Friday, October 01, 2010

အစဉ်သာ

အလွမ်းတွေနဲ့ စီးချင်းထိုးတဲ့ည
ဒိုင်း ကာချိန် လဲ မရ
လွှား ကာချိန်လဲ မရ..
လှံချက်က တောက်လျှောက် စူးခဲ့တာ....

လရောင်ဆိုတာကလဲ ကိုယ့်ဖက်က မရှိ
ဆိုးလိုက်သည် အမျိုး..
သူ့ ရောင်စဉ် ရိုးရိုးလေးတွေထဲမှာပဲ
ချစ်သူ့ မျက်နှာ ကို အပြည့်ချိတ်ဆွဲ လို့
နှိပ်စက်ဖို့ အားယူ နေလိုက်ပုံ..

စံပယ်ရနံ့ အမျှင်အတန်းတွေရယ်
စီးမျော ဖက်တွယ် အားငယ်သူ ၀ါးကူလို့ ထိုး
အဖြူထည်ကလေး လွမ်းနေရုံ ပါကွယ်လို့
စကားပြေလေးနဲ့ လေချိုသွေးတာတောင်.....
.......
................
..........

ဆက်ရေး ရမဲ့ ကာရံတွေ သိပ်သည်းလွန်းတဲ့ အလွမ်းတွေကြောင့် အလိုလို ပိတ်ဆို့ရပ်တန့် သွား ရတယ်ရော..။ ခေါင်းထဲ က တဆစ်ဆစ် ထိုး ကိုက်ကိုက်လာတာမို့ ခေါင်းအုံးပေါ် အသာ အယာ ပြန်လှဲ ချလိုက်ရတော့တယ်..။
ဆိုင်ကယ်ကို ကိုယ်တိုင်မောင်းလာခဲ့တဲ့ သက်တမ်းတလျှောက် တခါ တုန်းကမျှ ဒီလို မဖြစ်ခဲ့ ဖူးပေမဲ့ .. တနေ့ ည က တော့...............
တခြား မောင်းသူ တယောက်ရဲ့ နောက်မှာ လိုက်စီးနေခိုက် .. သူ နောက်လန် ပြုတ်ကျ ကျန်ခဲ့တာ..
ရုံး က လုပ်ဖော် ကိုင်ဖက်တွေက မသေကောင်း မပျောက် ကောင်း ဆရာ ရယ် လို့ မျက်လုံး ပြူး မျက်ဆန်ပျာ ပြောကြပေမဲ့.. သူကတော့ဒီ ပြုတ်ကျတာ လောက်လေးနဲ့ သေစရာလားလို့ တွေးနေမိသေး..
ပြုတ်ကျ လို့ ကတ္တရာလမ်းပေါ် ပက်လက်ကလေး ဖြစ်နေခိုက်.. အဲဒီပြုတ်မကျခင်လေးထိမှာ လဲ.. လရောင်မှုန်မှုန် ကို မော့ကြည့်ရင်း.. သူ့ မျက်နှာလေး မြင်ယောင်နေခဲ့တာပါ လို့ ပြောရင် သူမကလေး က ယုံမှာတဲ့လား.... ပုခုံးပေါ်စီးကျလာတဲ့သွေးတွေ ကို လက်နဲ့ အသာ အယာ စမ်းမိရင်း.. သူ့မျက်နှာလေး တွေ့ခွင့်မရခင်.. သူ့ နှုတ်ခမ်းလေး နမ်းခွင့်မရခင်.. မသေချင်သေး ဘူးလို့ .. တွေးနေမိတာ..
ဆေးရုံ အရေးပေါ် အခန်းမှာ နာ့စ်မလေးတွေ အနာ ကို အစိမ်းလိုက်ချုပ်တော့လဲ အော်ဖို့ သတိမရခဲ့ တာ.. သူ့ ကို လွမ်းနေခဲ့လို့ပဲပေါ့...

ခပ်ဟဟ ဖွင့်ထားတဲ့ ပြတင်းကြားက တိုးဝင်းလာတဲ့ လရောင်က အိပ်ဆေးတွေ သောက်ထားတာတောင် အိပ်ချင်စိတ်ကို ချုပ်နှောင်နိုင်တာ အံသြဖွယ်..

တဟုန်ထိုး.. တလိပ်လိပ်တက်လာတဲ့ လွမ်းစိတ်တွေ မချုပ်နိုင်တာမို့ ဘေးနားက ချထားတဲ့ စာရွက်နဲ့ ဘောပန် ကို ကောက်ကိုင်ရင်း ကဗျာတစ ချရေးမိတာ..... မချစ်ပါနဲ့တော့လားလို့ စိမ်းကား စွာ ပြောလာသူကလေး ကို အယူခံ မ၀င်ချင်တော့ပေမဲ့.. ရင်ထဲ ကို နယ်ကျော်လာတဲ့ အလွမ်းတွေ ကို ဘယ်လိုလုပ်ရမှာလဲ.. ငယ်ငယ် ကျောင်းသား ဘ၀ က ကူးထားခဲ့ဖူးတဲ့.. မောင်စိန်ဝင်း ပုတီးကုန်းရဲ့ ကဗျာ တပုဒ် ကို အသံ ထွက် ရွတ်ဆို မိတယ် ကောင်မလေးရေ..



အစဉ်သာ

မစီးနဲ့လေ.
ရေကိုတားနိုင်.. ဆို့ပိတ်နိုင်လည်း
မရွာနဲ့လေ
ရေငွေ့ရေမိုး.. စနေမိုးအား
ဘယ်သူတားမလဲ..
 
မလာနဲ့လေ
ဝေရီမှိုင်းခိုး ရနံ့ဆိုးများ
တံခါးသော့ချိတ်
အလုံပိတ်ကာ ထားနိုင်လည်း..
မတိုက်နဲ့လေ
ဟိုသည်မွှေနှံ့ လေပြေရူးအား
ဘယ်သူတားမလဲ..
 
မကြည့်နဲ့လေ
အနေစိမ်းစိမ်း တိမ်းဖယ်ရှောင်ချင်
ခင်နေနိုင်လည်း..
မမြင်နဲ့လေ
ဝေဒနာနွေး ခြေရာလေးထား
နှလုံးသားမှ .. ဆပွား ထောင်ရာ
သည်မျက်နှာ ကို...
ဘယ်သူတားလို့ ရမှာလဲ....


မောင်စိန်ဝင်း (ပုတီးကုန်း)


မချစ်နဲ့လေ..
ကိုယ်တိုင်တင်းခဲ့.တားဆီးခဲ့လဲ....
ကံအကြောင်းဆုံ.. ရေစက်ကြုံလို့
ရင်ခုန်ခံစား နှလုံးသားနဲ့
ရင်မှာ သိုဝှက် ..ရက်..လ များစွာ
နှောင်တွယ်လာခဲ့ ချစ်တဲ့ကြိုးတွေ...
ခိုင်မြဲနေပြီ..
ဘယ်လို ဓားနဲ့ ဖြတ်မှာလဲ..
ဘယ်လိုအားနဲ့ ဖြတ်မှာလဲ....
ဘယ်လိုအားနဲ့ ဖြတ်မှာလဲ....
ဘယ်လိုအားနဲ့ ဖြတ်မှာလဲ....  ကွယ်....


မမသီရိ
၁.၁၀.၂၀၁၀

4 comments:

မေပယ်လ် said...

ကဗျာရေးဟန်လေးရော
စာရေးဟန်လေးပါ အတုယူ
အားကျသွားပါကြောင်း..:)

tin min htet said...

မမသီရိရော ကဗျာကို တဝက်မှာဖြတ် ဇာတ်ကြောင်းလေးနဲ့ မောင်စိန်ဝင်း ကဗျာ၊ ပြီးမှာ ကဗျာ အဆုံးသတ်သွားပုံက တော်တော်လှတယ်။

ရွှေရတုမှတ်တမ်း said...

တကယ်လား...ကဗျာလား..
မထိတ်သာ မလန့်သာ.. ဆိုင်ကယ်ပေါ်ကလိမ့်ကျတယ်တယ်ဆိုလို့...

Anonymous said...

ဒိုင်းကာချိန်လည်းမရ
လွှားကာချိန်လည်းမရ ..

ဝင်လာပြီးမှတော့ ...
ဘယ်လိုအားမှ မစွမ်းသာ
ခပ်ခွာခွာနေကြရုံ ...


လေးစားလျှက်
အုပ်ကြီး