Tuesday, November 17, 2009

အမေ့အတွက် နားကပ်လေး တရံ

ကျနော်ယုံကြည်ရာ .. ကျနော် လျှောက်ခဲ့လို့
အမေ ယောက်ယက်ခပ်ခဲ့ရတာ .. ကျနော် သိပါတယ် ..အမေ..

ဘ၀ တက္ကသိုလ် ၀င်ခွင့်
အန်ထရင့်စ်တွေ မဖြေလိုက်ရ ပဲ
ဂျောင်း.....ကနဲ....
ဂုဏ်ထူးတန်း တက်ခဲ့ ရတဲ့ ကျနော် လေ..

ပြန်ပြောပြရင်.. ပုံပြင်တွေ ဖြစ်မှာပဲ မို့..
နားထောင်မနေပါ နဲ့တော့ အမေရယ်...
ဆန်ကွဲ ထမင်းစား...
အဲဒီမှာ.. ကျနော် မင်းသား.. ဖြစ်ခဲ့..
အေးစက်စက် သမံတလင်းပေါ် ကျောခင်းရပေမဲ့
အမှန်တရား တခု အတွက်.. ကျနော် ပျော် ခဲ့ပါတယ် .. အမေ

ရက်ရှည် လ များ... အလွမ်း ရထား စီးခဲ့ရတာမို့...
အမေ့ ကို... ကျနော်...
ခဏကလေး ထွေးပွေ့ထား ပါရစေ .. ..
ကျနော့ နှလုံးသားက အသံ
အမှန်တရားအတွက်.. ညံ နေတာ.. အမေ.. ကြား မိရဲ့လား....

ကျနော့ အတွက်.. အမေ ငိုရတာတွေ များ ခဲ့..
ထပ် မငို ပါနဲ့တော့ အမေရယ်..
ခုတော့... ကျနော် လေ.. ဘွဲ့ ရခဲ့ပြီ အမေ ရဲ့...


အိုး...
အမေ...
အမေ့ နားပေါက်လေး ဟောင်းလောင်း....
....
ဘာအကြောင်း ကြောင့်လဲ.. မမေးတော့ပါဘူး.. အမေ ရေ...
...

နောက်တခါ..
ယုံကြည်ရာ လမ်း... လျှောက် လှမ်းလို့ မထွက် မီ ထိ...
ခု... ကျနော်.. အမေ့ ရင်ခွင် ထဲ ရှိမယ် လေ....
အမေ့ အရိပ် .. ချွေး သိပ် နေရင်း...
အမေ့ အတွက်.. နားကပ်လေး တရံ... ရှာကြံ လို့ ..
ကျနော်.. ဆင်ဖြစ် အောင် ဆင် မယ်.. နော် .. အမေ.....။


မမသီရိ
၁၆.၁၁.၂၀၀၉


ပုံမှန်ဆိုရင်.. အဲဒီ သတင်းစာ ကို အမြဲ မဖတ်ဖြစ်.. ကြုံတဲ့ ခါ တွေ မှာ ဖတ်ပေမဲ့.. အမြဲတော့ မဟုတ်.. ဟိုတနေ့ က ပါဆယ် တထုပ်ရောက်လာတယ်။ ကွဲ တတ်တဲ့ ပစ္စည်းမို့ ရုံးချုပ်ကသတင်းစာတွေ ပတ်ပြီး ပို့ပေးလိုက်တာ .. အဲဒီထဲက စာရွက် တရွက် ကောက်ကိုင်ကြည့်တော့.. မျက်စိထဲ တန်းကနဲ ရောက် လာတဲ့ စိတ်ဝင်စား ဖွယ် ဓါတ်ပုံလေး တပုံ ကိုတွေ့ မိပြီး ခံစားလာရ လို့
ရေးဖြစ်တဲ့ ကဗျာလေးပါ..။ တယောက် ကိုတယောက် ထွေးပွေ့ထားတဲ့ သား အမိ နှစ်ယောက် ရဲ့ မျက်နှာ က အပြုံးတွေ ဝေနေပေမဲ့... မျက် ၀န်းမှာ မျက်ရည်တွေ နဲ့...

