Friday, September 23, 2011

မြစ်တစင်း အကြောင်း

ဒီနေ့တော့ မြစ် တစင်း အကြောင်း
ပြန်ပြောင်းပြောကြတာပေါ့ မြစ်ကလေး ရေ..

မာယာ ရှိတယ် ဆိုတာ မြစ်တွေ မှာပဲ မဟုတ်တဲ့ အကြောင်း
အဲဒီ မြစ် က ခဏခဏ အန် အန်ချ လို့ ပြ တတ်ခဲ့ သတဲ့..
လေပြေတွေ သူ့ အပေါ် က ဖြတ်သန်းခွင့်ပေးတဲ့အခါ
လတ်ဆတ် မှု တွေကိုလဲ သူမျှဝေပေးခဲ့တာမို့
တို့တတွေ အကုန်လုံး က အဲဒီ မြစ် ကို အချစ်ဆုံးချစ်ခဲ့ ဖူးကြတယ်..

တောင်ကြားတွေဆီ သူစီး ဆင်း သွားပုံကလေး ..
သိမ်မွေ့ လွန်းလှချည်ရဲ့..
ခင်တွယ်သူတွေ တပုံ တပင် နဲ့.. သူ့ ရင်ခွင်မှာ မြူးတူးပျော်ပါး..
လူတိုင်းနီးပါး.. ကြည်နူးခွင့် ရခဲ့ကြဖူးတယ်...

စိမ်းလန်းစိုပြေနေသော.. မြစ်ကမ်းပါး သစ်ပင်များ..

လွတ်လပ်ပေါ့ပါး.... လယ်ကွင်းကျယ် လွင့်လွင့်များ....

စုန်စုန် ဆန်ဆန်... အပြန်အလှန် ကူးခပ် သွားလာနေသော..
လူများ ..လှေများ... ငှက်သဗ္မာန်များ...  သူ့ ရင်ခွင် အတွင်း မှာ...

သူ့ အပြုံးများ ဟာ.. ရတနာ တပါး.. ရှည်လျားလျား.. သူ့သွင် သဏ္ဍန်
ကဗျာဆန်.. မဟာ ဆန် လှ သူမို့... ရာဇ၀င်အဆက်ဆက်..
ပြိုင်ဖက်မဲ့ သတို့သမီး... ရှုမငြီး ဖွယ်.. လူတွေရဲ့ နှလုံး အလယ်.. သူ နယ်ပယ်ချဲ့ပုံများ.....

ငါတို့ ချစ်နေဆဲပါ.. မြစ်ကလေး ရေ....
လောလော ဆယ်ဆယ် တော့.. မင်း ကျန်းမာရေး.. မင်း ဂရုစိုက်ပါ မြစ်ကလေး....
ဆောင်းခို ငှက် တွေ မင်း ဆီ ရောက်လာတဲ့အခါ.. မင်း ငိုကြွေးသံ တွေ
သူတို့ မကြားသိပါစေနဲ့လား...
တိုးတိုး တိတ်တိတ်လဲ.. မရှိုက်ပါ နဲ့လား မြစ်ကလေးရေ...
မိုးနှောင်း လေပြေနဲ့.. မင်း ပျော်ရွှင်ပါ မြစ်ကလေး...
ကြိုးကြာ တေးသံ နဲ့.. မင်းကြံ့ခိုင်ပါ မြစ်ကလေး...
ရွှေရောင် သဲသောင် မွမွ နဲ့.. မင်း.. တက်ကြွပါ မြစ်ကလေး..
အစိမ်း ရောင်.. ကိုင်းတော များနဲ့... မင်း အသက်ဆက်ပါ မြစ်ကလေး....
မင်း ရဲ့.. အနာဂတ် အရေး... ငါတို့ အနာဂတ်ပါ ပဲ မြစ်ကလေး.......။










မမသီရိ
၂၃ စက်တင်ဘာ ၂၀၁၁



4 comments:

SHWE ZIN U said...

ချစ်သောဧရာဝတီ ထာဝရ ရှင်သန်ပါစေ

seesein said...

အမိ ဧရာဝတီ ထာဝစဉ် ရှင်သန် စီးဆင်းနိုင်ပါစေ

ချယ်ရီမြေ said...

ဧရာဝတီမြစ်ရေ... အမြဲတစေ စုန်ဆန်ကာ စီးဆင်းနေပါစေလေ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

နှင်းနဲ့မာယာ said...

သဘာဝအရှင် ဧရာဝတီ...
မြစ်ကြီးမဟာ....
ရာဇဝင်ထဲက သတို့သမီး....

ကံကောင်းပါစေ.....

နှင်း