Wednesday, January 29, 2014

မြို့ပြအမောတွေရဲ့အလယ်

မြို့ပြကခက်ခဲလိုက်တာလို့
မပီမသ နဲ့ တစ်စုံတစ်ယောက်က ငြီးတွားတယ်

နေပူတယ်..
ရေကိုတောင် ၀ယ်သောက်မှ ရတယ်
အိမ်တွေ အားလုံး တံခါးတွေ သော့ခတ်ထားတယ် ..
ခြံဝင်းတွေ အကုန်လုံး လုံခြုံအောင် ကာရံလို့
လူတွေ ကို ပြုံးပြ လို့ မရဘူး (အရူးထင်သွားနိုင်) .

လူတွေဟာ သုတ်သုတ်ပျာပျာ နဲ့
ချွေးတလုံး လုံး ဘတ်စ်ကားတွေ ဟာ
အသက်ပေါင်းမြောက် များစွာ ကို  မထီမဲ့မြင် ဆော့ကစားလို့
လူတွေအကုန်လုံးနီးပါးက အရောင်းဈေးသည်
ကုန်ရောင်းတယ်
ငါးရောင်းတယ် အသားရောင်းတယ်
ပန်းရောင်းတယ် ကွမ်းရောင်းတယ်
သတင်းစာရောင်းတယ် ဂျာနယ်ရောင်းတယ်
လူရောင်းတယ်
ဦးနှောက်ရောင်းတယ် ..
အချိန်တွေရောင်းတယ်
အသွေးအသားတွေ ရောင်းတယ်
စိတ်ကူး စိတ်သန်းတွေရောင်းတယ်  ..
ဝယ်တယ် ရောင်းတယ် တစ်ထွာသာရှိတဲ့ပင်လယ် ..


လျှောက်လမ်း ပလက်ဖောင်း ဟာ 
ဘုရားစူးရပါ့စေရဲ့ တွေ့ကို မတွေ့ နိုင်တော့ဘူးကွယ်
ရပ်နားစရာ ရှားပါးလာတဲ့ မြောက်များစွာသော ကားများ..
အိမ်မပိုင် ဘူး ကား ပိုင်တဲ့ ယဉ်ကျးမှုထွန်းကား
ကူးစက်ခံလိုက်မှန်း မသိပဲ နဲ့ ဆေး မမီ နိုင်တော့ တဲ့ အနေအထား

ကလေးမကလေး တွေ ရဲ့ စကပ်က တိုပြီးရင်းတိုလာတယ် ..
နီုက်ကလပ်ထဲ မှာ ကလေးတွ များပြီးရင်းများလာတယ်..
အလုပ်များတဲ့ ဦးလေးကြီးတွေ ပွားပြီးရင်း ပွားလာတယ်..(ကောင်မလေးတွေနဲ့)
တောင်ပုံ ရာပုံ ငွေ တွေ ဟာ စုရပ်တချို့မှာ ထိမ်းသိမ်းဖို့ရာခက်ခဲ
လမ်းကြို နောက်ဖေးကြား ဆန္ဒပြ လူတန်းစားမှာ အိပ်ကပ်တွေ အကုန်လုံး အပြဲ

တချို့ကလေးတွေက  ပန်းရောင်းတယ်
တချို့ကလေးတွေ က ဘီယာဗူးခွံ ကောက်တယ်
တချို့ကလေးတွေက အရက်ဘား မှာ လုပ်တယ်
တချိုကလေးမလေးတွေက မိဘအတွက် ငွေရှာ တယ်
တချို့ကလေးတွေက ဂိမ်းဆိုင် ထဲမယ်
တချှိုကလေးတွေက ကစားကွင်းတွေမှာ ပျော်ရွှင်လို့ရယ်
မြို့ပြဟာ တတ်နိုင်သူ ကလေးတွေအတွက် ရွေးချယ်စရာ ကျောင်းတွေ ပေါလွန်းတယ်..
တစ်လ ကို ကျပ် သိန်း တစ်ဆယ် နှစ် ဆယ်
မတတ်နိုင်သူ ကလေးတွေ အတွက် ရွေးချယ်စရာ ဈေးဗန်းရယ် အနှိပ်ခန်းရယ် 

အလကားဝေတဲ့ ကွန်ဒုံးတွေ အလကားထင်မိတော့
အေအာရ်တီ ပြတ်သွားတဲ့အခါ .. တရားစခန်းတွေဆီ တချို့ကရောက် သွားကြ..
အဖိုးတို့ အမေတို့ ခေတ်ကို နောက်ကျတယ်ထင်မိတော့
အဖြူရောင်သက်တံ နေရာမျိုးမှာ ကူးစက်ရောဂါနဲ့ မိဘမဲ့ကလေးတွေ ပေါလာ..
ဘုရားဖူး ခရီးသွားလုပ်ငန်းတွေ များလာသလောက်
အချိန်ပိုင်း အခန်းငှားတဲ့ ဟိုတယ် တွေ မှိုလို ပေါက်လာ..
မူးယစ်ဆေးဖမ်းမိတော့ ရာထူးကြီးကြီး တွေ ရာထူးတွေ ထပ်တိုးသမျှ.
ရပ်ကွက် ထဲ ဆေးစွဲတဲ့ ကလေး လူငယ် အရေအတွက် တိုးလာ..

တိုက်တွေ အထပ် အများကြီးမြင့်လာတဲ့အခါ
လူနေမှုအဆင့်အတန်းဟာ အချိုးကျစွာ နိမ့်ပါးသွား .
အပန်းဖြေစရာ ကစားကွင်းတွေ ပျောက်ကွယ်သွားတဲ့အခါ ..
ကလေးအများ စု ဟာ လမ်းဘေးအန္တရယ်ကြားမှာဆော့ကစား..

စားသာစားရ အသီးများ အသားများ စားစရာများ သံသယ တွေနဲ့ ထိတ်လန့်တကြား ..
အန်မလေး.. မောလိုက်တာ.. တစ်ယောက်ယောက် ရေတစ်ပေါက် လောက် တိုက်ပေးပါ..။

မမသီရိ
၂၉ ဇန်ဝါရီ ၂၀၁၄


No comments: