Monday, June 29, 2009

ကျွန်မနဲ့ အင်္ဂလိပ်စာ

ဒီအကြောင်းအရာလေးက ကျမခေါင်းထဲ ရောက်ခဲ့တာတော့ အတော်ကြာပါပြီ။ ခုတလော အလုပ်ရှုပ်၊ ခေါင်းရှုပ် နဲ့မို့ စာရေးရတာ ခက်ခဲပါတယ်။ စာရေးရတဲ့ ကြိုးပမ်း အားထုတ်မှုက ကျမအတွက် ကဗျာရေးရတာနဲ့ စာရင် ပိုမို ခက်ခဲသလို ခံစားရပါတယ်။ ကဗျာကျတော့ ရင်ထဲ ခံစားလာရတဲ့ အချိန်၊ ကာရံတွေ ခေါင်းထဲ ပေါ်လာတဲ့ အချိန် ဘယ်နား ဖြစ်ဖြစ် စာရွက်ပိုင်းလေးနဲ့ ခဲတံ တချောင်းရရင် ချရေးထားလို့ ရတာမျိုးမို့ အခက်အခဲ မရှိလှပေမဲ့ စာရေးမဲ့ အလုပ်ကျတော့ (ကိုယ် မကျွမ်းကျင်တာ.. အဖြစ်မရှိတာလဲ ပါမှာပါ..း) .. ကွန်ပျူတာရှေ့ ရောက်မှပဲ ရေးလို့ရတော့မလိုလို .. နားအေးပါးအေးရှိမှပဲ ရေးလို့ရမလိုလို.. စာရွက်ပေါ် ချရေးရတာပဲ .. အဆင်မပြေချင် သလိုလို..း) (ကညစ်နဲ့ရေးခဲ့ရတဲ့ ဆရာကြီး၊ ဆရာမကြီးတွေ ဒီစာ ဖတ်မိ ရင် ကျမကို ရရာ ဆွဲ ကောက်ထုချင်စိတ် ပေါ်မှာ အမှန်..း) ..
ဒီလိုနဲ့ ကျမရဲ့ ဘလော့ဂ်လေးမှာ ကဗျာအရေအတွက်က တခြားအကြောင်းအရာတွေနဲ့နှိုင်းစာရင် ပိုများလာ နေတော့တာ..။ ခု ဒီစာကိုတော့ ရွာသားလေးရဲ့ အမှောင်ခွင်း၍ အလင်းဆောင်အံ့ ဆိုတဲ့ ပို့စ်လေး ဖတ်ပြီး ကဲ ..ဒီတခါ တော့ ရေးပြီကွ လို့ .. အားတင်း ရေးလိုက်တာပါ။ သူ့ပို့စ်လေးက စာကြည့်တိုက်အကြောင်း ဦးတည်ရေးထားတာပေမဲ့ အဲဒီပို့စ်ရဲ့ တနေရာမှာ မလေးသွားပြီး အလုပ်လုပ်မဲ့ ကလေးတွေရဲ့ ဘာသာစကား အားနည်းချက် ကို ထည့်သွင်းရေးပြ ထားပါတယ်။ ခု ကျမရေးထားတဲ့ အကြောင်းအရာတွေ က ကျမရဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေးပါ။ ဘာသာစကား အားနည်းနေတဲ့ လူငယ်တွေ .. ဘာသာစကား တခု ဘယ်လို လေ့လာရမလဲ လို့ လမ်းစ မတွေ့ နိုင်သေးသူ လူငယ်လေးတွေ အတွက် ရည်ရွယ်ပါတယ်။
....
ကျမတို့ ငယ်ငယ်တုန်းက အေ ဘီ စီ ဒီ အဆင့် အင်္ဂလိပ်စာကို ၅ တန်းရောက်မှသင်ရတာပါ.. ကျမရဲ့ ဘိုးဘိုး မကြာခဏ ပြောခဲ့သလို ကျမတို့တွေ ခေတ်ပျက်ကြီးထဲ လူဖြစ်လာခဲ့တယ် ပြောရမယ် ထင်ပါရဲ့.. အဲဒီတုန်းကပညာရေးစံနစ်က အတော့်ကို ကျေနပ်စရာကောင်းတဲ့ အနေအထားမှာမရှိခဲ့ပါဘူး။ ကျမနေခဲ့ရတာက တောကျောင်းလေး ဆိုတော့ ပို ဆိုးပါတယ်။ ဆရာတွေ ဆရာမတွေ စေတနာထားပြသပေမဲ့ ပါလီမန်ဒီမိုကရေစီစံနစ်ကြီး မကြိုက်တာနဲ့ အင်္ဂလိပ်စာ ကိုပါ မုန်းခဲ့ကြပြီး မြန်မာစာသည် တို့စာ - မြန်မာစကား သည်တို့စကား ဆိုတဲ့ဆောင်ပုဒ်ကြီး ကို လက်မလွှတ်ချင်ခဲ့သေးတာကြောင့် စံနစ်ကိုက အဆင့် သိပ်မရှိတာမျိုးမှာ၊ ဆရာ ဆရာမ မလုံလောက်တဲ့ အားနည်းချက်ပါ ထပ်ပြီး ဖြည့်စွက်လိုက်တော့ ကျမတို့ရဲ့ အင်္ဂလိပ်စာ အဆင့်က တကယ့် ဘုရားစူး အင်္ဂလိပ်စာ။ အဲဒီ ကံဆိုးသူတွေရဲ့ကြားထဲမှာ ကျမ ကတော့ နဲနဲ မဆိုးလှဘူးပြောရမှာပါ.. ကျမ အဖေက မြန်မာစာ မတတ်ပေမဲ့ အင်္ဂလိပ်လို ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်မို့လို့ ကျမ ကျတော့ အလယ်တန်းဆင့် မရောက်ခင်ထဲက နဲနဲပါပါးတော့ ယဉ်ပါးနေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါကလဲ အနူတောက လူချောအဆင့်ပါ.။ တကယ့်ထိထိရောက်ရောက်မဟုတ်ခဲ့။ ကျမ ခုထိ မှတ်မိနေသေးတယ်.. အဲဒီတုန်း verb forms, word forms တွေ ကို ဦးစားပေးပြီးသင်တော့ short question, long question တွေက အားနည်းပါတယ်.. ကျမ က အင်္ဂလိပ်စာ ဝေါဟာရနဲ့ စာလုံးပေါင်းက အင်မတန်ညံ့တဲ့သူ. စာကျက်ကလဲ အတော့ကို ပျင်းတာမျိုးကိုး။ အဲဒီ အင်္ဂလိပ်စာ ကွက်လပ်ဖြည့်ပြီ ဆို ရင် ဆိုကြည့်လို့ အဆင်ပြေတဲ့စာလုံး ထည့်ပစ်လိုက်တာ adj, adv, verb, noun သိပ်စဉ်းစားနေတာ မဟုတ်ပဲ အသံထွက်ကြည့်လို့ ဆိုလို့ ကောင်းရင် ဂွပ် ဂွပ် ဆို ကောက်ရေးပစ်လိုက်တာမျိုး A. B. C Choice တွေ လုပ်ရမယ်ဆို မျက်စိမှိတ် ထည့်ပစ်လိုက်တာမျိုး..း) ။ Grammar တွေ ဘာတွေ လဲ အဲသလောက် ထိနှံ့ နှံ့ စပ်စပ် မဟုတ်ခဲ့။ ဆရာတယောက်ထဲ အတန်း ၂ ခု ၃ ခု ခွ သင်နေရတဲ့ အခြေအနေမျိုး မှာ ကျောင်းသားတွေ စာလိုက်မမီတာ အပြစ်ပြောလို့ ရအံ့မထင်။ ဒီလိုနဲ့ ၁၀ တန်း အောင်တော့ အင်္ဂလိပ်စာ အမှတ်က အများဆုံး ဖြစ်နေခဲ့သေး သရှင်..း)။ တက္ကသိုလ်ရောက်ပြန်တော့လဲ ဘာသာရပ်တိုင်းက မြန်မာ လိုပဲ ဆိုတော့ ကျမနဲ့ အင်္ဂလိပ်စာ ဟာ မိုးနဲ့ မြေပမာ ဝေးကွာနေခဲ့တာ အမှန်..။ ဒီလိုနဲ့ ကျမတို့ တက္ကသိုလ် နောက်ဆုံးနှစ်မှာ ကျောင်းတွေ နှစ်ချီ ပိတ်တာ နဲ့ တိုးတော့ ဝေးလံခေါင်သီ ကျေးလက်ဒေသ မှာ ကျောင်းဆရာမလေး ဘ၀ ကို အရှင်လတ်လတ် ရောက်ခဲ့ရပါတယ်။ ကျမရဲ့ ကျောင်းဆရာမသက်တမ်း တလျှောက်လုံးနီးပါးက ကျေးလက်ဒေသတွေ ဆီမှာပဲ ရှိခဲ့တာမို့ ခေတ်ပျက်ထဲက သာမာန် ကျောင်းဆရာမလေး တယောက်ရဲ့အင်္ဂလိပ်စာက Yes နဲ့ No တောင် အနိုင် နိုင်ရယ်။

