ကိုအောင် Tag လို့ ရေးရတဲ့ စာပါ။ ကျေးဇူးပါ ကိုအောင်ရေ.. ကိုယ် ဘာတွေ ဖြစ်နေသလဲ လို့ ပြန် ဆန်းစစ်မိသွားတာပေါ့..။ နို့်မို့ တနေ့ တနေ့ နေ၀င် နေထွက် ဘာတွေ မှန်း မသိအောင် လုံးလည် လိုက်ပြီး တွေဝေ.. သာမာန်ပဲ ဖြစ်နေခဲ့ရတော့တာ။ ခုလို ပြန်သုံးသပ်မိတော့ လဲ တချို့ ကိစ္စ လေးတွေ အချိန်မီ ဘရိတ်အုပ် လို့ ရတာပေါ့နော်..။
တွေးနေမိတာက
ကမ္ဘာကြီးကဘာလို့ ဒီလောက်ကျယ်တာလဲ။
အင်တာနက်မပေါ်ရင် အကောင်းသား..။
ကြိုးတချို့က cutter တွေ အမျိုးမျိုးသုံးပြီး ဖြတ်တာ အရာတောင် မပွန်း တာ ဘာကြောင့်ပါလိမ့်။
လှော်တက်တွေ ကူပါရက်နဲ့ ကမ်းမကပ်နိုင်ပဲ တ၀ဲလည်လည်ဖြစ်နေတဲ့ လှေကလေးတွေ အကြောင်း..။
ပြီးတော့ ကိုယ်တိုင်က...ရူးများ ရူးနေပလားလို့ တွေးနေမိတယ်၊ စိတ်တွေက ဟိုရောက် ဒီရောက်၊ မေ့တာကလဲ မပြောနဲ့၊ မနက်မနက် ရုံးသွားတော့မယ် လုပ်ရင် အနည်းဆုံး အိမ်ပေါ်ကို ၂ ကြိမ်လောက် ပြန်မတက်ရတဲ့နေ့ မရှိသလောက်၊ ရုံးခန်းသော့မေ့လို့၊ မုန့်ဗူးမေ့လို့၊ စာရွက်ဖိုင်တွေ မေ့လို့....မျက်မှန်မေ့လို့...အခန်းသော့မပိတ်ခဲ့ ရလို့.. အ၀တ်အစားနဲ့ တွဲစီးရမဲ့ ဖိနပ် အရောင် မှားစီးမိလို့..
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အသက်ကြီးပေမဲ့.. စိတ်က ကြီးလိုက်မလာ တဲ့ ရောဂါ တမျိုး စွဲကပ်နေပြီ..
(ဟိုတလောက ညစာစားပွဲ တခုမှာ နီပေါလူမျိုး မိတ်ဆွေဆရာဝန်တယောက်နဲ့ စကားလက်ဆုံ ကျမိကြတယ်။ စိတ်ကျင့်စဉ်တွေ နဲ့ တရားမှတ်ခြင်း ရဲ့ အကျိုးကျေးဇူးတွေ..။ သူ က လောလောဆယ် ထေရ၀ါဒ ဗုဒဘာသာ ကို စိတ်ဝင်စားစပြုလာတဲ့ သူတယောက်ပါ..။ စိတ်ကို လေ့ကျင့်တဲ့ အလုပ် နဲ့ စိတ်ကို စောင့်ကြည့်တဲ့ အလုပ်ကို အသက်၂၀ ကျော် နဲ့ ၃၀ ပတ်ဝန်းကျင်တုန်းက အတော်လေး ကို စိတ်ဝင်တစား လေ့ကျင့် လုပ်ဖြစ်ပေမဲ့ နောက်ပိုင်း ပေါ့လျော့ သွားပါတယ်လို့ ကျမ ကပြောတော့ .. အဲဒီမိတ်ဆွေ က..ကျမ ကို ထူးဆန်းလိုက်တာတဲ့.. သူကြားဖူးတာက လူတွေ က အသက်ကြီးတဲ့ ခါ မှာ ဘုရား တရား ပိုမို အချိန်ပေးလုပ်ကြတယ်.. တရားထိုင်ခြင်း အမှု ကိစ္စ ကို လုပ်ကြတယ် .. မင်းကျတော့ ဘယ်လိုဖြစ်တာလဲ လို့ ကျမကို ပြန်မေးပါတယ်.. ပြုံးဖြဲဖြဲလေးနဲ ..ဒီလိုပါပဲ ကွာ.. လို့ ပြန်ပြောလိုက်ရတယ်...ကျမ အတွက်တော့ လူတွေ ဆိုတာ အသက်ကြီးလာလေ စွဲလမ်းတာတွေ လိုအပ်တာတွေ များလာတယ်..။ ငယ်ငယ်တုန်း အသက်စွန့်ရမှာ ၀န်မလေးဘူး၊ ဆင်းရဲမှာကို မကြောက်ခဲ့ဖူး၊ အခက်အခဲ ဆိုတာတွေ လာချင်သလောက် လာခဲ့ .. အရွယ်ရလာတော့ .. တတ်နိုင်သရွေ့ .. လက်ရှိ ကာလတွေ ဆွဲဆန့်ထားချင်လာတယ်.သက်တောင့်သက်သာ နေချင်လာတယ်.. ချစ်ခြင်းမေတ္တာတွေ လိုအပ်လာတယ်..လေ)
ကျန်းမာရေး
လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ထဲက ဆေးနှစ်မျိုး နေ့စဉ်သောက်နေခဲ့ရပြီးပြီ..။
ဟိုတလောလေးကတော့ နှလုံးဆေးတွေ ပြန်သောက်လိုက်ရသေးတယ်။ကျောအောင့်တာကလဲ နဲနဲ တိုးလာ သလားလို့။ တာဝန်ကျေရမှာတွေရှိနေသေးတယ် (ကိုယ့်ဖက်ကတော့) သေလို့မဖြစ်သေးတာမို့ အသက်ကိုဥာဏ်စောင့် ကျန်းမာ အောင် ဂရုစိုက်ရမယ် လို့ မကြာခဏ ကိုယ့်ကို ကိုယ် သတိပေးနေရတယ်။
ဖတ်ဖြစ်တဲ့စာအုပ်တွေက
ကျမ က အလုပ်ထဲမှာ တနေ့ ကို ၁၄ နာရီလောက် တပတ်ကို ၇ ရ က် ရှိနေတတ်တာ မို့စာဖတ်ချိန်က မအိပ်ခင်.. အိပ်မပျော်ခင်လေး ပဲ ရှိပါတယ် ။ လောလောဆယ်ကျမအိပ်ယာဘေးမှ ရှိနေတဲ့စာအုပ်တွေကတော့
- Pascal Khoo Thwe ရဲ့ From The Land Of Green Ghost ( A Burmese Odyssey)
- ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တိုင်းရင်းသား လူမျိုးများအရေး
- ၀င်စတန်ချာချီ
- တဂိုးစာနုယဉ်
ရောက်နေဖြစ်တာက
ရုံးစားပွဲ နဲ့ ကွန်ပျူတာ
ရေးဖြစ်နေတာက
