Wednesday, January 28, 2009

ကျွန်မ၊ ကွန်ပျူတာ နဲ့ Information Technology

(ဒီစာစုလေးကို.. ကျမ ဒီဘက် ထွက်မလာခင်...လွန်ခဲ့ တဲ့ တစ်နှစ်နီးပါး..လောက် က ရေးဖြစ်ခဲ့ တာပါ... ဘလော့ဂ် လုပ်ဖြစ်မယ် ရယ် လို့လဲ..မျှော်လင့် ချက် မရှိခဲ့ပါ ဘူး...ကိုးယိုး ကားယား နိုင်လှတဲ့ ..ကျမရဲ့ ဘ၀ တစ်စိတ် တစ်ဒေသ ..ကို မှတ်တမ်းလေး ရေးကြည့်ခဲ့ တာပါ.....ခု..အတိတ် က မိတ်ဆွေတွေကိုသတိရလို့ ရော..လောလော ဆယ် အလုပ်လေးတွေကလည်း အတော်များနေတာ မို့... အလွယ် တကူ ရေးပြီးသား လေး ကိုပဲ.......း)....)


ကျွန်မ....
ကျွန်မကို တရုတ်မျောက်နှစ်တစ်နှစ်ရဲ့ နွေဦးကာလမှာ မွေးဖွားခဲ့ပါတယ်။ မျောက်နှစ်ဖွားတို့ရဲ့ သဘာဝက မြင်မြင်သမျှ သိချင် တတ်ချင်... အဲ.. သင် လွယ် တတ်လွယ် လဲ ဟုတ်သေးတယ်..း) ... စိတ်က မငြိမ်..အတည် တကျ မရှိ.. ဟို ခုန် ဒီ ကူး.... ဆိုတော့.....ထုံးစံအတိုင်း ကျွန်မ တစ်ယောက်.. လူမှန်းသိတတ်စ ကတည်းက ဟိုစပ်စပ် ဒီစပ်စပ် ဆိုပါတော့... တစ်ကယ် တမ်း ဘယ်နေရာမှာ ဘယ်လိုအသုံးတည့်သလဲ မေးရင် .. ဘယ်ဟာ တစ်ခုမှ မယ်မယ်ရရ သိတာ တတ်တာလဲ မရှိပါဘူး။
မသိဘူးလားမေးရင် အားလုံး သိသလိုလို တတ်သလိုလို ... လက်တွေ့တော့ ဘာမှမဟုတ်...။ ဒါပေမဲ့ ကျောင်းဆရာမ လုပ်ခဲ့ဘူးသူ ဆိုတော့ သိကြတဲ့အတိုင်း နေရာတစ်ကာ ဆရာ လုပ်ရမှ နေသာထိုင်သာ ရှိသလိုလို.......... ..။

အဲဒီ ကျွန်မ က လွပ်လပ်မှုကိုလဲ မြတ်နိုးသတဲ့။
အမှန်တရား ကိုလဲ ကိုးကွယ်လိုသတဲ့.......။ ချုပ်ချယ်တာကိုလဲမကြိုက်ပါတဲ့....။ မတရားတာကိုလဲ မနှစ်သက်ပါတဲ့..........။
ကျွန်မရဲ့ ကျောင်းဆရာမသက်တမ်း က ရှည်ခဲ့တယ် လို့ ပြောလို့ ရမယ် မထင်ပါဘူး............။
ကိုယ့်မှာရှိတဲ့ အသိပညာဗဟုသုတတွေကို တပည့်သားမြေးတွေ ဖြန့်ဝေပေးရတဲ့အလုပ်၊ သင်ကြားရတဲ့ အလုပ်ကို မြတ်နိုးနှစ်သက်ပေမဲ့... ပီတိကိုစား အားဖြစ်ပါ၏ ဆိုတဲ့စကား မှတ်သား မိပေမဲ့ .... အဲ..... အကြောင်း အမျိုးမျိုးကြောင့်ဆိုကြပါစို့ရဲ့.....ကျွန်မရဲ့ ဆရာမ ဘ၀ ကို စိတ်မကောင်းစွာနဲ့ကျောခိုင်း ခဲ့ပါတယ်...။

ကျွန်မ နဲ့ ကွန်ပျူတာ

ဖောင်ဖျက်ပြီးတော့ INGO လောကထဲ ခြေစုံပစ် ၀င်လာခဲ့တဲ့ကျွန်မ....... အလုပ်စ ၀င်ပြီး တစ်နှစ်လောက် အကြာ....... ကွန်ပျူတာနဲ့ နီးစပ်ဘို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကျွန်မ INGO လောကထဲ ရောက်တဲ့ အချိန်ကာလ......လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ကွန်ပျူတာဆိုတာ ဒီဒေသမှာ ရှားပါးအရာတစ်ခုပါပဲ..။ အဲဒီတုန်းက ဒီအရပ်ဒေသမှာ ဒေသဖွံ့ဖြိုးရေး နဲ့ ပြန်လည်ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေခဲ့ကြတဲ့ UN နဲ့ INGO Agency တွေမှာ ကွန်ပျူတာတွေသုံးနေပြီဖြစ်ပေမဲ့ Agency တစ်ခုမှ တစ်လုံးလောက်ရှိကြတာမျိုးပါ။ .....နိုင်ငံတစ်ကာ ၀န်ထမ်း ၅ ယောက် ၆ ယောက်လောက်ရှိတဲ့ ကျွန်မစပြီး ...အလုပ်ဝင်လုပ်ခဲ့တဲ့ INGO ရုံးမှာ စုစုပေါင်းမှ ကွန်ပျူတာ ၂ လုံးပဲ ရှိခဲ့တာပါ။ တစ်လုံးက International Staff တွေ စုပေါင်းသုံးရတာဖြစ်ပြီး.... နောက်တစ်လုံးကတော့ အထွေထွေ ရုံးသုံး ဖြစ်ပါတယ်။ အဲဒီတုန်းက Computer Operator ရာထူးနဲ့ နိုင်ငံသား ၀န်ထမ်း တစ်ယောက် ရှိပြီးတော့ ဘာစာပဲ ရိုက်ချင် ရိုက်ချင် သူ့ဆီပဲ သွားသွားပြီး Requestလုပ်ရပါတယ်......။ သွားပြောတဲ့သူတိုင်းက ကိုယ်လိုချင်တဲ့ အချိန် ရတာမျိုး မဟုတ်ဘူးနော်..၊ သူ့မျက်နှာထားကြည့်ပြီးမှ ခိုင်းရတာ တောင်းရတာမျိုး ..။ ကျွန်မကျတော့ သူ့ညီမ ၂ ယောက်ရဲ့ ဆရာမ ဖြစ်ခဲ့ဖူးသူမို့ တစ်ခြားသူတွေနဲ့စာရင် အခြေအနေ မဆိုးဘူး ပြောရမှာပါ..။ (အဲဒီကလေး က လွန်ခဲ့တဲ့ ၆ နှစ် လောက်က ကွယ်လွန်သွားပါပြီ)။

