Wednesday, August 19, 2009

အိမ်အပြန်

ဆေးရောင်စုံများ ချယ်ထားသလို
ရှုပ်ထွေးပွေလိမ် လောကအိမ် ထဲ
အလည်တခေါက် သင်ရောက်ခဲ့ ပြီ...

လူ့ဘ၀နဲ့ လောကထဲမှာ
ဖြတ်ကျော်ခဲ့ရင်း.. ကျင်လည်ရင်း နဲ့
မြင်ကွင်း မျိုးစုံ ဘ၀ဘုံတွေ
သင်ကြုံခဲ့ ရ တွေ့ခဲ့ရ ပြီ....

သင့်ပတ်ဝန်းကျင် ရှုမြင် သုံးသပ်
မကျေနပ်စရာ ပြည့်ကာနေခဲ့
လောဘ.. ဒေါသ.. မောဟ တွေနဲ့
တဏှာ ဖုံးလွှမ်း အာသာ ငမ်းတက်
ကျင်လည် ကျက်စား.. ဘ၀ ကိုမေ့ထား..
စား.. နေ.. ၀တ်. ဝဲသြဃထဲ
တဝဲလည်လည်...

သံယောဇဉ် ဆိုတဲ့ နွယ်မျှင်တွေ နဲ့
ချစ်ခြင်း.. မုန်းခြင်း.. ၀န်တိုခြင်းတွေ

တွေ့ခြင်း ဆုံ ခြင်း ခွဲခွာ ခြင်းတွေ
တွယ်ငင်ရစ်ပတ် ရုန်းမရ ပဲ
ထွက်ပေါက်တွေ ပိတ် ကြိတ်မှိတ်ပြီးနေ..

လူ့ဘ၀ သက်တမ်း တကယ် တိုတယ်ဆိုတာ
သင် ကိုယ်တိုင် ပဲ .. သတိမထား.. မေ့ထားမိ ခဲ့....

ပျော်စရာ တလှည့်.. ငိုတလှည့်နဲ့
စိတ်ညစ်ငြူးလိုက် ရယ်မောလိုက်နဲ့

ဝမ်းနည်းတခါ.. ၀မ်းသာတလှည့်
ကုလားထိုင်ပေါ်တခါ တက် .. အောက်ရောက်တခါ..

စာဖွဲ့ မကုန်..လောကီ ဘုံထဲ
မိန်းမောဆဲမှာ....


အချိန်တန်ကြောင်း .. ဧည့်နှင်မောင်း.. သံ
သင် နာခံ ခိုက်....
သင့် အိမ် အမှန် သင် ပြန်ရတော့ မှာ......

ငို ရှိုက်သံများ.. သင် ကျော်လွှားလို့
သင့် ရဲ့ နောက်မှာ .. သင်ပိုင်ထင်ထား
သင့် အိုးအိမ် ယာ..ရတနာနဲ့
ရွှေထီး ရွှေ နန်း.. ရွှေ ကြငှန်း ရော..

ပါဝါ အာဏာ.. အင်ပါယာ ရော
ရွှေ ငွေ စည်းစိမ်.. ဂုဏ်ရှိန် သိန် စက်
သံယောဇဉ် ဖွဲ့ ချစ်တဲ့ သူများ....
အပြန်လမ်း မှာ.... ဘာ မှ မပါ....

တိတ်ဆိတ် ငြိမ် သက်... ထီးတည်း မဲ့ လို့..
သင် နဲ့.. သင် ပဲ .. တယောက် တည်းရယ်...
အလည်ရောက်ခဲ့ တဲ့..လောကအိမ် အပြင်ဖက်
သင်... ထွက် ..တဲ့ ..အခါ.........။


