Wednesday, February 26, 2014

ကံ့ကော် ၊ နွေဦး၊ အချစ်

နွေဦး ဟာ ကံ့ကော် ကြောင့် ပိုမွှေးသလား
ကံ့ကော် က နွေဦးကြောင့် ပိုမွှေးသလား



နွေဦးရေ..
ကံ့ကော်ရေ..
သံသာဟစ်ကြွေး ဥသြကလေး လဲ ကျမ ချန်မထားလို..ပေ..

အလွမ်းတွေ .
လေပြေ မှာ ၀တ်မှုန်ဝေ ဝေ နဲ့ ပါလေရော့

နှစ်ကိုယ် ဆိုပေမဲ့ တစ်စိတ် ထဲဖြစ်ပါရစေ
နှစ်ယောက် တစ်ဘ၀ တည်ဆောက်ကြမဲ့နွေ ..။

မမသီရိ
၂၆ ဖေဖေါ်ဝါရီ ၂၀၁၄

Monday, February 17, 2014

သံလွင်ခက်

ပန်းချီဆရာ ပန်းချီဆွဲ
ကဗျာဆရာ ကဗျာရေးပြီး
အဆိုတော်က သီချင်းဆိုတဲ့အခါ
ကမ္ဘာကြီး ငြိမ်းချမ်းတယ်..

မြင်ရတဲ့စည်းရိုးများ
မမြင်ရတဲ့ စည်းရိုးများ
တံတိုင်းတွေ မလိုပဲ လုံခြုံသွားတဲ့အခါ..

ရင်ထဲမှာ ပန်းတွေပွင့် ကျည်ဖူးတွေသံချေးတက်
အဲဒီနေ့နယူးယော့ခ် မြို့တော်က ကွေးနေတဲ့သေနတ်ကြီး
အချစ်ရေ . တို့တွေ အတူတူ သွားချိုးမယ်....။

မမသီရိ
၂၁ ဇန်န၀ါရီ ၂၀၁၄

Wednesday, February 12, 2014

ထာဝရ ကြယ်



ဖေဖေါ်ဝါရီ . နှင်းစီဆဲ ဒီလ
ဆယ့်သုံး ရဲ့ ကြယ်စင် 
ရာဇ၀င်အစဉ်မြဲ လင်းဆဲထာဝရ။

မမသီရိ
၁၃ ဖေဖေါ်ဝါရီ ၂၀၁၄

Tuesday, February 04, 2014

ဆောင်း

အပြင်မှာဆောင်း ရင်မှာဆောင်း
လွမ်းလွန်းလို့ကောင်း အဲဒီဆောင်း
မောင့်ရင်ခွင်မောင်း နွေးဘိတောင်း။



မမသီရိ
၎ ဖေဖေါ်ဝါရီ ၂၀၁၄ 

ချစ်ညီမ ဘလော့ဂါခင်လေးငယ် ရဲ့ ဖေ့စ်ဘွတ်ခ် စတေးတပ်စ်မှာ ရေးဖြစ်ခဲ့တဲ့ ကဗျာပိစိလေးပါ
ပြန်ဖတ်တော့ ကိုယ့်ငါးချဉ်ကိုယ်ချဉ် သဘောတကျ တွေ့မိရလို့ ဘလော့ပေါ်ဆွဲတင်ခဲ့ပါတယ်။

Monday, February 03, 2014

အလွမ်းဝတ်ရုံ

 လျှောကျသွားတဲ့ ညနေဆည်းဆာ
ဟိုဝေးဝေးမှာ ငှက်တစ်အုပ်
လှိုင်းလွန့်လွန့်လေးတွေပြေးနေတဲ့ မြစ်ရဲ့ တစ်ဖက်ကမ်း
လေပြေက အဲဒီ အနား အရောက်သွားနိုင်သလား
မေ့လျော့ ထားခဲ့ရက်သူဆီ ..
ရွှေရည် ရွှေသွေး ပုဇွန်ဆီ နီနီပြေး..
ကျမကောက်ယူထွေးပွေ့မိတာမှန်သမျှ..
ပန်တော်ကျ သတိရခြင်းများ..သာ..
ဟိုးသက်တံနောက်နားဆီ သီ နေတဲ့ မိုးတိမ်တွေက
မာယာကော့ဖ်စကီးရဲ့ ဘောင်းဘီကို မ၀တ်ထားကြ.

လမင်းကြီး ကိုချောင်းကြည့်ဖို့
ကျမ ပြတင်းဝ လှလှပပ ကြီး အသုံးချကြ..
ခဏလောက်စီးခွင့်ရမလား..
သူ့အနား ကျမ ၀ိဥာဉ်ဖြစ်ဖြစ် သွားချင် ရဲ့..

ဘာမှမဖြစ်နိုင်တော့တာ ကျမ ဘာမှမဖြစ်ချင်တော့
ကျမ က ပုထုဇဉ် ..
တစ်ကိုင်းမှာ နှစ်ကောင်ပဲ နားမယ် .
စားစား သွားသွား..
နဲနဲလောက်ပဲ ဖြစ်ဖြစ် သူမသိသင့်ပေဘူးလား ရှင်တို့ရယ်..
ကျမ ကို နားလည်မပေး ပါနဲ့
ကျမ ကိုနားလည်မပေးပါနဲ့
ကျမ ကို နားလည်မပေးပါနဲ့
ကျမ ဘာကိုမှ နားလည်မပေးနိုင်
ကျမ ဘာကိုမှ နားလည်မပေးနိုင်
ကျမ ဘာကိုမှ နားလည်မပေးနိုင်

တွယ်တာခြင်းပေါင်းမြက်တွေ ရပ်လိုက်တော့ တစ်ခြံလုံးမပွားမီ
သူရော ကျမပါ
တစ်ယောက်အသဲ တစ်ယောက်ခွဲဖို့ လုံလောက်သောအကြောင်းတရားကိုယ်စီရှိထား...

