Wednesday, March 11, 2009

အလုပ်မလုပ်တဲ့ ကျွန်တော့အိမ်ရှင်မ


ကျမတို့ငယ်ငယ်ကျောင်းသားဘ၀တုန်းက လျှောက် လွှာပုံစံတွေအတော်ဖြည့်ခဲ့ရပါတယ်၊ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်၊ အရံပါတီဝင် စသဖြင့် အသက်အရွယ်အလိုက် ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေဖြည့်ရတာမျိုးပါ။ အဲဒီက ကိုယ်ရေးရာ ဇ၀င်မှာအမည်၊ မွေးသက္ကရာဇ်၊ လူမျိုး၊ ကိုးကွယ် သည့်ဘာသာ၊ အလုပ်အကိုင်၊ အဘအမည်၊ အဘ အလုပ်အကိုင်၊ အမိအမည်၊ အမိ အလုပ်အကိုင် ဆိုတာမျိုး လျှောက်လွှာတိုင်းမှာ ဖြည့်ပေးရပါတယ်။ အဲသလို ဖြည့်ကြတဲ့ နေရာမှာ အဘ အလုပ်အကိုင် ဆိုတဲ့ ကွက်လပ် မှာ ကိုယ့်ဖခင် ရဲ့ အလုပ်အကိုင် ကို အသေအချာရေးတတ်ကြတယ်၊ ကုန်သည်၊ လယ်လုပ်၊ ကျောင်းဆရာ၊ ဆေးမှူး၊ ဆရာဝန်၊ ကောင်စီလူကြီး၊ ပါတီ ဥက္ကဌ စသဖြင့် ပေါ့။

အမိ အလုပ်အကိုင် ဆိုတဲ့ နေရာကျတော့.. မိမိရဲ့ မိခင်က အစိုးရ ၀န်ထမ်းမဟုတ်ရင် မှီခို ဆိုပြီး ထည့်တတ်ကြတယ်၊ တချို့ ဆို ၀န်ထမ်းလုပ်နေရက်နဲ့တောင် မှီခို လို့ အလွယ်တကူ ရေးလိုက် ကြသေးတာ။ မိန်းမဆို ရင်မှီခို ထည့်ရမလို မျိုးလို့ ကျမတို့ အတော်များများ မှတ်ထားခဲ့ ကြတာကိုး။ အဲဒီအလေ့အကျင့်လေး က ကျမတို့ အလုပ်လျှောက်ကြတဲ့အခါ၊ အလု့ပ်အင်တာဗျူးတွေ ဖြေကြတဲ့အခါ၊ပြီတော့အိမ်ထောင်စုစာရင်းတွေ ပြုစုတဲ့အခါ၊ အထွေထွေ စစ်တမ်းတွေ ကောက်ယူကြတဲ့ အခါ ထင်ထင်ရှားရှား မြင်တွေ့ကြရမှာပါ။

အထူးသဖြင့်နယ်တွေမှာ အလုပ်လာလျှောက်သူတွေကို မိဘ အလုပ်အကိုင်လေး ပြောပြပါအုံးလို့ မေးလိုက်ရင် အဖေ ကတော့ တစ်ခုခုလုပ်ပါတယ်၊ အမေကတော့ ဘာမှမလုပ်ပါ ဆိုတဲ့ အဖြေကို အများစု က ပေးတတ်ကြပါတယ်။

ကဲ .. ဒီလိုဆိုရင် .. ကျမတို့ရဲ့ အမေတွေ၊ အမတွေ၊ အဒေါ်တွေ၊ အဖွားတွေ၊ ပြီးတော့ ကျမတို့ ကိုယ်တိုင် အလုပ်မလုပ်ကြတာ သေချာသလား ကြည့်ကြ ရအောင်ပါ။ အပေါ်ဆုံးပုံ က.. အလုပ်မလုပ် ဖူးလို့ ဆိုတဲ့ အိမ်ရှင်မ တစ်ယောက်ရဲ့ ပုံပါ.. အဲဒီပုံ ရဲ့ မူလဇာတိက အာဖရိကတိုက်က အမျိုးသား ကြီးစိုးတဲ့ နိုင်ငံတစ်ခုမှာဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတဲ့ INGO တစ်ခုရဲ့ Gender Equality Exercise တစ်ခုပါ။ မြန်မာနိုင်ငံ မှာလဲ အတော်လေး အသုံးတည့်မဲ့ပုံလေးပါ။ အဲဒီပုံလေးကို ကြည့်ရင် အမျိုးသမီးတွေ၊ အထူးသဖြင့် အိမ်ရှင်မတွေ ရဲ့ အခန်းကဏ္ဍ ဟာ မိသားစု မှာ ဘယ်လောက်ထိ အရေးပါ သလဲ ဆိုတာ မြင်သာ ကြမှာပါ။ လူ့အဖွဲ့အစည်း တစ်ခု လုံး အတွက် ဆိုရင်တော့ ဘယ်လောက် ထိ အရေးပါ လိုက်မလဲ စဉ်းစား ကြည့် ကြပေါ့နော်။


