Thursday, March 26, 2009

သူရဲကောင်း

သူတို့မှာ..
သူတို့ သူရဲကောင်းတွေ ရှိတယ်..။

ငါတို့မှာ..
ငါတို့ သူရဲကောင်းတွေ ရှိတယ်..။

သူတို့ ရဲ့ သူရဲကောင်းက
ငါတို့ အတွက် ရန်သူဖြစ်ချင် ဖြစ်မယ်..။

ငါတို့ ရဲ့ သူရဲကောင်းကလဲ
သူတို့အတွက် ရန်သူ ဖြစ်ချင်ဖြစ်မယ်..။

ငါတို့မှာ
မွေးရာပါ အခွင့်အရေး တွေ
ကိုယ်စီ ရှိနေကြတာမို့
လွတ်လပ်စွာ ကွဲလွဲ ခွင့် ရှိသလိုပဲ
လွတ်လပ်စွာ.. ညီညွတ်ခွင့် လဲ ရှိနေတယ်..။

ဘယ်သူမှန်လို့
ဘယ်သူ မှားသလဲ ဆိုတာ
သမိုင်းက ပြောလေလိမ့်မကွဲ့..။

အသွေးအရောင်တွေ
ကွဲပြားခြားနားနေတဲ့
ရောင်စုံ ဒီကမ္ဘာကြီးထဲ..

တူညီရာ ခံယူချက်တွေနဲ့
ကိုယ်ယုံကြည်ရာ မသွေ လမ်းကို တဲ့..။

ကဲ.. လာ..
နှလုံးသား အရောင်ညီတဲ့ သူတွေ..
အတူတူ ချီတက်ကြစို့ရဲ့..
နေ့သစ်တခု ဆီ..
ရောင်နီ လာလေမလား..
ဝိုးတ၀ါး ရှိနေဆဲ ပေမဲ့......
.........................
ကိုယ်တို့ ရဲ့ သူရဲကောင်းတွေနဲ့ အတူ...။


၁၉၄၇ ခုနှစ်တွင် ဖက်ဆစ်များ အား ရဲရဲ ၀ံ့ဝံ စွန့်စွန့် စားစား တွန်းလှန် တိုက်ခိုက် ခဲ့သော မြန်မာ့ သူရဲကောင်းများ၊ ပြည်သူ ဖက်က အစဉ်အမြဲ ရပ်တည် တိုက်ပွဲ ၀င်နေသော ကမ္ဘာပေါ်ရှိ သူရဲကောင်းများ အားလုံးအတွက် နှင့် မတ်လ ၂၇ ရက်တွင်ကျရောက် မည့် တော်လှန်ရေးနေ့ အား ဂုဏ်ပြု ဖွဲ့သီပါသည်။
...........................................................

Professional ကဗျာဆရာတွေ အားလုံးက သူတို့ ရဲ့ ကဗျာတွေ ကို အဓိပ္ပါယ် ဖွင့်ဆိုလေ့ မရှိကြပါဘူး ဘာကြောင့်ရေးရသလဲ လို့ ပြောတာလဲ ရှားရှား ပါးပါး ပါ။ ကျမ ကတော့ Professional ကဗျာဆရာ မဟုတ်တဲ့ အပြင် မိကျောင်းမ သမီးနဲ့ အမျိုးတော်သူမို့.. လျှာက အတော် ရှည်ပါတယ်။ လူမမေးပဲ ပြောချင်လွန်းတဲ့ ..မတီးပဲ မြည်ချင်တဲ့စည်ကလေး တလုံးပါ..။ ဘာအလုပ်လေးပဲ လုပ်.လုပ်.. ဘာလေးပဲ ရေး .. ရေး.. ရည်ရွယ် ချက် က ဘာလဲ.. နောက်ခံသမိုင်း က ဘာလဲ.. ဘာတွေက စေ့ဆော်လို့ ရေးရတာလဲ .. လုပ်ရတာလဲ ဆို တာ .. ဘယ်သူမှ မမေးပေမဲ့ ပြောချင်နေသူ ပါ..။ တပြိုင် နက်ထဲမှာပဲ.. အချိန်လေး အားအား ယားယား ရှိရင်.. ဘလော့ဂ်တွေ လျှောက်လျှောက် လည်တတ် တဲ့ အကျင့်လေးကလဲ ရခဲ့တာမို့.. ခုတလော.. လျှာလဲ ရှည်... ခြေလဲ ရှည် လို့ ပြော ရမယ်ထင်ပါရဲ့.။

