Sunday, March 01, 2009

တချိန်တုန်းက ဒုက္ခ တစ်ခု...

ကျမဘ၀ရဲ့ ပထမဆုံး နိုင်ငံတကာဝန်ထမ်း အထက်အရာရှိက ဂျပန်နိုင်ငံ Bunka ဒီဇိုင်းကျောင်း ထွက် ဂျပန်လူမျိုး ဒီဇိုင်နာ တစ်ယောက်ပါ..၊ အများသိကြ မှတ်ကြတဲ့ အတိုင်း.. ဒီဇိုင်းလောက ထဲ ရောက်နေတဲ့ ထူးချွန်သူ ဒီဇိုင်နာ အတော်များများ ဟာ ယောင်္ကျား မကျတကျ ပြော ရမလား မသိပါဘူး..နော့..။ ကျမရဲ့ ဆရာကလဲ ဆံပင်ရှည်ရှည် ပခုံးကျော်ကျော် ဖြောင့်စင်းစင်း ကို သားရေပင်လေးနဲ့ ရှင်းရှင်းလင်းလင်းလေး စည်းထားတတ်တဲ့ ယောကျာင်္းရှပ်အကျီင်္ အ၀တ်နည်း တဲ့ လူပုံ နွဲ့နွဲ့ လူရွယ် အမျိုးသား တစ်ယောက်ပါ..။ လူပုံနွဲ့ သလောက် စိတ်ဓါတ်ကတော့ မာကျော တိကျ ပြတ်သား ပြီး အမှန်တရား ကိုတန်ဖိုးထား လွန်းလှပါတယ်.. ။ သူနဲ့ ဆက်ဆံ လက်တွဲ လုပ်ကိုင် ခဲ့ ရတဲ့ ကာလ တစ်လျှောက်လုံး..သူ့လက်အောက်မှာ လုပ်သူတွေ အတွက် အလုပ် နဲ့ ပတ်သက်လာရင်..တစ်မီလီမီတာ ကလေး ကို တောင် အလျှော့ပေးတတ်သူ မဟုတ်ပါဘူး..။ အကင်းကလဲ ပါး၊ ထက်လဲ ထက်မြက်၊ တိကျလိုက်တာဆိုလဲ အလွန်၊ စည်းကမ်း ကတော့ ဂျပန်ရယ် လို့ မပြောရတော့ဘူး...စာရွက်ပေါ် ခဲတံ နဲ့ ဆွဲတဲ့ အင်္ကျီပက်တန် ကို နျူကလီယား ဗုံး ပုံစံ ထုတ်သလား အောက်မေ့ရတဲ့ ထိ .တိကျအောင် ဆွဲ ပေးရပါတယ်.၊ သူအခန်း ထဲ ၀င်လာတာနဲ့ ရေစို အ၀တ်တွေ နဲ့ ထိုင်ခုံ ရော စားပွဲ ရော သူ ကိုယ် တိုင် သုတ်တာပါ..ကျမတို့ ဒါမှ မဟုတ် သင်တန်းသူတွေ လုပ်ပေး ထားလဲ သူက တော့ ထပ်လုပ်တာပါပဲ ၊ ကျမ ဘ၀ ရဲ့ နောက်ပိုင်းကာလတွေ ဒူပေ ဒဏ်ပေ ခံ နိုင်ရည် ရှိလာခဲ့ တာ အဲဒီ ဆရာ့ ကျေးဇူး တွေ အများကြီး ပါ ပါတယ်..။ အဲဒိဆရာ..ကျမ ရဲ့ ဆရာ...က ..စိတ်တို တာမှာလဲ..စံပါပဲ..။
အဲဒီဆရာ ရဲ့ လက်ထောက်သင်တန်းနည်းပြ အဖြစ် ကျမ အလုပ်စ ၀င်တဲ့ အချိန်တုန်း က ကျမရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှု က Yes နဲ့ No ပဲ သေချာ ပြောတတ်တဲ့ အဆင့်ပါ၊ (အဲ.. ခုလဲ ..No နဲ့ Yes အဆင့်ပဲနော်..း) ဒါပေမဲ့ ကျမရဲ့ရာဇ၀င် ပို့စ် တစ်ခု ထဲ မှာ ရေးခဲ့သလိုပါပဲ ဆရာမ ဘ၀ က လာခဲ့ သူဆိုတော့..အဲဒီမှာ လဲ ဆရာမ ပါပဲ ဆိုပါတော့..း)..။ ကျမနဲ့ အတူ ရာထူးတူ ၀န်ထမ်း (၄) ယောက် တစ်ပြိုင်တည်း ခန့်တဲ့ အထဲ အင်္ဂလိပ်စကား နဲ့ ပတ်သက်လာရင်..ကျမ က အနူတော မှာ လူချော (အဲဒီ yes & no နဲ့ တင်နော်..း) ဖြစ်နေခဲ့တော့ အလုပ် စ၀င်တဲ့ နေ့မှာပဲ ဆရာ့ ရဲ့ စကားပြန် ဘ၀ ရောက်ခဲ့ ရပါတော့ တယ်..(ကုသိုလ်ကံ အကျိုးပေးကို က အဲသလို ပါ...ရာထူးလဲ တူ..လစာလဲ တူ..ဒါပေမဲ့ အလုပ် တော့ အမြဲ ပို လုပ်ရတာ ကျမ ရဲ့ ဘ၀ပေး ကုသိုလ်ကံ ပါ..)..။