မမသီရိ
၁၀.၄.၁၉၉၀


ကျမရဲ့မှတ်တမ်းစာ အုပ် အဟောင်း တခုထဲ ပြန်တွေ့မိတဲ့ ကဗျာ တပုဒ်ပါ..။ နေ့စွဲ အရဆို နှစ်ပါင်း ၂၀ ပြည့်ပါတော့မယ်.။ အဲဒီ တုန်းက ကျမမှာ အသက် ၄၀ အရွယ် ဦးလေး ၀မ်းကွဲ တယောက် ရှိခဲ့ဖူးတယ်.. ငယ်ငယ်တုန်း ကတည်းက စာတော် တယ်၊ ရုပ်ရည် သန့်သန့်ပြန်ပြန့် စမတ် ကျကျ မို့ ကြိုက်သူ တွေ ၀ိုင်းဝိုင်းလည်နေခဲ့တယ်.. ။ ဒါပေမဲ့ ကိုယ့် ကိုယ် ကို အထင်ကြီးလွန်းတော့ အသက် ၄၀ ထိ မိန်းမ မရနိုင်သေး.. ။ ခေတ်ပြောင်းတဲ့ ကာလ တခု မှာ မြို့ နယ်တခု ရဲ့ ဒုတိယ အကြီးဆုံး အာဏာပိုင် ဖြစ်နေခဲ့တာ မို့.. သူတာဝန်ကျ ရာ မြို့ကလေးရဲ့ ဒုတိယ ဘုရင်ခံ ဆိုလဲ မမှားဘူးပြောရမှာပါ. အစ ထဲကမှ မာန ကခပ်ကြီးကြီး.. အတ္တ က ခပ်ကြီး ကြီး.. တော်ရုံ လူ ..လူမထင်ရတဲ့ အထဲ..ဘ၀င်က ခပ်မြင့်မြင့် မှာ.. အကြောင်းသင့် လို့ အာဏာ က လက်ထဲ အလိုလို ရောက်လာတော့.. ဘေးနားမှာ ခစား သူတွေ ၀ိုင်းဝိုင်းလည် ပြီး.. ကျမ ရဲ့ ဦးလေး ငယ်တယောက် က တကဲ့ ဘုရင်ခံ ကလေး လို ဖြစ်ခဲ့တာပေါ့..။

ဆွေမျိုးတွေထဲမှာ တူတွေ တူမတွေ အရင်း ရော ၀မ်းကွဲတွေ ၁၀ ယောက် ကြားထဲ မှာ.. ရုပ်ဆိုး ပေမဲ့.. ခင်မင် နှစ်လိုဖွယ်ရာ.. သွက်သွက်လက်လက် ချက်ချက်ချာချာ ရှိတဲ့ ဟိုစပ်စပ် ဒီစပ်စပ် ရုပ်ဆိုးဆိုး ဒီ တူမလေး ကို သူ အတော် ချစ်ပါတယ်..။ အသက် ငယ်ငယ် နဲ့ သူနဲ့ စာဖတ် ဖက်.. ဆွေးနွေးဖက် .. ရတာ ကိုး...

အပေါ် က ကဗျာ က အသက် ၄၀ ပြည့်ခါနီးလေးမှာ မှ ရီးစား ထားဖို့ သတိရတဲ့ ဦးလေး ကို သူ့ ရဲ့ အသက် ၄၀ ပြည့် မွေးနေ့ အတွက် ကျမပေးခဲ့တဲ့ မွေးနေ့ လက်ဆောင် ကဗျာလေး ပါ.. ဒီကဗျာ ရေးတုန်းက အဲဒီ ဦးလေး ကို ကျမ မျက်စိစပါးမွေး စူးခဲ့တာ လဲ အမှန်.. သူကတော့ တာဝန် အရလို့ ပြောပေမဲ့.. ကျမအတွက်တော့ မနှစ်သက်ဖွယ် ရာ ကိစ္စတွေ မြင်နေရ ကြားနေရတော့ မနေနိုင် မထိုင်နိုင် အကွက် ရတုန်း ကဗျာ လက်ဆောင် ပေးခဲ့မိတာပေါ့... သူ့ ခမျာ ၀မ်းသာ အားရ မွေးနေ့ လက်ဆောင် ကဗျာ ဆို လို့ ဖတ်လဲ ပြီးရော.. မုန့်ဖိုး မရတဲ့ အပြင် .. မျက်နှာတွေ နီရဲ ပြီး.. ကျမ ကို ထရိုက်တော့ မလို ဖြစ်ခဲ့ တာ ခု ထိ မြင်ယောင်နေပါသေး တယ်.....

မနေ့ ကတော့ စာရွက်ဟောင်းတွေ စာအုပ်ဟောင်းတွေ ပြန်လှန် လှော ရင်း ဒီကဗျာလေး တွေ တော့.. ကျမရဲ့ ဘဘကြီး၊ ဘဘလေး၊ ဘဘလတ် နဲ့ .... (.....) တွေ အတွက် လက်ဆောင်ပေး ဖတ်စေချင်တဲ့ စိတ်ကလေး ပေါ်လာလို့..