ဒီလိုနဲ့ .. တစ်နှစ်လောက်ကြာတော့.. ကျွန်မလုပ်နေတဲ့ Project အပိုင်းက အသုံးစာရိတ် တွေ ပိုနေလို့ဆိုပြီး ကွန်ပျူတာတွေ ၄ လုံးလောက် တစ်ခါတည်းဝယ်ဘို့ ရုံးချုပ်က ဆုံးဖြတ်တဲ့ အတွက် ကျွန်မအတွက်လဲ တစ်လုံးရခဲ့တယ်ဆိုပါတော့.......။ အဲဒီ အချိန်တုန်းက ကွန်ပျူတာဆိုတာ မြင်ရုံပဲမြင်ဖူးတာ၊ ထိတောင် ထိကြည့် ဖူးတာမဟုတ်တော့.......ကျွန်မ အဲဒီကွန်ပျူတာဆိုတာကြီးကို လက်ခံဘို့ တွန့်ဆုတ်နေခဲ့တာပေါ့...။....ကျွန်မရဲ့ ဂျပန်လူမျိုး Manager (ကျွန်မတို့က မျက်မှန်အထူကြီးနဲ့သူ့ကို စိုင်းထီးဆိုင်လို့ခေါ်ကြပါတယ်.....) ကို ကျွန်မ ကွန်ပျူတာ မသုံးတတ်ဘူး....၊ သင်တန်းလဲမတက်ဖူးပါဘူးဆိုတော့ အဲဒီဆရာက ဘာပြောတယ်မှတ်သလဲ..။ မင်း အင်္ဂလိပ်လိုတတ်တယ် မဟုတ်ဘူးလား.. ကွန်ပျူတာသင်ဘို့ အတွက် ကွန်ပျူတာကမင်းရဲ့ ဆရာပဲ .. ဘာမှ....မစိုးရိမ်နဲ့ ယူသာ ယူသွားတော့.....ဆိုတော့ ကျွန်မလဲ ဘာမှ မပြောသာတော့ ပဲ ကွန်ပျူတာပုံးကြီး ကိုယ့်အခန်းထဲ လူ အကူနဲ့ မ ခဲ့ရပါရောလား..။ အခန်းထဲရောက်တော့ ကဲ မထူးဘူးဟေ့.. ဖွင့်ကြရအောင် ဆို ပြီးဝန်ထမ်းကောင်မလေး ၂ ယောက် အကူခေါ် (ကျွန်မရဲ့ Project မှာ Staff တွေအားလုံးက မိန်းကလေး တွေပါ) ပြီး ဖွင့်တော့တာပါပဲ ..။ ဖွင့်ပြီးတော့ ရုံးကတာဝန်ရှိတဲ့ တစ်ယောက်ကလဲ ဆင်ပေးဘို့ ပေါ်မလာတော့ ကြားဖူးနားဝနဲ့ ကြိုးတွေလိုက်တပ်ပြီး ကိုယ့်ဘာသာကိုယ်ပဲ ဆင်..ပစ်လိုက်တာ.....။ ကွန်ပျူတာ... ပါတဲ့အပေါက် ထိုးသာထိုး ..ကြိုးကမှား စရာမရှိဘူးလို့ မှတ်သားထားမိတာကိုး.....း) ............။

အဲဒီ စကား မှားတော့ မမှားပေဘူး..။ Manager လာကြည့်တဲ့အခါ ကျွန်မက ဆင်လို့ပြီးနေပြီ..။ မှန်လဲ မှန်တယ် တဲ့ ရှင့်..ကဲ.......။ အဲဒီ.. ဆရာလာပြီးတော့ ကျွန်မကို ကွန်ပျူတာ ဘယ်လိုဖွင့်ရသလဲ.. Shut down ဘယ်လို လုပ်ရသလဲ..။ Word file နဲ့ Excel file ဘယ်လိုဖွင့်ရသလဲ၊ ဘယ်လိုသိမ်းရသလဲ ဆိုတာ တစ်ထိုင်တည်း သင်ပေး .. ပြီးတော့.. ကဲ မင်း ဆရာအစစ်က ဒီမှာ လုပ်တော့ ဆိုပြီး ကွန်ပျူတာကြီး ပုတ်ပြပြီး ကျွန်မကို ထားခဲ့တော့တာ....။ မျက်စိသူငယ် နား သူငယ်နဲ့ ကျွန်မတစ်ယောက် မျောက်နှစ်ဖွား တို့ထုံးစံ အတိုင်း လျှောက်ကလိတော့တာပဲ ဆိုပါတော့..။

အဲဒီတုန်းက ကျမရဲ့ အထက်မှာ Field Coordinator ဂျပန်အမျိုးသမီး တစ်ယောက်ရှိပါတယ်.. သူကလဲကြုံရင် ကြုံသလို နဲနဲပါးပါး သင်ပြပေးပါတယ်..။ ဒါပေမဲ့..သိကြတဲ့အတိုင်း.. ကျွန်မကဘာသင်တန်းမှ တက်ထားဖူး တာမရှိတော့ ပင်ပန်းတာပေါ့.. စာရိုက်တာလဲ စံနစ်တစ်ကျမဟုတ်.. ကီး ဘုတ်ပေါ် လက်တစ်ချောင်းချင်းစီတင် တစ်လုံးချင်း ရိုက်ပြီး ကွန်ပျူတာနဲ့ ကျွန်မ... စစ်ခင်းနေခဲ့ကြတာ..။ စာရိုက်တာနှေးလို့ ကိုယ့်ကိုကိုယ် အားမရတဲ့အကြောင်း ကျွန်မရဲ့ Field Coordinator ရှေ့ ညည်းမိတော့ သူက အားပေးရှာပါတယ်.. ......ဟေ့ မင်းက Computer Operator လုပ်စားမှာမှ မဟုတ်တာ ..Word နဲ့ Excel တော်ရုံ တန်ရုံ ရိုက်တတ် တော်ပြီပေါ့... တဲ့..။ ဆရာ ဆရာမ စကား မြေ၀ယ်မကျ နားထောင်တတ်တဲ့ကျမလဲ .. အဲဒီ လက်ဦး ဆရာ ဆရာမ တွေ စကား အတိအကျ လိုက်နာခဲ့တာ ခုချိန်ထိ ဆိုပါတော့..။ ကွန်ပျူတာနဲ့ ထိတွေ့တာ ၈ နှစ်ပဲ ကျော်ခဲ့ပြီ ခုထိ ကျွန်မ မြန်မာလို ပတ်ဆင့်တွေ မရိုက်တတ်သေးပါ.............း)......။

ကျွန်မနဲ့ Information Technology

တစ်ကယ်တော့ ကမ္ဘာကြီး ကကျွန်မတို့ မှန်းလို့ မရလောက်နိုင်အောင်ကိုပဲ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေ တာပါ။ အဲဒီ ကမ္ဘာကြီးထဲက ကွန်ပျူတာ ဆိုတာဘာလဲ....၊ အင် တာနက်ဆိုတာ ဘာလဲ လို့ မသိနိုင်ကြသေးတဲ့ သူတွေလဲ မြောက်များစွာ ရှိနေဦးမှာပါ။ ကံကောင်းသူတွေလို့ ယူဆလို့ရတဲ့သူတွေထဲမှာတော့ ကျွန်မ တစ်ယောက် ကတော့ အပါအ၀င်ပေါ့..... (အကောင်း မြင် ၀ါ ဒနဲ့ ကြည့် ကြည့် မိတာ ပါ...း) .....။

မြန်မာနိုင်ငံထဲ IP Star တွေ ကျယ်ကျယ်ပြန့်ပြန့်နေရာယူလာတော့ ကျွန်မနေတဲ့ တောမြို့လေး မှာလဲ E mail သုံးလို့ရတဲ့အဆင့်က လွန်ခဲ့တဲ့ ၃ -၄ နှစ်လောက် ကပဲရှိနေခဲ့ပါပြီ။ ဒီဒေသ ဖွံ့ဖြိုးရေးလုပ်နေတဲ့ အဖွဲ့အစည်း တွေ ကိုရည်ရွယ် ပြီးတော့ လုပ်ခဲ့တဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုပါ။ (ခုတော့ Agency တိုင်း လိုလို က ကိုယ်ပိုင် Satellite တွေ ၀ယ်လိုက်ကြပြီမို့ အဲဒီလုပ်ငန်းလေး လဲ ပိတ်သွားတာ အတော်ကြာခဲ့ပါပြီ။) ကိုယ့်သက်ဆိုင်ရာ ဌာနချုပ် နဲ့ ဌာနေ ကိုယ်စားလှယ်ရုံးတွေကို ဆက်သွယ်တဲ့ခါ Memory Stick လေးနဲ့ သွားပြီး Mail တွေကို ပို့ဖူး၊ ယူ ဖူး ပေမဲ့ Internet ဆိုတာ ဘယ်လိုဟာလဲ ရင်းနှီးခွင့် သိပ်မရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၁ နှစ်ကျော်မှာတော့ ခုလက်ရှို ဌာန ကိုပြောင်းဘို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကျွန်မ အလုပ်ဝင်ပြီး ၃ - ၄ လ လောက်ကြာတော့ ကျွန်မ တို့နဲ့ တွဲလျက်ရှိနေတဲ့ UN Agency မှာ Internet ဆင်လိုက်တော့ ကျွန်မတို့ဌာန အတွက်လဲ လိုင်းတစ်လိုင်းရခဲ့တယ် ဆိုပါတော့။ ဒါပေမဲ့ Line က ကျွန်မတို့ Project Director ရဲ့ ကွန်ပျူတာ မှာပဲ ချိတ်ထားတာဆိုတော့ ဆရာ ထမင်းစားချိန် ဒါမှ မဟုတ်လဲ သူမရှိတဲ့ခါတွေမှာမှ ခွင့် တောင်းပြီး Mail တွေ ဘာတွေ စစ်ခဲ့ရတာပါ။ ကျွန်မ ကိုလဲ ရုံးကြီးက အစ်မလေး တစ်ယောက်က ကူညီပြီး Gmail Account လေးတစ်ခုဖွင့်ပေးခဲ့ပါတယ်..။ ကျွန်မရဲ့ Gmail Account က တစ်နှစ်သား မပြည့်ချင် သေးပါဘူး။

ပထမ တော့ ကိုယ့် အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေ၊ ဆက်စပ်နေတဲ့လုပ်ငန်းတွေက သူတွေနဲ့ ပဲ Contact ရှိခဲ့တာပါ။ နောက် ၂ လ လောက်ထပ်ကြာတော့ ကျွန်မ နဲ့ တစ်ခြား Senior အစ်ကို တစ်ယောက် အတွက် လိုင်း တစ်လိုင်းရခဲ့ပါတယ်...။ အဲဒီ အစ်ကိုရဲ့ ကွန်ပျူတာမှာ ချိတ်ထားတာမို့ သူ အားတဲ့အချိန် တွေ ကြည့်ပြီးတော့ မှ ကိုယ့် Account လေး သွားသွားစစ်ရပါတယ်..။ သူ ကလည်း ခုံမှာတော်တော် မြဲတဲ့သူမို့ သူခွင့်ရက်ရှည်ယူပြီးအိမ်ပြန်အောင် ဆုတောင်းခဲ့ရတာ အမော..။ အဲဒါမှပဲ အဲဒီကွန်ပျူတာ ကျွန်မ သုံးရမှာကိုး....း) ...။

