီးမိလို့..


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

အသက်ကြီးပေမဲ့.. စိတ်က ကြီးလိုက်မလာ တဲ့ ရောဂါ တမျိုး စွဲကပ်နေပြီ..

(ဟိုတလောက ညစာစားပွဲ တခုမှာ နီပေါလူမျိုး မိတ်ဆွေဆရာဝန်တယောက်နဲ့ စကားလက်ဆုံ ကျမိကြတယ်။ စိတ်ကျင့်စဉ်တွေ နဲ့ တရားမှတ်ခြင်း ရဲ့ အကျိုးကျေးဇူးတွေ..။ သူ က လောလောဆယ် ထေရ၀ါဒ ဗုဒဘာသာ ကို စိတ်ဝင်စားစပြုလာတဲ့ သူတယောက်ပါ..။ စိတ်ကို လေ့ကျင့်တဲ့ အလုပ် နဲ့ စိတ်ကို စောင့်ကြည့်တဲ့ အလုပ်ကို အသက်၂၀ ကျော် နဲ့ ၃၀ ပတ်ဝန်းကျင်တုန်းက အတော်လေး ကို စိတ်ဝင်တစား လေ့ကျင့် လုပ်ဖြစ်ပေမဲ့ နောက်ပိုင်း ပေါ့လျော့ သွားပါတယ်လို့ ကျမ ကပြောတော့ .. အဲဒီမိတ်ဆွေ က..ကျမ ကို ထူးဆန်းလိုက်တာတဲ့.. သူကြားဖူးတာက လူတွေ က အသက်ကြီးတဲ့ ခါ မှာ ဘုရား တရား ပိုမို အချိန်ပေးလုပ်ကြတယ်.. တရားထိုင်ခြင်း အမှု ကိစ္စ ကို လုပ်ကြတယ် .. မင်းကျတော့ ဘယ်လိုဖြစ်တာလဲ လို့ ကျမကို ပြန်မေးပါတယ်.. ပြုံးဖြဲဖြဲလေးနဲ ..ဒီလိုပါပဲ ကွာ.. လို့ ပြန်ပြောလိုက်ရတယ်...ကျမ အတွက်တော့ လူတွေ ဆိုတာ အသက်ကြီးလာလေ စွဲလမ်းတာတွေ လိုအပ်တာတွေ များလာတယ်..။ ငယ်ငယ်တုန်း အသက်စွန့်ရမှာ ၀န်မလေးဘူး၊ ဆင်းရဲမှာကို မကြောက်ခဲ့ဖူး၊ အခက်အခဲ ဆိုတာတွေ လာချင်သလောက် လာခဲ့ .. အရွယ်ရလာတော့ .. တတ်နိုင်သရွေ့ .. လက်ရှိ ကာလတွေ ဆွဲဆန့်ထားချင်လာတယ်.သက်တောင့်သက်သာ နေချင်လာတယ်.. ချစ်ခြင်းမေတ္တာတွေ လိုအပ်လာတယ်..လေ)

ကျန်းမာရေး
လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ထဲက ဆေးနှစ်မျိုး နေ့စဉ်သောက်နေခဲ့ရပြီးပြီ..။
ဟိုတလောလေးကတော့ နှလုံးဆေးတွေ ပြန်သောက်လိုက်ရသေးတယ်။ကျောအောင့်တာကလဲ နဲနဲ တိုးလာ သလားလို့။ တာဝန်ကျေရမှာတွေရှိနေသေးတယ် (ကိုယ့်ဖက်ကတော့) သေလို့မဖြစ်သေးတာမို့ အသက်ကိုဥာဏ်စောင့် ကျန်းမာ အောင် ဂရုစိုက်ရမယ် လို့ မကြာခဏ ကိုယ့်ကို ကိုယ် သတိပေးနေရတယ်။