အင်းး... ဘဘကြီး တို့ ကျမ ကို နရင်းပိတ်တီးချင်စိတ်တော့ မပေါ်လောက်ပါဘူး နော့........။


(ဒီကဗျာ လက်ဆောင်ရခဲ့တဲ့ ဦးလေး က လွန်ခဲ့တဲ့ ၈ နှစ်လောက်က ကချင်ပြည် နယ် တနေရာမှာ တာဝန်ထမ်းဆောင်နေတုန်း ကွယ်လွန်ခဲ့ပါ ပြီ)

အာလုံးကို ချစ်ခင်လေးစားတဲ့

မမသီရိ

7 comments:

Unknown said...

မမသီရိရေ..

ရုပ်ဆိုး ပေမဲ့.. ခင်မင် နှစ်လိုဖွယ်ရာ.. သွက်သွက်လက်လက် ချက်ချက်ချာချာ ရှိတဲ့ ဟိုစပ်စပ် ဒီစပ်စပ် ရုပ်ဆိုးဆိုး ဒီ တူမလေး .....
မယုံဘူး ဓါတ်ပုံပြ.... :) :) :)

ကဗျာလေးက သံဝေဂ ပညာပေး ကဗျာလေးပဲ... :) :) :)
သတိထားနော်.... ၀ဋ်လည်မယ်... :) :) :)

၁၉ နှစ်ကျော်ပြီပဲ...
ဒီကဗျာလေးကို သူမကြားနိုင် ပြန်မဖတ်နိုင် မသိနိုင်တော့ဘူးနော်....
ထပ်တူကြေကွဲဝမ်းနည်းမိပါတယ်...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

ကိုရင်နော်ခင်လေးငယ် said...

ဟုတ်တယ်.. ရုပ်ဆိုးတယ်ဆိုတာ မဖြစ်နိုင်..

ကဗျာ အကျအပေါက်လေးက နှစ်လိုဖွယ်ပါပဲ မကြီးရေ..

ဘဘကြီးး... အင်းးး ဘဘကြီးး...

kiki said...

မမသီရိ
ကဗျာလေးက ကောင်းလွန်းတယ် ။
ရှင်းရှင်း ရိုးရိုးလေး နဲ့  ထိရောက်တယ်လေ ။

ပေးဖတ်မယ်ဆိုတဲ့  အဲဒီင်္ ဘဘကြီး/လတ်/ငယ် တို့ တတွေ နားလည်နိုင်ပါ့မလား လို့  ။ သူတို့ မှာ နားလည်လောက်တဲ့ အတွေးအခေါ် ။ ခံစားတတ်တဲ့ အသည်းနှလုံး ရှိပါ့မလား လို့ နော် ...
သံဝေဂ တရား ရတတ်မဲ့ သူတွေမှ ဟုတ်ပါ့မလား လို့  နော်...

ခင်မင်စွာဖြင့်
ကိကီ

မြစ်ကျိုးအင်း said...

ကျွန်တော်လည်းဖတ်နေရင်းကဗျာပြီးခါနီးမှာ ဘဘကြီး တွေကို ဒီကဗျာပေးဖတ်ရမှာ တွေးနေတုန်း မမသီရိရဲ့ မှတ်ချက်လေးတွေ့တော့ ပြုံးမိသေးတယ်....။

သူတို့လည်းကံကောင်းကြတယ်နော် လူတွေကနေ့တိုင်း သူတို့အကြောင်းပဲ ပြောနေကြရတယ်...။

ခက်တာက သိကြားမင်းဆင်းပြီးတရာချရင်တောင် ရမယ်မထင်ဘူး...။

ကဗျာလေးကတော့ လူ့ဘ၀ရဲ့ဇာတ်ခုံကို ပြည့်စုံနိင်သလောက် ချယ်မှုန်းထားတာပါလား...။

Anonymous said...

ဟိုက်.. အနော့် မွေးသက္ကရာဇ်ပါလား ကဗျာရေးနှစ်က။

Yu Ya said...

အော်... မမသီရိရ နဂိုကတည်းက ဇရှိတာကိုး။ ကဗျာလေးကို သဘောကျတယ်အစ်မရေ...

yu ya

ဆောင်းယွန်းလ said...

အချိန်တန်တော့လည်း အားလုံးအိမ်ပြန်ကြရစမြဲ...

သံဝေဂတရားတွေကိုပေးတဲ့ကဗျာလေးတပုဒ်ပါပဲမသီရိ
ရေ....
ဒရင်မှုတ်အကြောင်းကိုလည်း သတိတရရှိနေမှာပါ....

ခင်တဲ့