ဒီလိုနဲ့နယ်စပ်ဒေသမြို့ငယ်လေးတမြို့ရဲ့ အထက်တန်းကျောင်းမှာ ဆရာမ အဖြစ်တာဝန်ထမ်းဆောင် နေစဉ်တုန်းမှာ သင်တန်းတခု တက်ခွင့် ကြုံ ခဲ့ပါတယ်။ မြန်မာနိုင်ငံပညာရေးသုတေသနရယ်၊ စက်မှု-စိုက်ပျိုးနဲ့ သက်မွေးပညာဦးစီ ဌာန (စက်-စိုက်-သက်) ရယ်၊ ကုလသမဂ္ဂ အေဂျင်စီတခုရယ် ပူးပေါင်းဖွင့်လှစ်တဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် ထောက်ကူပြု သက်မွေးပညာ ဆရာဖြစ်နည်းပြသင်တန်း မှာ တက်ရောက်ခွင့်ရခဲ့တာပါ။ အဲဒီတုန်းက သင်တန်းရဲ့ ကြီးကြပ်ရေးမှူးကြီးက မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ညွှန်ကြားရေးမှူး (ထိုစဉ်က)၊ ပညာတန်ဆောင်အဖွဲ့ ဥက္ကဌ ဆရာကြီး ဦးမြင့်ဟန်ပါ (ခုတော့ဆရာကြီးက ညွှန်ကြားရေးမှူးချုပ် ဘ၀နဲ့ အငြိမ်းစားယူသွားပြီလို့ သိရပါတယ်) ။ ဆရာကြီးဆီက နိုင်ငံခြားပညာတော်သင် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အများကြီး လေ့လာခွင့် ရခဲ့ပါတယ်။ သင်တန်းထဲမှာလဲ ဟိုစပ်စပ် ဒီစပ်စပ် နေရာတကာ ပါလေရာ နဲ့ ဟောင်ဖွာဖွာ လုပ်တတ်သူကျမကို ဆရာကြီးက ရက်တိုတို အတွင်းမှာပဲ မျက်မှန်းတမ်းပြီး ခင်မင်ခဲ့တာမို့ ဆရာကြီး ကို ဟိုမေး ဒီမေး မေးခွန်းတွေ တောက်လျှောက်မေးနေခဲ့တဲ့ ဆရာမလျှပ်တေးလေး ကြောင့် ပညာတန်ဆောင်ရဲ့ ဆရာကြီးခမျာ သက်တောင့် သက်သာ မရှိခဲ့ရှာပါဘူး။ နိုင်ငံခြားပညာတော်သင် အတွက် အဓိက လိုအပ်တာက အင်္ဂလိပ်စာ မို့လို့ ပညာတော်သင် သွားချင်ရင် အင်္ဂလိပ်စာ ကောင်းနေရမယ် လို့ ဆရာကြီးက ပြောပါတယ်။ ဆိုတော့ ခေတ်ပျက်ထဲ ကျောင်းသားဖြစ်ခဲ့ရတဲ့အပြင်၊ တောထဲမှာ ရှိနေတာမို့ ကျမရဲ့ အင်္ဂလိပ်စာကို ဘယ်လိုတိုးတက်အောင်လုပ်ရပါ့မလဲ လို့ ဆရာကြီးကိုမေးတော့.. ဆရာကြီးက... သူငယ်တန်းကနေ လေးတန်းထိ အင်္ဂလိပ်စာ ကို ကျေရင် ရပြီတဲ့....။ (ကျမ ၅ တန်းရောက်ပြီး နောက်နှစ်ကစ လို့ မူလတန်းကစပြီး အင်္ဂလိပ်စာ စသင်နေခဲ့ရပါပြီ)။ မူလတန်းဆင့် အင်္ဂလိပ်စာကို ကျေရင် ဆရာမ Report တစောင် ကောင်းကောင်းရိုက်လို့ရပြီ.. ကျန်တဲ့ ကိစ္စက တော့ သူ့ဖာသာ သူ ဖြစ်လာလိမ့်မယ် လို့ ဆရာကြီးက ရဲရဲ ကြီး ပြောခဲ့ပါတယ်။ အဲဒီ သင်တန်းပြီးတဲ့ နောက်ပိုင်း ဆရာကြီးရဲ့ စကားက ကျမ ခေါင်းထဲက မထွက်ခဲ့.. ဘယ်လို စ အကောင်အထည်ဖေါ်ရပါ့မလဲ လို့ အမြဲ တွေးနေခဲ့မိတယ်.. အဲဒီကာလမှာပဲ INGO ၀န်ထမ်းတယောက်က သူ့မိသားစုနဲ့ကလေးတွေကို အဲဒီမြို့လေးဆီကို ခေါ်လာခဲ့ပြီး ကျောင်းထားမှာမို့ မြန်မာစကားပြောနိုင်တဲ့ ဆရာမ တယောက်ရှာရင်းကျမဆီ ရောက်လာပါတယ်။ ကျမလဲ လက်ရှိ ရှိနေတဲ့ ၉ တန်း ၁၀ တန်း ကျူရှင်တွေ ထဲက ဖြုတ်သင့်တာ ဖြုတ်၊ တွဲသင့်တာ တွဲ ပြီး ချက်ချင်း လက်ခံခဲ့လိုက်တယ်..။ ကျမ သင်ပေးရမှာက ပထမတန်း နဲ့ တတိယတန်း..။ ကျမရဲ့ကျောင်းက လုပ်ဖေါ်ကိုင်ဖက်တွေက မျက်လုံး အပြူးသားနဲ့ ကျမ ကို ၀ိုင်းကြည့်ကြတယ်.. ၁၀ တန်း ကျူရှင် တချို့ လက်လွှတ်ပြီး ဘယ့်နှယ် ပထမတန်း သွား သင်ရတာလဲ ပေါ့..။ ကျမကတော့ ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ပြုံးပဲ ပြုံးပြ ခဲ့တယ်။ အဲဒီကလေးတွေ အဲဒီမြို့လေးမှာ နေနေခဲ့တဲ့ ၂ နှစ် မှာ ကျမ မူလတန်း အင်္ဂလိပ်စာ ကျေခဲ့ပြီ.. သာမန်တာဝန်ကျေ .. ပြီး ပြီးရော သဘောမထား ပဲ ကိုယ်တိုင် လဲ လေ့လာ လေ့ကျက်ခဲ့တာမို့ နဲနဲတော့ ဟုတ်ခဲ့ပြီ ပြောရမှာပေါ့..။ သူတို့ ပြန်သွားခဲ့တဲ့ နှစ်မှာပဲ အဲဒီနယ်စပ်မြို့လေးမှာ တာဝန်ကျနေတဲ့မာလာဝီနိုင်ငံက UNDP Coordinator တယောက်က အရွယ်ရောက်စ သူ့သမီးလေးကို HIV AIDS တွေအရမ်းခေတ်စားနေတဲ့ အဲဒီမှာ အဖေနဲ့ စိတ်မချလို့ ဆိုပြီး မြန်မာပြည်ခေါ်လာပါတယ်..။ အဲဒီ ကောင်မလေးက သူတို့ နိုင်ငံရဲ့ အလယ်တန်းဆင့်ပြီးပြီးတဲ့ ကျောင်းသူလေးပါ မြန်မာပြည်က International School မှာကျောင်းအပ်မယ် ကြံတော့ အဆင့်က မမီ ဖြစ်နေခဲ့လို့ အဲဒီ ၀င်ခွင့်အကြို သင်တန်း ပြင်ဆင်ဖို့ အတွက် ဆရာမ တယောက်လာရှာတော့ အဲဒီမြို့လေးရဲ့ အထကကျောင်းအုပ်ကြီးက ကျမ ကို ညွှန်လိုက်တာမို့ နိုင်ငံခြားသူလေးကို စာသင်ခွင့် ကျမရခဲ့ပါတယ်..။ ကျမ ကံကောင်းခဲ့တယ်ပဲ ပြောရမှာပါ..။ ကြိုးစားခဲ့တာတွေ ပင်ပန်းခံခဲ့တာတွေ က အလဟသ တော့ ဖြစ်မသွားခဲ့..။ ကျမ အတွက် လေ့ကျင့် ဖို့ နေရာတွေ အဆင်သင့် ဖြစ်နေခဲ့တာကလဲ နောက်ထပ် ကံကောင်းတဲ့ အချက် တချက်ပေါ့..။

အဲဒီနောက်ပိုင်းမှာတော့ အခါအားလျော်စွာ ရေဒီယို နားထောင်ပါတယ်၊ အင်္ဂလိပ်လိုရေးထားတွေတွေ့ရင် ကြိုးစား ဖတ်ကြည့်ပါတယ်။ အဓိက ကတော့ အလေ့အကျင့်ပါ။

တကယ်တော့ ကျမရဲ့ အင်္ဂလိပ်စာ အဆင့်က မူတန်းအဆင့်ပဲ ရှိပါတယ်။ အဲ ကြုံတုန်းလေး တခု ပြောရအုံးမယ်..။ ကျမရဲ့ ဘလော့နယ်နမိတ်ထဲက ကျမသွားလည်နေကျ ဘလော့ဂါတွေထဲမှာ သူတို့ရဲ့ ပို့စ်ခေါင်းစဉ်တွေကို အင်္ဂလိပ်လိုပဲပေးတတ်ကြတဲ့ထူးထူးခြားခြားဘလော့ဂါ ၂ ယောက်ရှိပါတယ်။ မခင်ဦးမေနဲ့ ကိုဂျူလိုင်အိပ်မက် ပါ။ ကိုဂျူလိုင်လေးနဲ့ ကျမ စခင်ကြတော့ သူက သူ့ပို့စ်လေးတွေ မတင်မီတိုင်း.. အမ.ရေ ဘာခေါင်းစဉ်လေးပေးရရင် ကောင်းမလဲ.. ဟို စာလုံးလေးရဲ့ အဓိပါယ်က ဘာလဲ.. အဲဒါကို ဘယ်လိုခေါ်သလဲ စသဖြင့် မေးခွန်းလေးတွေ မေးလာတယ်.. ကျမ သူ့ ကိုရှင်းပြပါတယ်.. မောင်လေးရေ အမ အင်္ဂလိပ်စာ က မူလတန်း အဆင့်ပဲ ရှိတာနော် လို့.. ဒါပေမဲ့ သူက မေးနေခဲ့တာပါပဲ..(တကယ်ပဲ မေးချင်တာလား အမြင်ကပ်ပုဒ်မနဲ့ ပညာလာစမ်းတာလားတော့မသိ..း) ကျမမယ် သူမေးလာရင် ဘေးနားက အဘိဓါန် စာအုပ်ကြီး ပြေးလှန်ရ.. လုပ်လက်စ အလုပ်တွေ ရပ်ပြီး စဉ်းစားရ နဲ့... နောက်ဆုံးတော့.. ကျမရဲ့ တချိန်တုန်းကဒုက္ခတခု တင်ပြီးတဲ့ နောက်ပိုင်းကျမှ ဘာမှ မေးမလာတော့ တာ..း)..။ သူ့အမ အရည်အချင်း သိသွားခဲ့တာကိုး..း)။ Laughing နဲ့ Loving ကို တောင် နားရည်မလည်နိုင်ခဲ့တဲ့ ကျမဘ၀ .. အဲဒီမှာ သူ အသေအချာ သိသွားတော့တာလေ..း)။

