Monday, March 23, 2009

ဘိလပ်မှန်ကွဲ

ကျမငယ်ငယ်က နေခဲ့ တဲ့ အရပ်မှာ..အမေရဲ့ အမေ ..အဖေရဲ့ အမေ ကို အမေကြီးလို့ ခေါ်ပြီး...အမေကြီး ရဲ့ အမေကို..အဘောင်ကြီး လို့ ခေါ်ကြပါ တယ်....

ကျမရဲ့ အမေ့ဖက် က ..အဘောင်ကြီး က..မိန်းမချော စာရင်းမှာပါ တယ်လို့ ပြောရမှာပါ...ကျမတို့ မှတ်မိတဲ့ အရွယ်မှာ..အဘောင်ကြီးရဲ့ ခင်ပွန်း .ကျမတို့ ရဲ့ ဖိုးဖိုးကြီး မရှိတော့ ပါဘူး.. အဲဒီဖိုးဖိုး ကြီး က အဘောင်ကြီး ကို..အတော် ကြိုးစား ပိုးပန်း ခဲ့ ရတာပါ တဲ့.....

..ရွာထဲ က..ရှေ့မီ နောက်မီ လူကြီး သူမတွေ ရဲ့ ပြော စကား အရ...အဘောင်ကြီး ငယ်ငယ်က အရမ်းချောပါ သတဲ့..ကျမ တို့ မြီးကောင်ပေါက်အရွယ် မှာ..အဘောင်ကြီး အသက် က ၆၀ ကျော်လို့ ၇၀ နား ကပ်နေပါ ပြီ.....ဒါပေမဲ့...ဒေါင်ဒေါင်မြည် ဆဲ....သွား မကျိုး...ဆံ မဖြူ...ခါးလဲ မကုန်း....တင်ပါးဖုံး လောက်ထိ ရှိနေတဲ့ ဆံပင် ကို ဘီးဆံပတ်..ပုံ့ပုံ့ ကြီး ထုံး..ပါးမှာ သနပ်ခါး မှုန် မှုန် နဲ့...အင်္ကျီ ၀ိုင်ရှံ ဖြူဖြူလွလွ..တွေ..ကို..အပွင့်စိပ်စိပ် အရောင့်ရင့်ရင့် လုံချည် နဲ့ တွဲဝတ်တတ်တဲ့ အသားရောင် ၀ါဝင်းဝင်း နဲ့ အဘောင်ကြီး ကို ကြည့် ရတာ..အသက် ၅၀ ကျော် ပတ်ဝန်းကျင်လောက် လို့ လူတိုင်းက မြင်ကြတာပါ...မျက်နှာကျက လပြည့်ဝန်း လို..၀ိုင်းဝိုင်း ပြည့်ပြည့်... မျက်ခုံး နက်နက် ..မျက်တောင်တွေ ကလဲ ..ထူထူ ကော့ကော့...(ခု LOREA"L ကြော်ငြာတွေ ရှုံးလောက်တယ်.. တကယ်ပြောတာ..း).. နှုတ်ခမ်း ခပ်ပါးပါး နဲ့ ကွမ်းလေး တမြုံ့မြုံ့ ၀ါးနေတတ်တဲ့ အဘောင်ကြီး ဟာ..အတော် ကျက်သရေ ရှိပြီး..လှပ တယ် ဆို ဘယ်သူမှ ငြင်းလို့ မရ ပါဘူး...အသက် ၉၆ နှစ်မှာ ..ကွယ်လွန်တဲ့ အချိန်ထိ.....နားလေးမဆိုစလောက် ထိုင်းတာကလွဲလို့...သွားမကျိုး..ဆံမဖြူ...ခါးလဲမကုန်းခဲ့ပါဘူး.. မကွယ်လွန် ခင် ၁ နှစ် ၂ နှစ် ထိ... ထမင်းချက် ..အိမ်စောင့်...ကလေးထိမ်း...လုပ်နိုင်ခဲ့ သေးတာမို့ ဘုန်းကြီးကျောင်းသွား တဲ့အခါတွေမှာ ဘုန်ကြီး တရားဟောပြီဆိုရင် အဘောင်ကြီး က ဇာတ်လိုက် မင်းသမီး.. ပါရမီ ကောင်းသူ ရယ်လို့ ဘုန်းဘုန်း က ထည့်ထည့် ပြောတတ်တာလေ.......။