ဖတ်ဖြစ်တဲ့စာအုပ်တွေက

ကျမ က အလုပ်ထဲမှာ တနေ့ ကို ၁၄ နာရီလောက် တပတ်ကို ၇ ရ က် ရှိနေတတ်တာ မို့စာဖတ်ချိန်က မအိပ်ခင်.. အိပ်မပျော်ခင်လေး ပဲ ရှိပါတယ် ။ လောလောဆယ်ကျမအိပ်ယာဘေးမှ ရှိနေတဲ့စာအုပ်တွေကတော့
  • Pascal Khoo Thwe ရဲ့ From The Land Of Green Ghost ( A Burmese Odyssey)
  • ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တိုင်းရင်းသား လူမျိုးများအရေး
  • ၀င်စတန်ချာချီ
  • တဂိုးစာနုယဉ်

ရောက်နေဖြစ်တာက

ရုံးစားပွဲ နဲ့ ကွန်ပျူတာ

ရေးဖြစ်နေတာက

တကယ်လက်တွေ့ချရေးဖြစ်တာက အတွေးလေးတစ ရတာနဲ့ စီဆင်းလာသော (ကိုယ့်ဖာသာကိုယ် ကဗျာဟု သတ်မှတ်ထားသော) ကဗျာပေါင်း များစွာ..။ အစ .. စရုံလေး စထားခဲ့ပြီး စိတ်ကူးထဲတော့မှာနေ့တိုင်း အချိန် တိုင်းနီးပါ ရေးနေမိတဲ့ ဆုံဖူးချင်တဲ့ ဒီလူတွေ ဆိုတဲ့ ပို့စ်တခု၊ သင်းကွဲ စင်ရော် ဆိုတဲ့ အတွေးများဆန့်ထုတ်ခြင်း တစ.. ဘယ်တော့မှ ပြီးမလဲ မသိ...။

နားထောင်ဖြစ်နေတာက

စံလင်းရဲ့ သီချင်းဟောင်းတွေ..။

ရွတ်နေမိတဲ့ကဗျာက
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး
လယ်စောင့်တဲလေး ရှည်တံရှည်
မိုးကုပ်အောက်မှာတည်
ကြာဖြူတပွင့် နီ တပွင့် တဲနဲ့ ပနံတင့်..။

(ခုတလော ဒီမှာ မိုးတွေ သည်းနေတယ်)

ဖြစ်ချင်နေတာက
လက်ရှိဘ၀ က အလုပ်တွေ အရမ်းများတာမို့ ဘာဖြစ်ချင်မှန်းတောင် မသိတော့ဘူး၊ သေချာ ပြန်စဉ်းစား ကြည့်တော့ ကိုယ်ပိုင် အိမ်ကလေး တလုံးအရမ်းလိုချင်မိတယ်။ အိမ်ပိုင်ရှင် ဖြစ်ချင်နေတယ် ဆိုပါတော့။

စားဖြစ်နေတတ်တာက

အာလူးကြော်တွေ၊ ကိုယ်နဲ့ လဲ မတည့်ဘူး ဒါပေမဲ့ စားဖြစ်နေတယ်။


သနားနေမိတာက


ဘယ်သွားရမှန်းမသိ ဖြစ်နေတဲ့ ဟိုလူကြီးတွေ၊ ကျမ တကယ် သနားတာ သူတို့ ကို... မသေတော့မဲ့ အတိုင်း..

