Friday, April 23, 2010

ဖြေလျှော့ခွေ

နေ့လဲ နေ့မို့..
မနက်အလင်း .အာရုဏ်ကျင်းရင်
နွေနေခြည်နဲ့
အိပ်တန်းထပြေး ငှက်ကလေးရဲ့
ချိုနွဲ့ ကာရံ သီချင်းသံနဲ့
သခင်အရောက် အမျှော်ထောက်မိ...

ညလဲ ညမို့..
လပြည့် လကွယ် ရွေးချယ်မထား
လေညှင်းဖြတ်သွား..
သစ်ရွက်ကြားက တီးတိုးလှုပ်သံ
သူ့ခြေသံလား နားစွင့်ထားရင်း..
ညဉ့်ငှက်ထပျံ တောင်ပံသံကို
မှီတွယ် ရှိုက်မက်
အိပ်စက် မပျော်..
သခင့် ကိုပဲ မျှော်မိတယ်...

နေ့ကလေးတွေ
တနေ့ပြီး တနေ့ ...
တရွေ့ ရွေ့ ကြာ......
ည ကလေးတွေ..
တညပြီး တည...
မှုန်ပြပြ သာ.....

အဝေးဆီမှာ .. သက်ထား သခင်..
အမုန်းဝင်လို့..
မကြင်နာတိမ်း စိမ်းခဲ့ ပြီလား...

လာလိမ့်လေနိုး.. မျှော်ကိုး မိတဲ့
မျှော်လင့်ချက်တွေ.....

စိတ်ကူးထဲက..
ပြန်ဆုံ ထွေးယှက်..အပျော်ရက်တွေ...
ရော်ရည် စိတ်မှန်း .. အိပ်မက်ကမ်း ကို..
နွမ်းသက်မပြေ... လွမ်းလျှက်မြေမှာ..
မျက်ရည်ဖြာ ရင်း...
နှမ လက်လျှော့ လိုက်ချင်ပြီ........။


မမသီရိ
၂၃.၄.၂၀၁၀

Saturday, April 17, 2010

မပန်ဖြစ်တဲ့ ပိတောက်ခက်မှတ်တမ်း


မိန်အနှောင်းပေလား..
ချိန်စောင်းခါ နွေလယ်ကျူးမှာ
မိုးဦးရဲ့ နိမိတ်ပုံ..
သင်းထုံစွာ.. ပန်းစုံပွင့်ချိန်တဲ့
မြူရိပ်ဆင်တံလျှပ်တွေ ရယ်
ဘယ်ဆီကို ငေးကာ ကြည့်ကြည့်
ဝေရီနေတယ်...

ဆောင်းနှောင်းမှာ ရွက်တွေ ကြွေခဲ့
နုသစ်ဝေ ဖူးတံချီလို့
အညှာမှာ မြရည်လိမ်း
လှလှစိမ်းပါတဲ့ ခိုင်ရွှေဝါ
သင်္ကြန်ခါ တန်ဆာဆင်ပေး
လဲ့ရွှေသွေး ပိတောက်ဝါ
လေအဝှေ့မှာ.. ပျံ့လာ ရနံ့ ရယ်က
ဥသြသံ လွမ်းပုံနွဲ့ နဲ့
ဆွေးစရာပါ..

လွန်လေတဲ့ ကာလ
နှင်းတွေ ဝေစ.. ဆောင်းလ ရဲ့ ဟေမာန်မှာ
ပန်စရာ ရှာလာကာ သူပေးခဲ့
သဇင်ဦး ဖူးညှာတွေက
ရင်ထဲ မှာ မွှေး ဆဲပေမို့
နွေအသက် ပိတောက်ခက်ကို
မေ့ ရဲ့ မောင် အဝေးဆီမှာမို့.
ပန်ဘို့ ကို ရှာသူ မဲ့ လို့ ရယ်
နွဲ့ ကေသာ ဆံညှာထက်မှာ
မေ ချူ ကာ မပန်ဖြစ်လိုက်
လွမ်း အစိုက် မျှော်တော်ယောင်

အိပ်မက်တွေ အတွေးစဉ်ထဲ က
စိုးမိုး မြဲ ချစ်သူ.. မောင်
သူလဲ လေ ဟိုအဝေး မှာ
နွေတန်ဆာ ပိတောက်လေးကို တဲ့
စိတ်တွေးကာ လွမ်းနေလေမလာ့..
ရင်ထဲ မှာ စာနာ စိတ်နဲ့ ရယ်..
တမ်း မိပါတယ်..။

တာသင်္ကြန် နှစ်အကူး
ဟောဒီနွေ လတန်ခူးမှာ
အလှထူးပါတဲ့ မြအဖူး ခိုင်ရွှေကို
ငိုင်တွေကာ မပန်ဖြစ်ပေမဲ့..

