Wednesday, June 03, 2009

ကျမနှစ်သက်ခဲ့တဲ့ သူ့အသံ (ဆရာမောင်ဆုရှင်)

လူတယောက်ရဲ့ အသံကို နှစ်သက်စွဲလမ်းလို့ သူ့ရဲ့ အသံလွှင့်အစီအစဉ်တိုင်းကို မလွတ်တမ်းနားထောင်ခဲ့ဖူးတဲ့ ကလေးမလေးတယောက်ရှိခဲ့ဖူးပါတယ်..

ကျမတို့ငယ်ငယ်တုန်းအရွယ်က မိသားစု ဖျော်ဖြေရေး၊ လူထုဖျော်ဖြေရေး အသံလွှင့်မီဒီယာဆိုလို့ ရေဒီယိုပဲ ရှိခဲ့တာပါ။ ကျေးလက်ကရွာတွေမှာ အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ရွာကြီးမျိုးမှာတောင် ရေဒီယို ၅ လုံးပြည့်အောင်မရှိတတ်ခဲ့တာမျိုးပါ။ ကျမ ဖေဖေ တာဝန်ကျလို့ ကျမတို့ ကြီးပြင်ခဲ့တဲ့ ကျေးရွာလေးရဲ့ ရေဒီယို ပိုင်ဆိုင်သူတွေထဲမှာ ကျမတို့ မိသားစု ပါခဲ့တာမို့ ကျမတို့အိမ်က မနက်ခင်းနဲ့ ညနေခင်းတွေမှာ ရေဒီယိုလာနားထောင်သူတွေနဲ့ ဧည့်မပြတ်ခဲ့ပါဘူး။ ပြီးတော့ ဘေးပတ်ဝန်းကျင်က ကြားရအောင် အကျယ်ကြီးလဲ ဖွင့်ပေးရသေးတာ။ ကျမတို့ အိမ်ကရေဒီယိုက National Panasonic Hifi အမျိုးအစား ဓာတ်ခဲ ၆ လုံးထိုး ရေဒီယို အကြီးကြီးမို့ အဲဒီရွာလေးမှာတော့ အသံအကျယ်ဆုံး ရေဒီယိုထဲမှာ ပါခဲ့တာပေါ့။ ကျမတို့ဖေဖေကအိမ်မှာ ရေဒီယို အမြဲနားထောင်တတ်သူမို့ မှတ်မိတတ်စကတည်းက ကျမလဲ ရေဒီယိုနားထောင်ရတာ နှစ်သက်စွဲလမ်းခဲ့ပါတယ်။ အိန္ဒိယသီချင်းတွေနားထောင်ချင်ရင် အောလ်အိန္ဒယ ရေဒီယိုအစီအစဉ်၊ နောက်ဆုံး မြန်မာနဲ့ ကမ္ဘာသတင်းတွေအတွက် ဘီဘီစီ နဲ့ ဗွီအိုအေ၊ မြန်မာ့အသံ အစီအစဉ်မှာလဲ မွေးနေ့လက်ဆောင်သီချင်းတွေ၊ မင်္ဂလာလက်ဆောင်သီချင်းတွေ၊ ခေတ်ဟောင်းတေး ကာလပေါ်တေးတွေ၊ မဟာဂီတ သီချင်းကြီးတွေ၊ ရေဒီယို အသံလွှင့်ဇာတ်လမ်းတွေ စသဖြင့် နှစ်နှစ်သက်သက် နားထောင်ခဲ့ကြရတာပါ။ ဖေဖေ နယ်ကိုခရီးထွက်ရင် ရေဒီယို လိုင်းတွေရွှေဖို့ ကျမကဆရာမကြီး ပေါ့။ အဲဒီတုန်းက ကျမရဲ့ အနှစ်သက်ဆုံး အစီအစဉ်တွေကတော့ ကာလပေါ်တေး၊ ဘီဘီစီက ဒေါ်လေးခင်မြဆွေရဲ့ ငွေဗျိုင်းဖြူဆိုတဲ့အစီအစဉ်နဲ့မြန်မာ့အသံက စာရေးဆရာမောင်ဆုရှင် ဟောပြောတင်ဆက်တဲ့ သိပံပညာသိကောင်းစရာ အစီအစဉ်တွေပါ။

