Friday, February 27, 2009

ယုံကြည်ချက်

ကျမ အမြဲပြုံးနေနိုင်ခဲ့တာ..
အဲဒီယုံကြည်ချက်လေး ကြောင့်ပဲ ကွဲ့....။
..........
..........
............
နှင်းဆီပွင့်ဖတ်နုတွေ နဲ့ ခင်းကျင်း..
ကံ့ကော် ၀တ်မှုံလေးတွေနဲ့ မွှေးထုံနေတဲ့..
မွေ့ယာ ကော်ဇောပေါ်.......
အသာအယာ..ကျမ လဲလျောင်းနေတုန်း.......
..........
..........
ကျမရဲ့ ၀ိဥာဉ်လေး ကတော့...
သူ့နား မှာပဲ ...ရစ်သီ ရစ်သီ..
......
ကျမရဲ့ မိုးကောင်းကင်တစ်ခုလုံး..
သူ့ရဲ့ ရှားပါးတဲ့ အပြုံးတွေ နဲ့ ဖုံးအုပ်..
......
ကျမရဲ့ လေပြေ အားလုံးကတော့..
သူ့အမည်လေးကို ရေးထိုးထားခြင်းနဲ့ ပြည့်နှက်..
.....
ကျမရဲ့ စမ်းချောင်းကွေ့ကောက်လေးမှာ..
သူ့သီချင်းသံ ချိုမြမြ တွေ နဲ့ကြည်လင်အေးစိမ့်..
.....
ကျမရဲ့ ပင်လယ်တစ်ခွင်ထဲ မတော့..
သူ့ကဗျာတွေက လှိုင်းအိလေးတွေ ထ....
.....
ကျမရဲ့ ပန်းပွင့်လေးတွေ အတွက်
သူဟာ အနှိုင်းမဲ့ ဥယျာဉ်မှူး...
.....
ကျမ ချမ်းအေးတဲံ အခါမျိုး..
သူ့ ၀ိဥာဉ်လေး က လာနှိုးလို့ နွေးနေခဲ့..
......
ကျမ ပူလောင်နေတုန်း ကာလ..
သူ့မေတ္တာရေ လေးက အေးစေခဲ့..
.....
ကျမလဲ ကျတော့..
ဘေးကကူ ..သူ...ထူပေးလို့ ဖေးမ...
.....
ကျမချစ်ရတာ..
သူ့အမည် စာလုံးပေါင်းလေးတွေက အစ ပါ....
.......
ကျမကမ္ဘာထဲ..သူ့ကို ကျမပိုင်တယ်..
ညမွှေးပန်း ရိုးတံတွေနဲ့ ထိုးစိုက်ထားတဲ့..
ကျမရဲ့ ခြံစည်းရိုးလေးထဲ..
ကျမ သော့ခတ်ပြီး သိမ်းထား တဲ့..
ကျမချစ်တဲ့ သူ့ရဲ့ ပုံရိပ်တွေ..
သူ့ကိုချစ်တဲ့ ကျမရဲ့ အချစ်တွေ.....
......
......
ကဲ...
ဘယ်သူတွေ ဘာပြောချင်သေး လဲ..
ဘယ်သူတွေ လာလုချင်သေးလဲ...
ကျမ တံခါး က အတော့ ကို ခိုင်တော့..
ကျမရဲ့ သူ့ ကို..
ဘယ်သူမှလဲ လုမယူနိုင်တော့ ဘူး ပေါ့..........
............
................
ကျမ..အမြဲ ပြုံးနေနိုင်ခဲ့တာ...
အဲဒီယုံကြည်ချက်လေး ကြောင့်ပဲ ကွဲ့..........။
မမသီရိ (၂၅.၂.၂၀၀၉)

Friday, February 20, 2009

ရွာထဲက အပြန်......