တကယ်လက်တွေ့ချရေးဖြစ်တာက အတွေးလေးတစ ရတာနဲ့ စီဆင်းလာသော (ကိုယ့်ဖာသာကိုယ် ကဗျာဟု သတ်မှတ်ထားသော) ကဗျာပေါင်း များစွာ..။ အစ .. စရုံလေး စထားခဲ့ပြီး စိတ်ကူးထဲတော့မှာနေ့တိုင်း အချိန် တိုင်းနီးပါ ရေးနေမိတဲ့ ဆုံဖူးချင်တဲ့ ဒီလူတွေ ဆိုတဲ့ ပို့စ်တခု၊ သင်းကွဲ စင်ရော် ဆိုတဲ့ အတွေးများဆန့်ထုတ်ခြင်း တစ.. ဘယ်တော့မှ ပြီးမလဲ မသိ...။
နားထောင်ဖြစ်နေတာက
စံလင်းရဲ့ သီချင်းဟောင်းတွေ..။
ရွတ်နေမိတဲ့ကဗျာက
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး
လယ်စောင့်တဲလေး ရှည်တံရှည်
မိုးကုပ်အောက်မှာတည်
ကြာဖြူတပွင့် နီ တပွင့် တဲနဲ့ ပနံတင့်..။
(ခုတလော ဒီမှာ မိုးတွေ သည်းနေတယ်)
ဖြစ်ချင်နေတာက
လက်ရှိဘ၀ က အလုပ်တွေ အရမ်းများတာမို့ ဘာဖြစ်ချင်မှန်းတောင် မသိတော့ဘူး၊ သေချာ ပြန်စဉ်းစား ကြည့်တော့ ကိုယ်ပိုင် အိမ်ကလေး တလုံးအရမ်းလိုချင်မိတယ်။ အိမ်ပိုင်ရှင် ဖြစ်ချင်နေတယ် ဆိုပါတော့။
စားဖြစ်နေတတ်တာက
အာလူးကြော်တွေ၊ ကိုယ်နဲ့ လဲ မတည့်ဘူး ဒါပေမဲ့ စားဖြစ်နေတယ်။
သနားနေမိတာက
ဘယ်သွားရမှန်းမသိ ဖြစ်နေတဲ့ ဟိုလူကြီးတွေ၊ ကျမ တကယ် သနားတာ သူတို့ ကို... မသေတော့မဲ့ အတိုင်း..
လွမ်းနေမိတာက
တောင်ကုန်းဆင်းက မြေနီလမ်းကလေးကိုလွမ်းတယ်၊ ၀ါးရုံရိပ်တွေသန်းတဲ့ ငယ်ဘ၀က အိမ်ကြီးထဲက ကိုယ်ပိုင်အိပ်ခန်းလေးကို လွမ်းတယ်၊ ကျမရဲ့ စိတ်ကူးတောင်ပံတွေ ကွန့်မြူးခဲ့ ရာ ခြံကျယ်ကြီး ကိုလွမ်းတယ်။ ရွှံ့ဗွက် ထူထူ နဲ့ ကျောင်းသွားခဲ့တဲ့ လမ်းကလေး ကို လွမ်းတယ်၊
ဘ၀ရဲ့ နောက်ဆုံးအချိန်တွေ မှာ ဘေးနားမှာပြုစုခွင့်မရလိုက်တဲ့ ဖေဖေနဲ့ မေမေ့ကို လွမ်းတယ်။ အနှစ်နှစ်အလလ က စုထားခဲ့ပြီး တာဝန်ကျဖူးတဲ့ မြိုကလေးတမြို့ရဲ့ မီးဘေးထဲ ပါသွားတဲ့ ကျမရဲ့ သမိုင်းဆိုင်ရာစာအုပ်တွေ၊ ရသစာအုပ်တွေ၊ စိတ်ပညာနဲ့ စိတ်စွမ်းအင်ဆိုင်ရာစာအုပ်တွေ (ကျွန်းသေတ္တာ ၂ လုံးစာ) ကို လွမ်းတယ်၊ ပြီးတော့ တစုံတရာ တစုံ တယောက် ကို လဲ စူးစူး နင့်နင့် လွမ်းတယ်။ မြင်မြင်သမျှ ကျမအတွက် လွမ်းစရာတွေ ချည်းပါပဲ၊ လွမ်းလွန်းလို့ တခါတခါ ကိုယ့်ကိုကိုယ် စိတ်ပျက်မိပေါင်း မနည်းတော့ဘူး။