အဲဒီအဘောင်ကြီး မှာ..သမီး ၂ ယောက် ထွန်းကားခဲ့ ပါတယ်...တစ်ယောက်က ကျမတို့ ရဲ့ အမေကြီး.. ပေါ့..။ အမေကြီးရဲညီမကို ကျမတို့ ညီအမတွေက အမေကြီးလေးလို့ခေါ်တယ်၊ အမေကြီးက အသားခပ်ညိုညို ပုပြတ်ပြတ်လေး နဲ့ အမေကြီးလေးကတော့ အသားဖြူဖြူ ပုပုလေး ပါ ။ နှစ်ယောက်လုံး အဘောင်ကြီးချောတာ ဘယ်သူမှ မမီကြ။ အမေကြီးမှာ ကျမတို့ မေမေ အပါအ၀င် သားသမီး၎ ဦး ထွန်းကာပြီးတော့ အမေကြီးလေးမှာ တော့ သားတယောက်၊ သမီးတယောက် ထွန်းကားပါတယ်။ မေမေ တို့မောင်နှမတွေမှာ မေမေက အသားအတော်လေးဖြူပြီး ငယ်နာမည် ကြွေရုပ် ခေါ်ခံရတဲ့ ထိ နဲနဲ ပါးပါး ချောတယ် ဆိုပါတော့.. (နဲနဲပါးပါး ပဲနော်..) .. ကျန်တဲ့သူတွေ က ညိုညို ညက်ညက် ရုပ်မထွက်သူတွေ..။

မေမေ့မှာ သမီး ပဲ နှစ်ယောက် ထွန်းကားပါ တယ်.. တယောက်က ကျမ ပေါ့နော့။ အဲဒီကျမ က မှန်ဘယ်လောက် ထိ ကြိုက်သလဲမေး ရင်.. ကျမတို့အဘောင်ကြီး က ကျမကို နာမည် ပေးထားခဲ့တာ.. ဘိလပ်မှန်ကွဲ ..တဲ့လေ..း)။

ကျမမှန်ကြိုက်တာ လူမှန်းသိတတ်စ ငယ်ငယ်လေး ထဲကတည်းကနော်၊ တချိန်လုံး မှန်ပဲ ကြည့်နေတာတဲ့၊ အမေ့ မိတ်ကပ်ဗူးတွေ ကော်ပြီး မျက်နှာမှာသုတ်တာ အသက် ၁ နှစ်ကျော်ကျာ် ၂နှစ် မပြည့်သေးတဲ့ အချိန်က၊ အမေ့ အ၀တ်အစားအသစ်တွေ.. အဲဒါ မမ ဟာတွေ လို့ပြောပြီး ကောက်စု တာ အမေ့ကို ပေးမ၀တ်တာ အသက် ၃ နှစ် မပြည့်ခင်၊ မျက်နှာမှာ သနပ်ခါးတွေ အုံလွန်းလို့ ..ဟယ်.. မမ မျက်နှာက စပါးလှန်းဖျာ နချီးကျံထားတဲ့ အတိုင်းပဲ လို့ လူတွေ ၀ိုင်းနောက်ခံရတော့ အသက် က ၄ နှစ်ပဲ ရှိခဲ့တာ၊ လက်နှစ်ဖက်လုံး လက်သည်း အရှည်ထားတော့ အသက် ၁၀ နှစ် မပြည့်သေးတဲ့ ၅ တန်းကျောင်းသူ။ အမေဆူတဲ့ ကြား ဆရာမတွေ ဆူတဲ့ ကြားက မရ အရ ထားတာနော်.. ၉ တန်းရောက်တော့ ခြေသည်းတွေပါ အရှည်ထား ပြီ..။

အဲဒီလောက်အလှမက်သူ ကျမ ဘယ်လောက် ချောသလဲ ပြောပြပေး ပါမယ်..။

ဆံပင် ကကောက်ကောက်.. နဖူးက ကျယ်ကျယ်.. နဲနဲ မောက်ချင်သေးတာ အဲဒီ နဖူးက၊ နှာတံက ခပ်မြင်မြင့် ခပ်ပွပွ၊ နှုတ်ခမ်းက ခပ်ထော်ထော်.. အာက ခပ်ပြဲပြဲ၊ မျက်လုံးက ခပ် ပြူးပြူး ညိုတိုတို၊ ပါးမှာ အသား သိပ်မရှိ.. နားရွက်လေး ကကားကား၊ မျက်ခုံး က ရေးရေး လေးပဲ ပါတာ၊ မျက်တောင်ကလဲ ဆင်းရဲသလား မမေးနဲ့၊ အသားလေးက ကြေးညိုရောင်ရင့်ရင့်၊ အရပ် ခပ်ပုပု၊ ကိုယ်အတိုင်းအတာ က ငယ်ငယ်က (၂၇ - ၂၁-၂၈)- ခု (၃၄-၃၀-၃၄)..း)... ပခုံးရိုး ခပ်ကားကား၊ ဗိုက်ခေါက် ခပ်ထူထူလေးနဲ့.. တင်ပိန်ပိန်လေး နဲ့... ကဲ... မြင်ယောင် ကြည့်လို့ ရကြရဲ့လား မသိ ဘူး.. ကျမရဲ့ ပုံသဏ္ဍန် လှလှလေးကို..။

အဲဒီလောက်ထိ ချောတဲ့ အဘောင်ကြီး က ဆင်းသက်လာတဲ့ မျိုးဆက်ထဲ မှာ.. ကာလရွေ့လျားလာတော့.. ဂျင်းန် တွေ က ဘာဖြစ်သွားလဲ မသိပါဘူး.. ကျမ ကျတော့.. အမေ့မလှတာတွေ.. အဖေ့မလှတာတွေ အကုန်လုံး စု ထားတဲ့ ရုပ်ကလေး ထွက်ခဲ့တာလေ..

ခြေတွေ လက်တွေ က လှသလား မေးအုံး... လုံးဝ ပဲ .. မလှတာမှာ..း)..။ ဦးလေး တယောက်ဆို ပြစ်ပြစ်နှစ်နှစ် ပြောတာ.. တူမလေးရယ်..နင့်လက်တွေက ကြက်ခြေသည်းတွေ ကျနေတာပဲ လှတာလဲ မဟုတ်ပဲ ထားမနေပါနဲ့ တဲ့... အဲဒီဦးလေး.. စိတ်ကောက်ပြီး စကားကောင်းကောင်း ပြန်မပြောဖြစ်တာ.. သူ နိုင်ငံခြား ထွက်သွားတဲ့ထိ..။
အားတဲ့ အချိန်တိုင်း လူက မှန်တင်ခုံရှေ့မှာ..။ တအိမ်လုံးမှာလဲ နေရာအနှံ့ ထားလို့ ရသမျှ မှန်တွေ ချိတ်ထား တာ အရွယ်လေး နဲနဲ ရောက်ကတည်း က။ ငယ်ငယ်ထဲက ဆိုးလာတဲ့ လက်သည်းဆိုးဆေး ဗူးခွံတွေ.. မိပ်ကပ်ဗူးခွံတွေ ကုန်သွားလဲ လွှင့်မပစ်ပဲ ကျမအိပ် ခန်း ပတ်ပတ်လည်က ကြွက်လျှောက်လေးတွေ မှာ စီတင်ထားသေးတာ .. မနည်း မနော ပါပဲ။ ကျမအခန်းထဲ ရောက်ဖူးတဲ့ သူငယ်ချင်းတွေ ဆို .. အဲဒီဗူးခွံတွေ ကြည့်ပြီး.. အမြဲ တအံ့ တသြ ဖြစ်ဖြစ်သွားတတ်တာလေ..။ ဖေဖေ ကပြော ရှာတယ်.. မမ ရယ် သမီး ရူးတာတွေ လူမသိစေနဲ့.. အဲသလောက် အလှ မက်မှန်း အဲဒီဗူးခွံတွေ မြင်သွား သိသွား တဲ့ ယောင်္ကျားလေးတွေ သိသွားရင်.. သမီးကို ယူ ရဲသူ ရှိမှာ မဟုတ်တော့ဘူး တဲ့...း)..။