အဲဒီတိမ်တွေ လွန်လေပြီးတဲ့နောက်မှာတော့
ကျမရဲ့ ကိုယ်ပိုင်ဝတ်စုံ အလွမ်းလွှာရုံကလေး ကောက်ခြုံ
(တစ်သက်လုံးအတွက်)
တိတ်တိတ် ကလေးပေါ့  ကမ်းစပ်နားဆီက ကျမထွက်ပြေးခဲ့ပါတယ်.. ။

မမသီရိ
ဇန်န်ဝါရီ - ဖေဖေါ်ရီ ၂၀၁၄

Wednesday, January 29, 2014

မြို့ပြအမောတွေရဲ့အလယ်

မြို့ပြကခက်ခဲလိုက်တာလို့
မပီမသ နဲ့ တစ်စုံတစ်ယောက်က ငြီးတွားတယ်

နေပူတယ်..
ရေကိုတောင် ၀ယ်သောက်မှ ရတယ်
အိမ်တွေ အားလုံး တံခါးတွေ သော့ခတ်ထားတယ် ..
ခြံဝင်းတွေ အကုန်လုံး လုံခြုံအောင် ကာရံလို့
လူတွေ ကို ပြုံးပြ လို့ မရဘူး (အရူးထင်သွားနိုင်) .

လူတွေဟာ သုတ်သုတ်ပျာပျာ နဲ့
ချွေးတလုံး လုံး ဘတ်စ်ကားတွေ ဟာ
အသက်ပေါင်းမြောက် များစွာ ကို  မထီမဲ့မြင် ဆော့ကစားလို့
လူတွေအကုန်လုံးနီးပါးက အရောင်းဈေးသည်
ကုန်ရောင်းတယ်
ငါးရောင်းတယ် အသားရောင်းတယ်
ပန်းရောင်းတယ် ကွမ်းရောင်းတယ်
သတင်းစာရောင်းတယ် ဂျာနယ်ရောင်းတယ်
လူရောင်းတယ်
ဦးနှောက်ရောင်းတယ် ..
အချိန်တွေရောင်းတယ်
အသွေးအသားတွေ ရောင်းတယ်
စိတ်ကူး စိတ်သန်းတွေရောင်းတယ်  ..
ဝယ်တယ် ရောင်းတယ် တစ်ထွာသာရှိတဲ့ပင်လယ် ..


လျှောက်လမ်း ပလက်ဖောင်း ဟာ 
ဘုရားစူးရပါ့စေရဲ့ တွေ့ကို မတွေ့ နိုင်တော့ဘူးကွယ်
ရပ်နားစရာ ရှားပါးလာတဲ့ မြောက်များစွာသော ကားများ..
အိမ်မပိုင် ဘူး ကား ပိုင်တဲ့ ယဉ်ကျးမှုထွန်းကား
ကူးစက်ခံလိုက်မှန်း မသိပဲ နဲ့ ဆေး မမီ နိုင်တော့ တဲ့ အနေအထား

ကလေးမကလေး တွေ ရဲ့ စကပ်က တိုပြီးရင်းတိုလာတယ် ..
နီုက်ကလပ်ထဲ မှာ ကလေးတွ များပြီးရင်းများလာတယ်..
အလုပ်များတဲ့ ဦးလေးကြီးတွေ ပွားပြီးရင်း ပွားလာတယ်..(ကောင်မလေးတွေနဲ့)
တောင်ပုံ ရာပုံ ငွေ တွေ ဟာ စုရပ်တချို့မှာ ထိမ်းသိမ်းဖို့ရာခက်ခဲ
လမ်းကြို နောက်ဖေးကြား ဆန္ဒပြ လူတန်းစားမှာ အိပ်ကပ်တွေ အကုန်လုံး အပြဲ

တချို့ကလေးတွေက  ပန်းရောင်းတယ်
တချို့ကလေးတွေ က ဘီယာဗူးခွံ ကောက်တယ်
တချို့ကလေးတွေက အရက်ဘား မှာ လုပ်တယ်
တချိုကလေးမလေးတွေက မိဘအတွက် ငွေရှာ တယ်
တချို့ကလေးတွေက ဂိမ်းဆိုင် ထဲမယ်
တချှိုကလေးတွေက ကစားကွင်းတွေမှာ ပျော်ရွှင်လို့ရယ်
မြို့ပြဟာ တတ်နိုင်သူ ကလေးတွေအတွက် ရွေးချယ်စရာ ကျောင်းတွေ ပေါလွန်းတယ်..
တစ်လ ကို ကျပ် သိန်း တစ်ဆယ် နှစ် ဆယ်
မတတ်နိုင်သူ ကလေးတွေ အတွက် ရွေးချယ်စရာ ဈေးဗန်းရယ် အနှိပ်ခန်းရယ် 

အလကားဝေတဲ့ ကွန်ဒုံးတွေ အလကားထင်မိတော့
အေအာရ်တီ ပြတ်သွားတဲ့အခါ .. တရားစခန်းတွေဆီ တချို့ကရောက် သွားကြ..
အဖိုးတို့ အမေတို့ ခေတ်ကို နောက်ကျတယ်ထင်မိတော့
အဖြူရောင်သက်တံ နေရာမျိုးမှာ ကူးစက်ရောဂါနဲ့ မိဘမဲ့ကလေးတွေ ပေါလာ..
ဘုရားဖူး ခရီးသွားလုပ်ငန်းတွေ များလာသလောက်
အချိန်ပိုင်း အခန်းငှားတဲ့ ဟိုတယ် တွေ မှိုလို ပေါက်လာ..
မူးယစ်ဆေးဖမ်းမိတော့ ရာထူးကြီးကြီး တွေ ရာထူးတွေ ထပ်တိုးသမျှ.
ရပ်ကွက် ထဲ ဆေးစွဲတဲ့ ကလေး လူငယ် အရေအတွက် တိုးလာ..