ကျမတို့ လုပ်ရတဲ့ အလုပ်က မြန်မာနိုင်ငံထဲ မှာ ရှိနေတဲ့ လူမျိုးစု တချို့ အတွက် ပြန်လည် ထူထောင်ရေးနဲ့ ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းတွေ လုပ် ပေးတဲ့ နိုင်ငံတကာ NGO မှာပါ။ ဒေသခံအမျိုး သမီးတွေ အတွက် သက်မွေးပညာ သင်တန်းတွေ နဲ့ ၀င်ငွေ တိုးလုပ်ငန်းတွေ လုပ်နိုင်ဘို့ အတွက် စတင်ခဲ့ တဲ့ စီမံချက် တစ်ခု ဖြစ်ပြီး၊ ကျမတို့ က ဆရာဖြစ် သင်တန်း တစ်ခု ရဲ့ လက်ထောက် နည်းပြတွေ ပါ၊ သင်တန်း မှာ လူမျိုးစု ၂ ခု ၃ ခု လောက် က သင်တန်းသူ ၂၀ ရှိပါတယ်..။ နေ့လည် ၁ နာရီနောက်ပိုင်း မှာ နောက်နေ့ ဘာတွေ သင်ကြား ပြသရမယ် ဆိုတာကို ဆရာက ကျမတို့ကို ကြို သင်ပေး၊ ပြင်ဆင်ပေး ပြီးတော့..နောက်နေ့ မနက် သင်တန်း သူတွေ ကို ဆရာ ပို့ ချတဲ့အချိန် ကျမတို့ ကဘေးက ပံ့ပိုးပေးရပါ တယ် ..၊ ကျမ ကျတော့ အားလုံးအတွက် ဘာသာပြန်ပေးရ တဲ့ အလုပ် တခု ပိုလုပ်ပေးရပါတယ်...။
အဲဒီမြို့လေး ကို ကျမ တစ်ယောက် ကျောင်းဆရာမ အဖြစ် တာဝန်ကျခဲ့ ပြီး..အချိန်အတော်ကြာ လုပ်ခဲ့ပြီးမှ ဒီအလုပ်ထဲကို ရောက်လာတာ ဆိုတော့..သင်တန်းသူတွေထဲ ကျောင်းတုန်းက တပည့် ဖြစ်ခဲ့ သူတွေ အတော်များများ ပါပါ တယ်။ ကျန်တဲ့ သူတွေ ကလဲ..ကျမ ကို ဆရာမ မှန်း သိထားကြသူတွေချည်း ဆိုတော့..အားလုံးကကျမရဲ့ နှစ်ထပ်ကွမ်း တပည့်တွေ လို့ ပြောလဲ မှား မယ် မထင်ပါဘူး..။ တပည့်မလေးတွေ ကလဲ..ကျောင်းတုန်းက သူတို့ ဆရာမ..ဒီမှာလဲ ဆရာမ ..ပြီးတော့.. လက်ထောက်နည်းပြ ၄ ယောက်ထဲမှာမှ .. ကျမ က ဆရာ့ စကားပြန်ဆိုတော့..ပို အထင်ကြီး ကြသပေါ့ နော့...း)..။
တနေ့ မနက်...စာသင်ခန်း သန့်ရှင်းရေး လုပ်ကြပြီး..သင်တန်း စဖို့ အားလုးံ ပြင်ဆင်ပြီးကြ ချိန် ..ထုံးစံ အတိုင်း ဆရာ ၀င်လာပါတယ်..။ မျက်နှာ ကတော့ ခါတိုင်းလို သိပ် မရွှင်ပြ လှ..။ အဲဒီနေ့ မှာ ပဲ ကျမရဲ့ ဆရာ က ..ယောင်္ကျား မဆန်လွန်းတဲ့ (အမျိုး သမီးဝတ်နီပါး) အင်္ကျီ ဒီဇိုင်း တစ်မျိုး ၀တ်လာ တဲ့ အပြင်..ဖိနပ်ကလဲ လေဒီ ရှူး လို ပုံစံမျိုး ..စီးလာပါတယ်..။ မြို့လေးက တောမြို့လေး၊ နယ်မြို့ လေး ဆိုတော့ ..အစ တုန်းကမှ.. ဆရာ့ ကို အချောက် (ဆရာရေ..