Wednesday, March 03, 2010

ကွဲကွာခြင်း အနုပညာ

တမိသားနဲ့တမိသား အတူတူနေကြဖို့ဆုံးဖြတ်ပြီး ဘ၀ကိုလက်တွဲ လျှောက်ဖို့ အတွက် နောက်ခံသမိုင်းလေးတွေ အမျိုးမျိုး ရှိကြတယ်။ တချို့က တယောက်နဲ့တယောက် နှစ်နှစ်လိုလို မေတ္တာ သက်ဝင်တာမို့ အတူတူ နေဖို့ ဆုံးဖြတ်ကြသလို၊ တချို့ကျတော့ မိဘ မောင်ဘွားတွေရဲ့စီစဉ်မှုကြောင့် ကိုယ်တိုင်သဘောကျသည်ဖြစ်စေ၊ သဘောမကျသည်ဖြစ်စေ အတူတူနေကြဖို့ သဘောတူရတယ်။ တချို့က အခြေအနေ အကြောင်းကြောင်းကြောင့် မေတ္တာ မရှိသော်လည်း အတူတူနေဖြစ်ကြရတယ်။ တချို့ကျပြန်တော့ ရုတ်တရက်မမျှော်လင့်ပဲ အိမ်ထောင်ကျတတ်ကြပြန်ပါတယ်။

ဘယ်လိုပုံစံမျိုးနဲ့ ပဲ အတူတူ နေကြသည်ဖြစ်စေအုံး တော့ ကမ္ဘာပေါ်မှာရှိတဲ့ လက်ထပ်ထားတဲ့ ကြင်ဖော်ကြင်ဖက်တွေဟာ လမ်းခွဲဖို့ ကိုတော့ ဘယ်သူမှ အလွယ်တကူ စဉ်းစားကြမယ် မထင်ပါဘူး..

အိမ်ထောင်ဖက်ရယ်လို့ဖြစ်လာပြီဆိုရင် မိသားစု ဘ၀ ဆိုတာတွေ ရှိလာပြီးတော့ တခြားသော လူမှုရေး၊ စီးပွားရေး နဲ့ စိတ်ပိုင်းဆိုင်ရာ အပြန်အလှန်မှီခိုအားကိုးလိုမှုတွေ၊ ဖေးမ မှုတွေနဲ့ သံယောဇဉ်တွေ နွယ်ဆက်လာပြီမို့ ခွဲခွာကြဖို့ ဆိုတာအတော် ကြိုးစားရမဲ့ အမျိုးပါ..။

အထူးသဖြင့် မြန်မာအမျိုးသမီးတွေဟာ အိမ်ထောင်ပြုပြီးပြီဆို ဆိုးဆိုးကောင်းကောင်း တဘ၀ လုံး နှစ်မြှုပ်ပေးဆပ်တတ်ကြတာမို့ .. အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့် အမျိုး ရယ်လို့ ရှေးလူကြီးသူမတွေက စာဖွဲ့ခဲ့ကြပါတယ်။

အဲဒါကြောင့်မို့လို့ ထင်ရဲ့နော့။ . အနောက်တိုင်းကလူတွေ လက်မထပ်ပဲ အတူနေ၊ ကလေးမွေးကြတာ၊ အဲဒီအတူနေတဲ့ကာလမှာ စိတ်သဘောထား မတိုက်ဆိုင်တာမျိုး၊ အစေးမကပ်တာမျိုးတွေ ရှိလာရင် အလွယ်တကူ ပြန်ခွာလို့ ရအောင်ထင်ပါရဲ့..။ အဲသလိုမျိုးက မြန်မာပြည်မှာတော့ ရအံ့ မထင်.. တိတ်တိတ်ပုန်းသာ မဟုတ်ခဲ့ရင် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ အရ ပုဆိုးတန်းတင် ရင် အကြင်လင်မယား ဖြစ်သလိုပဲ၊ ရပ်ကွက်ထဲ ကျေးရွာထဲ အရှေ့ ၇ အိမ်၊ အနောက် ၇ အိမ် က ဒီလူနှစ်ယောက် အတူတူနေကြပြီလို့ သိသွား ရင် အကြင်လင်မယား အရာမြောက်တာမို့လေ..။