တိုက်တွေ အထပ် အများကြီးမြင့်လာတဲ့အခါ
လူနေမှုအဆင့်အတန်းဟာ အချိုးကျစွာ နိမ့်ပါးသွား .
အပန်းဖြေစရာ ကစားကွင်းတွေ ပျောက်ကွယ်သွားတဲ့အခါ ..
ကလေးအများ စု ဟာ လမ်းဘေးအန္တရယ်ကြားမှာဆော့ကစား..

စားသာစားရ အသီးများ အသားများ စားစရာများ သံသယ တွေနဲ့ ထိတ်လန့်တကြား ..
အန်မလေး.. မောလိုက်တာ.. တစ်ယောက်ယောက် ရေတစ်ပေါက် လောက် တိုက်ပေးပါ..။

မမသီရိ
၂၉ ဇန်ဝါရီ ၂၀၁၄


Sunday, January 26, 2014

Joseph and his Love; Julia

သူ့ပါးပြင် မှာ နင် အနမ်းတွေ ချွေချတော့
ငါ လွမ်းလိုက်ရတာ..

မင်း မေတ္တာတွေ တောင်လိုပုံနေတာ တွေ့ရတာ့
ငါ လွမ်းလိုက်ရတာ ..

မေတ္တာတရားဟာ ကြည်နူးဖွယ်ရာဆိုတဲ့အကြောင်း
မင်း ပဲ သေချာ မီးမောင်းထိုးပြခဲ့ပေါ့ ဂျူလီယာ...

အချစ်ဟာ ပေးဆပ်မှုသက်သက်တော့ မဟုတ်ဖူး လို့
မင်း ပြောလိုက်မိသေးလား ဂျူလီယာ..

ဂျိုးဇက်ကိုချစ်ရတာ ကံကောင်းလို့ တဲ့လား ..
ဂျူလီယာ.. မင်းအပြုံး မှာ ကျရှုံးသွားတဲ့ ဂျိုးဇက်ရဲ့မျက်ဝန်းများ.
ငါ သိသွားတာ သူမြင်တော့ .. ရှက်သွေးလဲ့လဲ့ မင်းရဲ့ နောက်ပါး..
မင်းလက်ဖြူးဖွေးသေးသေးလေး သူ့ပါးပြင်ပေါ်ရှပ်ပြေးတော့ ..
ဂျိုးဇက်ရယ်လေ ကျေနပ်စွာ မောက်မာ နေလိုက်တာများ..

ငါ့ ကင်မရာထဲမှာ .. တကယ့်ကိုအသေအချာ

တကယ်တော့
ငါ့အလွမ်းတွေ မှာ အဆိပ်တွေ ပါသွားခဲ့ပြီ ဂျူလီယာ..
ဖုန်းမက်ဆေ့ကလေး တစ်ခုဟာ. ကမ္ဘာခြား .
ငါတို့ ဝေးသွား ကြတဲ့အခါ.. အပြင်မှာ.. နှင်း မှုန်တွေ ဝေ့၀ဲလို့ပေါ့ ဂျူလီယာ ..
သူက တစ်နေရာ.. ငါ ကလဲ တစ်နေရာ ..
ခိုလှုံရာရင်ခွင်တစ်ခုမှာ.. သူအနေသာ..
အလွမ်းတွေ ထပ်ထပ် မှာ ငါ့ နှလုံးသား ဟာ နာကျင်စွာ ..
ငါ လေ.. မင်းလိုပဲ ချစ်ဖူးလိုက်ချင်တာပေါ့ ဂျူလီယာ...
ငါ့ မီးဖိုးချောင်ကလေးမှာ ..သူဟာ ငါ့နံဘေး မှာ ကူညီလို့ ..
သူ့ကဗျာ ဝေါဟာရတွေထဲမှာ.. ငါ ဟာသက်ဆင်း ငြိမ်ဝပ်လို့..
ငါ့ ကော်ဖီတစ်ခွက်မှာ သူ့ အပြုံးတွေလဲ့ ဖြာလို့..
ငါ့ ခန်းဆီးတွေ ကူညီလျှော်ဖွပ်.. သူ့လက်မောင်းတွေဟာ သန်မာလို့..
သူ့ညနေခင်းတွေမှာ .. ငါ အမြဲ ပါလို့..
ငါ့ နံနက်ခင်းတွေ မှာ သူ အမြဲပါလို့..
ဆောင်း လေညှင်းတွေ မှာ အတူတူ ပျော်ရွှင်လို့ ..
ခုတော့..
မက်ဖူးတဲ့ အိပ်မက်တွေ အကုန်လုံး သိမ်းကြုံး 
ငါ .. အပြီး ထားခဲ့လိုက်ပြီ ဂျူလီဟာ.. ..

နင့်အပြုံး နူးညံ့ကလေးတွေ မှာ.. မိန်းမော မူးရီနေတဲ့ မျက်ဝန်းကလေး..
ဂျူလီယာ ရေ.. ဂျိုးဇက် ကို နင်ချစ်သလိုမျိုး ..
ပြန်ဆုံချစ်ခွင့်လမ်းချိုးကလေး.. အဲဒါ... နောင်ဘ၀ မှ ဖြစ်တော့မှာ..။

မမသီရိ
၂၂ ဇန်န၀ါရီ ၂၀၁၄

Wednesday, January 22, 2014

ချစ်သူ့စွန် -၂


ဘယ်လောက်ဝေးဝေး..
မင်း ထွက်မပြေးနိုင်..