လွမ်းနေမိတာက


တောင်ကုန်းဆင်းက မြေနီလမ်းကလေးကိုလွမ်းတယ်၊ ၀ါးရုံရိပ်တွေသန်းတဲ့ ငယ်ဘ၀က အိမ်ကြီးထဲက ကိုယ်ပိုင်အိပ်ခန်းလေးကို လွမ်းတယ်၊ ကျမရဲ့ စိတ်ကူးတောင်ပံတွေ ကွန့်မြူးခဲ့ ရာ ခြံကျယ်ကြီး ကိုလွမ်းတယ်။ ရွှံ့ဗွက် ထူထူ နဲ့ ကျောင်းသွားခဲ့တဲ့ လမ်းကလေး ကို လွမ်းတယ်၊
ဘ၀ရဲ့ နောက်ဆုံးအချိန်တွေ မှာ ဘေးနားမှာပြုစုခွင့်မရလိုက်တဲ့ ဖေဖေနဲ့ မေမေ့ကို လွမ်းတယ်။ အနှစ်နှစ်အလလ က စုထားခဲ့ပြီး တာဝန်ကျဖူးတဲ့ မြိုကလေးတမြို့ရဲ့ မီးဘေးထဲ ပါသွားတဲ့ ကျမရဲ့ သမိုင်းဆိုင်ရာစာအုပ်တွေ၊ ရသစာအုပ်တွေ၊ စိတ်ပညာနဲ့ စိတ်စွမ်းအင်ဆိုင်ရာစာအုပ်တွေ (ကျွန်းသေတ္တာ ၂ လုံးစာ) ကို လွမ်းတယ်၊ ပြီးတော့ တစုံတရာ တစုံ တယောက် ကို လဲ စူးစူး နင့်နင့် လွမ်းတယ်။ မြင်မြင်သမျှ ကျမအတွက် လွမ်းစရာတွေ ချည်းပါပဲ၊ လွမ်းလွန်းလို့ တခါတခါ ကိုယ့်ကိုကိုယ် စိတ်ပျက်မိပေါင်း မနည်းတော့ဘူး။


မေ့လျော့ပစ်နေမိတာက


သတိမထားမိဘူး၊ ဦးနှောက်ထဲမှာ နှလုံးသား မှာ မရှိတော့ရင် အလိုလို မေ့သွား လို့..။ မေ့လို့ ရကောင်းသပ ဆိုရင်တော့.. မေ့ လိုက်လို့ ကိုယ့်စာမျက်နှာတွေထဲ က ပျောက်သွားမယ် ဆိုရင်တော့ မေ့ချင်နေတာ တွေ ရှိပါတယ်..။ ပြောမပြနိုင်တာ ခွင့်လွှတ်ပေးကြပါ။


ခါးသက်နေမိတာက

အိပ်မက်ဆိုး မက်တဲ့ ညတွေ..

တမ်းတနေမိတာက


ဘာမှန်းမသိတဲ့ တစုံ တရာ


ကြိတ်ပြီးချီးကျူးနေမိတာက

ကျမရဲ့ ခုလက်ရှိ အလုပ်ထဲ က ဆရာ၊ ကျမဆွဲတဲ့ ဘတ်ဂျက် သေးသေး လေးကို မငြီး မငြူ အကြိမ် ၃၀ နီးပါ ပြင်တယ် ..း) ။ သူ အချိန် ၄ ရက် ယူပြီး အကြိမ် ၃၀ နီးပါး ပြင်ပြီးတဲ့အခါ- ကျမလဲ မျက်မှန်ပါဝါ တိုးရတော့မလို ဖြစ်ပြီး ခြေထောက်တွေ ရောင် ပြီးတဲ့ အခါ ..ဒေါ်လာ ၃၀၀ လောက် ပို ထွက်လာခဲ့တယ် ..း)..။ ကျမ ဒီအလုပ်ထဲ ရောက်တဲ့ ၂ နှစ်ကျော် ကာလအတွင်း ၀န်ထမ်းတွေ အပေါ်မှာရော တခြား ဆက်ဆံရတဲ့ လူတွေ အပေါ်မှာပါ စိတ်ဆိုးတာ၊ စိတ်ပျက်တယ် လို့ပြောတာ တခါ မှ မကြားဖူး မမြင်ဖူးဘူး.. ဒီလောက် သီငြီးခံနိုင်တဲ့ သက်ရှိလူသား ကျမ ဘ၀ မှာ ဒီတယောက်သာ ကြုံဖူး ပါတယ်။