အဲသလောက်ထိ ရုပ်ဆိုး ပြီး.. မှန်ကြိုက် သူလေး ကို.. ကျမရဲ့ အဘောင်ကြီး က သူ စိတ်တိုလာရင် ဘိလပ်မှန်ကွဲ ခေါ်တော့တာ ဘယ် ဆန်းမလဲ နော်..။ ကျမ ကြည့်လွန်းလို့ ဘိလပ်က လာတဲ့ မှန်တောင် ကွဲ ကုန်မှာ မို့တဲ့..။

အဲသလောက်ထိ အလှတွေ ပြင်၊ အဲသလောက် မှန်ကြိုက်ပေမဲ့.. ကျမ အသက် ၂၀ ထိ ဘယ်ကောင်လေး ကမှ ချောတယ် ပြောတာ မခံ ရပါ.. (ချောမှ မချောတာကို နော်..း)...ရဖူးတဲ့ ရီးစား စာ ၃ - ၄ စောင်ထဲမှာ လဲ ချောတယ်လို့ ပါဖူးဘူး ..ဒါပေမဲ့.. အသက် ၂၀ နဲ့ ၂၇ ကြား မှာတော့ ချောတယ်လို့ ပြောသူတွေ ရှိလာခဲ့တယ်.. တပည့်တွေ လေ.. တပည့်တွေ.. ကိုယ့်ဆရာမ ကို ချစ်လို့ချောခဲ့ကြတာ...ရွယ်တူ ယောင်္ကျားလေးတွေ ကတော့ မပြောပါဘူး..။ အသက် ၂၇ ကျော်တဲ့ အချိန် မှာ.. ရွယ်တူ မိတ်ဆွေအချို့ လုပ်ဖော်ကိုင်ဖက် အချို့ က ချောတယ်လို့ ပြောလာခဲ့တယ်.. ကဲ အံ့သြ စရာမကောင်းဘူး လား..။ ခု ၃၅ ကျော်လို့ ၄၀ မှာ.. တွေ့တဲ့သူ အများစု က.. ချောတယ်တဲ့ ရှင့် .. အမျိုးသားတွေကရော ပြောတာ.. မယုံလဲ မတတ်နိုင်ဘူးနော်...း)... ကိုယ့် ကို ချောတယ်လို့ ပြောလာခဲ့ရင် အလိုက်သင့်လေး.. Thank You လို့ ပြောကျင့် ရခဲ့တာ ကြာပေါ့...။