ကဲ. ကျမနဲ့ အင်္ဂလိပ်စာ အကြောင်းပြန်ကောက်ရရင်.. ဘာပဲပြောပြော ခုနေခါမတော့.. ကျမ နဲ့ ဆုံဖူးတဲ့ နိုင်ငံခြားသားတိုင်းနီးပါးက မင်း အင်္ဂလိပ်စာ ဘယ်မှာ လေ့လာခဲ့တာလဲ လို့မေးတာမျိုးခံရတဲ့ အပြင်.. ကျမရဲ့ လုပ်ငန်းတွေ အတွက် လစဉ်၊ နှစ်စဉ် အစီရင်ခံစာတွေ.. လုပ်ငန်း အစီအစဉ်တွေ နဲ့ လုပ်ငန်း အဆိုပြုလွှာတွေ ကို နိုင်ငံခြားသား အရာရှိတွေ၊ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ နားလည်အောင် ရေးနိုင်တဲ့၊ ရှင်းပြနိုင်တဲ့၊ ဆွေးနွေး နိုင်တဲ့ အနေအထား တခု ကို ရောက်နေခဲ့ပါပြီ။

ကျမ..အင်္ဂလိပ်စာ နဲ့ ပတ်သက်လို့ ဘာသင်တန်းမှ မတက်ဖူးပါဘူး..။ ကျမဘ၀ရဲ့ ကာလ အတော်များများ က ကျေးလက်ဒေသတွေ ဆီမှာပဲ ကုန်လွန်ခဲ့ရတာပါ.။ ဒါပေမဲ့ မူလတန်းဆင့် အင်္ဂလိပ်စာကိုပဲ အလေးအနက် လေ့လာခဲ့တဲ့ ကျေးဇူးကြောင့် ကျမ ဒီနေ့ ဒီနေရာမှာ မျက်နှာပန်း လှလှ ရှိနေခဲ့ရပါတယ်။ ကျမရဲ့ အတွေ့ အကြုံလေး ကို ကျမရဲ့ ၀န်ထမ်းလေးတွေ တပည့် တပန်းတွေ ကို တစိုက်မတ်မတ် မျှဝေခဲ့တာမို့ ခုဆက်သွယ်လို့ ရနေတဲ့ တချို့ကလေးတွေဆိုတကယ့်ကို တိုးတက်နေခဲ့တာ ကျမသိခဲ့ရပါတယ်..။ ဒီစာလေးကို ဖတ်မိသူ လူငယ်လေးတွေအတွက် အကျိုးကျေးဇူး တခုခု ရမယ် ဆိုရင် ကျမ မျှဝေရကျိုး နပ်ပါတယ်။