ကန်တော့ပါ) လို့ စွပ်စွဲပြီးပြုံး ချင်နေကြတဲ့ အသိုင်းအ၀ိုင်း ကြားမှာ ..ဒီပုံစံ နဲ့ ၀င်လာတော့..သင်တန်းသူတွေ အားလုံး..ပြုံးစိစိ ဖြစ်ကုန်ကြပါ တယ်..။ ဒါပေမဲ့ အားလုံးက ဆရာ့ ကိုကြောက်ကြတော့..ပြုံး ရုံ ထက် မပို ရဲ ကြ ။ ဆရာ့ ကြည့်ရတာ လဲ..တစ်ခုခု ပြောချင် နေသလို မျိုး..။ ဒါနဲ့ ကျမတို့လဲ.. အဲဒီနေ့ သင်ရမဲ့ သင်ခန်းစာတွေ စသင်ဖို့ သင်တန်းသူ တွေ ကို ပြောနေတုန်း...ကျမတို့ ဆရာ..ဘယ်လိုမှ အောင့်အီး သီးခံ နိုင်ပုံ မရတော့ပဲ..ကျမကို စကား တခွန်း လှမ်းမေး ပါတယ်...။ အားလုံး မယဉ်ကျေး သလို ဖြစ်ခဲ့ ရင် ကန်တော့ပါနော်.... ကမြင်းမသား ..ဆိုတာ ဘာလဲ တဲ့..(သူ သုံး ခဲ့တာ အမှန်တော့ အဲဒီ အသုံး မဟုတ်ပါဘူး.. သူမေးတုန်းက အဲဒီဒေသ မှာ ဆဲတဲ့ စကားတစ်လုံးပါ.. ကျမ အနီးစပ်ဆုံး မြန်မာ ဘာသာ နဲ့ ပြန်လိုက် တာပါ) ..။
ပထမ တော့ ကျမ လုံးဝ နားမလည်ပါဘူး.. ဆရာ့လေသံကဂျပန်လို ၀ဲရတဲ့ အထဲ...အဲဒီဒေသခံ ဘာသာနဲ့ ဆဲတဲ့ စကားလုံးက လဲ ကျမနဲ့ အကျွမ်း တ၀င် မရှိလှ။ ကျမလဲ နောက်တစ်ခါ ထပ်မေးရတာပေါ့..။ ဆရာက နောက်တစ်ခေါက် ထပ်ပြန်ပြောတယ်...ကျမ နားမလည်သေး... ဆရာ့ တတိယ တစ်ခွန်းကျတော့ အသံ ကအတော်လေးကျယ်ခဲ့ ပြီ..။ ကျမထက် အရင်..သင်တန်းသူတွေ သဘောပေါက် နားလည်ပြီး..ဆရာနဲ့ ကျမကို ကြည့်..ရယ်ကြပါတော့တယ်..အစထဲ ကမှ ဆရာ့ပုံစံ ကြည့်ပြီး ရီချင်နေကြသူတွေ ..ခုတော့ အကွက် တစ်ခါတည်း တန်း ၀င်တော့တာ ကိုး...။
ဆရာ စပြီး မျက်နှာ ပျက်ပါပြီ..စိတ်တိုစ ပြု ပါပြီ..ကြောင်အမ်းနေတဲ့ ကျမကို..နောက်တစ်ခွန်း လှမ်းမေးပါတယ်..
What are they laughing?
They are laughing me? ဖြစ်မှာပါ.။
ကျမနား ထဲ ကြားတာက..
What are they loving? They are loving me? တဲ့.....။
ဆိုတော့ ... ကျမ ဘာပြန်ဖြေရ ပါ့မလဲ..။ ကျမ အိုးတိုး အတ ဖြစ်လေ...ဆရာက ဒေါသ ပိုထွက်လေ..သင်တန်းသူ တွေ က ရီတာ အတော မသတ်နိုင်လေ...နဲ့...ဒီလောက် ကိုယ့်ကို အထင်ကြီးနေတဲ့ တပည့်တွေ ရှေ့..ပထမ ပြောတာလဲ နားမလည်...နောက်မေးတာတွေ လဲ ပြန်မဖြေနိုင်တဲ့ ကျမ အဖြစ်...။.ဆရာ့မျက်နှာလဲ.. နီရဲ ဒေါသ တွေ နဲ့...ကျမ တကိုယ်လုံးလဲ ချွေးစေး ပြန်..နားရွက်တွေ နီရဲ ပြီး..အဲဒီနားက အငွေ့ ပျံ ထွက်ပြေးသွား ချင် စိတ်ပေါက်နေခဲ့ ရပါ တယ်...ဒုက္ခ..ဒုက္ခ...။
..............................................................................
