Wednesday, April 05, 2017

အဖြူရောင်ရိုးရိုးလေး



အဖြူရောင် ရိုးရိုးလေးပဲ
ချစ်ခြင်းမေတ္တာဟာ ဆန်းကြယ်

သတိရခြင်းတို့ဟာ အစဉ်ပဲ
အမြဲတမ်းတ ဖို့ဆိုတာတော့ မဖြစ်ကွယ်

ချစ်တယ်… ကလေး ရယ်….။

အညိုရောင် နုနုလေး နဲ့
မင်းဆံပင်ကလေး တွေ ချစ်စဖွယ်

နေရောင်ဖျော့ဖျော့ အောက်မှာ
ခေါင်းမော့ပင့်တင်သပ်လိုက် တဲ့ပုံ ရူးမယ်…

ခက်တယ် ကလေးရယ်…
အဖြူရောင်ရိုးရိုးလေးပဲ ချစ်တယ်ပြောမယ် ..
မမြင်ရင် လွမ်းရလို့ ခက်နေသေးတယ်
အဖြူရောင် ရိုးရိုးလေးပဲ ချစ်တယ်ပြောကွယ်
မမြင်နိုင်စည်းများခြားတော့ အဖြူရောင်ရိုးရိုးလေးပဲ တို့တွေ ချစ်မယ်
ချစ်တယ် ကလေး ရယ်
လွမ်းတယ် ကလေး ရယ်..
ခက်တယ် ကလေးရယ်..

တိမ်တွေ နှုတ်ဆက်သွားတော့ ဆည်းဆာရိပ်မယ်
ထိုင်ကာငေးရင်းနဲ့ ပဲ မင်း အကြောင်းတွေးတယ်.
ရေပြင်ဟာတိုးတိတ် ဆိတ်ငြိမ်လွန်းတယ်..
လာပါ အိပ်မက်ထဲထိ .. အခြားလူ မသိကွယ်. ..
အဖြူရောင်ရိုးရိုးလေးပဲ ချစ်တယ်ပြောမယ်..
အဖြူရောင် ရိုးရိုးလေးပဲ ချစ်တယ် ကလေးရယ်… ။ 


မမသီရိ
၅.၄.၂၀၁၇

Notes ဆိုတာလဲ မသိ
Key ဆိုတာ နားမလည်
ဘာတူရိယာမှလဲ မတီးတတ်ပဲ သီချင်းတွေ ရေးဖူးတယ် .. သိမ်းထားတယ်
ခုတလော  ဘာရယ်မဟုတ် သံစဉ်ရိုးရိုးလေးတွေနှုတ်ဖျားပေါ် ရောက်လာလို့ပါ ..။
သီးချင်းကတော့ ယောကျာင်္းလေး ဆိုဖို့ သီချင်း .
တီးချင်တဲ့ သူ တွေ တီးကြည့် ဆိုကြည့်ကြပါ။

Wednesday, March 29, 2017

မမ နဲ့ မောင်

၁၉၈၄ မှာ ၁၀ တန်းအောင်ပြီး ပထမနှစ် ရန်ကုန်တက္ကသိုလ်လာရတော့ လှည်းတန်းဇေယျာသီရိလမ်းထဲ က ရဲဘော် ၃ ကျိပ်ဝင် ဗိုလ်မှူးကြီးထွန်းတင် ရဲ့ အိမ်အဆောင်မှာ နေရတယ်၊ အဲတုန်းက တယ်လီဖုန်းဆိုတာ ကိုယ်တို့နယ်မှာဆို စာတိုက်တို့ ကြေးနန်းရုံးတို့ သွားပြီးဆက်ရ၊ အစိုးရရုံးနဲ့ အချို့အရာရှိ အိမ်၊ ပင်စင်စားအိမ်၊ မြို့နယ်ကောင်စီ ပါတီဝင်တွေ ရဲ့ အိမ်တွေမှာတော့ ဂရီးဂရီး နဲ့ လက်နဲ့ လှည့်ပြီး အိတ်ချိန်းက တစ်ဆင့် ခေါ်ရတဲ့ ခေတ်ပေါ့၊ အော်တိုတယ်လီဖုန်း နဲ့ အော်တို့အိတ်ချိန်း ဟာ အကန့်အသတ် နဲ့ ရှိနေဆဲ၊ ကိုယ်တို့မြို့က တိုးရစ်တွေ အလည်ရောက်လေ့ရှိတဲ့ မြို့မို့ နိုင်ငံတကာ ဆက်သွယ်လို့ရတဲ့ စံနစ်ကို မြန်မာနိုင်ငံ အခြားမြို့ အများစုတွေ ထက် စောပြီး မြင်ဖူး ကြားဖူးခဲ့ရတဲ့ မြို့လို့ ပြောလို့ရသေးရဲ့၊ 