ဝသန်ခါ မိုးစက်နဲ့
တိုးဖက်လို့ ကြည်စယ်ကာ..
ပြည်သာယာ တိမ်ညို ကင်းခါမှ..
ငွေ ပွင့်လွှာ စံပယ်ခက်ကို လ
ရွှင်ကြည်စွာ မေ ဆင်မြန်းပါ့မယ်..
ပြန်ဆုံ ရန် လက်ရေ ချိုး
မျှော်ကိုးနေတယ်...။


မမသီရိ

5.5.1990

နေ့စွဲ အရ ဆိုရင် နှစ်ပေါင်း ၂၀ ပြည့်တော့မဲ့ ကဗျာဟောင်းလေး တပုဒ်ပါ။ မနှစ်က သင်္ကြန်မှာ  အကိုအောင်သာငယ်၊ ကောင်းကင်ကိုနဲ့၊ မောင်ဖုန်းမြင့်တို့ စီစဉ်ခဲ့ တဲ့ ပြိုင်တူလင်းတဲ့ ကောင်းကင် ဆိုတဲ့ သင်္ကြန် ကဗျာစုမှာပါဖူးပြီးသား ပေမဲ့ သင်္ကြန်နဲ့ အမိမြေကို လွမ်းနေသူတွေ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Thursday, April 08, 2010

ပိတောက်နဲ့ထပ်တူ


တောင်ပံတစုံ သာ ရလိုက်လို့ကတော့
ဘာပြောကောင်းလိမ့်မလဲ မောင် .. ရေ ..
မောင့်ဆီရှေ့မှောက် ခု အရောက်ပျံခဲ့မှာပေါ့ ကွယ်...

တိမ်တွေက ဘာလို့ ဒီလောက်အုံအုံ ဆိုင်းနေမှန်း မသိဘူး
တိုက်တဲ့လေတွေကလဲ အိုက်လှောင်လို့

ရွက်နုတွေ ဝေနေတဲ့ ပင်ပျို ပင်အို ထက်မတော့ 
ပိတောက်ဖူးတွေက နှစ်ကူး မိုးကို ကြိုလင့်လို့

ဟို တောအုပ် ညိုညို ဆီ နားမတော့
လွမ်းဆွတ်ကြင်ဖွယ် တေးကဗျာတပုဒ် ဥသြလေးက သီ လို့..

ရေတွေခမ်းခြောက်နေတဲ့ မြစ်ဝှမ်းဘေး တဖက်တချက်ဆီ မှာ
တချို့သစ်ပင်တွေက အရွက်ကြွေ.. တချို့သစ်ပင်တွေက အရွက်ဝေ လို့..

ကျမအလွမ်းတွေ မျှော ဖို့ စမ်းရေတွေ တောင် မရှိတော့ပါ လား မောင် ရဲ့..
ငုတွေ က ကျမကို လှောင်တယ်
လွမ်း တတ်လို့ လွမ်းတာလား.. တဲ့
တနှစ်မှာ ၃ ခါ.. တခါ ပွင့် တရက်သာ စွင့် တဲ့. ပိတောက်တွေ ကို
သူတို့ မယှဉ်နိုင်ပဲ နဲ့များ..
ကျမ ကိုလှောင်ရဲ သလား လို့ မေးစမ်းချင်ပါ ဘိ မောင်.. ရေ.


တကယ်ဆို..
မောင့် ကို ချစ်တဲ့အကြောင်း
ကျမ က ပိတောက်သက်သေနဲ့ ပြချင်တာလေ..
သက်တမ်း သန်းချီပြီ ဖြစ်တဲ့ ဒီ ကမ္ဘာ
ခေတ်တွေ စံနစ်တွေ ဘယ်လိုပြောင်းပြောင်း
သူ့ ပွင့်ချိန်က ပြောင်းမှ မပြောင်းတဲ့ ဟာ..
နွေ ကိုချစ်တယ်.. နွေမှာ ပဲ ပွင့်တယ်
နွေမှာ တောင် နှစ်သစ် ကူး ချိန်မှ.. 
ကဲ.. ဘယ်လောက် သစ္စာ မြဲ သလဲ လို့..