ကျမရဲ့ မိဘတွေက ကျမတို့ ညီအစ်မတွေကို သူများ အိမ်သွား လည်တာမကြိုက်ပါ ဘူး....သူများအိမ်နား သွားတတ်တဲ့ ကြက်..မျှားပါတတ်တယ်...သူများအိမ်နား သွားတဲ့.သား..စကားပါတတ်တယ်... ဆိုတဲ့ စကားပုံ ကို အမြဲ ပြောနေတော့..ကျမတို့ တစ်တွေ လဲ..ငယ်ငယ် ထဲ က သူများ အိမ် သွားလည် တဲ့ အကျင့် မရှိခဲ့....။ ခု..လူလား မြောက်လို့..ကိုယ့် ဘ၀ ကိုယ် လျှောက်လှမ်း ခဲ့ တာ ကြာပေမဲ့ လဲ..အဲဒီအကျင့်လေး က ..အရိုးစွဲ နေဆဲ ပါ..... တော်ရုံ တန် ရုံ နဲ့....ဘယ်သူ့ အိမ်ကိုမှ သွားလည်ဘို့စိတ်မကူး မိ....ဒါပေမဲ့...ဆူစရာ မိဘတွေ မရှိတော့တဲ့ နောက်ပိုင်း.....ကိုယ့် အရွယ်ကလဲ ရင့်ကျက်ခဲ့ ပြီ ဆိုတော့...လမ်းလေး..ဘာ လေး....နဲနဲ လောက် သလား တတ်..လာ..သပေါ့ နော်...း).....။
.........................
အဲဒီနေ့က အမှန်က.. အားလို့ ရယ်တော့မဟုတ်..ပေမဲ့...အလုပ်တွေ အာရုံစိုက်ရတာများလာတော့.. ခေါင်း က.. နောက်ချင်ချင်... ဇက်ကြောကတက်ချင်ချင်မို့....စိတ်ပြေလက်ပျောက်ရွာထဲလမ်းလျှောက် ထွက်ခဲ့မိပါတယ် ..ကျမနဲ့ဒီရွာလေးက.. သိပ်မရင်းနှီးလှသေး... မရင်းနှီး ဆို. .ကျမ ရောက်တာ..ကြာမှ မကြာသေးပဲကို .....ဘယ် နားက သွား..ဘယ်ကို ရောက်မယ်....ဘယ်လမ်းက ဘယ် ကို ရောက်တယ်..ဘယ်နား မှာ..ဘယ်သူ့အိမ် ရှိတယ် ရယ်လို့...သိပ်သိလှ တာ မဟုတ်ပေမဲ့...အရဲ ကိုး ပြီး ထွက်ခဲ့ တာပါ...
........................
အစ်ကို့ကို ပြော ရင်တော့..သူမအားတဲ့ကြားကလိုက်ပို့ ပေးချင် လိုက်ပို့ပေးမှာဖြစ်ပေမဲ့.. တကူးတကပြောရ မှာ..အစ်ကိုပေမဲ့အားနာရသေးတယ်လေ..အစ်ကိုက.ကလေး ၃ ယောက်လဲထိမ်းရ..အလုပ်ကလဲလျှောက်ထား ဆဲ.ဆိုတော့..ဘယ်အချိန် အင်တာဗျူး ခေါ်မလဲ လို့... Be Ready... Be Alert & Be waiting ...... ..ဒီကြားထဲ..ယောင်းမကို..ကူညီ ချက်ပြုတ်ပေးရတာတွေ ရှိသေးတော့. ..ကိုယ်ကအလိုက်သိရ တာပေါ့ နော်......အဲ ..နောက် တစ်ချက် ကလဲ...အစ်ကို ပါ တော့..သိပ်မလွတ်လပ် ဖူးလေ..း).. .ကိုယ်လေကြောရှည် လို့ ရချင်မှ ရမှာကိုး...း).......သူ့ရှေ့ သွားပြီး..၀ါသနာအရင်းခံအတိုင်း မဆီမဆိုင်တွေ သွားပြီး စကားကြောရှည်မိလို့က ...ဒီအရွယ်ကြီးရောက်မှ...လူတွေရှေ့..ဇက်ပိုးအုပ်ခံထိလို့လဲ မသင့်တော် ...သူကအင်မတန် စိတ်တိုတတ်သူ. .....သူအရင်ရောက်နှင့်ပြီး ..အခြေတကျဖြစ်နေတဲ့ ရွာလေးထဲမှာ ..နောက်မှ ရောက်လာ အခြေ ချသူ ကျမရဲ့ ..အိမ် စုတ်စုတ်လေး..ကိုတော့.. အစ်ကို ကောင်း တစ်ယောက် ပီသစွာ နဲ့..စိတ်ရှည် လက်ရှည် အလှဆင်ပေးခဲ့ ပါတယ်......သူ့ညီမ က ..ဆရာ သာ လုပ် တတ်တာ..အဖြစ် ကဘာမှ ရှိတာ မဟုတ်...း).....သူ စိတ်တိုမိရင် ...နရင်း အုပ်ခံ ထိမဲ့ အပြင်..ကျမရဲ့ အိမ်ကလေး..ပြုပြင်ဖို့လို အပ်ရင်.လဲ ...ပြင်ပေးတော့မှာမဟုတ်တာနဲ့. ..သူ့ကိုတော့စိတ်မတိုစေချင် ....ကဲ. ..နောက်ဆုံးတော့...တစ်ယောက်ထဲထွက်လည်တာ ..အကောင်းဆုံး ...ဆိုတဲ့ ဆုံးဖြတ်ချက် အဖြေ ရတော့တာပေါ့......။
...............................
ကျမနေတဲ့..အိမ်လေးထဲကထွက်ပြီး .. ရွာထဲလမ်းပေါ်ရောက်တော့ ..ဒီရွာလေးဟာ.. အတော့်ကို သာသာယာယာရှိပြီး ...လူတိုင်းစိတ်ပြေလက်ပျောက် လမ်းထွက်လျှောက်ချင်စရာကောင်းတဲ့ ရွာကလေး... အိမ်လည်ထွက်ချင်စရာ ..ရွာကလေး ဆိုတာ ...သေချာ နေပါတော့ တယ်...
..................................
လမ်းလေးတွေ..က ဟိုအရင် ကျမ အလုပ်သွားလုပ်ဖူးခဲ့တဲ့..မြို့လေးမှာလို ..ချိုင့်ခွက်တွေမရှိ...ပလပ်စတစ်အိတ် တွေ မရှိ. ..ဖုန်လဲမထူ.. ..လေနုအေး က တသွေးသွေး နဲ့ ပါ.......
...............................
အိမ်လေးတွေကလဲ.. သပ်သပ်ရပ်ရပ်စီစီ ရီရီ.... .ဆေးရောင်စုံတွေနဲ့..သစ်လွင်လှပလို့... .ရောင်စုံပန်းခင်းလေး တွေပေါ်မှာတော့. .လိပ်ပြာလေးတွေ.. နဲ့... ပျားကောင်. .သေးသေးလေးတွေ...လူးလာခေါက်တုန့်... ..လူသိပ် မရှုပ်လှတဲ့ လမ်းပေါ်မှာ. ..လျှောက်သွားနေရင်း ...နားထဲမှာ.. တချို့အိမ်လေးတွေဆီက ..သီချင်းဆိုသံလေးတွေ ကြားရသလို. ..တစ်ချို့အိမ်လေးတွေဆီကတော့ ...ကဗျာ ရွတ်သံ...လှလှလေးတွေ. .ပျံ့လွင့်လာတာလဲ..ကြားရရဲ့. .တစ်ချို့အိမ်လေးတွေထဲမှာတော့ ..တစ်ချို့တစ်လေတွေက. .တိတ်တိတ်ဆိတ်ဆိတ် စာထိုင်ဖတ်လို့ . တစ်ချို့နေရာလေးတွေမှာတော့..ဂစ်တာသံလေးနဲ့ငြိမ်ံ့ညောင်းလို့ ....တစ်ချို့ကလဲ. .ဗီဒီယိုကားတိုလေးတွေ ..ကြည့်ကြ. .....တစ်ချို့ကျတော့..စိတ်တူကိုယ်တူ. ..၀ိုင်းဖွဲ့ပြီး... သတင်းပြောသူပြော.. ..အတင်း..ပြောသူပြော.. ..း).. ...အားကျစရာကြီး.ပါ၊ ..တစ်ယောက်နဲ့တစ်ယောက်ချစ်ချစ်ခင်ခင်. ..လှမ်းပြောနှုတ်ဆက်သူတွေလဲ မရှား.. ...တကဲ့ ကြည်နူးစရာ.ကောင်းတဲ့မြင်ကွင်းလေးတွေပါပဲ..။ တစ်ချို့ကလဲ.. .အာဘောင်အာရင်းသန်သန်နဲ့...ခေတ်သစ်တစ်ခုဆီချီတက်ကြဘို့. .ညာသံတွေပေးလို့..။ ကလေးတွေကတော့အရုပ်လေးတွေနဲ့ ဆော့နေကြ တာလဲ မြင်ရရဲ့..။
.....................................
ကျမ တစ်ယောက်ထဲ ..သွားရင်း..သွား ရင်း. ..ဒီရွာလေးက..ရွာလေး လို့ ပြောလို့ မရတော့ အောင်.. အတော် ကျယ်ဝန်း တာ ..တွေ့ လာ ရပါ တော့တယ်...
ကျမ က..ဒီရွာ နဲ့ မျက်နှာ စိမ်း ဖြစ်နေတော့...ကိုယ့် ကို..ရင်းရင်း နှီးနှီး..နှုတ်ဆက်လာ သူက ရှားရှား ပါးပါး.... နဲနဲ သိတဲ့ တစ်ယောက်တလေ ကျတော့လဲ...အတော့ကို..အလုပ် များသူတွေ ဖြစ်ကြမှာမို့..ကျမအတွက်..ဂရု တစိုက်သိပ်အချိန်ပေးနိုင်ပုံမရကြ...ဒါပေမဲ့..မြန်မာတို့ရဲ့ချစ်စရာ..ယဉ်ကျေးမှုလေးကြောင့် ယဉ်ယဉ်ကျေးကျး လှမ်းပြီး ပြုံးပြသူတွေရှိတာမို့.. တော်သေးတာပေါ့...နို့မို့..ကျမတစ်ယောက်ထဲ လမ်းပေါ် မှာ.. ကြောင်တောင် တောင် ဖြစ်နေမှာ လေ.....
..............................
ဒီလိုနဲ့ တစ်နေရာ ရောက်တော့...ကိုးရီးယား ဇာတ်လမ်း တွေ အကြောင်း ပြောပြနေတဲ့..ချစ်စရာ ညီမလေး တစ်ယောက်နဲ့ တွေ့ပါတယ်....သူ..ကြည့်တဲ့ အကြောင်းတော့ မဟုတ်ပါ ဘူး..မကြည့်တဲ့ အကြောင်း ပါ...သူ က..မြန်မာပြည်မှာတုန်းက..ကိုးရီးယား..လူမျိုးတွေ ဖွင့်တဲ့..စားသောက်ဆိုင်နဲ့ ကုမ္ပဏီနှစ်ခုမှာ .လုပ်ခဲ့ ဖူး ပြီး...သူလုပ်ခဲ့ ရတဲ့...ကိုးရိးယား လူမျိုး..ပိုင်ရှင်သူဌေးတွေ ဟာ..မြန်မာ မိန်းကလေး ငယ်တွေ အပေါ်မှာ...ဖျက်လို ဖျက်ဆီး..လုပ် ..ဂုတ်သွေး စုပ်..ပြီး...ရိုးသားတဲ့ ..ကျေးလက် က မိဘ တွေ အပေါ် မှာ..နိုင့်ထက်စီးနင်း...လုပ် တာကို သိခဲ့ ရလို့.. ကိုးရီးယား ကား ကြည့်တိုင်း...အဲဒီ ကိုးရီးယားကြီး ရဲ့...မျက်နှာ ကို ပဲ မြင်ယောင်နေလို့ ပါတဲ့.....ပြီးတော့ သူ့ စိတ်ထဲ မှာ..ကိုးရီးယား လူမျိုး အများ စု က ..အဲဒီ လိုမျိုး ချည်းပဲ လို့ သတ်မှတ် ထားခဲ့ပါ တယ်......ပြီးတော့..တာဝန်မကျေ..အကျင့်ပျက် တဲ့ နိုင်ငံ ၀န်ထမ်း တစ်ချို့...စံနစ်..အဲဒါလေးတွေ ပါ ပါလာ ပါတယ်....
အဲဒီ နေ့ က...အဲဒီ ညီမလေး နဲ့ တွေ့ပြီး....ရှေ့ ဆက် မသွား ဖ်ြစ်တော့ ပဲ..အတွေးတွေ တပွေ့ တပိုက် နဲ့..ကျမ အိမ် ကို..ပြန် လှည့် လာဖြစ်ခဲ့ပါ တော့ တယ်....
...............................
အဲဒီညီမလေး ဖက်က ကြည့်ရင်တော့..မှားတယ် ပြောလို့ မရပါဘူး...သူ့ ဘ၀လေး နုနု ငယ်ငယ် အချိန်မှာ...ရုပ်ဆိုးတဲ့ အဖြစ်တွေ..မျက်မြင် ကိုယ်တွေ့ ဖြစ်ခဲ့ ရတာ ဆိုတော့.. သူ အဲသလို ခံ ယူ ရင်.. လဲ ..ခံ ယူ ချင် စရာပါ.. သူလေးနဲ့ တွေ့ခဲ့ပြီးတော့ ပြန်လှည့်လာခဲ့ တဲ့ အချိန် တွေးမိတဲ့ အတွေးလေး တွေ ရဲ့ နောက်ကိုကျမ လိုက်ပါ သွားနေမိပါ တယ်။

..................................

(စကားချပ် အနေနဲ့ ပြော ရရင်.. ကိုးရီးယား အစိုးရ ကိုယ် တိုင် က... သူ့ နိုင်ငံ ထဲ မှာ..ပြောင်းလဲ.လာတဲ့ သူတို့ နိုင်ငံသားတွေ ရဲ့ အကျင့် စရိုက် နဲ့..ခေါင်းပါး လာနေတဲ့ မေတ္တာ တွေ အတွက်...တချို့ ကားတွေ..ကို..ပေါ်လစီ သဘောမျိုး နဲ့ ကို..ထုတ်လုပ် ဖို့ အားပေး တာလို့ ကျမကြား ဖူးပါတယ်..မှန် ချင်မှလဲ ..မှန်မှာပါ...ကျမ တော့...သိပ်မကြည့်ဖူးပေမဲ့...ကြည့်ဖူးသလောက် ပြောရရင်..ကိုးရီးယားကား အများစုဟာ..အချစ် နဲ့ မေတ္တာတရားကို....အခြေခံ ပြီး..ဇာတ်အိမ်ဖွဲ့ ထားတာမို့..မြန်မာတွေ ရဲ့ နှလုံးသား နဲ့ အတော် နီးစပ်ပါလိမ့်မယ်...ပြီးတော့...တစ်ချို့ စကား အသုံး အနှုန်းတွေဟာ...ဘ၀ အတွက် သင်ခန်း စာ ..ယူစရာတွေ လဲ ..အများ ကြီး ပါတာ ကို.. တွေ့ ရပါ တယ်.... အားလုံးကိုတော့ မဆိုလိုပါဘူး...ပြီးတော့..ကျမတို့ မြန်မာဆိုရိုးတစ်ခုကလဲရှိသေးတယ်..လေ..ကြည့်တတ် တော့...ဘာဝနာ...မကြည့် တတ်တော့တဏှာ တဲ့....း).....ထားပါတော့......
........................................

.ကျမ စကား ကို..ပြန်ကောက် ရရင်တော့...လူ တစ်ဦးချင်း တစ်ယောက်ချင်းစီ ဟာ...သူနေထိုင်ရာ..နိုင်ငံ..သူ့ရဲ့ လူမျိုး.နွယ်စု...သူ့ အဖွဲ့ အစည်း တွေ ကို..ကိုယ်စားပြု တာ မှန်ပေမဲ့........လူနည်း စု တစ်ယောက် စ..နှစ်ယောက် စ လောက် နဲ့...လူမျိုး တစ်မျိုး လုံး ..နိုင်ငံ တစ်နိုင်ငံ..အဖွဲ့ အစည်းတစ်ခုလုံး..ကို...ပုံဖေါ်..ဝေဖန်လို့မရနိုင်သလို...တစ်မျိုးတည်းပါပဲရယ် လို့လဲ...မသုံးသပ်သင့်ပါ ဘူး....အဲဒါကျမ အမြင် ပါ...
..............................

