လမုပွင့်..
အနီပေါ် အဖြူဆင့်လို့
လန်းလန်းငယ် စွင့်..
ရေအရိပ်မှာ
အောက်ဖက်ကို ထိုးသိပ်ကျ
မှန်ကလေး တချပ်
အပျိုမ ရဲ့ နှုတ်ခမ်းလှလှ လို
နီနီလေး စို...
ကပို ကရိုတောင် မဟုတ်
ဖက်ရှင် ထုတ်ထားတဲ့ အတိုင်း
အကိုင်းပေါ် မှာ
အနီ အဖြူ ဒီဇိုင်း နဲ့
ခပ်ရိုင်း ရိုင်း ပွင့်.........။
မမသီရိ (၂၅.၁၀.၁၉၉၃)
ကျမရဲ့ ဂန္တ၀င် စာရွက်အဟောင်းထုပ်ကြီးထဲမှာ ပြန်တွေ့ ရတဲ့ စာကြမ်းစာရွက်လေး တခုထဲက ကဗျာ တပုဒ်ပါ။ အဲဒီတုန်းက မြန်မာနိုင်ငံ ကမ်းရိုးတမ်းဒေသ တခု မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလ တခု၊ တာဝန်ကျဒေသ ကို ရောက်ဖို့ အတွက် စက်လှေ သေးသေးလေးတွေနဲ့ ကမ်းရိုးတမ်းဒေသ ရဲ့ ချောင်းလေးတွေ မြစ်တွေ မြစ်လက်တက်လေးတွေ ထဲမှာ သွားလာခဲ့ရတဲ့ ကာလတွေ ရှိခဲ့ဖူးပါတယ်..။ အဲဒီချောင်းလေးတွေ ထဲမှာတော့ မပျက်စီးသေးတဲ့ဒီရေရောက် လမုတောတွေ က ပိတ်ပိတ် ပိန်းလို့. ။
(ခုတော့ ဘာမှ မကျန်တော့တဲ့ နီးပါး ပျက်စီးကုန်ပါပြီ.. တာဝန်ရှိသူတွေ က ဂရုစိုက် မထိမ်းသိမ်း၊ အသိပညာ နည်းပါးတဲ့ ကျေးလက်နေ ပြည်သူတွေ က စည်းကမ်းမဲ့ထင်းအဖြစ် ခုတ်ကြတော့ ဆူနာမီ လို သဘာဝဘေးအန္တရယ်တွေ ကျရောက်လာတဲ့ အခါ ပျက်စီးသင့်တာထက် ပိုပြီး ပျက်စီး ဆုံး ရှုံး ရတဲ့ အနေအထား၊ ဆုံးရှုံးရမဲ့ အနေအထားကို ရောက်နေပါပြီ။)
ဒီရေရောက် လမုပင်လေးတွေက အရွက် ထူထူ၊ အရွက် ချွန်းချွန်း၊ ခြေထောက်မြစ်ရှည်ရှည်တွေ နဲ့ အတော့်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ အပေါ်က ကဗျာလေးကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ချောင်ရိုးလေးထဲမှာ စက်လှေ စီးနေတုန်း မြင်ရတဲ့ လမု ပွင့် တွေ ကြည့်ရင်း ရုတ်တရက် ရေးဖြစ်ခဲ့တဲ့ ကဗျာလေး တပုဒ်ပါ..။ အမှတ်တမဲ့ ရေးခဲ့တာ ဖြစ်ပေမဲ့.. အဲဒီ ကဗျာလေး ကို ဘာလို့ မှန်းမသိ ထူးထူးခြားခြား မကြာ ခဏ သတိရမိတယ်။ အထူးသဖြင့် လမုပင်တွေ ဒါမှ မဟုတ်လဲ လမုပင်နဲ့ ဆင်ဆင် တူတဲ့ အပင် တွေ အပွင့်တွေ မြင်ရတိုင်းမှာ အဲဒီ ကဗျာလေး ကို ပြေးပြေး သတိရမိတတ်ပါတယ်..။
ဒီ စာရွက် အပိုင်းလေးကို ပြန်တွေ့ မိတော့ ကိုယ့်ဘလော့လေးပေါ် မှာ ပြန်လည် မျှဝေချင်လာမိတယ်.. အဲဒီတုန်းက မြင်ဖူးခဲ့တဲ့ လမုပွင့်ကို လဲပြန်ပြီး မြင်ချင်လာမိတော့ အင်တာနက်ထဲမှာ အချိန်အတော် ကြာ ကြာ ကျမ လိုက်ရှာမိပါတယ်..။ ကျမ ပဲ ရှာတာ ညံ့လို့ လား ဒါမှ မဟုတ်လဲ အင်တာနက်ထဲ မှာ မြန်မာနိုင်ငံရဲ့ လမု မျိုး စိတ်တွေ အားလုံးက မှတ်တမ်း မရှိသေးတာလား မသိ..၊ ကျမ မြင်ဖူးခဲ့တဲ့ လမု ပွင့် အတိအကျကို ရှာမတွေ့ ပါဘူး။ မကျေနပ်တာနဲ့ ၁၀ နှစ်လောက်ကြာပြန်မတွေ့ ဖြစ်သေးတဲ့ ခုလောလောဆယ် တိုကျိုတက္ကသိုလ်မှာ လမုတောတွေ အကြောင်းကျွမ်းကျင်သူ ပါမောက္ခလုပ်နေတဲ့ မိတ်ဆွေလေးကိုထုံးစံအတိုင်း လှမ်းပြီးဒုက္ခပေးဖြစ်ပါသေးတယ်..။ သူ့ခမျာလဲ သူ့မှတ်တမ်းတွေ အကုန်ထုတ်ပြီး ရှာပါသတဲ့..။ သူက ဒီရေရောက်လမုတောတွေ အကြောင်း မြန်မာနိုင်ငံမှာ လာပြီး သုတေသနပြု ဒေါက်တာဘွဲ့ ယူခဲ့တာပါ။ သူ့ဆီလဲ မရှိဘူးဆိုတော့ အင်တာနက်ထဲမှာတွေ့ တဲ့ ခု တင်ပေးထားတဲ့ ပုံ က အနီးစပ်ဆုံး တူတဲ့ ပုံတွေ ပါ..။
(This post is dedicated to my friend; Professor Katsuhero ONO, Tokyo University, Japan)

11 comments:
ဟေးးးးးးးးးးးးး နံပါတ် ၁ ကွ.. နောက်မှ လာမန့်မယ်..