အင်တာနက် စသုံးဖူးတဲ့ အတွေ့အကြုံ တစ်ခုကလဲ တစ်သက် မမေ့နိုင်စရာ..............။
ကျွန်မရဲ့ Contact ထဲ မှာ ဒီအလုပ်ထဲ မရောက်ခင် လုပ်ခဲ့ဖူးတဲ့.. UN Agency တစ်ခုက Head နဲ့ ခုလက်ရှိ ဆရာရဲ့ Account Contact တွေလဲပါပါတယ်..။ တစ်ခါတော့...........ဘယ်တစ်ယောက်ပို့လိုက်မှန်း မမှတ်မိတော့တဲ့ Friendship Web တစ်ခု ကျွန်မ ဖွင့်ကြည့် ပြီး ဘု မသိ ဘမသိ ....ဘာတွေ လုပ်လိုက်မိမှန်း မသိ ခဲ့...............။ တစ်နေ့ မနက်မှာတော့ ကျွန်မနဲ့ တစ်ခန်းထဲ ကွန်ပျူတာနဲ့ အင်တာနက်မျှ သုံးနေတဲ့ Senior အစ်ကို ကို ဆရာခေါ်ပြီး Warning လုပ်ပါသတဲ့ .. ......အဲဒီ အစ် ကို ဒေါပွ .. စိတ်တို ... ပွစိပွစိ ပြောပြီး အခန်းထဲ ပြန်ရောက်လာပါတယ်..။ (သူက စိတ်လဲ နဲနဲ တိုတတ်ပါတယ်..) .. ဒီရုံးမှာ တစ်ခြားသူတွေလဲ အင်တာနက်၊ ဂျီ မေးလ် သုံးကြတာပဲ ..၊ ဘာလို့များ ငါတို့ကို လာပြီးချူပ်ချယ်ရ သလဲ.....ဒီဆရာ ...အတော် ခက်တဲ့ ဆရာ...ပေါ့.........။ အင်တာနက် ကို လုပ်ငန်းနဲ့ ပတ်သက်တဲ့ အခါ၊ .....ဒါမှမဟုတ် ရင်လဲ အကျိုးရှိမဲ့ Study တစ်ခုခု လုပ်မဲ့ ခါမျိုးမှာသာ သုံးဘို့နဲ့ တစ်ခြားကိစ္စတွေ မသုံးဘို့ မှာလိုက်သတဲ့..။ ကျွန်မ လဲ မျက်လုံးလေး အပြူး သား သူ့ကိုပြန်ကြည့်ရုံက လွဲလို့ ဘာမှ နားမလည်..။

အဲဒီနေ့ နေ့လည်ခင်း ရောက်တော့ ဆရာ ကျွန်မတို့ အခန်း ထဲ ကိစ္စ တစ်ခုနဲ့ ၀င်လာပါ တယ် .. ကျွန်မ ကို ...ကြည့် ပြီးတော့ .. ဆော်ရီး နော်.. မင်း .. Invite လုပ်ထားတဲ့ ဟာတွေ အလုပ်မအား လို့ မကြည့်ဖြစ် ဘူး.. Delete မကြာခဏ လုပ်တော့ Spam Mail အဖြစ် ရောက်ကုန်ပြီ တဲ့......... ရော...ကျွန်မ ဘာတစ်ခုမှ မသိတဲ့ ဟာကို.... ကျွန်မ ဘာ မှ Invite မလုပ်ထား ပါဘူး ဆိုတော့ ဆရာ က ဘာမှ ထပ်မပြော တော့ပဲ ပြုံးပြ လှည့်ထွက် သွားပါတယ်..။ ကျွန်မလဲ အူကြောင် ကြောင် နဲ့ ရှေ့ ခုံ က Senior အစ်ကို ကို အကူအညီ တောင်းတဲ့ အကြည့်နဲ့ လှမ်း ကြည့်မိတော့ ..... လား....လား... တရားခံ မိပြီ ဆိုတဲ့ မျက်လုံးအကြည့်နဲ့ တန်းတိုးပါရော...။ လုပ်တော့ ကျွန်မ ..ဆူခံထိတာက....သူ ... နင်းကန် ဒေါပွ ပါရောလား...။ သူ က အစ တည်းကမှ ကျွန်မ ကို မျက်စိ စပါးမွေး ခပ်စူးစူး ရယ်..။ သူ့ထက် ၈ နှစ်လောက် နောက်ကျပြီးမှ ဒီဌာန ထဲ ၀င်လာတဲ့ ကျွန်မကို သူ့ဝန်ထမ်း (မိန်းကလေး) တွေက သူ့ ထက် ပို ချစ်သွားပြီ .. ဆရာ ကလဲ အရေးပေးတယ် လို့ သူက ထင်နေတာလေ..(တစ်ကယ်တော့ ဒီလို မဟုတ်ပါဘူး.. သူ့ဘာသာ သူ စိတ်ထင် လျှောက်ပြောတာ)..။ အဲဒီနေ့ ညနေပိုင်း Staff Farewell Party တစ်ခုမှာ အရင် အလုပ်က ဆရာနဲ့ တွေ့ကြ ပြန် တော့ . တစ်ခါ..... အဲဒီဆရာက . မင်း Invite လုပ်ထားတဲ့ Freindship Web သွားကြည့်သေး တယ် .. မင်း ပုံတွေ ဘာတွေ လဲ မတွေ့ ပါလား.. ငါ့ မိတ်ဆွေ တွေ ကတောင်.. မင်းလဲ ဒီ အလုပ်တွေ လုပ်ဖို့ အချိန်ရှိ သလား လို့ ၀ိုင်းမေးကြတယ် တဲ့.. ကဲ.. လာပြန်ပြီ တစ်ယောက်...(အဲဒီ ဆရာက UN Agency အကြီးကြီး တစ်ခုရဲ့ Head ဆိုတော့ ရာထူးက အရမ်းမြင့်သလို အလုပ်လဲ များပါတယ်........) ။ ကျွန်မ ကလဲ ကိုယ် မလုပ် ဘူးပဲ ထင်နေတာကိုး..။ ကျွန်မ မယ် အဲဒီ ဆရာတွေ ကို မျက်နှာပူလိုက်ရတာ ဆို မပြောပါနဲ့ တော့..။ နောက်မှ သွား ရှင်းပြပြီး ..မျက်နှာငယ် လေး နဲ့...တောင်းပန်ခဲ့ရပါတယ်.........။ ကျွန်မ ကိုယ်စား အဆူခံ ထိတဲ့ အစ်ကို လဲ ခုတော့ မရှိတော့ပါဘူး...။........ ဧရာဝတီတိုင်း က မုန်းတိုင်း ဒဏ်သင့် ကလေးငယ်တွေရဲ့ ကျန်းမာရေး နဲ့ ပညာရေးအတွက် ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းကြီး တစ်ခုမှာ ရာထူးမြင့်မြင့် အလုပ်ရလို့ သူ့မိသားစုနဲ့ နီးတဲ့နေရာ ရောက်နေ ပါပြီ..။ သူ မပြန်ခင် ထိ စကားကြုံတိုင်း ကျွန်မ ကို ပြန်ဒေါပွ နေခဲ့သေးတာနော်...။