ကျမတို့ ရဲ့ မွေးရာပါ ကျား - မ ဖြစ်တည်မှုကို ပြောင်းလဲ လို့ မရနိုင်ပေမဲ့.. ဘယ်အလုပ်က ယောင်္ကျားလေး ပဲ လုပ်သင့် တယ်၊ ဘယ်အလုပ်က တော့ မိန်းမတွေ ပဲ လုပ်ရမှာ ဆိုတဲ့.. ကျဉ်းမြောင်းတဲ့ အမြင် လေးတွေကို ကျမတို့ လဲ ခေတ်နဲ့ အညီ လိုက်ပြောင်းလဲသင့် ကြပါပြီနော်..။


အလုပ်မလုပ်ပါဘူးရယ်လို့ လူ့အသိုင်းအ၀ိုင်းကြီး တခုလုံးက သတ်မှတ်ထားတဲ့ ကျမတို့ မိန်းမတွေ ဟာ.. သူတို့ ရဲ့ ဘ၀ တစ်ခုလုံး ကို သူတို့ချစ်တဲ့ လင်သား၊ အဖေ၊ အကို တွေ မောင်တွေ သားတွေ၊ မိသား စု တွေ အတွက် တစ်ဘ၀ လုံး ပေးဆပ်ချင်ကြသူတွေ ပါ။

ဘယ်သူကမှ အတင်း မတိုက်တွန်းပေမဲ့.. အမျိုးသမီ အများ စု.. အထူးသဖြင့် မြန်မာအမျိုးသမီး အများ စု က အဲဒီတာဝန်တွေ ကျေကျေ နပ်နပ်ကြီး ယူချင်ကြတာပါ။ ယောင်္ကျားတွေ အများ စု က မိသား စု အတွက် စားဖို့ သောက်ဖို့ ၀င်ငွေ ရှာပေးရင် ပြီးရော ဆိုတဲ့ အတွေးအခေါ် ကြီးတွေ လက်ကိုင်ထားကြဆဲမှာ အလုပ်လဲလုပ် ၀င်ငွေလဲ ရှာတဲ့ အမျိုးသမီးတွေ မြန်မာပြည် မှာ တိုးတက်လာကတော့ ၀မ်းသာရမဲ့ အချက်ပါပဲ။ လင်ရော၊ မယား ပါ ၀င်ငွေ ရတဲ့ အလုပ်ကိုယ်စီ လုပ်ကြပေမဲ့.. အိမ်ပြန်ရောက်တဲ့ အခါ မိန်းမက မီးဖိုချောင်တန်းဝင်၊ ယောင်္ကျားက ပက်လက်ကုလားထိုင်ပေါ် သတင်းစာ ဖတ်ကြတာလဲ .. ကျမတို့လူမှု အဖွဲ့ အစည်း ရဲ့ သင်္ကေတ တခုပါ ပဲ... နှစ်ဦးနှစ်ဖက် သဘောတူ ကျေနပ်လို့ .. လုပ်တာမျိုး ဆို သိပ် မထောင်းသာ လှပေမဲ့... တချို့က အဲဒါ ယောင်္ကျား လုပ်စရာ အလုပ်လားလို့ ထင်လာရင်တော့ ... သိပ်မကောင်းတော့ဘူး ပေါ့နော်... တချို့ ယောင်္ကျားတွေ ဆို.. အပြင်က အရက်ကလေး တမြမြ နဲ့ပြန်ရောက် တာနဲ့ အိမ် နေခဲ့ တဲ့ မိန်းမ အပြစ်လိုက်ရှာ.. မကျေနပ်တာတွေ့ တာနဲ့ လက်ကပါလာ၊ ဒိထက်ဆိုးတာက.. ကိုယ်တိုင်လဲ အလုပ် မယ်မယ် ရရ မလုပ်ပဲ ကိုယ့် အရက်ဖိုးတောင် ပြန်တောင်းတဲ့ ယောင်္ကျားတွေ လဲ မြင်ဖူး ကြမှာပါ။