ရန်ကုန်ရောက်တော့ နေရတဲ့ အဲဒီအဆောင်က ရဲဘော်သုံးကျိပ်ဟောင်းကြီး ရဲ့ အဆောင်ဆိုတော့ အော်တိုတယ်လီဖုန်းလေး ရှိတယ် ဆိုပါတော့၊ အဆောင်နေကြတဲ့ အဆောင်သူတွေ ထဲ ဖုန်းလာတယ်၊ ဖုန်းပြောရတယ် ဆိုတာလဲ တော်ရုံတော့ မကတဲ့ အခြေအနေမျိုး၊ ဖုန်းလာလို့ ဖုန်းပြောရင် အိမ်က အိမ်ရှင်တွေ ထဲ တစ်ယောက်ယောက် ဘေးနားမှာ အမြဲ ရှိတတ်တဲ့အပြင်၊ ခင်တဲ့ သူငယ်ချင်းတွေဆိုလဲ ဘာရယ်မဟုတ် စပ်စုတာမျိုးမဟုတ်ပဲ အနားအတူတူ ရှိကြတာ၊ တစ်နောကတော့ ကိုယ့်ဆီ ဖုန်းခေါ်တဲ့တစ်ယောက်ရှိလို့ ဖုန်းရှိရာ သူတို့ဧည့်ခန်းသွားပြီး ဖုန်းလက်ခံပြောရ၊ အြ့ပင်သွာခါးနီးမို့ ဘေးနားမှာ သူငယ်ချင်းက နှစ်ယောက်၊ အိမ်က အိမ်ရှင် သမီး အငယ် မကြည်မာ ရောရှိနေကြ၊ 

ဟဲလို 
ဟဲလို မောင်လေးလား
......
ဟုတ် မောင်လေး မမ ခုပဲ အပြင်သွား မလို့..
.......
အင်း.. လာခဲ့လေ ..
စနေနေ့ ညနေပိုင်း ဆို မမ အားတယ်.. 
.....
မောင်လေး... အန်တီရိုစီရော ပါလာမှာလား 
.......
ဟုတ်. ဟုတ် မောင်လေး..
မနက်ဖြန် ၄ နာရီခွဲ 
မမ စောင့်နေ မယ် ... ဒါပဲနော်. ဘိုင်..

မကြည်မာကရော ဘေးနားက သူငယ်ချင်း နှစ်ယောက်ကပါ ၁၆ နှစ် မပြည့်တပြည့်သမီး မမ ရဲ့ မောင်လေး ဟာ သူ့မမ ဆီ သူ့အမေ နဲ့ လာမှာလို့ ထင်နေတာ။

အဲအဆောင်ရဲ့ အပြင် ၂ ခန်းက စာသင်ခန်း  မို့ တစ်နေ့လုံးလိုလို စာသင် ချိန်တွေ က လဲ ရှိနေတတ်တာ၊ နောက်နေ့ စနေနေ့ ညနေခင်းမှာ မမ ဟာ စောစောစီးစီး ရေမိုးချိုး ဖြီးလိမ်းပြင်ဆင် လို့ အဆောင်ပါလာ မှာ မောင်လေး ကို ထွက်စောင့်၊ အိမ်ဘေး ခြံဝင်းထဲမှာ စာကျက် သူငယ်ချင်းတွေ၊ ဘေးက စာသင်ခန်း ထဲ မှာ အတန်းတစ်တန်း ရှိနေ၊ ၄ နာရီခွဲ ကျော်လာတော့ ခြံထဲ ကားဖြူကလေး တစ်စီးဝင်လာ၊ ကားရှေ့ခန်း မောင်းသူဘေးက အရပ် ၆ ပေ ခွဲ ကော်ျ တဲ့ မျက်လုံးမျက်ဖန် ကောင်းကောင်း ထောင်ထောင်မောင်းမောင်း အသက် ၃၀ ကျော် လူချောကြီး တစ်ဦးဆင်းလာ၊ 

