Saturday, May 16, 2009

ဖီဒဲလ် ကပ်စထရို၏ ကမ္ဘာကျော်လျှောက်လဲချက် အပိုင်း (၁)

စကားချီး..

ဖီဒဲလ် ကပ်စထရို ဆိုတာ တခေတ်တခါ က တောက်ပခဲ့ဖူးတဲ့ ကြယ်တပွင့်ပါ..။ အဲဒီခေတ်အခါတုန်းဆီက လွတ်လပ်ပြီးစ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှတလွှားက လူငယ် လူရွယ် အများစု လေးစားအားကျခဲ့ရတဲ့ .. တခြားကမ္ဘာ့ဒေသတွေက လူငယ်တွေကပါ မျက်ခြေမပြတ်စောင့်ကြည့် အကဲခတ်ခံခဲ့ရတဲ့ တော်လှန်ရေးလူငယ် တဦးဖြစ်ခဲ့ဖူးသူပါ။ နှောင်းလူငယ်တွေကတော့ ကပ်စထရို ဆိုတာ သေသည်ထိ အာဏာကို မစွန့်လွှတ်ချင်တဲ့ အာဏာရူးကြီး၊ တယူသန် တဇွတ်ထိုးကြီး၊ တိုင်းပြည်ကို တံခါးပိတ်ထားချင်သူကြီး၊ ပြည်သူတွေကို ထည့်မစဉ်စားတဲ့တကိုယ်ကောင်းဆန်သူကြီးအဖြစ်၊ ကျူးဘားသမိုင်းစာမျက်နှာတွေကို အညိုရောင်နဲ့အုံ့မှိုင်း စေခဲ့သူကြီးအဖြစ်သာသိထားကြမှာပါ။ ခုတင်ပြသွားမဲ့စာစုလေးကတော့..သူ့ရဲ့ကမ္ဘာကျော်ခဲ့တဲ့လျှောက်လဲချက် တွေထဲက ထုတ်နှုတ်ထားတဲ့ အချက်အလက်တချို့ပါ..။ ကျမ ဆီမှာ ရှိနေတဲ့ ရန်ကုန်ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ် ဥပဒေပညာဌာနမှာ ကထိကအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တရားရုံးချုပ်ရှေ့နေ စာရေးဆရာ မောင်ကိုယုရဲ့ ကမ္ဘာကျော်လျှောက်လဲချက်များ ဆိုတဲ့ စာအုပ်က ကောက်နှုတ်တင်ပြသွားမဲ့ ဖီဒဲလ်ကပ်စထရိုရဲ့ သမိုင်းဝင် လျှောက်လဲချက်ပါ။ အချိန်အခက်အခဲ ကြောင့်ရော..စာဖတ်သူတွေကို အားနာသောအားဖြင့်ပါ.. အပိုင်းလိုက်ခွဲပြီး တင်ပြပေးသွားပါမယ်။


နောက်ခံသမိုင်း

ဖီဒဲလ်ကပ်စထရိုသည် ကျူးဘားပြည်အိုရီယန်တီနယ်တွင် ၁၉၂၆ ခု သြဂုတ်လ ၂၃ ရက်နေ့၌အဘ ကြံစိုက် ပျိုးရေးလုပ်ငန်းရှင်လူချမ်းသာ၏ဒုတိယဇနီးသည်မှမွေးဖွားခဲ့သည့် တတိယမြောက်သား ရတနာဖြစ်သည်။ ငယ်စဉ်ကပင်ထူးချွန်ထက်မြက်သူတဦးဖြစ်ပြီး ၁၉၄၅၊ အသက် ၁၉ နှစ်အရွယ်တွင် ဟာဗာနာတက္ကသိုလ် တွင်ဥပဒေပညာကိုလေ့လာဆည်းပူးခဲ့ပါသည်။ ထိုစဉ်က ဟာဗာနား တက္ကသိုလ်သည် နိုင်ငံရေးလှုပ်ရှားမှုများတွင် အတက်ကြွဆုံးဖြစ်ပြီး ကတ်စရို ကျောင်းသားဖြစ်စဉ်ခိုက် ပိုမိုအားကောင်းလာခဲ့ပေသည်။ သူ၏အပြောအဟော ကောင်းမှုကြောင့် ခေါင်းဆောင်နေရာကို ဆောလျင်စွာရရှိခဲ့ပြီး သူခေါင်းဆောင်သည့် ကျူးဘား ကျောင်းသား လှုပ်ရှားမှုဖြင့် ကျူးဘားအစိုးရ၏ မတရားမှုများကိုတိုက်ပွဲဆင်နွဲခဲ့သည်။ ကျူးဘားအစိုးရ၏ဖောက်ပြန်မှု၊ လက်တင်အမေရိကန် နိုင်ငံများရှိ အစိုးရတို့၏ဖောက်ပြန်မှုများအားဆန့်ကျင်သော တိုက်ပွဲများကို တက်ကြွစွာ ခေါင်းဆောင်ခဲ့မှုကြောင့် အကြိမ်ကြိမ်ဖမ်းဆီးခြင်းခံခဲ့ရသည်။ (စာ ၁၈-၁၉)

