Wednesday, October 06, 2010

သူတို့ပျော်ကြသည်

သူတို့ပျော်ကြသည်..
သစ်ရွက်ကလေးတွေစိမ်းနေတာကြောင့် ပျော်ကြသည်
ကောင်ကင်ကြီးပြာနေတာကြောင့်ပျော်ကြသည်
မစားရသော လှလှပပ အစားများကို ကြည့်ရင်းပျော်ကြသည်
မ၀တ်ရသောလှလှပပ အ၀တ်များကို ကြည့်ရင်းပျော်ကြသည်
တယောက်မျက်နှာ တယောက်မြင်ရလို့ပျော်ကြသည်
အရည်မရ အဖတ်မရတွေ ပြောရင်းပျော်ကြသည်
နိုင်ငံအရေး လိုလိုတွေပြောပြီးပျော်ကြသည်
နိုင်ငံအရေး အစစ်တွေပြောပြီးပျော်ကြသည်
သာရေး နာရေး ဟိုအရေး ဒီအရေး ပြောပြီး ပျော်ကြသည်
သားရေး သမီးရေးပြောပြီးပျော်ကြသည်
နှလုံးသားအရေး  ခံစားချက်အရေး ပြောပြီးပျော်ကြသည်
ဝေးကွာနေသောမိသားစုတွေ ဆုံရလို့ပျော်ကြသည်
ဓါတ်ပုံလေးတွေ ရိုက်ရင်း ကြည့်ရင်းပျော်ကြသည်
ဝေဒနာမရှိသလို မေ့ပြီးပျော်ကြသည်
တချို့က ကြွားရလို့ပျော်သည်
တချို့ကလွမ်းရလို့ပျော်သည်
တချို့က ဝေဒနာတွေကြေငြာရလို့ပျော်သည်
တချို့က  ပျော်စရာ မကောင်းပဲနဲ့တောင်ပျော်ကြသည်
ပေါပေါလောလောရလို့ ဖြစ်ကောင်းဖြစ်မည်
တကဲ့ဘ၀ ကိုမေ့ချင်ကြလို့ဖြစ်ကောင်းဖြစ်မည်
စီးပွားရေးအရ ဈေးကွက်ချဲ့တာဖြစ်ချင်ဖြစ်မည်
ကိုယ့်ကုန်ပစ္စည်း ကြော်ငြာနည်းတမျိုး ဖြစ်ချင်ဖြစ်မည်
ဘ၀ အသစ်ရှာ ချင်ကြလို့ဖြစ်ကောင်းဖြစ်မည်
အလုပ်မရှိ အလုပ်ရှာ ပျော်နေကြတာဖြစ်ကောင်းဖြစ်မည်
အလုပ်ရှိ အလုပ်ထဲက ခိုးလို့ပျော်တာဖြစ်ချင်ဖြစ်မည်
ပျော်တာတော့ အမှန်ပျော်ကြသည်
ပုံရိပ်ယောင်နိုင်ငံတော် ထဲမှာ သူတို့ပျော်ကြသည်......................။


(ပုံရိပ်ယောင်နိုင်ငံတော် ဆိုသည့်စကားလုံးမှာ ဘလော့ဂါ မကေသွယ် ၏ မူပိုင်စကားလုံးဖြစ်ပါသည်။

အမှန်တကယ်ပျော်နေကြသောသူများ ကိုတွေ့မြင်ရပါသောကြောင့် မုဒိတာဖြင့်ကြည်နူးစွာရေးပါသည်)

မမသီရိ
၎.၁၀.၂၀၁၀

5 comments:

Maung Myo said...

မပျော်ပါဘူး မပျော်ပေမယ့် ပျော်နေတယ်ထင်အောင် နေနေတာပဲ ။

ရွှေရတုမှတ်တမ်း said...

ပျော်လွန်းလို့...အရည်ဖြစ်...အငွေ့တောင်ပျံ ကုန်ပြီ..ပန်းလေးရေ့..

လင်းဒီပ said...

ဒီလိုလေးပဲ ပုံရိပ်ယောင်နိုင်ငံတော်ထဲ သွားလာရင်း ကိုယ့်ကို လှည့်စားရှင်သန် နေဖြစ်တာပါ အစ်မရယ် ။

tin min htet said...

ပျော်ပါတယ် မမသီရိ။

ငယ်ငယ်တုန်းက လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ စကားလက်ဆုံကျ။ တခါတလေတော့လည်း စကားတလုံးမှ မပြောဖြစ်ကြ။ ဒါပေမဲ့ ပျော်ကြပါတယ်။

ခုတော့ ဘလော့ဂ်မှာ ဖိုရမ်မှာ ဂျီမေးလ်မှာ မျက်နှာစာအုပ်မှာ စကားလက်ဆုံကျ၊ တခါတလေလည်း မပြောဖြစ်ကြ။ ပျော်ကြပါတယ်။

sosegado said...

လူပီသအောင် ပျော်ကြရတာပေါ့၊ ကမ္ဘာကြီးပေါ်မှာ ဘယ်နေရာပဲဖြစ်ဖြစ်………