ကြိတ်ပြီးအထင်သေးနေမိတာက


ဘယ်သူ့ ကိုမှ အထင်မသေးဖူးဘူး ရှင့်၊ အဲဒါ အမှန်၊ လူတွေမှာ ကိုယ့်အကြောင်းနဲ့ ကိုယ်၊ ကိုယ့်နောက်ခံသမိုင်းနဲ့ ကိုယ်၊ ပြီးတော့ကိုယ့် အတွေ့ အကြုံ ကိုယ့်ခံစားချက်နဲ့ ကိုယ် ရှိနေတတ်တယ်ဆိုတဲ့ သီအိုရီ ကို ငယ်ငယ်ထဲ က စွဲ မှတ်ယူခဲ့တာမို့ ဘယ်သူ့ ကိုမှ အထင်မသေးဖူးဘူး... တစုံ တယောက် မှားနေတယ်လို့ ထင်ရင်တော့ ရိုးရိုးသားသား ကိုယ့်အမြင်လေး တင်ပြကြည့်ချင်တယ်.. သူ လက်မခံနိုင်ဘူးဆိုရင်လဲ ကျမ စိတ်ဆိုးမှာတော့ မဟုတ်ဖူး။


ဆန္ဒမရှိတဲ့နေရာ


ဖုန်တွေ ထူ၊ မီးခိုးတွေ မွန်းတဲ့ နေရာတွေ.. နဲ့ ဆူညံလွန်းတဲ့ နေရာတွေ။

ဆန္ဒရှိနေတဲ့ကိစ္စ

ရင်ထဲ အမြဲရှိနေတာက ဖလောရင့်စ် နဲ့ ပါရီမှာ ရှိနေတဲ့ ကမ္ဘာကျော်ပြတိုက်တွေ ကို သွားချင်တယ်..။

ခုလောလောဆယ်မှာတော့ ကျမတို့ ပရော ဂျက်တခု အောက်မှာ ရှိတဲ့ လူစာရင်းထဲမှာ လူ ၁၆ ယောက်ကွာနေလို့ ကျမနဲ့ လက်ထောက် ၂ ယောက် ခေါင်းကိုက်နေတာ တ ပတ်ရှိပြီ.. အဲဒီလူတွေစာရင်း မြန်မြန်တွေ့ချင်တယ်.။ နို့မို့ စာရင်းတွေ ပိတ်နိုင်မှာ မဟုတ်ဖူး.. ကိုဂျူလိုင်လေးကတော့ အကြံပေးရှာသား.. အမရေ ဒါလေးများ ဘလော့ဂါ နာမည်တွေ ထည့်လိုက်ပါလား တဲ့..း).... ခက်တာက ကျမနဲ့ သိတဲ့ ဘလော့ဂါ က ၁၀ ယောက် တောင်မပြည့်.. ဘယ်လို လုပ်ရပါ့... ။


မုန်းတီးနေမိတာက


စိမ်းရွှေရွှေ ညှီစို့စို့၊ မသတီစရာ အိပ်မက်တွေ နဲ့ ည များ....။

ချစ်နေတာက


ကိုယ့်ကိုကိုယ် အချစ်ဆုံးလို့ ထင်နေခဲ့တာ..။ ဟိုတလောလေးက ဆေးခန်းကို ရုတ်တရက်ကြီး ရောက်သွားတော့ မှ မှားမှန်းသိရတယ်။ သေချာ ပြန်ဆန်းစစ်ကြည့်တော့ ကျမချစ်နေမိတာ ကျမရဲ့ပန်းကလေး၊ ကျမရဲ့ ၀က်ဝံကလေး၊ ကျမရဲ့ စူပါမင်း၊ ကျမရဲ့ ကလေးလေး၊ ကျမ ရဲ့ ကဗျာတွေ .နဲ့ ကျမ ရဲ့ (မြတ်နိုးတဲ့ ဒီ) အလုပ်..။


စိတ်ပျက်နေမိတာက

ဆူပွက်စ ထမင်းတအိုး၊ မီးခိုးတွေ အုံနေတဲ့ မီးတဖိုနဲ့ ... သူတို့.................