ဒီအစီအစဉ် ၂ ခုလုံးက အကြောင်းအရာတင်မက တင်ဆက်သူတွေရဲ့ အသံကို နှစ်သက်တာမို့ ကျမ စွဲစွဲ မြဲမြဲ နားထောင်ခဲ့တာမျိုးပါ။ ဒေါ်လေးခင်မြဆွေ ရဲ့ အသံလေးကို လဲ ဘယ်ချစ်မှန်းမသိအောင် ချစ်ခဲ့သလို ဆရာမောင်ဆုရှင်ရဲ့ အသံကို လဲ စွဲစွဲလမ်းလမ်း ဖြစ်ခဲ့တာပါ။ ဆရာ့အသံက အလွန်တရာမှ ငြိမ်းချမ်း အေးမြပြီးတော့ ဆွဲဆောင်မှုရှိလွန်းလှပါတယ်။ သူတင်ပြလိုတဲ့ အကြောင်းအရာတွေကို သူရဲ့အေးမြကြည်လင် တဲ့အသံလေးနဲ့ သူ့ရဲ့ပရိတ်သတ် ကလေးတွေ၊ လူငယ်တွေနဲ့ လူကြီးတွေကိုပါ ဆွဲဆောင် တင်ဆက်ခဲ့တာပါ။
၁၉၉၀ ကျော် နှစ်တွေထိ ဆရာ့ရဲ့ အသံလွှင့်အစီအစဉ်ကို ကျမ စဉ်ဆက်မပြတ်နားထောင်ခဲ့ပါတယ်။ အဲဒီနောက် ပိုင်းရောက်တော့မှ ဆရာ့အသံနဲ့ဝေးခဲ့တာပါ။
ဆရာ့ကို အပြင်မှာ တခါမှ မဆုံဖူး၊ မတွေ့ဖူး ပေမဲ့ ကျမစိတ်ထဲမှာတော့ ကိုယ့်ဆွေမျိုးရင်းချာတယောက်လို ခင်မင် ခဲ့မိပါတယ်။

တေဇ၊ တို့ကျောင်းသား နဲ့ တခြားမဂ္ဂဇင်းတွေမှာပါလေ့ရှိတဲ့ ဆရာ့ရဲ့ သိပံဆောင်ပါးတွေကိုလဲ မလွတ်တမ်းဖတ်ဖြစ်ခဲ့ပါတယ်။ အရွယ်လေးနဲနဲရောက်လာတော့ ဦးလေးတွေရဲ့ စာအုပ်စင်က ဆရာ့ရဲ့ ပင်လယ်ပြာနဲ့တံငါအို ဆိုတဲ့ အမျိုးသားစောပေဆုရ ဘာသာပြန်စာအုပ်ကို တမက်တမော ဖတ်ခဲ့ရတယ်။ အနိုင်မခံ ဆိုတဲ့စာအုပ်ကလဲ နှစ်သက်တဲံ စာရင်းမှာ ထိပ်ဆုံးက။ နောက်ပိုင်းထွက်တဲ့ ဆရာ့ ရဲ့ စာအုပ်တိုင်းကို မဖတ်ဖြစ်ပေမဲ့ ဖတ်မိသမျှကတော့ အနှစ်သာရတွေနဲ့ တင်ကြမ်းပြည့်နေတာမို့ ဖတ်ဖြစ်တိုင်း အမြဲကျေနပ်ခဲ့ရတာပါ။

ခုတော့ဖြင့် ကျမနှစ်သက်တဲ့စာရေးဆရာ မောင်ဆုရှင် က အသက် ၇၇ နှစ်အရွယ်မှာ ယမန်နေ့ နေ့လယ်က အဆုတ်အအေးမိ ရောဂါနဲ့ ရန်ကုန်တွင် ကွယ်လွန်သွားတဲ့အကြောင်း သတင်းတွေမှာ ဖတ်ရတာမို့ ဆွေမျိုးရင်းချာ တယောက်ဆုံးပါးသွားသလို ၀မ်းနည်းကြေကွဲ မိတဲ့အပြင်၊ မြန်မာ့စာပေလောက ရဲ့ အဖိုးတန် စာရေးဆရာတယောက် ဆုံးပါးသွားခဲ့တာမို့ ပိုမို စိတ်မကောင်း ဖြစ်မိတဲ့ အတွက် ဆရာ့ ကို ဂုဏ်ပြုတဲ့ အနေနဲက့ဒီပို့စ်လေးကို တင်ဖြစ်ပါတယ်။