မမ 
.......
ဟယ် မောင်လေး.. 
ကိုယ် အဆောင်ထဲ က ပြေးထွက် .. မောင်လေး က ကိုယ့်ကို ချိုင်း က မ ပြီး ချီတာ .. 
ခြံထဲ စာဖတ်နေတဲ့ သူငယ်တွေ ထဲ နှစ်ယောက်က မနေ့ က ဖုန်းပြောတုန်း အနား မှာ ရှိတဲ့ နှစ်ယောက် ထဲ က အသံ အာဗြဲစိန်တစ်ယောက် .. မောင်လေး ကောက်ချီလိုက်တဲ့ ကိုယ် နဲ့ မောင်လေး ကို ကြည့်ပြီး ပထမ ပါးစပ်အဟောင်းသား၊ ပြီးတော့...  ဟယ်.. မကြည်မာ ရေ တော့် .. ဒီမှာ .. သံတွဲ ရယ် လေ.. သူ့ မောင်လေး တဲ့ တော့်.. ဆို ကုန်း အော်တော့  .. မကြည်မာ ရော မရီမာ ရော အပြင်ရောက်လာ၊ ကျန်သူငယ်ချင်း တွေ လဲ ၀ိုင်းလား၊ ဘေးနာ က စာသင်ခန်း က လဲ စာသင်တာ ရပ်ပြီး ပြူးပြဲ ကြည့်ကြ... 

နောက်တော့ ကားနောက်ခန်းက ဆင်းလာတဲ့ အန်တီရိုစီ.. မောင်လေးရဲ့ အမေ မဟုတ်တဲ့ ဇနီး၊
အဆောင်ပိုင်ရှင် မကြည်မာ နဲ့ မရီမာ ကို သူ့တူ မ ကို သေချာစောင့်ရှောက်ပေးဖို့ ပြောနေတဲ့ ဦးလေး နဲ့ သူ့မိန်းမ ကိုကြည့် ကြ ၀ိုင်းရီကြ နဲ့ ကိုယ့်မလဲ အဲအဆောင်မှာ အဲနောက်တော့ ကိုယ့် နာမည်ရင်း ခေါ်သူမရှိတော့ပဲ .. သံတွဲ လို့ ခေါ်သူခေါ် .. မမ လို့ပဲ ခေါ်သူ ခေါ်...
.......................................................................

တကယ်တော့ မောင်လေး/ မောင်ချေ၊ မောင်မောင်၊ အမောင်၊ မောင်လတ်၊ မောင်ကြီး/ မောင်ကီးသျှန်၊ မမ၊ အမ၊ မကြီး၊ မငယ်၊ ကိုကို၊ ကိုလေး၊ အပု/အဘု၊ အပုငယ်/အဘုချေ၊ အပုကြီး ဆိုတာတွေ က ရခိုင်ပြည်နယ် တနံတလျား က ကလေး တိုင်း ရှိကြတဲ့ common နာမည် တွေပါ၊ 

ကိုယ်အပါအ၀င် အမျိုးတွေက ကိုယ့်ဦးလေး ၀မ်းကွဲ တွေ အကုန်လုံး နာမည် ပဲ ခေါ်ကြတာ ကိုး၊ ခုထိလဲ မောင်လေး လို့ ခေါ်တဲ့ဦးလေး က အသက် ၆၀ ကျော်၊ မောင်မောင် က အသက် ၆၅ ကျော်၊ အမေရိကားရေက်နေတဲ့ အသက် ၅၀ ကျော်ဦးလေးက ခုလဲ  ပေါက်စ၊ ကိုယ့်ထက် ၃ လ ကြီး ဦးလေး က မေါက်ပေါက်၊ မောင်လေး အောက်က အပု လို့ခေါ်တဲ့ ဦးလေးက အရက်နာ ရောဂါ နဲ့ မနှစ်က ဆုံးပါ သွားခဲ့ .. ကိုယ့်ကို ခုချိန်ထိ ခေါ်တာ .. မမ ရေ.. တူမလေး ရေ .. ပဲ..