ကျမ လေ....
မောင့်ကို... သိပ်လွမ်းတယ်..
ပြီးတော့...
ပိတောက်တွေ နွေ ချစ်သလို..
ကျမလဲ မောင့် ကို.. ချစ်တယ်.. မောင်....။


မမသီရိ
၈.၄.၂၀၁၀

Monday, April 05, 2010

ပုလဲသွယ်


အလွမ်းကို သီ...
ညီပါပေ့ ဒီ လည်ရွဲ

ကမ္ဘာချီ ..ဝေးကွာခဲ့သည် မို့
ရွှေရင်မှာ မရွှင် နွမ်းတယ် ကွဲ့
ကျမျက်ရည်.. ပုလဲ....။


မမသီရိ
၃.၁၂.၂၀၀၉

Thursday, April 01, 2010

ချစ်သူ့.. နှင်း..

တရံတခါ ပေါင်းများစွာ၌
ကံကြမ္မာ ဆိုသော ထိုအရာ သည်...
မျက်နှာသာ ပေးလိုသူကိုသာပေး၍
ကံဆိုးသူများ အတွက်မူကား..
မေ့ယောင်ပြု စိမ်းကားစွာ
ရှောင်ခွာ သွား တတ်ပါပေ..၏..။
...
....
....
နှင်း.. တဲ့.
...
နှင်း.. ရေ...
အား ကျမိပါရဲ့ နှင်း အဖြစ်ကို..
မိုးလိုလဲ မစို စွတ်..
နွေလိုလဲ သွေ့ခြောက်မနေ..
ဥယျာဉ်မှူး ရဲ့ ပန်းကလေးတွေ က
နှင်း ရှိမှ ပျော်သတဲ့..
နှင်း ကြောင့် ရှင်သန်..
နှင်း ကြောင့် မွှေးပျံ့..
နှင်း ကြောင့် လတ်ဆတ်..
နှင်း ကြောင့်..
ဥယျာဉ်မှူး ရဲ့ ဥယျာဉ်လေးကစိုပြည်ခဲ့
..
ဟော.. ကြည့်...
လိပ်ပြာလေးတွေ ၀ဲ လို့..
နှင်း တွေ ထဲမှာလေ..
..
ဟော.. ကြည့်..
နှင်း မှုန်လေးတွေ က ဝေ့လို့..
နေခြည် နု ထဲ မှာလေ...
...
ဟော.. ကြည့်..
ငှက်ကလေးတွေ ကခေါင်းပြူ ကြည့်
နှင်း ကြောင့် လှတဲ့ မနက်ခင်းလေး ကို...
...
နှင်း .. ရေ..
ဥယျာဉ် မှူး က ပြော သကွဲ့..
နှင်း.. ကြောင့်သာ.. အရာရာ..တဲ့
..
နှင်း... ရေ..
ကြား မိရဲ့ လား..
ဥယျာဉ်မှူး ရဲ့ နှလုံးသား..
...
နှင်း.. ရေ..
ကြား မိရဲ့ လား..
သူ.. လိပ်ပြာလေးနဲ့ ပြောခိုင်း သတဲ့..
နှင်း.. ကို .. သိပ် ချစ်တဲ့ အကြောင်း..
..
နှင်း..သာ.... ထာဝရ..
နှင်း... သာ.. သူ့ ကဗျာ...
နှင်း... က.. သူ့ မိုး ကောင်းကင်
သူ့ ဥယျာဉ်လေး အတွက်.
နှင်း.. ကို ပဲ လို အပ်သတဲ့..
နှင်း..
နှင်း..
နှင်း.. ကြောင့်..
နှင်း..သာ..
နှင်း.. မို့..
နှင်း... က..
နှင်း.. နဲ့...
နှင်း... ထံ...
...
..
နှင်း.... ရေ..........
ကြား မိရဲ့ လား..
နှင်း.. ကံကောင်းတဲ့ အကြောင်းတွေ..
..
နှင်း .. ရေ.......
ကြားမိရဲ့ လား..
သူ့ သံစဉ် တေးသွား တွေ...
...
..
နှင်း.. ရေ့.
တချက် လောက်တော့ နားစွင့် ကြည့်လိုက် ကွဲ့
သူ့ ဥယျာဉ် နံဘေးမှာတော့
တီးတိုး ငို ရှိုက်သံ သဲ့သဲ့..
...
နှင်း.. ရေ
ကြား မိစေချင် ခဲ့..
နွေ ရဲ့ ငို ရှိုက်သံ
....
နှင်း.. ရေ..
မြင် မိစေချင် ရဲ့..
မိုး.. ရဲ့ မျက်ရည်တွေ...
..
နှင်း ...ရေ...
နှင်း.. လို ကံမကောင်း လေတော့..
နှင်း ရေ..ဒီမှာတော့ မျက်ရည်တွေနဲ့....။


မမသီရိ
25.6.2009