အဲဒီလို အလွဲလေးတွေ နဲ့ စ ခဲ့ တဲ့ ကျွန်မရဲ့ IT အတွေ့အကြုံလေးတွေ က ကျွန်မအတွက်တော့ အမှတ်ရ စရာလေးတွေပါပဲ..။ ခုတော့ ကျွန်မရဲ့ရုံး ကွန်ပျူတာမှာ ကိုယ်ပိုင် အင်တာနက် တစ်ကြိုး ရခဲ့ တာ ၂ လ နီးပါးရှိပါပြီ..။ ကျွန်မ ရဲ့ကမ္ဘာလေး လဲ အတော်အသင့် ကျယ်ဝန်းခဲ့ပါပြီ...။ အစ တုန်းက တော့ ကိုယ့်ကို Invite လုပ်လာပြီဆို ဘာမှန်း မသိပဲ Yes လုပ် လုပ်နေခဲ့ တာ နောက်တော့ အလုပ်က တော်တော်လေးရှုပ်တာ ကလား..။ ကလေးတွေ အများစု က ကျွန်မကို မိန်းခလေး ငယ်ငယ် အောက်မေ့ပြီး ဆက်သွယ်ကြတာကိုး.......း) .........။ ဒါနဲ့ပဲ Invite လုပ်တဲ့သူတွေ ကို... Interview လုပ်ပြီးမှပဲ လက်ခံတဲ့ အကျင့်လေး ရခဲ့ပြီ..။ မင်း က ဘယ်သူလဲ... သိလို့ Invite လုပ်တာလား.. မသိဘူးဆို ဘာရည်ရွယ်ချက်ရှိလို့လဲ...စသဖြင့် သူတို့ကို မေး.. ကိုယ့် ရဲ့ ကိုယ်ရေး အကျဉ်းကိုလဲ ဖြစ်အောင်ပြောရသေးတယ် လေ...။

Information Technology ကြောင့် တိးုပွားလာတဲ့ ကျွန်မရဲ့ IT ရွာလေးထဲ က မိတ်ဆွေ တွေကို ကြည့် ကြည့် ကြရင်တော့ ............။

.... အမေ တော်ပါ ရစေ လို့ ခွင့်တောင်းပြီးတော့ နေ့စဉ် လိုလို Hello My Dear Mom လို့ လာ လာ နှုတ်ဆက်တတ်တဲ့ ..အမေ တစ်ယောက် ကို ဂရုစိုက်သလိုမျိုး အစစ အရာရာ ဂရုစိုက်ပေးဖော်ရတဲ့ ထိုင်းနိုင်ငံ ဘုရင့်တော်ဝင် တက္ကသိုလ် တစ်ခုမှာ ပညာတော်သင်ရောက်နေတဲ့ ဦးပ္ပဇင်းလေးတစ်ပါး....

.... ရွယ်တူကောင်မလေး ထင်ပြီး စလာ မိတ်ဆက်ခဲ့ ပေမဲ့ နောက်တော့လဲရွယ်တူမဟုတ်မှန်းသိသွားပြီး.. ဒီခေတ်ကောင်မလေးတွေ က ငွေ နောက်ကို လိုက်ကုန်ကြပြီ အန်တီရဲ့ ဆို ပြီး.. မကြာခဏ အသဲကွဲ စကား တွေ.. လောကကြီးကို နာကျင် တဲ့ အကြောင်းတွေ.. ကိုယ်ခြေထောက်ပေါ်ပဲ ကိုယ်ရပ်ချင်တဲ့ အကြောင်းတွေ ကို စကားကြီး စကားကျယ် ပြော... ပြော တတ်တဲ့ .. လွန်ခဲ့တဲ့လကမှ ၁၈ နှစ်ပြည့်ရုံရှိသေးတဲ့ စင်္ကာပူ မှာ ကျောင်းသွားတက်နေတဲ့ ... ရီးစား အရေအတွက် က သူ့ အသက် ထက် များ တယ် အန်တီ ရဲ့ ဆိုတဲ့...ကျွန်မ က သားဥာဏ် လို့ခေါ်တဲ့ ကလေးလေး တစ်ယောက်...

.... Speed Boat တွေကို မိန်းကလေး မိတ်ဆွေ လို သဘောထားတယ် ဆိုပြီး ... ကျမ အားတဲ့ အချိန်တွေ မှာ သူရဲ့ အလုပ်အား ရက် ကိုယ်ပိုင်ဘုတ်လေးနဲ့ သွားခဲ့တဲ့ ခရီးစဉ်တွေ ကို စီကာ..ပတ်ကုံး ပြောပြတတ်တဲ့ ဆွီဒင် က အသက် ခပ်ကြီးကြီး ဆွီဒင် မိတ်ဆွေ တစ်ယောက်....