ဘယ်လိုပဲ ဖြစ်ဖြစ် လောကကြိးရဲ့ အရင်းနှီးဆုံး လူသား နှစ်ယောက်ဟာ နှဖူးစာ မင်ရည်ကျဲလာတဲ့ တနေ့၊ တယောက်အပေါ် တယောက် အကြောင်းအမျိုးကြောင့် စိတ်ကုန်လာတဲ့ တနေ့၊ ဘယ်လိုမှ အတူတူနေကြဖို့ မဖြစ်တော့ဘူးလို့ နှစ်ယောက်လုံးက ယူဆလာတဲ့ နေ့မှာတော့ မြန်မာပြည်မှာ ဖြစ်ဖြစ်၊ တခြား ကမ္ဘာပေါ်က ဘယ်နေရာမှာ ဖြစ်ဖြစ် ကွာရှင်းမှုတွေ ကွဲကွာမှုတွေ ဖြစ်လာရပါတော့တယ်။

တချို့တွေက အဲဒီ ခွဲခွာခြင်းကို အလွယ်တကူပဲ ဖြတ်ကျော်ကြပေမဲ့၊ တချို့ကျတော့လဲ ခက်ခက်ခဲခဲ ကျော်လွှားကြရတယ်။ ဆုံးဖြစ်ချက်တွေချ ဖို့ အချိန်တွေ နှစ်ချီပြီးစောင့်စား ကြသလို တချို့ကျတော့လဲ တထိုင်တည်း၊ တချက်ထဲ ရဲရဲဝံ့ဝံ့ ကွာပစ်လိုက်ကြတာမျိုး..။

ဘာရယ်လို့တော့ မဟုတ်ပါဘူး.. ။ ပြီးခဲ့တဲ့ နှစ်ထဲမှာ လက်ထပ်ခြင်း အနုပညာ ဆိုတဲ့ ပို့စ်လေးတခု တင်ထားဖူးတာမို့.. ခု တခါ တော့ ဖော်ဝါ့ဒ်မေးလ် ထဲ က ရလာတဲ့ ကမ္ဘာ့နေရာ တချို့က စုံတွဲတွေ ရဲ့ ခွဲခွာပုံ နည်းလမ်းလေးတွေ ပြန်လည်ဝေမျှ လိုက်ပါတယ်...။

ကမ္ဘာပေါ်က ချစ်သူစုံ တွဲတိုင်းဘယ်သူ့ကိုမှ နာကျင်စွာ မခွဲခွာစေချင်ပါဘူး..။


ဂျပန်
အိပ်နေတဲ့မိန်းမရဲ့ပုံစံကိုမကြိုက်ခဲ့ရင် ယောက်ျားကကွာရှင်းခွင့်တောင်းနိုင်တယ်။

*အီတလီ*
မိန်းမက အိမ်မှုကိစ္စမလုပ်ဘူး၊ မလုပ်ချင်ဘူးဆိုရင် ယောက်ျားကကွာရှင်းခွင့်တောင်းနိုင်တယ်။

*အာဖဂန်နစ္စတန်*
တကယ်လို့ မိန်းမဖက်က အရင်ကွာရှင်းခွင့်တောင်းပြီးနောက်အိမ်ထောင်ထပ်ပြုခဲ့ရင်နောက်ယောက်ျားက
အရင်ယောက်က်ျားကို မင်္ဂလာစရိတ်နှစ်ဆလျော်ရတယ်။ တကယ်လို့ ယောက်ျားဖက်က
အရင်ကွာရှင်းခွင့် တောင်းခဲ့ရင်မိန်းမနောက်အိမ်ထောင်ပြုတဲ့အခါ နောက်ယောက်ျားက
အရင်ယောက်ျားနဲ့ မိန်းမတို့ဆောင်ခဲ့တဲ့ မင်္ဂလာစရိတ်ကို ပေးလျော်ရပါတယ်။

*အင်္ဂလန်*
ယောက်ျား သို့မဟုတ် မိန်းမ တစ်ယောက်ယောက်ကကွာရှင်းခွင့်တောင်းနိုင်တယ်။ တကယ်လို့နှစ်ဦး
လုံးပြိုင်တူကွာရှင်းခွင့်တောင်းခဲ့ ရင် အတည်မပြုဘူး။

*လက်ဘနွန်*
မိသားစုရိုးရာမှာ မိန်းမဖြစ်သူက အပြင်မထွက်ခင် လင်ယောက်ျားရဲ့ သဘောတူညီချက်ကိုယူရတယ်။ တကယ်လို့ တစ်နေ့မှာ ယောက်ျားက မိန်းမကိုမလိုချင်တော့တဲ့အခါအပြင်ထွက်မယ်လို့ မိန်းမခွင့်လာတောင်းတဲ့အချိန် "သွား.. အိမ်ပြန်မလာနဲ့တော့" လို့ပြောပြီး ကွာရှင်းလို့ရပြီဖြစ်တယ်။