ခြေရှည်တယ် ဆိုပေမဲ့.. ကျမရဲ့ ရွာထဲကအပြန်ဆိုတဲ့ ပို့စ်ထဲ မှာ ရေးခဲ့ သလိုပဲ.. ဘယ်လိုသွားလို့ ဘယ်ကို ရောက်တယ် ဆိုတာ သေချာ သိတာ မဟုတ်ပါဘူး..။ ကိုယ့် ဆီလာလည်တဲ့သူတွေထဲက link ထားခဲ့ သူတွေ ဆီကို အလည် ထွက်ဖြစ်ပြီးတော့.. ကိုယ်နှစ်သက်မိသူတွေ.. ခင်မင် မိသူတွေ အသစ် ရေးတာတွေ့ ရင်.. သွား.. သွား.. ဖတ်ဖြစ်အောင် follow လုပ်ဖြစ်တဲ့အခြေအနေက သိပ်ကြာသေးတာ မဟုတ်ပါဘူး..။ အဆင်ပြေပြေ လျှောက်လည်တတ်တာ လပိုင်းလောက်ပဲရှိ အုံးမယ် ထင်ပါရဲ့.. ..။ ဒီ အဆင့်ကို မရောက်ခင်လေး တုန်း က.. အကိုအောင်သာငယ် ရဲ့ ဘလော့ဂ် ထဲက recent posts list ထဲမှာ.. နီရူဒါ ဆိုတဲ့စကားလုံးလေး တလုံးပါတဲ့ ခေါင်းစဉ်နဲ့.. ပို့စ်အသစ်တင်တဲ့ ဘလော့ဂ်တခုတွေ့မိတာနဲ့ အားရပါးရ ၀မ်းပန်းတသာ click လုပ်ပြီး အလည်သွားမိခဲ့ပါတယ်.. ဘာလို့ လဲ ဆိုတော့ ကျမက ငယ်ငယ် ထဲ က ဆရာကြီး နီရူဒါ ကို စွဲလမ်းခဲ့ သူ တယောက် မို့ ပါပဲ..။ သေချာတော့ မမှတ်မိတော့ပေမဲ့.. အဲဒီ ကဗျာထဲမှာ.. နီရူဒါရဲ့ ကဗျာတပုဒ် ထဲ က စကားစုဖြစ်တဲ့ ငါ့တိုင်းပြည်လေးမှာ သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ် ဆိုတဲ့ (ကိုအောင်သာငယ် ရဲ့ ဘန်နာ နဲ့ မနောဟရီရဲ့ ဆိုဒ်ဘားထဲ မှာ အဲဒီစကားစုလေး ရှိပါတယ်) စကားစုလေး ကို သုံးထားပါတယ်.. ပြီးတော့မှ ဆက်ရေးထားတာက.. အဲဒါကြောင့် ပဲပြုတ်နဲ့ကြော်စားလိုက်တယ် တဲ့... မျှော်လင့်တကြီးနဲ့ရောက် သွားတဲ့ ကျမ .. ရင်ဝဆီးကန် သလိုမျိုးခံစား ရပြီးတော့ .. အတော် ၀မ်းနည်းသွားခဲ့မိပါတယ်..။ ဘလော့ဂ်လောက ထဲ မလည်မ၀ယ်အဆင့်မှာပဲရှိပြီး.. ၀မ်းပန်းတနည်းခံစားနေခဲ့ရတာမို့.. အဲဒါ ဘယ်ဘလော့ဂ်လဲဆိုတာ ကျမ မမှတ်မိတော့ပါ ဘူး..။

ခု .. အဲဒီ အကြောင်း ပြန်ရေး နေရ တာ က.. အဲဒီ ကဗျာရေးခဲ့ တဲ့ သူကို ကျေးဇူး တင်ချင်လို့ပါ.. သူ့ကြောင့်မို့လို့.. ကျမ ငယ်ငယ် ထဲက လေးစားခဲ့ရတဲ့.. ကျမရဲ့ သူရဲကောင်း တယောက် ဖြစ်တဲ့.. အာနက်စတို ချေဂွေဗားရား ရဲ့.. တော်လှန်ရေး စိတ်ဓါတ်နဲ့ ခံယူချက် မျိုးစေ့ကို နှိုး ဆွပေးခဲ့သူ.. ချီလီ မျိုးချစ် ကဗျာဆရာကြီး.. ပတ်ဗလိုနီရူဒါ ရဲ့ အကြောင်း.. သေချာ လေ့လာခွင့်ရခဲ့ပါ တယ်..။ အဲဒီကဗျာအောက် မှာ ကဗျာရေးသူ က link ကလေး တခု ပေးထားခဲ့တာမို့ပါ..။