ငါ့ ရစ်လုံး ကလေးက မှန်စာ..
မေတ္တာတွေနဲ့ သန်မာ..။

အရှိန်ကုန် ကြိုးလေး ရစ် ..
ချစ်တဲ့ မင်း က ငါ့ဘေးမှာ...။


မမသီရိ
၁၀ ဇန်န၀ါရီ ၂၀၁၄



ချစ်သူ့စွန် - ၁ ဖတ်လိုပါ က http://mamathiri.blogspot.com/2010/11/blog-post_27.html

Friday, January 10, 2014

နှင်းတို့ရဲ့မာယာ




ထန်းတစ်ဖျားလောက် နေ ဆို.
ပူစပ် ပူလောင်နဲ့ ချွေးစို မှာ သေချာနေရက်သား နဲ့..

ပြာနေအောင် ဝေနေလိုက်ပုံများ..
နှင်းတွေရဲ့မာယာ.. ငါ တကယ်ပဲ မသိနိုင်သေးဘူး ကို...။

မမသီရိ
၁၀ ဇန်န၀ါရီ ၂၀၁၄

Friday, December 27, 2013

ကလေးလေး က

ကလေးလေး က
ငှက်ကလေးတွေကို ချစ်သလား..

ဟုတ်ကဲ့ ချစ်ပါတယ် ..

ကလေးလေး က ငှက်ကလေး ဖြစ်ချင်သလား..

ဟင့်အင်း .. မဖြစ်ချင်ဘူး.
ငှက်ခတ်သမားတွေ ကြောက်တယ် ..
ပြီးတော့ ငှက်ကလေးတွေ က ရေခဲမုန့် မစားတတ်ကြဘူး 


ကလေးလေး က
ငါးကလေးတွေကို ချစ်လား

ဟုတ်ကဲ့ ချစ်ပါတယ် 

ကလေးလေး က ငါးကလေး ဖြစ်ချင်သလား..
 
ဟင့်အင်း မဖြစ်ချင်ဘူး 
အစာတွေရဲ့နောက်ပုန်းနေတတ်တဲ့ ငါးမျှားချိတ်တွေ ကြောက်တယ်
ပြီးတော့ သူတို့ က မွေ့ယာတွေနူးညံ့တဲ့ အကြောင်း မသိကြဘူး


ကလေးလေးက 
ကျားပေါက် ကလေးတွေ ချစ်သလား

ဟုတ်ကဲ့ ချစ်ပါတယ် 

ကလေးလေး က ကျားပေါက်ကလေး ဖြစ်ချင်သလား
 
ဟင့်အင်း မဖြစ်ချင်ဘူး 
ရက်စက်တဲ့ မုဆိုးတွေရဲ့ ရန်ကို ကြောက်တယ်
ပြီးတော့ သူတို့ က မြို့ပြ ရဲ့စကိတ်ကွင်းတွေ အကြောင်း မသိကြဘူး 

ကလေးလေး က
ပင်ဂွင်းကလေးတွေ ချစ်သလား

ဟုတ်ကဲ့ ချစ်ပါတယ်

ကလေးလေး က ပင်းဂွင်းငှက်လေး ဖြစ်ချင်သလား

ဟင့်အင်းမဖြစ်ချင်ဘူး 
သူတို့ ကို လိုက်သတ်တဲ့ ပင်လယ်ဖျံ တွေ ကြောက်တယ်
ပြီးတော့ သူတို့ က အတောင်ပံ တွေ အကြောင်း ကောင်းကောင်းမသိကြဘူး

ကလေးလေး က
ပန်ဒါကလေးတွ ကို ချစ်သလား

ဟုတ်ကဲ့ ချစ်ပါတယ်

ကလေးလေး က ပန်ဒါဝက်ဝံလေး ဖြစ်ချင်သလား

ဟင့်အင်း မဖြစ်ချင် ဘူး
လှောင်အိမ်တွေ ထဲ နေရမှာကိုကြောက်တယ် 
ပြီးတော့ သူတို့ က ပီဇာတွေ ရတဲ့ နေရာလဲ မသိကြဘူး 

'ဒီလိုဆို... ကလေးလေး က
မွေး ပွ ရုပ်ကလေးတွေ ကြိုက်သလား ..

ဟုတ်ကဲ့ ကြိုက်ပါတယ်..

ကလေးလေး က မွေးပွ ရုပ်ကလေး ဖြစ်ချင်သလား ..

ဟင့်အင်း မဖြစ်ချင်ဘူး .. 
သူ တို့ မှာ .. မေမေ မှ မရှိပဲ ကို...

ကလေး က .. မေမေ့ ကလေး ပဲ ဖြစ်ချင်တယ်
မေမေ့ ပါး မွှေး ရတာ ကြိုက်တယ်
မေမေ့ သနပ်ခါး နဲ့ ချစ်တယ်
မေမေ့ ရင်ခွင် နွေးနွေး ကြိုက်တယ်.. 
မေမေ ခွံ့ ပေးတဲ့ မန်းမန်း ကြိုက်တယ် .
မေမေ ဖျော်ပေးတဲံ.. ကိုကိုး က ကောင်းတယ်
မေမေ ရွေးပေးတဲ့ .. ကျီကျီင်္ ကလေး က လှတယ်..
မေမေ စီးပေး တဲ့ ဘတ်ဘတ် ကလေး ကြိုက်တယ်.
မေမေ လိမ်းပေးတဲ့ ခါးခါး ကမွှေးတယ်.. 
မေမေ ပန်ထားတဲ့ ပန်းပန်း က လှတယ် ..
မေမေ နဲ့ လမ်းလျှောက်ရတာ ပျော်တယ်.. 
မေမေ့ လက်မောင်း ခေါင်းအုံး ရတာ ကြိုက်တယ်.. 
မေမေ့ ခါး ဖက်ထား ရတာ ကြိုက်တယ်..