ဝေးဝေး မကြည့် ပဲ ..ကိုယ့်မိသားစု ဒါမှ မဟုတ်လဲ.. ကိုယ့်နား ပတ်ဝန်း ကျင် ကြည့် ကြည့် ကြ ရင်..မိသားစု တစ်ခု ထဲ မှာတောင်...တူနိုင်ကြတာ မဟုတ်...အဖေ အရက်သမား ဖြစ်လို့..သား က အရက်သမား လိုက်ဖြစ်..သမီးက..အရက်သမား မယား.. ဖြစ်ရ ရိုး ထုံးစံ မရှိနိုင်...ဘယ်မိသား စု..ဘယ်လူမျိုး..ဘယ်အဖွဲ့ အစည်း.ဘယ် တိုင်းပြည်မှာပဲ ဖြစ်ဖြစ်...ကောင်းတဲ့သူ..ဆိုးတဲ့သူ..ကိုယ်ကျင့်သိက္ခာ ရှိသူ..မရှိသူ..အကြင်နာ ရှိသူ..အကြင်နာမဲ့သူ ....စသဖြင့်...လူ အမျိုးမျိုး စိတ်အထွေထွေ..ရှိကြမှာပါ......လူတွေ အားလုံး တူနေကြ...ကောင်းနေကြ ရင်.......ကမ္ဘာကြီး.က...ဘယ်လို လုပ် လူ့လောက ကြီး ဖြစ်တော့မှာလဲ ..နော်....ရန်မဖြစ်ကြရ ရင်..ပျင်းစရာ..ကောင်းချင် ကောင်းနေမှာ....း)......

..........

ဒါနဲ့ပဲ..ကျမကိုယ့်ကိုကိုယ်ပြန်မေးမိတယ်....ဒုတိယကမ္ဘာစစ်တုန်းက..ဖက်ဆစ်ဂျပန်တွေ..အရှေ့တောင်အာရှ တလွှား မှာ..ဗိုလ်ကျ စိုးမိုး..အနိုင်ကျင့်..ဖျက်ဆီး..ကမ္ဘာကို လွှမ်း ဖို့ ကြိုးစား ခဲ့ ဖူးတယ်...ဂျပန်တစ်နိုင်ငံ လုံး သားတွေ..ဖက်ဆစ်တွေ လား........ကျမတွေ့ဖူးသမျှ...အလုပ်တွဲ လုပ်ဖူးသမျှဂျပန်လူမျိုး တွေက...အရမ်း နူးညံ့သိမ်မွေ့လွန်းလှပါတယ်...လူ့စည်းကမ်းတွေကို....ကျမတို့မြန်မာတွေနဲ့မခြား..လေးစား လိုက်နာသလိုပဲ. ..ယဉ်ကျေးလွန်းလှပါတယ်....ဒါပေမဲ့..ဂျပန်လူမျိုး တိုင်း.ဒီလိုတော့ ဟုတ်ချင်မှ ဟုတ်မှာပါ........

.....................

ကမ္ဘာ့အကြမ်းဖက်သမား ကြီး..အူစမာဘင်လာဒင်က...လူတွေ သတ်ဖို့ ကြိုးစားနေယုံနဲ့...အာဖဂန်နိုင်ငံသား တွေအားလုံး...လူသတ်သမားတွေလား..NHK သတင်းဌာနက..လူ့အခွင့်အရေးနဲ့.ကျား..မအခွင့်အရေးတွေ ..ဇောင်းပေးရိုက်ကူးထား..တဲ့...အာဖဂန်နောက်ခံ....အိုဆာမာ..ဆိုတဲ့..ဗီဒီယို..ကားတိုလေးကို.ကြုံရင်...ကြည့်ဖူးကြစေချင်ပါတယ်...တာလီဘန်တွေ စိုးမိုးတဲ့ ကာလမှာ..လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့..မိန်းကလေး တစ်ယောက်အကြောင်းအခြေခံပြီး အာဖဂန်ရဲ့သာမန်လူတွေအကြောင်းပါ..အင်တာနက်မှာ..ရှာလို့ရနိုင် မလား ..တော့ ကျမလဲ မပြာတတ်..အဲ..ကျမ မရှာတတ်ပါ..း).............

........................

ကိုယ့်..အနား ပြန်ကြည့်..ကြရင်..ကျမတို့ရဲ့ဆွေမျိုးပေါက်ဖေါ်ကြီးတွေ..ကျမတို့ နိုင်ငံထဲ..အသံတိတ် နယ်ချဲံ့လာနေခဲ့တာ...ကျမတို့ နိုင်ငံ ထဲ..ဘယ်နားထိ ရောက်နေသလဲ..လို့ ..အားလုံးသိကြမှာပါ...ကျမတို့..ဘယ်သူ မှ..မပျော်ကြပါ ဘူး.....မုန်းတယ်လို့တောင် ပြောလို့ ရပါ တယ်...ဒါပေမဲ့...ကျမတို့ အပါ အ၀င်..တစ်ကမ္ဘာ လုံး သူတို့နဲ့ ဘယ်သူ မှ မကင်းနိုင်ကြ.....ကမ္ဘာ ပေါ်မှာ ရှိတဲ့..အိမ်တိုင်း နီးပါးလောက် မှာ..တရုတ်လုပ် ပစ္စည်းတွေ ရှိနေနိုင်တယ်..လို့..ကျမရဲ့ မိတ်ဆွေ ဂျပန်မလေး တစ်ယောက်က ပြောဖူး ပါတယ်..........။ ....တရုတ်စပ် အမျိုးသမီးကို လက်ထပ်ထားတဲ့ ကျမရဲ့ဆွေမျိုး နီးစပ်တစ်ယောက် က..အမြဲ နိုင်ငံရေးစကားနဲံ့..မျိုး ချစ်စိတ်..အမျိုးဂုဏ်ဆိုတာမျိုးတွေ..အားရပါးရ ပြောတတ်သူပါ...ခေတ်ပြောင်း ကာလမှာ..ဆွေမျိုးပေါက်ဖေါ်တွေ စီးပွားရေးနဲ့မြေယာတွေ နယ်ချဲ့လာတဲ့အချိန်..သူကပဲ..အာပေါင်အာ ရင်းသန်သန်...ဆွေမျိုးပေါက်ဖေါ်ချစ်ကြည်ရေးကို အသည်းအသန်ဝေဖန်တာပါ....တစ်နေ့သူလက်ဖက်ရည်ကြမ်း ၀ိုင်းနဲ့..ပြောဖေါ် ပြောဖက် မိတ်တွေ နဲ့ ပြောနေတုန်း...ကျမ ရောက်သွား တော့..ကျမ လဲ..မနေနိုင် မထိုင်နိုင်...၀င်ပြောမိပါတယ်..ဦးလေး မိန်းမကွာလိုက်ပါ လား...အဲဒီလောက် ဒီလူမျိုး မုန်းနေရင်..လို့.....ဘာပြောကောင်းမလဲ..ကျမ ကို..စကား ဟ..ဟ မပြောတော့ တာ...ခုထိ....း).

.....အမှန်က..ကျမ ဆွေမျိုးပေါက်ဖော်တွေချစ်လို့ပြောတာမဟုတ်ပဲ ..ဦးလေးရဲ့. .အဖြစ်ကို အမြင်ကပ်လို့ပြောခဲ့ တာပါ .....(ကိုယ့်ထမင်း ကိုယ်စား..သူများ အမြင်ကပ်အောင်လုပ်တတ်သူကျမ..လေ...း)) .တကယ်ဆို..ကိုယ့် မှာ အားနည်း ချက်ရှိတဲ့ သူတွေ ဟာ အားနည်းချက်လေးတွေကို ဖုန်းကွယ်နိုင်ဘို့ အသံပိုပြီးကျယ်လောင်တတ်တဲ့ အကြောင်း.ကျမအသိနောက်ကျခဲ့တော့..ဦးလေးရဲ့အမြင်ကပ်တာခံခဲ့ရတာ..နည်းသေးတယ်တောင် ပြောရမှာပါ.. ။

............................................

ကဲ...နောက်တစ်ယောက်...နာဇီဝါဒ ကို အသက်သွင်းပြီး..ဂျူး မုန်းတီးရေး နဲ့ ဂျူး လူမျိုး တွေကိုရက်ရက် စက်စက် သတ်ဖြတ်ခဲ့တဲ့ကမ္ဘာ့ သမိုင်းဝင်ဖက်ဆစ်ကြီး ဟစ်တလာ ကလူသတ်သမား ဖြစ်ယုံနဲ့ ဂျာမန်လူမျိုးတွေ အားလုံးက လူသတ် သမားတွေ လား.....

ဟစ်တလာ ဆိုလို့...ကြုံတုန်း ကျမရဲ့ အတွေ့အကြုံလေး တစ်ခု ဝေ မျှချင်ပါသေးတယ်..။

ကျမရဲ့ ရာဇ၀င်တွေ ထဲက ချွေးပြန်ခဲ့ ရတဲ့ ကာလ တစ်ခု ပါ..။

..............................................

