Saturday, March 28, 2009

;(





ခေါ်မလား..!!!..

...စောင့်တယ်...

.......

ခေါ်ဘူး.....း(......





လာမလား..!!!.

...စောင့်တယ်....

........

လာဘူး....း(...







ချော့မလား..!!!..

..စောင့်တယ်...

.......

ချော့ဘူး...း(...


..ဟွန့်..


...ဘာရမလဲ...

ထပ်ကောက်တယ် ကွာ...

လာ ကို...မခေါ်နဲ့ တော့...

တသက်.လုံး...;(..။



သတိ။ ။ အသက် ၁၆ နှစ် အထက် မဖတ်ရ....။




မမသီရိ

Thursday, March 26, 2009

သူရဲကောင်း

သူတို့မှာ..
သူတို့ သူရဲကောင်းတွေ ရှိတယ်..။

ငါတို့မှာ..
ငါတို့ သူရဲကောင်းတွေ ရှိတယ်..။

သူတို့ ရဲ့ သူရဲကောင်းက
ငါတို့ အတွက် ရန်သူဖြစ်ချင် ဖြစ်မယ်..။

ငါတို့ ရဲ့ သူရဲကောင်းကလဲ
သူတို့အတွက် ရန်သူ ဖြစ်ချင်ဖြစ်မယ်..။

ငါတို့မှာ
မွေးရာပါ အခွင့်အရေး တွေ
ကိုယ်စီ ရှိနေကြတာမို့
လွတ်လပ်စွာ ကွဲလွဲ ခွင့် ရှိသလိုပဲ
လွတ်လပ်စွာ.. ညီညွတ်ခွင့် လဲ ရှိနေတယ်..။

ဘယ်သူမှန်လို့
ဘယ်သူ မှားသလဲ ဆိုတာ
သမိုင်းက ပြောလေလိမ့်မကွဲ့..။

အသွေးအရောင်တွေ
ကွဲပြားခြားနားနေတဲ့
ရောင်စုံ ဒီကမ္ဘာကြီးထဲ..

တူညီရာ ခံယူချက်တွေနဲ့
ကိုယ်ယုံကြည်ရာ မသွေ လမ်းကို တဲ့..။

ကဲ.. လာ..
နှလုံးသား အရောင်ညီတဲ့ သူတွေ..
အတူတူ ချီတက်ကြစို့ရဲ့..
နေ့သစ်တခု ဆီ..
ရောင်နီ လာလေမလား..
ဝိုးတ၀ါး ရှိနေဆဲ ပေမဲ့......
.........................
ကိုယ်တို့ ရဲ့ သူရဲကောင်းတွေနဲ့ အတူ...။


၁၉၄၇ ခုနှစ်တွင် ဖက်ဆစ်များ အား ရဲရဲ ၀ံ့ဝံ စွန့်စွန့် စားစား တွန်းလှန် တိုက်ခိုက် ခဲ့သော မြန်မာ့ သူရဲကောင်းများ၊ ပြည်သူ ဖက်က အစဉ်အမြဲ ရပ်တည် တိုက်ပွဲ ၀င်နေသော ကမ္ဘာပေါ်ရှိ သူရဲကောင်းများ အားလုံးအတွက် နှင့် မတ်လ ၂၇ ရက်တွင်ကျရောက် မည့် တော်လှန်ရေးနေ့ အား ဂုဏ်ပြု ဖွဲ့သီပါသည်။
...........................................................

Professional ကဗျာဆရာတွေ အားလုံးက သူတို့ ရဲ့ ကဗျာတွေ ကို အဓိပ္ပါယ် ဖွင့်ဆိုလေ့ မရှိကြပါဘူး ဘာကြောင့်ရေးရသလဲ လို့ ပြောတာလဲ ရှားရှား ပါးပါး ပါ။ ကျမ ကတော့ Professional ကဗျာဆရာ မဟုတ်တဲ့ အပြင် မိကျောင်းမ သမီးနဲ့ အမျိုးတော်သူမို့.. လျှာက အတော် ရှည်ပါတယ်။ လူမမေးပဲ ပြောချင်လွန်းတဲ့ ..မတီးပဲ မြည်ချင်တဲ့စည်ကလေး တလုံးပါ..။ ဘာအလုပ်လေးပဲ လုပ်.လုပ်.. ဘာလေးပဲ ရေး .. ရေး.. ရည်ရွယ် ချက် က ဘာလဲ.. နောက်ခံသမိုင်း က ဘာလဲ.. ဘာတွေက စေ့ဆော်လို့ ရေးရတာလဲ .. လုပ်ရတာလဲ ဆို တာ .. ဘယ်သူမှ မမေးပေမဲ့ ပြောချင်နေသူ ပါ..။ တပြိုင် နက်ထဲမှာပဲ.. အချိန်လေး အားအား ယားယား ရှိရင်.. ဘလော့ဂ်တွေ လျှောက်လျှောက် လည်တတ် တဲ့ အကျင့်လေးကလဲ ရခဲ့တာမို့.. ခုတလော.. လျှာလဲ ရှည်... ခြေလဲ ရှည် လို့ ပြော ရမယ်ထင်ပါရဲ့.။

ခြေရှည်တယ် ဆိုပေမဲ့.. ကျမရဲ့ ရွာထဲကအပြန်ဆိုတဲ့ ပို့စ်ထဲ မှာ ရေးခဲ့ သလိုပဲ.. ဘယ်လိုသွားလို့ ဘယ်ကို ရောက်တယ် ဆိုတာ သေချာ သိတာ မဟုတ်ပါဘူး..။ ကိုယ့် ဆီလာလည်တဲ့သူတွေထဲက link ထားခဲ့ သူတွေ ဆီကို အလည် ထွက်ဖြစ်ပြီးတော့.. ကိုယ်နှစ်သက်မိသူတွေ.. ခင်မင် မိသူတွေ အသစ် ရေးတာတွေ့ ရင်.. သွား.. သွား.. ဖတ်ဖြစ်အောင် follow လုပ်ဖြစ်တဲ့အခြေအနေက သိပ်ကြာသေးတာ မဟုတ်ပါဘူး..။ အဆင်ပြေပြေ လျှောက်လည်တတ်တာ လပိုင်းလောက်ပဲရှိ အုံးမယ် ထင်ပါရဲ့.. ..။ ဒီ အဆင့်ကို မရောက်ခင်လေး တုန်း က.. အကိုအောင်သာငယ် ရဲ့ ဘလော့ဂ် ထဲက recent posts list ထဲမှာ.. နီရူဒါ ဆိုတဲ့စကားလုံးလေး တလုံးပါတဲ့ ခေါင်းစဉ်နဲ့.. ပို့စ်အသစ်တင်တဲ့ ဘလော့ဂ်တခုတွေ့မိတာနဲ့ အားရပါးရ ၀မ်းပန်းတသာ click လုပ်ပြီး အလည်သွားမိခဲ့ပါတယ်.. ဘာလို့ လဲ ဆိုတော့ ကျမက ငယ်ငယ် ထဲ က ဆရာကြီး နီရူဒါ ကို စွဲလမ်းခဲ့ သူ တယောက် မို့ ပါပဲ..။ သေချာတော့ မမှတ်မိတော့ပေမဲ့.. အဲဒီ ကဗျာထဲမှာ.. နီရူဒါရဲ့ ကဗျာတပုဒ် ထဲ က စကားစုဖြစ်တဲ့ ငါ့တိုင်းပြည်လေးမှာ သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ် ဆိုတဲ့ (ကိုအောင်သာငယ် ရဲ့ ဘန်နာ နဲ့ မနောဟရီရဲ့ ဆိုဒ်ဘားထဲ မှာ အဲဒီစကားစုလေး ရှိပါတယ်) စကားစုလေး ကို သုံးထားပါတယ်.. ပြီးတော့မှ ဆက်ရေးထားတာက.. အဲဒါကြောင့် ပဲပြုတ်နဲ့ကြော်စားလိုက်တယ် တဲ့... မျှော်လင့်တကြီးနဲ့ရောက် သွားတဲ့ ကျမ .. ရင်ဝဆီးကန် သလိုမျိုးခံစား ရပြီးတော့ .. အတော် ၀မ်းနည်းသွားခဲ့မိပါတယ်..။ ဘလော့ဂ်လောက ထဲ မလည်မ၀ယ်အဆင့်မှာပဲရှိပြီး.. ၀မ်းပန်းတနည်းခံစားနေခဲ့ရတာမို့.. အဲဒါ ဘယ်ဘလော့ဂ်လဲဆိုတာ ကျမ မမှတ်မိတော့ပါ ဘူး..။

ခု .. အဲဒီ အကြောင်း ပြန်ရေး နေရ တာ က.. အဲဒီ ကဗျာရေးခဲ့ တဲ့ သူကို ကျေးဇူး တင်ချင်လို့ပါ.. သူ့ကြောင့်မို့လို့.. ကျမ ငယ်ငယ် ထဲက လေးစားခဲ့ရတဲ့.. ကျမရဲ့ သူရဲကောင်း တယောက် ဖြစ်တဲ့.. အာနက်စတို ချေဂွေဗားရား ရဲ့.. တော်လှန်ရေး စိတ်ဓါတ်နဲ့ ခံယူချက် မျိုးစေ့ကို နှိုး ဆွပေးခဲ့သူ.. ချီလီ မျိုးချစ် ကဗျာဆရာကြီး.. ပတ်ဗလိုနီရူဒါ ရဲ့ အကြောင်း.. သေချာ လေ့လာခွင့်ရခဲ့ပါ တယ်..။ အဲဒီကဗျာအောက် မှာ ကဗျာရေးသူ က link ကလေး တခု ပေးထားခဲ့တာမို့ပါ..။

နှစ်တွေအလီလီ ပြောင်း လို့ ..ခောတ်တွေ စံနစ်တွေ ဘယ်လိုပြောင်းခဲ့ ပေမဲ့.. အမှန်တရားကို မြတ်နိုးပြီး
မတရားမှုနဲ့ ဖိနှိပ် ချုပ်ချယ်မှုတွေ ကို တော်လှန်လိုတဲ့ .. လူငယ်တွေ ရဲ့ ရင် ထဲမှာ ခုထက်တိတိုင် ကိန်းအောင်း နေနိုင်ဆဲ သူရဲကောင်း တယောက် ဟာ ရဲဘော်ချေ ဆိုတာ ဘယ်သူ မှ မငြင်းနိုင်ပါဘူး..။ ရဲဘော်ချေ တယောက် သူ့ဘ၀ ကို အဆုံးစွန်သော စွန့်လွှတ်မှုတွေ နဲ့ ဖိနှပ်ခံ လူတန်းစားတွေ အတွက် အသက် စွန့်သွား ခဲ့တာ.. ငယ်ငယ် တုန်းက သူ ရခဲ့တဲ့..တော်လှန်ရေး သစ္စာ အသိစိတ်တွေ ကြောင့်ပါ..။