အဲသလို အပြောခံ ရအောင် အတော်ကြိုးစားရတာနော်.. လွယ်လွယ်နဲ့တော့ ဘယ်ရပါ့ မလဲ..။ အမြဲတမ်း စိတ်ကိုကြည်လင်အောင် ထားရတယ်၊ မျက်နှာမှာ အပွင့်လင်းဆုံး အပြုံး ပန်း စဉ်အမြဲ ပွင့်နေအောင် ကြိုးစား ရတယ်.။ နေ့စဉ် လမ်းလျှောက်တယ်။ တွေ့တဲ့သူတိုင်းကို တတ်နိုင်သရွေ့ မေတ္တာ ထားနိုင်အောင်.. နားလည်ပေးနိုင်အောင် ကြိုးစားပါတယ်.. (လူတိုင်းကိုမရနိုင်တာက တကဏ္ဍပေါ့နော်း) တဖက်သား ပြောတဲ့စကား အလေးပေး နားထောင်ပေးပါတယ်။ အလုပ်ထဲပျော်အောင်.. ကိုယ်လုပ်တဲ့ အလုပ်ကို နှစ်သက်တဲ့စိတ်ဖြစ်အောင် အမြဲထားပါတယ်။ တခါတလေတော့လဲ လူပီပီ ဒေါသထွက်မိရင် .. ရင်ဖွင့်လို့ ရမဲ့သူရှာပြီး .. အတင်းတုတ်ပါတယ်..း)..။ ကလေးတွေ နဲ့ တတ်နိုင်သရွေ့ အချိန်လေးမှာ နေပေးပါတယ်။ တွေ့ သမျှကလေး ကောက်ချီပါတယ်။ စိတ်ညစ် ရင် သီချင်း အော်ဆိုပါတယ် ။ ရေများများ သောက်ပါတယ်။ အသီးအရွက်များများ စားပါတယ်။ သဘာဝ ပတ်ဝန်းကျင် အလှ အပ တွေ အမြဲ အလေးအနက် ခံစားပါတယ် (ဟော ..တိမ်တောက်တာလေးက လှလိုက်တာ.. ဟော သက်တံလေးက ဘယ်လောက် လှသလဲလို့.. အဲ နှင်းတွေ ကျတာ ချစ်စရာကောင်းလိုက်တာ. .. အင်း ..မိုးစက်လေးတွေ ရဲ့ ရနံ့ က သင်းပျံ့ ပါဘိသနဲ့.... နဲ့ကျမအတွက် ဒီလောကကြီးက အရာရာဟာ လှပနေတတ်ပါတယ်).။ နေပူ ထဲ ထွက်တဲ့အခါ နေပူကာမဲ့ အ၀တ်အစား၊ ဦးထုပ်၊ ထီး၊ မျက်မှန် တပ်ပါတယ်.. UV whitening သုံးပါတယ်။ ရာသီဥတု၊ ကာလ ဒေသ၊ အချိန်အခါ နဲ့ သင့်တင့်ရောက်ပတ်တဲ့ အရောင် ဒီဇိုင်း အဆင်အသွေး ပါ အ၀တ်အစား ၀တ်ပါတယ်။ အဓိကဖြစ်တဲ့ အသက် ကိုမေ့ထား ပါတယ်..း)..။

ကြုံတုန်း နဲနဲ ထပ်ကြွားပါ ရစေအုံး..... အင်တာနက်ဆိုတာ ကြီး စသုံးဖူး တော့... ဘာမှန်းမသိ ..တွေ့သမျှ မြင်သမျှ လျှောက် ကလိရင်း .. မိတ်ဆွေတချို့ အင်ဗိုက်လုပ်လာတဲ့ Friendship Web တခု နှစ်ခု မှာ ဓါတ်ပုံ တချို့ တင်ပြီး အရူးထခဲ့တဲ့ ကာလတွေ ရှိခဲ့ဖူးတယ်.. (အသက်ကို အမှန်ပဲ ထည့်ပေးထားခဲ့တာပါ..း) ။ လာလိုက် တဲ့ မိတ်ဆက်စာတွေ.. လာလိုက်တဲ့ ရီးစား စာတွေ.. ကြွား တာဟုတ်ဖူး နော် တကယ် အတည်ပြောနေတာ..း)..။ အဲ တခုတော့ ရှိသပေါ့ လေ... ပို့သမျှလူတွေက မြန်မာ တယောက် မှ မပါ ပါ ဘူး..း)..။ မိုင်ပေါင်းများစွာ ဝေးတဲ့ဒေသတွေ က နိုင်ငံခြားသားတွေ...း)... ကျမရုပ် က မြန်မာကြိုက် မဟုတ်လို့ နဲ့ တူရဲ့...း)..။ ခုတော့ အလုပ်ရှုပ်လွန်းလို့.. အဲဒီ Web တွေ ပိတ်လိုက်ရတာ ကြာပေါ့.....။