မြန်မာနိုင်ငံမှာ နံ့ပါတ်စဉ် (၃) လို့ သတ်မှတ်ခံခဲ့ ရပေမဲ့.နိုင်ငံတစ်ကာ မျက်နှာစာ မှာ နံပါတ် (၂) အဖြစ် အမြဲ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ကျမတို့ရဲ့ဘဘကြီး နဲ့ တဖွဲ့လုံး အထိမ်းသိမ်းခံ..အဖျက်သိမ်းခံရပြီးစလေးမှာပါ။ ကျမ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကုလသမဂ္ဂ အေဂျင်စီ တစ်ခုမှာ နိုင်ငံတော်အဆင့် အထိမ်းအမှတ် အခမ်းအနား တစ်ခု လုပ်ခဲ့ပါတယ်..။ ရန်ကုန်မှာ မဟုတ်ပဲ စီမံကိန်း ရှိနေတဲ့ တောမြို့လေးတစ်ခု မှာပါ။ မြန်မာနိုင်ငံမှာ တာဝန်ကျနေတဲ့ နိုင်ငံခြား သံတမန် အားလုံးနီးပါး ၂ ညအိပ် ၃ ရက် ခရီးစဉ် နဲ့ အဲဒီ အခမ်း အနားကိုတက်ခဲ့ ကြပါတယ် ။ ကျမ မှတ်မိ သလောက် ဆိုရင် သံအမတ်ကြီး အဆင့်တွေ အပါအ၀င် အဆင့်မြင့်သံတမန် ၀န်ထမ်း ၂၀ ကျော်လောက် ပါ ပါ တယ် ။ စီမံကိန်း ကြီးသလောက် ၀န်ထမ်းနည်းတဲ့ အဖွဲ့အစည်းမှာ ကျမက ဧည့်သည်တွေ အားလုံး အတွက် ခရီးစဉ် အဆင်ပြေချောမွေ့စေရေး..နေထိုင် စားသောက်ရေး နဲ့ Field visit တွေ ကို စီမံကိန်း မန်နေဂျာ နဲ့ အတူ အောက်ခြေသိမ်း အသေးစိတ်ရေးဆွဲ စီစဉ် လုပ်ဆောင်ခဲ့ ရတဲ့ အပြင်.. အခမ်းအနား မှာ လဲ MC လုပ်ခဲ့ ရပါတယ်..။ ၂ လလောက်ကတည်းက တင်ကြို ပြီး စီစဉ်တာတောင် အတော့ ကို ဖတ်သီ ဖတ်သီ နိုင်ခဲ့တာပေါ့ ။ သံတမန်တွေ ရဲ့ လုံခြုံရေး ကိုတော့ ကာကွယ်ရေး ၀န်ကြီးဌာနက တိုက်ရိုက် တာဝန် ယူပေးပါတယ်။

....................................

နိုင်ငံတော် အကြီးအကဲ အားလုံးနဲ့ အတူတကွ သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ ၀န်ကြီး အပါ အ၀င် အဆင့်မြင့် အစိုးရ အရာရှိတွေကို ရန်ကုန်ရုံးချုပ် က အဲဒီအခမ်းအနား ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမဲ့... ဘာ့ကြောင့်မှန်းတော့ မသိ.. ၀န်ကြီးဌာန လက်အောက်ခံ ညွှန်ချုပ် ၂ ယောက် ၃ ယောက် နဲ့..အစိုးရ ကိုယ်စားလှယ် အဖြစ် ခရိုင်အဆင့် အုပ်ချုပ်ရေး အာဏာပိုင် ပုဂ္ဂိုလ် တစ်ဦး သာ တက်ရောက်ခဲ့ပါတယ်..။

အခမ်းအနား အစီအစဉ်တွေ အတိုင်း သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အသီးသီး အမှာ စကားပြောကြားပြီးတဲ့ နောက်မှာတော့ ညစာ စားပွဲ အစီအစဉ် ပါ။ ၀န်ထမ်းအင်အား နည်းတဲ့အပြင် တောမြို့လေး မှာ ကျွမ်း ကျင်တဲ့ ဧည့်ခံ စာပွဲထိုးတွေ မရှိတာမို့ ညစာစားပွဲကို ပွဲနေပွဲထိုင် သဘောမျိုး မဟုတ်ပဲ ကိုယ်တိုင်ထယူစံနစ်နဲ့ တည်ခင်း ဧည့်ခံ ဖို့ဆရာနဲ့ ကျမ ဆုံး ဖြတ်ခဲ့ ကြပါ တယ်။ နည်းနည်း ပါးပါး လိုအပ်သလောက် ကို တော့ ..တခြား နီးစပ်ရာ အေဂျင်စီ တွေက ၀န်ထမ်းတွေကို အကူအညီတောင်းပြီး ဘေးက ပံ့ပိုးပေးကြပါတယ်။

..........................................

ကျမလဲ..အခမ်းအနားမှူး တာဝန်က ယာယီ ဆင်းပြီး အခြားသူတွေ နဲ့ အတူ ဧည့်ခံ ပေးနေတုန်း..Head of Mission နဲ့ နိုင်ငံတော်အစိုးရကိုယ်စားလှယ်တို့ ထိုင်နေတဲ့ဝိုင်း က Head of Mission က ကျမကို လှမ်းခေါ်ပါတယ်..ကျမလဲ ဘာအလိုရှိသလဲ မသိဘူး ဆိုပြီး ခပ်သုတ်သုတ် ပဲ စားပွဲဝိုင်း နားကပ်သွားတော့..ကံက ဆိုးပုံများ..ကျမ ကို သူနဲ့ အစိုးရကိုယ်စားလှယ်ကြား စကား ပြန်လုပ်ပေးဘို့ အကူအညီ တောင်းတာပါ..။ ကျမ ရဲ့ ဆရာလဲ ကျမတို့အနားကိုရောက်လာပါတယ်၊ ရန်ကုန် ရုံးချုပ် က ဘာသာပြန်ပေးမဲ့ သူတွေ နဲ့ အစိုးရ ဖက်က စကားပြန်နိုင်တဲ့ သူတွေကို ခေါ်ပေးပါမယ် ပြောပေမဲ့.. Head of Mission ကတော့ ကျမကို ပဲ request လုပ်ချင် ပါသတဲ့... ကျမ အနေနဲ့ နိုင်ငံတကာဝန်ထမ်းတွေ.နဲ့ အချိန် အတော်ကြာအတူတူတွဲ လုပ်ကိုင်ဖူး... စကားပြန်ပေးဖူး..သံတမန်တွေ နဲ့ ရံဖန်ရံခါ ပြောဆို ဆက်ဆံဖူးပေမဲ့...ခု ကိစ္စက အတော် မလွယ်တဲ့ ကိစ္စ၊ .အင်္ဂလိပ်လိုလဲ အဲသလောက်ထိ ကျွမ်းကျင်တာမဟုတ်ရတဲ့အထဲ..ဓါးသွားပေါ်လမ်းလျှောက်ရမဲ့အဖြစ်.။

ဒါပေမဲ့.. ဧည့်သည်တော် Head of Mission ကိုယ်တိုင်ကတောင်းဆို လာတော့ မတတ်သာပဲ ..သူတို့ ၂ ယောက် ကြား ကျမထိုင်ခဲ့ ရပါတော့ တယ်.။ .စားပွဲဝိုင်း မှာ တခြား သံအမတ် ကြီး ၃ -၄ ယောက် လဲ ရှိနေပါ တယ်။ သံခင်း တမန်ခင်း နဲ့ ပတ်သက်ပြီး.. သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းမျိုးတွေ တစ်ခါမှ တက်ဖူးတာ မရှိပဲ...ဖတ်ဖူးခဲ့တဲ့ မန်းတင် ရဲ့ သံကြီးတမန်ကြီး နဲ့ ခရီးသည် မောင်ပြုံးချို အားကိုး..ကိုယ်ပိုင် အတွေ့အကြုံ အားကိုးတွေနဲ့ ..ကိုယ့်ကိုကိုယ် အားပေးရင်း ထိုင်ခဲ့ ရတာပါ.။

.................................

ကျမ..သူတို့ ၂ ယောက်ကြား ထိုင်မိတယ်ဆိုရင်ပဲ..အပြန် အလှန်မိတ်ဆက်ရုံလေးပြီးတာနဲ့..သံအမတ်ကြီးက..သူ့ရဲ့သံတမန်ကင်းလွတ်ခွင့်ကို အပြည့်အ၀ အသုံးချပါတော့တယ်..။ လူ့အခွင့် အရေးဆိုင်ရာတွေကို ကရားရေလွှတ် ဆက်တိုက် ပြောနေရင်းမှာ ပဲ..တင်ကြို printလုပ်လာတဲ့..နိုင်ငံတကာအင်တာနက်သတင်းလွှာ တွေထဲ က..မြန်မာနိုင်ငံ နဲ့ အထူးသဖြင့် ..ခု သူတို့ ရောက်နေတဲ့ ဒေသတွင်း ဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ကို..သက်သေ သာဓက အထောက်အထားတွေ ပြပြီး..မေးခွန်းတွေ ဆက်တိုက် မေးပါတော့ တယ်.။ ကျမ.. ချွေးပြန်ရပါပြီ....။ အမှန်တော့ အဲ အစိုးရကိုယ်စားလှယ် ပုဂ္ဂိုလ်ကြီးက နိုင်ငံတော် အစိုးရ ကိုယ်စားလှယ်သာပြောပေမဲ့..ခရိုင်အဆင့် အရာရှိကြီးတစ်ဦးသာဖြစ်ပါတယ်..။ သူ့အနေနဲ့ အထက်က ညွှန်ကြား ခွင့်ပြုချက်နဲ့သာ တက်လာရပေမဲ့..သူ့ ပြောပိုင်ခွင့်က ရှိမှာမဟုတ်တာသေချာပါတယ်..။ သံအမတ်ကြီးကြည့်ရတာကျတော့လဲ..ဘာပဲဖြစ်ဖြစ် ..အခွင့်အရေးရတုန်း သူတို့ ဆန္ဒတွေ အထက်က နားတွေဆီ ကို နည်းနည်း ဖြစ်ဖြစ် ရောက်လို ရောက်ငြား သဘောထား ပုံ ရပြီး စွတ်ပြောနေတော့..ကျမ ကြားထဲ က အခက်တွေ့ ရပါ ပြီ..။