ကျမ အသက် ၁၃ - ၁၄ လောက်မှာ အဲဒီခေတ်က ဖတ်ခဲ့ရတဲ့.. နိုင်ငံရေးနဲ့ တော်လှန်ရေးသူရဲကောင်းပုဂ္ဂိုလ်တွေ ရဲ့ ကြားထဲမှာ ဖီဒဲလ်ကပ်စထရို အကြောင်း. နှစ်နှစ်သက်သက် ဖတ်ရင်း.. သူ့.ရဲ့ ရဲရင့် လှတဲ့ ကမ္ဘာကျော် လျှောက်လဲချက်တွေ ကို..ဖတ်ရင်း.. သူတန်ဖိုးထား လေးစား တဲ့.. သူရဲ့ ညာလက်ရုံး လို့ ပြောလို့ ရတဲ့ .. ရဲဘော် အာနက်စတို ချေဂွေ ဗားရား ကို ပါ ရင်းနှီးခဲ့ရပါ.တယ်။ . ရဲဘော်ချေ အကြောင်းတွေ ဖတ်ရင်းနဲ့.. သူ ငယ်ငယ် ကလေးဘ၀မှာ .. သူ့အဖေ ယူလာပေး လို့ ဖတ်ခဲ့ရတဲ့.. ဆရာကြီး နီရူဒါ ရဲ့ ကဗျာတွေ ဖတ်ပြီးတော့.. ဖိနှပ်ခံ ပြည်သူတွေ အတွက် အနစ်နာ ခံချင်တဲ့စိတ်လေးရခဲ့ တယ်ဆိုတာ သိခွင့် ရခဲ့ ပါတယ်.. သူကြိုက်တဲ့ ဆရာကြီး နီရူဒါရဲ့ ကဗျာ အပိုင်းအစ တွေကို သူ့ရဲ့အတ္တုပတ္တိ ဖတ်ရင်း တမက်မောမော ဖတ်ခဲ့ နှစ်သက်ခဲ့ ပြီးတဲ့ နောက် ဆရာကြီး အကြောင်း ကို ပိုသိချင်ခဲ့ပေမဲ့.. .အခွင့် မကြုံတာမို့ ... သေချာ မသိခဲ့ရပါဘူး.. ။

ခုတော့ ကျမ မမှတ်မိတဲ့ ဘလော့ဂ်ဂါလေးတယောက်ကြောင့်..ငယ်ငယ် ထဲကရှိနေခဲ့တဲ့ကျမရဲ့ဆန္ဒ တခု ပြည့်ခဲ့ရပြါ့ပီ.. နီရူဒါရဲ့ သစ်မြစ်တွေ ကို ပဲပြုတ်နဲ့ကြော်စားလိုက် လို့.. ၀မ်းနည်းရတာ က လွဲ ပြီးတော့ပေါ့လေ..။

အပေါ်က ကဗျာ ကတော့ အဲဒီနေ့ က သန္မေတည်ခဲ့တဲ့ ခံစားချက်ကို အခြေခံပြီးရေးဖြစ်ခဲ့တဲ့ ကဗျာ ပါ..။


မမသီရိ



Monday, March 23, 2009

ဘိလပ်မှန်ကွဲ

ကျမငယ်ငယ်က နေခဲ့ တဲ့ အရပ်မှာ..အမေရဲ့ အမေ ..အဖေရဲ့ အမေ ကို အမေကြီးလို့ ခေါ်ပြီး...အမေကြီး ရဲ့ အမေကို..အဘောင်ကြီး လို့ ခေါ်ကြပါ တယ်....

ကျမရဲ့ အမေ့ဖက် က ..အဘောင်ကြီး က..မိန်းမချော စာရင်းမှာပါ တယ်လို့ ပြောရမှာပါ...ကျမတို့ မှတ်မိတဲ့ အရွယ်မှာ..အဘောင်ကြီးရဲ့ ခင်ပွန်း .ကျမတို့ ရဲ့ ဖိုးဖိုးကြီး မရှိတော့ ပါဘူး.. အဲဒီဖိုးဖိုး ကြီး က အဘောင်ကြီး ကို..အတော် ကြိုးစား ပိုးပန်း ခဲ့ ရတာပါ တဲ့.....

..ရွာထဲ က..ရှေ့မီ နောက်မီ လူကြီး သူမတွေ ရဲ့ ပြော စကား အရ...အဘောင်ကြီး ငယ်ငယ်က အရမ်းချောပါ သတဲ့..ကျမ တို့ မြီးကောင်ပေါက်အရွယ် မှာ..အဘောင်ကြီး အသက် က ၆၀ ကျော်လို့ ၇၀ နား ကပ်နေပါ ပြီ.....ဒါပေမဲ့...ဒေါင်ဒေါင်မြည် ဆဲ....သွား မကျိုး...ဆံ မဖြူ...ခါးလဲ မကုန်း....တင်ပါးဖုံး လောက်ထိ ရှိနေတဲ့ ဆံပင် ကို ဘီးဆံပတ်..ပုံ့ပုံ့ ကြီး ထုံး..ပါးမှာ သနပ်ခါး မှုန် မှုန် နဲ့...အင်္ကျီ ၀ိုင်ရှံ ဖြူဖြူလွလွ..တွေ..ကို..အပွင့်စိပ်စိပ် အရောင့်ရင့်ရင့် လုံချည် နဲ့ တွဲဝတ်တတ်တဲ့ အသားရောင် ၀ါဝင်းဝင်း နဲ့ အဘောင်ကြီး ကို ကြည့် ရတာ..အသက် ၅၀ ကျော် ပတ်ဝန်းကျင်လောက် လို့ လူတိုင်းက မြင်ကြတာပါ...မျက်နှာကျက လပြည့်ဝန်း လို..၀ိုင်းဝိုင်း ပြည့်ပြည့်... မျက်ခုံး နက်နက် ..မျက်တောင်တွေ ကလဲ ..ထူထူ ကော့ကော့...(ခု LOREA"L ကြော်ငြာတွေ ရှုံးလောက်တယ်.. တကယ်ပြောတာ..း).. နှုတ်ခမ်း ခပ်ပါးပါး နဲ့ ကွမ်းလေး တမြုံ့မြုံ့ ၀ါးနေတတ်တဲ့ အဘောင်ကြီး ဟာ..အတော် ကျက်သရေ ရှိပြီး..လှပ တယ် ဆို ဘယ်သူမှ ငြင်းလို့ မရ ပါဘူး...အသက် ၉၆ နှစ်မှာ ..ကွယ်လွန်တဲ့ အချိန်ထိ.....နားလေးမဆိုစလောက် ထိုင်းတာကလွဲလို့...သွားမကျိုး..ဆံမဖြူ...ခါးလဲမကုန်းခဲ့ပါဘူး.. မကွယ်လွန် ခင် ၁ နှစ် ၂ နှစ် ထိ... ထမင်းချက် ..အိမ်စောင့်...ကလေးထိမ်း...လုပ်နိုင်ခဲ့ သေးတာမို့ ဘုန်းကြီးကျောင်းသွား တဲ့အခါတွေမှာ ဘုန်ကြီး တရားဟောပြီဆိုရင် အဘောင်ကြီး က ဇာတ်လိုက် မင်းသမီး.. ပါရမီ ကောင်းသူ ရယ်လို့ ဘုန်းဘုန်း က ထည့်ထည့် ပြောတတ်တာလေ.......။

အဲဒီအဘောင်ကြီး မှာ..သမီး ၂ ယောက် ထွန်းကားခဲ့ ပါတယ်...တစ်ယောက်က ကျမတို့ ရဲ့ အမေကြီး.. ပေါ့..။ အမေကြီးရဲညီမကို ကျမတို့ ညီအမတွေက အမေကြီးလေးလို့ခေါ်တယ်၊ အမေကြီးက အသားခပ်ညိုညို ပုပြတ်ပြတ်လေး နဲ့ အမေကြီးလေးကတော့ အသားဖြူဖြူ ပုပုလေး ပါ ။ နှစ်ယောက်လုံး အဘောင်ကြီးချောတာ ဘယ်သူမှ မမီကြ။ အမေကြီးမှာ ကျမတို့ မေမေ အပါအ၀င် သားသမီး၎ ဦး ထွန်းကာပြီးတော့ အမေကြီးလေးမှာ တော့ သားတယောက်၊ သမီးတယောက် ထွန်းကားပါတယ်။ မေမေ တို့မောင်နှမတွေမှာ မေမေက အသားအတော်လေးဖြူပြီး ငယ်နာမည် ကြွေရုပ် ခေါ်ခံရတဲ့ ထိ နဲနဲ ပါးပါး ချောတယ် ဆိုပါတော့.. (နဲနဲပါးပါး ပဲနော်..) .. ကျန်တဲ့သူတွေ က ညိုညို ညက်ညက် ရုပ်မထွက်သူတွေ..။

မေမေ့မှာ သမီး ပဲ နှစ်ယောက် ထွန်းကားပါ တယ်.. တယောက်က ကျမ ပေါ့နော့။ အဲဒီကျမ က မှန်ဘယ်လောက် ထိ ကြိုက်သလဲမေး ရင်.. ကျမတို့အဘောင်ကြီး က ကျမကို နာမည် ပေးထားခဲ့တာ.. ဘိလပ်မှန်ကွဲ ..တဲ့လေ..း)။

ကျမမှန်ကြိုက်တာ လူမှန်းသိတတ်စ ငယ်ငယ်လေး ထဲကတည်းကနော်၊ တချိန်လုံး မှန်ပဲ ကြည့်နေတာတဲ့၊ အမေ့ မိတ်ကပ်ဗူးတွေ ကော်ပြီး မျက်နှာမှာသုတ်တာ အသက် ၁ နှစ်ကျော်ကျာ် ၂နှစ် မပြည့်သေးတဲ့ အချိန်က၊ အမေ့ အ၀တ်အစားအသစ်တွေ.. အဲဒါ မမ ဟာတွေ လို့ပြောပြီး ကောက်စု တာ အမေ့ကို ပေးမ၀တ်တာ အသက် ၃ နှစ် မပြည့်ခင်၊ မျက်နှာမှာ သနပ်ခါးတွေ အုံလွန်းလို့ ..ဟယ်.. မမ မျက်နှာက စပါးလှန်းဖျာ နချီးကျံထားတဲ့ အတိုင်းပဲ လို့ လူတွေ ၀ိုင်းနောက်ခံရတော့ အသက် က ၄ နှစ်ပဲ ရှိခဲ့တာ၊ လက်နှစ်ဖက်လုံး လက်သည်း အရှည်ထားတော့ အသက် ၁၀ နှစ် မပြည့်သေးတဲ့ ၅ တန်းကျောင်းသူ။ အမေဆူတဲ့ ကြား ဆရာမတွေ ဆူတဲ့ ကြားက မရ အရ ထားတာနော်.. ၉ တန်းရောက်တော့ ခြေသည်းတွေပါ အရှည်ထား ပြီ..။