ကိုယ်က အိမ်မှာမိသားစု မှာ မြေးဦး မိန်းကလေးမို့ မမ ဖြစ်ခဲ့ပြီး ခုချိန်ထိ အမျိုးတွေ အကုန်လုံး က ကြီးကြီးငယ်ငယ် မမ ပဲ ခေါ်ကြတာ၊ ကိုယ့်ကို ကိုယ် မမ ပြောတဲ့ အကျင့်က အသက် ၂၀ ကျော်တဲ့ ထိ စွဲ နေပြီးတော့ ကျမ၊ ကျွန်မ လို့ ပြောရအောင် မနည်း ကျင့်ယူခဲ့ရတာ၊ ငါ လို့ ပြောဖို့ အင်မတန် ၀န်လေးခဲ့သူ တစ်ယောက်က ခုတော့လဲ ငါတွေ ကျုပ်တွေ မိုးမွှန်ခဲ့ပေါ့။ 

 ပြီးတော့ ကိုယ်တို့ ဒေသ က ကလေးတွေ အများစု က ကျွန်တော် ကျွန်မ ပြောလေ့ပြောကျင့် နည်းပါးကြပြီး မမ က . မ . က လို့ ပြောသလို ယောင်္ကျားလးတွေက လဲ မောင်မောင် က မောင်က လို့ ပြောလေ့ရှိတတ်ကြတာပါ ။
ထူးခြားချက် အနေနဲ့ မြောက်ပိုင်းက မိန်းကလေးတွေ ဆို သူတို့ သူတို့ မောင်လို့ ပြောတတ်ကြသေးတာပါ။

ကိုယ်တို့ပြည်နယ် ရဲ့ ထူးခြား ချက်က တောင်ပိုင်း မြောက်ပိုင်း အလယ်ပိုင်း က ဒေသိယ စကားတွေ အသုံး အနှုန်းတွေ ကွာခြား တာပါပဲ၊ ၈၈ အရေးအခင်း ပြီးနောက်နှစ် မြောက်ပိုင်း ကျောင်းဆရာမ သွားလုပ်တော့ အဲက မိန်းကလေး တွေ ရော အချို့ ယောင်္ကျားလေးတွေ ပါ စကားပြောရင် သူတို့ ကိုယ် သူတို့ မောင် နဲ့ ပြောတတ်ကြတဲ့ အကြောင်း ကိုယ့်မှာ မောင် ဆိုတဲ့ ၀ထ္တုလတ်လေး တစ်ပုဒ်တောင် ရေးဖြစ် (အဲ မောင်က ယောင်္ကျားလေး မဟုတ်တဲ့ မောင် .. အထင်မကြီး ကြနဲ့ ရေး-သိမ်း . ဘယ်မှ မပို့ပါ) .. ခုချိန်ထိ အချို့ ယောင်္ကျားလေး တပည့် တွေ ဖုန်းခေါ် ကြ ရင် ဆရာမ .. မောင် . ခု ဘယ်မှာ .. မောင် ဘာလုပ်နေတယ်.. မောင် တို့ လာခဲ့ အုံး .. ပြောကြတာ... 
မောင်နဲ့ ပြောတဲ့ မိန်းကလေး တပည့်မ တွေ၊ သူငယ်ချင်း မိတ်ဆွေ တွေ တော့ မရေ မတွက် နိုင်..


အိမ် က သားတော်မောင် အကြီးကောင် က သားသားမောင် .. အလုပ်ခိုင်းစရာ ရှိရင် အမေ ခေါ်တဲံ အသံ ချိုချို က အသဲမောင် .. ရေ.. မောင် .. ရေ.. သားမောင် ရေ... စိတ်တိုတဲ့ အခါ ကျတော့ သား.သား.မောင် .. ပေါ့ .. 

ကိုင်း... ခု နေ... မမ .. မှာ.. မောင်.. ခေါ် ဖို့ .. 