လွန်ခဲ့တဲ့ အချိန်ကာလ အနည်းငယ်လောက် ထိ ကျမ ဘ၀အတွက် အလှအပ ဟာ အတော့်ကို အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါခဲ့ပါတယ်။ လက်သည်း လေးတချောင်းကျိုးသွားရင်၊ ခြေသည်းလေး တချောင်းကျိုးသွား ရင် စိတ်ညစ်ခဲ့ရတာများ..။ မျက်နှာမှာ ဘုသီးလေး တဖု လောက် ဆို.. စိတ်ညစ်လိုက်တာများ.. ။ တနေ့.. တနေ့ အလုပ် မသွား ခင် မှန်ရှေ့ မှာ အနည်းဆုံး မိနစ် ၃၀ နဲ့ ၄၀ ကြား ကျမ အချိန်ပေး ပါတယ်..။ ကျမ၀င်ငွေ ရဲ့ ရာခိုင်နှုန်း ခပ်မြင့်မြင့် ကို အလှအပ အတွက် သုံးပါတယ်။

ဒါပေမဲ့.... ကျမရင်ထဲ မှာ.. ပုလဲလေးနဲ့တူတဲ့နှလုံးသား ရှိနေတယ်.. ပြင်ပက အလှအပ ဆိုတာ အကြောင်း အမျိုးမျိုးကြောင့် ပြောင်းလဲ နိုင်ပေမဲ့ .. နှလုံးသား အလှကတော့ ဘယ်တော့မှ မပြောင်းလဲ နိုင်တဲ့ သစ္စာပါပဲ လို့ သိသွားပြီး ပြောလာသူ တယောက် ရှိခဲ့တဲ့ နောက်ပိုင်းမှာတော့ .. ကျမအတွက် ပြင်ပန်း အလှတွေ ဟာ နံပါတ် တစ်နေရာမှာ မရှိတော့ပါဘူး.. နေ့စဉ် ပြင်နေကျ ၀တ္တရား အတိုင်း အလှ ကတော့ ပြင်ဆဲ. အသားအရေ ထိမ်းသိမ်းစောင့် ရှောက်ဆဲ ပေမဲ့... နှလုံးသား ထဲ က ပုလဲ ရတနာလေး ကို ပိုမို တန်ဖိုး ထားတတ်ခဲ့ ပါပြီ။ ခုချိန် ထိ အသက်အရွယ် ကြီးရင့်လာတာကို .. ၀မ်းမနည်းဖူးခဲ့ ပဲ. ရလာတဲ့ အသက်အရွယ်ကို ကျမ ပိုမို နှစ်သက်ခဲ့ပါပြီ။ ကိုယ့်ရင်ထဲက ပုလဲလေး ကို ပိုမို လင်းလက်လာစေဖို့ အတွက် ကတော့ ကျမမှာပဲ တာဝန် အရှိဆုံးပဲ ပေါ့နော် ..။ အဘောင်ကြီး ရဲ့ ဘိလပ်မှန်ကွဲလေး ခုတော့ .. အပြင်ပန်း အလှ အပ တွေ အပြင် .. နှလုံးသား လှဖို့ အတွက် ပါ.. မှန်ပို ကြည့်ဖြစ်နေတာ.. .. တမလွန်က အဘောင်ကြီး.. သိနိုင်မယ် မထင်တော့...။



မမသီရိ

23 comments:

mysterysnow said...

မမရေ

စိတ်လှတဲ့သူက အရွယ်သုံးပါးလုံးမှာ အလှဆုံးသူပါ။
မမရဲ့ အလှတွေပိုတိုးလာပါစေ....

pandora said...

မမရဲ့ အလှပုံပြင်က စိတ်ဝင်စားစရာပဲ..။
အလှဆိုတာ ရှုမြင်တဲ့လူရဲ့ မျက်စိထဲမှာ ရှိတယ် ဆိုတဲ့ စကားလည်းရှိတယ်နော်...။
နှလုံးလေးထဲက အလှကတော့ အရွယ်တိုင်းအတွက် ဘယ်တော့မှာ မအိုမင်းတော့မယ့် အလှပေါ့။
မမသီရိ ကျက်သရေရှိရှိ အမြဲလှသထက် လှပါစေ။ :D

မသက်ဇင် said...