ဘ၀ရဲ့ နောက်ဆုံးအချိန်တွေ မှာ ဘေးနားမှာပြုစုခွင့်မရလိုက်တဲ့ ဖေဖေနဲ့ မေမေ့ကို လွမ်းတယ်။ အနှစ်နှစ်အလလ က စုထားခဲ့ပြီး တာဝန်ကျဖူးတဲ့ မြိုကလေးတမြို့ရဲ့ မီးဘေးထဲ ပါသွားတဲ့ ကျမရဲ့ သမိုင်းဆိုင်ရာစာအုပ်တွေ၊ ရသစာအုပ်တွေ၊ စိတ်ပညာနဲ့ စိတ်စွမ်းအင်ဆိုင်ရာစာအုပ်တွေ (ကျွန်းသေတ္တာ ၂ လုံးစာ) ကို လွမ်းတယ်၊ ပြီးတော့ တစုံတရာ တစုံ တယောက် ကို လဲ စူးစူး နင့်နင့် လွမ်းတယ်။ မြင်မြင်သမျှ ကျမအတွက် လွမ်းစရာတွေ ချည်းပါပဲ၊ လွမ်းလွန်းလို့ တခါတခါ ကိုယ့်ကိုကိုယ် စိတ်ပျက်မိပေါင်း မနည်းတော့ဘူး။
မေ့လျော့ပစ်နေမိတာက
သတိမထားမိဘူး၊ ဦးနှောက်ထဲမှာ နှလုံးသား မှာ မရှိတော့ရင် အလိုလို မေ့သွား လို့..။ မေ့လို့ ရကောင်းသပ ဆိုရင်တော့.. မေ့ လိုက်လို့ ကိုယ့်စာမျက်နှာတွေထဲ က ပျောက်သွားမယ် ဆိုရင်တော့ မေ့ချင်နေတာ တွေ ရှိပါတယ်..။ ပြောမပြနိုင်တာ ခွင့်လွှတ်ပေးကြပါ။
ခါးသက်နေမိတာက
အိပ်မက်ဆိုး မက်တဲ့ ညတွေ..
တမ်းတနေမိတာက
ဘာမှန်းမသိတဲ့ တစုံ တရာ
ကြိတ်ပြီးချီးကျူးနေမိတာက
ကျမရဲ့ ခုလက်ရှိ အလုပ်ထဲ က ဆရာ၊ ကျမဆွဲတဲ့ ဘတ်ဂျက် သေးသေး လေးကို မငြီး မငြူ အကြိမ် ၃၀ နီးပါ ပြင်တယ် ..း) ။ သူ အချိန် ၄ ရက် ယူပြီး အကြိမ် ၃၀ နီးပါး ပြင်ပြီးတဲ့အခါ- ကျမလဲ မျက်မှန်ပါဝါ တိုးရတော့မလို ဖြစ်ပြီး ခြေထောက်တွေ ရောင် ပြီးတဲ့ အခါ ..ဒေါ်လာ ၃၀၀ လောက် ပို ထွက်လာခဲ့တယ် ..း)..။ ကျမ ဒီအလုပ်ထဲ ရောက်တဲ့ ၂ နှစ်ကျော် ကာလအတွင်း ၀န်ထမ်းတွေ အပေါ်မှာရော တခြား ဆက်ဆံရတဲ့ လူတွေ အပေါ်မှာပါ စိတ်ဆိုးတာ၊ စိတ်ပျက်တယ် လို့ပြောတာ တခါ မှ မကြားဖူး မမြင်ဖူးဘူး.. ဒီလောက် သီငြီးခံနိုင်တဲ့ သက်ရှိလူသား ကျမ ဘ၀ မှာ ဒီတယောက်သာ ကြုံဖူး ပါတယ်။
ကြိတ်ပြီးအထင်သေးနေမိတာက