မမသီရိ
၂၉ မတ် ၂၀၁၇



Tuesday, January 31, 2017

င်္Fear is Freedom

ရှဉ့်လည်း လျှောက်သာဖို့
ပျားလည်းစွဲသာဖို့
အေးချမ်းတဲ့ အိပ်မက်မျိုး ကိုပုံဖေါ်လို့
ငါတို့တွေ
ရေလောင်းရင်း ပေါင်းသင်ရင်း
ကျ လိုက်တဲ့ သွေးတွေ သွေးတွေ
လောင်လိုက်တဲ့ မီးတွေမီးတွေ

Freedom from Fear ဟာ
ငါတို့ရဲ့ ကျမ်းစာအုပ်

အရည်ကျိုသောက်ရင်း သောက်ရင်း
ထောင်နှုတ်ခမ်း လဲ ငါတို့ပျော်ရွှင်ရွှင် ယောင်ကြတယ်
ထောင်ဗူးဝ လဲ ငါတို့ ပျော်ပျော်ရွှင်ရွှင် ဝင်ကြတယ်

ငါတို့ လက်မောင်း မှာ ငါတို့ရင်ဘတ်မှာ

Freedom from Fear တက်တူးနဲ့

ကမ္ဘာလုံး ကြီး တစ်ခုလုံးက သောင်းသောင်းဖျဖျ
စားကြ သုံးကြ 
Freedom from Fear ဟာ

ကမ္ဘာကြီးအတွက်
ဆေးကောင်းတစ်လက်

......................

ရှဉ့်လည်း လျှောက်သာဖို့
ပျားလည်းစွဲသာဖို့
အေးချမ်းတဲ့ အိပ်မက်မျိုး ကိုပုံဖေါ်လို့
ငါတို့တွေ
ရေလောင်းရင်း ပေါင်းသင်ရင်း

ငါတို့ မျက်ဝန်းထဲတွေထဲ
မျှော်လင့်ခြင်းတွေ သာချန်ခဲ့ပြီး 

တက်တူး အရောင်ရင့်ရင့်သာ 
ငါတို့ ကိုယ်ပေါ်မှာ ကျန်နေခဲ့ပြီးတော့

Freedom from Fear ဟာ စမ်းချောင်းလေးဆီ အလည် ထွက်သွားခဲ့တယ်

အဆုံးစွန်သော နားလည်မှုတွေ နဲ့
မနက်ဖြန် ပြန်လာနိုး
နောက်တစ်နေ့ ပြန်လာနိုး
ပြာ ပုံတွေ ကြားက ငါတို့မျှော်ကြတယ်
သွေးစက်တွေ ကြားက ငါတို့ မျှော်ကြတယ်


သေ နတ်သံ ...

အေးအေး လူလူ ပါ ပဲ
အသာကလေး နောက်နားက တေ့ ဖြုတ် ယုံ ကလေးရယ်
နောက်ထပ်
သွေးချင်းချင်း နီရဲ ဦးခေါင်း ဟာ 
ငြိမ်းအေးရာ ဘုံကို တံခါးဖွင့်ပေးလိုက် တယ်

မူကြိုကျောင်းသား ကလေးက မြေပေါ် လွင့်စင်ကျသွားတယ်


ငါတို့ ဦးခေါင်းတွေ ကိုယ်စီ အဆင်သင့်ပြင်ရင်း
ကမ္ဘာမကျေဘူး သီချင်းတွေ သံပြိုင် သီဆိုရင်း
ငါတို့ ကတော့
အဆုံးစွန်သော နားလည်မှုတွေနဲ့
စမ်းချောင်းလေး ဆီ အလည်ထွက် သွား တဲ့
Freedom from Fear ကို မျှော်ဆဲ ရယ်။


မမသီရိ
၃၁ ဇန်နဝါရီ ၂၀၁၇

Thursday, November 24, 2016

အရိပ်

အရိပ် ဆိုမှတော့
အစစ်တွေအတုတွေ တံဆိပ်ကပ်နေရအုံးမှာလား

မင်းရဲ့ အရိပ်ကလေး
အရိပ်နေနေ အခက်ချိုးချိုး
လောင်းရိပ်မိ
အရိပ်ထိုး
အရိပ်မိုး
အရိပ်ဆိုး
အရိပ်ပမာ မခွဲမခွာ
အတိတ် ရဲ့ အရိပ်
အရိပ်
အရိပ်
အရိပ်
အရိပ် နဲ့ ပတ်သက်တာတွေ
အရိပ်လို့ ပြောနေပါတယ်