ဖြစ်ရပ်မှန် ဇာတ်လမ်းရဲ့ ပင်ရင်း ကတော့.. နိုင်ငံခြားသားတွေ ချည်း နေတဲ့..Staff House မှာ ဆရာ့လိုပဲ တခြား နိုင်ငံခြားသား ၀န်ထမ်း အမျိုးသမီးရော အမျိုးသားပါ ၆ ယောက် ရှိပါတယ်..။ အဲဒီထဲ မှာ ဟိုမရောက် ဒီမရောက် ကျမတို့ ဆရာ က နေရာတကာ စေ့စပ်လွန်း၊ သေချာလွန်း၊ တိကျလွန်း တဲ့ အပြင် အသန့် လဲ ကြိုက်လွန်း လှတာမို့..အဲဒီက အစောင့် ၀န်ထမ်းတွေ.၊ ထမင်းချက် နဲ့ သန့်ရှင်းရေး လုပ်သူတွေ ပါ ဆရာ့ ကိုကြောက်ကြပါတယ်..(သူတို့ ဂျပန် အချင်းချင်းတောင် ဆရာ့ ရဲ့ တိကျ ပြတ်သားမှုကို ကြောက်ကြရတာကိုး) ။ အဲဒီဝန်ထမ်းတွေ ထဲ မှာ..ထမင်းချက် အမျိုးသမီးကတော့..နောက် ဆီနီယာ ဂျပန်အမျိုးသား တစ်ယောက်ရဲ့ မျက်နှာသာပေးခြင်း ကိုခံရတာမို့ နဲနဲ လောက် မြောက်ကြွမြောက်ကြွ နိုင်ပါ သတဲ့ ၊ သူ အချိုး မပြေတဲ့ ကိစ္စ တွေ ဆရာ့မျက်စိ နဲ့ တည့်တည့် တိုး တဲ့ အချိန် ဆရာက ပြောတတ်တော့.. ဆရာ့ ကို သိပ်မကြည်ချင် ဘူးဆိုပါတော့..။ တနေ့ အဲဒီ အမျိုးသမီး အချိုး မပြေတာတစ်ခု ဆရာ ..ပြောလိုက်တော့..ရှေ့မှာဘာမှ မပြောပေမဲ့..စိတ်ထဲတော့ ရှိနေခဲ့မှာပေါ့..လှည့်ထွက်ပြီး..မီးဖို ခန်း ထဲ ၀င်သွား ချိန် ..ဆရာကလဲ..ကိစ္စ တစ်ခု နဲ့ နောက် က ပါသွား ချိန်..ဆရာ ရှိနေမှန်း မသိပဲ..ထမင်းချက် အမျိုးသမီး က ..ရင်ဖွင့် လိုက် တာပါ.. တစ်တစ်ခွခွ ကြီး ပေါ့နော်..။ ဆရာ က သူ့ ကို ပြောမှန်း အရိပ်အခြေ ကြည့် နားလည်တော့ အဲဒီ စကားလုံး..သူ့မှတ်စု စာအုပ်မှာ မှတ်ပြီး..ရုံး ကို ရောက်တော့ ကျမကို မေးခဲ့တာပါ...။
...........................................................................
အစထဲက ..အိမ်က မကြည်မလင် ဖြစ်လာရတဲ့အထဲ..ကျမ ရဲ့ ယောင်နန အမူ အယာ..၊ သင်တန်းသူတွေရဲ့ ရီမောသံ ကြား..ဆရာ့ ဒေါသ အိုးတွေ ကွဲ ခဲ့ တာ..ခုပြန်တွေး ကြည့်လိုက်တော့ လဲ..ပြုံးစရာလေး ပေမဲ့..
အဲဒီ တုန်း ကတော့.. laughing နဲ့ loving တောင် မကွဲ ခဲ့ တဲ့ ကျမ အဖြစ်ပါ.....။
...................................................
ဒီပို့စ်လေး ကတော့..ကျမကို ချစ်တယ်..ချစ်တယ် ပြောပြီး ညာခိုင်းတဲ့..ညီမလေး ကောင်းကင်ပြာ ရဲ့ တောင်းဆိုမှုကြောင့်..တချိန်တုန်းက ဒုက္ခ၊ ခုတော့လဲ ဟာသ အကြောင်းအရာလေး တစ်ခုပါ။ ကျမရဲ့ ရာဇ၀င်တွေ ထဲ တစ်ခုပါပဲ၊ ညီမလေး ကောင်းကင်ပြာရေ..ဒီလောက်ဆို ကျေနပ်လိမ့်မယ် လို့ မမ ထင်ပါတယ်နော်။
အာလုံးကိုခင်မင်လေးစားတဲ့
မမသီရိ

