Sunday, September 13, 2009

ဗေဒါ


ကွင်းစပ်ကျယ် ရေသွယ်စပ်
ကပ်လျက်ရှိ ကန်ငယ်မှာ

ငြိမ်သက်စွာ အိနြေ္ဒနဲ့ ခပ်နွဲ့ နွဲ့ ဗေဒါပြာ
ရွက်စိမ်းလွှာ ထူသိပ်ကြားမှာ
ပွင့်နေလိုက်တာ...

စုန်တာနဲ့ ဆန်တာ မရှိပါ
ရေငြိမ်ပြာကြောင့်

တိတ်ဆိတ်စွာ ရပ်နေရင်း
လန်းစွင့်နေရှာ...

နှစ်သက်စွာ စွဲလမ်းလို့ ဖတ်ခဲ့ရ ငယ်စဉ်ခါ
ဇော်ဂျီရဲ့ ဗေဒါလမ်း

စုန်ဆင်းတခါ ဆန်ချီ တလှည့်
ဧရာ နွယ် မြစ်ပြင်တန်းမှာ .. လမ်း သိနေခဲ့.. တဲ့



ကန်လေး ငယ် ရေတိမ်လျှပ်
ရပ်နေတဲ့ ဗေဒါရယ်

ချောင်း အသွယ် ဒီရေစပ်ကို သိရဲ့လား ကွယ်..

မြစ်ပြင်ကျယ် ဧရာလမ်း မှန်းလေ လား ကွယ်

အပြော ကျယ် ပင်လယ်လှ ရော သိပါ လား ကွယ်


တခြား မယ် ဘာတွေရှိ
မသိသလို ဟန်မူပိုနဲ့

ကန် ငယ်ငယ် ရေ ငြိမ်ထဲမှာ
ဝင့် ကြွားစွာ ပွင့်နေတဲ့
ဗေဒါ ပြာ လွင်လွင်လေး ရယ်... သနားမိပါ ရဲ့....။


မမသီရိ
၂၅. ၆. ၁၉၉၀



ကျမရဲ့ ကျောင်းတော်သာမှာ ဆရာမသက်တမ်း က သိပ်မကြာခဲ့ပါဘူး။ အိမ်သာမရှိတဲ့ လူနေမှု ဘ၀၊ ထမင်းစား တဲံ့ အခါ အဟာရအုပ်စု ၃ ခု ပြည့်အောင် စားရမယ် လို့ သိတတ်ကတည်း ကတည်း နားရည်ဝ ပြီး ကြိုက်ကြိုက် မကြိုက်ကြိုက် အဟာ ရဖြစ်မဲ့ အစားအစာ တွေ ကို ကြိတ်မှိတ် စားခဲ့ရဖူး သူ က ငရုတ်သီးထောင်း တမယ်ထဲ နဲ့ ထမင်းစားပြီး အသက်ရှင်နေတဲ့ သူတွေကိုတွေ့ခဲ့ရတဲ့ ဘ၀၊ ညဖက်ဆို သင်ခဲ့ဖူးတဲ့ လေထန်ကုန်း ၀တ္တုထဲကထက် အသံပြင်း လှတဲ့ လေကြမ်းကြမ်းတွေ ရဲ့ ဆောင်းညတွေ ကို ခိုက်ခိုက်တုန်စွာ ဖြတ်သန်းခဲ့ရတဲ့ ဘ၀၊ ဘာမှ မရှိလဲ ဘာမှ မဖြစ်ပါဘူး လို့ နှစ်သိမ့်ကျေနပ် ပျော်ရွှင်နေကြတဲ့ ဘ၀တွေ ကြားထဲ မှာ လုံခြုံရေးကလဲ အားနည်း ဟိုအနား မှာ ဓါးပြ တိုက်သတဲ့၊ ဒီ ဖက်ရွာမှာတော့ လက်နက်တွေ တွေ့ ပြန်ပြီ တဲ့ ဆိုတဲ့ နားစွင့်စရာ သတင်းတွေ ကြား ထဲမှာ မှတ်စု လေး တအုပ်၊ ဖတ်စရာ စာအုပ်တွေနဲ့ လိုင်းတို ရေဒီယိုလေး တလုံး ကို အဖော်ပြု ချစ်သော ကလေးတွေရဲ့ ဖေးမ ချစ်ခင်မှုတွေ နဲ့ နေတော့ မယ် စိတ်ကူးခဲ့ပေမဲ့၊ ကျောင်းမပိတ်ခင် ကာလလေး မှာ ရောက်ခဲလှတဲ့ မြို့နယ် အဆင့် အုပ်ချုပ်သူ တွေ ဒေသတွင်း စစ်ဆေး ဖို့ရောက်လာတဲ့ အခိုက် ဆရာမ ပေါက်စလေး ကို တွေ့သွားခဲ့တော့ လုံခြုံရေး အခြေအနေအရ မြို့နား နီး တဲ့ ရွာ လတ်လတ် တရွာ ကို ပြောင်းရွှေ့ ချထားပေးခြင်း ခံ ခဲ့ရပါတယ်။