.... မြန်မာပြည် ကိုချစ်လို့ စိတ်ဝင်စားလို့ မြန်မာပြည် ကို သွား ...အလုပ်လုပ် မယ် လို့ ပြောပြီး မြန်မာ စကား ကြိုးစား ပမ်းစား ပြော တတ်တဲ့ ဂျပန်ပြည် က ဂျပန် အင်ဂျင်နီယာလေး တစ်ယောက်... သူကပြောသေး တယ်.. မြန်မာပြည်ရောက်တဲ့ အခါ မိတ်ဆွေ တွေ ရချင်တယ် မိတ်ဆွေ မိန်းခလေးတွေလဲ ရချင်သတဲ့ (သူ့မှာ ချစ်ရမဲ့ သူ ရှိလို့ မိန်းခလေး မိတ်ဆွေ တော့ မလိုချင်ပါဘူး တဲ့.....း) ... ။

.... NGO ဆိုတာဘာလဲ INGO ဆိုတာဘာလဲ လို့ ခဏခဏ စပ်စုတတ်တဲ့ မန္တလေး..တက္ကသိုလ် တစ်ခု....က သရုပ်ပြ ဆရာမ ညီမလေး တစ်ယောက်....

.... ရံဖန် ရံခါ မှ အွန်လိုင်း ပေါ် ရောက်ပေမဲ့ ... ကျွန်မ အိမ်ပြန်ချိန် နောက်ကျနေတာ တွေ့သွားရင်.. အစ်မရေ.. ရုံးဖယ်ရီ မမီရင် ဆိုက်ကား ခကုန်တော့မှာပဲ လို့ တွေး ပူပြီး သတိပေး တတ်တဲ့ ... ကျွန်မ မှာ ရှိတဲ့ တပည့် မိန်းခလေး တွေ နဲ့ ၀န်ထမ်းတွေ က မိန်းကလေးတွေပဲ အများစု မှန်းသိ သွားတော့... အစ်မ ကူညီမှပဲ ကျွန်တော် လူပျိုကြီး ဘ၀က ကျွတ်တော့ မှာ.. အစ်မကိုပဲ အားကိုးတော့မယ်လို့ လှမ်းနောက် တတ်တဲ့ ... မလေးရှားရောက် တိုင်းရင်းသားအမည် မှည့်ထားတဲ့ မြန်မာမောင်ငယ် တစ်ယောက်....

.... မြန်မာအမျိုးသမီး တစ်ယောက်နဲ့ Online မိတ်ဆွေ ဖြစ်ရတာ ဂုဏ်ယူပါတယ် ..လို့ပြောပြီး ..နှစ်နိုင်ငံ အတွေ့ အကြုံတွေ ဖလှယ်ဖြစ်တဲ့...အိမ်နီးချင်း နိုင်ငံ တစ်ခုက စွမ်းအင် ဆိုင်ရာနိုင်ငံတော်အဆင့် အစိုးရ အရာရှိကြီး တစ်ဦး (သူကတော့ အဲသလိုပြောတာပဲ)...သူက မြန်မာနိုင်ငံမှာ အစိုးရ အပြောင်းအလဲ ဖြစ်တဲ့ အခါ လာလည်ချင်ပါ သတဲ့.. .........

.... ကမ်းပေါ်ပြန်ရောက်တိုင်း..Hi my sister လို့ လှမ်းခေါ်ပြီး ကျန်းမာ ရဲ့လား .. အဆင်ပြေရဲ့လား လို့ သတိတရ နှုတ်ဆက်တတ်ပြီး သူ့ရဲ့ ပင်လယ် အတွေ့ အကြုံလေးတွေ ဖောက်သည်ချတတ်တဲ့ ... ပင်လယ်ကမ်းလွန် ရေနံ နဲ့ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေး တစ်ခုမှာ လုပ်နေတဲ့လျှပ်စစ် အင်ဂျင်နီယာ မောင်ငယ် လေးတစ်ယောက်...

.... နောက်..... ကျွန်မ ရုံးပြန် နောက်ကျတာတွေ့ တိုင်း... သရဲပုံတွေ လှမ်း လှမ်း ပို့ပြီး အိမ် မြန်မြန်ပြန်အောင် လုပ်တတ်တဲ့ ... နင့် ဆိုင်ကယ်နောက် တစ်ယောက်ကပ်ပါတော့မှာနော်... နင် ဆိုင်ကယ် ပါကင်လုပ်တဲ့ အပင်မှာလဲ သရဲ ရှိတာပဲ လို့ .. လှမ်း ခြောက်တတ်တဲ့ ... ခုတော့ L.A မှာ မိန်းမလုပ်စာ အေးဆေး ထိုင်စားပြီး အလုပ်ရှာနေတုန်းပဲဆိုတဲ့ ... ပြီးခဲ့တဲ့နှစ်က ထိ ရုံးချင်းကပ်ရက် ရုံး တစ်ရုံး မှာ လုပ်ခဲ့ဘူးတဲ့ အစ်ကိုလို ခင်ခဲ့ ရသူ တစ်ယောက်...