နှစ်တွေအလီလီ ပြောင်း လို့ ..ခောတ်တွေ စံနစ်တွေ ဘယ်လိုပြောင်းခဲ့ ပေမဲ့.. အမှန်တရားကို မြတ်နိုးပြီး
မတရားမှုနဲ့ ဖိနှိပ် ချုပ်ချယ်မှုတွေ ကို တော်လှန်လိုတဲ့ .. လူငယ်တွေ ရဲ့ ရင် ထဲမှာ ခုထက်တိတိုင် ကိန်းအောင်း နေနိုင်ဆဲ သူရဲကောင်း တယောက် ဟာ ရဲဘော်ချေ ဆိုတာ ဘယ်သူ မှ မငြင်းနိုင်ပါဘူး..။ ရဲဘော်ချေ တယောက် သူ့ဘ၀ ကို အဆုံးစွန်သော စွန့်လွှတ်မှုတွေ နဲ့ ဖိနှပ်ခံ လူတန်းစားတွေ အတွက် အသက် စွန့်သွား ခဲ့တာ.. ငယ်ငယ် တုန်းက သူ ရခဲ့တဲ့..တော်လှန်ရေး သစ္စာ အသိစိတ်တွေ ကြောင့်ပါ..။

ကျမ အသက် ၁၃ - ၁၄ လောက်မှာ အဲဒီခေတ်က ဖတ်ခဲ့ရတဲ့.. နိုင်ငံရေးနဲ့ တော်လှန်ရေးသူရဲကောင်းပုဂ္ဂိုလ်တွေ ရဲ့ ကြားထဲမှာ ဖီဒဲလ်ကပ်စထရို အကြောင်း. နှစ်နှစ်သက်သက် ဖတ်ရင်း.. သူ့.ရဲ့ ရဲရင့် လှတဲ့ ကမ္ဘာကျော် လျှောက်လဲချက်တွေ ကို..ဖတ်ရင်း.. သူတန်ဖိုးထား လေးစား တဲ့.. သူရဲ့ ညာလက်ရုံး လို့ ပြောလို့ ရတဲ့ .. ရဲဘော် အာနက်စတို ချေဂွေ ဗားရား ကို ပါ ရင်းနှီးခဲ့ရပါ.တယ်။ . ရဲဘော်ချေ အကြောင်းတွေ ဖတ်ရင်းနဲ့.. သူ ငယ်ငယ် ကလေးဘ၀မှာ .. သူ့အဖေ ယူလာပေး လို့ ဖတ်ခဲ့ရတဲ့.. ဆရာကြီး နီရူဒါ ရဲ့ ကဗျာတွေ ဖတ်ပြီးတော့.. ဖိနှပ်ခံ ပြည်သူတွေ အတွက် အနစ်နာ ခံချင်တဲ့စိတ်လေးရခဲ့ တယ်ဆိုတာ သိခွင့် ရခဲ့ ပါတယ်.. သူကြိုက်တဲ့ ဆရာကြီး နီရူဒါရဲ့ ကဗျာ အပိုင်းအစ တွေကို သူ့ရဲ့အတ္တုပတ္တိ ဖတ်ရင်း တမက်မောမော ဖတ်ခဲ့ နှစ်သက်ခဲ့ ပြီးတဲ့ နောက် ဆရာကြီး အကြောင်း ကို ပိုသိချင်ခဲ့ပေမဲ့.. .အခွင့် မကြုံတာမို့ ... သေချာ မသိခဲ့ရပါဘူး.. ။

ခုတော့ ကျမ မမှတ်မိတဲ့ ဘလော့ဂ်ဂါလေးတယောက်ကြောင့်..ငယ်ငယ် ထဲကရှိနေခဲ့တဲ့ကျမရဲ့ဆန္ဒ တခု ပြည့်ခဲ့ရပြါ့ပီ.. နီရူဒါရဲ့ သစ်မြစ်တွေ ကို ပဲပြုတ်နဲ့ကြော်စားလိုက် လို့.. ၀မ်းနည်းရတာ က လွဲ ပြီးတော့ပေါ့လေ..။

အပေါ်က ကဗျာ ကတော့ အဲဒီနေ့ က သန္မေတည်ခဲ့တဲ့ ခံစားချက်ကို အခြေခံပြီးရေးဖြစ်ခဲ့တဲ့ ကဗျာ ပါ..။


မမသီရိ



21 comments:

Welcome said...

သံစဉ်တူ၊ အရောင်တူ၊ ရင်ဘတ်သူတူချင်း
စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ချင်တဲ့ ကဗျာရဲ့ အားမာန်ကို မြင်တွေ့ခွင့်ရလို့ ကျေးဇူးပါ။
ကဗျာရှိတော့ စကားပြေ ရှိမှာ အမှန်ပါ။
ပိုလို့တော့ မပြောပြတတ်ပါဘူး။

လေးစားလျက်
ဝင်းဇော်

yehtutnaung said...

တော်လှန်ရေးနေ့  အတွက်ဆို ညီမလေး အဖြေ မှန်ပါတယ်..။ ( ဘကြီး နေညိုရင့်  )

လင်းဒီပ said...

အစ်မအတွက် ဆရာကြီးတင်မိုးကဗျာလေး လက်ဆောင်ထားခဲ့မယ်..။

“တော်လှန်ရေး”

ဆူးစူးဝင်၍ အပ်နှင့်ထွင်သည်
အသင်ဘာပြောချင်သနည်း။

တင်မိုး

pandora said...

အားတက်စရာကဗျာလေးကို ဖတ်သွားပါတယ် မမသီရိ။

ဒါနဲ့ လင်းဒီပ ပြောတဲ့ကဗျာက ဆရာမောင်သာရ ရေးတာလို့ မှတ်သားဖူးပါတယ်။

My Diary said...

မမပြောမှ တော်လှန်ရေးနေ့ကို သတိရမိတော့တယ်
ညီမလေးတို့ နားထဲစွဲနေတာ
တပ်မတော်နေ့ လေ။
အင်းးး
ကဗျာလေးကို ခုမှဖက်ဖူးတယ်။
မမရေးထားတာလေး တွေးထားတာလေးတွေ ဖက်သွားတယ်နော်။ ညီမလေးလည်းတွေးချင်တယ် ။

မမသီရိ said...

မပန်ပြောတာ မှန်ပါတယ်
မောင်လေး လင်းဒီပ အမှတ်မှားလို့ နေမှာပါ
အဒြီ.. တော်လှန်ရေး ဆိုတဲ့ ကဗျာ က ဆရာမောင်သာရ ရေးတာပါ

Anonymous said...

ငါတို့မှာ
ငါတို့ရဲ့ သူရဲကောင်းတွေရှိတယ်....။

ငါတို့ရဲ့ သူရဲကောင်းကလဲ
သူတို့အတွက် ရန်သူဖြစ်ချင်ဖြစ်မယ်...။

အဲဒီ စကားစုလေးကို ကြိုက်ပါတယ်....။

ATN said...

အကို့ ပို့စ် တခု (http://aungthange.blogspot.com/2008/12/blog-post_6493.html) မှာ အဲကဗျာကို အကြိုက်ဆုံးကဗျာဆိုပြီး ဖော်ပြထားဖူးပါတယ်။

ငါ့ညီမရေ တချို့ကလည်း စားချင်တာနဲ့ ရောစားပစ်တာပါပဲ။ အစာမကြေဖြစ်မှာ မကြောက်လို့ စားတာဖြစ်မှာပေါ့လေ...း)
ဘယ်သူလဲဆိုတာ အမှတ်ထားမနေပါနဲ့တော့...
သူကတော့ ရင်ဝ တင်မဟုတ် တွေ့ရာလူကို တွေ့ရာနေရာကို လျှောက်ကန်နေတော့တာပါပဲ...း)

လင်းဒီပ said...

ကျွန်တော် အမှတ်မှားတာဖြစ်လိမ့်မယ် အစ်မပန်..
ထောက်ပြပေးတာ ကျေးဇူးနော်..


“တော်လှန်ရေး”

ဆူးစူးဝင်၍ အပ်နှင့်ထွင်သည်
အသင်ဘာပြောချင်သနည်း။

မောင်သာရ

Moe Cho Thinn said...

ငါတို့မှာ ငါတို့ သူရဲကောင်းတွေ ရှိတယ် တဲ့။ အားရှိသွားတာပဲ။ မမ ကဗျာလေးအတွက် ကျေးဇူးပါ။ နီရူဒါ ကဗျာတွေလဲ ချိုသင်း သိပ်ကြိုက်တယ်။

သီဟသစ် said...

မမသီရိရေ
ကဗျာလေးဖတ်ပြီး သူရဲကောင်းတွေကို ပိုလေးစားသွားတယ်။

အဆင်ပြေရင် နီရူဒါရဲ့ ကဗျာတွေကို ဘာသာပြန်ပေးပါအုံးခင်ဗျာ။ ဖတ်ချင်လို့ပါ။

Thanks.

Anonymous said...