ဆရာ..ကောင်းရာသုဂတိ ရောက်ပါစေ.....။

(ဆရာ့ရဲ့ အတ္တုပတိအကျဉ်းနဲ့ ဆရာ့ရဲ့စာပေတွေအကြောင်း တစုတစည်းထဲကို myanmarbookshop.com မှာ တွေ့ရလို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်)

မောင်ဆုရှင် (၁၉၃၂-2009)
၁၉၃၂ - ခုနှစ်၊ ဇန်န၀ါရီလ(၁)ရက်နေ့တွင် မြောင်းမြမြို့၌ အဖ-ဦးချစ်ဖေ၊ အမိ-ဒေါ်စိန်မြင့်တို့က မွေးဖွားသည်။ မွေးချင်း(၅)ယောက်တွင် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ဦးမျိုးသန့်ဖြစ်သည်။ ငယ်စဉ်က မြောင်းမြမြို့တွင် ပညာသင်ကြားခဲ့သည်။

၁၉၅၁ - တက္ကသိုလ်ဝင်တန်းအောင်၊ ရန်ကုန်တက္ကသိုလ်သို့ ဆက်တက်ခဲ့

၁၉၅၃ - ပြန်ကြားရေးဌာန၊ စာပေဗိမာန်တွင် စာပြုအရာရှိအဆင့်မှစ၍ တာဝန်ထမ်းဆောင်။ ကဏှာဇာလီ၊ ကာယချမ်းသာ၊ ကုဋေငါးဆယ်(ဘာသာပြန်) စသော စာအုပ်များထွက်ခဲ့။

၁၉၅၈ - ''အင်ဂျင်နီယာစွမ်းရည်'' စာအုပ်ထွက်။

၁၉၅၉ - ''ရှရီရာမာခရစ်ရှနာကိုယ်တော် အတ္ထုပ္ပတ္တိအကျဉ်း''- စာအုပ်ထွက်။

၁၉၆၁ - ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရရှိ။

၁၉၆၂ - အမေရိကန်နိုင်ငံ၊ ဆာရာကျု့စ်တက္ကသိုလ်နှင့် ဘော့စတွန်တက္ကသိုလ်တို့မှ သတင်းစာပညာ ဒီပလိုမာ နှင့် စာအုပ်ထုတ်ဝေရေးပညာ ဒီပလိုမာများရရှိခဲ့။

၁၉၆၃ - ခရစ်တော်၏ဘ၀၊ ရာမာခရစ်ရှနာကိုယ်တော်၏ အာဘော်၊ အနိုင်မခံ(ဘာသာပြန်)၊ အသက်ရှည်ရာ အနာမဲ့ ကြောင်း(ဘာသာပြန်) စသော စာအုပ်များထွက်။

၁၉၆၇ - တီထွင်မှုများသမိုင်း(ပ၊ဒု)ထွက်၊ (ယင်းစာအုပ်ဖြင့် အမျိုးသားစာပေ-သုတပဒေသာ(သိပ္ပံ)ဆုရရှိ။)

၁၉၆၇ - ၈၉ - မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့-အတွင်းရေးမှူး။

၁၉၆၈ - ဟဲမင်းဝေး၏ ''ပင်လယ်ပြာနှင့်တံငါအို'' (ဘာသာပြန်)ထွက်။ (ယင်းစာအုပ်ဖြင့် အမျိုးသားစာပေ(ဘာသာပြန်-ရသ)ဆုရရှိ။)