မမသီရိရေ... အောက်ဖော်ပြပါ လင့်ကလေးတွေကိုကော ရှာပြီးပြီလားဗျ။
http://mangrove.org/
http://www.nhmi.org/mangroves/index.htm
http://www.naturia.per.sg/buloh/plants/mangrove_trees.htm
ကျေးဇူးတင်စွာဖြင့်
yu ya
မမသီရိရေ လမုပင်ရော ပန်းရော မမြင်ဖူးဘူး ဗျ...။
ငယ်ငယ်တုန်းက ကြားဖူးတာက လမုသီးလေးထဲက ကလေးလေးထွက်လာတယ် ကြီးလာတော့ ဘုရင်က တော်ကောက်လို့ မိဖုရား ဖြစ်လာတဲ့ မယ်လမု တော့သိတယ် ...ဥက္ကာလပ မင်းကြီးရဲ့ မိဖုရားနဲ့တူပါရဲ့ မယ်လမု ဘုရားတောင် တည်ထားသေးတယ် ဖတ်ထားတာတွေလည်း ကြာပြီ များပြီဆိုတော့ အမှတ်မှားတာလည်း ဖြစ်နိင်ပါတယ်...။
အပျိုမ ရဲ့ နှုတ်ခမ်းလှလှ လို
နီနီလေး စို...
.....
.....
အကိုင်းပေါ် မှာ
အနီ အဖြူ ဒီဇိုင်း နဲ့
ခပ်ရိုင်း ရိုင်း ပွင့်.........။
လမုပွင့်လေး ခပ်ရိုင်းရိုင်းပွင့်နေတာ စိတ်ကူးနဲ့ခံစားမိတယ်...။မရောက်ဖူးတဲ့နေရာတွေပါ...။
လမုပင် လမုတော တွေကြားမှာ နေလာခဲ့ပြီး တခါမှ လမုပွင့်လေးတွေကို အနီးကပ် သတိထား မကြည့်ဖြစ်ခဲ့ဘူး။
ကျေးဇူးပဲ မမရေ။
ကဗျာကို ဖတ်ပြီး၊ လမုပန်းပွင့်တွေကို ကြည့်ရူသွားပါတယ် အားပေးလျက်။
အမ လမုတောတော့ကြားဖူးတယ်။ လမုပွင့်ဆိုတာ မမြင်ဘူးဘူး။ လှတယ်ပေါ့နော်။ ကဗျာလေးကတော့ လှတယ်။
မမ ပြာလဲ မမြင်ဖူးဘူးတော့ ၊လွန်ခဲ့တဲ့ ၁၅ နှစ်ကရေးတဲ့ ကဗျာကလည်း လှ နေတာပဲ
ဂန္တ၀င် စာရွက်အဟောင်းထုပ်ကြီးထဲမှာ ပြန်တွေ့ ရတဲ့ စာကြမ်းစာရွက်လေး တခုထဲက ကဗျာဆိုတော့
ဂန္တ၀င် ကဗျာကောင်းလေးပေါ့ မမရ...။
လေးစားစွာဖြင့်
ဂျစ်တူးလေး
မမ ကဗျာဖတ်ပြီး ပန်းကလေးကို စိတ်မှန်းနဲ့ ချစ်သွားတယ်။
စိတ်ကူးပေါက်တုန်း ကောက်ရေးလိုက်တဲ့ ကဗျာက ကောင်းတတ်တယ်။ လမုပွင့် အကြောင်းဖွဲ့တဲ့ ပထမဆုံး ကဗျာ ဖြစ်မယ်ထင်တယ် :)
Post a Comment