အဲဒီလောက်အလှမက်သူ ကျမ ဘယ်လောက် ချောသလဲ ပြောပြပေး ပါမယ်..။

ဆံပင် ကကောက်ကောက်.. နဖူးက ကျယ်ကျယ်.. နဲနဲ မောက်ချင်သေးတာ အဲဒီ နဖူးက၊ နှာတံက ခပ်မြင်မြင့် ခပ်ပွပွ၊ နှုတ်ခမ်းက ခပ်ထော်ထော်.. အာက ခပ်ပြဲပြဲ၊ မျက်လုံးက ခပ် ပြူးပြူး ညိုတိုတို၊ ပါးမှာ အသား သိပ်မရှိ.. နားရွက်လေး ကကားကား၊ မျက်ခုံး က ရေးရေး လေးပဲ ပါတာ၊ မျက်တောင်ကလဲ ဆင်းရဲသလား မမေးနဲ့၊ အသားလေးက ကြေးညိုရောင်ရင့်ရင့်၊ အရပ် ခပ်ပုပု၊ ကိုယ်အတိုင်းအတာ က ငယ်ငယ်က (၂၇ - ၂၁-၂၈)- ခု (၃၄-၃၀-၃၄)..း)... ပခုံးရိုး ခပ်ကားကား၊ ဗိုက်ခေါက် ခပ်ထူထူလေးနဲ့.. တင်ပိန်ပိန်လေး နဲ့... ကဲ... မြင်ယောင် ကြည့်လို့ ရကြရဲ့လား မသိ ဘူး.. ကျမရဲ့ ပုံသဏ္ဍန် လှလှလေးကို..။

အဲဒီလောက်ထိ ချောတဲ့ အဘောင်ကြီး က ဆင်းသက်လာတဲ့ မျိုးဆက်ထဲ မှာ.. ကာလရွေ့လျားလာတော့.. ဂျင်းန် တွေ က ဘာဖြစ်သွားလဲ မသိပါဘူး.. ကျမ ကျတော့.. အမေ့မလှတာတွေ.. အဖေ့မလှတာတွေ အကုန်လုံး စု ထားတဲ့ ရုပ်ကလေး ထွက်ခဲ့တာလေ..

ခြေတွေ လက်တွေ က လှသလား မေးအုံး... လုံးဝ ပဲ .. မလှတာမှာ..း)..။ ဦးလေး တယောက်ဆို ပြစ်ပြစ်နှစ်နှစ် ပြောတာ.. တူမလေးရယ်..နင့်လက်တွေက ကြက်ခြေသည်းတွေ ကျနေတာပဲ လှတာလဲ မဟုတ်ပဲ ထားမနေပါနဲ့ တဲ့... အဲဒီဦးလေး.. စိတ်ကောက်ပြီး စကားကောင်းကောင်း ပြန်မပြောဖြစ်တာ.. သူ နိုင်ငံခြား ထွက်သွားတဲ့ထိ..။
အားတဲ့ အချိန်တိုင်း လူက မှန်တင်ခုံရှေ့မှာ..။ တအိမ်လုံးမှာလဲ နေရာအနှံ့ ထားလို့ ရသမျှ မှန်တွေ ချိတ်ထား တာ အရွယ်လေး နဲနဲ ရောက်ကတည်း က။ ငယ်ငယ်ထဲက ဆိုးလာတဲ့ လက်သည်းဆိုးဆေး ဗူးခွံတွေ.. မိပ်ကပ်ဗူးခွံတွေ ကုန်သွားလဲ လွှင့်မပစ်ပဲ ကျမအိပ် ခန်း ပတ်ပတ်လည်က ကြွက်လျှောက်လေးတွေ မှာ စီတင်ထားသေးတာ .. မနည်း မနော ပါပဲ။ ကျမအခန်းထဲ ရောက်ဖူးတဲ့ သူငယ်ချင်းတွေ ဆို .. အဲဒီဗူးခွံတွေ ကြည့်ပြီး.. အမြဲ တအံ့ တသြ ဖြစ်ဖြစ်သွားတတ်တာလေ..။ ဖေဖေ ကပြော ရှာတယ်.. မမ ရယ် သမီး ရူးတာတွေ လူမသိစေနဲ့.. အဲသလောက် အလှ မက်မှန်း အဲဒီဗူးခွံတွေ မြင်သွား သိသွား တဲ့ ယောင်္ကျားလေးတွေ သိသွားရင်.. သမီးကို ယူ ရဲသူ ရှိမှာ မဟုတ်တော့ဘူး တဲ့...း)..။

အဲသလောက်ထိ ရုပ်ဆိုး ပြီး.. မှန်ကြိုက် သူလေး ကို.. ကျမရဲ့ အဘောင်ကြီး က သူ စိတ်တိုလာရင် ဘိလပ်မှန်ကွဲ ခေါ်တော့တာ ဘယ် ဆန်းမလဲ နော်..။ ကျမ ကြည့်လွန်းလို့ ဘိလပ်က လာတဲ့ မှန်တောင် ကွဲ ကုန်မှာ မို့တဲ့..။

အဲသလောက်ထိ အလှတွေ ပြင်၊ အဲသလောက် မှန်ကြိုက်ပေမဲ့.. ကျမ အသက် ၂၀ ထိ ဘယ်ကောင်လေး ကမှ ချောတယ် ပြောတာ မခံ ရပါ.. (ချောမှ မချောတာကို နော်..း)...ရဖူးတဲ့ ရီးစား စာ ၃ - ၄ စောင်ထဲမှာ လဲ ချောတယ်လို့ ပါဖူးဘူး ..ဒါပေမဲ့.. အသက် ၂၀ နဲ့ ၂၇ ကြား မှာတော့ ချောတယ်လို့ ပြောသူတွေ ရှိလာခဲ့တယ်.. တပည့်တွေ လေ.. တပည့်တွေ.. ကိုယ့်ဆရာမ ကို ချစ်လို့ချောခဲ့ကြတာ...ရွယ်တူ ယောင်္ကျားလေးတွေ ကတော့ မပြောပါဘူး..။ အသက် ၂၇ ကျော်တဲ့ အချိန် မှာ.. ရွယ်တူ မိတ်ဆွေအချို့ လုပ်ဖော်ကိုင်ဖက် အချို့ က ချောတယ်လို့ ပြောလာခဲ့တယ်.. ကဲ အံ့သြ စရာမကောင်းဘူး လား..။ ခု ၃၅ ကျော်လို့ ၄၀ မှာ.. တွေ့တဲ့သူ အများစု က.. ချောတယ်တဲ့ ရှင့် .. အမျိုးသားတွေကရော ပြောတာ.. မယုံလဲ မတတ်နိုင်ဘူးနော်...း)... ကိုယ့် ကို ချောတယ်လို့ ပြောလာခဲ့ရင် အလိုက်သင့်လေး.. Thank You လို့ ပြောကျင့် ရခဲ့တာ ကြာပေါ့...။

အဲသလို အပြောခံ ရအောင် အတော်ကြိုးစားရတာနော်.. လွယ်လွယ်နဲ့တော့ ဘယ်ရပါ့ မလဲ..။ အမြဲတမ်း စိတ်ကိုကြည်လင်အောင် ထားရတယ်၊ မျက်နှာမှာ အပွင့်လင်းဆုံး အပြုံး ပန်း စဉ်အမြဲ ပွင့်နေအောင် ကြိုးစား ရတယ်.။ နေ့စဉ် လမ်းလျှောက်တယ်။ တွေ့တဲ့သူတိုင်းကို တတ်နိုင်သရွေ့ မေတ္တာ ထားနိုင်အောင်.. နားလည်ပေးနိုင်အောင် ကြိုးစားပါတယ်.. (လူတိုင်းကိုမရနိုင်တာက တကဏ္ဍပေါ့နော်း) တဖက်သား ပြောတဲ့စကား အလေးပေး နားထောင်ပေးပါတယ်။ အလုပ်ထဲပျော်အောင်.. ကိုယ်လုပ်တဲ့ အလုပ်ကို နှစ်သက်တဲ့စိတ်ဖြစ်အောင် အမြဲထားပါတယ်။ တခါတလေတော့လဲ လူပီပီ ဒေါသထွက်မိရင် .. ရင်ဖွင့်လို့ ရမဲ့သူရှာပြီး .. အတင်းတုတ်ပါတယ်..း)..။ ကလေးတွေ နဲ့ တတ်နိုင်သရွေ့ အချိန်လေးမှာ နေပေးပါတယ်။ တွေ့ သမျှကလေး ကောက်ချီပါတယ်။ စိတ်ညစ် ရင် သီချင်း အော်ဆိုပါတယ် ။ ရေများများ သောက်ပါတယ်။ အသီးအရွက်များများ စားပါတယ်။ သဘာဝ ပတ်ဝန်းကျင် အလှ အပ တွေ အမြဲ အလေးအနက် ခံစားပါတယ် (ဟော ..တိမ်တောက်တာလေးက လှလိုက်တာ.. ဟော သက်တံလေးက ဘယ်လောက် လှသလဲလို့.. အဲ နှင်းတွေ ကျတာ ချစ်စရာကောင်းလိုက်တာ. .. အင်း ..မိုးစက်လေးတွေ ရဲ့ ရနံ့ က သင်းပျံ့ ပါဘိသနဲ့.... နဲ့ကျမအတွက် ဒီလောကကြီးက အရာရာဟာ လှပနေတတ်ပါတယ်).။ နေပူ ထဲ ထွက်တဲ့အခါ နေပူကာမဲ့ အ၀တ်အစား၊ ဦးထုပ်၊ ထီး၊ မျက်မှန် တပ်ပါတယ်.. UV whitening သုံးပါတယ်။ ရာသီဥတု၊ ကာလ ဒေသ၊ အချိန်အခါ နဲ့ သင့်တင့်ရောက်ပတ်တဲ့ အရောင် ဒီဇိုင်း အဆင်အသွေး ပါ အ၀တ်အစား ၀တ်ပါတယ်။ အဓိကဖြစ်တဲ့ အသက် ကိုမေ့ထား ပါတယ်..း)..။

ကြုံတုန်း နဲနဲ ထပ်ကြွားပါ ရစေအုံး..... အင်တာနက်ဆိုတာ ကြီး စသုံးဖူး တော့... ဘာမှန်းမသိ ..တွေ့သမျှ မြင်သမျှ လျှောက် ကလိရင်း .. မိတ်ဆွေတချို့ အင်ဗိုက်လုပ်လာတဲ့ Friendship Web တခု နှစ်ခု မှာ ဓါတ်ပုံ တချို့ တင်ပြီး အရူးထခဲ့တဲ့ ကာလတွေ ရှိခဲ့ဖူးတယ်.. (အသက်ကို အမှန်ပဲ ထည့်ပေးထားခဲ့တာပါ..း) ။ လာလိုက် တဲ့ မိတ်ဆက်စာတွေ.. လာလိုက်တဲ့ ရီးစား စာတွေ.. ကြွား တာဟုတ်ဖူး နော် တကယ် အတည်ပြောနေတာ..း)..။ အဲ တခုတော့ ရှိသပေါ့ လေ... ပို့သမျှလူတွေက မြန်မာ တယောက် မှ မပါ ပါ ဘူး..း)..။ မိုင်ပေါင်းများစွာ ဝေးတဲ့ဒေသတွေ က နိုင်ငံခြားသားတွေ...း)... ကျမရုပ် က မြန်မာကြိုက် မဟုတ်လို့ နဲ့ တူရဲ့...း)..။ ခုတော့ အလုပ်ရှုပ်လွန်းလို့.. အဲဒီ Web တွေ ပိတ်လိုက်ရတာ ကြာပေါ့.....။

