Friday, April 23, 2010

ဖြေလျှော့ခွေ

နေ့လဲ နေ့မို့..
မနက်အလင်း .အာရုဏ်ကျင်းရင်
နွေနေခြည်နဲ့
အိပ်တန်းထပြေး ငှက်ကလေးရဲ့
ချိုနွဲ့ ကာရံ သီချင်းသံနဲ့
သခင်အရောက် အမျှော်ထောက်မိ...

ညလဲ ညမို့..
လပြည့် လကွယ် ရွေးချယ်မထား
လေညှင်းဖြတ်သွား..
သစ်ရွက်ကြားက တီးတိုးလှုပ်သံ
သူ့ခြေသံလား နားစွင့်ထားရင်း..
ညဉ့်ငှက်ထပျံ တောင်ပံသံကို
မှီတွယ် ရှိုက်မက်
အိပ်စက် မပျော်..
သခင့် ကိုပဲ မျှော်မိတယ်...

နေ့ကလေးတွေ
တနေ့ပြီး တနေ့ ...
တရွေ့ ရွေ့ ကြာ......
ည ကလေးတွေ..
တညပြီး တည...
မှုန်ပြပြ သာ.....

အဝေးဆီမှာ .. သက်ထား သခင်..
အမုန်းဝင်လို့..
မကြင်နာတိမ်း စိမ်းခဲ့ ပြီလား...

လာလိမ့်လေနိုး.. မျှော်ကိုး မိတဲ့
မျှော်လင့်ချက်တွေ.....

စိတ်ကူးထဲက..
ပြန်ဆုံ ထွေးယှက်..အပျော်ရက်တွေ...
ရော်ရည် စိတ်မှန်း .. အိပ်မက်ကမ်း ကို..
နွမ်းသက်မပြေ... လွမ်းလျှက်မြေမှာ..
မျက်ရည်ဖြာ ရင်း...
နှမ လက်လျှော့ လိုက်ချင်ပြီ........။


မမသီရိ
၂၃.၄.၂၀၁၀

9 comments:

ညလင်းအိမ် said...

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ ... တကယ့်ကို လှပတယ် ...
အဲဒီလို ကဗျာရေးပုံလေးတွေကို ကျွန်တော်တကယ် နှစ်သက်တာ ....

ခင်မင်လေးစားလျက် ...

~ဏီလင်းညို~ said...

အစ်မသီရိရေ...
ကဗျာလေးဖတ်ရင်း.... မျှော်ရတဲ့အဖြစ်ကို တွေးမိလိုက်တယ်...။
ရင်မောစရာပေါ့နော်ဗျ....။
ကဗျာလေး ကောင်းတယ်ဗျာ....။
(နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေဗျ....း))
ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

လက်မလျှော့ပါနဲ့ တီရယ်..
အားတင်းထား...:)

ကိုလူထွေး said...

လက်လဲမလျော့
အမျက်လဲမသော့လိုက်ပါနဲ့
ရက်နဲနဲတော့ ပေးပေါ့ကွယ်

ကိုယ်တော့်မှာလေ
တာဝန်တွေပိ stress မိပြီး
နေမထိထိုင်မသာ ရှိသောခါဝယ်
ကာရာအိုကေ နိုက်ကလပ်တွေနဲ့
ရီဝေယစ်မူး အတွေ့ထူးကြောင့်
တညနှစ်ည သုံးလေးညလောက်
အရောက်နောက်ကျ
ခွင့်လွှတ်ပါ့ငယ် တောင်းပန်တယ်ကွဲ့

ဒါပေမယ့်လေ ပူမနေနဲ့
ဘယ်လောက်ပင်ဆွေး
ဘယ်လောက်ဝေးလည်း
ငွေကြေးသပြာ ကုန်သည့်ခါဝယ်
ဘယ်နေရာပေါက် ကိုယ်ရောက်နေနေ
ချစ်မေရှိရာ ပြန်၍လာမည်
တီတီတာတာ သံသာခွန်းဆင့်
အသင့်စောင့် ရင်း...
နှမ ခေါင်းမော့ ကြိုဦးနော့...

းဝ)

(ကိုယ့်ခေါင်းကိုယ် လက်နဲ့ အုပ်ပြီး ပြေးပြီဗျို့...)

ရွှေရတုမှတ်တမ်း said...

ဖြေလျော့ခွေဇတ်ကားမှာတော့ ကျော်ဆွေနဲ့ မြင့်မြင့်ခင်ပေါင်းရတယ်ထင်တာပဲ..

★Craton said...

မိုက်လှလန်းလှချည်လား တီတီ.. ဟိဟိ
ဂွတ်ဒယ်...း)))

ဟန်ကြည် said...

ကောင်းသဗျာ။ ပထမပါဒမှာ ကာရံလေးတွေထပ်ဖြည့်နိုင်ရင် ဒီထက်တောင်ပိုပြီး ရသမြောက်သွားဦးမယ်...

လင်းဦး(စိတ်ပညာ) said...

နွမ်းသက်မပြေ... လွမ်းလျှက်မြေမှာ..
မျက်ရည်ဖြာ ရင်း...
နှမ လက်လျှော့ လိုက်ချင်ပြီ........။

နှမလက်လျှော့လိုက်ပြီလားဗျ....
ကဗျာလာဖတ်ပါတယ်...
အဆင်ပြေပါစေ...

မြန်မာပြည်ကိုလွမ်းတယ် said...

မမသီရိရေ..မျက်ရည်ဖြာရင်းနှမလက်လျှော့
လိုက်ချင်ပြီဆိုပေမဲ့..ကဗျာလေးထဲမှာလက်မ
လျှော့နိုင်လောက်အောင်ချစ်သူကိုချစ်တဲ့ချစ်
ခြင်းကိုလှလှလေးစပ်ထားတယ်နော်..။သိပ်
လှတဲ့အချစ်ကဗျာလေးပါ..ချစ်သူတိုင်းဆုံနိုင်
ကြပါစေလို့ဆုတောင်းပေးပါတယ်..။