Wednesday, April 07, 2010

ပိတောက်နဲ့ထပ်တူ


တောင်ပံတစုံ သာ ရလိုက်လို့ကတော့
ဘာပြောကောင်းလိမ့်မလဲ မောင် .. ရေ ..
မောင့်ဆီရှေ့မှောက် ခု အရောက်ပျံခဲ့မှာပေါ့ ကွယ်...

တိမ်တွေက ဘာလို့ ဒီလောက်အုံအုံ ဆိုင်းနေမှန်း မသိဘူး
တိုက်တဲ့လေတွေကလဲ အိုက်လှောင်လို့

ရွက်နုတွေ ဝေနေတဲ့ ပင်ပျို ပင်အို ထက်မတော့ 
ပိတောက်ဖူးတွေက နှစ်ကူး မိုးကို ကြိုလင့်လို့

ဟို တောအုပ် ညိုညို ဆီ နားမတော့
လွမ်းဆွတ်ကြင်ဖွယ် တေးကဗျာတပုဒ် ဥသြလေးက သီ လို့..

ရေတွေခမ်းခြောက်နေတဲ့ မြစ်ဝှမ်းဘေး တဖက်တချက်ဆီ မှာ
တချို့သစ်ပင်တွေက အရွက်ကြွေ.. တချို့သစ်ပင်တွေက အရွက်ဝေ လို့..

ကျမအလွမ်းတွေ မျှော ဖို့ စမ်းရေတွေ တောင် မရှိတော့ပါ လား မောင် ရဲ့..
ငုတွေ က ကျမကို လှောင်တယ်
လွမ်း တတ်လို့ လွမ်းတာလား.. တဲ့
တနှစ်မှာ ၃ ခါ.. တခါ ပွင့် တရက်သာ စွင့် တဲ့. ပိတောက်တွေ ကို
သူတို့ မယှဉ်နိုင်ပဲ နဲ့များ..
ကျမ ကိုလှောင်ရဲ သလား လို့ မေးစမ်းချင်ပါ ဘိ မောင်.. ရေ.


တကယ်ဆို..
မောင့် ကို ချစ်တဲ့အကြောင်း
ကျမ က ပိတောက်သက်သေနဲ့ ပြချင်တာလေ..
သက်တမ်း သန်းချီပြီ ဖြစ်တဲ့ ဒီ ကမ္ဘာ
ခေတ်တွေ စံနစ်တွေ ဘယ်လိုပြောင်းပြောင်း
သူ့ ပွင့်ချိန်က ပြောင်းမှ မပြောင်းတဲ့ ဟာ..
နွေ ကိုချစ်တယ်.. နွေမှာ ပဲ ပွင့်တယ်
နွေမှာ တောင် နှစ်သစ် ကူး ချိန်မှ.. 
ကဲ.. ဘယ်လောက် သစ္စာ မြဲ သလဲ လို့..

ကျမ လေ....
မောင့်ကို... သိပ်လွမ်းတယ်..
ပြီးတော့...
ပိတောက်တွေ နွေ ချစ်သလို..
ကျမလဲ မောင့် ကို.. ချစ်တယ်.. မောင်....။


မမသီရိ
၈.၄.၂၀၁၀

5 comments:

ရွှေရတုမှတ်တမ်း said...

ငါ့နှမ ပန်းကလေး ကဗျာလေးတွေက အသံလဲသာတယ်
ခံစားလို့လဲရလို့ ..တကယ်ကြိုက်တယ်..
(ကိုယ့်ငါးချဉ်..ကိုယ်ချဉ်ခြင်းမဟုတ်)....
အပြင်မှာရော..ဘယ်တွေလွမ်းနေသေးလဲ....

ညလင်းအိမ် said...

အဟိ အဟိ ...
မမသီရိ သိပ်လွမ်းနေပြီလား ...း)
ကဗျာလေး မိုက်တယ် ...

kiki said...

မမသီရိ နဲ့ အတူတူ ..ကူပြီး လွမ်းသွားတယ် ..
သင်္ကြန် ကို ရော ။ ပန်း တွေ ကိုရော ။ ဥသြ သံ ကိုရော ... အားလုံး အားလုံး ..လွမ်းလောက်စရာ တွေချည်းပဲ နော် ။

မသိလို့  မေးရ အုံးမယ် ..မမ ရေ ..
“တနှစ်မှာ ၃ ခါ.. တခါ ပွင့် တရက်သာ စွင့် တဲ့. ပိတောက်တွေ ” ..
ပိတောက် က တနှစ်မှာ တကယ် ပဲ ၃ ခါတောင် ပွင့်တာ လား .... ဒါမှ မဟုတ် ၃ရက်ဆက်တိုက် ပွင့်တာလား ... ဟင့်...း(

မမသီရိ said...

kiki,
မြန်မာပြည်က ပိတောက်တွေက တနှစ် ၃ကြိမ် ပွင့်ကြတယ်
သကြန်ရက် နှစ်သစ်ကူးချိန် ပတ်ဝန်းကျင်လောက်မှာ တကြိမ် နဲ့ သင်္ကြန်လွန်က နေ မိုးမကျမီ ထိ နှစ်ကြိမ် ပေါင်း ၃ ကြိမ် ပွင့်တာလေ
နောက် နှစ်ကြိမ်းကတော့ ပထမ တကြိမ်လောက် မများဘူးပေါ့
တောနယ်ဖက်က လယ်သမားကြီးတွေက ပိတောက်၃ ကြိမ် ပွင့်မှမိုးကျမယ် ဆိုတာ အမြဲပြောပြီး အရမ်းပူပြီ ဆိုရင် ပိတောက် အပွင့်ပဲ စောင့်ကြည့်ကြရတာလေ

ပွင့်တာကတော့ ၂ ရက် ၃ ရက်လောက် ဆက်တိုက်ပွင့်တတ်ပေမဲ့ ပွင့်တဲ့ ပိတောက်ပန်းလေးတွေက တရက်ပဲ ခံတာ
မိုးလင်းတာ နဲ့ မြေပေါ် ကြွေကျကြတာ..

မိုးခါး said...

ကဗျာလေးက မိုက်တယ် ချစ်ဖို့ ကောင်းတယ် ..း)

ပွင့်တာကတော့ ၂ ရက် ၃ ရက်လောက် ဆက်တိုက်ပွင့်တတ်ပေမဲ့ ပွင့်တဲ့ ပိတောက်ပန်းလေးတွေက တရက်ပဲ ခံတာ
မိုးလင်းတာ နဲ့ မြေပေါ် ကြွေကျကြတာ.. ဆိုတာကို မှတ်သွားတယ် ..း)