လွန်ခဲ့တဲ့ အချိန်ကာလ အနည်းငယ်လောက် ထိ ကျမ ဘ၀အတွက် အလှအပ ဟာ အတော့်ကို အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါခဲ့ပါတယ်။ လက်သည်း လေးတချောင်းကျိုးသွားရင်၊ ခြေသည်းလေး တချောင်းကျိုးသွား ရင် စိတ်ညစ်ခဲ့ရတာများ..။ မျက်နှာမှာ ဘုသီးလေး တဖု လောက် ဆို.. စိတ်ညစ်လိုက်တာများ.. ။ တနေ့.. တနေ့ အလုပ် မသွား ခင် မှန်ရှေ့ မှာ အနည်းဆုံး မိနစ် ၃၀ နဲ့ ၄၀ ကြား ကျမ အချိန်ပေး ပါတယ်..။ ကျမ၀င်ငွေ ရဲ့ ရာခိုင်နှုန်း ခပ်မြင့်မြင့် ကို အလှအပ အတွက် သုံးပါတယ်။

ဒါပေမဲ့.... ကျမရင်ထဲ မှာ.. ပုလဲလေးနဲ့တူတဲ့နှလုံးသား ရှိနေတယ်.. ပြင်ပက အလှအပ ဆိုတာ အကြောင်း အမျိုးမျိုးကြောင့် ပြောင်းလဲ နိုင်ပေမဲ့ .. နှလုံးသား အလှကတော့ ဘယ်တော့မှ မပြောင်းလဲ နိုင်တဲ့ သစ္စာပါပဲ လို့ သိသွားပြီး ပြောလာသူ တယောက် ရှိခဲ့တဲ့ နောက်ပိုင်းမှာတော့ .. ကျမအတွက် ပြင်ပန်း အလှတွေ ဟာ နံပါတ် တစ်နေရာမှာ မရှိတော့ပါဘူး.. နေ့စဉ် ပြင်နေကျ ၀တ္တရား အတိုင်း အလှ ကတော့ ပြင်ဆဲ. အသားအရေ ထိမ်းသိမ်းစောင့် ရှောက်ဆဲ ပေမဲ့... နှလုံးသား ထဲ က ပုလဲ ရတနာလေး ကို ပိုမို တန်ဖိုး ထားတတ်ခဲ့ ပါပြီ။ ခုချိန် ထိ အသက်အရွယ် ကြီးရင့်လာတာကို .. ၀မ်းမနည်းဖူးခဲ့ ပဲ. ရလာတဲ့ အသက်အရွယ်ကို ကျမ ပိုမို နှစ်သက်ခဲ့ပါပြီ။ ကိုယ့်ရင်ထဲက ပုလဲလေး ကို ပိုမို လင်းလက်လာစေဖို့ အတွက် ကတော့ ကျမမှာပဲ တာဝန် အရှိဆုံးပဲ ပေါ့နော် ..။ အဘောင်ကြီး ရဲ့ ဘိလပ်မှန်ကွဲလေး ခုတော့ .. အပြင်ပန်း အလှ အပ တွေ အပြင် .. နှလုံးသား လှဖို့ အတွက် ပါ.. မှန်ပို ကြည့်ဖြစ်နေတာ.. .. တမလွန်က အဘောင်ကြီး.. သိနိုင်မယ် မထင်တော့...။



မမသီရိ

Wednesday, March 18, 2009

နွေဦးအလွမ်း

ပေါက်ပန်းနီနီ

လဲပွင့်စီ...
နီတယ်လေ့... စီတယ်လေး...။

.............


ကသစ်ရဲရဲ

ရိုးတံကျဲ...

ရဲတယ်လေ့ ... ကျဲတယ်လေး...။

.............


လက်ပံပွင့်သွေး

ဖယောင်မွှေး..

သွေးတယ်လေ့ ... မွှေးတယ်လေး...။

...........


နှင်းပွင့်စီစီ

မြူမင်းရီ...

စီတယ်လေ့... ရီတယ်လေး...။

..............


တေးဖွဲ့တျာသီ

ကျေးငှက်မြည်...

သီတယ်လေ့.... မြည်တယ်လေး...။

................



ရှစ်ခွင်ရပ်တိုင်း

မှုန်မှုန် မှိုင်း...

ဆိုင်းတယ်လေ့... မှိုင်းတယ်လေး...။

................


ဘယ်ကိုကြည့်ကြည့်

မြင်ယောင်မိ

ချစ်သူ့မျက်နှာ.. ပတ်ဝိုင်းလာ...

လွမ်းတယ်လေ့ လွမ်းတယ်လေး....။

..............

..............

(မိန်ရာသီ တပေါင်းလ ဆိုတာ ပတ်ဝန်းကျင်သာယွာန်းလို့ ရသေ့သူတော်စင်တွေ တောင်ဈာန်လျှော တယ်ရယ်လို့ စာဆိုရှိတဲ့ လပါ... မြို့ကြီးမှာနေသူတွေ အတွက် အပူရှိန် တိုးလာတာကလွဲ လို့ သိပ် သတိထားမိကြမှာ မဟုတ်ပေမဲ့.. တောရိပ် တောင်ရိပ် နဲ့ နီးတဲ့ ကျေးလက်ဒေသတွေ မှာတော့... သာယာလှတဲ့ သဘာဝ အလှအပ တွေကို.. တစိမ့်စိမ့် ခံစားနိုင်ကြပါတယ်.. မနက်စောစော ပိုင်းမှာ.. နှင်းဥလေးတွေ သီးနေပြီး.. နေရင့်လာတဲ့ အချိန်မှာတော့.. မြူခိုးတွေ ဆိုင်းနေတဲ့.. တောတောင် သဘာဝ အလှ၊ ရာသီ အလိုက်ပွင့်ကြတဲ့ ပေါက်၊ လက်ပံ၊ ကသစ် စတဲ့ ပန်းနီနီတွေ က ဟိုမှာ..ဒီမှာ..၊ ရောင်စုံ ဖယောင်းသစ်ခွ ဖြူဖြူ၊ ပြာပြာ၊တွေ ကလဲ လက်ညှိုးထိုး မလွဲ.. ငှက်ကလေးတွေကလဲ တီတီတျာတျာ.. ကျီကျီကျာကျာ .. တေးသီလို့.. မောင်နှံ လည်ယှက် သစ်ရိပ်တွေ ထက်မှာပေါ့..။


ဇာတိမြေကို အလွမ်းဆုံးအချိန်ကို ပြောပါဆိုရင် ကျမအတွက်တော့.. ဒီရာသီပါပဲ.။ တိတ်ဆိတ် ငြိမ်သက်တဲ့ ကျေးရွာလေး တရွာရဲ့ အစွန်က ခြံကျယ်ကြီးထဲ မှာ ရှိနေမဲ့.. ပြုစုသူမဲ့.. သစ်ခွ ရိုင်းတွေ..။ တောင်စောင်းလေးပေါ် မှာရှိတဲ့ အိမ်မြင့်မြင့်ပေါ် က လှမ်းကြည့်လိုက်ရင်. ဆင်ခြေလျောလေး.. ဆင်းသွားတဲ့ တိတ်ဆိတ်နေတဲ့ မြေနီ လမ်းလေး.. ဟိုးဝေးဝေး မှာတော့.. တောင်တန်း ပြာပြာတွေ က.. ဘာမှ မသိလို ပဲ အိနြေ္ဒရရ လဲလျောင်းကောင်းတုန်း ပဲ နေမှာပေါ့... ကျမရဲ့ မနက်ခင်းတွေကို လာနှုတ်ဆက်ဖူးတဲ့ ငှက်ကလေးတွေကရော.. ကျမလွမ်းနေတာ.. သူတို့ သိပါ့မလား.။ .. မြို့ပြရဲ့ အရိပ်တွေ နဲ့ ဝေးကွာ တဲ့.. တိတ်တိတ်ဆိတ်ဆိတ် ရွာလေး.. ဘေးနားကတောင်ကုန်း မိုမို တွေ... နွေဦးပန်းတွေ.. ကျေးငှက်လေးတွေ ရဲ့အသံတွေ.. ခြောက်သွေ့နေတဲ့..လယ်ကွင်း မှိုင်းမှိုင်းတွေ.. ပြီးတော့.. ဘယ်တော့မှ ပြန်မရ နိုင်တော့ တဲ့.. ငယ်ဘ၀တွေ..

လွမ်းလိုက်တာ.......


ကျမ ဘယ်ကို ပဲ သွာသွား .. သယ်သွားတဲ့ အထဲမှာ.. ကျမ ငယ်ငယ် ထဲက ခုချိန်ထိ စိတ်ကူးပေါ်တိုင်း ချရေးထား တဲ့. .. ကဗျာ မှတ်စု အကြမ်းတွေ .. ငယ်ငယ် ထဲ က အုံးခဲ့တဲ့ ခေါင်းအုံးလေး တလုံး... ငယ်ငယ် ထဲ က သောက်ခဲ့တဲ့ ကော်ဖီခွက်လေး တခွက် နဲ့.. နောက်ပိုင်း ကင်မရာလေးတလုံး ပိုင်ခဲ့တဲ့ အချိန်မှာ.. တွေ့ရာ မြင်ရာ ဖမ်းရိုက်ထားတဲ့ ဓါတ်ပုံတွေ ထည့်ထားတဲ့.. IBM USB 2.0 တစ်ခု ပါ ပါ တယ်..။


အဲဒီအထဲ က ပုံလေး တချို့ ကျမလိုပဲ အိမ်လွမ်းနေသူတွေ အတွက်မျှဝေပေးလိုက်ပါတယ်။



ပေါက်ပန်းနီနီတွေ



ရွက်ကြွေတွေ နဲ့ လမ်းကလေး


မြူတွေဆိုင်းတဲ့.. တောင်တန်းများ



နွေဦး ဆည်းဆာ အလှ..


ကသစ်ပန်းတွေ


ဖယောင်းရိုင်း


ခြောက်သွေ့နေတဲ့ လယ်တောများ



လက်ပံနီနီ


လန်းဆန်းတက်ကြွနေတဲ့ ဖယာင်းဖြူဖြူ တွေ



အလွမ်းတောင်ကြား





မမသီရိ




Tuesday, March 17, 2009

ဘလော့ဂါ ကိုအောင်သာငယ် မွေးနေ့

သူဟာ..
ဟိုတစ်ချိန်ခါတုန်းကတော့..
ကောင်းကင်မေမေရဲ့
တောက်ပတဲ့ ကြယ်လေးတစ်ပွင့်..