ကျမ ဒုတိယ တာဝန်ထမ်းဆောင်ရတဲ့ ရွာက အဲဒီ အနီးအနား ပတ်ဝန်းကျင်မှာတော့ ထိပ်တန်းရောက်တယ် ဆိုတဲံ့ ရွာတရွာ ပါ၊ ဈေးလေး ရှိတယ်၊ အိမ်ကြီးကြီး ၄ - ၅ ဆောင်လောက် ရှိတယ်၊ မြို့နယ်ရဲ့ မြို့လေး ကို ၃ နာရီ လှေစီး ခရီး လောက်သွား ရင် ရောက်နိုင်တယ်၊ ရွာ ထွက် ပညာတတ် (၁၀ တန်း အောင်)တယောက်ရှိတာမို့ အဲဒီ နားတ၀ိုက်မှာတော့ ရွာကြီး ပေါ့။ ရွာ ရဲ့ ကျောင်းလေး က ခြေတံရှည်နဲ့ တထပ်ကျောင်းပါ၊ ၅ တန်း ၆ တန်း ပါ တွဲ ဖက် ရှိတာမို့ ၂ သုတ် တက်ခဲ့ကြရတာပေါ့၊ သိပံဘာသာ တွဲ ဆရာမ မရှိတာမို့ ကျမ က ရောက်တာနဲ့ ၅ တန်း နဲ့ ၆ တန်း ကို တွဲပြခဲ့ရပါတယ်။ အဲဒီ ကျောင်းကလေး ရဲ့ ပြတင်း က လှမ်းကြည်လိုက်ရင်တော့ တမျှော်တခေါ် ကျယ်ပြန့် လှ တဲံ့ လယ်ကွင်းတွေ၊ အဲ ဒီ့ နောက်မှာ ရိုး မ တောင်စွယ်ကြီးက အထပ်ထပ် လွမ်းစရာကောင်းအောင် ပြာ မှိုင်း လို့၊ မိုးသဲတဲံ ရက်တွေမှာ ဆို လယ်ကွင်းပြင် တခွင်လုံး ရေတွေ ဖွေး လို့ ပင်လယ်ကြီး ပမာ.. အပြော ကျယ် ကျယ် လှချည်ရဲ့ လို့ တွေးမိရသလို ပဲ ။ ဆောင်းရောက်ပြန်တော့လဲ.. ဆောင်းငွေ့ တွေ နှင်းငွေ့ တွေနဲ့ လွမ်းစရာ ကောင်းပုံက တော့ .....

