Thursday, October 15, 2009

တိမ်ကိုနမ်းသော ခြေလှမ်းများ


(၁)
ကန္တာရတွေကျော်.. တောင်တန်းတွေပေါ်ဖြတ်
လျှိုအထပ်ထပ်ဆင်း.. မြက်ခင်း အတန်တန်လွှား
ထိမ်းချုပ်ခြင်း တာရိုးများ.. ကျိုးသွားပြီးတဲ့ နောက်
ရှည်လျားသော မုတ်သုန်အလွန် မှာ.....
တခွန်းသော သူ့စကား...ကျမနား..နား ကပ်
တိုးဖွဖွ ညင်သာသာ
..ညီမလေး ကို... ချစ်လိုက်တာ.. တဲ့..
ရွှေအပြားကုဋေ တသန်းမက
အဖိုးတန်လှ ဒီဆုလာဘ်.. နောက်ဆုံးတော့.. ကျမ ရခဲ့ ပြီ...

(၂)
အလွမ်းတွေရယ်
အနမ်းတွေရယ်
ကမ်းအလွန်မှာ ရောဖျော်ချလိုက်တော့
အပြာရောင် စမ်းချောင်းလေး
ဖြတ်ကူးပြေးပါပေါ့.. ကျမ ရဲ့ နှလုံးသား ကဗျာ..

(၃)
နှင်းတွေရယ်
အလင်းတွေ ရယ်
အာရုဏ်မှာ ပေါင်းဆုံဖြစ်ကြတော့
အ၀ါရောင်လမ်းကလေး
ပေါင်းကူးပေးပါပေါ့.. ကျမရဲ့ ရင်ခွင် မှာ..

(၄)
တံခါးတွေရယ်
စကားတွေရယ်
လွင်ပြင်အလယ် ဖွင့်အန်ချလိုက်တော့.
အကြင်နာအခန်းကလေးတခု
တယုတယ ဖြစ်လာပါပေါ့ ကျမ နားခိုရာ..

(၅)
အသာယာဆုံး လောက
သတ္တ ဒီကမ္ဘာ .. ကျမလောက်ပျော်တာ
ရှိမှာ မဟုတ်တော့...
လေအဟုန်စီးမျော..
သောသောသုန်သုန်..ရင်ခုန်စည်းချက်
ဘ၀ဂ်ထိယံ.. မိုး ဆီပျံလွှမ်း
နှစ်သန်း ခြောက်ထောင် ..ဂြိုလ်ကမ္ဘာတောင်တုန်ဟီး
ရှက်ရိပ် စီးကျ.. ပူနွေးသောပါးပြင် အလှ
သူမြင်ခွင့် ရခဲ့.....

လှိုက်မော ညိုးညံ
သူ့ ရဲ့ ချစ်ခြင်းဖွဲ့ ဗုံသံတွေ..
စည်းချက်မပါ.. ကျမ ကောင်းကင်ပေါ် ဖြာသွားတဲ့ခဏ...
တိမ်ကိုနမ်းသော ခြေလှမ်းများနဲ့..
အဲဒါ... ကျမ ချစ်သူရဲ့ ချစ်သူ.. ကျမ.. လေ....။

မမသီရိ
၁၅.၁၀.၂၀၀၉

11 comments:

ခရေညို said...

အလွမ်းတွေရယ်
အနမ်းတွေရယ်
ကမ်းအလွန်မှာ ရောဖျော်ချလိုက်တော့
အပြာရောင် စမ်းချောင်းလေး
ဖြတ်ကူးပြေးပါပေါ့..
တဲ့
အရမ်းမိုက်တယ်

kiki said...

(လေအဟုန်စီးမျော..
သောသောသုန်သုန်..ရင်ခုန်စည်းချက်
ဘ၀ဂ်ထိယံ.. မိုး ဆီပျံလွှမ်း..... )

စကားလုံးတွေက မိုက်တယ် ....
ခုတော့လည်း မမသီရိတို့ များ...
မိုးမမြင် ၊ လေမမြင် နိုင်လောက်အောင် ချစ်နေလိုက်ကြတာနော် ... ဟွန်း

( တိမ်ကိုနမ်းသော ခြေလှမ်းများနဲ့.... )

အပြေးကလေး လှမ်း လာ လိုက်တာ လား ...
ဘာ နဲ့  နမ်း လိုက်တာလည်း လို့  မြင်ယောင်ကြည့် မိလိုက်တယ် မမသီရိ ရေ ... လက်တွေ့ ပြနော် .. ကြည့်ချင်လို့  .. အဟက် ....

လေး လေး နက်နက် ကဗျာလေး ၊ ပေါ့ပျက်ပျက် လုပ်မိသွားသလို ဖြစ်သွားရင် တောင်းပန်ပါတယ် ။ အဟီး ..ခင်လို့  စတာနော် ...

ဆောင်းယွန်းလ said...

လှိုက်မော ညိုးညံ
သူ့ ရဲ့ ချစ်ခြင်းဖွဲ့ ဗုံသံတွေ..
စည်းချက်မပါ.. ကျမ ကောင်းကင်ပေါ် ဖြာသွားတဲ့ခဏ...
တိမ်ကိုနမ်းသော ခြေလှမ်းများနဲ့..
အဲဒါ... ကျမ ချစ်သူရဲ့ ချစ်သူ.. ကျမ.. လေ....

ကောင်းလိုက်တဲ့အဖွဲ့....
လှလိုက်တဲ့ကဗျာ

သိင်္ဂါကျော် said...

အချစ်ကဗျာ လှလှလေးပဲ..
မမသီရိ ခုတလော အချစ်နဲ့ တွေ့နေပြီ ထင်တယ်...

Unknown said...

ငါ့အမကတော့ ကြေကွဲနေလိုက်တာ

ကျနော်လည်း ကြေကွဲနေတယ်... ဒါပေမယ့်ဗျာ..

ဘာမှ လှပမှုမရှိဘူးဖြစ်နေတယ်.....

ခြေလှမ်းသစ် said...

ညီမလေးကို ချစ်လိုက်တာ ဆိုတော့ ... အမတယောက် ပီတိတွေ ဖြာသွားပီပေါ့ဟုတ်... ကဗျာလေးက အရမ်းဖတ်ကောင်းဗျို့ 

Welcome said...

ရေးတတ်လွန်းပါဘိ
အားပေးလျက်ပါ

နှင်းနဲ့မာယာ said...

မမရေ
ခုနောက်ပိုင်း ကဗျာတွေ အရမ်းကောင်းလာတယ်...
မမပျော်နေတယ်ထင်တယ်...
မမသီရိ ဆီက မင်္ဂလာသတင်းစောင့်နေတယ်နော်...

ချစ်သောနှင်း

emayarKhin said...

မရေ..ကဗျာလေးကချစ်စဖွယ်.....

လင်းဒီပ said...

ချစ်သူရဲ့ ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းဟာ
တခါတလေ တိမ်တွေပေါ်လျှောက်ရသလို ညံ့သက်နုရွတဲ့ ခံစားမှုကို ပေးပါတယ်...။

ယောက်ျားလေးတွေအတွက်တော့ ဟိုသီချင်းထဲကလို
“ကိုကိုခေါ်သံ သိန်းဆုထက်တန်”ဆိုတာမျိုးပေါ့..:P

Nge Naing said...

မမသီရိရေ
လာဖတ်သွားပါတယ်။ ပျော်ရွှင်မှုတွေ အမြဲတမ်း ရှင်သန်ပါစေ။