ကိုယ်ချစ်လို့ ယူထားတဲ့ ကိုယ့်မိန်းမ၊ ကိုယ်ချစ်တဲ့ ကိုယ့်အမေ၊ အမ၊ ညီမ၊ အဒေါ်၊ အဖွား တွေ ပြီးတော့ ကိုယ့်ချစ်သူလေးလဲ ပါတာပေါ့ နော် .. တကယ် ချစ်တာ ဆို ရင် ကျမတို့ ဘာလို့ သူတို့ကို အနိုင်ကျင့်တာတို့ နှိပ်စက်တာတို့ လုပ်ကြမှာလဲ။ (နှိပ်စက်တယ် ဆိုတာ ကိုယ်ထိလက်ရောက်မှ မဟုတ်ဖူးနော်၊ စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာတွေနဲ့ နှိပ်စက်ရင်လဲ နှိပ်စက်ရာ ရောက်တာပါပဲ)..။

အပြင်ထွက် အလုပ်လုပ်သူတွေက လကုန်တဲ့အခါ လုပ်ခလစာတွေ ရကြတယ်..ဒီလိုဆိုရင် ကိုယ့်အပေါ်၊ ကိုယ့်မိသားစုအပေါ် အနစ်နာတွေ၊အကြင်နာတွေ နဲ့ တဘ၀လုံးပေး ဆပ်ထားသူတွေအတွက် ကျမတို့ လစာလေး ပေးဖို့ စဉ်းစားကြည့်ကြရင် မကောင်းပါ ဘူးလား...။ ဒေါ်လာတွေ၊ ယူရိုတွေ မလိုအပ်ပါဘူး..။ အမေ့ပါး အတွက် အနမ်းလေး တစ်ပွင့်၊ မိန်းမ အတွက် အကြင်နာတွေ ထုံမွှမ်းထားတဲ့ စကားလေး တစ်ခွန်း၊ အမတွေ အဒေါ်တွေ အဖွားတွေ အတွက် အသိအမှတ်ပြုကြောင်းလေးတွေ ပြသယုံ နဲ့.. သူတို့ အားလုံး နှလုံးစိတ်ဝမ်း ငြိမ်း ချမ်းသွား ကြမှာပါ။

..............................................................................


ဒီပို့စ်လေးကိုတော့ နှစ်စဉ် နှစ်တိုင်း မတ်လ (၈) ရက်နေ့ မှာ ကျရောက် တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ ကို ဂုဏ်ပြု တဲ့အနေနဲ့ ရေးဖြစ်တာပါ။ ကမ္ဘာတ၀ှမ်း က Gender Equality ကို အလေးပေး တဲ့ အစိုးရများ၊ UN နဲ့ INGO များ ဟာ ၂၀၀၉ မတ်လ (၈) ရက် မှ မတ်လ ကုန်ထိ အထိမ်း အမှတ် အခမ်း အနားတွေ ကို.. ကျင်းပ ပြုလုပ်သွား ကြမှာ ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ "Women and Men; United to End Violence against Women and Girls" ပါ။


ကျမတို့မြန်မာနိုင်ငံ ဟာ Gender Equality နဲ့ ပတ်သက်ရင်တော့ တချို့ နိုင်ငံတွေ နဲ့ နှိုင်းစာ ရင် ဆိုးရွားတဲ့အဆင့်မှာ မရှိပေမဲ့.. ကျမတို့ရင်ဆိုင်တိုက်ပွဲဝင် ရမဲ့ ကိစ္စတွေ အတော်များများ ရှိနေပါသေးတယ်။ ဥပမာ- မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေ ထဲမှာအိမ်ထောင်ရှိတဲ့ ယောင်္ကျား တစ်ယောက်က မိန်းမ ထပ်ယူ ရင် မယားငယ် မဟုတ်၊ မယားပြိုင် ဆိုတဲ့ အဆို နဲ့ အကာ အကွယ် ပေးထားြ့ပီးတော့.. စိတ်ကြိုက် ယူခွင့်ရှိပါတယ်၊ မိန်းမတွေ ယူရင်ကျတော့လင်ငယ် ပါတဲ့.. ယူခွင့် မရှိပါဘူး.. ယူချင်ရင် ပထမ ယောင်္ကျားကကွာရှင်းပေပြီးမှ ယူနောက်တစ်ကြိမ် လက်ထပ်လို့ ရမှာပါ ။ မမသီရိ တစ်ယောက် ၂ ယောက်ပြိုင်တူ ယူတော့ မလားလို့ မေးခွန်းတွေ မလာကြပါနဲ့နော်..း) တန်းတူ အခွင့်အရေး ဆိုတာလေး ပြောချင်လို့ ပါ.. မိန်းမတွေ ယူလို့ မရတဲ့ ကိစ္စ ယောကျာင်္းတွေ ကရော ဘာကိစ္စ ယူလို့ ရရမှာလဲ နော့..။