ကင်ညာမှာ ဂျပန်ဘာသာစကားသင်ဆရာမ သွားလုပ်ဖူးတဲ့ ကျမနဲ့ Project တခုမှာ အတူ တွဲလုပ်ဖူးတဲ့ ဂျပန်မလေးကပြောဖူး တယ်.. ဟေ့ အဂ်လိပ်စကားလောက်များကွာ.. ၅ လုံး တတ် ကမ္ဘာ ပတ်လို့ ရတယ် ကွ.. တဲ့... Hello!, Thank you., Yes., No., Good Bye!.. ပါတဲ့...း)..။ ဒါပေမဲ့ အဲဒီ စကားလုံးတွေ ကို နေရာ တကျ ပြောတတ်ဖို့ လိုတာကို တော့ သူမလေးက ထည့်မပြောခဲ့...း) တော်နေကြာ.. မင်း ငါနဲ့ လိုက်ခဲ့ မလား လို့ သဘောမကျချင်စရာ ကောင်လေး တယောက်က မေးလာတဲ့မေးခွန်း.. Yes.. သွားဖြေ မိလို့ ကတော့.... အင်း.... မတွေးရဲ စရာ...း)..း).

အဲဒီ မိတ်ဆွေမလေး ဆိုလဲ ပဲ မြန်မာပြည် ကို သူ ရောက်စတုန်းက ဆို တအိအိ တအအ တွေ နဲ့ စခဲ့တာ ပေမဲ့.. သုံး လေး လ လောက် လဲ ကြာရော.. အတော် အဆင်ပြေသွားခဲ့တာ.. သူ့ကိုလဲ ကျမ သူငယ်တန်း မြန်မာ ဖတ်စာအုပ်နဲ့ မြန်မာ ၄ တန်း အင်္ဂလိပ်စာ စာအုပ် ပေးဖတ်လိုက်တယ် လေ.....း)...း) ...ဒါပေမဲ့ သူ့ချစ်သူ ဂျပန်လေး ကျတော့ အင်္ဂလိပ်လို ရေးတဲ့ Report ကို သာမန် အင်္ဂလိပ် တယောက် ထက် ကောင်းအောင်ရေးနိုင်တဲ့အပြင် သူ့ နှစ်ပတ်လည် အစီရင်စာတွေ များ ၁ လက္မခွဲ လောက် ကို ထူ သရှင်...။

[တကယ်တော့ ကျမတို့ငယ်ငယ် တုန်းဆီကနဲ့ နှိုင်းစာရင် ဒီဖက်ခေတ်မှာ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား အပါအ၀င် နိုင်ငံရပ်ခြား ဘာသာစကားသင်ကြားမှု၊ လေ့လာမှု တွေ က အများကြီး တိုးတက်နေပါပြီ၊ စာအုပ်စာတမ်းတွေ၊ သင်တန်းတွေ ဆိုလဲ နေရာမရွေး မြင်တွေ့ နေရပြီ၊ လူငယ်တွေ ကလဲ ပိုမို မျက်စိပွင့် အမြင်ကျယ်လာကြပြီ။ စာသင်ကျောင်းတွေက သင်ရိုးညွှန်းတမ်းတွေမှာလဲ (မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ နိုင်ငံရေး နဲ့ ပတ်သက်တဲ့ အမှန်တရား မြတ်နိုးလိုစိတ်တွေ နိုးကြွစေတဲ့ စာတွေကအားနည်းနေတာ၊ သမိုင်းတချို့ကို မှေးမှိန်ဖုံးကွယ်ထားတာ၊ ကိုယ်လိုချင်တာ ကိုယ်ဆွဲရေးထားတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကိုပဲ ဖေါ်ပြပြီး အဖြစ်မှန်တချို့ကို အမှောင်ချခံထားရတာလွဲလို့.) ဘာသာစကား၊ အထွေထွေဗဟုတနဲ့ နည်းပညာတွေပိုင်းဆိုင်ရာတွေ က ကမ္ဘာကိုရင်ဘောင်တန်းနိုင်တဲ့အနေအထားမှာရှိပါတယ်။ ဒီအချက်လေးကိုတော့ ကမ္ဘာအရပ်ရပ်မှာ ရေကြည်ရာ မြက်နုရာရှာဖွေပြီး အသက်မွေး ၀မ်းကျောင်းနေတဲ့ လူငယ်တွေ၊ အဆင့်မြင့်ပညာတွေ လေ့လာသင်ယူနေတဲ့လူငယ်တွေ ပိုမို သတိထားမိကြမှာပါ။ မြန်မာပေမဲ့၊ တတိယနိုင်ငံက ပေမဲ့ အရည်အသွေး အရည်အချင်းတွေ က မညံ့ပါဘူးဆိုတာ အတော်များများ သက်သေပြနိုင်ကြပါတယ်။ ဒါပေမဲ့ အသေအချာ လေ့ကျင့်ပြုစု ပျိုးထောင်ထားတဲ့ ဆရာ ဆရာမတွေ နဲ့ ထိရောက်တဲ့ သင်ကြားနည်းစံနစ်တွေ အသုံးပြုမှုကအားနည်းနေသေးတဲ့အပြင် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှုတွေနဲ့ လိုအပ်ချက်တွေလဲ ရှိနေသေးတော့ မြန်မာ့ ပညာရေးက အားရဖွယ်ရာ မရှိသေးတာ အမှန်ပေမဲ့ ဟိုတုန်းနဲ့နှိုင်းစာရင် တော့.....။]