ဘယ်သူ့ ကိုမှ အထင်မသေးဖူးဘူး ရှင့်၊ အဲဒါ အမှန်၊ လူတွေမှာ ကိုယ့်အကြောင်းနဲ့ ကိုယ်၊ ကိုယ့်နောက်ခံသမိုင်းနဲ့ ကိုယ်၊ ပြီးတော့ကိုယ့် အတွေ့ အကြုံ ကိုယ့်ခံစားချက်နဲ့ ကိုယ် ရှိနေတတ်တယ်ဆိုတဲ့ သီအိုရီ ကို ငယ်ငယ်ထဲ က စွဲ မှတ်ယူခဲ့တာမို့ ဘယ်သူ့ ကိုမှ အထင်မသေးဖူးဘူး... တစုံ တယောက် မှားနေတယ်လို့ ထင်ရင်တော့ ရိုးရိုးသားသား ကိုယ့်အမြင်လေး တင်ပြကြည့်ချင်တယ်.. သူ လက်မခံနိုင်ဘူးဆိုရင်လဲ ကျမ စိတ်ဆိုးမှာတော့ မဟုတ်ဖူး။
ဆန္ဒမရှိတဲ့နေရာ
ဖုန်တွေ ထူ၊ မီးခိုးတွေ မွန်းတဲ့ နေရာတွေ.. နဲ့ ဆူညံလွန်းတဲ့ နေရာတွေ။
ဆန္ဒရှိနေတဲ့ကိစ္စ
ရင်ထဲ အမြဲရှိနေတာက ဖလောရင့်စ် နဲ့ ပါရီမှာ ရှိနေတဲ့ ကမ္ဘာကျော်ပြတိုက်တွေ ကို သွားချင်တယ်..။
ခုလောလောဆယ်မှာတော့ ကျမတို့ ပရော ဂျက်တခု အောက်မှာ ရှိတဲ့ လူစာရင်းထဲမှာ လူ ၁၆ ယောက်ကွာနေလို့ ကျမနဲ့ လက်ထောက် ၂ ယောက် ခေါင်းကိုက်နေတာ တ ပတ်ရှိပြီ.. အဲဒီလူတွေစာရင်း မြန်မြန်တွေ့ချင်တယ်.။ နို့မို့ စာရင်းတွေ ပိတ်နိုင်မှာ မဟုတ်ဖူး.. ကိုဂျူလိုင်လေးကတော့ အကြံပေးရှာသား.. အမရေ ဒါလေးများ ဘလော့ဂါ နာမည်တွေ ထည့်လိုက်ပါလား တဲ့..း).... ခက်တာက ကျမနဲ့ သိတဲ့ ဘလော့ဂါ က ၁၀ ယောက် တောင်မပြည့်.. ဘယ်လို လုပ်ရပါ့... ။
မုန်းတီးနေမိတာက
စိမ်းရွှေရွှေ ညှီစို့စို့၊ မသတီစရာ အိပ်မက်တွေ နဲ့ ည များ....။
ချစ်နေတာက
ကိုယ့်ကိုကိုယ် အချစ်ဆုံးလို့ ထင်နေခဲ့တာ..။ ဟိုတလောလေးက ဆေးခန်းကို ရုတ်တရက်ကြီး ရောက်သွားတော့ မှ မှားမှန်းသိရတယ်။ သေချာ ပြန်ဆန်းစစ်ကြည့်တော့ ကျမချစ်နေမိတာ ကျမရဲ့ပန်းကလေး၊ ကျမရဲ့ ၀က်ဝံကလေး၊ ကျမရဲ့ စူပါမင်း၊ ကျမရဲ့ ကလေးလေး၊ ကျမ ရဲ့ ကဗျာတွေ .နဲ့ ကျမ ရဲ့ (မြတ်နိုးတဲ့ ဒီ) အလုပ်..။
စိတ်ပျက်နေမိတာက
ဆူပွက်စ ထမင်းတအိုး၊ မီးခိုးတွေ အုံနေတဲ့ မီးတဖိုနဲ့ ... သူတို့.................