ကလေးလေးက .. မေမေ့ ကလေး ဖြစ်ရတာပဲ ကြိုက်ပါတယ်...။


မမသီရိ
ဇူလိုင် ၈၊ ၂၀၁၂
(တောင်ခြေတစ်နေရာ)

Wednesday, December 18, 2013

ဘိုင်ဖရီရဲ့ သူငယ်ချင်း..

တစ်သီတစ်တန်းကြီး တက်ကြွ ပြီး အပြာရောင် တွင်းနက်တွေဆီ
ကြွေးကြော် ချီတက် သွားကြတော့ ..
သူ က ဘေး ဖဲ့ ခွာထွက် .. လင်းလက်တဲ့ သင်းကွဲ ကြယ် ...

ရွှေရောင်ချစ်ခြင်းမေတ္တာတွေ ဒီကမ္ဘာမြေပေါ် ကျန်နေသေးကြောင်း
သူ ကောင်းကောင်းကြီး ရဲရင့် ပြ ခဲ့..

အခန့်သာ မသင့်ခဲ့ရင်...  .. အဲ့ကြယ်စင်ကလေး  မီးငြိမ်းမှာ..
အခန့်သာ မသင့်ခဲ့ရင် .. အဲ့ကြယ်စင်ကလေး သွေးစွန်းမှာ...
အခန့်သာမသင့်ခဲ့ရင် .. အဲ့ကြယ်စင်ကလေး
အခန့်သာ မသင့်ခဲ့ရင် ... အဲ့... ကြယ်   စင် ကလေး....

အမှန်တရား ဟာ.. စကြာဝဠာ မှာ မဆိတ်သုဉ်းဘူး...
ငြိမ်းချမ်းရေး ဟာ လူတိုင်း မကြိုက်သော်ငြား
 ကြိုက်တဲ့သူများလဲ ရှိသေးကြောင်း..
အဲ့ဒီ သင်းကွဲကြယ်ကလေး မောင်းခတ်ခဲ့  ....

လူတကာလျှောက်ဖို့ ..စိုးရွံ့ သော.. ထိုလမ်းကလေး..
သူ နွေးနွေးထွေးထွေး နဲ့ ရွေးချယ်ခဲ့တာ ..
စိမ်းကားသော မျက်ဝန်းများ သူ့ယုံကြည်ချက်နဲ့ မေ့ထား...
သူ့လက်များ ကား အေးစက်မနေခဲ့ ...

သင်းကွဲ တဲ့ ကြယ်ကလေး ရေ..
မင်း သူငယ်ချင်း ဘိုင်ဖရီ .. ဟာ..
တရား .. ဆိုတဲ့ ဓမ္မ .. မင်းပြလို့ ရအောင်...
သူ့ဘုရားသခင်က သူ့ ကိုဖန်ဆင်းမွေးဖွား...
ရောင်စုံသာယာ ဒီဘဒ္ဒကမ္ဘာမှာ
မင်း ကတော့ .. သံသရာ ဆိုတာယုံတယ် လို့ .. မှတ် လိုက်ပါရစေ..

မင်းရဲ့ မျှတ ခြင်း .. မင်း ရဲ့ အလင်း...
မင်းရဲ့ မကြောက်တရား.. မင်း ရဲ့ ချစ်ခြင်းများ အတွက်...
နှင်းဆီ အနီ တစ်ကိုင်း... တစ်နေ့ က မနက်ပိုင်း..
ကျမ ရဲ့ ဥယျာဉ် အရိုင်းကလေး မှာ ပျိုး...
အဲဒါ မင်း ကို ဂုဏ်ပြု တဲ့ ပန်းအိုးကလေး ပေါ့...
ဘိုင်ဖရီ ရဲ့ သူငယ်ချင်း.. သင်းကွဲ ပေမဲ့.. လင်းလက်တဲ့ ကြယ်ကလေး ရေ......။




မြန်မာပြည် တောင်ဖက်စွန်းမှ ကဗျာဆရာလေး မောင်ယုပိုင်အတွက် မင်္ဂလာလက်ဖွဲ့ ။

အားလုံးကို ချစ်ခင်လေးစားတဲ့

မမသီရိ
၁၈ ဒီဇင်ဘာ ၂၀၁၃


Monday, December 16, 2013

နောက်ကျနေတဲ့ ကျမ ဧည့်သည်

ရုတ်တရက်ကြီး အငိုက်ဖမ်း ရောက်လာလိမ့်မယ်လို့
ဘယ်သူတွေ က တခုတ်တရ ထင်ခဲ့မှာလဲ..

ကြည့်အုံး ..
ဒီနေ့ မနက်.. 
ကျမရှေ့ မှာ ဆိုက်ဆိုက် မြိုက်မြိုက်ကြီး..
ကျမ မယ်လေ.. ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ.
အပြုံးနဲ့ ကြိုရ ကောင်းနိုးနိုး..
အမုန်းနဲ့ ကြိုရကောင်း နိုးနိုး.. 
ကြာ လိုက်တာ လို့ .. ခြေဆောင့် စိတ်တိုပြလိုက်ရ ကောင်းနိုးနိုး..
ကျမ လွမ်းခဲ့ရတာ ဘယ်လောက် ရှိပလဲ ..ဆိုးတယ်... 