စွဲလန်းနေမိတာက


ပွင့်ပွင့်လင်းလင်း ပြောရရင် သိပ်တော့ မသိဘူး ရှင့်၊ တခုကတော့ အင်တာနက် ဖြစ်မယ် ထင်တယ် ..သူနဲ့ ဝေးတဲ့ နေရာ ရောက်နေတဲ့ အခိုက် စိတ်ထဲ က တခုခု လိုအပ်နေသလို မျိုး တွေ့နေမိတယ်။


လိုအပ်နေတာက


လမင်းလေးရောက်လာမဲ့ ည တွေ

တောင်းနေမိတဲ့ဆု


ကြယ်တွေကြွေပါစေ


ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

အာ..


ပြောချင်နေတဲ့စကားတခွန်း

ခုတော့လဲ အရာရာတိုင်းက ပုံမှန်ပါပဲ ကွာ...
ဆိုတဲ့စကားကို မျက်ရည်မ၀ဲပဲ ရင်ထဲက နှစ်နှစ်လိုလို ပြောချင်ပါတယ်


ပါးချင်တဲ့ အမှာစကား

ကျမတို့ လုပ်ငန်းရဲ့ ဒုတိယနှစ်ပတ်လည် အလုပ်အများဆုံးရာသီ ရောက်နေတာမို့ နေ့စဉ် အွန်လိုင်းမှာ အချိန်ပြည့် ရှိနိုင်ဖို့ ခက်ပါတော့မယ်..။ ဘလော့တွေ အချိန်ပေး ဖတ်နိုင်ဖို့ ခဲယဉ်းမှာ မို့ ဘလော့ မိတ်ဆွေတွေ အားလုံးကို နားလည်ခွင့်လွှတ်ဖို့ ပြောချင်ပါတယ်
..။ ကိုယ့်ဘလော့လေးမှာတော့ အချိန်အားတုန်းက draft လုပ်ထားခဲ့တဲ့ ကဗျာတွေ ရှိနေတာမို့ အဆင်ပြေသလို တင်သွားပေးပါမယ်..။

ဝန်ခံချင်တာက
  • ကျမ က အူတူတူ အတတ တောသူ အချဉ် ..။
  • ဒီပို့စ်ကို ရင်ထဲ က နှစ်နှစ်ကာကာ ရေးချင်တဲ့ ဆန္ဒအပြည့်နဲ့ရေးတာပါ..။
  • ငါးမရှိမှန်းသိနေတဲ့ စမ်းချောင်းထဲ နေ့တိုင်း ငါးမျှား ဆင်းတယ်။
  • နေမင်း ကအနောက်ဖက်ကထွက် လာမလား လို့ နေ့တိုင်း မျှော်တယ်။
  • မိုးပေါ်က လမင်း က ဘယ်နေ့ ရင်ခွင်ထဲ ရောက်လာမလဲ လို့ အမြဲတွေးတယ်။
  • အိပ်မက်တွေ အမှန်ဖြစ်နိုင်တယ် လို့ ယုံနေမိဆဲ..။
  • အဲဒီလမ်းကလေး အဆုံး မှာ မြက်ခင်းစိမ်းနဲ့ ဥယာဉ်လေး ရှိတယ်လို့ ယုံထား ဆဲ။
  • ကျမက စိတ် သိပ် မမှန်ဘူး...။

သူများTag ရင် Tag ဆင့်ကမ်းရတယ် လို့ ကျမဆရာ ကိုဂျူလိုင် က မိန့်မှာဖူးတာမို့ Tag ပါရစေ။ အမှန်ဆို ကျမ က မိတ်ဆွေ ရှိလှတယ် မဟုတ်တာမို့ ဘေးနားရှိတဲ့ ဒီလူတွေ ပဲ ထပ် Tag ပါရစေတော့..။