ဒီစာစုလေးဖြင့် မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့ မှ အငြိမ်းစားညွှန်ကြားရေးမှူး၊ ပညာတန်ဆောင် အဖွဲ့ ဥက္ကဌ ကြီး ဆရာကြီးဦးမြင့်ဟန်အား ကျေးဇူးတင်ကန်တော့လိုက်ပါတယ်။

အားလုံးကို ချစ်ခင်လေးစားတဲ့

မမသီရိ

13 comments:

Yu Ya said...

၁ ယူသွားပါတယ် အစ်မ. နောက်မှ ပြန်လာပြီး သေချာ ဖတ်မယ်။
yu ya

Yu Ya said...

Pls see my blog for H1N1 News in Myanmar.

ကောင်းကင်ပြာ said...

ချစ်မမ ညီမလေးလဲ အင်္ဂလိပ် မကောင်ဘူး မမပြောသလို ပြန်ကြိုးစားရဦးမယ်

သီဟသစ် said...

မမသီရိရေ

တကယ်ကြိုးစားခဲ့တဲ့ အကြောင်းကို ပြန်ရေးပြတာ လေးစားမိပါတယ်မမရေ

ခက်တာက ၅ တန်းမှာ အင်္ဂလိပ်စာ စသင်ခဲ့ရတယ် ဆိုတဲ့ လူတွေကို သူငယ်တန်းကတည်းက အင်္ဂလိပ်စာ သင်ခဲ့ရတဲ့ လူငယ်တွေ လိုက်မမီကြသေးသလိုပဲဗျ

ကြီုးစားတဲ့သူတွေတော့ ကြီုးစားတဲ့ အလျောက်ပေါ့ဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

Moe Cho Thinn said...

လာ မှတ်သားသွားပါတယ် မမ။
ချိုသင်းလဲ မူလတန်းစာ ပြန်ဖတ်မှပါပဲ။
မမ တော်တာတော့ ကိုယ့်အားကိုယ်ကိုးပြီး self study လုပ်လို့နေမှာပါ။ သူငယ်တန်းစာတခုတည်းကြောင့် မဟုတ်ပါဘူးလေ။

လင်းဒီပ said...

အစ်မပြောတာလေးတွေ သဘောကျတယ်..ကျွန်တော်တို့မှာ အခြေခံသင်ရိုးကောင်းတွေ English ကိုလေ့လာဖို့အတွက် ရှိပြီးသားပါ ။

ဒီဘက်ခေတ်မှာလည်း ဘာသာစကားလေ့လာမှုကတော့ မြန်မာပြည်မှာ နောက်မကျပါဘူး။ အခွင့်အရေးတွေ သင်ထောက်ကူပစ္စည်းတွေ အလွယ်တကူရနိုင်ပါတယ်။ (အစ်မပြောသလို ပိတ်ထားကတော့ တစ်ပိုင်းပေါ့လေ။)

ရန်ကုန် မန္တလေးနဲ့ မြို့ကြီးတွေမှာဆိုရင် IT နဲ့ English က လေ့လာမယ်ဆို အခွင့်အရေးတွေ အများကြီးပါ ။ လုပ်ချင်စိတ်ပဲလိုပါတယ် ။

လင်းဒီပ said...

အစ်မရဲ့ ဖြတ်သန်းမှုလေးတွေကလည်း စိတ်ဝင်စားစရာ ကောင်းတယ်ဗျ..။

ဆောင်းယွန်းလ said...

အင်း..ကျနော်နဲ့တော်တော်တူတာပဲ
မတူတာကတော့ အသက်ဖြစ်မယ်
လေးလေးစားစားဆက်ဆံမှဖြစ်မယ်..
မမသီရိရေ မရောက်ဖြစ်တာခွင့်လွှတ်ပါဗျာ

မီယာ said...

တလောက သူငယ်ချင်းတွေနဲ့ ပြန်ပြောဖြစ်ကြတာက အင်္ဂလိပ်စာသင်ခဲ့ရတာ ၁၀တန်းအထိပဲလို့။ အဲ့ဒီကနေ မတက်သေးဘူး။ အားကျတယ်မမ။ ဦးနှောက်တွေတော့ သံချေးတက်ချင်နေပါပြီ။

ThuHninSee said...

ကျေးဇူးပဲအစ်မ။ reportရေးရတာ အတော်စိတ်ညစ်နေတာ။

Nge Naing said...

ကျွန်မကတော့ ငယ်ငယ်က အလယ်တန်းအဆင့်အထိ အင်္ဂလိပ်စာ သိပ်တော်တယ်။ ကြီးလာတော့မှ အင်္ဂလိပ်စာ ညံ့သွားတယ်။ နိုင်ငံခြားရောက်တော့ ပိုဆိုးသွားတယ်။ ဘယ်လောက်ဆိုးလဲဆိုရင် အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းလို့ တက္ကသိုလ်တက်ဖို့ကိုတောင် အင်္ဂလိပ်စာ Test ဖြေရင် ပိုက်ဆံကုန်ပြီး မအောင်မှာစိုးလို့ ဘာသာစုံ ပြန်ယူပြီး High School အဆင့် ၁၂ တန်း ပညာရေးကို ပြန်တက်လိုက်တယ်။
ကျွန်မ ငယ်ငယ်ကတော့ ၄ တန်းမှာ အင်္ဂလိပ်စာ စသင်ရပါတယ်။ ကျွန်မတို့ စသင်တဲ့နှစ်မှာ သူငယ်တန်းကနေ ၄ တန်းအထိကို အခု သူငယ်တန်းမှာ သုံးနေတဲ့ Aa, Ant, Apple, Arrow နဲ့စတဲ့ Primary စာအုပ်နဲ့ပဲ စတယ်။ Reader 1 နေ ၆ တန်း စနစ်သစ် အင်္ဂလိပ်စာအထိ ကျွန်မအသင်ခဲ့ရဘူး။ ငါး တန်းနဲ့ ၆ တန်းမှာ စနစ်ဟောင်းက အင်္ဂလိပ်စာပဲ သင်ရတယ်။ ၇ တန်းမှာမှာ စနစ်သစ်က စာတွေ အကုန်လုံးသင်ရတယ်။ မမသီရိက ငါးတန်းမှာ အင်္ဂလိပ်စာ စသင်ရတယ်ဆိုတော့ ကျွန်မထက် တနှစ်စောတယ်ထင်တယ်။

lay said...

အင်္ဂလိပ်စာ အတွက် အရမ်းကို ကျေးဇူးတင်ပါတရ် မမသီရိရေ...
ပထမဆုံးအကြိမ် အလည်ရောက်လာခြင်းပါ...
ဘာလို့ မမသီရိကို အသိနောက်ကျရတာပါလိမ့်...
ကဗျာလေးတွေလည်း ကြိုက်တယ် ...ပုံမှန်လာလည်မယ် မမ...
:)

ရွာသားလေးဝိုင်တီယူ said...

ကျနော့ပို့စ်လေးကနေ ထပ်မံခံစားရေးဖွဲ့ပေးတာ ကျေးဇူးပါအမ။ ဘာသာစကားနဲ့ပတ်သတ်ရင် တကယ်တမ်းတော့ မြန်မာတွေက မညံ့လှဘူးဗျ။ တစ်လောက ကျနော်ဖုံးဆက်တော့ customer က မင်းမြန်မာမလားတဲ့ ဟမ် မင်းဘယ်လိုသိလဲဆိုတော့ မင်းတို့စကားပြောတာ တစ်ခြားလူမျိုးတွေလိုမဟုတ်ဘူးတဲ့ fluent ဖြစ်တယ် သွက်လက် ပီသတယ်တဲ့။ အင်းကော်လာစလေးတောင်ထောင်မိတယ်။ ကျနော့အတွက်မဟုတ်ပါဘူး လူမျိုးအတွက်ပါ။ အားနည်းတဲ့သူတွေလည်း ရှိတော့ရှိပါသေးတယ်။ ဒါလည်း မပြောရဲသေးတာဖြစ်မှာပါ။ ပြောနေမကျတော့ ချက်ချင်းပြောဖို့ ဆွံ့အနေတတ်တာမျိုးလေ။

နောက်ပိုင်းလူငယ်တွေကို အင်္ဂလိပ်စာပိုလုပ်ချင်မိတယ်. ကျောင်းတွေမှာ အလုပ်တွေမှာ Indian တွေက ပိုရှေ့ရောက်ကြတယ်။ သူတို့အင်္ဂလိပ်စာသိပ်ကောင်းတယ်။ အခက်အခဲမတွေ့တော့ ရှေ့ရောက်တာပေါ့ဗျာ။

အမပြောသလို အင်္ဂလိပ်စာတွေပိုမိုတတ်မြောက်ချင်ပါသေးတယ်။ ကိုယ်တိုင်က ညံ့ဖျင်းပျင်းရိလွန်းနေလို့ အင်္ဂလိပ်စာဖတ်ဖို့ ပျင်းတိုင်း ဒီပို့စ်လေးကို လာလာဖတ်ပါမယ်

ကျေးဇူးတင်ပါတယ်မမသီရိခင်ဗျား