အဲ..... နောက် တစ်ယောက်ကတော့... .......ကျွန်မ ဒီ ဘလော့ဂ်လေး လုပ်ဖြစ်အောင် ဘလော့ဂ်ဆိုတာ ဘာ လဲ ၊ ဘလော့ဂ်ဂါ ဆိုတာ ဘာလဲ လို့ မိတ်ဆက်ပေးသူ ဘလော့ဂါလေး တစ်ယောက်ပါ... သူက နဲနဲ တော့ ဂျီ ကျကျ ခပ်ဆိုးဆိုး လေး ဖြစ်ပုံရပါ တယ်.. ...ကျမ လက်ဆော့ ခြေဆော့ ..လုပ်ထားတဲ့ Friendship web တစ်ခုထဲ က တစ်ဆင့် ကျွန်မကို ခင်ပါရ စေ ဆိုပြီး သူပဲ...စတင် မိတ်ဆက် လာခဲ့ ပေမဲ့.... လောကကြီး ကို အမြဲ မကျေမနပ် ဖြစ်နေတတ်ပြီး..... ကျွန်မ ပြောသမျှလဲတစ်ခွန်းမခံ နှုတ်လှန်ထိုးသူလေး ပါ... ဘာပဲ ပြောပြော..သူ့ကြောင့် ပဲ ........... သူ မိတ်ဆက်ပေးခဲ့ လို့ ပဲ....
.ကျွန်မတစ်ယောက် မြန်မာ ဘလော့ဂ်ဂါ ရွာလေးထဲ အလည်ထွက်တတ်ခဲ့ပါပြီ.. ဘ၀ မျိုးစုံ ကို ကျင်လည် ကျက်စားနေသူတွေ ရဲ့ ကြည်နူး ဘွယ်ရာ.. ကြေကွဲ ဘွယ်ရာ.. လွမ်းဆွတ်စရာ... ဗဟုသုတ ရစရာ... ဘ၀အထွေထွေ ..........တွေနဲ့ ကျွန်မ ထိတွေ့ ရင်းနှီးခွင့် ရခဲ့ ပါပြီ... ။

ကျွန်မရဲ့ အိမ် မပြန်ချင်တဲ့ ရုံးဆင်း ချိန် ..ညနေခင်းလေးတွေ က ခုတော့ Information Technology ကြောင့် အဓိပ္ပါယ် မမဲ့တော့ပါဘူး... ခုပြောခဲ့ မိတ်ဆွေ တွေထဲ က တစ်ယောက်မဟုတ် တစ်ယောက် ကျွန်မကို လှမ်းနှုတ်ဆက် တာမို့ ကျွန်မတစ်ယောက် အထီးမကျန်တော့သလို မြန်မာဘလော့ဂ်ဂါရွာလေးထဲ ခြေဆန့်ခွင့် ရှိနေပြီဖြစ်လို့... ကျေးဇူး ပါ IT........။


မှတ်ချက်။ ။ ဒီစာစုလေးရေးပြီးလို့ ၂ ရက် ၃ ရက် ကြာတော့ Blogger ပုဂ္ဂိုလ်လေး ကျေးဇူးနဲ့ပဲ ကျွန်မ ပတ်ဆင့်တွေ ရေးတတ်ခဲ့ပြီမို့ စာဖတ်သူတွေ ပတ်ဆင့် စာလုံးတွေ အောက်ပိုင်းပြုတ်နေတာ မြင်တွေ့ခွင့် မရှိတော့ ပါ ဘူး.........publish လုပ်ပြီးမှ... လိုက် ပြင် ထားရတာပါ....း) ....... မတွေ့တာ ကြာပြီ ဖြစ်ပေမဲ့..ကျမ ဘ၀ ကို IT လောကနဲ့ စတင်ရင်းနှီးစေခဲ့..တဲ့. ဘလော့ဂါလေး ကို..ဒီစာစုလေးနဲ့..မှတ်တမ်း တင်..ကျေးဇူးတင်လိုက်ပါ တယ်...........

မမသီရိ

17 comments:

:P said...

ဒီပို့စ်လေးဖတ်ဖူးတယ်...။

မမသီရိ said...

ဟုတ်တယ် ညီမ..
ပြောခဲ့ တယ်လေ..း)...
နဲနဲ လေး တော့..edit လုပ်ထား တယ်...း)

ဒေါင်းမင်း said...

အိုင်တီအတွေကအကြုံလေးဖက်ရတာကောင်းတယ်
စာအရေးသားလဲကောင်းတယ်..
အားပေးတယ်ကျွန်တော်က..စာဖက်ရတာဝါသနာဆိုတော့အသစ်တင်တိုင်းလာအားပေးမယ်
ဒါကြောင့်လင့်သွားပြီမမသိရိ

မီယာ said...

IT အလွဲတွေ ဖတ်ပြီး ပြုံးသွားတယ်... စမ်းမှ တတ်မှာပေါ့ ဆိုပြီး ကိုယ်လည်း လျှောက်စမ်းတာပဲ

ကိုအောင် said...

အိုင်တီအကြောင်း ဖတ်သွားပါတယ်။ အားပေးလျက်ပါ။

အောင်မြေ said...

((ကွန်ပျူတာသင်ဘို့ အတွက် ကွန်ပျူတာကမင်းရဲ့ ဆရာပဲ)) ဆိုတဲ့စကား
မှန်တယ်အစ်မရဲ့၊ ဒီလိုနဲ့ပဲ လေ့လာရင်း၊ ကလိရင်းနဲ့ တတ်လာတာ။
မသိရင်မေးပေါ့နော်။ ပို့စ်လေးအတွက် ကျေးဇူး။

Welcome said...

ပညာရပ်တစ်ခုဆိုတာ ဒီလိုပဲ အပတ်တကုတ် လေ့လာသင်ယူရတာပါပဲ အစ်မရယ်။
အချိန်လည်းပေးနိုင်မယ်၊ ၀ါသနာလည်း ပါမယ်၊ အခြေအနေလည်းပေးမယ်ဆိုရင်
အတိုင်းထက်အလွန် ဖြစ်မှာပါ။
အဆင်ပြေ ပျော်ရွှင်ပါစေခင်ဗျာ

ဆောင်းယွန်းလ said...

ဒီလိုအိုင်တီအလွဲလေးတွေကဖြစ်လေ့ဖြစ်ထရှိတတ်ပါ
တယ်မသီရိရေ..ကျနော်လည်းဒီလိုအလွဲလေးတွေဖြစ်
ဖူးပါတယ်..နောက်ပြီးမျောက်နှစ်ဖွားလည်းဖြစ်တယ်ဗျ..

ခင်မင်လျက်

Anonymous said...

ဲဒီ ကမ္ဘာကြီးထဲက ကွန်ပျူတာ ဆိုတာဘာလဲ....၊ အင် တာနက်ဆိုတာ ဘာလဲ လို့ မသိနိုင်ကြသေးတဲ့ သူတွေလဲ မြောက်များစွာ ရှိနေဦးမှာပါ။

Anonymous said...