နောက်တစ်ခုက တက္ကသိုလ်ဝင်ခွင့် အမှတ်ကိစ္စ၊ ဆေး၊ အင်ဂျင်နီယာ နဲ့ တခြား သက်မွေးပညာဘွဲ့ အတော်များများ အတွက် မိန်းကလေးတွေအတွက်ဝင်ခွင့်အမှတ် က ယောင်္ကျားလေးတွေထက်မြှင့်ထား ပါတယ်။ အဲဒါမျိုး ကဖြစ်သင့်ပါရဲ့ လား လို့။ အစိုးရဌာနဆိုင်ရာတွေမှာလဲ အမျိုးသမီးတွေက ရာထူးမြင်မြင့် မှန်းလို့ မရနိုင်ပါဘူး။ တချို့ နိုင်ငံတွေမှာလို လုပ်ခလစာ ခွဲခြားထားတဲ့ အဆင့်ထိဆိုးရွားတာ မဟုတ်ပေမဲ့ .. ရာထူးတိုးရေးကိစ္စတွေ မှာ အမျိုးသမီးအားလုံးဟာယောင်္ကျားတွေနဲ့ ရင်ဘောင်တန်း လုပ်နိုင်ပေမဲ့ ခွဲခြား ဆက်ဆံခံရတာ အမှန်တကယ်ပါ။ ကျမ သူငယ်ချင်းမလေးတစ်ယောက်ကတော့ ကျမကို ပြေရာပြေကြောင်း ပြောရှာပါတယ်.. ဟဲ့ ..မိန်းကလေးတွေ အမှတ်မြှင့်ထားတာ၊ ရာထူးတိုမပေး တာ.. သူတို့ ယောင်္ကျားလေးတွေ အသုံးမကျ လို့ပေါ့.. ကြောက်လို့ ပေါ့တဲ့.. (ရန်စတာ ဟုတ်ဖူးနော်.. သူပြောတာ ပြန်ပြောပြတား)..) .. ကျမတွေးကြည့်တယ်၊ အဲဒါ ဟုတ်မယ် ထင်တယ် လို့... တချို့ ယောင်္ကျားတွေများ ယောင်္ကျား ရငိ့မကြီးတွေ လုပ်ပြီး.. မိန်းမတစ်ယောက်ကို ကြောက်တာ အမှန်... အိမ်ထဲ ကတောင် အိမ် အပြင် မထွက်ခိုင်းဘူး.. ပြောတော့ ချစ်လို့ စိုးရိမ်လို့ပါတဲ့.ခြေမွေးမီးမလောင် .လက်မွေးမီးမလောင် ထားတာဆိုပဲ.... ယုံရဲ့ လား ဟင်။


မမသီရိ

14 comments:

လင်းဒီပ said...

မိန်းမတွေရဲ့ အခန်းက အရေးကြီးတယ်ဆိုတာ ဒီနေ့ကမ္ဘာမှာ အားလုံးလက်ခံလာကြပါပြီ အစ်မ...
ကျွန်တော်ကတော့ အမျိုးသမီးထု တစ်ရပ်လုံးကို တန်ဖိုးထားပါတယ်..
အမေက စလို့ပေါ့...

ပျော်ရွှင်ပါစေ..မမသီရိ

Kaung Kin Ko said...

အမှတ်မြှင့်ထားတာတော့ ကောင်းတယ်ဗျ။ ယောကျာင်္းလေးတွေက စာကျက်ပျင်းတယ်လေ။ နို့ မို့ ဆို ယောကျာင်္းလေး ဆရာဝန် တော်တော် ရှားသွားမယ်။ အမှတ်နဲ့ မခွဲပဲ ကိုယ်ကြိုက်ရာ ဝါသနာ ပါရာ ယူကြေး ဆိုရင် ပိုကောင်းမယ်။

ပို့ စ်လေး ဗဟုသုတ အရမ်းရတယ် အစ်မ

kay said...