စစ်လား တုလား
ထပ်ပွား မနေ တော့နဲ့

တိတ်ဆိတ်နေတဲ့ အရိပ်ကြောင့်
လူသတ်သမား တွေ လိုင်စင်ရကုန်ုပြီ
ဖွားကနဲ ရိပ်ကနဲ
စင်ထွက် လာလိုက်တာ
အရိပ်ရဲ့အရိပ်အောက်မှာ ပဲ
ကျိန်စာ မိ ခဲ့ တဲ့ သက်တံ တစ် စင်း
သွေး စက်မှုန် တွေ နဲ့ လင်း နေလိုက်တာ ဆို........ ။


မမသီရိ
၂၄ အောက်တိုဘာ ၂၀၁၆

Sunday, July 24, 2016

အဆိပ်သင့်သူများ



မစားကောင်းတဲ့အသီးကို အတူတကွစားမိကြတဲ့အခါ

မဖြတ်ကောင်းတဲ့မြစ်ကို အတူတကွ ဖြတ်သန်းကြတဲ့အခါ

မသောက်ကောင်းတဲ့ ဝိုင် ကို အတူ သောက်သုံးမိကြတဲ့အခါ

မကျော်သင့်တဲ့တောင် ကို အတူတကွ ကျော်ဖြတ်မိကြတဲ့ အခါ

အနာတရ ကိုယ်စီ သွေးအလိမ်းလိမ်းရာသီများသာ အခါမလပ် ပွင့်ပေါ့ .... ။


မမသီရိ
၂၄.၇.၂၀၁၆

Monday, July 04, 2016

ငါ့ငြိမ်သက်ခြင်းဖြင့် သခင်အေးချမ်းစေ

ငါ၏ငြိမ်သက်ခြင်းဖြင့် သခင်ငြိမ်းချမ်းစေ
ငါ၏မှိန်ဖျော့ခြင်းဖြင့် သခင်ရွှင်လန်းစေ
ငါ၏ဝေးကွာခြင်းဖြင့် သခင်ပျော်ရွှင်စေ
ငါ၏မုန်းခြင်းတရားဖြင့်
သခင့်ပုခုံးထက်က လက်တို့နွေးထွေးစေ
သခင့်နာရီများ တောက်ပစေ
သခင့်ညများ ပြည့်ဝစေ... ။

၀၃ ဇူလိုင် ၂၀၁၆


Thursday, June 23, 2016

The Moon

အသည်းအသန် လွမ်းတဲ့ ညတွေ ကို သင်ဘယ်လို ကျော်ဖြတ်သလဲ

ငါ့ပြတင်းပေါက် ကနေ လှမ်းတွေ့ တဲ့ လမင်း ကို ငါ ဆင်းဖမ်း လိုက်တာပေါ့

ငါ့ အိပ်ခန်း ၀ရံတာမှာ မျက်ရည်ရယ် မိုးရည် တွေ ရယ် အိုင်ထွန်း လို့...။


မမသီရိ
၂၃ ဇွန် ၂၀၁၆

Monday, June 20, 2016

ခ်ခ်ခ် (ကာလသားသမီးများ ဆိုရှယ်နက်ဝေါ့တ် ပေါ်တွင်ရယ်သံ)

(မထော်မနန်း ရှိလိုက်တာလို့
အားပါးတရ တွေးလိုက်ပါလား
ရင်ချောင်သွားတာပေါ့လို့.. )

ကျောင်းအပန်းဖြေရိပ်သာထဲကနံရံပေါ်
ကပ်ထားတဲ့ စာရွက်ကလေး

ငါထားခဲ့လိုက်တာ လို့ မင်းဂုဏ်ယူလိုက်စမ်းပါ.... ခ်ခ်ခ် ... တဲ့

ကျန်ခဲ့လို့ အပျော်လွန်နေတာ တစ်ဖက်လူ မသိရှာဘူး။



မမသီရိ
၂၀.၆.၂၀၁၆

Wednesday, June 15, 2016

ကမ္ဘာသစ်

အားအားရှိ ထောင့်ကြားလေးထဲ ဝင်ဝင်ခွေမှာပေါ့
ဘာဖြစ်လို့လဲ မေးသူရှိဖို့ ငါမတောင့်တပြီ