သံအမတ်ကြီး က မနက်ဖြန် သန်ဖက်ခါပြန်မဲ့ လူ..အစိုး ရကိုယ်စား လှယ်ကြီးက ဒီမှာကျန်နေမဲ့ သူ..ဒီလူတွေနဲ့ ကျမတို့တွေ ဆိုတာက မကြာခဏလုပ်ငန်း သဘောအရ..တွေ့ နေ မြင်နေရမဲ့သူတွေ... နယ်က လဲ ကျဉ်းကျဉ်းလေး..။ ဆိုတော့..ဓါး က နီးရာဓါး.ဖြစ်နေခဲ့တာ..။ ဒါပေမဲ့ လုပ်နေရ တဲ့ အလုပ်က..လူသား အကျိုးပြု လုပ်ငန်းတွေ..နဲ့ လူ့ အခွင့်အရေး ဆိုင်ရာကိစ္စတွေ.။ ကျမ ဘယ်လောက်ထိ ဘေးကြပ် နံကြပ် ဖြစ်မလဲ ဆိုတာ ..စဉ်းစားပေးနိုင်ကြမယ် ထင်ပါတယ်..။ ဒီကြားထဲ..ကျမ ဘာတွေ စဉ်းစားနေသလဲ ရိပ်များ ရိပ်မိ သလား မသိပါ ဘူး.. သံအမတ်ကြီး က မကြာခဏ ကြားဖြတ်ပြီး..ငါ ပြောတာ အတိအကျ ပြောပေးနော် လို့..ပြောနေသေးတာ..။ ဒီဖက်က ပုဂ္ဂိုလ်ကြီးကလဲ..တချက် တချက် ပြန် ပြောပါတယ်..မှတ်မိ သလောက်ဆိုရင်..တစ်ချို့ ကိစ္စတွေ က သူ ဘာမှ မပြောနိုင်ကြောင်း.. သူတို့ အဆင့်နဲ့ မသိနိုင်တဲ့ ကိစ္စတွေ အများကြီး ရှိ ကြောင်း.၊ တချို့ အချက်တွေ ကအထက်က ညွှန်ကြားတဲ့ အတိုင်း တသဝေ မတိမ်း လုပ်ပေးရတာ ဖြစ်တဲ့ အကြောင်း နဲ့ ဖြစ်နိုင်ရင်..နိုင်ငံတော် အဆင့် အစိုးရပိုင်းဆိုင်ရာ လူကြီးတွေ နဲ့သာ ဒီကိစ္စမျိုး ပြောဆို သင့်ကြောင်း ..စသဖြင့် ပါ...ဒီကြားထဲ..သံအမတ်ကြီးမှာ မိန်းမရှိလား..ကလေးရှိလား..ဘယ်ဘာသာ ကိုးကွယ်သလဲ.. လစာ ဘယ်လောက် ရသလဲ..စတဲ့ ..သံတမန်လောက မှာ မမေးအပ်တဲ့ မေးခွန်းတွေ ကို ပြန်မေး ပါသေး တယ် ရှင်..။ အဲဒီတော့ တုန့်ဆိုင်း တုန့်ဆိုင်းဖြစ်နေတဲ့ ကျမ ကို နှစ်ယောက်လုံး က အတိအကျ ဘာသာပြန်ပေးဖို့ ဖိအား ၀ိုင်းပေးကြပြန်ရော..။ ကျမလဲ မထူးဇာတ်ခင်းပြီးတော့..ဘာသာ ပြန်ပေးခဲ့ရသပေါ့ နော်..။ သံအမတ်ကြီးက ပြောရင်းပြောရင်း..အာတွေ့ လာပြီး..အသုံးအနှုန်းလေး တွေ ထိရောက်ပြင်းထန်လာပါ တယ်..အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ လွတ်လပ်စွာ စည်းရုံးဟောပြောခွင့် ကိစ္စ၊ ကလေးစစ်သားတွေ ကိစ္စ..။ ဒီ အစိုးရ ဖက်က တချို့ အကြောင်းအရာတွေ အတွက် အလျော့ပေး လိုက်လျော မယ် ဆိုရင်.. ဒီနိုင်ငံတော် တိုး တက်ရေး အတွက် သူတို့ EU နိုင်ငံတွေ အနေနဲ့ ဘယ်လို အကူအညီတွေ ပေးမှာ ဖြစ်တဲ့ အကြောင်း တွေ ဆက်တိုက် ပါလာပါတော့ တယ်..။ အဲဒီ စကားတွေ ကျမ ဘာသာပြန်ပေးလို့ ဆုံးတယ် ရှိသေး...တချိန်လုံး မြန်မာ လိုပဲ ပြောပြီး ကျမ ဘာသာပြန်ပေးနေခဲ့ရတဲ့ ကျမတို့ ရဲ့အစိုးရဧည့်သည်တော်ပုဂ္ဂိုလ်ကြီး က..သံအမတ်ကြီး ကို..အင်္ဂလိပ်လို မေးခွန်းတစ်ခု တိုက်ရိုက် မေးလိုက်ပါတော့တယ်.။ အဲဒီ မေးခွန်းကို လဲ ကြားရော..သံအမတ်ကြီး ဟာ ခေတ္တ ကြောင်အမ်း ဆွံ့အ..သွားခဲ့ပါတယ်....

မေးလိုက်တာ က Do you know Hitler? တဲ့ ..ရှင်..

..သံအမတ်ကြီးက ဂျာမန်သံအမတ်ကြီး ပါ...

(ဟစ်တလာ..မူဆိုလိုနီ..စတာလင်..နာဇီ..ဖက်ဆစ် ဆိုတဲ့ အသုံး အနှုန်းတွေ ဟာ..သံတမန်လောက မှာ..အရမ်း ဂရုစိုက်ရတဲ့ စကား လုံးတွေ ပါ..စကြာပုံ (နာဇီသင်္ကေတ) အရုပ်တွေ ကိုတောင် အရမ်း သတိထားတဲ့ နိုင်ငံခြားသားတွေ တွေ့ ဖူးပါတယ်....) .

သံအမတ်ကြီး ဟာ .အဲဒီမေးခွန်းမျိုး မျှော်လင့်ထားခဲ့ပုံ မရခဲ့ပါဘူး... အဲဒီတစ်ခွန်းကို..အင်္ဂလိပ်ပြောပြီးတော့..အရာရှိကြီးက မြန်မာလို ဆက်ပြောပါတယ်..(အဲဒီအကြောင်း သူ့အထက် လူတွေ သိချင်မှသိမှာပါ) ..ကျွန်တော်တို့အစိုးရ ဆိုပေမဲ့..အစိုးရ ၀န်ထမ်းတွေ အားလုံးဟာ..လူ့အခွင့်အရေး ချိုးဖောက်နေတာ .အကျင့်ပျက်နေတာ မဟုတ်ပါဘူး..တဲ့..လူတွေ အားလုံးဟာ..တသွေး တသံ တမိန့် အောက်မှ နေရပေမဲ့..တစ်စိတ်တည်း ရှိချင်မှရှိမှာပါ တဲ့....အဲဒါ ကြောင့် ၀ါးလုံးသိမ်း နဲ့ မပြောဖို့ သံအမတ်ကြီး ကို တောင်းဆို လိုက်ပါတော့တယ်......။

....................................

ဆောင်းဦးပေါက် ကာလမှာ..ပိုးအင်္ကျီ ပါးပါး..ပိုးထဘီ..ပိုးပုဝါ ဆင်ထားတဲ့ ကျမ အေးစိမ့်နေရမဲ့ အစား..တစ်နာ ရီကျော်ကြာ ချွေးတွေပြန်နေခဲ့ရတာပါ... အဲဒီနေ့ က ဟစ်တလာ သာ ၀င်မကယ်ရင်..ကျမ မစဉ်းစားရဲ...(အဲဒီ ရဲ့ နောက် ၄ -၅ ရက်လောက် ကျမ ကျီးလန့်စာစား ဖြစ်ခဲ့တာ..ဘယ်အချိန် လာခေါ်ပြီး ဘာတွေ မေးအုံး မလဲ..လို့... ဘဘကြီး နဲ့ သူ့လူတွေ သာ ရှိလို့ ကတော့..အဲဒီနေ့ က မိုးမလင်း ခင်.ကျမ အင်တာဗျူး လုပ်ခံရမှာ မလွဲ.... ကံကောင်းလို့) အော် ဟစ်တလာ ကယ်ပေလို့..။

.........................

.............................................

နိုင်ငံတစ်နိုင်ငံရဲ့ ကိစ္စအတော်များများဟာ..သက်ဆိုင်ရာအုပ်ချုပ်သူအစိုးရတွေ ရဲ့ တာဝန်ဖြစ်တဲ့ အကြောင်း ..ယေဘုယျ အားဖြင့် ကျမ လက်ခံပါတယ်..။ ဒါပေမဲ့ တပြိုင်နက်ထဲမှာပဲ..နိုင်ငံသား တစ်ဦးစီမှာ လဲ..ကိုယ်စီတာ ၀န် ရှိပါတယ်.။ ကျမတို့ ရဲ့ ကမ္ဘာ ကြီးဟာ ဒီနေ့ နဲ့ မနက်ဖြန် ကြားလေး မှာ နာရီနဲ့ အမျှ တိုးတက်ပြောင်းလဲ နေတဲ့ အပြင်..စီးပွားရေးသမား တွေ ရဲ့ နယ်ပယ်ချဲ့ထွင်မှုတွေ..ဟာလဲ..ကမ္ဘာ့နေရာအနှံ့ ..ထပ်ပြီးကျယ်ပြန့် နေဦးမှာပါ..ကမ္ဘာ့ လူမျိုးပေါင်းစုံရဲ့စီပွားရေးလုပ်ငန်းကြီးတွေ အနာဂတ်မြန်မာပြည်မှာ..အများကြီး ရှိလာမှာပါ..ဘယ်လူမျိုး ဆီမှာပဲ အလုပ်လုပ်..အနိုင်ကျင့်မခံရဘို့နဲ့..ခေါင်းပုံဖြတ်မခံ ရဘို့ ဆိုတာ..သက်ဆိုင်ရာ အစိုးရ အပြင်..တိုက်ရိုက်ပတ်သက်နေသူတွေ မှာ လဲ မိမိကိုယ် မိမိ ကာကွယ်ဘို့တာဝန်နဲ့ အသိ ရှိနေရပါမယ်..။ တချို့ ကျတော့လဲ ကိုယ့်ကို ကိုယ် ဘယ်လို ကာကွယ်မယ် ဆိုတာမျိုး သိကို မသိသေးတဲ့ သူတွေလဲ ရှိမှာ ပါ..အဲဒီလို လူမျိုးတွေ အတွက်..သိတဲ့သူ က ဖေးမ ကူညီပေးသင့်ပါတယ်..။

.............

