Tuesday, October 06, 2009

ပျားကလေး တမန်


တိတ်တိတ်လေး ကျမလွမ်းတော့
ကဗျာတွေ မျက်ရည်စို့
နှင်းဆီဖြူတွေလဲ ခိုးခိုး ငို
တိမ်ညိုညို တွေက တိုးတိုး ရှိုက်...

ကြာရင်တော့ ခက်လှချည်ရဲ့တဲ့
လ ရွှေရည် ဖျန်းထားလို့
လက်လက်ထ အုန်းလက်တွေက တီးတိုးပြော
ကမ်းခြေ တကြောမှာတော့
ပုန်းညက်ပန်းတွေ သဲသဲ လှုပ်အောင်ကြွေ
မင်း.. လွမ်းနေတာ ငါတို့ သိလို့ပါ ဆိုပဲ....

တောင်တောင် အီအီ တော့ လျှောက်မတွေးပါနဲ့ ပျား ကလေး ရယ်...
မင်း.. ၀တ်မှုန်တွေ ရှာ အထွက်
ခရီးဆက်လို့ ဖြစ်နိုင်ရင်.. သယ်သွားပေးပါလား..
အလွမ်းတခက်.. အနမ်းက တသက်စာ...
(သူ့ကိုလေ.. ချစ်ရုံလေး ချစ်တာပါကွဲ့..)
သမုဒ္ဒရာ အတန်တန်ခြားပေမဲ့
မပုပ် မအဲ့ အလျှိုးရာတောင်မထင်
သစ်လွင် လတ်ဆတ်ဆဲ.. ရင်ထဲ က အချစ်တွေ
သူ့ ဥယာဉ်လေပြေ ကို သန့်စင်ဖို့
ကျမ ပို့ လိုက်တာ လို့ ပြောပေး နော်....

ထီးကလေး တချောင်း
နှစ်ယောက် အတူ ဆောင်းမလို့
နှစ်ချို့ ၀ိုင်တွေနဲ့ အတူ သိမ်းဝှက်
ပြန်ဆုံတဲ့ တရက်မှာပေါ့...
ပိုး မဖောက် ဆေးမပြယ် ချုပ်ရိုးတွေ မကျယ် ဖို့
ယုယမြတ်နိုး ထုပ်ပိုး အရိပ်ကြည့်
နေ့မရှိ ည မဆို
အပို ပြောတာလို့ မထင်လိုက်ပါနဲ့ လို့လဲ ပြောခဲ့နော်...

နေအုံး ပျား ကလေး ရဲ့ .. ကျန်ခဲ့ လို့ မဖြစ်သေး
ဖြစ်အောင် ပြောခဲ့ ပေး..
သူ ရောက် ရင် ထွန်ယက်မဲ့ တောင်ယာလေး
ကျမ ကိုယ်တိုင် ရှင်း ထားပေးကြောင်း
အောက်မေ့ဖွယ်ရာ.. ကြယ်ပြာတွေ ကြွေတဲ့ ညများစွာ
အဲဒိ တောင်ယာဘေးမှာသာ အချိန်ကုန်ခဲ့ကြောင်း
သောင်းသောင်းဖျဖျ သြဘာပေး
ကျမ လွမ်းတေးတွေ ဆိုတဲ့အခိုက် တောင်ယာတောကမြက်ရိုင်းတွေ ပေါ့
ခေါင်းမော့မော့ လည်ခါခါ .. သူ .. ရောက်အလာ ကျမနဲ့ အတူ စောင့်နေကြတာလေ..

ကျမအတွက် သူ သီကုံး ခဲ့တဲ့ ကဗျာ
ကျမ်းစာ လို အခါခါ ရွတ်
လွှတ် မျက်စောင်းထိုး ပါပေါ့.. အဲ စာ ရွက် ကလေး
မေး ခွန်းလဲ မေးသေး .. မလွန် လွန်း ဘူးလား ကွယ် တဲ့..
အဲ ဒီ အကြောင်းရော ထည့် ပြောပေးပါ ပျား ကလေး ရဲ့....

ခိုး ခိုး ငို နေတဲ့ နှင်းဆီဖြူ
တိုးတိုး ရှိုက်နေတဲ့ တိမ်ညိုလေး
မျက်ရည် စို့ နေတဲ့ ကျမ ကဗျာတွေ
ပျား ကလေး ရေ...
နားလည်ပေးပါ ကွဲ့
မင်း ကို တမန်စေ ရတဲ့ အကြောင်း..။

မမသီရိ
၂၅.၉.၂၀၀၉

7 comments:

kiki said...

အလွမ်းတခက်.. အနမ်းက တသက်စာ...
(သူ့ကိုလေ.. ချစ်ရုံလေး ချစ်တာပါကွဲ့..)
သမုဒ္ဒရာ အတန်တန်ခြားပေမဲ့
မပုပ် မအဲ့ အလျှိုးရာတောင်မထင်
သစ်လွင် လတ်ဆတ်ဆဲ.. ရင်ထဲ က အချစ်တွေ.....

ချစ်ရုံလေး ချစ်တတ်တာလေးကိုက သနားစဖွယ် ချစ်စဖွယ်လေး ပါလား ......
စာသားလေးတွေ နုရွနေလို့  ဖတ်မိသူတွေ ကြွေ ကျ တော့ မယ် ။။

အချစ်ကြီး ချစ်တတ်လိုက်တဲ့ မမသီရိရေ ..
မှာတာတွေ များလွန်းလို့  ပျားကလေးက အကုန်မှတ်မိပါတော့ မလား..လို့ 
e ခေတ်ကြီးထဲ e မေးလ် လေးသာ ပို့ လိုက်ပါတော့ ။။။

အဲ့ လို လေး အချစ် ခံချင်လိုက်တာ ...
ဟိဟိ ..... ရှာပေး နော် ..တယောက်လောက်

Ree Noe Mann said...

အောင်မလေးဗျ လို့တောင်း မအော်ချင်တော့ဘူးတီရယ်။

တော်တော်ကိုရေးတက်တာပဲနော်။

လှလိုက်တဲ့ ကဗျာလေးဗျာ။

တူတော်မောင် သဘောကျနှစ်ခြိုက်သွားတယ် တီရေ။

တူတော်မောင်အတွက် လိုအပ်ရင်လည်း ပျားကလေးကို
ကူညီဖို့ပြောပေးအုံးနော်တီလေး

ချစ်တဲ့ တူတော်မောင်
ငယ်ငယ်

Yu Ya said...

ကဗျာလေး ဖတ်ရှုခံစားသွားတယ် မမသီရိရေ..

yu ya

ကိုအောင် said...

ကဗျာလာဖတ်သွားတယ် မမသီရီ၊ အားပေးလျက်။

tin min htet said...

မသီရီ ဆီကနေ အထူးအဆန်းလေးတွေ ဖတ်ရတတ်တယ် ..
ခုလဲ .. ပျားစေရတု တဲ့ .. ပျားကလေးက သွားမပြောပြဘဲ၊ တုတ်လိုက်ရင် အခက်။

မေလေး said...

ပျားစေရတုလေး လာဖတ်တယ် မမသီရိရေ
ကဗျာလေးကကောင်းတယ်လို့ ပြောရမှာထက် ပိုကောင်းတယ်

မိုးခါး said...

နုဖတ်နေတာပဲ အစ်မရာ .....း)))