မမရေ နီရူဒါနဲ့သိပ်မရင်းနှီးဘူး။ ဒါပေမယ့် အဲဒီစကားလုံးကိုတော့ ကြိုက်တယ်။ ကိုအောင်သာငယ်တို့ဆီက ကြားဖူးတယ်။ ကိုယ့်တိုင်းပြည်က သစ်မြစ်တောင်ချစ်တဲ့အထဲမှာ ညီမလည်းပါလို့လေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်မြေကိုအချစ်ဆုံး။ :D

မိုးခါး said...

ညီမလည်း သူများတိုင်းပြည်ရောက်မှ ကိုယ့်ရေမြေကိုချစ်ရမယ်ဆိုတာ နားလည်လာခဲ့တာ .. ခုလော့ လွမ်းနေရုံပေါ့ .. ကဗျာလေးကို မှတ်သွားပါတယ် ..

ကောင်းကင်ပြာ said...

နှလုံးသားချင်း အရောင်တူတဲ့ ကောင်းကင် လာဖတ်တယ် မမ၊ နက်ပြန်မရသေးလိုပ ခနခန မရောက်တာ ခွင့်လွတ်ပါလို့

ဦးဂင်ကြီး said...

ဘယ်သူမှန်လို့
ဘယ်သူ မှားသလဲ ဆိုတာ
သမိုင်းက ပြောလေလိမ့်မကွဲ့..။

မှန်လိုက်တာညီမရေ ...။

Kaung Kin Ko said...

ကဗျာလေး ထိလိုက်တာ အစ်မ။

ကိုပေါ said...
This comment has been removed by the author.
ကိုပေါ said...

မမသီရိ….

ကျနော့်ဘလော့ဂ်မှာ ကွန်မင့်လာပေးခဲ့တာ အခုမှ မြင်လို့ အခုမှပဲ လာဖတ်ရတယ်။

ဂျီးဝမ်းပွိုင့်တူးနီရူဒါ ကဗျာနဲ့ ပတ်သက်လို့ ကျနော်ပေးချင်တဲ့ မက်ဆေ့ခ်ျကို အတော်များများ ရသွားကြဟန်တူပေမယ့် မရလိုက်တဲ့လူ လက်တဆုပ်စာမှာ မမသီရိပါသွားခဲ့ဟန်တူပါရဲ့။

အပေါ်မှာ ကိုအောင်သာငယ်ရဲ့ မှတ်ချက်ကို မြင်ရတဲ့အခါမှာ မပြုံးဘဲနဲ့ ၀ါးလုံးကွဲရယ်မိပါတယ်။

အဲဒီ ကဗျာမှာ ပထမဦးဆုံး ကွန်မင့်ပေးသွားတာက ကိုအောင်သာငယ်ပါ။ သူ့ကွန်မင့်က…… “ဒါ သရုပ်မှန် စာပေပဲ .... ကိုပေါရဲ့...း)
အားပေးနေတယ်...း)
အောင်သာငယ်”………….
လို့တောင် ရေးသွားရှာပါသေးတယ်။ အခုမှ ဟိုကန်ဒီကန်လုပ်တယ်လို့ ဒီမှာ လာရေးပုံထောက်တော့…… အင်း…. ဘယ်နေရာ ထိသွားရှာသလဲလို့ တွေးနေမိပါရဲ့ ခင်ဗျာ။း-)

တီချမ်း said...

my first visit
i don't know what to say but like the way
u explain what u wrote
thanks
:D

မျိုးမြင့်မောင် said...

မမသီရိက သူငယ်ရွယ်စဉ်ကတည်းက နှစ်ခြိုက်လေးစားလာခဲ့ရတဲ့ Neruda အကြောင်းကို အခုမှ ကိုပေါပေးတဲ့ link ကနေတဆင့် ဖတ်ပြီးပိုသိလာရတဲ့အတွက် ကိုပေါကိုကျေးဇူးတင်တယ် ဆိုလို့ ဘယ် link လဲဆိုပြီး ပြန်ရှာလိုက်သေးတယ်။ လက်စသတ်တော့ wikipedia link ကိုး...။

ကိုဖြိုး said...

ရဲဘော်ချေ ရူးသွပ်တာချငါး တူနေပြီ
.....
အမ ရောပဲ ရဲဘော်ချေ ကို သတိရလို့
မနေ့ ကပို့စ်အသစ်လေး တင်ထားမိတယ်ဆိုတာလေး ဖတ်မိလို့ လာဖတ်ကြည့်သွားတာပါ။
အစစအရာရာ ... အဆင်ပြေပါစေလို့ ...
ခင်မင်စွာဖြင့်