စွဲလန်းနေမိတာက
ပွင့်ပွင့်လင်းလင်း ပြောရရင် သိပ်တော့ မသိဘူး ရှင့်၊ တခုကတော့ အင်တာနက် ဖြစ်မယ် ထင်တယ် ..သူနဲ့ ဝေးတဲ့ နေရာ ရောက်နေတဲ့ အခိုက် စိတ်ထဲ က တခုခု လိုအပ်နေသလို မျိုး တွေ့နေမိတယ်။
လိုအပ်နေတာက
လမင်းလေးရောက်လာမဲ့ ည တွေ
တောင်းနေမိတဲ့ဆု
ကြယ်တွေကြွေပါစေ
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
အာ..
ပြောချင်နေတဲ့စကားတခွန်း
ခုတော့လဲ အရာရာတိုင်းက ပုံမှန်ပါပဲ ကွာ... ဆိုတဲ့စကားကို မျက်ရည်မ၀ဲပဲ ရင်ထဲက နှစ်နှစ်လိုလို ပြောချင်ပါတယ်
ပါးချင်တဲ့ အမှာစကား
ကျမတို့ လုပ်ငန်းရဲ့ ဒုတိယနှစ်ပတ်လည် အလုပ်အများဆုံးရာသီ ရောက်နေတာမို့ နေ့စဉ် အွန်လိုင်းမှာ အချိန်ပြည့် ရှိနိုင်ဖို့ ခက်ပါတော့မယ်..။ ဘလော့တွေ အချိန်ပေး ဖတ်နိုင်ဖို့ ခဲယဉ်းမှာ မို့ ဘလော့ မိတ်ဆွေတွေ အားလုံးကို နားလည်ခွင့်လွှတ်ဖို့ ပြောချင်ပါတယ် ..။ ကိုယ့်ဘလော့လေးမှာတော့ အချိန်အားတုန်းက draft လုပ်ထားခဲ့တဲ့ ကဗျာတွေ ရှိနေတာမို့ အဆင်ပြေသလို တင်သွားပေးပါမယ်..။
ဝန်ခံချင်တာက
- ကျမ က အူတူတူ အတတ တောသူ အချဉ် ..။
- ဒီပို့စ်ကို ရင်ထဲ က နှစ်နှစ်ကာကာ ရေးချင်တဲ့ ဆန္ဒအပြည့်နဲ့ရေးတာပါ..။
- ငါးမရှိမှန်းသိနေတဲ့ စမ်းချောင်းထဲ နေ့တိုင်း ငါးမျှား ဆင်းတယ်။
- နေမင်း ကအနောက်ဖက်ကထွက် လာမလား လို့ နေ့တိုင်း မျှော်တယ်။
- မိုးပေါ်က လမင်း က ဘယ်နေ့ ရင်ခွင်ထဲ ရောက်လာမလဲ လို့ အမြဲတွေးတယ်။
- အိပ်မက်တွေ အမှန်ဖြစ်နိုင်တယ် လို့ ယုံနေမိဆဲ..။
- အဲဒီလမ်းကလေး အဆုံး မှာ မြက်ခင်းစိမ်းနဲ့ ဥယာဉ်လေး ရှိတယ်လို့ ယုံထား ဆဲ။
- ကျမက စိတ် သိပ် မမှန်ဘူး...။
သူများTag ရင် Tag ဆင့်ကမ်းရတယ် လို့ ကျမဆရာ ကိုဂျူလိုင် က မိန့်မှာဖူးတာမို့ Tag ပါရစေ။ အမှန်ဆို ကျမ က မိတ်ဆွေ ရှိလှတယ် မဟုတ်တာမို့ ဘေးနားရှိတဲ့ ဒီလူတွေ ပဲ ထပ် Tag ပါရစေတော့..။