ခုများတော့လဲ..
သူကိုယ်တိုင်..
ကြယ်ကလေးတွေကိုထွေးပွေ့ထားတဲ့
ကောင်းကင်ပြာကြီး လေ....။

သူဟာ..ဟို တစ်ချိန်တစ်ခါတုန်းကတော့..
ယုံကြည်ချက်တွေအတွက်
သူချစ်တဲ့ အမေ့ကိုခွဲ
အလင်းတွေထဲ ရဲရဲကြီး ပြေးဝင်..
အသွင် အသစ် စာမျက်နှာတွေဖွင့်ဘို့ အတွက်...
ဒေါနရဲ့ရင်ငွေ့ကို လှုံ
သောင်ရင်းရဲ့ ရေကြည်ကိုသောက်ခဲ့တဲ့
ဇာမဏီငှက်ကလေး တစ်ကောင်..

ခုများတော့လဲ..
ဟိုးအမြင့်တစ်နေရာဆီ
ပျံသန်းဘို့ရာ
အစွမ်းကုန်အားယူနေတဲ့
(ဘယ်တော့မှ မသေဆုံးနိုင်တဲ့)
ဖီးနစ်ငှက် တစ်ကောင်ပေါ့..............။

သူဟာ..
သူ့တိုင်းပြည်ကလေးက
သစ်မြစ်ကလေးတွေကိုတောင်ချစ်တယ်
သူ့အမေကိုချစ်တယ်
ကဗျာတွေကို ချစ်တယ်..
ဂီတ ကိုချစ်တယ်
သံစဉ်တွေကို ချစ်တယ်
မိုးကောင်းကင်ကြီးကိုချစ်တယ်
ပင်လယ်ပြာပြာ ကို ချစ်တယ်
တောင်တန်းတွေကို ချစ်တယ်..
လပြည့်ညကို ချစ်တယ်
နီရူဒါကို ချစ်တယ်..
နီရူဒါရဲ့ ကဗျာတွေကို ချစ်တယ်
လွတ်လပ်မှု ကိုချစ်တယ်..
သူ့ငှက်ကလေးတွေကိုချစ်တယ်
ပြီးတော့...
နှင်း.... ကိုချစ်တယ်.......။

သူ့ရင်ထဲမှာ
ကဗျာတွေနဲ့ နူးညံ့နေတဲ့
နှလုံးသား တစုံ ရှိတယ်..
အမှန်တရား ကိုမြတ်နိုးတဲ့
နှလုံးသား တစုံ ရှိတယ်
ထိရှကြေကွဲ လွယ်တဲ့
နှလုံးသား တစုံရှိတယ်
ဂီတ သံစဉ်တွေဖွဲ့ သီနေတဲ့
နှလုံးသား တစုံရှိတယ်..
.........

ဇာမဏီငှက် ကလေးရေ..
မွေးနေ့ပေါင်းများ စွာ ကို
ပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေကြောင်း..
ဆုမွန်ချွေ တောင်း လိုက်ပါရဲ့...

နှစ်ပေါင်း ရာချီ တဲ့ တိုင်......။

၁၇.၃.၂၀၀၉ မှာ ကျရောက်တဲ့ အကို အောင်သာငယ် ရဲ့ မွေးနေ့ မင်္ဂလာမှ သည် မွေးနေ့ပေါင်းများစွာကို အကို ချစ်သော ငှက်ကလေးများ၊ အကိုချစ်သော နှင်း နဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်း နိုင်ပါစေ..။ အကိုချစ်သော မိသားစု နဲ့ အမြန်ဆုံး ပြန်ဆုံနိုင်ပါစေ..။

.....................................................................................................
မမသီရိ

Saturday, March 14, 2009

ကျန်နေသေးသော လမ်းတပိုင်းအတွက်

လမ်းမပေါ်မှာ
...
မနိုင်ဝန်တွေ.. တနင့်တပိုးနဲ့
လောကရဲ့ လမ်းများထက်..
နှစ်ပေါင်းများစွာ..
အထီးကျန်စွာ... လျှောက်လှမ်းလာခဲ့ရ..
ဒဏ်ရာတွေနဲ့ခေါက်ရိုးကျေနေတဲ့..
နေ့တွေ
ညတွေ
.......
ရာသီတွေ ပေါင်းစပ်လိုက် တဲ့ အခါ..
...
အသိုက်လေး တခြမ်းပဲ့နဲ့
မလုံခြုံ တဲ့ .. အုံ့မှိုင်းခြင်းရဲ့ အောက်..
ကိုယ်နဲ့ မဆိုင်သလို ရှိနေခဲ့တဲ့...
မေတ္တာဆိုတဲ့ အရာတွေ...
ကိုယ်နဲ့မဆိုင်တဲ့.. ချစ်ခြင်းတရားတွေ က.
ဟိုး.... ဝေးဝေး မှာ....
သီးသန့်လမ်းလျှောက်လို့...
တကဲ့ကို... ကိုယ် နဲ့ မဆိုင်စွာ....
လောက ရဲ့ လမ်းမ တခုပေါ် က... ငါ......။
.................................................................

ဆန္ဒ (၁)

..

ငါ...

ကတ္တီပါဖိနပ် မလို..

ရွှေထီးလဲမဆောင်း

အဟောင်းတွေ အသစ်ဖြစ်ဖို့

ခံယူချက်တွေ ရောင်းစား တဲ့ အထဲတော့ မ၀င်လို..

..

ငါ...

လင့်ခရူဇာ မစီး..

တိုက်ကြီးလဲ မလို..

ပိုပိုသာသာတွေး..

ချိုချို သာသာလေး ပြောပြီး..

နောက်ကျော ဓါးနဲ့ ထိုး..

အန္ဓ လူအမျိုးတော့ မဖြစ်လို....

..

ငါ...

ထောင်သောင်း အနန္တ..

ပူပန်သောကတွေ ပြည့်ဝ

ချစ်စရာရှိရင် ချစ်ကြ

မုန်းစရာရှိတာ မုန်းကြ

အစွန်းတရား တဖက်ဆီထိမကျ..

ကြည်နူးစရာများလဲ မျှဝေ ခံစား..

သာမန်လူတန်းစားက

လူသားဆန်တဲ့..

လူတယောက်အဖြစ်ပဲ.. ရ ရလို...။

..

..

ဆန္ဒ (၂)

ဘဝ

ပုံစံတကျ.. ရှိချင်မှ ရှိတတ်တယ်

လောကဓံရှစ်ပါး
ဘ၀များကို.. လွှမ်းမိုးချုပ်ကိုင်..
ယိုင်ချင်ယိုင်.. နဲ့ချင်နဲ့
လူ ပီသ ဘို့အတွက်
လမ်းမှန်ကဖဲ့ မထွက်..
အိမ်အပြန်
ဘ၀အမှန်ပါဘို့
စိတ်ကောင်းထား မေတ္တာယှဉ်..
မဇ္ဈိမ သံယောဇဉ်..
မတုန်ယင်တဲ့ ခြေလှမ်းတွေနဲ့...
ကျန်နေတဲ့ လမ်းတပိုင်း
အနက်ရှိုင်းဆုံး..
ရဲရဲ...
... ဆက်လျှောက် သွားမယ်...။
..
..
မမသီရိ (၁၅.၃.၂၀၀၉ အတွက် အမှတ်တရ)

Wednesday, March 11, 2009

အလုပ်မလုပ်တဲ့ ကျွန်တော့အိမ်ရှင်မ


ကျမတို့ငယ်ငယ်ကျောင်းသားဘ၀တုန်းက လျှောက် လွှာပုံစံတွေအတော်ဖြည့်ခဲ့ရပါတယ်၊ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်၊ အရံပါတီဝင် စသဖြင့် အသက်အရွယ်အလိုက် ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေဖြည့်ရတာမျိုးပါ။ အဲဒီက ကိုယ်ရေးရာ ဇ၀င်မှာအမည်၊ မွေးသက္ကရာဇ်၊ လူမျိုး၊ ကိုးကွယ် သည့်ဘာသာ၊ အလုပ်အကိုင်၊ အဘအမည်၊ အဘ အလုပ်အကိုင်၊ အမိအမည်၊ အမိ အလုပ်အကိုင် ဆိုတာမျိုး လျှောက်လွှာတိုင်းမှာ ဖြည့်ပေးရပါတယ်။ အဲသလို ဖြည့်ကြတဲ့ နေရာမှာ အဘ အလုပ်အကိုင် ဆိုတဲ့ ကွက်လပ် မှာ ကိုယ့်ဖခင် ရဲ့ အလုပ်အကိုင် ကို အသေအချာရေးတတ်ကြတယ်၊ ကုန်သည်၊ လယ်လုပ်၊ ကျောင်းဆရာ၊ ဆေးမှူး၊ ဆရာဝန်၊ ကောင်စီလူကြီး၊ ပါတီ ဥက္ကဌ စသဖြင့် ပေါ့။

အမိ အလုပ်အကိုင် ဆိုတဲ့ နေရာကျတော့.. မိမိရဲ့ မိခင်က အစိုးရ ၀န်ထမ်းမဟုတ်ရင် မှီခို ဆိုပြီး ထည့်တတ်ကြတယ်၊ တချို့ ဆို ၀န်ထမ်းလုပ်နေရက်နဲ့တောင် မှီခို လို့ အလွယ်တကူ ရေးလိုက် ကြသေးတာ။ မိန်းမဆို ရင်မှီခို ထည့်ရမလို မျိုးလို့ ကျမတို့ အတော်များများ မှတ်ထားခဲ့ ကြတာကိုး။ အဲဒီအလေ့အကျင့်လေး က ကျမတို့ အလုပ်လျှောက်ကြတဲ့အခါ၊ အလု့ပ်အင်တာဗျူးတွေ ဖြေကြတဲ့အခါ၊ပြီတော့အိမ်ထောင်စုစာရင်းတွေ ပြုစုတဲ့အခါ၊ အထွေထွေ စစ်တမ်းတွေ ကောက်ယူကြတဲ့ အခါ ထင်ထင်ရှားရှား မြင်တွေ့ကြရမှာပါ။

အထူးသဖြင့်နယ်တွေမှာ အလုပ်လာလျှောက်သူတွေကို မိဘ အလုပ်အကိုင်လေး ပြောပြပါအုံးလို့ မေးလိုက်ရင် အဖေ ကတော့ တစ်ခုခုလုပ်ပါတယ်၊ အမေကတော့ ဘာမှမလုပ်ပါ ဆိုတဲ့ အဖြေကို အများစု က ပေးတတ်ကြပါတယ်။

ကဲ .. ဒီလိုဆိုရင် .. ကျမတို့ရဲ့ အမေတွေ၊ အမတွေ၊ အဒေါ်တွေ၊ အဖွားတွေ၊ ပြီးတော့ ကျမတို့ ကိုယ်တိုင် အလုပ်မလုပ်ကြတာ သေချာသလား ကြည့်ကြ ရအောင်ပါ။ အပေါ်ဆုံးပုံ က.. အလုပ်မလုပ် ဖူးလို့ ဆိုတဲ့ အိမ်ရှင်မ တစ်ယောက်ရဲ့ ပုံပါ.. အဲဒီပုံ ရဲ့ မူလဇာတိက အာဖရိကတိုက်က အမျိုးသား ကြီးစိုးတဲ့ နိုင်ငံတစ်ခုမှာဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတဲ့ INGO တစ်ခုရဲ့ Gender Equality Exercise တစ်ခုပါ။ မြန်မာနိုင်ငံ မှာလဲ အတော်လေး အသုံးတည့်မဲ့ပုံလေးပါ။ အဲဒီပုံလေးကို ကြည့်ရင် အမျိုးသမီးတွေ၊ အထူးသဖြင့် အိမ်ရှင်မတွေ ရဲ့ အခန်းကဏ္ဍ ဟာ မိသားစု မှာ ဘယ်လောက်ထိ အရေးပါ သလဲ ဆိုတာ မြင်သာ ကြမှာပါ။ လူ့အဖွဲ့အစည်း တစ်ခု လုံး အတွက် ဆိုရင်တော့ ဘယ်လောက် ထိ အရေးပါ လိုက်မလဲ စဉ်းစား ကြည့် ကြပေါ့နော်။