မေတ္တာတရားမကျန်းမာတဲ့အခါ

အကြောင်းပြချက်ပိုးတွေ ကောင်ရေတိုးတိုးလာခဲ့
ပြောင်းပြန်အချိုးရဲ့ သီအိုရီ

နာရီတွေ ကို

 ကောင်းကောင်းဖမ်းဆုပ်ခဲ့တယ်လို့ တောင်
ထင်ယောင်ထင်မှား ထင်လိုက်သေး။

ကိုယ်လက်နှီးနှောခြင်း က 

အလိုဆန္ဒနဲ့သာ တိုက်ရိုက်အချိုးကျ။

ငါ့ကမ္ဘာဟာ ခုတော့ တကယ့်ကိုသာသာယာယာ

တစ်ကိုယ်ရေတစ်ကာယတည်ရှိခြင်းဆိုတာ
ကောင်းကငိပြာပြာဆိုလဲဟုတ်
မြကိခင်းစိမ်းစိမ်းဆိုလဲ ဟုတ်
အနောက်အရပ်က ပင်လယ်လေဆိုလဲဟုတ်
အရှေ့အရပ်က သိန်းငှက်တစ်ကောင်ဆိုလဲဟုတ်
အခွင့်ဆို ဘာမှကိုမသာချင်တော့
အငုံစိတ်တွေ ဟာ စိမ်းလန်းစိုပြေ ဖားဖားဝေ။

၁၅.၆.၂၀၁၆ 

၁၆:၃၅

Tuesday, June 14, 2016

Deal

ပြုံးပြုံလေး ပြောလဲ ရတဲ့ဟာ
ပြေးပြေးပြီး ပုန်းရအောင် မလုပ်နဲ့
အချစ်ရဲ့
ငါ့လက်ကို ဖမ်းဆုပ် လို့ရတယ်
ငါ့ဘ၀ တော့ ဖမ်းမချုပ် နဲ့။


မမသီရိ
၁၃ ဇွန် ၂၀၁၆

Thursday, May 05, 2016

ခရေ တို့ သည် လည်း ကြွေဖူး ကြ သည်...

စူးစူးရှရှ လင်းတောက်ပူးပြင်းသော
မေလ၏ ညနေခင်း အချို့အား ခက်ခဲ ပင်ပမ်းစွာ ခဲယဉ်းစွာ ဖြတ်သန်းပြီးသော အခါ
မနက်ဖြန် တို့ သည် နွေးထွေး အေးငြိမ်းလိမ့်မည် ဟု
တစ်စုံတစ်ယောက် မျှ အာမ ခံချက် မပေးခဲ့သော် လည်း
စိုးရိမ် သောက တို့သည်၎င်း၊
တပ်မက် မြိုက်ကျွမ်းခြင်းတို့ သည် ၄င်း
ဝန်တို ခြင်း ငြူစူ ရခြင်း တို့သည်၎င်း
ခံပြင်း  ပုလောင် ရခြင်း တို့သည်၎င်း
ချုပ်ငြိမ်း ခဲ့ပြီး ဟု ရင် မှ သိလေသည်။

ရီဆလူးရှင်းမြင့် ရုပ်ပုံ များ အိပ်မွေ့ကျ နေသည့် ချစ်ပ်စ် ပြား ပါးလျား တို့
ပြန်လည် သက် ၀င် နေရာ ယူလေကြပြီ

ရှေ့ရှိ ကြည့်မှန် ကွက်ကွက် တွင်
မဲ့ တဲ့တဲ့ အပြုံးတို့ အကြွင်း အကျန် ဆန်စွာ မှိန်ဖျော့ ၏
တရံခါ က ကြွေ ခဲ့ရဖူးသော ခရေ တို့ သည်လည်း
လက်ခမောင်းခတ်ကြပါ ကုန်။

မမသီရိ
၅.၅.၂၀၁၆

Saturday, December 19, 2015

အလွမ်းနဲ့နီးသော ညနေများ

ငါ လဲကျသွားတာ ငါ့အတ္တပေါ်မှာလား
အခြားလူတွေလိုပဲ ငါလဲ အကောင်းဆုံးကို ရချင်ခဲ့ရုံပါ
ရှေ့ဆက်လှမ်းရမဲ့ခြေလှမ်း တွေ ဆွံ့ အ
ရပ်နေတဲ့နေရာမှာ ပဲ လဲကျ
အေးစိမ့်စိမ့် ဆောင်းလေ မကူနိုင်တဲ့ သောက

ငါ .. ထွက်ခွာ ခဲ့ပြီလို့ သေချာချင်နေတဲ့ ညိုရီဝေ ညနေခင်း များ ဟာ.....။



မမသီရိ
၁၉  ဒီဇင်ဘာ ၂၀၁၅

Wednesday, December 09, 2015

အပ်ပ်တူဒိတ်

ပါလက်စတိုင်းကဗျာဆရာ သေမိန့်ချခံရပြီး
ဒေါ်နယ်ထရန့် က ဗိုဒီမော့ ဖြစ်သွား တဲ့ အခိုက်
စိန်မျောက်မျောက် တစ်ကောင် ပေါက်ရောက်သွားခဲ့

လက်စသတ်တော့ ဒီကမ္ဘာကြီးဟာ
ကိုယ့်ဗျာပါဒကို ကိုယ် အရည်ကြိုသောက်
ဒီနေ့သက်သာနိုးနိုး မနက်ဖြန်သက်သာနိုးနိုး။

မမသီရိ
၉ ဒီဇင်ဘာ ၂၀၁၅


Wednesday, November 18, 2015

အကြောင်းတစ်စုံတရာ

ဘာလို့ ဖုန်းမဆက်တာလဲ
...
မင်းကိုသတိရလို့ပါ
...
ဘာလို့မက်ဆေ့မပို့တာလဲ
...
မင်းကိုသတိရလို့ပါ
...
ဘာလို့ မေးလ် မပို့တာလဲ
...
မင်းကိုသတိရလို့ပါ
...
ခရမ်းရောင်အနားသတ်နဲ့ကောင်းကင်ဟာ
ရထားသံလမ်းနှစ်ချောင်းကိုပင့်ထူလို့
ပန်း သုံးပွင့်သာရှိတဲ့ ပန်းခြံမှာ
တိုက်စရာလေကတစ်ဖက်တည်းက
ပဉ္စလက်ဆန်တဲ့အတူရှိခြင်းဟာ
ယူဇနာကုဋေကုဋာ ကိုဦးတည်ဝေး
မင်းအကြောင်းနဲ့မင်းကို
ငါ့အကြောင်းနဲ့ငါ တိတ်တိတ်ကလေးသာ ....။

မမသီရိ
၁၈ နိုဝင်ဘာ ၂၀၁၅

Monday, September 28, 2015

ထီး တစ်ချောင်း

သောကနဲ ပဲ
သွန်ချလိုက်သလို
အဲဒီ မိုးစက် ၀၀တုတ်တုတ် တွေ ပ
နှောင်း ပါပြီ ဆိုမှ အားပါးတရ
တလောကလုံး မှောင်အတိကျ..

နာကျင် ခြင်းဆိုတာ ခြုံခို တိုက်ခိုက်တတ်သလား
တဖျောင်းဖျောင်း လောင်းချ တဲ့ မိုးသံ တွေကြား

မှိတ်ထားတဲ့ မျက်ဝန်းထဲ အတင်းပဲ ၀င်လာ 
ခရမ်းရောင် အတိတ်နဲ့ အစိမ်းရောင် အိပ်ယာ
ရမက်အတိ ချစ်ခြင်းအကြည့် မျက်ဝန်းနှစ်လွှာ 

ဒီတက္ကစီ အမိုး နိမ့်နိမ့်ကလေးက အမှား
အမုန်း ရယ် အလွမ်း ရယ် ရုတ်တရာက် ပြည်လျှံသွား
ကျင်ကနဲ စစ်ကနဲ စူးရှတဲ့ နာကျည်းမှုများ
အသက်ရှုတောင်မ၀တော့တဲ့ထိ တအား


ခုတလော..
စတုတ္ထ တစ်လက် အဖြစ် ပျောက်ဆုံး သွားတဲ့ ထီး တစ်ချောင်း ဟာ
ပိုင်ရှင်မဲ့စွာ..
တိတ်ဆိတ်စွာ ..
မိုးသဲသဲအောက် က တက္ကစီ တစ်စီးပေါ် မှာ ..
အဲ      ဒီ      ည     က      ပေါ့...... ။


ည ၂၂ စက်တင်ဘာ ၂၀၁၅။



မမသီရိ
၂၃ စက်တင်ဘာ ၂၀၁၅