အစထဲကမှ အလွမ်း ဓါတ်ခံက ရှိရတဲ့ အထဲ ၊ ဒီမြင်ကွင်းတွေ နေ့စဉ်မြင် ရတာနဲ့ တင် ဘယ်ကို လွမ်း မှန်း ဘာကို လွမ်းမှန်းမသိတဲ့ အလွမ်းကဗျာတွေ ကလဲ တပုဒ် ပြီး တပုဒ် ရေးဖြစ်တော့တာပေါ့။

တပည့်လေးတွေကလဲ ပထမ တာဝန်ကျခဲ့တဲ့ ကျောင်းတုန်းက တပည့်တွေ လိုပါ ပဲ ဆရာမလေး ကို အတော် ၀ိုင်းချစ်ကြပါတယ်။ ကျမ က စာ သင်ပြီဆို စာ တခု ထဲ သင်တာမျိုး မဟုတ်ပဲ ဗဟု သုတ ရစရာတွေ ကိုယ် ဖတ်ဖူး တွေ့ဖူး တဲ့ အထဲက ကလေး အတွက် သိသင့်တာမျိုးတွေ ကို အမြဲ မျှဝေ ပြောပြတာမို့လဲ ကျမကို ပို ချစ်ခင်ကြတာလားတော့ မသိပါဘူး။ တနေ့ စကားပြောနေကြတုန်း ဒီရွာ လေး ထက်အပြင် တခြား ဘယ်ကို ရောက်ဖူး ကြသလဲ လို့ ကျမ အဲဒီ တပည့်တွေ မေးကြည့်တော့ ၂ ယောက်လောက်က လွဲ ပြီး ကျန်တဲ့ ၁၆ ယောက် က မြို့ ဆိုတာ ကို မရောက်ဖူး ပါတဲ့၊ သူတို့ TV ဆိုတာ မမြင်ဖူး ကြ ၊ ရုပ်ရှင်မကြည့်ဖူးကြ၊ တက္ကသိုလ် ကျောင်းဆိုတာ သူတို့ အတွက်တော့ ဒဏ္ဍာရီ၊ သူတို့ လူမျိုးနွယ်စု ကလွဲပြီး တခြားလူမျိုး စုတွေ အကြောင်း မသိကြ..... ..
ကျမ ရင်ထဲ အတော်ပဲ စိတ်မကောင်းဖြစ်ခဲ့ရတာပါ။ နောက်ပိုင်းတော့ ကျမ တတ်နိုင်သလောက် မြို့ကို တက်ဖြစ်ရင် သူတို့ အတွက် စာအုပ်တွေ ၀ယ်၊ ရင်းနှိးခင်မင် ရာလူတွေ ပြောပြပြီး ကျောင်း စာကြည့်တိုက်သေးသေးလေး တခု မဖြစ်ဖြစ်အောင် လုပ်လို့ သူတို့ နားလေးတွေ မျက်စိလေးတွေ တတ်နိုင်သလောက် ပွင့်စေ ဖို့ ကြိုးစားဖြစ်ခဲ့ပါ တယ်..။

အဲဒီ ကျောင်းလေး နဲ့ ကပ်ရက်မှာ ကန်ပျက် ကန်ကော လေး ၂ ခု ရှိပြီး တော့ ဗေဒါတွေနဲ့ ပြည့်နေတာလေ၊ မိုးတွင်းတနေ့ ဖွေးဖွေး ပြာအောင်ပွင့်နေတဲ့ ဗေဒါ တောကြီး ကိုကြည့် ရင်း ကျမ တပည့်လေးတွေ အတွက် ဒီကဗျာလေး ကို ရေးခဲ့တာပါ။

(အမှန်ပြောရရင်တော့၊ အဲဒီ တပည့်တွေတင် မဟုတ်ပါဘူး ကိုယ်တိုင်လဲ အဲဒီဗေဒါတောထဲ က တပွင့်ပါပဲ.. ဆိုတော့ ကိုယ့် ကို ကိုယ် လဲ ပြန်သနား မိပါရဲ့)

ကျမ မှတ်မိသလောက် ဗေဒါ ကဗျာ ၂ ပုဒ် ကျမရေးခဲ့ပါတယ်၊ ဒါပေမဲ့ လောလော ဆယ်ဆယ် ကျမ ရဲ့ စာရွက်ဟောင်းတွေ ထဲ မှာ ဒီ တပုဒ် ပဲ ရှာတွေ့ တာမို့ နောက် ရှာတွေဲံ့ ခါ နောက် တပုဒ် ကို လဲ တင်ပေးသွား ပါ့မယ်..

အားလုံး ကိုချစ်ခင်လေးစားတဲ့

မမသီရိ

14 comments:

kiki said...

စုန်တာနဲ့ ဆန်တာ မရှိပါ
ရေငြိမ်ပြာကြောင့်
တိတ်ဆိတ်စွာ ရပ်နေရင်း လန်းစွင့်နေရှာ...

အရေးအသားလေး က ငြိမ်းချမ်းလိုက်တာ နော်

မမသီရိ ရဲ့  ဘဝလေးဟာ ဒီဗေဒါလေးတွေလို အစဉ်သဖြင့် ငြိမ်သက်အေးဆေးစွာ နဲ့  ပွင့်လန်းနေနိုင် ပါစေ ..
မဗေဒါ အံကိုခဲ .. ပန်းပန်လျှက်ပဲ ဆိုသလို အရာရာ အောင်မြင်တည်တံ့ နေနိုင်ပါစေ ..

ဆရာမ ဘဝလေး လည်း ပျော်စရာဘဲနော် .. အားကျမိပါတယ် မမသီရိရေ ..

Yu Ya said...

ဒီလို ဆရာမမျိုးတွေ ကျွန်တော်တို့ နိုင်ငံအတွက် အများကြီးလိုအပ်နေတယ်ဗျာ။..

မမသီရိရေ...နောက်ထပ် ဗေဒါတစ်ပုဒ်ကိုလည်း စောင့်မျှော်နေပါတယ်နော်။

yu ya

ခြေလှမ်းသစ် said...

အနှစ်နာကောင်းတဲ့ ဆရာအဖြစ်ဘ၀ကို နှစ်မြုပ်ခဲ့တာ လေးစားမိပါ၏ ကဗျာလေးရဲ့  စရိုက်က အရမ်းပီပြင်ပါ၏ ဖတ်ကောင်းလို့ အဆိုတင်သွင်းပါ၏ ဒုတိယတပုဒ်ကိုလဲ မျှော်လင့်မိ၏

နှင်းနဲ့မာယာ said...

မမသီရိရေ
ကဗျာလေးထက် ကဗျာဆန်တဲ့ ဆရာမလေးရဲ့ မှတ်တမ်းလေးကို ပိုချစ်တယ်....
ဒီလို ဆရာမလေးတစ်ယောက် ဖြစ်ခဲ့ဘူးတဲ့ မမကိုလေးစားပါတယ် မမရယ်...

ချစ်သောနှင်း

ကောင်းကင်ပြာ said...

မဗေဒါက တပင်ထဲ......
ချစ်မ ကြိုက်တယ်.

မီယာ said...

မမ ပို့စ်လေး ဖတ်ပြီး လယ်တွင်းသားစောချစ်ရဲ့ ဆရာကျောင်းကို သတိရတယ်။

စည်သူ said...

မမမမမမမမမမမမမမျီရိရေ...

အခုလိုမျိုး မခေါ်နိုင်တော့ပါဘူး.. ရာသီဥတုက မကောင်းဘူးလေ..

ကဗျာက စပ်ဆိုမှု အရမ်းကိုကောင်းပါတယ်..

အခုလိုပြောလိုက်တော့လည်း..
ကိုယ့်ကိုကိုယ် မလုံဘူး..

ပညာလေး နှစ်ပိုင်းလောက်တတ်တာနဲ့ ဆရာမကို ဆရာသွားလုပ်တယ်ဆိုပြီးတော့ပေါ့..း)

အဲဒီကို ဆရာမသွားတုန်းက တွေ့ခဲ့တဲ့ ကျောင်းသားက ဘယ်သူထင်လဲ..

ဆရာမ မသိဘူးမှတ်လား..
ကျွန်တော်လည်း မသိပါဘူး..းP

ကျွန်တော်နေခဲ့တဲ့ ရွာဆိုရင်လည်း
အဲလိုပါပဲ.. တစ်ရွာလုံးမှာမှ TV နှစ်လုံးပဲရှိတာ..

ကျွန်တော်လည်း.. တနင်္ဂနွေ ရုပ်ရှင်ကြည့်ရဖို့အတွက်
၁၀ နာရီလောက်ကတည်းက သွားစောင့်နေရတာလေ

အဲဒီချိန်တွေကို ပြန်သတိရသွားပြီး ဆရာမရေ..

စည်သူ said...

မမမမမမမမမမမမမမျီရိရေ...

အခုလိုမျိုး မခေါ်နိုင်တော့ပါဘူး.. ရာသီဥတုက မကောင်းဘူးလေ..

ကဗျာက စပ်ဆိုမှု အရမ်းကိုကောင်းပါတယ်..

အခုလိုပြောလိုက်တော့လည်း..
ကိုယ့်ကိုကိုယ် မလုံဘူး..

ပညာလေး နှစ်ပိုင်းလောက်တတ်တာနဲ့ ဆရာမကို ဆရာသွားလုပ်တယ်ဆိုပြီးတော့ပေါ့..း)

အဲဒီကို ဆရာမသွားတုန်းက တွေ့ခဲ့တဲ့ ကျောင်းသားက ဘယ်သူထင်လဲ..

ဆရာမ မသိဘူးမှတ်လား..
ကျွန်တော်လည်း မသိပါဘူး..းP

ကျွန်တော်နေခဲ့တဲ့ ရွာဆိုရင်လည်း
အဲလိုပါပဲ.. တစ်ရွာလုံးမှာမှ TV နှစ်လုံးပဲရှိတာ..

ကျွန်တော်လည်း.. တနင်္ဂနွေ ရုပ်ရှင်ကြည့်ရဖို့အတွက်
၁၀ နာရီလောက်ကတည်းက သွားစောင့်နေရတာလေ

အဲဒီချိန်တွေကို ပြန်သတိရသွားပြီး ဆရာမရေ..

ဆောင်းယွန်းလ said...

တခြား မယ် ဘာတွေရှိ
မသိသလို ဟန်မူပိုနဲ့
ကန် ငယ်ငယ် ရေ ငြိမ်ထဲမှာ
ဝင့် ကြွားစွာ ပွင့်နေတဲ့
ဗေဒါ ပြာ လွင်လွင်လေး ရယ်... သနားမိပါ ရဲ့

ကဗျာတပုဒ်လုံးမှာ ခံစားချက်တွေနက်နက်နဲနဲရှိနေတာကို တွေ့လိုက်မိတယ်
မသီရိ
ပို့စ်လေးကိုဖတ်မိပြီး စိတ်မကောင်းဖြစ်မိတယ်ဆိုတာထက်ပိုပြီး ဘာပြောရမှန်းမသိအောင်ဖြစ်မိသွားပါတယ်ဗျာ

မသီရိရဲ့စိတ်ဓာတ်ကိုလည်း လေးစားချီးကျူးမိပါတယ်
တချို့အလုပ်တွေဆိုတာက အပြောမှာလွယ်သလောက်
လက်တွေ့လုပ်ဖို့က ခက်ကြတယ်လေ..မသီရိတို့လို စေတနာ့ဝန်ထမ်းကျောင်းဆရာ ဆရာမတွေရှိနေလို့လည်း ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ်အတွက် တန်ဘိုးရှိတဲ့ ကလေးတွေကိုမျှော်မှန်းနိုင်တာပေါ့ဗျာ

ငြိမ်းဝေ said...

ဆရာဇော်ဂျီရဲ့ဗေဒါလမ်းကဗျာတချို့ ကို ကျနော်အသံလွှင့်
ခဲ့ဖူးတယ်။အင်မတန်နှစ်သက်ရတဲ့ကဗျာတွေပါ။ပြီးတော့ဒေါ်
သီရိလိုပဲ ကျနော် င်္ရာကျောင်းဆရာလုပ်ခဲ့ဖူးတယ်။တကယ့်ကို နောင်ဘ၀အ
ထိယူသွားဖို့သင့်တဲ့အတွေ့ အကြုံတွေပါပဲ ဟဲ ဟဲ၊
ပြီးတော့ ကျနော့်ဘလော့ကိုသီးခံပြီးလာလည်ပါဗျာ၊ကျ
နော်က ကျနော့်ဘလောက်ကို ပန်းထိမ်မတတ်ခင် ရွှေခိုး
သင်ချင်နေတာဗျ၊အေးဗျာ ၀ါသနာတူမောင်နှမတွေ တွေ့ 
ကြရတာ ၀မ်းသာပါတယ်..ကျနော့်လိုကဗျာတွေပွါးနိုင်ပါစေ

သီဟသစ် said...

မမသီရိရေ

ဗေဒါပန်းလေးတွေ အကြောင်း ကဗျာလေးကို ဖတ်သွားပါတယ်

ဗေဒါပန်းလေးတွေနဲ့ ဆရာမအကြောင်းကို အများကြီး ဖတ်ချင်ပါတယ်ခင်ဗျာ

ဒုတိယကဗျာ တစ်ပုဒ်ရရင်ရော တင်ထားပေးပါအုံး

ခင်မင်စွာဖြင့်
သီဟသစ်

ကိုအောင်(ပျူနိုင်ငံ) said...

မမသီရိရေ ကဗျာရဲ့ ခံစားချက်တွေ ကောင်းတယ်ဗျာ။

သမီးပျို said...

လေးစားပါတယ် မမသီရိရေ....တည်ငြိမ်တဲ့ကဗျာလှ လှလေးကိုခံစားသွားပါတယ်...ဗေဒါနောက်တစ်ပွင့်ကို လည်းမျှော်လင့်မိပါရဲ့


လေးစားလျှက်
သမီးပျို

Nge Naing said...

မမသီရိရေ အရင်ခါတွေ ရောက်ပေမယ့် မအားလို့ မဖတ်ဖြစ်ခဲ့ဘူး။ အခုမှ ဖတ်ဖြစ်တယ်။ မမသီရိရဲ့ စိတ်ဓါတ်ကို လေးစားပါတယ်။ မမသီရိ ဒုတိယရောက်တဲ့ ရွာလိုမျိုးမှာ ကျွန်မ ရှစ်တန်းအထိ ပညာသင်ကြားခဲ့ရပါတယ်။ ကျွန်မတို့ရွာက အဲဒီရွာထက် နည်းနည်းတော့ ကြီးလိမ့်မယ်။ တွဲဘက်အလယ်တန်းကျောင်းလည်း အတူတူပဲ။ အခုတော့ အစိုးရအလယ်တန်းကျောင်း ဖြစ်သွားပြီလို့ကြားတယ်။ ကျွန်မတို့ကို သင်ဖို့ ဆရာတွေကို ရွာသူကြီးက ရန်ကုန်တက်ပြီး ဘွဲ့ရလူငယ်တွေကို သွားရှာရတာ။ ရတော့ သူတို့က ကျွန်မတို့ မြို့မှာ အစိုးရမူလတန်းပြ လျှောက်ရပြီး တရားဝင်က မူလတန်းပြဖြစ်ပြီး မူလတန်းလစာပဲ အစိုးရက ပေးတယ်။ ဒါပေမယ့် သင်ရတာက အလယ်တန်းမှာ သင်ရတယ် ဆိုတော့ အလယ်တန်းပြတယောက် လစာနဲ့ ညီအောင် လိုအပ်တဲ့ အပိုလစာကို ရွာကပေးတယ်။ မူလတန်းအတွက် သူတို့နေရာမှာ လိုနေတဲ့ဆရာဆရာမတွေကို ရွာက ၁၀ တန်းမှာ နှစ်နှစ် ကျထားသူတွေကို အရပ်ခန့် ပြန်ခန့်ရတယ်။ ကျွန်မတို့ ငယ်ငယ်က ပညာသင်ရတာ စာကြည့်တိုက်တွေဘာတွေ တခါမှ မတွေ့ဖူးဘူး။ မမိသိရိပို့စ်လေးကို ဖတ်ရတာ ငယ်ငယ်တုန်းက ဘ၀ကို ပြန်သတိရမိတယ်။