၁၉၅၀ တွင် ဥပဒေ၀ိဇ္ဇာဘွဲ့ကိုရရှိခဲ့ပြီး ဟာဗာနာမြို့တော်တွင်ရှေ့နေတယောက်အဖြစ်အမှုလိုက်ကာ အသက်မွေး ၀မ်းကျောင်းခဲ့သည်။ သူလိုက်လံဆောင်ရွက်ပေးသောအမှုများမှာ နိုင်ငံရေးမှုခင်းများနှင့်ဆင်းရဲသား အလုပ် သမား၊လယ်သမားများဖက်မှလိုက်ပါဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ၁၉၅၂ တွင် ရွေးကောက်ပွဲ ၀င်ရန်စီစဉ်ခဲ့ သော်လည်း အာဏာရှင် ဘာတစ္စတာကနိုင်ငံ့ အာဏာာကို လက်နက်ကိုင်သိမ်းပိုက်ခဲ့သဖြင့်၊ ရွေးကောက်ပွဲ ပျက်ခဲ့ရသည်။ ဘာတစ္စတာအား ထောင်ချ အပြစ်ပေးရန် ကပ်စထရို ကိုယ်တိုင် တရားစွဲခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့သည်။ ဤသို့ဖြင့် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်သည်သာလျှင် ကျူးဘားပြည်သူတို့၏ လွတ်မြောက်ရာလမ်းဖြစ်ကြောင်း ကတ်စထရိုနားလည်သဘောပေါက် ဆုံးဖြတ်ခဲ့ပြီး ကျောင်းသား ကျောင်းသူ လူ ငယ် ၂၀၀ တို့အား သင်တန်းပေးကာ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို စတင်ခဲ့ပါတော့သည်။

၁၉၅၃ ခု ဇူလိုင် ၂၆ ရက် အာရုဏ်ဦး အချိန်တွင် ကပ်စထရို ဦးဆောင်သော ကျောင်းသားသူပုန်တပ်က မွန်ကားဒါး စစ်စခန်းကို ၀င်ရောက်စီးနင်းတိုက်ခဲ့သည်။ သို့ရာတွင် ထိုတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ရပြီး သူပုန်ကျောင်းသား များစွာ အဖမ်းခံ၊ အသတ်ခံခဲ့ ရသည့်အပြင် ဆန်ရှာဂိုမြို့တွင် သွေးချောင်စီးခဲ့ရသည်။ သူပုန်ကျောင်းသားများအား ကူညီအားပေးသူများအားလည်း နှိမ်နင်းသတ်ဖြတ်ခဲ့၊ ဖမ်းဆီးချုပ်နှောင်ခဲ့ကြသည်။ ဘာတစ္စတာ၏ လက်နက်ကိုင်စစ်သားများနှင့် ပုလိပ်များက လမ်းပေါ်တွင် တွေ့သမျှကလေး လူကြီး မကျန် လူမဆန်စွာ ပစ်သတ်ခဲ့သည်။ ကပ်စထရိုမှာ တိုက်ပွဲဖြစ်ပွားစဉ်က လွတ်မြောက်ခဲ့သော်လည်း နောက်ပိုင်းတွင် တောထဲ၌ ခရီး ပန်းပြီး အိပ်ပျော်နေစဉ် ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ဘာတစ္စတာအား ဆန့်ကျင်တိုက်ခိုက်သည့် လက်နက်ကိုင်ပထမတိုက်ပွဲ မွန်ကားဒါး အရေးတော်ပုံတွင် အရေးနိမ့် ခဲ့သော်လည်း၊ ဒုတိယတိုက်ပွဲဖြစ်သော တရားရုံးတွင်းတိုက်ပွဲတွင်မူ ကပ်စထရိုက အပြတ်အသတ် အနိုင်ရခဲ့လေ သည်။ တရားရုံးတွင်း၌ ကပ်စထရိုသည် သူ၏သူရသတ္တိထွန်းပြောင်မှု၊ သတ္တိရှိမှု၊ လေ့လာ ဆည်းပူမှု၊ တရား ဥပဒေတတ်ကျွမ်းနားလည်မှု၊ သမိုင်းနှင့် အဘိဓမ္မာပညာရပ်တို့တွင် ၀င်ဆန့်မှု၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးမှု၊ တရားမျှတမှုကို အသက်ပေးလိုလားမှု စသည်တို့ကို အထင်အရှား ပြသခဲ့လေသည်။ (စာ၂၀-၂၁)