July Dream အိမ်မပြန်ခင် အပြီးရေးပေးပါ မောင်လေး။
စိတ်စမ်းရေ
ညီမ ကောင်းကင်ပြာ
မေ့သမီး
ကြယ်ကလေး
ယုယ
သိပ်တော့ မရင်းနှီးပေမဲ့ ကိုလူလ ကိုလဲ Tag ပါရစေ.။
(အချိန်မရ..ခုပဲ ကွန်ပျူတာရှေ့ က ခွာရတော့မှာမို့ Link တွေ မထည့်ဖြစ်တာ နားလည်ပေးကြပါ..။)


သတိတရ Tag တဲ့ ကိုအောင့်ကို အရမ်းကျေးဇူးတင်ကြောင်း ဒုတိယ တကြိမ် ထပ်ပြောပါရစေ..။

မမသီရိ

Monday, August 03, 2009

ပါရမီဖြည့်လိုသူ၏ဆန္ဒများ


ကလေးလေး..
တကယ်လို့ မင်းဟာ..
ငှက်ကလေး တကောင်ဆိုပါတော့..
ငှက်လောကမှာ
မင်းဟာ..
မိုးကောင်းကင်ရဲ့ အမြင့်ဆုံး
မိုးကုပ်စက်ဝိုင်းရဲ့ အဝေးဆုံး
ပြေးလို့ ပျံတက်
ထက်မြက်တဲ့ ငှက်ကလေးပဲ ဖြစ်စေချင်တယ်..
မင်း ခွန်အားတွေ ပြည့်စေဖို့
တေးသီချင်း တချို့ ကို
မင်းဘေးမှာ သီဆိုရင်း...
မင်းရဲ့ အရောင်အသွေး..
မြရေး ချယ်စေရင်း..
ထာဝရ မင်း အနားမှာ .. ဖေးမ ကာ နေမယ်လေ....။

ကလေးလေး..
တကယ်လို့ မင်းဟာ...
ပန်းကလေး တပွင့်ဆိုပါတော့..
ပန်းတို့ ရဲ့ ရာဇ၀င်မှာ
မင်းဟာ...
ကမ္ဘာမြေပြင်ရဲ့ အလှပ ဆုံး..
စကြ၀ဠာ ရဲ့ အမွှေးမြဆုံး
ထူးခြား ဆန်းကြယ်
လှရေးချယ်တဲ့ ပန်းကလေးပဲ ဖြစ်စေချင်တယ်....
မင်း ထာဝရ လှပ ဖို့..
ခူးလဲ မခူး.. (ရူးချင်လဲ ရူးသွား ပါစေ..)
နမ်းလဲ မနမ်း.. (ပင်ပန်းချင် ပင်ပန်းပါစေ..)
မြေသြဇာကြွေး.. ရေအေးပေးလို့
ပန်းကလေး မင်း အတွက်..
နေ၀င် နေထွက်
အသက်ရှင်တဲ့ ရက်တွေ ကို
မင်းဘေးမှာ ပဲ ကုန်ပါစေ ကွယ်....

ကလေးလေး
တကယ်လို့မင်းဟာ ...
တောင်ကုန်းလေး တခု ဆိုပါတော့
တောင်တကာတို့ ရဲ့ အလယ်မှာ
မင်းဟာ..
ကြည်နူးဖွယ်ရာ အကောင်းဆုံး
အတင့်တယ်ဆုံးသော တောင်ကုန်းလေး
မင်းသာ ဖြစ်ရပါစေမယ်..
မင်းစိမ်းလန်းလှပဖို့
မြက်ခင်းလေးတို့ ဖြစ်နေမယ်
အပြာရောင်မိုးကောင်းကင် တို့ဖြစ်ချင်တယ်
သစ်တောအုပ်စိမ်းစိမ်းဘ၀ နဲ့ ထွေးပွေ့ပါ့မယ်
လေနုအေးအသွင် မင်းကို ကြည်လင်စေမယ်
မြေနီလမ်းကလေး တို့ဖြစ်ပေးမယ်
တောပန်းရိုင်းပွင့် ပွင့်နေပေးမယ်
တောင်ကုန်းလေးရဲ့ အရာရာ
တို့သာ ဖြစ်နေပေး မယ်.လေ..။