July Dream အိမ်မပြန်ခင် အပြီးရေးပေးပါ မောင်လေး။
စိတ်စမ်းရေ
ညီမ ကောင်းကင်ပြာ
မေ့သမီး
ကြယ်ကလေး
ယုယ
သိပ်တော့ မရင်းနှီးပေမဲ့ ကိုလူလ ကိုလဲ Tag ပါရစေ.။
(အချိန်မရ..ခုပဲ ကွန်ပျူတာရှေ့ က ခွာရတော့မှာမို့ Link တွေ မထည့်ဖြစ်တာ နားလည်ပေးကြပါ..။)
သတိတရ Tag တဲ့ ကိုအောင့်ကို အရမ်းကျေးဇူးတင်ကြောင်း ဒုတိယ တကြိမ် ထပ်ပြောပါရစေ..။
မမသီရိ
14 comments:
မင်္ဂလာပါ မမသီရီ။
Tag ထားတဲ့အတွက် ကျေးဇူးတင်ပါ၏။ ဒါဗေမဲ့ ပို့စ်တခု အနေဖြင့်တော့ မရေးတော့ဘူး။ ဘာကြောင့်..
လောလောဆယ် မလုပ်ချင်ဆုံးက စာရေးခြင်း ဒီအတွက် တောင်းပန်ပါတယ် ခင်ဗျား။
အရင်တုန်းကတော့ ဘလောဂ်တွေမှာ စာ၊ ကဗျာတွေကို နှစ်သက်ခုံမင်စွာ ဖတ်ဖြစ်ခဲ့တယ်။ အခုကျတော့လဲ ဘလောဂ်ခြင်း ရင်းရင်းနှီးနှီး ရှိသူတွေပဲ ဖတ်ဖြစ်တယ်။
ဘယ်လောက်အထိ ဖြစ်သလဲ ဆိုရင် တပတ် တကြိမ် တင်တဲ့ သတင်းမှတ်စုတောင် ရက်စွဲတွေ မှားမှားပီး တင်နေတာလေ.. ဟဟ ၊ အဲလောက်အထိ ဘလောဂ်ကို စိတ်ဝင်စားမှု နည်းပါးနေတယ်။
နောက်ပီး လောလောဆယ် စိတ်ဝင်စားဆုံးက facebook မှာ poker ကစားခြင်း ဖြစ်တယ်။
ဆိုတော့... မမသီရီ tag ထားတာကို ကွန်မင်းနဲ့ပဲ လိုရင်း တိုရှင်း ရေးသားလိုက်ပါတယ် ...း)
ရွှင်လန်းချမ်းမြေ့ပါစေ....
တဂ်ကို ရေးထားတာ စိတ်ဝင်စားဖို့ကောင်းပြီး
ထိထိမိမိ ရှိလှပါတယ်၊ ကျေးဇူးကမ္ဘာပါ။
ကျွန်တော့် အစ်ကိုကတော့ သူက လူကောင်းမဟုတ်ဘူးဆိုတယ်....။
ကျွန်တော့်အမကတော့စိတ်သိပ်မမှန်ဘူးလို့
ဆိုတယ်....။
ကျွန်တော်တို့ကတော့......??????????
မမရေးထားတာလေးက ဖတ်လို့ကောင်းတယ်..
စိတ်မမှန်ဘူးလို့ မပြောပါနဲ့နော်..
ဒီပို့စ်လေးက ပြည့်ပြည့်စုံစုံလေးမို့ ကြိုက်တယ်...