၁၉၅၃ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့တွင် ဆန်ရှာဂို တရားရုံးတွင် မွန်ကားဒါးအရေးတော်ပုံ၌ လုံးဝမပါဝင် မပတ်သက်ခဲ့သော ပုဂ္ဂိုလ်များအပါအ၀င် လူပေါင်း ၁၂၂ ယောက်ကို ရုံးတင် တရားစွဲဆိုခဲ့သည်။ ထိုရုံးတော်သို့ ထောင်မှ ပို့ဆောင်ရာတွင် ဖီဒယ်လ် ကပ်စထရိုအား တဦးတည်း ခွဲခြား၍ လက်ထိပ်ခတ်ပြီး လက်နက်ကိုင် အစောင့်အရှောက်ဖြင့် ပို့ခဲ့သည်။

ထို ပထမ ရုံးချိန်းအတွင်း အစိုးရရှေ့နေ၏ .. ဘာ့ကြောင့်တရားဥပဒေနည်းလမ်းကို အသုံးပြုပြီး ဥပဒေဘောင် အတွင်းမဆောင်ရွက်ခဲ့သလဲ....ဟူသည့်မေးခွန်းအားကပ်စထရိုက.... ရိုးရိုးနဲ့ရှင်းရှင်းပြောရရင် ကျူးဘားပြည်ဟာ လုံးဝလွတ်လပ်မှုမရှိလို့ပါပဲ။ မတ်လ ၁၀ ရက်နေ့ကစပြီးကျူးဘားပြည်မှာ ဘယ်သူမှ လွတ်လပ်စွာ ပြောဆိုခွင့်မရခဲ့ကြဘူး၊ ဥပဒေဘောင်အတွင်းက ဆောင်ရွက်ဖို့ ကြိုးစားခဲ့ပေမဲ့အစိုးရကအမြဲပဲပိတ်ပင်ထား ခဲ့ပါတယ်။ တရားခုံရုံးတွေမှာ ဘာတစ္စတာ အစိုးရကိုတရားစွဲဆိုခဲ့ပေမဲ့ ကျနော်တို့မျှော်လင့်ခဲ့သလို တရားရုံးတွေ ဟာဆုံးဖြတ်ချက်မပေးခဲ့ကြဘူး...... လို့ဖြေကြားခဲ့ပါတယ်... ဒီအရေးတော်ပုံမှာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အဆက်အသွယ် မရှိခဲ့ရင် ဘာအကူအညီအထောက်အပံ့နဲ့ လုပ်ခဲ့သလဲ ... ဆိုတဲ့ မေးခွန်းကိုတော့... အကယ်၍ ကျနော်တို့ဆက်သွယ်မှု ရယူနိုင်မယ် ဆိုရင် ပြည်သူတွေနဲ့ ဆက်သွယ်မှုကိုသာ ရယူမှာပါ။ ပြည်သူတွေကလဲ ကျနော်တို့ကို အားပေးမှာအမှန်ပါပဲ၊ ကျနော်တို့မှာမဟာမိတ်ရှိပါတယ်၊ အဲဒီမဟာမိတ်ကတော့ ပြည်သူတွေပါပ... .လို့ ဖြေကြားခဲ့ပါတယ်။

ဒုတိယနေ့ ရုံးချိန်းတွင် ကပ်စထရိုက ရှေ့နေစားပွဲတွင် ထိုင်ခွင့်ပြုရန်တောင်းဆိုခဲ့ပါသည်။

တတိယနေ့ရုံးချိန်းဖြစ်သည့် စက်တင်ဘာလ ၂၆ ရက်နေ့တွင်တော့ ကပ်စထရိုအား တရားခွင် သို့ ထုတ်မလာ ခဲ့တော့။ ကပ်စထရို မကျန်းမာသောကြောင့် ရုံးတော်သို့ မလာနိုင်ကြောင်း ထောင်မှူးကအကြောင်းကြားသည်။ ဤတွင်တရားသူကြီးက လူမမာတရားခံ မျက်ကွယ်၌ တရားဆက်လက်စစ်ဆေးရန်ကျေညာလိုက်သည်၊ ထိုအခိုက် အမျိုးသမီးတယောက်၏ အသံသည် တရားရုံးတွင်းတနေရာမှ စူးရှကျယ်လောင်စွာ ထွက်ပေါ် လာခဲ့သည်။ .... တရားသူကြီးမင်းရှင့် ဒေါက်တာ ဖီဒယ်လ်ကပ်စထရို ကိုယ်တိုင် လက်ရေးဖြင့်ရေးသားထားတဲ့ စာတစောင်ကို ကျမယူလာပါတယ်.. ဒီစာဟာ မြင့်မြတ်ပြီးဂုဏ်သရေရှိတဲ့ တရားရုံးတော်သို့ ရည်ညွှန်းလိပ်မူထားပါတယ်... ဟုပြောပြီး ဆံပင်ထဲ၌ ၀ှက်ယူလာသော စာရွက်လိပ်လေးအား တရားသူကြီးချုပ်လက်သို့ ပေးအပ်လိုက်ပါတော့သည်။


(ဆက်လက်ဖေါ်ပြပါမည်)

မမသီရိ

5 comments:

yehtutnaung said...

အမရေ.. ဆက်လက် စောင့်မျှော်နေပါတယ်ဗျာ။ မျှဝေတဲ့ အတွက် ကျေးဇူးအထူး။

ဂျူနို said...

ဟုတ်တယ်။ အဲ့ဒီအခန်းလေးထင်တယ်။ ဆံပင်ထဲဖွက်ယူလာတဲ့ စာလေ။
သူ ကတောင် လွတ်လပ်ပါသေးတယ်။
တရားရုံးပြင်ရော အထဲရော လူ အပြည့်လေ။
ခုနေ ကိုမင်းကိုနိုင်တို့ ကျောင်းသားခေါင်းဆောင်တွေ ဒေါ်အောင်ဆန်းစုကြည်တို့ တွေကို စစ်တာ တရားရုံးမှာ ဘာပရိတ်သတ်မှ မရှိ။

ဘလာ ဘလာ လုပ်သွားပြီ။

ကောင်းကင်ပြာ said...

မမ စောင့်မယ်နော်၊ ခုမှ သိတာ ၊ ဗဟုသုတ နည်း၏

Unknown said...

မမသီရိ...

အခုလို ဗဟုသုတဖြစ်စေမယ့် မှတ်သားစရာလေးတွေကို စုစည်းဖော်ပြပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်...။

ပျော်ရွှင်ပါစေ...

မကြာမီလာမည့် အပိုင်းလေးကို မျှော်လင့်လျှက်...

Unknown said...

သေသေချာချာဖတ်ဖို့ကို အရှိန်ယူနေတာ..။ အခုလာ ဖတ်နေပြီ..။ ဆက်ဖတ်လိုက်ဦးမယ်..။ ကက်စထရို အကြောင်းပြောမယ်ဆိုရင်တော့ ချီကွေဗားရားလည်း မပါ မဖြစ် ပါလာရတော့မယ်ထင်တယ်..။ ဆက်ဖတ် လိုက်ဦးမယ်..။