ကျမတို့ ရဲ့ မွေးရာပါ ကျား - မ ဖြစ်တည်မှုကို ပြောင်းလဲ လို့ မရနိုင်ပေမဲ့.. ဘယ်အလုပ်က ယောင်္ကျားလေး ပဲ လုပ်သင့် တယ်၊ ဘယ်အလုပ်က တော့ မိန်းမတွေ ပဲ လုပ်ရမှာ ဆိုတဲ့.. ကျဉ်းမြောင်းတဲ့ အမြင် လေးတွေကို ကျမတို့ လဲ ခေတ်နဲ့ အညီ လိုက်ပြောင်းလဲသင့် ကြပါပြီနော်..။


အလုပ်မလုပ်ပါဘူးရယ်လို့ လူ့အသိုင်းအ၀ိုင်းကြီး တခုလုံးက သတ်မှတ်ထားတဲ့ ကျမတို့ မိန်းမတွေ ဟာ.. သူတို့ ရဲ့ ဘ၀ တစ်ခုလုံး ကို သူတို့ချစ်တဲ့ လင်သား၊ အဖေ၊ အကို တွေ မောင်တွေ သားတွေ၊ မိသား စု တွေ အတွက် တစ်ဘ၀ လုံး ပေးဆပ်ချင်ကြသူတွေ ပါ။

ဘယ်သူကမှ အတင်း မတိုက်တွန်းပေမဲ့.. အမျိုးသမီ အများ စု.. အထူးသဖြင့် မြန်မာအမျိုးသမီး အများ စု က အဲဒီတာဝန်တွေ ကျေကျေ နပ်နပ်ကြီး ယူချင်ကြတာပါ။ ယောင်္ကျားတွေ အများ စု က မိသား စု အတွက် စားဖို့ သောက်ဖို့ ၀င်ငွေ ရှာပေးရင် ပြီးရော ဆိုတဲ့ အတွေးအခေါ် ကြီးတွေ လက်ကိုင်ထားကြဆဲမှာ အလုပ်လဲလုပ် ၀င်ငွေလဲ ရှာတဲ့ အမျိုးသမီးတွေ မြန်မာပြည် မှာ တိုးတက်လာကတော့ ၀မ်းသာရမဲ့ အချက်ပါပဲ။ လင်ရော၊ မယား ပါ ၀င်ငွေ ရတဲ့ အလုပ်ကိုယ်စီ လုပ်ကြပေမဲ့.. အိမ်ပြန်ရောက်တဲ့ အခါ မိန်းမက မီးဖိုချောင်တန်းဝင်၊ ယောင်္ကျားက ပက်လက်ကုလားထိုင်ပေါ် သတင်းစာ ဖတ်ကြတာလဲ .. ကျမတို့လူမှု အဖွဲ့ အစည်း ရဲ့ သင်္ကေတ တခုပါ ပဲ... နှစ်ဦးနှစ်ဖက် သဘောတူ ကျေနပ်လို့ .. လုပ်တာမျိုး ဆို သိပ် မထောင်းသာ လှပေမဲ့... တချို့က အဲဒါ ယောင်္ကျား လုပ်စရာ အလုပ်လားလို့ ထင်လာရင်တော့ ... သိပ်မကောင်းတော့ဘူး ပေါ့နော်... တချို့ ယောင်္ကျားတွေ ဆို.. အပြင်က အရက်ကလေး တမြမြ နဲ့ပြန်ရောက် တာနဲ့ အိမ် နေခဲ့ တဲ့ မိန်းမ အပြစ်လိုက်ရှာ.. မကျေနပ်တာတွေ့ တာနဲ့ လက်ကပါလာ၊ ဒိထက်ဆိုးတာက.. ကိုယ်တိုင်လဲ အလုပ် မယ်မယ် ရရ မလုပ်ပဲ ကိုယ့် အရက်ဖိုးတောင် ပြန်တောင်းတဲ့ ယောင်္ကျားတွေ လဲ မြင်ဖူး ကြမှာပါ။


ကိုယ်ချစ်လို့ ယူထားတဲ့ ကိုယ့်မိန်းမ၊ ကိုယ်ချစ်တဲ့ ကိုယ့်အမေ၊ အမ၊ ညီမ၊ အဒေါ်၊ အဖွား တွေ ပြီးတော့ ကိုယ့်ချစ်သူလေးလဲ ပါတာပေါ့ နော် .. တကယ် ချစ်တာ ဆို ရင် ကျမတို့ ဘာလို့ သူတို့ကို အနိုင်ကျင့်တာတို့ နှိပ်စက်တာတို့ လုပ်ကြမှာလဲ။ (နှိပ်စက်တယ် ဆိုတာ ကိုယ်ထိလက်ရောက်မှ မဟုတ်ဖူးနော်၊ စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာတွေနဲ့ နှိပ်စက်ရင်လဲ နှိပ်စက်ရာ ရောက်တာပါပဲ)..။

အပြင်ထွက် အလုပ်လုပ်သူတွေက လကုန်တဲ့အခါ လုပ်ခလစာတွေ ရကြတယ်..ဒီလိုဆိုရင် ကိုယ့်အပေါ်၊ ကိုယ့်မိသားစုအပေါ် အနစ်နာတွေ၊အကြင်နာတွေ နဲ့ တဘ၀လုံးပေး ဆပ်ထားသူတွေအတွက် ကျမတို့ လစာလေး ပေးဖို့ စဉ်းစားကြည့်ကြရင် မကောင်းပါ ဘူးလား...။ ဒေါ်လာတွေ၊ ယူရိုတွေ မလိုအပ်ပါဘူး..။ အမေ့ပါး အတွက် အနမ်းလေး တစ်ပွင့်၊ မိန်းမ အတွက် အကြင်နာတွေ ထုံမွှမ်းထားတဲ့ စကားလေး တစ်ခွန်း၊ အမတွေ အဒေါ်တွေ အဖွားတွေ အတွက် အသိအမှတ်ပြုကြောင်းလေးတွေ ပြသယုံ နဲ့.. သူတို့ အားလုံး နှလုံးစိတ်ဝမ်း ငြိမ်း ချမ်းသွား ကြမှာပါ။

..............................................................................


ဒီပို့စ်လေးကိုတော့ နှစ်စဉ် နှစ်တိုင်း မတ်လ (၈) ရက်နေ့ မှာ ကျရောက် တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ ကို ဂုဏ်ပြု တဲ့အနေနဲ့ ရေးဖြစ်တာပါ။ ကမ္ဘာတ၀ှမ်း က Gender Equality ကို အလေးပေး တဲ့ အစိုးရများ၊ UN နဲ့ INGO များ ဟာ ၂၀၀၉ မတ်လ (၈) ရက် မှ မတ်လ ကုန်ထိ အထိမ်း အမှတ် အခမ်း အနားတွေ ကို.. ကျင်းပ ပြုလုပ်သွား ကြမှာ ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ "Women and Men; United to End Violence against Women and Girls" ပါ။


ကျမတို့မြန်မာနိုင်ငံ ဟာ Gender Equality နဲ့ ပတ်သက်ရင်တော့ တချို့ နိုင်ငံတွေ နဲ့ နှိုင်းစာ ရင် ဆိုးရွားတဲ့အဆင့်မှာ မရှိပေမဲ့.. ကျမတို့ရင်ဆိုင်တိုက်ပွဲဝင် ရမဲ့ ကိစ္စတွေ အတော်များများ ရှိနေပါသေးတယ်။ ဥပမာ- မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေ ထဲမှာအိမ်ထောင်ရှိတဲ့ ယောင်္ကျား တစ်ယောက်က မိန်းမ ထပ်ယူ ရင် မယားငယ် မဟုတ်၊ မယားပြိုင် ဆိုတဲ့ အဆို နဲ့ အကာ အကွယ် ပေးထားြ့ပီးတော့.. စိတ်ကြိုက် ယူခွင့်ရှိပါတယ်၊ မိန်းမတွေ ယူရင်ကျတော့လင်ငယ် ပါတဲ့.. ယူခွင့် မရှိပါဘူး.. ယူချင်ရင် ပထမ ယောင်္ကျားကကွာရှင်းပေပြီးမှ ယူနောက်တစ်ကြိမ် လက်ထပ်လို့ ရမှာပါ ။ မမသီရိ တစ်ယောက် ၂ ယောက်ပြိုင်တူ ယူတော့ မလားလို့ မေးခွန်းတွေ မလာကြပါနဲ့နော်..း) တန်းတူ အခွင့်အရေး ဆိုတာလေး ပြောချင်လို့ ပါ.. မိန်းမတွေ ယူလို့ မရတဲ့ ကိစ္စ ယောကျာင်္းတွေ ကရော ဘာကိစ္စ ယူလို့ ရရမှာလဲ နော့..။

နောက်တစ်ခုက တက္ကသိုလ်ဝင်ခွင့် အမှတ်ကိစ္စ၊ ဆေး၊ အင်ဂျင်နီယာ နဲ့ တခြား သက်မွေးပညာဘွဲ့ အတော်များများ အတွက် မိန်းကလေးတွေအတွက်ဝင်ခွင့်အမှတ် က ယောင်္ကျားလေးတွေထက်မြှင့်ထား ပါတယ်။ အဲဒါမျိုး ကဖြစ်သင့်ပါရဲ့ လား လို့။ အစိုးရဌာနဆိုင်ရာတွေမှာလဲ အမျိုးသမီးတွေက ရာထူးမြင်မြင့် မှန်းလို့ မရနိုင်ပါဘူး။ တချို့ နိုင်ငံတွေမှာလို လုပ်ခလစာ ခွဲခြားထားတဲ့ အဆင့်ထိဆိုးရွားတာ မဟုတ်ပေမဲ့ .. ရာထူးတိုးရေးကိစ္စတွေ မှာ အမျိုးသမီးအားလုံးဟာယောင်္ကျားတွေနဲ့ ရင်ဘောင်တန်း လုပ်နိုင်ပေမဲ့ ခွဲခြား ဆက်ဆံခံရတာ အမှန်တကယ်ပါ။ ကျမ သူငယ်ချင်းမလေးတစ်ယောက်ကတော့ ကျမကို ပြေရာပြေကြောင်း ပြောရှာပါတယ်.. ဟဲ့ ..မိန်းကလေးတွေ အမှတ်မြှင့်ထားတာ၊ ရာထူးတိုမပေး တာ.. သူတို့ ယောင်္ကျားလေးတွေ အသုံးမကျ လို့ပေါ့.. ကြောက်လို့ ပေါ့တဲ့.. (ရန်စတာ ဟုတ်ဖူးနော်.. သူပြောတာ ပြန်ပြောပြတား)..) .. ကျမတွေးကြည့်တယ်၊ အဲဒါ ဟုတ်မယ် ထင်တယ် လို့... တချို့ ယောင်္ကျားတွေများ ယောင်္ကျား ရငိ့မကြီးတွေ လုပ်ပြီး.. မိန်းမတစ်ယောက်ကို ကြောက်တာ အမှန်... အိမ်ထဲ ကတောင် အိမ် အပြင် မထွက်ခိုင်းဘူး.. ပြောတော့ ချစ်လို့ စိုးရိမ်လို့ပါတဲ့.ခြေမွေးမီးမလောင် .လက်မွေးမီးမလောင် ထားတာဆိုပဲ.... ယုံရဲ့ လား ဟင်။