နှလုံးသား အလှကတော့ ဘယ်တော့မှ မပြောင်းလဲ နိုင်တဲ့ သစ္စာပါပဲ

လေးစားပါတယ်---ဆရာမ--

လင်းဒီပ said...

ကျွန်တော်ကြားဖူးတာလေးကတော့ အရွယ်တိုင်းမှာ အလှရှိပါတယ်တဲ့..။
အဲဒီအလှဆိုတာ (ရုပ်အလှတစ်ခုတည်းကိုဆိုတာမဟုတ်ဘဲ) ငယ်တုန်းမှာ ငယ်ဂုဏ်ကြောင့် အလှ
ပညာကြောင့်ဖြစ်တဲ့အလှ ရင့်ကျက်နားလည်ပေးတတ်သူတွေမှာရှိတဲ့ စိတ်အလှ
...
...
အဲဒီလို ခွဲလိုက်တာ လို့မှတ်ဖူးတယ်..။
ဆိုလိုတာကတော့ အရွယ်တိုင်းမှာ အလှရှိတယ်လို့ ပြောတာ ထင်တယ်။
ယျေဘုယျအားဖြင့်တော့ လှတယ်ဆိုတဲ့စကားတစ်ခွန်းဟာ ရုပ်ရည်ပေါ် အခြေခံပြီး ပြောမိစမြဲပါပဲ.။

ဘာရယ်မဟုတ်ပါဘူး..အလှတရားအကြောင်း သိသလောက် ပြောကြည့်တာ..။

Anonymous said...

မမသီရိ ရင်ထဲက ပုလဲလုံးလေး အမြဲလင်းလက်နေနိုင်ပါစေ။ တကယ့်အလှတရားကို နှစ်ချိုက်ခံစားမိပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ။ :)

သီဟသစ် said...

မမသီရိကို မမြင်ဘူးပေမယ့် စိတ်လှမှာတော့ သေချာပါတယ်ခင်ဗျာ။ အဲဒါမျက်နှာမှာ ပေါ်လွင်နေလို့ နေမှာပါ။

Anonymous said...

၃နှစ်ပဲ ရှိသေးတဲ့ တူမလေးကလည်း မှန်အရမ်းကြိုက်တာ.. ဗဟန်းက မှန်တွေ ပတ်လည်ရှိတဲ့ လက်ဖက်ရည်ဆိုင်ကိုများ သွားရင် ဘာမှ မစားဘဲ သူ့ပုံသူ ထိုင်ကြည့်နေတော့တာ သနားဖို့တောင် ကောင်းတယ်။ အမရေ... ၃၀ကျော်မှ ပိုလှလာတာ မဟုတ်ဘူးလား တည်ငြိမ်တဲ့ အလှပေါ့... စိတ်ကလှရင် မျက်နှာမှာပါ ရောင်ပြန်နေတာမို့ လှတယ်လို့ ပြောတဲ့သူတွေနဲ့ သဘောတူညီပါကြောင်း...

ဆောင်းယွန်းလ said...

အလှသစ္စာတရားကို နှလုံးသားမှာ သိမ်းဆည်းထားသူမို့
ထာဝရချောမောလှပနေသူဖြစ်မယ်လို့ အကြွင်းမဲ့ယုံကြည်မိပါတယ် မသီရိရေ...

Anonymous said...

အလှတရားကို ရင်ဝယ်ပိုက်ထားသော မမသီရိ တယောက်...လှချင်တိုင်းလှပါစေ...လို့

Welcome said...

အစ်မသီရိ
အနှီရုပ်လှဖို့ထက်
ရင်တွင်း စိတ်ထားလှပို့က ပိုတန်ဖိုးကြီးပါတယ်။
အားငယ်ပါနဲ့ ..
စိတ်လှသူတစ်ယောက်ဖြစ်ပါစေ...

Anonymous said...

ရင်ထဲက အလှက အပြင်ကိုရောင်ပြန်နေတော့ ပိုလှတာပေါ့ မမ ရေ့ ။ မမရဲ့ အလှက အမြဲနုပျိုနေအုံးမှာပါ မှန်ကြိုက်တာက မပြောနဲ့တော့ ယောက်ျားလေးလည်းမှန်ကြိုက်တာပဲ နှာခေါင်းထဲက အမွှေးနှုတ်လိုက် ၀က်ခြံညှစ်လိုက် မှန်ကြည့်ပြီးတစ်ယောက်တည်း စကားပြောနေလိုက်နဲ့ ပျော်စရာပါ ။သူများတွေပြောတဲ့ ရုပ်ဆိုးတဲ့သူက မှန်ကြိုက်တယ်ဆိုတာ မမှန်ပါဘူးနော့်း)

ကောင်းကင်ပြာ said...

မမ လှလှ ရဲ့ ဘိလပ်မှန်ကွဲ ကို ဖတ်ပီး စိတ်လှလှ လေးကို ကြည့်သွားတယ်

Photograph said...

စာတော့မရေးတတ်ပါဘူလာဖတ်သွားပါတယ်
ပန်းချီကတော့ကွန်ပျူတာနဲ့ဆွဲထားတာပါ
စိတ်ကူနှင့်မြင်ကွင်းပေါင်းစပ်ပြီးအရောင်ကို
လိုအပ်သလိုသုံးသွားတာပါ
ကိုပြေအေး

မမသီရိ said...
This comment has been removed by the author.
Anonymous said...

K: မှန်မကြိုက်သူ ဘယ်သူ ရှိမလဲ မမရေ- ချောလေ ပိုကြိုက်လေလား..ရုပ်ဆိုးလေ ပိုကြိုက်လေလား မသိဘူး

Anonymous said...

မင်းလွမ်းနောင်: ဘိလပ်မှန်ကွဲလေးက ကောင်းတယ်နော်.... ဟီးဟီး အခုမှ မှန်တင်ခုံနဲ့မျက်နှားချင်းဆိုင် ဆိုတဲ့သီချင်းတောင် သတိရတယ်

Anonymous said...

Win Zaw: မင်္ဂလာပါ၊ ရောက်ရောက် လာပါတယ်။ အကျည်းတန် မှန်ကြိုက်တဲ့ မမသီရိ ကို ပြောတာ မဟုတ်ပါဘူး

Anonymous said...

ဂင်ကြီး: ရောက်ပါတယ်ဗျား ဖတ်သွားပါတယ်ဗျား အရေးကောင်းလေး ငါ့ညီမ မမသီရိက အရင်က ဘိလပ်မှန်ကွဲလေးကိုး ဟီးးးးးးးးးး :biggrin:

JulyDream said...

ရေများများ သောက်ရင် အသားအရေ လှမလှတော့ မသိဘူး။ သေချာတာကတော့ ရှူရှူးများများ ပေါက်ဖြစ်လို့ အပူကျမယ် ထင်တာပဲလေ။ အဟား...

ကိုအောင် said...

အရေးအသားက ရှယ်ပါပဲ။

Kaung Kin Ko said...

အစ်မ ရင်ထဲက ပုလဲလေး လင်းသထက် လင်းလာပါစေနော်

Anonymous said...

ငါ့မမ စိတ်ကောင်းရှိတာ သိတာပေါ့။ စိတ်ကောင်းရှိလို့ လှတာ။ (ပြီးရင် မုန့်ဝယ်ကျွေး):P

အင်ကြင်းသန့် said...

ကျေးဇူးပဲ မမသီရိ
မမသီရိလိုပဲ ရင်ထဲမှာ ပုလဲလုံးလေးမွေးမြူနိုင်အောင် ကြိုးစားသွားမယ်။ :)