ကျမတို့ အားလုံးဟာ..ပိုမို ကောင်းမွန်တဲ့အနာဂတ်အတွက်.. ကောင်းမွန်သင့်မြတ်တဲ့ အပြောင်းအလဲ တစ်ခု ကို..မွတ်မွတ်သိပ်သိပ် တောင့်တ နေကြသူတွေ ပါ..။ ဒါပေမဲ့..အဲဒီလို ပြောင်းလဲခွင့်ရလာတဲ့ အခါမှာရော..အရာအား လုံး ပြီးပြည့်စုံ စွာ..ငြိမ်းချမ်း လှပ နိုင်မလား လို့ ဘယ်သူမှ မသေချာပါ..။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေ တစ်ဦးချင်းစီ တစ်ယောက် ချင်းစီ ဟာ .မတူ တဲ့ အတွက်..ကျမ တို့ ဘယ်အရာကိုမှ ပုံသေကားကျ တွက် လို့ မရနိုင်ပါဘူး...။ ကျမရဲ့ကိုယ်ပိုင် အလေ့အကျင့်လေး တစ်ခုကတော့..ဘယ်အကြောင်းအရာ..ဘယ်ကိစ္စ ကို မဆို မျက်တောင်းမွေး တစ်ဆုံး မကြည့်မိဘို့ ရယ်..ထစ်ခနဲ ရှိ သူတစ်ပါး ကို အပြစ် ပုံလွှဲ မချမိဘို့ ရယ်..ကိုယ့် တပိုင် တနိုင် ဘယ်အတိုင်း အတာ ထိ လုပ်နိုင်သလောက် ရှိသလဲ သုံးသပ်ပြီး..နိုင်သလောက် လုပ်ဖို့ ရယ်..ဖြစ်လာတဲ့ အခြေအနေ နဲ့ ဖြစ်နေတဲ့ အနေအထားကို..သုံးသပ်ပြီး အကောင်းဆုံး အများအကျိုး အတွက် သယ်ပိုးနိုင်ဘို့ ရယ် ပါ......။

...........................

ကဲ.. ရွာထဲ က အပြန်မှာ ..ကိုးရီးယား ကား အကြောင်း တစွန်းတစ ကြားမိ ပြီး..တွေးခဲ့ တဲ့ အတွေး တွေ ကတော့...တသီ တတန်းကြီး.....

....

နိဂုံးချုပ်ရရင်တော့. ကျမ ရွာထဲ လမ်းလျှောက်နေတုန်း ကျမကို ပြုံးပြ နှုတ်ဆက်ခဲ့ သူတွေ ကိုကျေးဇူးတင်ဖို့ပါ.သူတို့ ကြောင့်ပဲ..ကျမ တစ်ယောက်ထဲ ကြောင်တက်တက် ဖြစ်မနေခဲ့ရတာပါ...

....................

ကျမနဲ့ ပထမဆုံး လမ်းမှာတွေ့သူက..ရဲရဲရင့်ရင့် လေးလေးပင်ပင် ကဗျာတွေ ရေးတတ်တဲ့.ကိုဆောင်းယွန်းလ၊ အိမ်တွေဘာတွေပြင်ဘို့လိုအပ်ခဲ့ရင်..အန်ကယ်မအားလဲ ..သူလာ ပြင်ပေးပါမယ် လို့ အရေးတယူ ပြောလာပေးလို့ အားတက်ခဲ့ရတဲ့ ..အတွေးရော အရေးကောင်းသူ မောင်လေးမျိုး..နိုင်ငံကျော် စာရေး ဆရာမကြီးတွေ ဖြစ်ပေမဲ့..အသိအမှတ်ပြုအပြုံးလေးတွေ နဲ့ လှမ်းနှုတ်ဆက်တဲ့..မိုးချိုသင်း၊ မပန်ဒိုရာ၊ မကေ၊ နာမည်လေးက ကဗျာဆန်ပေမဲ့..ကျမစိတ်ဝင်စားတဲ့ကလေးသူငယ်အခွင့်အရေးတွေ အကြောင်း စီကာ ပတ်ကုံး ပြောပြခဲ့တဲ့..JulyDream,ကဗျာရေးတော့လဲကောင်းစာရေးတော့လဲကောင်းတဲ့ မောင်လေးလင်းဒီပ၊ တွေ့တိုင်း လျှာလေး တစ်လစ် ထုတ်ပြတတ်တဲ့ မခင်ဦးမေ၊ ရှာရှာဖွေဖွေ သမိုင်းတွေ စုဆောင်း တင်ပြတဲ့ ကိုအောင်၊ မိုးစက်နှင်းဆီ ဆိုတဲ့ ပန်းနာမည်နဲ့ မောင်လေး တစ်ယောက်၊ ကျမလွမ်းတိုင်း..ကူလွမ်းပေးဖေါ်ရတဲ့ ညီမ မီယာ၊ ညီမလေး နှင်း၊ ခုတစ်လော ပျောက်နေတဲ့ ညီမလေး ခေါင်ခေါင်၊ အမေကို အချွဲသန်ပုံ ရတဲ့ မေ့သမီးလေး၊ သီချင်းအဆိုကောင်းတဲ့..ပြီးတော့ သမီးချောတွေ ရဲ့အဖေ..အစ်ကိုဂင်ကြီး၊ သူ့ဆီသွားရင်..မဆုံးနိုင်တဲ့ ဖတ်စရာ..မှတ်စရာတွေ နဲ့ ပြည့်နေတဲ့ အိမ်ပိုင်ရှင် ကိုလူလ၊ မောင်လေး ဒေါင်းမင်း၊ ညီမလေးကောင်းကင်ပြာ၊ ပန်းစကားဆိုတဲ့ ဆိုင်းဘိုးလေးနဲ့ Vanko, မောင်လေးဖြိုးငယ်၊ ကလေးလေး craton... ပြီးတော့ ကိုဝင်ေးဇာ် (Welcome) ကျမ အားမငယ်အောင် အားပေးခဲ့ကြတဲ့ အားလုံးကို ကျေးဇူး အထူးတင်မိပါကြောင်း ပြောပါရစေ..နော်..

...............................

အော်..ပြောရအုံးမယ်... လမ်းလျှောက်ထွက်ရင်း.. ကြုံတုန်း ဓါတ်ပုံလေးတွေ သိမ်းလာခဲ့တယ်နော်.. ချစ်စရာအပြုံးပိုင်လေး မိုးချိုသင်း၊ မောင်လေးမျိုး၊ အစ်ကိုဂင်ကြီး၊ ကိုဆောင်းယွန်းတို့သားအဖ၊ Craton ကလေးလေး...အားတဲ့အခါ ..ခဲခြစ်ပန်းချီလေး ဆွဲပေးပါ့ မယ်.......း).........။

.......................

မှတ်ချက်၊။ ။ ဟိုတလောက အရင်ကျမအလုပ် လုပ်ဖူးခဲ့ တဲ့ မြီု့လေး က တစ်ယောက်နဲ့ အဆက်အသွယ်ရလို့ မေးကြည့်တော့..ကျမကို ဟစ်တလာ ကယ်ခဲ့စဉ်တုန်းကရှိနေခဲ့တဲ့ အစိုးရကိုယ်စားလှယ်တော်ကြီးဟာ..မကြာခင်က မယူမနေရ အငြိမ်းစားယူခိုင်းတာ ခံခဲ့ရတဲ့ အကြောင်း သိရပါတယ်။

အားလုံးကို ခင်မင်လေးစား တဲ့

မမသီရိ (၂.၂.၂၀၀၉)

Tuesday, February 17, 2009

ချစ်လွန်းကြင်


...သူမသိပေမဲ့...
လူမိလို့ ရှက်ရပြီ...



တစ်နေ့မှာ တစ်ခါ..
ဒီမျက်နှာ ငွေစင်လ ကို..
မမြင်လာ နေမတတ်ပြီ မို့...


စိတ်ထွေရာ..
မငြိမ် ရှုပ်လို့ ရယ်..


ဒီ အပူရုပ်..
ဟန်လုပ်....နေလိုပေမဲ့..


မပိရိ ..ဆွေတစ်ခင်..
သွင်ပြင် ပူပုံပန်းတယ် တဲ့..
လူတကာ...
ဆိုလာ ကြပြီ ကွဲ့...

မယ့် ချစ်လွန်းကြင်.....။



မမသီရိ (၃.၂.၂၀၀၉)

Wednesday, February 11, 2009

မူးယစ်စေသော အရာများ

သုံးဆောင်မှမူးသော......မသောက်ပဲမူးသော
အရာများ....အရာများ
၁။ အရက်......................၁။ ဂုဏ်
၂။ ဘိန်း .....................................၂။ ဓန
၃။ ဘင်း.............................................၃။ အလှ (ရူပါရုံ)
၎။ ကစော်..................................................၄။ ရနံ့ (ဂန္ဓာရုံ)
၅။ လှော်စာ..................................................... ၅။ အထိအတွေ့
၆။ ဟီးရိုးအင်း.....................................................၆။ အချစ်
၇။ မော်ဖင်း....................................................၇။ အလွမ်း
၈။ စိတ်ကြွဆေးများ.....................................၈။ ရာထူး
၉။ စိတ်ငြိမ်ဆေး............................၉။ ပါဝါ
၁၀။ ဖင်ဆီဒိုင်း...............၁၀။ အာဏာ
၁၁။.... ၁၁။ ...
လောကမှာ ..
တစ်ချို့ က အရက်ကြောင့် မူးတယ်
တစ်ချို့က အချစ်ကြောင့် မူးတယ်
တစ်ချို့ က ငွေကြောင့်မူး တယ်
တစ်ချို့ က ဂုဏ်ကြောင့်မူးတယ်
တစ်ချို့က ပါဝါ ကြောင့် မူးတယ်
တစ်ချို့ က အာဏာကြောင့်မူးတယ်
ဘာနဲ့ မူးမူး..
မူးပြီဆို ..အနည်းနဲ့ အများ
လူတစ်ဖက်သား...အလိုလို ထိခိုက်.
ကိုယ်တိုင်ရော ပတ်ဝန်းကျင်ရော..
မူးတာမှန် သမျှ..ဘယ်တစ်ခု မှ မကောင်း.
အပ်ကြောင်းထပ်အောင်ပြောကြပေမဲ့..
ဒီလောက..
လူတိုင်း မူးနေကြတယ်
....
...
သူငယ်ချင်း
မင်းရော..
ဘာနဲ့ မူးနေသလဲ
....
...
..
အော်
ကျမ..လား...
အင်း.
လောလော ဆယ်
အလွမ်းတွေ နဲ့ မူးနေတယ်.။
မမသီရိ

Saturday, February 07, 2009

အချိန်တိုင်းမှာ...