ကလေးလေး..
တကယ်လို့ မင်းဟာ..
စမ်းချောင်းလေး တခု ဆိုပါတော့
စမ်းချောင်းတို့ ရဲ့ သမိုင်းမှာ
မင်းဟာ..
ကြည်လင်ခြင်းတို့ ရဲ့ အသန့်စင်ဆုံး
ရေတကာတို့ ရဲ့ အအေးမြဆုံး..
ကမ္ဘာမြေပြင်ရဲ့ ရတနာ
သဘာဝတရား ရဲ့ အခရာ.. မင်းသာဖြစ်ပါစေကွယ်..
အစဉ်ထာဝရ မင်း... စီးဆင်းစေဖို့
လိုအပ်တဲ့ ရေအတွက် မိုးစက်လေး တို့ ဖြစ်နေမယ်..
အေးမြခြင်း အတွက်..သစ်ရိပ်လေး တို့ ဖြစ်နေမယ်..
..
ကလေးလေး ရယ်..
မင်း.. အတွက်.. ဖြည့်ဆီး ဖို့.. အမြဲ အဆင်သင့်
ရင်ခွင်တံခါး ကို ဖွင့်လို့.. တဘ၀ လုံး စာ .. မင်း အတွက်ပါပဲ ကွယ်....။


(ကျမရဲ့ ကလေးလေး အတွက်ပါ..)

ဒီကဗျာက အစတုန်းက ၄ ပိုဒ် ထဲပါ..။ တနေ့ ကျမရဲ့ ကလေးလေးကို ဘာများ ဖြစ်ချင်သလဲ လို့မေးကြည့်မိတော့ သူက ထူးထူး ဆန်းဆန်း တောင်ကုန်းလေး ဖြစ်ချင်သတဲ့..း)...။ ဒါနဲ့ ပဲ ကျမရဲ့ ကဗျာလေးက နောက်ထပ် တပိုဒ် တိုး ခဲ့ ရတော့တယ်..း)....။

မမသီရိ
(၂၆.၇.၂၀၀၉)

Sunday, August 02, 2009

သမီးပါးက ပန်းချီကား


ပါးကွက်လေးနဲ့ မကြေးမုံ

သနပ်ခါးလေး ခပ်ဖုံဖုံ


မွှေးမွှေး ရီရီ ပါးကွက်လေး

ဘယ်သူလိမ်းချယ်ပေး


ဖေဖေကသွေး မေမေရေး

သမီးပါးက ပန်းချီကားလေး


ချစ်ဖို့ကောင်းလို့ မွှေးချင်တယ်

သမီးက ခေါင်းဖယ်

ပါးပါးမွှေးတော့ အလှလျော့

ပါးကွက်ပျက်မှာပေါ့…။


မမသီရိ


ကဗျာဟောင်းလေး တပုဒ်ပါ။ အလွန်ချစ်စရာ ကောင်းသော ကျမရဲ့ အကိုဝမ်းကွဲ တယောက်ရဲ့ သမီးလေးကို ကြည့်ရင်းရေးခဲ့တဲ့ ကဗျာလေး တပုဒ်ဖြစ်ပါတယ်။ အဲဒီ တူမ ပိစိကွေးလေးက ခုတော့ တက္ကသိုလ် ရောက်နေပါပြီ။


Thanks to Oatara Cho being as Model in this Post.