ဟုတ်ပါ့- မှီခို ( အလုပ်မလုပ်) ဆိုတာ..တကယ်တော့..ဟုတ်မှ မဟုတ်ပဲ။း)

Anonymous said...

ဟုတ်ကဲ့...မိန်းခလေးတွေရှိလို့ အလှအပကို ခံစားနိုင်တာပေါ့ ပန်းကလေးတစ်ပွင့်လိုပါပဲ ပြီးတော့ ဥယဉ်နဲ့တူတဲ့မိခင် ၊လမ်းညွှန်မှုတွေပေးတဲ့ မီးအိမ်ရှင်ဆရာမတွေ အများကြီးပါ ကျနော်တော့ အမျိုးသမီးတွေကို မှီခိုတာ မမှီခိုတာတွေ သိပ်မတွေးမိဘူး မေ့နေတာ အမေ့အလုပ်အကိုင် ကျောင်းတွေမှာမေးရင် ဈေးရောင်းလို့ပဲပြောလို့လားမသိး) အဘက အမေ့ကိုပြောတဲ့ စကား သွားသတိရတယ် “ အဖွားကြီးရေ့ ..သေမယ်ဆို ငါပဲ အရင်သေချင်တယ် နင်မရှိရင်တော့ ဒီခလေးတစ်အုပ်ကြီးနဲ့ ငါမလုပ်တတ်ဘူး ” တဲ့ အမေက အဲ့လိုတော်တာ အမေဆိုမှတော့ မိန်းခလေးပေါ့ ...so ... မိန်းခလေးတွေတော်ပါတယ်ဗျး)

သီဟသစ် said...

စောင့်ရကျိုးနပ်ပါ၏။
ဖတ်ရတာ ကောင်းလိုက်တာ။

မေ့သမီး said...

အစ်မ ကျေးဇူးပဲ။ ဒီလိုလည်းပြောပေးဦးမှ။ သူတို့တွေက မိန်းမတွေအိမ်မှာနေရင် ဘာအလုပ်မှမလုပ်ဘူးထင်နေတာ။ ညီမအခုကျောင်းမှာလေ Women, Leadership and Public Policy ဆိုတဲ့ဘာသာယူထားတယ်။ Core subject တော့မဟုတ်ဘူး။ Electiveလေ။ အဲဒီမှာလည်း သင်ရတယ်။ မိန်းမတွေဒီလိုအခြေအနေရောက်လာအောင် ဘယ်လိုတိုက်ယူခဲ့ရတာ။ Women Movement ရဲ့ပြောင်းလဲလာပုံတွေ။ တခါတလေရေးချင်တယ်။ ဒါပေမယ့် မမလိုမရေးတတ်လို့။ :P

ဆောင်းယွန်းလ said...

သေသေချာချာဖတ်သွားပါတယ် မသီရိရေ..အဖိုးတန်တဲ့ ပို့စ်ကောင်းတခုပါ...ဟုတ်ပါတယ် အမျိုးသမီးတွေဟာ နေရာတိုင်းမှာ အနည်းနဲ့အများဆိုသလို တန်းတူအခွင့်အရေးတွေ ခုထိမရကြသေးပါဘူး...စာအုပ်တွေထဲက လူ့အခွင့်အရေးတို့ တန်းတူအခွင့်အရေးတို့ဆိုတာ လက်တွေ့မှာ တကယ်တန်းတူဖြစ်မလာကြဘူးဆိုတာကို နေရာတိုင်းမှာ တွေ့နေမြင်နေရဆဲပါ မသီရိရေ...

ခေါင်ခေါင် said...

တစ်ကယ်ကောင်းတဲ့ပိုစ့်လေး ပဲ..မမ ရဲ့.
ဖတ်လို့လဲကောင်းတယ် တန်ဖိုးလဲ ရှိတယ်..
ဒါမျိုးများများ ရေးပါ မမ ..

Welcome said...