အဲဒီလမ်းကလေးပေါ်မှာ .. ခရေဖူး တွေ ....
သူ့အဖေါ် ကြောင့် ကြွေ ကြွေ ကျ...
ဒေလီယာတွေ က ခေါင်းမော့ လည်ခါခါ ..
မဟာဆန်သူသဇင်တွေ ကျ အိနြေ္ဒ ကြိတ်ပြုံးကလေး နဲ့
ကျမ ထက်တောင် သူတို့ရင်ခုန်ကြသလား..
လည်စီးအရောင်လှလှ ကလေးတွေ ရေ..
ကျမလည်တိုင် ဟီးလေးခိုလှည့်အုံး ..
ပုန်းရာက ပြန်ထွက်ခဲ့ ကြကွဲ့ ..
အဖြူရောင်ဆွယ်တာကလေး .. တင်းတင်း ဆွဲ စေ့လိုက်ပြီ..
ကျမ ချစ်သော ဆောင်း ပေါ့.. ကျမ ဆီ ကို .. တိုးဝင်ထွေးပွေ့ ခေါင်းဝှေ့ ကျီစယ်နေတာ ကို....။


မမသီရိ
၁၆ ဒီဇင်ဘာ ၂၀၁၃

Tuesday, November 26, 2013

လပြည့်၊ ခရမ်း၊ အစိမ်းနု၊ တယ်လီဖုန်း၊ အဆိပ် .. အမုန်း

တိတိကျကျ ပ နေတဲ့.. လ ဟာ.. ည ကို စိန်ခေါ် နေလိုက်ပုံ..
မတန်တဆ ပေးဆပ်ခဲ့ရသော.. အဆိပ်သင့် ဆည်းဆာများ အလွန်မှာ..
အရာရာ ကို မေ့ထားနိုင်စွမ်း အတွက်.. အဲဒီပန်းချီကား .. ခရမ်း များ နဲ့သာ ဆွဲပါရစေ..
ခြေသံတွေ တိတ်တိတ်ဆိတ်ဆိတ် ဝေးကွာ သွား....
လက်ဆွဲ တံခါးအနားမှာပဲ ကျမ တစ်ချိန်လုံး ရပ်နေခဲ့တာပါ..
အိပ်မပျော်သော ညတွေတော့ မရှိ.. အိပ်မက်ထဲ ထိ လွှမ်းမိုးထား တာ.. အစိမ်းနုရောင် သူ့မင်္ဂလာအိပ်ယာ ..
ခါးသီးစွာ ငြင်းလိုက်ချင်ပါ ရဲ့.. အဲဒီတိုက်ပုံ.. အဲဒီပုဆိုး.. အဲဒီအပြုံး.. အဲဒီ ဆံထုံး...
ထွက်သွား... ထွက်သွား.. ထွက်သွား...  ပေးပါ..
ဝဋ်ကြွေး ကို မယုံ ခဲ့မိတာ မှားပြီလား.. မုသား မှာ သာယာမိသူဟာ..
လေအေးပေးစက် ကို ယောင်ရမ်း ပိတ်မိ
အိုင်တွေ့တဲ့ အခါ ခြေဆေးပါ.. ကေတီဗွီမှာ အပန်းဖြေပါ..
နောက်ဆုံး ဘတ်စကား အမှီပြန်ပါ..
အွန်လိုင်းက အချစ်ဆုံးလေးတွေ ပျော်ပါစေ..
လကုန် ရက် သူ့အပြုံးမှာ ကျေနပ်ပါ.. ညဖက် သူ့ နဘေးမှာ ကြည်နူးပါ..
အမှောင်ထဲ သူ့နှုတ်ခမ်းမှာ နစ်မွန်းပါ..
အပြန်မမှီ ရက်များ.. ဖုန်းနားမှာ အမြဲ နေပါ..
ဝဋ်နာ ကံနာ.. မကင်းကွာ မီကလေး.. မက်ဆေ့တွေ လဲ မမျှော်လိုတော့
စေ့ထားသော တံခါးနား. ခရမ်းရောင်ပန်ချီကားထဲမှာ .. နာကျင်စွာ... ။

မမသီရိ
၂၆ နိုဝင်ဘာ ၂၀၁၃

Monday, November 18, 2013

ဆွံ့အ နေတဲ့ ဆောင်း

 နှင်းမှုံဝေသော နံနက်ခင်း..
စိမ့်အေးတိုးဝှေ့တတ်သော မြောက်ပြန်လေ..
ဆောင်းဦးကြို ..တောပန်းဝါ၀ါများနဲ့ လှပခဲ့သော တောအုပ်..
လမ်းဘေး က ထီးတည်း သစ်ပင် ကြီးကရော .. အိနြေ္ဒကြီးတုန်း ထင်ပါရဲ့..
မီး ပုံ .. နွေးနွေး ကလေး လွမ်းတယ်..
မိုးရနံ့ကင်းတော့ စမ်းရေ တွေ က ကြည်လဲ့လို့ပေါ့  ..
ချိုးကလေး မောင်နှံ ကယုကယင် ချစ်တုံ့တင် ကူချွဲ
အဖြစ်သဲ လို့တော့ မဟုတ်ပေါင်ကွယ်..
ကျမ ရဲ့ အတိတ်က ပြတင်းနဘေး လာ.လာငေးတတ်တဲ့ ငှက်ပြာ ကလေးရေ..
ကျမ ရောက်နေတဲ့ သတ္တုရောင် ပင်လယ်မှာ..

မြောက်လေ ကလဲ စိမ်းကား ရက်စက် .. ဝေးဝေး မှာ
မိုးမှုန်တွေနဲ့ ဝေးကွာခဲ့တဲ့ သစ်ရွက်တွေ အရောင်မဲ့
ကျမ ချစ်ခဲ့ သော ဆောင်းတစ်ခု ဟာ.. ဆွံအ နေ.....။

မမသီရိ
၁၈ နိုဝင်ဘာ ၂၀၁၃

Wednesday, November 13, 2013

PEN International, PEN Myanmar နှင့် မြန်မာနိုင်ငံ စာပေလောက

Poets, Essayists, Novelists ဆိုတဲ့ စကားလုံးတွေရဲ့ အစ ကိုယူထားခဲ့တဲ့ PEN အဖွဲ့အစည်းကို ကလပ်တစ်ခုအနေနဲ့ အင်္ဂလိပ်စာရေးဆရာ ပြဇာတ်ရေးသူ ကဗျာဆရာမတစ်ဦးဖြစ်တဲ့  Catherine Amy Dawson Scott က (၁၉၃၂) စာပေနိုဗယ်ဆုရှင် စာရေးဆရာ နှင့် ပြဇာတ်ရေးသူ John Galsworthy နဲ့အတူ ၁၉၂၁ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ စတင်ဖွဲ့စည်းခဲ့ ပါတယ်။ နောက်ပိုင်းမှာ တော့ PEN ဟာ Poets, Playwrights, Editors, Essayists, Novelists’ ကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။

  • စာရေးဆရာတွေ အချင်းချင်းကြား နားလည်မှု နဲ့ အသိပညာပူးပေါင်းဖလှယ်ရေး တိုးမြှင့်စေရေး၊
  •  ကမ္ဘာ့ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက်စာပေဟာအဓိကအခန်းကဏ္ဍမှအရေးပါကြောင်း ပိုမိုအာရုံ စိုက်လာစေဖို့အတွက် ကမ္ဘာလုံးဆိုင်ရာစာရေးဆရာအသိုင်းအ၀ိုင်း တစ်ခုတည်ဆောက်ရေး
  • ခေတ်သစ်ကမ္ဘာမှာ ခြိမ်းခြောက်ခံလာရတဲ့ စာပေလောက ရှင်သန်ရပ်တည်ခြင်းကို ကာကွယ်သွားရန် 
 ဆိုတဲ့ ရည်ရွယ်ချက် တွေ နဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ PEN ဟာ ၂၀၁၀ ခုနှစ် မတိုင်မီထိ International PEN ဆိုတဲ့အမည်နဲ့ ကျော်ကြားခဲ့ပြီး တော့ ၂၀၁၀ နောက်ပိုင်းမှာတော့ PEN International လို့ တရားဝင် အမည်ပြောင်းခဲ့ပါတယ်။ လက်ရှိမှာတော့ PEN International အဖွဲ့ကြီးဟာ ကမ္ဘာ့ကုလသမဂ္ဂ UNESCO အဖွဲ့ကြီးတရားဝင် အကြံပေး နဲ့ The Economic and Social Council အဖွဲ့ရဲ့အထူးအကြံပေး အနေနဲ့ ကမ္ဘာတစ်လွှားမှာရှိတဲ့ စာရေးဆရာများအတွက် “လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် (Freedom of Expression)၊ ငြိမ်းချမ်းရေး (Peace)နှင့် ရင်းနှီးချစ်ခင်မှု (Friendship)” တို့ကို အခြေခံကာ စာရေးဆရာများရဲ့ အခွင့်အရေးအတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာကိုယ်စားပြု အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။

John Galsworthy ဟာ အဖွဲ့ကြီးရဲ့ ပထမဦးဆုံးသော PEN ဥက္ကဌဖြစ်ခဲ့ပြီးတော့ လက်ရှိကာလထိ ဥက္ကဌ စုစုပေါင်း ၂၄ ယောက် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ပထမဦးဆုံး အဖွဲ့ဝင်တွေအဖြစ်  Joseph Conrad, Elizabeth Craig, နဲ့ မြန်မာတို့ရဲ့ အလွန်ရင်းနှီးသော စာရေးဆရာများဖြစ်တဲ့  George Bernard Shaw, နဲ့ H.G. Wells တို့ပါဝင်ခဲ့ပြီးတော့ H.G. Wells ဟာ အဖွဲ့ကြီး ရဲ့ ဒုတိယမြောက် ဥက္ကဌ ဖြစ်ခဲ့ပါတယ်။

လန်ဒန်မြို့မှာ ကလပ်တစ်ခုအနေနဲ့ စတင်ခဲ့ PEN အဖွဲ့ကြီးဟာ ယခုအချိန်မှာတော့ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ  PEN စင်တာပေါင်း ၁၄၅ ခု ထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

PEN International အဖွဲ့ကြီး ဟာ မြန်မာနိုင်ငံ ရဲ့ စာပေလွတ်လပ်ခွင့် နဲ့ စာရေးဆရာ၊ ကဗျာဆရာတွေ ရဲ့ ယုံကြည်မှုနဲ့ အမှန်တရား ကို အစဉ်တစ်စိုက် စောင့်ကြည့်ပြီးတော့ ကာကွယ် ပေးခဲ့ပါတယ်။ PEN/ Babara Gold Smith (Freedom to Write Award) ဆုကို ၁၉၉၆ ခုနှစ်မှာ  အကျဉ်းချခံ စာရေးဆရာမ မသီတာ (စမ်းချောင်း) အား ပထမဆုံး အနေနဲ့ ချီးမြှင့်ခဲ့ပြီးတော့ ၂၀၁၁ ခုနှစ်မှာ ထောင်ထဲရောက် ဘလော့ဂါနေဘုန်းလတ် ကို ချီးမြှင့်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ လူရွှင်တော် ဇာဂနာနဲ့ ကဗျာဆရာ စောဝေတို့ နှစ်ဦး Oxfam Novib/PEN Award for Freedom of Expression ဆုကို ချီးမြှင့်ခြင်းခံခဲ့ကြရပါတယ်။

