Friday, July 29, 2011

ကျမ ရဲ့ ကြယ်ပွင့်ကလေး

ကျမရဲ့ လင်းလက်တဲ့ ကြယ်ကလေး တပွင့်ဟာ သူပေါ့..
ကျမ ရဲ့ညတွေက သူနဲ့ပဲ အမြဲ လင်း ထိန်နေခဲ့တာ...

နေ့ အလင်းရောက်လာတဲ့အတွက်
ပျော်သင့်သလောက် မပျော်တဲ့ အဖြစ်မျိုး ရှင်တို့ ဖြစ်ချင်မှ ဖြစ်ဖူးမှာ...

သူဟာ လူတကာ အတွက် သာမန်ကြယ်ကလေး ဖြစ်ချင်ဖြစ်မှာ ပါ့..
ဒါပေမဲ့ ကျမ အတွက်ကတော့ သူသည် သာ အရာရာ..


သူ့ မှုန်မွှားမွှား အလင်းရောင်ကလေးနဲ့ ပဲ
ကျမ လမ်း တွေ ကို သူ အလင်းပေးခဲ့တာ..

သူ့ အင်အားဖြည့် အလင်းရောင်ကလေး ကြောင့်ပဲ..
ကျမရဲ့ နေ့တွေ ရက်တွေ တောက်ပ ရှင်သန်ခဲ့တာ..

ကမ္ဘာမြေပြင်က ပန်းတွေ မွှေးခဲ့တာ သူ့ အလင်းကြောင့်ပါပဲ လို့
ကျမ တီး တိုးရေရွတ်တော့
ကြယ်ကလေး က ရှက်ပြုံး ပြုံးတယ်..

ငှက်ကလေး တွေ တေးဆို ဖို့ အတွက်..
သူ့ ရဲ့ အနွေးဓါတ် လိုတယ် လို့ ကျမ မှတ်ချက်ပြုတော့
ကြယ်ကလေး က မယုံ သလို ကြည့်တယ်..

ဒီလောက် အဝေးကြီး ကနေ ..
ကျမ ကဗျာတွေ သူ့ ကြောင့် ဖြစ်ထွန်းစေခဲ့တယ် ဆိုတော့
သူ အကြောက် အကန်ပဲ ငြင်းတော့တယ်..

တသက်လုံး ပြုံးခဲ့ရတာ နည်းတယ်ဆိုတဲ့ ကြယ်ကလေး..
နက်ဗျူလာ က အကျယ်ကြီး ရယ်..
မင်း မရီလို့ ငိုမယ့်သူ ဆို.. ကျမ တယောက်ထဲ ပဲ ရှိနေမှာ မဟုတ်လား..
စကြာဝဠာကြီး ထဲ ပျံ့လွင့်ပဲ့တင်လာမဲ့
ကျမ ရှိုက်သံ တွေ မင်း ခံနိုင်ရည်ရှိမယ် ထင်လို့လား...
ပေါ့ပေါ့ ပါးပါး.. ရီမော လိုက်ပါ့ ကွယ်..

ချစ်လိုက်ရတာ ကြယ်ကလေး ရယ်..
သတိရတဲ့ အကြောင်းတွေ မင်းဆီရောက်ဖို့
အလင်းနှစ် တွေအတော် အတန်  ဖြတ်သန်း ရပေဦးမယ်..
ကျမ ရဲ့ လွမ်းမောခြင်းတွေ မြေကမ္ဘာ မှာ ငြိတွယ် ရှင်သန်နေတဲ့အခါ..
နှင်းဆီဖြူတခက် ကိုက်ချီထားတဲ့ ခိုကလေး တကောင် ကျမဆီ ရောက်အောင်ပို့ပေးပါ..
ကမ္ဘာချီ ကွားခြားလွန်းတဲ့ ခရီးမိုင်တွေ ဘယ်လောက်ရှိနေလဲ..
ကြယ်ကလေး ...  မင်း.... ကျမ ရင်ထဲ အမြဲ ရှိနှင့်ပြီးမို့..
ကျမ ရဲ့ အနမ်းတွေ .. နှင်းဆီပွင့်ချပ်ကလေး နဲ့ ထုပ်..
အဲဒီ ခိုကလေး ပဲ ပြန်အပို့ ခိုင်းမလို့..
မပုပ် မသိုးခင်... မင်း..ကို နမ်း ခွင့် ရစေချင်...လိုက်တာ. ဆို..။


မမသီရိ
၆ - ၁၃.၇.၂၀၁၁

No comments: