Sunday, July 26, 2009

ငယ်ငယ်တုန်းက အော်ဟစ်ခဲ့ဖူးသော

ကျမရဲ့ ချစ်လှစွာသော မောင်ငယ်ဂျူလိုင်အိပ်မက်က သူကိုယ်တိုင် ကဗျာတွေ ခံစားနှစ်သက် တတ်သူ မဟုတ်ပေမဲ့၊ ကဗျာတွေ ရေးတဲ့ သူ့အစ်မကို တော့ ကဗျာနဲ့ ပတ်သက်ရင် မမေ့ရှာ..။ မဇီဇ၀ါ က သူ့ ကို Tag လာတဲ့ ကလေးဘ၀မှာရွတ်ဖူးကြတဲ့ ပေါက်ကရ ကဗျာလေးတွေအကြောင်း ရေးပေးဖို့ပြောလာလို့ သူမှတ်မိသမျှ ချရေးရင်း သူ့အစ်မကို Tag ဆင့်ကမ်းလာပါတယ်။ သူ့ပို့စ်လေးနဲ့ မရှေးမနှောင်းမှာပဲ ဇီဇ၀ါရဲ့ တက်ဆင့်ကမ်းခံရလို့ ရေးထားကြတဲ့ ညီမမိုးချိုသင်း ရော ညီမကေ ရောက ရှေ့ဆင့် နောက်ဆင့်ဆိုသလိုပဲ ကလေးကဗျာလေးတွေ အကြောင်းရေးလာကြ ပြီးတော့၊ သူတို့ရဲ့ပို့စ်မှာ လာဖတ်သူတွေက ကွန်မန့် ၀င်ပေးကြတာနဲ့တင် အတော်လေးကို သိုင်းသိုင်းဝိုင်းဝိုင်း ပြည့်စုံသလောက် ဖြစ်နေပြီးပါပြီ။ သူတို့ ၃ ယောက်ရေးထားတာလေးတွေ ဖတ်မိတော့ မြန်မာနိုင်ငံရဲ့ ဒေသ အတော်များများမှာ ရှိတဲ့ကလေးတွေရဲ့ ငယ်ဘ၀ ပေါက်ကရ ကဗျာတွေ ဟာ ဆင်တူရိုးမှား ဒါမှ မဟုတ် အလုံးစုံ တူညီနေတာ တွေ့ရပါတယ်..။ အထူးသဖြင့် မြန်မာစကားပြော တိုင်းရင်းသားတွေ ရဲ့ လမ်းပေါ်က အစဉ်အလာ ကဗျာတွေက အတူတူ နီးပါးပါပဲ.။

ကဗျာတွေကို ငယ်စဉ်ကလေးဘ၀ထဲကနှစ်သက်တတ်၊ မြတ်နိုးတတ်ခဲ့တဲ့ ကျမရဲ့ ငယ်ဘ၀က အဲဒီပေါက်ကရ ချစ်စရာ ကဗျာလေးတွေ ကို စိတ်လွတ်၊ ကိုယ်လွတ် ရွတ်ဆိုအော်ဟစ် ပျော်ခဲ့ဖူး ဆိုခဲ့ဖူးတဲ့ ကာလတွေရှိခဲ့သလားဆိုတာကိုတော့ ကျမ မှုန်ဝါးဝါး ဖြစ်နေမိပါတယ်.. သိပ်မသေချာလှတော့ပါဘူး။ ကျမ က အိမ်ရဲ့ အကြီးဆုံး သမီး၊ အသက် ၄ နှစ်ကျော်ငယ်တဲ့ ညီမလေး တယောက်ရှိတယ်၊ အသက် ၄ နှစ်မှာ ကျောင်းစနေပြီးတော့ ၄ နှစ်စွန်းစွန်းမှာ ပထမတန်း ရောက်နေခဲ့တယ်။ နေတဲ့ အိမ်က ရွာ အစွန်မှာ သီးခြားခြံကျယ် ကြီးနဲ့ ..။ ဘေးနားက ကလေးတွေ က သီးသန့် နေနေ တတ်တဲ့ ကျမတို့ မိသားစု ဆီ လာကစား ဖို့ရာ သိပ်မ၀ံ့ ကြသလိုပဲ ကျမ ကိုယ်တိုင်ကလဲ ထွက်ကစား ဖို့ ပူဆာ ခဲ့ဟန် မတူ..။ ကျောင်းထဲ ကျတော့လဲ ခန္ဓာကိုယ် သေးကွေး ရတဲ့ အထဲ အတန်းဖော်တွေက အသက် ကွာလွန်းတာမို့ အတန်းဖော်တွေ နဲ့ အော်ဟစ်ခုန်ပေါက် ကစားတမ်းတွေ မက်မက်မောမော မကစား ဖြစ်ခဲ့ (သူတို့က ကစားတဲ့နေရာမှာ သေးကွေးငယ်ရွယ်လွန်းသူကျမကို လူရာသွင်းလိုဟန် ရှိခဲ့ပုံ မရ.း)…။ မြန်မာစာ တို့ ဖွံ့ဖြိုးတို့ သင်တဲ့ အချိန်တွေမှာ ဆရာမ တိုင်ပေးတဲ့ ..

ဆွမ်းအုပ်နီနီ မေမေ ရွက်လို့

နက်ဖြန်နံနက်ကျောင်းတက်မယ်

မောင်လဲလိုက်မယ် ချန်မထားနဲ့

မေမေ သွားတော့ပျင်းလှတယ်

ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့

ဘုန်းကြီအော်လို့ ရိုက်လိမ့်မယ်

မောင်မဆော့ပေါင် စိပ်ပုတီးနဲ့

ဘုန်းတော်ကြီးလိုနေပါ့မယ်

လိုက်မယ် လိုက်မယ်..။ ….

ဆိုတဲ့ ကဗျာ မျိုး..။

ကြာဖြူ ကြာနီ ကြာညိုနှောလို့

တို့လယ်တောမှာ ပွင့်ကြတယ်

ကောက်စိုက်အပြန် ရေကန်ထဲက

ကြာတစည်းလောက် ချိုးခဲ့ကွယ်

ကြာရိုး ကြာနွယ် ဘယ်ညာ ချိုးလို့

ကြာဆစ်ကြိုးလေး ဆွဲပါ့မယ်..

ဆိုတဲ့ကဗျာလေးတွေကိုတော့အမူအယာနဲ့ တမက်မောမော လိုက်ဆိုရတာ ၊ အိမ်ပြန်ရောက်တော့ ဖေဖေ မေမေ နဲ့ အဖိုး အဖွားတွေ ပြန်သရုပ်ပြရမျိုးတွေ ပျော်ရွှင်ခဲ့ဖူးပေမဲ့ ကျန်တဲ့ အချိန် အများစုကိုတော့ ပုံဆွဲ ၀ါသနာပါပြီး နဲနဲပါးပါး ခြစ်တတ်သူမို့ ၀ိုင်းဝိုင်း လည်နေတဲ့သူငယ်ချင်းတွေ အကြား ပုံတွေ ဆွဲတာ .. အိမ်မှာ ဆိုလဲ စာ ဖတ်တတ်ပါပြီ ဆိုထဲ က တွေ့တဲ့စာ ကောက်ဖတ်နေမိတာ မျိုးတွေ ကိုပဲ ပိုမို နှစ်သက်ခဲ့တာမို့ လမ်းပေါ်တက်ပြီး ကစားတဲ့ အုပ်စုတွေထဲမှာ ပါတာနည်းခဲ့ပါတယ်။

ဒါပေမဲ့လဲ ကဗျာတွေ နှစ်သက်တတ်သူမို့ ကိုယ်တိုင်အော်ဟစ်ခဲ့ဖူးတာ မသေချာပေမဲ့ တခြားကလေးတွေ ဟစ်အော် ပျော်မြူးတာမျိုးကိုတော့ သဘောကျ နှစ်သက် ပြုံးကြည့် ငေးမောခဲ့ဖူးတာ အသေအချာပါ။ ကျမရဲ့ ညီမလေးကတော့ ကျမနဲ့ မတူပဲ အပေါင်းအသင်းက ခပ်များများ ရွားရိုး ကိုးပေါက် သူငယ်ချင်းတွေနဲ့ ဆော့တတ်တာမို့ သူနဲ့ သူ့ သူငယ်ချင်းတွေ ကျမတို့ ခြံထဲ ဒါမှ မဟုတ်အနီးအနားမှာ လာရောက်ကစား တုန်းဆိုခဲ့တာတွေ ကျမရော ပဲ အလွတ်ရနေမိတာမျိုး ပါ။

မှတ်မိသလောက် ကဗျာတွေက မိုးနဲ့ ပတ်သက်တာ အများစု ဖြစ်နေပါတယ်။ အဲဒါကလဲ သဘာဝတော့ ကျပါတယ် ဘာလို့လဲဆိုတော့ ကလေးဘ၀မှာ မိုးရေထဲထွက်ပြီး မိုးစိုခံ မိုးရေချိုးရင်း အော်ဟစ်ပြေးလွှားရတာလောက် ဘယ်အရာကမှ မလွှမ်းမိုးနိုင်ကြဘူး မဟုတ်ပါလား။

မိုးဦးကျစ ကာလတွေမှာ လမ်းပေါ်ထွက်ကစားနေတဲ့ ကလေးတွေဆီက ကြားရတတ်တဲ့ ကဗျာလေးကတော့..

မိုးတွေ လေတွေ လာပါလို့

ကဆုန်လပြည့်ကျော်

ဗိုလ်ကလေးတွေ လာပါလို့

ခုံဖိနပ်နဲ့ဆော်.. တဲ့..

မိုးတွေသည်း လေတွေတိုက် တဲ့ အချိန်မျိုးမှာတော့

မိုးရွာတယ် လေတိုက်တယ်

စာကလေး လင်မယား ချစ်ကြတယ်

ကျိ ကျိ ကျိ ကျိ .. တဲ့

မရွာနိုင်သေးတဲ့ မိုးကို မျှော်ရင်း ရွာလာတဲ့ အခိုက်မှာ ဆိုမိတတ်ကြတာက

မိုးရွာရင် မိုးရေ ချိုးမယ်

မေမေ လာရင် နို့စို့ မယ်

ဖေဖေ လာရင် အုန်းသီး ခွဲ စားမယ်..


....... ဆိုတဲ့ သမိုင်းအဆက်ဆက် နာမည်ကျော် ကဗျာ..။

မိုးတွင်း ကာလ နေပူလိုက် မိုးရွာလိုက် ဖြစ်နေတဲ့ ရက်တွေမှာ ကစား ကြရင်ဖြင့်...........

နေပူ မိုး ရွာ သူခိုးလာ

လာတဲ့ သူခိုး လှံနဲ့ ထိုး

သူခိုး အီးပေါက် ငါ မကြောက်

ဆေးတံ ကြီးနဲ့ ခေါက်

ဒေါက်.. ဒေါက်.. ဒေါက်… ။

ဆိုပြီး သီချင်းလုပ် ဆိုကြပြန်တယ်။ မိုးနဲ့ ပတ်သက်တာတွေ ဆိုကြလို့ ကုန်ရင်ဖြင့် ဘာရယ် မဟုတ်ပဲ

အပျိုကြီးတွေ လင်မရလို့ လန်ဒန်မြေပဲ ယို

လူပျိုလေးတွေ သူမရတော့ လန်ဒန်မြေပဲ ယို

လို့ အော်ကြပြန်ရော..။ အနီးအနား မှာ အပျိုကြီး လူပျိုကြီးတွေ ရှိနေရင်တော့ ဆိုကြရတာ ပိုလို့ အရသာ ရှိကြသပေါ့နော့.း)..။

ပြီးတော့ ခေါင်းတုံး တုံးထားတဲ့ သူငယ်ချင်းတွေ တွေ့ ရင်တော့ ...........

ကတုံး ကတုံး တယ်လီဖုန်း

ရန်ကုန်မြို့ ကို ဆက်ပါအုံး

တနာရီလောက် ဖုန်းကြိုးပြတ်

ကတုံး ဖင်မှာ ကြက်ချေး ကပ်..

လို့ အော်ဟစ် နောက်ပြောင်ကြတယ်။ ကိုရင်ဝတ်ပြီး ရှင်လူထွက်လာတဲ့သူငယ်ချင်း ကိုတော့

ကိုရင်ထိပ်ပြောင် ကတုံးမောင်

အုန်းဘောင်နဲ့ ချ ကတုံးမ

ကိုရင်လူထွက် ငပိချက်

အုန်းဘောင်ကြီးနဲ့ နှက်..

လို့ သြဘာပေးတတ်ကြတယ်..။ နောက်ထပ် ပေါက်ကရ ကဗျာတပုဒ်ကတော့ စစ်တိုက်တမ်းကစားပြီဆို အော်ကြတဲ့ ကဗျာ ပါ။

ရဲဘော်တန်းစီ ဗိုလ်ကြီးနောက်က ချီ

အလယ် ကရဲဘော် ကင်းကိုက်လို့ အော်

နောက်ဘိတ်ဆုံးမှာ ဗိုလ်မှူးကြီး

နာရင်း နာနာ တီး.. တဲ့..။

ခုနောက်ဆုံး မှတ်မိနေတဲ့ ကဗျာလေး ကတော့ နာမည် ၂ လုံးရှိတဲ့ ဘယ်နာမည်ပဲ ဖြစ်ပါစေ နာမည်အစားထိုးပြီး ရွတ်လို့ ရပါတယ်…ရာသီမရွေး နေရာမရွေး ရွတ်ကြတဲ့ ကဗျာ တပုဒ်ပါ..။

(.... ....) ရေ .. (.... ....) ရေ

အိမ်မှာ ကောင်းကောင်းနေ

ဧည့်သည်လာရင် ဖျာခင်းပေး

(.... ....) နှာဗူးလေး….း)..။

အားလုံးကို ပျော်စေချင်ပါတယ်..။ အချစ်ဆုံး ခင်လေး၊ ချစ်တဲ့ ကောင်းကင်ပြာချစ်သော နှင်းချစ်တဲ့မေ့သမီးလေး နဲ့ မောင်ငယ် မနောသားတို့ ရဲ့ ငယ်ဘ၀ ကဗျာလေးတွေ သိချင်ပါသေးတယ်..။ သူတို့ က မြန်မာနိုင်ငံ ရဲ့ မတူညီတဲ့ ဒေသတွေ ဆီမှာ ငယ်ဘ၀ လေးတွေ ရှိခဲ့ဖူးတယ်လေ..။

ချစ်ခင်ခြင်းများစွာ ဖြင့်

မမသီရိ

11 comments:

kaungkinpyar said...

ချစ်မရယ် ထင်တယ်ထင်တယ် ၊ ငိုချင်တယ် ဟင့်၊ ထင်လို့ အမှီလာရေးတာကို မမှီတော့ဘူး၊ မီးမီး ရေးတတ်ဘူးတော့၊ မမ တို့တွေ ရေးတာတောင် ကုန်နေပီ

kyalkalay said...

ဟီး ဟီး အော်ဖတ်သွားတယ်
မသိဖူးတာတွေသိသွားလို့ကျေးဇူးပါ အမ

စာရိုက်ရန်ခက်ခဲနေသေးလို့အကျွေးမဆပ်သေးပါ

မေ့သမီး said...

ဟိ ဟိ မကေရယ်။ မမိုးချိုသင်းရယ်။ မမသီရိရယ်ရေးတဲ့အထဲမှာ အကုန်ပါသွားပြီ။ ဘယ်လိုလုပ်ရမလဲ ကယ်ကြပါဦး။ ဟီး ဟီး ဟီး။

JulyDream said...

ကတုံး ကတုံး တယ်လီဖုန်း
ရန်ကုန်မြို့ ကို ဆက်ပါအုံး
တနာရီ မိုင်သုံးဆယ်
ကတုံး ဖင်ခေါင်းကျယ်... လို့ ဆိုခဲ့ဖူးတယ်။

နာမည် ၂ လုံးရှိတဲ့ ဘယ်နာမည်ပဲ ဖြစ်ပါစေ နာမည်အစားထိုးပြီး ရွတ်လို့ ရပါတယ်… ဆိုလို့ လွယ်လွယ်ကူကူ အစားထိုးကြည့်တာ။

(သီရိ) ရေ .. (သီရိ) ရေ
အိမ်မှာ ကောင်းကောင်းနေ
ဧည့်သည်လာရင် ဖျာခင်းပေး
(သီရိ) နှာဗူးလေး….း)..။

ဟီးဟီး...

မြစ်ကျိုးအင်း said...

မမသီရိက ကဗျာတွေ အများကြီးမှတ်မိတာပဲ...
ကျွန်တော်တော့ အခုပြန်ဖတ်ရင်းနဲ့မှ သတိရမိတော့တယ်...။အပြစ်ကင်းတဲ့ ချစ်စဖွယ် ကဗျာ လေးတွေပါပဲ...။

မေလေး said...

မမကတော်လိုက်တာ
ကဗျာတွေ မှတ်မိတယ်နော်။

ဆောင်းယွန်းလ said...

ဒီနေ့တနေ့လုံး ငယ်ဘဝကိုပြန်ရောက်နေသလိုပဲ
မသီရိမှတ်မိတဲ့ကဗျာတွေကအများကြီးပဲနော်
ကျနော်မကြားဖူးတဲ့ကဗျာတွေလည်းပါတယ်
မှတ်သားသွားပါတယ်ဗျာ

ရွှင်လန်းပါစေ

pandora said...

အခုတလော ဒီပို့စ်လေးတွေ လိုက်ဖတ်ရင်း ရယ်နေရတယ်
မမသီရိကလည်း တော်တော် ပြန်သတိရသားပဲ။

မီယာ said...

ကလေးကဗျာတွေ လိုက်ဖတ်ရင်း အိမ်က တူမလေးကို သင်ပေးချင်လိုက်တာ မမရေ

နှင်းနဲ့မာယာ said...

ချစ်သော မမရေ
ညီမလေး အခုမှရောက်လာလို့ပါ...
တူတူပဲနော်
မမအတွက်
ချစ်သောညီမလေးက ရေးပေးပါတယ်နော်...
ချစ်သော
နှင်း

tin min htet said...

ခုမှ သတိရတယ်၊ အစအဆုံးတော့ မဟုတ်ဖူး ထင်တယ် ..

ကျောင်းပြေးကျောင်းပြေး နှုတ်ခမ်းမွှေး
ဗာရာဏသီ ကြိုးနဲ့ချည်
ခြေကျိုးခြေကျိုး အပ်နဲ့ထိုး