ညင်ညင်သာသာလေး......
တိုက်ခတ်သွားတဲ့...
လေညှင်းလေးကြောင့်..
လှုပ်ခါနေတဲ့....
တီးတိုးသံသဲ့သဲ့..
သစ်ရွက်လေးတွေ ရဲ့ အသံကြားမှာ...
မင်း..အသံလေးများ...
ပါနေသလား..လို့...
ကိုယ် ရှာဖွေနေမိပါတယ်......

....

ညနေခင်း..ဆည်းဆာ မှာ...
ဟိုး ...ဝေး.ဝေး....က
တောင်တန်းတွေ ကို ဖြတ်..ပြီး...
အပြေးလေး နော့နော့..
ဝှေ့ဆော့ကာ ကြည်စယ် သွား..
တို့ရဲ့ ပါးကိုလေ...
အဲဒီလေပြေ နဲ့ အတူ..
မင်းရဲ့ အနမ်းလေး များ..
ပါလာ သလား လို့..
ကိုယ်တွေး ရှက်နေမိ သေးတယ်.....

....

နေခြည် နုနု အောက်...
လိပ်ပြာလေးတွေ
ဝတ်ရည် အသောက် ထွက်ရင်း..
အမှတ်တမဲ့..
တို့ ဘေး ရောက်ခဲ့ တော့...
မင်း သတင်းလေးများ ပါလာ သလား လို့..
တိုးတိုး တိတ်တိတ် ..မေးလိုက် မိပါရဲ့....
.....

ဆန်းစ ပြုနေတဲ့ ...
လမင်းလေး ကို...
တာဝန်တစ်ရပ် လို စောင့်ကြည့်ရင်း.....
လ၀န်းမျက်နှာ မှာ...
မောင်...ပေါ်..ပေါ် ..လာတတ်တာ....

...

မျှော်နေတဲ့ သူကို...
ချော့ လာမလားလို့.....
စာနာတတ် တယ် ဆို....
ရောက်လာ မလား လို့....

အော်....
နေရာ မရွေး...
ဝေးတယ် ဆိုရင်...
အချိန်တိုင်း....လွမ်းနေမိပါ တယ်..ကွယ်.....။


မမသီရိ

Wednesday, February 04, 2009

စိတ်ကောက်တတ်သူ နဲ့...အဖြူရောင် သံယောဇဉ်များ..

ပင်စိမ်းရွက်ရဲ့ အနံ့ကို ..ကျမငယ်ငယ်တုန်း က အတော့ ကို မုန်းပါသည်။ မုန်း ဆို..လုံးဝ မခံနိုင်တာမျိုး.ပါ..။ ရှမ်းနံနံ လို့ ခေါ်တဲ့ အရွက် က လွဲပြီး..ကျန် အမွှေးရနံ့ ရ အရွက်များ အား..ကျမ လုံးဝ မကြိုက်ပါ...။
ချဉ်ပေါင်ဟင်းရည်ပျစ်ပျစ်လေး ကို တော့..ကျမ အလွန်ကြိုက်ပါသည်...။ ထမင်းထဲ ..ချဉ်ပေါင်ဟင်းရည် ပျစ်ပျစ်လေး ဆမ်းပြီး..ငါးခြောက်ကြော်.. ငါးကြော်..ကြက်သား အချိုနှပ်..ဒါမှ မဟုတ်လဲ..ငခြောက်ဖုတ်လေးနဲ့ စားရသည်ကို...အလွန် နှစ်သက်ခဲ့ပါသည်။ အမှန်က..ချဉ်ပေါင်ဟင်းရည် ချက်ရင်..ပင်စိမ်းရွက်လေး အုပ်လိုက်တော့..မွှေးမွှေးလေးနဲ့ စားကောင်းတာမို့..အတော်များများ..က ချဉ်ပေါင်ဟင်းရည်ချက်ရင်.ပင်စိမ်း အုပ်တတ်ကြ သလို..ကျမ ရဲ့ မေမေ လဲ..ပင်စိမ်း အုပ် ချဉ်ပေါင် လေး အရမ်း ကြိုက်ပါသည်.....။


အဲဒီတော့.....ဇာတ်လမ်း က စပါ ပြီ.......

ကျမ လုံးဝ မကြိုက်တဲ့ ဒီပင် စိမ်း ရွက်..ကျမ ကြိုက်လွန်းတဲ့..ချဉ်ပေါင် ဟင်းထဲ ထည့်တာ..အဲဒါ ..ကျမ ကို မချစ်တာ..ဂရု မစိုက် တာ ဆိုပြီး...နှုတ်ခမ်း စ..ထော်ပါသည်...။ ခြေဆောင့်ပါ သည်။ ထမင်း ဆက်မစား တော့ပါ..။ တစ်ခါ တစ်လေ..မျက်ရည် တောက်တောက် ကျတဲ့ ထိ စိတ် ကောက်ပါ သည်....။ မေမေ့ ကို စကားမပြောပဲ... ၂ ရက် ၃ ရက် ထား ပါသည်....။ အဲသည်လောက် ထိ ဆိုး တဲ့ သမီးပါ....။


နောက် သံသယ တစ်မျိုး ကတော့...ဖေဖေ နဲ့ မေမေ ကျမ ကို တကယ်ချစ်ရဲ့ လား ဆို တာပါ ပဲ..မေတ္တာ နဲ့ ပတ်သက်လျင်..ကျမ အလွန်တရာ ရူးသွပ် လွန်း ပါသည်......။ မကောင်းသည့် အကျင့်မှန်း သိသော် လည်း....ဒီ အကျင့် ကို ဖျောက်လို့ မရ နိုင်သေး ပါ...ကျမ ရဲ့ မေတ္တာ နဲ့ ပတ်သက်တဲ့ သံသယ ကြောင့်ဖေဖေ နဲ့ မေမေ ..အကြိမ်ပေါင်း များ စွာ..စိတ်ညစ်ခဲ့ မည် ဆိုသည် ကို..နှစ်ပေါင်းများ စွာ ကြာ သည့် ခါမှ..တမ်းတ သည့် သမီးးမိုက် ပါ.....။
...............................

ကျမတွင် ..ရွယ်တူ သူငယ်ချင်း မရှိသလောက် နည်းပါးပါ သည်...။ အကြောင်းက တော့...ကျမ အသက် ၄ နှစ် ၃ လ မှာ..ကျောင်း စနေပြီးတော့... ကျောင်းဖွင့်ပြီး တစ်လ အကြာမှာ... ပထမတန်း ကို တစ်ခါတည်း ကျော် တက်ခဲ့လို့ ပါ...အဲဒီ တုန်း က...စာမကျေသူများ သူငယ်တန်း ၂ နှစ်နေ ရပါသည်...။ ပတမ တန်း ရောက်တော့ အားလုံး က ကျမ ထက် အနည်းဆုံး ၄ - ၅ နှစ် ကြီးသူတွေ ပါ.....။ ကျမ က...ငယ်ငယ်လေး ထဲက ပုံဆွဲဝါသနာ ပါတော့..ကျမ အနား မှာ အစ်မ အရွယ် သူငယ်ချင်း တစ်ချို့ အမြဲ ရှိပြီး..ကျမ ဆွဲ တဲ့ ပုံတွေ ကို ကြည့်..ကျမ ကို ချစ်ကြပါ သည်...( အားလုံးတော့ မဟုတ်ပါ...း)....) အဲဒီထဲ က အစ်မလေး တစ်ယောက်က တော့ ကျမကို အချစ်ဆုံး ပါ.... ကျမကလဲ ချစ်ပါ သည်။ ဒီတော့...ကျမရဲ့...ပညာတွေ သူ့ကို ပြပြီ ပေါ့......ကျောင်းသွား ကျောင်း ပြန်..ကျမကို စောင့်မခေါ် လို့ စိတ်ကောက်...အိမ်သာ သွားချင် လို့ အဖေါ် မလိုက်အားသေး ရင် စိတ်ကောက်.....ကျမနဲ့ ကြာကြာမနေပဲ ..တခြား သူငယ်ချင်းတွေ နဲ့ သွားဆော့နေရင် စိတ်ကောက်....နည်းမျိုး စုံ...အကြောင်း အရာ မျိုးစုံအတွက် ...ကောက်ခဲ့ တာပါ....။ အဲဒီ အစ်မလေး က အလယ်တန်း ကျောင်းသူ ဘ၀ မှာ ကွယ် လွန်သွား ခဲ့ ပါသည်......ကျမ နှလုံးသား ထဲ မှာ တော့..နေ့စဉ် သူနဲ့ ထိကပ် နွေးထွေး နေဆဲ ပါ.........။
.........................
ကျမ အလယ်တန်း..အထက်တန်းကျောင်း သူ ဘ၀ တုန်းကလဲ....သေးသေးကွေးကွေးရုပ်ဆိးုဆိုး ကောင်မလေး ကို..သူငယ်ချင်း တစ်ချို့ ၀ိုင်းချစ်ခဲ့ ကြပါ သည်....။ အဲဒီ ထဲ မှာ ကျမ သံယောဇဉ် အရှိ ဆုံး...ကျမကို အလို အလိုက် ဆုံး ..၂ ယောက် ကလဲ ပဲ...ကျမ ရင်ထဲ ခု ထိ ရှိနေဆဲ ပါ...၂ ယောက်လုံး ယောင်္ကျားလေးတွေ ပါ....တစ်ယောက် က လွန်ခဲ့ တဲ့ ၂ နှစ် က ကွယ်လွန် သွား ပြါ့ပီ....။..တစ်ယောက် ကတော့....အိမ် ထောင်ကျ ပြီး ..သူ့မိသား စုလေး နဲ့..ကျမ ငယ်ငယ်က နေခဲ့ တဲ့ နေရပ်မှာ ရှိပါသေးသည်..။...ခုချိန်ထိလဲ ..ကျမ စိတ်ကောက် ရင် ..သူ ချော့ ဘို့ အဆင်သင့် ဖြစ်နေမယ် ဆိုသည် ကို....ကျမ သေချာ ပါ သည်....။

......................