ဆောင်းပါးရှင် Dennis Abrams က Publishing Perspectives ထဲက သူရဲ့ဆောင်းပါး After 15 Years, PEN International Finally Opens in Myanmar ထဲမှာ ၁၉၉၉ ခုနှစ်မှာ ထောင်က လွတ်လာခဲ့တဲ့ ဆရာမ မသီတာ (စမ်းချောင်း) ရဲ့ စဉ်ဆက်မပြတ် ကြိုးပမ်း အားထုတ်မှုကြောင့် ၁၅ နှစ်အကြာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၉ ရက် က ၁၃ ရက်နေ့ထိ အိုက်စလန် မှာ ကျင်းပခဲ့တဲ့ ၇၉ ကြိမ်မြောက် PEN International ရဲ့ ကွန်ဂရက် က မြန်မာပြည်ထဲမှာ PEN Myanmar ကို တရားဝင်ဖွင့်လှစ်ဖို့ ခွင့်ပြုခဲ့ပါတယ်လို့ ရေးသားဖေါ်ပြခဲ့ပါတယ်။

အဲဒီဆောင်းပါးထဲမှာပဲ အကျဉ်းသားဟောင်း ဘလော့ဂါ နေဘုန်းလတ် က “PEN Myanmar ဟာ ကျွန်တော်တို့ရဲ့ အိပ်မက်၊ ခါးသီးတဲ့အတိတ်တုန်းက ကျွန်တော်တို့က သူများတွေရဲ့ အကူအညီကိုပဲ ရယူခဲ့ရတယ်၊ အနာဂတ်မှာတော့ ကျွန်တော်တို့ အဖွဲ့က ကမ္ဘာတစ်လွှားက ဒုက္ခရောက်သူတွေ ကို ကူညီနိုင်တော့မှာပါ” လို့ ဆောင်းပါး ရှင်ကို ပြောခဲ့ပါတယ်။ စာရေးဆရာ ဖေမြင့်ကလဲ အဲဒီဆောင်းပါးထဲမှာပဲ “ မြန်မာဟာ စစ်အာဏာရှင်တွေရဲ့ ပိတ်ဆို့မှုအောက်မှာ ကာလရှည်စွာ နေခဲ့ရတယ်၊ နိုင်ငံတစ်ကာ က စာရေးဆရာတွေ ရဲ့ လှုပ်ရှားမှုတွေနဲ့ ကမ္ဘာ့စာပေ အသိုင်း အ၀ိုင်း အခြေအနေကို ကျွန်တော်တို့ မသိနိုင်ခဲ့ဘူး၊ ကမ္ဘာ့ကြိးအကြောင်း ပိုမိုသိရှိလာဖို့ အတွက် မြန်မာပြည်သူတွေအနေနဲ့ ဒီလိုကမ္ဘာ့ အဖွဲ့အစည်းကြီးတွေနဲ့ ဆက်သွယ်ဖို့လိုအပ်တယ်`“ လို့ ပြောကြားခဲ့ပါတယ်။
  •    သစ်လွင်သောစာပေယဉ်ကျေးမှုတစ်ရပ်ဖြစ်ထွန်းပေါ်ပေါက်လာရန်။
  •   လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်ကိုကာကွယ်ရန်နှင့်မြှင့်တင်ရန်။
  •   ကျောင်းပညာရေးနှင့် ရသစာပေကို ပေါင်းကူးဆက်စပ်ရန်နှင့် မြှင့်တင်ရန်။
စတဲ့ ရည်ရွယ်ချက် (၃)ချက်နဲ့ဖွဲ့စည်းခဲ့တဲ့ PEN Myanmar ရဲ့  Facebook Page https://www.facebook.com/penmyanmar မှာ PEN Myanmar အကြောင်း အသေးစိတ် ၀င်ရောက်လေ့လာနိုင်ပါတယ်။ ဆရာမ မသီတာ (စမ်းချောင်း) ရဲ့ ပဲ့တင်သံဂျာနယ်မှာ ဖေါ်ပြခဲ့တဲ့ PEN Myanmar အကြောင်း ဆောင်းပါ ကိုတော့ ဒီမှာ ၀င်ရောက်ဖတ်ရှုနိုင်သလို PEN International မှာ ဖေါ်ပြခဲ့တဲ့ နေဘုန်းလတ်နဲ့ အင်တာဗျူး Interview with Myanmar PEN’s Nay Phone Latt. မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

ရည်ညွှန်း၊
http://en.wikipedia.org/wiki/P.E.N.
PEN International Website: www.pen-international.org
Facebook : https://www.facebook.com/penmyanmar
Dennis Abrams, Publishing Perspectives: After 15 Years, PEN International Finally Opens in Myanmar

 ၂၀၁၃ ခုနှစ် နိုင်ဝင်ဘာလ ၂၇ ရက် အမျိုးသားနေ့မှာ ကျင်းပ ပြုလုပ်မဲ့ PEN Myanmar ဖွဲ့စည်းရေး ညီလာခံ. အား ကြိုဆိုသောအားဖြင့်

အားလုံးကိုချစ်ခင်လေးစားတဲ့

မမသီရိ
၁၃ နိုဝင်ဘာ ၂၀၁၃