၁၉၆၉ - ''အင်္ဂလိပ်-မြန်မာ စစ်ပွဲခေတ်ကိုယ်တွေ့များ'' စာအုပ်ထွက်။

၁၉၇၂ - ''မြတ်ဘုရား ရွှေတိဂုံ'' စာအုပ်ထွက်။

၁၉၇၄ - စာအုပ်ဟူသည်(မောင်ပေါ်ထွန်းနှင့်တွဲ)။ စာနယ်ဇင်းဟူသည်(သိန်းတန်+မောင်ပေါ်ထွန်း-တွဲ)၊ ပင်လယ် ပြာနှင့်တံငါအို(ဒု-အကြိမ်) စသည်ဖြင့်ထွက်။

၁၉၇၅ - တီထွင်မှုသမိုင်း(ဒု-အကြိမ်)ထွက်။

၁၉၇၆ - အာဗင်စတုန်း၏ ''နီသောလင်းယုန်''(ဘာသာပြန်)ထွက်။

၁၉၉၀ - ၉၄ - မြန်မာနိုင်ငံ-စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး။

၁၉၉၄ - ၉၈ - မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဥက္ကဌ။ ထို့ပြင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပခုက္ကူဦးအုန်းဖေ စာပေဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဌ၊ စာပေဗိာမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့ အဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းလျက်ရှိ။ မြန်မာ့အသံမှ ''သိပ္ပံပညာသိကောင်းစရာ'' ကဏ္ဍ အသံလွှင့်ဟော ပြောခဲ့သည်မှာ အနှစ်(၄၀)ကျော်ပြီဖြစ်သည်။

၁၉၉၅ - ''မြို့ပြခံစားမှုစာမွန်များ'' စာအုပ်ထွက်။

၂၀၀၀ - ''၂၁-ရာစု လူမှုဝေါဟာရများ'' ထွက်။ (နောက်ပိုင်း အတွဲများ ဆက်ထွက်။)

၂၀၀၁ - ''ခေတ်ပြိုင်သိပ္ပံ'' စာအုပ်ထွက်။

၂၀၀၂ - ဂျပန်စာရေးဆရာ ''တာဂျီမာ- ရှင်ဂျီး''၏ တိမ်သားပုံပြင်များ၊ သမုဒ္ဒရာထဲက ကမ္ဘာလိပ်ကြီးဂေါဒီ၊ အထီးကျန်မြေခွေးနှင့် အခြားဝတ္ထုတိုများ စသော ဘာသာပြန်စာအုပ်များထွက်။

ဆရာမောင်ဆုရှင်သည် စာအုပ်ပေါင်း (၂၀၀)ကျော်မျှ ရေးသားထွက်ရှိခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအမှုဆောင်ကော်မတီတွင် ဟောပြောဆွေးနွေးရေး၊ စာပေထုတ်ဝေရေးနှင့် နိုင်ငံတကာ ဆက်သွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိ။

အမှတ်(၆၉) ရတနာကျွန်းရိပ်သာ (ဋ)တိုးချဲ့ရပ်ကွက်၊ မ/ဥက္ကလာမြို့နယ်တွင် မိသားစုနှင့်အတူ နေထိုင်လျက် ရှိသည်။

''ထင်ရှားသောစာအုပ်အချို့''
၁။ ပင်လယ်ပြာနှင့် တံငါအို
၂။ မြတ်ဘုရားရွှေတိဂုံ
၃။ တီထွင်မှုများသမိုင်း
၎။ မြို့ပြခံစားမှုစာမွန်များ
၅။ စာရေးသူတို့လက်စွဲစာအုပ်
၆။ စာအုပ်ဟူသည်(+မောင်ပေါ်ထွန်း)
၇။ စာနယ်ဇင်းဟူသည်(သိန်းတန်၊ မောင်ပေါ်ထွန်း-တွဲ)
၈။ ကမ္မယောဂ
၉။ နီသောလင်းယုန်
၁၀။ ၂၁-ရာစု လူမှုဝေါဟာရများ(၁-၂)
၁၁။ အသေးအမွှား အလေးမထားဖို့-နည်းလမ်း(၁၀၀)
၁၂။ ခေတ်ပြိုင်သိပ္ပံ
၁၃။ အင်္ဂလိပ်မြန်မာစစ်ပွဲခေတ်ကိုယ်တွေ့များ
၁၄။ ဆွာမိဝိဝေကနန္ဒာ၏ အားတက်ဖွယ် အဆိုအမိန့်များ
၁၅။ စိတ်နုပျို ကိုယ်ကျန်းမာ
၁၆။ တိမ်သားပုံပြင်များ


မမသီရိ

7 comments:

BLACK DREAM said...