ချစ်သောနှင်း
ချစ်မမ အူတူတူ အတတ လေးရေ၊ ရေးပေးမယ်နော် ခု တော့ ကွန်ပျူတာ နေမကောင်း ဖြစ်နေလို့ ထန စောင့်ပေးပါနော် ချစ်မ ၊ ဒီပို့ စ်ကို တဂ်ထားတာ ၂ယောက် ဖြစ်နေတယ် ကြိုးစားရေးပါ့မယ် မမ
ဝန်ခံချက်ကကောင်းသားနဲ့၊ ဘယ့်နှယ် စိတ်သိပ်မမှန်ဘူးလဲ။ ရူးမှန်းသိနေသရွေ့ မရူးသေးဘူးမှတ်။
မသီရိ လင့်ခ် ခဏငှားသွားပါတယ်။ (ပြန်မပေးတော့ဘူး)
မမသီရိရေ...
ဒီက Tag တုန်းက ရေးပေးတဲ့ ၀ါသနာပို့စ်လိုပဲ...
မမသီရိနဲ့ အတူတွဲမှတ်မိနေတော့မည့် ပို့စ်ပါ။
သနားနေမိတာက
ဘယ်သွားရမှန်းမသိ ဖြစ်နေတဲ့ ဟိုလူကြီးတွေ၊ ကျမ တကယ် သနားတာ သူတို့ ကို... မသေတော့မဲ့ အတိုင်း..
ဒါလေးကို သဘောကျတယ်။
တော်သေးတာပေါ့။ တီ သိတဲ့ လူတွေထဲမှာ
မပါလို့ ကံကောင်းသွားတယ်။
နေကောင်းလား။ အလုပ်တွေများနေတုန်းမို့
မတွေ့ရတာကြာနေပြီနော်။
အရမ်း အရမ်း ကို သတိရနေပါတယ်
ချစ်တဲ့
ငယ်ငယ်
စိတ် သိပ်မမှန်တာ... သတိထားမိတာ ကြာလှပေါ့။ မျောက်စိတ်ဆိုတာ အဲဒါမျိုးလို့ ထင်ရတာပဲ။ ဟိုသစ်ကိုင်း ခုန်... ဒီသစ်ကိုင်း ကူး... ဆိုသလိုမျိုး ဂဏှာမငြိမ် ဖြစ်တတ်တာ သဘာဝပဲလေ။
အာ... ခွေးလေး အာ.. ခွေလေး လို့ လာ အော် မနေနဲ့အုံး။ အဟား...
မမ ကိုလင်းကလည်း တက်ဂ်ထားတယ်။ ၂ယောက်ပေါင်းရေးပေးမယ်နော်။
ခုတလောမှာ..
မသီရိရဲ့ရေးလက်စ အဆုံးမသတ်ရသေးတဲ့စာတွေကို
ဖတ်ချင်ပါတယ်
ဘာတဲ့...အူတူတူအတတ တောသူအချဉ်
ကျမက စိတ်သိပ်မမှန်ဘူး...ဟုတ်လားမသီရိရေ
ရိုးသားဖြူစင်သော တောသူသာဖြစ်အံ့
စိတ်ကောင်းရှိသော အမကြီးတယောက်ဖြစ်အံ့..ဟုသာ
ထင်မိပေ၏...ထင်ပေ၏
မမသီရိဖတ်နေတဲ့ စာအုပ်တွေကို ကျွန်မလည်း ကြိုက်တယ်။ ပြန်ဖတ်ချင်တယ်။ ဘယ်မှာရှာရမှန်းမသိဘူး။
ဘယ်သွားရမှန်းမသိ ဖြစ်နေတဲ့ ဟိုလူကြီးတွေ၊ ကျမ တကယ် သနားတာ သူတို့ ကို... မသေတော့မဲ့ အတိုင်း..
ဟီး ဟီး..
ဘယ်ကလာ သူတို့သွားရမယ့်နေရာ သူတို့ သိတယ်..အလကား ဝေ့လည်ကြောင်ပတ် လုပ်နေတာ...။
ကလူသစ်လဲ စံလင်းကြိုက်သဗျ
Post a Comment