*Togolese Republic*
ယောက်ျားနဲ့မိန်းမ မချစ်မနှစ်သက်ကြတော့တဲ့အခါ သက်ဆိုင်ရာရုံးကိုသွားပြီးကွာရှင်းခွင့် တောင်းနိုင်တယ်။ တာဝန်ရှိသူတွေက သူတို့နှစ်ယောက်ရဲ့ဆံပင်ကိုတစ်ဝက်စီဖြတ်ပြီး အချင်းချင်းလှဲလှယ်ခိုင်းကြတယ်။

*Salvador*
ယောက်ျားနဲ့မိန်းမ မချစ်မနှစ်သက်ကြတော့တဲ့အခါ သက်ဆိုင်ရာရုံးကိုသွားပြီးကွာရှင်းခွင့် တောင်းနိုင်တယ်။ ပြီးတော့ နွားတစ်ကောင်ဝယ် သတ်ဖြတ်ပြီးနှစ်ဖက်မိဘဆွေမျိုး၊ မောင်နှမတွေခေါ်ပြီး စားသောက်ရတယ်။ စားသောက်ပြီးရင်ယောက်ျားနဲ့ မိန်းမ မျက်နှာချင်းဆိုင်ပြီး တစ်ယောက်ကိုပါး(၁ဝ) ချက်စီရိုက်ရတယ်။ပါးရိုက်ရတာက နောက်ဆုံးနာကျင်ခြင်းကို မှတ်ယူစေဖို ဖြစ်ပြီး ရိုက်ပြီးရင်ကွာရှင်းခွင့်ရပြီဖြစ်တယ်။

*Ecuador*
လင်မယားနှစ်ယောက်ကွာရှင်းချင်ရင်(၃)ရက်အစာငတ်ခံရတယ်။ အစာငတ်ခံပြီး (၄) ရက်မြောက်မှာဒေသခံအသက်ကြီး သူတစ်ယောက်ဆီသွားပြီး
အင်အားရှိမရှိအစစ်ဆေးခံရတယ်။ တကယ်လို့ အားမရှိတာမှန်ရင် ကွာရှင်းခွင့်ပေးတယ်။
လိမ်ညာနေတယ်ဆိုရင်တော့ လုံးဝ တစ်သက်လုံး ကွာရှင်းခွင့်မပေးတော့ဘူး။

(စာဖတ်သူတွေ သိနေတဲ့ နီုင်ငံတကာက ကွာရှင်းခြင်း ပုံစံလေးတွေ လဲ ရေးပေးခဲ့ကြပါအုံး..)


အာလုံးကို ချစ်ခင်လေးစားတဲ့

မမသီရိ

6 comments:

ချစ်ကြည်အေး said...

မသိပါဘူး မမရယ်...Salvador က ကွာရှင်းပြတ်ဆဲပုံ မိုက်တယ် ပါး ၁၀ ချက်စီ ရိုက်ရတာ ကြိုက်တယ်၊ သံယောဇဉ် လက်ကျန် ရှင်းတမ်းပေါ့....:)

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဒုခဘဲ မမသီရိတယောက်ကတော့
မိန်းမ မရလို့စိတ်ညစ်နေတဲ့ကြားထည်း
ကွာရှင်းဘို့ အကြောင်းမေးနေတယ်
မှားပါတယ် မမသီရီ၇ယ်
မောင်လေး မှားပါတယ်ဗျာ
မောင်ဇော်ထွန်း

kiki said...

သူတို့  ဥပဒေတွေကလည်း များသောအားဖြင့် ယောင်္ကျားလေးဘက်ကို အလေးသာပေးထားကြတာ ဘယ်တရားမလည်း..
အဟဲ Salvador က ပုံစံ အတိုင်း ..အပြိုင် အဆိုင် အနိုင် ၁၀ချက် စီ ပါးချတာတော့ ကြိုက်သားပဲ ။

Ecuador မှာတော့ လူမလုပ်ချင်ပါဘူး .. ၃ ရက်တောင် အငတ်ခံရမှာ .. ၂ရက်နဲ့တင် သေနိုင်တယ် .း)
မမသီရိ ရော ..ဘယ်နည်းအကြိုက်ဆုံးလည်း.. အဖြေပေးပါ ..း)))

ရွှေရတုမှတ်တမ်း said...

ကဲ...အိမ်ပြန်မလာနဲ့လို့ ပြောပြီးမူချင်တဲ့မိန်းမတွေ...
မှတ်ကရောကွ...

စိတ်စမ်းရေ said...

အယ် ထူးထူးဆန်းဆန်းတွေချည်းပဲနော်...။တနိုင်ငံ
တမျိုးစီပဲ...

kaungkinpyar said...

ဖတ် ၊ မှတ်သွားတယ် ချစ်မ ..