မမသီရိ

Thursday, March 05, 2009

ဂလိုက်ဒါလေး တစ်စီးရဲ့အကြောင်း



မင်း...ယူမယ်ဆို ရနိုင်ရက်နဲ့..
မင်း မလိုအပ်လို့ ထားခဲ့တဲ့ အရာတွေ အတွက်.
မင်း...၀မ်းနည်းမနေခဲ့ သလို...
.......
မင်းလိုအပ်လို့ တောင်းခဲ့တဲ့ အရာတွေကျ
ကိုယ် ပေးဘို့ မစွမ်းနိုင်ခဲ့ တာ..
နားလည်ပေးစေချင်ပါတယ်....။

......
ရွေ့လျားခြင်း သီအိုရီတွေနဲ့..
စက်ကုန်တင်မောင်းထွက်သွားတဲ့..
ဂလိုက်ဒါ ပြာပြာလေး တခုအတွက်..
ဝမ်းနည်းခဲ့တဲ့ ငါ..
နက်ဖန်ခါ မနက်ကျရင်..
ဘ၀ သစ်တပင်အတွက်
ဆက်လက်ရှင်သန်ရမှာ..
အသေအချာ ပါပဲကွယ်...
........
လွမ်းတယ်
........
ပြီးတော့...
........
လွမ်းတယ်..
ပြီးတော့...
......
လွမ်းတယ်...
........
ဒီလောက်ပါပဲ ကွယ်...။
........
ကံကြမ္မာ မျက်နှာသာ ပေးခဲ့သမျှ
ကိုယ်ရခဲ့ တယ်..။
ကိုယ်ရခဲ့သမျှ..
ကိုယ် ကျေနပ်ပါတယ်..။
ကျေနပ်ခြင်းတွေနဲ့ပဲ
ကိုယ်ရှင်သန်နေခဲ့ တယ်..။
....
နောက်ဆံ မတင်းပါနဲ့ ဂလိုက်ဒါလေးရေ...
လေဟုန်တကြော...မျောလိုရာ မျော ပါလေရော့ကွဲ့..။
.....
မင်း..မလိုအပ်လို့
ထားခဲ့တဲ့ အရာတွေ အတွက်တော့..
မင်း ၀မ်းမနည်းပါနဲ့..
ဝမ်းမနည်း ပါနဲ့ ကွယ်......။


မမသီရိ

Sunday, March 01, 2009

တချိန်တုန်းက ဒုက္ခ တစ်ခု...