ကျမ ဘ၀မှာ..ချစ်သူ မရှိခဲ့ ဖူး ပါ.....။ ထို့ ကြောင့် ချစ်သူ ကို ဘယ်လို စိတ်ကောက် ရသလဲ ..ကျမ မသိ ဖူး ခဲ့ ပါ....။ အဲ...ရီးစား လိုလို..ဘာလိုလိုမျိုး လေး တော့ ..၂ ယောက်လောက် ရှိခဲ့ ဖူး သည် ထင်ပါသည်...မသေချာ ပါ.....ဒါပေမဲ့...ကျမ....သူတို့ကိုစိတ်ကောက်ဖူးသလား..မမှတ်မိတော့ပါ.....မကောက်မိခဲ့လောက် တာတော့ သေချာသလောက် ရှိပါသည်...။
အကြောင်း တစ်ခု ကြောင့် ကာလ အတော် ကြာ..အတူ နေဖူး သူ တစ်ယောက် ကို...ကျမ စိတ်ကောက် ကြည့် ရ မလား...စဉ်းစား ခဲ့ ဖူးပေမဲ့...မကောက်ဖြစ်ခဲ့ ပါ......စိတ်ကောက် တယ် ဆိုတာ...ပြန်ချော့မဲ့ သူ ရှိ မှ...ကောက်လို့ ရတာမျိုး ကိုး...နော်......။

......................................
ခု အသက် လေး လဲ အတော်အတန် ရ ခဲ့....လုပ်ငန်းခွင် ထဲ လဲ...ကာလ အတော် ကြာ ရောက်နေခဲ့ တော့...စိတ်ကောက် တဲ့ အကျင့် က ပျောက် သလောက် ဖြစ်နေခဲ့ ပါ ပြီ...ဒီမှာ..က ငယ်ပေါင်းတွေ မဟုတ် သလို...ကြီးဖေါ် လို့ ပြော ရအောင် လဲ...ခက်ခဲ သည် ဆိုတော့.....လုပ်ငန်း နဲ့ ပတ်သက်သူတွေ က..ကျမ ကို...ရုပ်ဆိုးပေမဲ့..မျက်နှာထား ချို သူရယ်လို့...သတ်မှတ်ကြပါသည်....ကျမ စိတ်ကောက် စိတ်ဆိုး..ခြေဆောင့် တာ..သူ တို့ မမြင်ဖူး ကြပါ....စိတ်မဆိုး လို့ တော့ မဟုတ်ပါ....ဒေါသ တွေ..မကျေနပ်တာတွေ ကို..ရင်ထဲ မှာ ..သိမ်း ထား တတ်တာ နေသား အတော် ကျနေခဲ့ ပြီ ..ကိုး........။

........................................

ကျမ ဘာ ပြော ချင် သလဲ ...ဆိုတာ.. လေး ရေး ရေး လောက် ပေါက် ကြပြီ ထင်ပါ သည်...။

ကျမ စိတ်ကောက် တာ...ကျမ ချစ်တဲ့ သူတွေ ကို ပဲ ကောက်တာပါ.....
တော်ရုံ တန် ရုံ ချစ် ရုံ လေး နဲ့ မကောက်ပါ......။
ကျမ ရင် ထဲ ...နက်နက် ရှိုင်း ရှိုင်း..မရှိတဲ့ သူ...အပေါ်ယံ လောက် ပဲ ခင်မင်နေသူ တွေ ကတော့...ကျမရဲ့ အပြုံး ချို ချို လေးတွေ ကို ပဲ အမြဲ တွေ့ ခွင့် ရမှာ ပါ......။
.......................
အကယ်လို့...ကျမ စိတ်ကောက်မိခဲ့ ရင် နားလည်ပေးစေလိုပါ သည်......
အဲဒါ...ကျမရင် ထဲ ..နက်နက် ရှိုင်းရှိုင်း နေရာ ယူထား လို့ ပါ..................

...............................................................................

ခုတစ်လော အကြောင်းလေး တွေ တိုက်ဆိုင် လို့ ...ဒီကဗျာလေး ..ကျမ ခေါင်း ထဲ မကြာ ခဏ ပြန်ရောက်ပါ သည်.....။ ရေးခဲ့ တာတေ့ အတော်ကြာပါ ပြီ.......ရေးခဲ့တုန်းက တော့ ၀င်ကစွတ်ကောင် ကဗျာလေး ပါ... အဲဒီ စကားလုံး က ကျမရဲ့ အစ်ကို က..သူ့ကဗျာ တစ်ပုဒ်မှာ သူ့စာဖတ်သူ တစ်ယောက်ရဲ့ ကွန်မန့် ကို ပြန်ပြောဖူး တဲ့ စကား လုံးပါ....တစ်ချို့ ကဗျာလေးတွေ က ၀င်ကစွတ်ကောင်လေး တွေ ပါ...တဲ့....
ကျမရဲ့ ၀င်ကစွတ်ကောင်ကဗျာလေး တွေထဲ က....ဒီတစ်ပုဒ် ကို ..အကြောင်း တိုက် ဆိုင် မှုလေး တွေ ရှိလာလို့ ...တကဲ့ ခံစားချက် အစစ်အမှန် နဲ့ ပြန် တင်ပေးလိုက်ပါ တယ်.......


သံယောဇဉ်


....နွယ်....

နွယ်တစ်မျှင်... တွယ်ငင်ရစ်မိလို့...

ဖြေဘို့ကို...ဟန်ပြင်ချိန်မှာ.......

...စူးနစ်စွာ...ရင်မှာ စွဲနေကြောင်း....

အံ့သြဘွယ်...ဆင်ခြင်သိခဲ့ပေါ့...

စဉ်းစားတော့..ခက်နေပြီ... ...

.....................

နွေ..သဘွယ်...

ရေပင်လယ် ငံငံသောက်မိသလို...

ပူလောင်တယ်...ဒီနွယ်ကြိုးဟာ...

ချည်မိရင်...ရုံးမရပြီမို့...

ကာမဘုံ.. လောကီတွင်းမှာ...

ရှင်းရှင်းသာ...နေသွားတော့မယ်ကွဲ့..

ဟစ်ကြွေးကာ... ရှောင်လာခဲ့ပေမဲ့... ....

ရေစက်လေလား.... .

..ကံ..နဖူးစာ...

ဇာတ်ဆရာရဲ့..လှည့်ကွက်လေလား... ..

.ထွေမပြား...ေ၀၀ါးစွာ...သုံးသပ်ဆဲ မှာ...

အသဲတစ်နေရာ...

မသိမသာ...နေရာယူ ၀င်လာပြီး...

ခိုင်မြဲစွာ... နှောင်ငင်ဖွဲ့နေခဲ့....

နွယ်.....ဆိုတဲ့...သံယောဇဉ်..

...................

.. နွယ် .. ဆိုတဲ့..သံယောဇဉ်...

ဒီတစ်ပင်... ရင်ကိုဝင်လျင်ဖြင့်..

လွမ်းကဗျာ...ကာရံသွားတွေနဲ့..

. နုနုနယ်...သံစဉ်များရယ်က...

မာခဲ့တယ်...သဲအိမ်ကြမ်းကို..

ညှင်းနွဲ့အောင်...ကဗျာဆန်စေခဲ့...

မမြင်ရရင်..မနေတတ်အောင်... ..

....လွမ်းတတ်လို့လာပါပြီ....

မတွေ့ရရင်...အမျှော်ထောက်လို့..

....ဆွေးတတ်ပါပြီ.... .


..အမူပို...အခရာနဲ့..

စိတ်ကောက်ဘို့လဲ တတ်ခဲ့ပြီ...

...သ၀န်တို ငြူစူလို့...

နွဲ့ဆိုးဘို့လဲ တတ်ခဲ့ပြီ....

င်းချီ... မှောင်ချီ...

နေ့... ည.... ရက် ....စက်ရာသီ...

မတန့်ပြီ ချိန်ရထား..

ရပ်မနား သွား ခဲ့ သလို...

ရစ်ချည်.. နှောင်ချည်...

တိုးလို့သာ...ချည်လာခဲ့...


သံယောဇဉ်..ဒီနွယ်ကြိုး ကို... ..ဖြတ်ခက်နေပြီ.....။



မမသီရိ



Tuesday, February 03, 2009

မောင်မလာပါ ဘူးကွယ်


..မတွေ့ တစ်ချက် .. အနေခက်တယ်..
တစ်ရက်ဆို ရင်..
အသဲပူကျွမ်း သိပ်လွမ်း တတ်တာ..
တစ်နေ့ တစ်ခါ..
မျက်နှာငွေ လ..မမြင်ရရင်...
နေထိုင် မရ..မနေတတ်တာ..
မောင် မသိ..
မမှတ်မိသလို...
မေ့ချင်ယောင်ဆောင်ထား...
မသိတာလား ကွယ်....
....
ခြောက်သွေ့ အက်အက်
လမ်း မထက်ပေါ်....
ဖြတ်လျက်ကျော် နေ...
လူတွေ...လူတွေ..
ဒီလူ တွေ ထဲ....
အသဲလွမ်း မျှော်...ပန်းခင်းပေါ် က....
ကျမ ရဲ့ ... မောင်...
ယောင် ..ယောင် မတွေ့..
ကျွမ်းမြေ့ ဒီရင်..
မရွှင် အနွမ်းတွေ နဲ့..
မျှော်လွမ်းလို့ နေမှာကို..
မောင်....မေ့ ရက်ပြီလား ကွယ်....
......
နာရီ ဒိုင် ခွက်...လက်တံ စက်တွေ..
တစ်ချက်ချက် နဲ့....နွမ်း ခဲ့.ချိန်အို....
မျက်ရည် ယို သက်..
နှုတ်ဆက် ထွက် ခွာ.....
ကြာ သထက် ကြာ......
.......
တိုက် ခတ်နေကျ
လေညှင်းလေး လဲ ..ဘယ်ဆီမှာ....
သာနေကျ နေမင်း လဲ..
အုံ့ ဆိုင်းမှု ရဲ့ နောက်ကွယ် မှာ....
အရာရာ တိုင်း...
မှိုင်းညစ်နွမ်း နေ....
မှုံ ဝေ ထွေ ပြား...
အလွမ်း များ နဲ့....
..........
အပူရုပ် ကို..
လူမသိအောင်...ဟန်ဆောင် နေရင်း...
တိတ်တိတ်လေး မျှော်...
မျှော်နေပေမဲ့.....

မောင်.....မလာပါ ဘူး ကွယ်........။


မမသီရိ