နိုင်ငံတကာအမျိုးသမီးများနေ့ကို ဂုဏ်ပြုပါတယ်။
အမျိုးသမီးထု တစ်ရပ်လုံးကိုလည်း လေးစားတယ်။
ပုခက်လွဲတဲ့လက်က ကမ္ဘာကို အုပ်စိုးနိုင်တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ နေရာဒေသအလိုက် ကွဲပြားစွာပဲ တန်းတူတာ တန်းမတူတာ ရှိတတ် ပါတယ်။ (အာရပ်ကမ္ဘာမှာ တန်းတူ အခွင့် အရေးသွား မတောင်းမိစေဖို့ သတိချပ်စေချင်တယ်)
နယ်စပ်ဂိတ်တွေမှာ တစ်ဖတ်နိုင်ငံကို အလည်သွားဖို့ အတွက် မှတ်ပုံတင်ပြ၊ ပြပြီး မေးတာတွေ ဖြေပေးရတာ ကြုံ၊ ကြုံရပါတယ်။ ယောက်ျားလေးတွေကိုတော့ သိပ်ပြီး ဂရုမပြုပါဘူး။ မိန်းကလေးတွေဆိုရင် အဲဒီ ယူနီဖောင်းစိမ်းစိမ်းတွေ ပြာပြာတွေ၊ အသားရောင် တွေက ကလေးမတွေရဲ့ အလုပ်အကိုင်နေရာကို ကြည့်ပြီး (ဆံပင်ကောက်ဆိုင်)ဆိုရင် ဘယ်လိုကောက်တာလဲ၊ ဘယ်ဈေးလဲ၊ ဘာညာ မဆိုင်တဲ့ စကားတွေနဲ့ နိမ့်ချ လှောင်ပြောင် တတ်ပါတယ်။ (ကုန်သည်) ဘာတွေ သယ်တာလဲ ဘိန်းပါလား၊ ယာမ ပါလား ဆိုပြီး (အမျိုးသမီးသီးသန့်ခန်း)ထဲ ခေါ် အရှာခံရတယ်။ ဒါကြောင့် မိန်းကလေးတွေ မှတ်ပုံတင်လုပ်ရင် အလုပ်အကိုင်နေရာမှာ (မှီခို)လို့သာ ထည့်လိုက်ပါ။ အမေးအမြန်း သက်သာမှာဖြစ်ပြီး လှောင်ပြောင် နိမ့်ချ ရာကနေ လွတ်ပါလိမ့်မယ်

လေးစားလျက်

စူးနွယ်လေး said...

အပေါ်ကပုံကို ကြည့်ရင်း ကျမရဲ့ အမေကို သတိရတယ်

JulyDream said...

ချစ်တဲ့သူတွေကို ရုပ်ပိုင်းဆိုင်ရာရော... စိတ်ပိုင်းဆိုင်ရာရော.... ထိခိုက်နစ်နာအောင် တကူးတက တမင်တကာ ရည်ရွယ် ကြံဆောင်ပြီး လုပ်ဖို့ ဆန္ဒမရှိပါဘူး။ မတော်တဆ ကျီစယ်မိတာလောက်ပဲ ရှိပါတယ်။ အဲဒါကလည်း ချစ်လို့ ကျီစယ်တာပါဗျာ။ အဟီး...

mysterysnow said...

မမရေ
မိခင် အလုပ်အကိုင်ဆိုရင် မှီခိုဆိုတာကြီးထက် House wife ( အိမ်ရှင်မ ) လို့ ပဲ အမြဲရေးဖြစ်တယ်။
အိမ်ရှင်မ တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေက သာမန်လူတွေ မထမ်းနိုင်လောက်အောင် များပြားလွန်းပါတယ်။

အိမ်ရှင်မ တစ်ယောက်ဟာ အနာဂတ်အတွက် အဖိုးမဖြတ်နိုင်တဲ့ သားသမီးရတနာတွေကို ပြုစုပျိုးထောင် ပေးနေရုံမကပဲ အိမ်ထောင်စုတိုင်းရဲ့ ဘုရင်မ နေရာမှာ ရှိနေပြီး အုပ်ချုပ်ရေးတာဝန်တွေနဲ့ စီမံခန့်ခွဲရေး ရာထူးတွေပါ ရထားတာဆိုတော့ မိန်းမသားတွေ အားလုံးအတွက် ဂုဏ်ယူပါတယ်။
မိခင်အားလုံး မိန်းမသား အားလုံး ပျော်ရွှင် ချမ်းမြေ့ပါစေ။

မီယာ said...

ဖတ်လို့ကောင်းလိုက်တာ အမရေ... အိမ်ကို ထိန်းသိမ်းတဲ့ မိန်းမတွေ အားလုံးကို လေးစားပါတယ်။

Anonymous said...

ဒီပို့စ်လေးကို မွေးနေ့လက်ဆောင်အဖြစ်ရတဲ့အတွက် ကျေးဇူးပါ မမသီရိ

မသီတာ