18 comments:

ဆောင်းယွန်းလ said...

မသီရိရဲ့ တချိန်တုန်းက ဒုက္ခမသေးလှပါလားဗျာ...
ဖြစ်တတ်ပါတယ်ဗျာ...တပည့်တွေကလည်း ဂျပန်ဆရာကို ချစ်ကြတာနေမှာပေါ့...
ဒီလိုအမှားမျိုးတွေ ကြုံရတတ်လေ့ရှိပါတယ် မသီရိရေ
အမှတ်တရတွေပေါ့နော်...

ကောင်းကင်ပြာ said...

ဟိဟိ၊ဖတ်လို့ကောင်းမှကောင်း၊ loving ပါ မမသီရိ၊မမရဲ့ စာအရေးအသားတွေကို ကြိုက်လို့ tag တာပါမမ၊ ရေးပေးတာ ကျေးဇူးပါ၊

စိတ်စမ်းရေ said...

လာရောက်ရီမောသွားပါကြောင်း......း)

Phyo Maw said...

အော်ဖြစ်ရလေခြင်း...
ဟိုကလည်း အောင့်အီးလာတာကို ကြိတ်မေး..
ဒီကလည်း မကြားနဲ့တော့...

ကိုတိုး said...

မမသီရိရေ အစ်မရဲ့ တစ်ချိန်တုန်းကဒုက္ခကလည်းမသေးလှပါလားနော် လာရောက်ပြီးရယ်မောသွားပါတယ် အစ်မရေ။ ပျော်ရွှင်အဆင်ပြေပါစေခင်ဗျာ

မီယာ said...

