ကျမ ပြူတင်းနားမှာ..
ဂေါ်သဇင် ရနံ့ တွေ ဘယ်သူ လာချ သွားတာလဲ ...
မွှေးတယ်.. ရင်ထိ အောင် အေး..
ငယ်ငယ် ဘ၀ တွေ .. အတွေး ထဲ မှာ ရုတ်တရက်ပြေးလွှား..
နှင်းတွေ.. ပန်း ဖွေးဖွေး..ညွတ်ညွတ် .. အဆုပ် ဆုပ်..နဲ့ ခဲ နေပုံ...
ကျမတို့ ရွာလမ်း ကလေး က ဖုံတွေ ထူထူ နဲ့ ပေါ့..
ဒါပေမဲ့.. ဘယ်သူ ကဗျာ မဆန်ဘူး ပြောမလဲ..
သူငယ် ချင်း ရဲ့ ဖိနပ် ပါး ခြေသံ.. တဖျပ် ဖျပ်နဲ့..
ကျမတို့ ကျောင်း သွား တဲ့ လမ်း ပေါ်မှာ...
ပန်းချစ်သူ ကျမအတွက်
နှင်းဆီ ဖူးတွေ လဲ သူ က ပေးဖူးတယ်...
ဂေါ်သဇင် ခိုင် တွေ လှိုင်လှိုင်ပွင့်တော့ ..
သူ့ လွယ် အိတ် ကြီးကြီး ထဲ ထည့် ၀ှက်..
ကျမ ကို ရုတ်တရက် . အံသြ စေခဲ့ ပုံ..
သူငယ် ချင်း လေး ရေ... မင်း ရဲ့ ကြံပင် တွေ သန်စွမ်း ရဲ့ မဟုတ်လား..
ဂေါ် သဇင် တွေ ပွင့် တိုင်း ကျမ ကို လွမ်း နေသလား..
အပြန်လမ်း အတွက်.. ဘာ ကို ခက် လို့ ခက် မှန်း မသိအောင်..
ဘ၀ တွေ က ရှုပ်ထွေး ပွေလီ.. ကျမ စီး နေကျ ပင်စယ်လ်ဟီး ကြောင့် များ လား လို့
ရံခါ ရံဖန်.. ဆိုလဲ.. တွေး မိပေါ့...
ဖယောင်းတိုင်မီး လေး နဲ့ တို့ တွေ စာ တူတူ ကျက်ဖူး တယ်..
လ ရောင် အောက် မှာ.. သီ ချင်းတွေ လဲ တူတူ ငြီးဖူးရဲ့..
မင်း မြေပဲ ပင်တွေ ဘာလို့ ဒီလောက် သန်စွမ်း ခဲ့ သလဲ..
ငါ .. မတွေးခဲ့ ဖူးပေမဲ့.. မြေကြီး ရနံ့ နဲ့ မင်း လက် ထူကြမ်း ကလေးတွေ
ခုတော့ ငါ့ အလွမ်း စာရင်းမှာ ထိပ် ဆုံးက ပေါ့ကွယ်....
နေအုံးကွဲ့... ကျမ ရောက်နေတဲ့ မြို့ က.. ဆောင်း ကို ကြိုက်ပုံ မရဘူး.. .
ကျမချစ် တဲ့ ဂေါ်သဇင် ကို သူ မသိဘူး...
သူ့ အနား မှာ..သနားစဖွယ် ဥသြ ငှက် တွေ.. ၁၂ ရာသီလုံး ချွဲနွဲ့ ..
တစ်နှစ် ပတ် လုံး နွေ ဘွဲ့ ကို ပဲ သီ သကွဲ့ ....
ဆောင်း မရှိတာ နဲ့.ပဲ. ကျမ အလွမ်းတွေ က ပို သည်း ရ သလားတော့ မသိ နိုင်ခဲ့...
သရီးဒီ ဖန်သား ပြင်တွေ နဲ့ ဝေး တဲ့ နေရာ.. ကျမ ခဏ တော့ ပြန်လာ ချင်တယ်..
ဂေါ်သဇင်တွေ ကျမ အတွက် မွှေး ပါစေ လား...
ဖြစ်နိုင် ရင်တော့.. နွားလှည်း ကလေး လဲ စီး ချင်သေးတယ်...
ကျမ ကြိုက် တဲ့ ..မြေပဲ ဥတွေ .. ပြုတ်ကျွေး ပါ..
ပြီး တော့ ဟိုး အရင် က .. လို ပဲ ကျမ ကို.. ဆက်ချစ်ပါ...
မင်း ဆံပင် ရှည်ရှည် အတွက်.. ကလစ် လှလှ လေး ကျမ ၀ယ် ထားတယ်....။
မမသီရိ
၂၇ ဒီဇင်ဘာ ၂၀၁၂