Saturday, April 17, 2010

မပန်ဖြစ်တဲ့ ပိတောက်ခက်မှတ်တမ်း


မိန်အနှောင်းပေလား..
ချိန်စောင်းခါ နွေလယ်ကျူးမှာ
မိုးဦးရဲ့ နိမိတ်ပုံ..
သင်းထုံစွာ.. ပန်းစုံပွင့်ချိန်တဲ့
မြူရိပ်ဆင်တံလျှပ်တွေ ရယ်
ဘယ်ဆီကို ငေးကာ ကြည့်ကြည့်
ဝေရီနေတယ်...

ဆောင်းနှောင်းမှာ ရွက်တွေ ကြွေခဲ့
နုသစ်ဝေ ဖူးတံချီလို့
အညှာမှာ မြရည်လိမ်း
လှလှစိမ်းပါတဲ့ ခိုင်ရွှေဝါ
သင်္ကြန်ခါ တန်ဆာဆင်ပေး
လဲ့ရွှေသွေး ပိတောက်ဝါ
လေအဝှေ့မှာ.. ပျံ့လာ ရနံ့ ရယ်က
ဥသြသံ လွမ်းပုံနွဲ့ နဲ့
ဆွေးစရာပါ..

လွန်လေတဲ့ ကာလ
နှင်းတွေ ဝေစ.. ဆောင်းလ ရဲ့ ဟေမာန်မှာ
ပန်စရာ ရှာလာကာ သူပေးခဲ့
သဇင်ဦး ဖူးညှာတွေက
ရင်ထဲ မှာ မွှေး ဆဲပေမို့
နွေအသက် ပိတောက်ခက်ကို
မေ့ ရဲ့ မောင် အဝေးဆီမှာမို့.
ပန်ဘို့ ကို ရှာသူ မဲ့ လို့ ရယ်
နွဲ့ ကေသာ ဆံညှာထက်မှာ
မေ ချူ ကာ မပန်ဖြစ်လိုက်
လွမ်း အစိုက် မျှော်တော်ယောင်

အိပ်မက်တွေ အတွေးစဉ်ထဲ က
စိုးမိုး မြဲ ချစ်သူ.. မောင်
သူလဲ လေ ဟိုအဝေး မှာ
နွေတန်ဆာ ပိတောက်လေးကို တဲ့
စိတ်တွေးကာ လွမ်းနေလေမလာ့..
ရင်ထဲ မှာ စာနာ စိတ်နဲ့ ရယ်..
တမ်း မိပါတယ်..။

တာသင်္ကြန် နှစ်အကူး
ဟောဒီနွေ လတန်ခူးမှာ
အလှထူးပါတဲ့ မြအဖူး ခိုင်ရွှေကို
ငိုင်တွေကာ မပန်ဖြစ်ပေမဲ့..

ဝသန်ခါ မိုးစက်နဲ့
တိုးဖက်လို့ ကြည်စယ်ကာ..
ပြည်သာယာ တိမ်ညို ကင်းခါမှ..
ငွေ ပွင့်လွှာ စံပယ်ခက်ကို လ
ရွှင်ကြည်စွာ မေ ဆင်မြန်းပါ့မယ်..
ပြန်ဆုံ ရန် လက်ရေ ချိုး
မျှော်ကိုးနေတယ်...။


မမသီရိ

5.5.1990

နေ့စွဲ အရ ဆိုရင် နှစ်ပေါင်း ၂၀ ပြည့်တော့မဲ့ ကဗျာဟောင်းလေး တပုဒ်ပါ။ မနှစ်က သင်္ကြန်မှာ  အကိုအောင်သာငယ်၊ ကောင်းကင်ကိုနဲ့၊ မောင်ဖုန်းမြင့်တို့ စီစဉ်ခဲ့ တဲ့ ပြိုင်တူလင်းတဲ့ ကောင်းကင် ဆိုတဲ့ သင်္ကြန် ကဗျာစုမှာပါဖူးပြီးသား ပေမဲ့ သင်္ကြန်နဲ့ အမိမြေကို လွမ်းနေသူတွေ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

6 comments:

kiki said...

ပိတောက်ပန်းလေးတွေက ပြည်မြန်မာ ပန်းတွေ ထဲမှာ သူသူငါငါကြိုက်ကြတဲ့  အကြိုက်ဆုံး ပန်း လေးပဲ ထင်တယ်နော် ။
ပန်းပိတောက်ကို ချစ်တဲ့သူ တွေ .
သူ့ ခေါင်းမှာလည်း ပန်းဝေဝေ ၊
ငါ့ခေါင်းမှာလည်း ပန်းဝေဝေ နဲ့  ..လေ ။
မမသီရိကျ ဘာလို့  မပန်ဖြစ်လိုက်တာ လည်း ..
သူဆင်ပေးမှ တဲ့လား ... အနှစ် ၂၀ ကြီးများတောင် စောင့်နေသေးတယ် နော်..း((

( ကိသာဆို ကိုယ်ပန်ချင် ကိုယ့်ဟာကိုယ် ယူပန်ပလိုက်တာကြာပြီ .. .း))) ။ အဟိ .ဒါကြောင့် ကဗျာ မဆန်တာပေါ့ ..

နှစ်သစ်မင်္ဂလာပါ မမသီရိရေ ...
ပိတောက်ပန်းလည်း မြန်မြန် ပန်ဖြစ်ပါစေ .

Nge Naing said...

မင်္ဂလာပါ။ နှစ်သစ်မှာ မင်္ဂလာအပါင်းနဲ့ ပြည့်စုံပါစေ မမသီရိ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ကဗျာဆိုတော့ အနှစ် ၂၀ လောက် စိတ်ကူးနဲ့ ပြန်ငယ်ကြည့်ပြီး ဖတ်သွားပါတယ်။

လင်းဒီပ said...

အသစ်မတင်တဲ့အတွက် ပိုစ့်တက်တယ်လို့ မသတ်မှတ်နိုင်ပါ :P

ကိုလူထွေး said...

အနှစ်နှစ်ဆယ်ဆိုတာ ပြောလို့သာ ယုံရတယ်... မထင်ရဘူးနော်...

တကယ်က ဓာတုကလျာ ဖွဲ့ခဲ့တဲ့ ပျို့မှတ်နေတာ...

းဝ)

ရွှေရတုမှတ်တမ်း said...

အနှစ်၂၀...အချစ်မပျယ်...အသစ်ရယ်လို့တောင်..ရှာမတွေ့တော့ဘူးနဲ့တူပါရဲ့

ညလင်းအိမ် said...

ကောင်းလိုက်တဲ့ ကဗျာလေး ...
ကျွန်တော်ကတော့ မဖတ်ဖူးသေးဘူး ...
ဖွဲ့နွဲ့ထားတာ မိုက်တယ် ...

နှစ်သစ်မှာပျော်ရွှင်ပါစေ မမသီရိရေ ..