ကျမဘ၀ရဲ့ ပထမဆုံး နိုင်ငံတကာဝန်ထမ်း အထက်အရာရှိက ဂျပန်နိုင်ငံ Bunka ဒီဇိုင်းကျောင်း ထွက် ဂျပန်လူမျိုး ဒီဇိုင်နာ တစ်ယောက်ပါ..၊ အများသိကြ မှတ်ကြတဲ့ အတိုင်း.. ဒီဇိုင်းလောက ထဲ ရောက်နေတဲ့ ထူးချွန်သူ ဒီဇိုင်နာ အတော်များများ ဟာ ယောင်္ကျား မကျတကျ ပြော ရမလား မသိပါဘူး..နော့..။ ကျမရဲ့ ဆရာကလဲ ဆံပင်ရှည်ရှည် ပခုံးကျော်ကျော် ဖြောင့်စင်းစင်း ကို သားရေပင်လေးနဲ့ ရှင်းရှင်းလင်းလင်းလေး စည်းထားတတ်တဲ့ ယောကျာင်္းရှပ်အကျီင်္ အ၀တ်နည်း တဲ့ လူပုံ နွဲ့နွဲ့ လူရွယ် အမျိုးသား တစ်ယောက်ပါ..။ လူပုံနွဲ့ သလောက် စိတ်ဓါတ်ကတော့ မာကျော တိကျ ပြတ်သား ပြီး အမှန်တရား ကိုတန်ဖိုးထား လွန်းလှပါတယ်.. ။ သူနဲ့ ဆက်ဆံ လက်တွဲ လုပ်ကိုင် ခဲ့ ရတဲ့ ကာလ တစ်လျှောက်လုံး..သူ့လက်အောက်မှာ လုပ်သူတွေ အတွက် အလုပ် နဲ့ ပတ်သက်လာရင်..တစ်မီလီမီတာ ကလေး ကို တောင် အလျှော့ပေးတတ်သူ မဟုတ်ပါဘူး..။ အကင်းကလဲ ပါး၊ ထက်လဲ ထက်မြက်၊ တိကျလိုက်တာဆိုလဲ အလွန်၊ စည်းကမ်း ကတော့ ဂျပန်ရယ် လို့ မပြောရတော့ဘူး...စာရွက်ပေါ် ခဲတံ နဲ့ ဆွဲတဲ့ အင်္ကျီပက်တန် ကို နျူကလီယား ဗုံး ပုံစံ ထုတ်သလား အောက်မေ့ရတဲ့ ထိ .တိကျအောင် ဆွဲ ပေးရပါတယ်.၊ သူအခန်း ထဲ ၀င်လာတာနဲ့ ရေစို အ၀တ်တွေ နဲ့ ထိုင်ခုံ ရော စားပွဲ ရော သူ ကိုယ် တိုင် သုတ်တာပါ..ကျမတို့ ဒါမှ မဟုတ် သင်တန်းသူတွေ လုပ်ပေး ထားလဲ သူက တော့ ထပ်လုပ်တာပါပဲ ၊ ကျမ ဘ၀ ရဲ့ နောက်ပိုင်းကာလတွေ ဒူပေ ဒဏ်ပေ ခံ နိုင်ရည် ရှိလာခဲ့ တာ အဲဒီ ဆရာ့ ကျေးဇူး တွေ အများကြီး ပါ ပါတယ်..။ အဲဒိဆရာ..ကျမ ရဲ့ ဆရာ...က ..စိတ်တို တာမှာလဲ..စံပါပဲ..။
အဲဒီဆရာ ရဲ့ လက်ထောက်သင်တန်းနည်းပြ အဖြစ် ကျမ အလုပ်စ ၀င်တဲ့ အချိန်တုန်း က ကျမရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှု က Yes နဲ့ No ပဲ သေချာ ပြောတတ်တဲ့ အဆင့်ပါ၊ (အဲ.. ခုလဲ ..No နဲ့ Yes အဆင့်ပဲနော်..း) ဒါပေမဲ့ ကျမရဲ့ရာဇ၀င် ပို့စ် တစ်ခု ထဲ မှာ ရေးခဲ့သလိုပါပဲ ဆရာမ ဘ၀ က လာခဲ့ သူဆိုတော့..အဲဒီမှာ လဲ ဆရာမ ပါပဲ ဆိုပါတော့..း)..။ ကျမနဲ့ အတူ ရာထူးတူ ၀န်ထမ်း (၄) ယောက် တစ်ပြိုင်တည်း ခန့်တဲ့ အထဲ အင်္ဂလိပ်စကား နဲ့ ပတ်သက်လာရင်..ကျမ က အနူတော မှာ လူချော (အဲဒီ yes & no နဲ့ တင်နော်..း) ဖြစ်နေခဲ့တော့ အလုပ် စ၀င်တဲ့ နေ့မှာပဲ ဆရာ့ ရဲ့ စကားပြန် ဘ၀ ရောက်ခဲ့ ရပါတော့ တယ်..(ကုသိုလ်ကံ အကျိုးပေးကို က အဲသလို ပါ...ရာထူးလဲ တူ..လစာလဲ တူ..ဒါပေမဲ့ အလုပ် တော့ အမြဲ ပို လုပ်ရတာ ကျမ ရဲ့ ဘ၀ပေး ကုသိုလ်ကံ ပါ..)..။
ကျမတို့ လုပ်ရတဲ့ အလုပ်က မြန်မာနိုင်ငံထဲ မှာ ရှိနေတဲ့ လူမျိုးစု တချို့ အတွက် ပြန်လည် ထူထောင်ရေးနဲ့ ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းတွေ လုပ် ပေးတဲ့ နိုင်ငံတကာ NGO မှာပါ။ ဒေသခံအမျိုး သမီးတွေ အတွက် သက်မွေးပညာ သင်တန်းတွေ နဲ့ ၀င်ငွေ တိုးလုပ်ငန်းတွေ လုပ်နိုင်ဘို့ အတွက် စတင်ခဲ့ တဲ့ စီမံချက် တစ်ခု ဖြစ်ပြီး၊ ကျမတို့ က ဆရာဖြစ် သင်တန်း တစ်ခု ရဲ့ လက်ထောက် နည်းပြတွေ ပါ၊ သင်တန်း မှာ လူမျိုးစု ၂ ခု ၃ ခု လောက် က သင်တန်းသူ ၂၀ ရှိပါတယ်..။ နေ့လည် ၁ နာရီနောက်ပိုင်း မှာ နောက်နေ့ ဘာတွေ သင်ကြား ပြသရမယ် ဆိုတာကို ဆရာက ကျမတို့ကို ကြို သင်ပေး၊ ပြင်ဆင်ပေး ပြီးတော့..နောက်နေ့ မနက် သင်တန်း သူတွေ ကို ဆရာ ပို့ ချတဲ့အချိန် ကျမတို့ ကဘေးက ပံ့ပိုးပေးရပါ တယ် ..၊ ကျမ ကျတော့ အားလုံးအတွက် ဘာသာပြန်ပေးရ တဲ့ အလုပ် တခု ပိုလုပ်ပေးရပါတယ်...။
အဲဒီမြို့လေး ကို ကျမ တစ်ယောက် ကျောင်းဆရာမ အဖြစ် တာဝန်ကျခဲ့ ပြီး..အချိန်အတော်ကြာ လုပ်ခဲ့ပြီးမှ ဒီအလုပ်ထဲကို ရောက်လာတာ ဆိုတော့..သင်တန်းသူတွေထဲ ကျောင်းတုန်းက တပည့် ဖြစ်ခဲ့ သူတွေ အတော်များများ ပါပါ တယ်။ ကျန်တဲ့ သူတွေ ကလဲ..ကျမ ကို ဆရာမ မှန်း သိထားကြသူတွေချည်း ဆိုတော့..အားလုံးကကျမရဲ့ နှစ်ထပ်ကွမ်း တပည့်တွေ လို့ ပြောလဲ မှား မယ် မထင်ပါဘူး..။ တပည့်မလေးတွေ ကလဲ..ကျောင်းတုန်းက သူတို့ ဆရာမ..ဒီမှာလဲ ဆရာမ ..ပြီးတော့.. လက်ထောက်နည်းပြ ၄ ယောက်ထဲမှာမှ .. ကျမ က ဆရာ့ စကားပြန်ဆိုတော့..ပို အထင်ကြီး ကြသပေါ့ နော့...း)..။
တနေ့ မနက်...စာသင်ခန်း သန့်ရှင်းရေး လုပ်ကြပြီး..သင်တန်း စဖို့ အားလုးံ ပြင်ဆင်ပြီးကြ ချိန် ..ထုံးစံ အတိုင်း ဆရာ ၀င်လာပါတယ်..။ မျက်နှာ ကတော့ ခါတိုင်းလို သိပ် မရွှင်ပြ လှ..။ အဲဒီနေ့ မှာ ပဲ ကျမရဲ့ ဆရာ က ..ယောင်္ကျား မဆန်လွန်းတဲ့ (အမျိုး သမီးဝတ်နီပါး) အင်္ကျီ ဒီဇိုင်း တစ်မျိုး ၀တ်လာ တဲ့ အပြင်..ဖိနပ်ကလဲ လေဒီ ရှူး လို ပုံစံမျိုး ..စီးလာပါတယ်..။ မြို့လေးက တောမြို့လေး၊ နယ်မြို့ လေး ဆိုတော့ ..အစ တုန်းကမှ.. ဆရာ့ ကို အချောက် (ဆရာရေ..ကန်တော့ပါ) လို့ စွပ်စွဲပြီးပြုံး ချင်နေကြတဲ့ အသိုင်းအ၀ိုင်း ကြားမှာ ..ဒီပုံစံ နဲ့ ၀င်လာတော့..သင်တန်းသူတွေ အားလုံး..ပြုံးစိစိ ဖြစ်ကုန်ကြပါ တယ်..။ ဒါပေမဲ့ အားလုံးက ဆရာ့ ကိုကြောက်ကြတော့..ပြုံး ရုံ ထက် မပို ရဲ ကြ ။ ဆရာ့ ကြည့်ရတာ လဲ..တစ်ခုခု ပြောချင် နေသလို မျိုး..။ ဒါနဲ့ ကျမတို့လဲ.. အဲဒီနေ့ သင်ရမဲ့ သင်ခန်းစာတွေ စသင်ဖို့ သင်တန်းသူ တွေ ကို ပြောနေတုန်း...ကျမတို့ ဆရာ..ဘယ်လိုမှ အောင့်အီး သီးခံ နိုင်ပုံ မရတော့ပဲ..ကျမကို စကား တခွန်း လှမ်းမေး ပါတယ်...။ အားလုံး မယဉ်ကျေး သလို ဖြစ်ခဲ့ ရင် ကန်တော့ပါနော်.... ကမြင်းမသား ..ဆိုတာ ဘာလဲ တဲ့..(သူ သုံး ခဲ့တာ အမှန်တော့ အဲဒီ အသုံး မဟုတ်ပါဘူး.. သူမေးတုန်းက အဲဒီဒေသ မှာ ဆဲတဲ့ စကားတစ်လုံးပါ.. ကျမ အနီးစပ်ဆုံး မြန်မာ ဘာသာ နဲ့ ပြန်လိုက် တာပါ) ..။
ပထမ တော့ ကျမ လုံးဝ နားမလည်ပါဘူး.. ဆရာ့လေသံကဂျပန်လို ၀ဲရတဲ့ အထဲ...အဲဒီဒေသခံ ဘာသာနဲ့ ဆဲတဲ့ စကားလုံးက လဲ ကျမနဲ့ အကျွမ်း တ၀င် မရှိလှ။ ကျမလဲ နောက်တစ်ခါ ထပ်မေးရတာပေါ့..။ ဆရာက နောက်တစ်ခေါက် ထပ်ပြန်ပြောတယ်...ကျမ နားမလည်သေး... ဆရာ့ တတိယ တစ်ခွန်းကျတော့ အသံ ကအတော်လေးကျယ်ခဲ့ ပြီ..။ ကျမထက် အရင်..သင်တန်းသူတွေ သဘောပေါက် နားလည်ပြီး..ဆရာနဲ့ ကျမကို ကြည့်..ရယ်ကြပါတော့တယ်..အစထဲ ကမှ ဆရာ့ပုံစံ ကြည့်ပြီး ရီချင်နေကြသူတွေ ..ခုတော့ အကွက် တစ်ခါတည်း တန်း ၀င်တော့တာ ကိုး...။
ဆရာ စပြီး မျက်နှာ ပျက်ပါပြီ..စိတ်တိုစ ပြု ပါပြီ..ကြောင်အမ်းနေတဲ့ ကျမကို..နောက်တစ်ခွန်း လှမ်းမေးပါတယ်..
What are they laughing?
They are laughing me? ဖြစ်မှာပါ.။
ကျမနား ထဲ ကြားတာက..
What are they loving? They are loving me? တဲ့.....။
ဆိုတော့ ... ကျမ ဘာပြန်ဖြေရ ပါ့မလဲ..။ ကျမ အိုးတိုး အတ ဖြစ်လေ...ဆရာက ဒေါသ ပိုထွက်လေ..သင်တန်းသူ တွေ က ရီတာ အတော မသတ်နိုင်လေ...နဲ့...ဒီလောက် ကိုယ့်ကို အထင်ကြီးနေတဲ့ တပည့်တွေ ရှေ့..ပထမ ပြောတာလဲ နားမလည်...နောက်မေးတာတွေ လဲ ပြန်မဖြေနိုင်တဲ့ ကျမ အဖြစ်...။.ဆရာ့မျက်နှာလဲ.. နီရဲ ဒေါသ တွေ နဲ့...ကျမ တကိုယ်လုံးလဲ ချွေးစေး ပြန်..နားရွက်တွေ နီရဲ ပြီး..အဲဒီနားက အငွေ့ ပျံ ထွက်ပြေးသွား ချင် စိတ်ပေါက်နေခဲ့ ရပါ တယ်...ဒုက္ခ..ဒုက္ခ...။
..............................................................................
ဖြစ်ရပ်မှန် ဇာတ်လမ်းရဲ့ ပင်ရင်း ကတော့.. နိုင်ငံခြားသားတွေ ချည်း နေတဲ့..Staff House မှာ ဆရာ့လိုပဲ တခြား နိုင်ငံခြားသား ၀န်ထမ်း အမျိုးသမီးရော အမျိုးသားပါ ၆ ယောက် ရှိပါတယ်..။ အဲဒီထဲ မှာ ဟိုမရောက် ဒီမရောက် ကျမတို့ ဆရာ က နေရာတကာ စေ့စပ်လွန်း၊ သေချာလွန်း၊ တိကျလွန်း တဲ့ အပြင် အသန့် လဲ ကြိုက်လွန်း လှတာမို့..အဲဒီက အစောင့် ၀န်ထမ်းတွေ.၊ ထမင်းချက် နဲ့ သန့်ရှင်းရေး လုပ်သူတွေ ပါ ဆရာ့ ကိုကြောက်ကြပါတယ်..(သူတို့ ဂျပန် အချင်းချင်းတောင် ဆရာ့ ရဲ့ တိကျ ပြတ်သားမှုကို ကြောက်ကြရတာကိုး) ။ အဲဒီဝန်ထမ်းတွေ ထဲ မှာ..ထမင်းချက် အမျိုးသမီးကတော့..နောက် ဆီနီယာ ဂျပန်အမျိုးသား တစ်ယောက်ရဲ့ မျက်နှာသာပေးခြင်း ကိုခံရတာမို့ နဲနဲ လောက် မြောက်ကြွမြောက်ကြွ နိုင်ပါ သတဲ့ ၊ သူ အချိုး မပြေတဲ့ ကိစ္စ တွေ ဆရာ့မျက်စိ နဲ့ တည့်တည့် တိုး တဲ့ အချိန် ဆရာက ပြောတတ်တော့.. ဆရာ့ ကို သိပ်မကြည်ချင် ဘူးဆိုပါတော့..။ တနေ့ အဲဒီ အမျိုးသမီး အချိုး မပြေတာတစ်ခု ဆရာ ..ပြောလိုက်တော့..ရှေ့မှာဘာမှ မပြောပေမဲ့..စိတ်ထဲတော့ ရှိနေခဲ့မှာပေါ့..လှည့်ထွက်ပြီး..မီးဖို ခန်း ထဲ ၀င်သွား ချိန် ..ဆရာကလဲ..ကိစ္စ တစ်ခု နဲ့ နောက် က ပါသွား ချိန်..ဆရာ ရှိနေမှန်း မသိပဲ..ထမင်းချက် အမျိုးသမီး က ..ရင်ဖွင့် လိုက် တာပါ.. တစ်တစ်ခွခွ ကြီး ပေါ့နော်..။ ဆရာ က သူ့ ကို ပြောမှန်း အရိပ်အခြေ ကြည့် နားလည်တော့ အဲဒီ စကားလုံး..သူ့မှတ်စု စာအုပ်မှာ မှတ်ပြီး..ရုံး ကို ရောက်တော့ ကျမကို မေးခဲ့တာပါ...။
...........................................................................
အစထဲက ..အိမ်က မကြည်မလင် ဖြစ်လာရတဲ့အထဲ..ကျမ ရဲ့ ယောင်နန အမူ အယာ..၊ သင်တန်းသူတွေရဲ့ ရီမောသံ ကြား..ဆရာ့ ဒေါသ အိုးတွေ ကွဲ ခဲ့ တာ..ခုပြန်တွေး ကြည့်လိုက်တော့ လဲ..ပြုံးစရာလေး ပေမဲ့..
အဲဒီ တုန်း ကတော့.. laughing နဲ့ loving တောင် မကွဲ ခဲ့ တဲ့ ကျမ အဖြစ်ပါ.....။
...................................................
ဒီပို့စ်လေး ကတော့..ကျမကို ချစ်တယ်..ချစ်တယ် ပြောပြီး ညာခိုင်းတဲ့..ညီမလေး ကောင်းကင်ပြာ ရဲ့ တောင်းဆိုမှုကြောင့်..တချိန်တုန်းက ဒုက္ခ၊ ခုတော့လဲ ဟာသ အကြောင်းအရာလေး တစ်ခုပါ။ ကျမရဲ့ ရာဇ၀င်တွေ ထဲ တစ်ခုပါပဲ၊ ညီမလေး ကောင်းကင်ပြာရေ..ဒီလောက်ဆို ကျေနပ်လိမ့်မယ် လို့ မမ ထင်ပါတယ်နော်။
အာလုံးကိုခင်မင်လေးစားတဲ့
မမသီရိ