21- 27 September, 2009 ထုတ် Myanmar Times သတင်းစာ တွင် ဖေါ်ပြ ပါရှိသော " Govt grants amnesty to 7114 Prisoners" ခေါင်းစဉ်အောက်ရှိ ဓါတ်ပုံ တပုံ အားကြည့်ပြီး ခံစား ရေးဖွဲ့ ပါသည်။

ကာယကံရှင် " Former Weekly Eleven Editor .. Ko Kyaw Kyaw Thant" နှင့် ကျမ အပြင်မှာတွေ့ဆုံဖူးခြင်း သိခြင်း မရှိပါ..။ ကဗျာရေးပြီး ပြီးချင်း ဆက်သွယ် ရန် ကြိုးစား ခဲ့သော် လည်း မအောင်မြင် ခဲ့ ပါသောကြောင့် ကာယကံရှင် ၏ ခွင့်ပြုချက် ရယူ နိုင်ခဲ့ ခြင်းမရှိပါ .။ ယခုဖေါ်ပြထားသော ကဗျာ အပေါ် တစုံ တရာ မကျေနပ် ပါ က ma.lay751@gmail.com သို့ စာရေးပြီး ကန့်ကွက် နိုင်ပါသည်။ ကျမ ဘလော့ စာမျက်နှာပေါ်မှ ဤကဗျာ အား ပယ် ဖျက်ပေးပါမည်။

အားလုံးကို ချစ်ခင်လေးစားသေါ

မမသီရိ

10 comments:

နှင်းနဲ့မာယာ said...

မမရေ
ရင်ထဲမှာ ထိထိမိမိကျန်နေခဲ့တဲ့
ကဗျာလေးတစ်ပုဒ်ပါ...
အမေ့အတွက်နားကပ်လေး မြန်မြန်ပြန်ရပါစေလို့......

ချစ်သော
နှင်း

ရွှေရတုမှတ်တမ်း said...

ပန်းကလေး ကဗျာကို..ပန်းကလေးကဓါတ်ပုံကြည့်ပြီး
ရေးတယ် ပြောလို့သာ..ဓါတ်ပုံမရှိတဲ့ အပြင်ကအဖြစ်တွေလဲမြင်နေရတာပဲလေ..

kaungkinpyar said...

ကဗျာလေး ကောင်းလိုက်တာ မမရယ်..း)

မိုးခါး said...

မမသီရိရေ
ကဗျာလေးကောင်းလိုက်တာ
မျက်စိထဲတောင် မြင်မိတယ် ..

ဒဏ္ဍာရီ said...

မမသီရိရဲ့ ကဗျာလေးက ရင်ထဲကို ထိသွားတယ်။ အမေ့ကျေးဇူး ပြန်ဆပ်နိုင်ပါစေ...


ခင်မင်လေးစားလျှက်

kiki said...

မမသီရိ ရေးထားတာ ဖတ်ရရုံနဲ့တင် စိတ်မကောင်းဖြစ်မိတယ် ..
မတရားသဖြင့် ခွဲခွာခြင်းခံနေရတဲ့ မိသာစုများ အမြန်ဆုံး ပြန်လည်ဆုံစည်း နိုင်ကြပါစေ လို့
ဆန္ဒပြုလိုက် ပါတယ် မမ ရေ....

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

မမသီရိရေ
အရမ်းကြိုက်တယ်ဗျာ
ခံစားချက်တူသွားလို့ ဖြစ်မယ် ကျွန်နော့် တုန်းကတော့ မေမေ့ နားကပ်လေးတင်မဟုတ်ဘူး အိမ်နဲ့ ခြံပါ ပြုတ်သွားခဲ့တယ်လေ တကယ်ခံစားရပါတယ်

~ဏီလင်းညို~ said...

ကျနော့ နှလုံးသားက အသံ
အမှန်တရားအတွက်.. ညံ နေတာ.. အမေ.. ကြား မိရဲ့လား....
အဲ့ဒီစာကြောင်းလေးကို...အရမ်းကြိုက်တယ်...အစ်မရေ...။
ရေးတတ်လိုက်တာဗျာ...။
မေမေ့ကိုတောင် သိရသွားတယ်...။
ဖတ်ခွင့်ရတာ...ကျေးဇူး...။

ဆောင်းယွန်းလ said...

ကဗျာလေးဖတ်ပြီး ဘာပြောရမှန်းတောင်မသိဘူးဗျာ..
ဒီလိုကဗျာထဲကအဖြစ်မျိုးတွေ..ဘယ်လောက်တောင်များခဲ့ပြီးပြီလဲ...တွေးလေ တွေးလေ
ကမ္ဘာမကြေပဲဗျာ

Nge Naing said...

မမသီရိရေ ကဗျာလေးကို ဖတ်ပြီး ခံစားရပါတယ်။