တန်ဖိုးရှိတဲ့ ဆုံးရှုံးမှုတစ်ခုပါ...။ ကျွန်တော် ကိုယ်တိုင်လည်း လှေငယ်ပေါ်က အဖိုးအိုနဲ့အတူ အချိန် အတော်ကြာ ဆိုင်မွန် ငါးကြီးကို ကြိုးစားဖမ်းခဲ့ ဖူးပါတယ်...။ အခုထိလည်း ဖမ်းနေဆဲပါပဲ...။ တစ်နေ့တော့ အဖိုးအိုလိုပဲ မိလိ့မ်မယ်လို့ မျှော်လင့်ရင်း..။ ထပ်တူ ထပ်မျှခံစားသွားပါတယ်..။

လင်းဒီပ said...

ဆရာကြီးကောင်းရာသုဂတိလားပါစေ..။

ကောင်းတဲ့လူတွေက ကြာကြာမနေရဘဲ မကောင်းတဲ့လူတွေက ဘာလို့ သက်ဆိုးရှည်နေရတာလဲ..?
(တွေးရင်း ပြန်သွားပါတယ်..)

Moe Cho Thinn said...

စိတ်မကောင်းဖြစ်ရပါတယ် မမရေ။
ချိုသင်းလဲ ဦးဘကြည် ရွှေသွေးတွေ ပြန်ထုတ်စဉ်က စာပေဗိမာန် ရောက်လို့ ဆရာနဲ့ ဆုံဖူးပါတယ်။ သဘောကောင်းပြီး ကူညီတတ်တဲ့ ဆရာပါ။ ပိုပြီး စိတ်ထဲမှာ အမှတ်တရ ဖြစ်ရတာက ဆရာ့စိတ်ဓာတ်က ဒီမိုကရေစီ ဘက်တော်သား လုံးလုံး ဖြစ်နေတာကို သိရ အံ့သြလေးစားခဲ့ရပါတယ်။ အလိုက်သင့်နေ၊ ရာထူးတခုအတွက် ဖားစား နေတဲ့ ၀န်ထမ်းတချို့တွေထက် အများကြီးသာလွန်ပါတယ်။ အဖေနဲ့ အတူ ဆရာနဲ့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ပါတယ်။

မီယာ said...

မမရေ လာနှုတ်ဆက်တာ။ နောက်မှ မဖတ်ရသေးတာတွေ ပြန်လာဖတ်ဦးမယ်။

Taungoo said...

စာပေဟောပြောပွဲတစ်ခုမှာ ဆရာ့ကို မြင်ဖူးလိုက်တယ်။ စာပေလောကအတွက် ဆုံးရှုံးမှုတစ်ခု ထပ်တိုးပြန်ပါပေါ့။
ဆရာကောင်းရာသုဂတိ လားပါစေ။

စိတ်စမ်းရေ said...

ကျွန်တော်လဲ ငယ်ငယ်က နှစ်နှစ်သက်သက်
နားထောင်ဖူးတယ်...။ ဆရာ ကွယ်လွန်သွားတယ်လို့ သိရလို့ ဝမ်းနည်းမိပါတယ်...။ ဆရာကောင်းရာသုဂတိ
လားပါစေ....။

JulyDream said...

ငယ်ငယ်တုန်းက ရေဒီယိုမှာ နားထောင်ဖူးပါတယ်။ သိပ်တော့ မမှတ်မိတော့ဘူး။ ပုံပြင်တွေ၊ ဇာတ်လမ်းပမာ နားဆင်စရာတွေပဲ ပို နားထောင်ဖြစ်ခဲ့တယ်။

ဆရာက ကောင်းရာသုဂတိ လားမယ့်သူဆိုတာ ယုံပါတယ်။