ဘာသာပြန်ရတဲ့ တာဝန်ကလည်း မသေးပါလား... သိချင်တဲ့ စာလုံးတွေကလည်း ပြန်ပြောပြဖို့တောင် ခက်နေရင် အတော် ချွေးပြန်ရမှာပဲ

အောင်သာငယ် said...

အမှန်က They are laughing at me လို့ သူက ပြောရမှာပဲဟာ... သူမှားတာပဲ... အလုပ်ထုတ်ပစ်လိုက်ကွာ...း)

Moe Cho Thinn said...

ဟားဟား မမ ဖြစ်မှ ဖြစ်ရလေ။
ဆရာကလဲ ဆရာ၊ မမကလဲ မမပဲ။ :D

မောင်မျိုး said...

ဟီးဟီး..တကယ်ကိုဒုက္ခရောက်ခဲ့တာပဲဗျ သနားစရား) ကျနော်ကတော့ မတက်ပါဘူးဆို ဘာသာပြန်ခိုင်း( ထိုင်း) ရင် သူလည်းပြောချင်တာပြော ကိုယ်လည်းပြန်ချင်တာပြန်ပေးလိုက်တယ် ၂ ဘက်စလုံးက တစ်လုံးမှ နားမလည်တော့ သိပ်ပြဿနာမရှိ ။

မေ့သမီး said...

သမီးလည်း ဂျပန်တွေနဲ့အလုပ်လုပ်ဖူးတယ်။ ၂နှစ်ခွဲကျော်လောက်။ အရမ်းစေ့စပ်တာပဲ။ တကယ်ကို အတုယူဖို့ကောင်းတယ်။

Anonymous said...

CanadaMyanmar: အင်း ကနေဒါက တရားရုံးတရုံးမှာ လည်း ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာကို ဘာသာ ပြန် ဖို့ ကြုံခဲ့ ၇ဘူးပါတယ်

JulyDream said...

ထူးချွန်တဲ့ ဒီဇိုင်နာတွေက ဟိုမရောက် ဒီမရောက် ဆိုပဲ။ ဘုရား ဘုရား... ကျောင်းမှာ ဒီဇိုင်းချွန်ခဲ့တဲ့ သူတွေကို ပြန်ကြည့်ရအုံးမယ်။ ဒီကောင်တွေလည်း တခုခုတော့ တခုခုပဲ ဆိုရင်တော့ ဒီအဆို မှန်နေပြီ။ တော်သေးတာပေါ့။ ကျွန်တော်က ဒီဇိုင်းထုတ်တာ ပျံလန် မနေလို့။ မဟုတ်ရင် ကိုယ့်ဘာသာ ကိုယ် ပြန်လည် ဆန်းစစ်ရတော့မှာဗျ။

မသက်ဇင် said...

မမသီရိရေ--
ဗဟုသုတရပါတယ်ရှင်---
ရယ်မောရင်း--ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်--

pandora said...

ရယ်မောသွားတယ် မမသီရိရေ..

ကိုအောင်(ပျူနိုင်ငံ) said...

မမသီရိက ဟာသတွေလည်း အရေးကောင်းတယ်။

Welcome said...

တဂ်ပို့စ်လေး အားပေးသွားပါတယ်။
မေ့မရနိုင်တဲ့ တစ်ချိန်က လွဲချော်မှုလေးတွေက
ခုချိန်မှာတော့ ဟာသတစ်ပုဒ်ဖြစ်ခဲ့တာ အမှန်ပါပဲ။
ပျော်ရွှင်ချမ်းမြေ့ပါစေ

လေးစားလျက်

My Diary said...

မမရေ ဟက်ဟက်
yes နဲ့ no ကို နေရာမလွဲအောင်သုံးဦးနော်
တော်ကြာ ငါ့မမတစ်ယောက်
ဟက်ဟက်ဟက်

Kay said...

မမသီရိ- အလုပ်ထဲက.အတွေ့အကြုံလေးတွေ ဖတ်လို့ ကောင်းတယ်။ နေအုံး..ကဗျာ အသစ် ဂလိုက်ဒါပါ..ဒီမှာ ပေါင်းပြီး ကွန်မန့်သွားတယ်။း)