မမရေ့ ကျနော် လွဲတာကတော့ ပြောမနေနဲ့တော့ ကွန်ပျုတာကလည်းမသင်ခဲ့ရ သွားထိရင်ပဲ ပျက်သွားမလားဆိုပြီး ကြောက်နေတား) ကိုယ့်ပါသာဆော့နေရင်းနဲ့ သူများ သွင်းထားတာတွေ သွားဖျက်မိလို့ ပြန်ရိုက်ထည့်ရ ပြီးတောာ့ save မလုပ်ပဲ ပိတ်ချလိုက်တာ စာရွက်လေးတစ်ရွက်ကို တစ်ပါတ်လောက် လုပ်ရတယ် ဟဟား အကောင့်ဖွင့်တော့လည်း ပိုက်ဆံကုန်တယ်ထင်နေတာ :P နောက်တော့ ဟုတ်ဘူးကို ။ ဘလော့သာရေးနေတာ ဗိုင်းရပ်စ်ကိုက်လည်းမသိ နှေးနေရင် ပိတ်လိုက်တယ် ပြန်ဖွင့် ဘယ်သူမှမရှိ ၃ ချက်လောက်ထုပစ်လိုက်တယ် အဲ့တာဆိုကောင်းသွားကော အိမ်ပြန်တုန်းက မြို့မှာ အင်တာနက်သုံးတော့ သူငယ်ချင်းင်္ဆီ မေးလ်ပို့ နေတာ စာရိုက်တာ မြန်တော့ ဘေးနားက လူတွေက တော်လိုက် တာသင်ပေးပါတဲ့ ရယ်ချင်တာ အူပါနာတယ် နယ်သားတွေက အဲ့လိုပဲလေ တုံးချက်း) ကျနော့်လိုပဲ ။ သုံးနေတုန်းတော့ နိုင်သလောက် ၄-၅ ယောက်လောက်ကို အကောင့်လေးဖွင့်ခဲ့ပေးလိုက်သေးတယ်။


ဘာမှဟုတ်ဘူး မမရဲ့ အလွဲတွေဖတ်ပြီး ရယ်ချင်နေတာနဲ့ ၀င်ပွားသွားတာ မောင်နှမတွေ မတိမ်းမယိမ်း တော်ကြပါပေတယ် :D

Anonymous said...

မေ့သမီး: ဟိ အဲလိုစိတ်ကူးကတော့ မြင့်တယ်။

29 Jan 09, 06:26
မေ့သမီး: ကွန်ပျူတာပျက်ရင်ဆိုင်ခေါ်ပြင်ခိုင်းရတာပဲ။ လူကြီးဖြစ်ရင် ကွန်ပျူတာပြင်ဖို့အချိန်ရမှာ မဟုတ်ဘူးဆိုပြီး မသင်တော့ဘူး။

29 Jan 09, 06:26
မေ့သမီး: ဒီလောက်လွယ်လွယ်လေးတောင် မလုပ်တတ်ဘူး။ နောက်မှစဉ်းစားမိတယ်။ ငါက၀န်ထမ်းလုပ်မှာလား၊ ခေါင်းဆောင်လုပ်မှာလားဆို စဉ်းစားတော့။ ခေါင်းဆောင်လုပ်မှာဆိုပြီး အဖြေထွက်တယ်။ အဲဒါဆို ကိုယ့်အလုပ်မှာကျွမ်းကျင်ဖို့ အဓိကပဲ

29 Jan 09, 06:24
မေ့သမီး: ညီမအလုပ်ဝင်ခါစတုန်းကလေ ကွန်ပျူတာကို စာစီ၊ စာရိုက်တင်မဟုတ်ဘဲ ကိုယ်တိုင်ပြင်တတ်အောင် သင်မယ်ပေါ့စဉ်းစားသေးတယ်။ ဒါပေမယ့် ညီမရဲ့ Project Manager ဂျပန်ကြီးက ပရင့်တာတောင် install မလုပ်တတ်ဘူး

29 Jan 09, 06:22
မေ့သမီး: မမဆီက ကွန်မန့်ရေးစရာလည်းလင့်မတွေ့ဘူး။

29 Jan 09, 06:20
မေ့သမီး: မမရေ လာလည်တယ်။

Anonymous said...

နှင်း:
မမ ကွန်ပြူတာ ကျွမ်းကျင်ကြတာချင်း နဲနဲတော့ ဆင်တယ်။နှင်းလဲ အစ်ကို တစ်ယောက် ကူညီလို့သာ ဘလော့ရေးဖြစ်တာ။ခုထိ ဘာလိုလို သူ့ကိုခေါ်နေရတုန်း။

Anonymous said...

ဂင်ကြီး:
ရောက်ပါတယ်ဗျား ပိုစ်အသစ်လေးဖတ်သွားတယ် ကောင်းပါ့

လင်းဒီပ said...

ဟုတ်တယ်အစ်မရေ..ဒီလိုပဲ ဟိုစမ်း ဒီစမ်းနဲ့ ရောက်လာရတာ..အခုတော့ အိုင်တီရွာလေးမှာ ပျော်နေပြီ..:P

JulyDream said...

အစ်မက ဘာမျောက်လဲဟင်...
သတ္တုမျောက်လား၊ မီးမျောက်လား၊ ရေမျောက်လား။ မြေမျောက်လား။ သစ်သားမျောက်လား။

မျောက်က ၅ မျိုးတောင် ရှိတာခင်ဗျ။

ကြည့်ရတာ မြေမျောက် ထင်တယ်။ အဟီး...

kay said...

မမသီရိရေ- ကမောက်ကမ အတွေ့အကြုံ လေးတွေ ပြုံးသွားတယ်။ ဖြစ်တတ်တယ်နော်။ အလုပ်အတွေ့အကြုံလေးတွေ မျှပါအုံး။ ကဗျာတွေလည်း ဖတ်သွားတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ။

Anonymous said...

...please where can I buy a unicorn?