Sunday, October 10, 2010

စကားလုံးမဲ့စွာ

(၁)
အဲဒီရက်တွေတုန်းက ၁၀ တန်းစာမေးပွဲကြီးနီးလာလို့.. စာတွေ နင်းကန် ဖတ်နေရတဲ့အချိန်.. မတ်လ ဆန်း စ ရက် တရက် ... ။ တက်ခဲ့ရတဲ့ ကျောင်းက တွဲဖက်ကျောင်းဆိုတော့ .. ၁၀ တန်းဖြေဆိုမဲ့ကျောင်းသူ ကျောင်းသားတွေက အထက်တန်းကျောင်းရှိတဲ့ စာစစ်ဌာနဆီမှာ စာမေးပွဲသွား ဖြေကြရပါတယ်.. နောက်နေ့ဆို စာမေးပွဲဖြေရမဲ့ ဆီ ၂ ပတ်လောက်သွားနေရမှာ မို့ အမေကြီး နဲ့ မေမေ က မီးဖိုထဲမှာ ကြော်လှော် ချက်ပြုတ်နေကြခဲ့တယ်. . ဖေဖေ က အဆုတ်ထဲ မှာ အနာဖြစ်လို့ဆိုပြီး ဆေးရုံမှာ ၃ လ ကျော် နေခဲ့ရာ က ဆင်းစ .. ကင်ဆာ ဖြစ်ချင် ဖြစ်နိုင်တယ်လို့ ပြောလိုက်တာမို့ အိမ်သားတွေ စိတ်လေးလံ ၀မ်းနည်းနေကြရတဲ့ အချိန်..။ ခြံထဲက နေ.. မမ ရေ.. ဒီမှာ ဆီးသီး တွေ လာယူအုံး လို့ ခေါ်နေတာမို့ ဖေဖေ့ အနား လူနာစောင့်ရင်း စာဖတ်နေတဲ့ဆီက ဘိုးဘိုး ရှိရာ ဒုန်းစိုင်းပြေးဆင်းခဲ့ပါတယ်..။ မိသားစုထဲမှာ မြေးဥိးမို့.. ဘိုးဘိုး က အချစ်ဆုံး လို့ တခြား မောင်နှမ၀မ်းကွဲတွေ က မကြာခဏ မနာလိုဖြစ်တာ ခံရပေမဲ့ .. ဘိုးဘိုး ကတော့ သူ့ မြေးချစ် ကို ဦးစားပေးမပျက်ခဲ့.. အငယ်တွေ ထက်ကို .. အရေးပေးခဲ့တာပါ.. .ပန်းချီဆွဲ တဲ့ ဗီဇကလဲ  ဘိုးဘိုး ဆီက ပဲ ရခဲ့တာ ဖြစ်မှာပါပဲ.. ဘာလို့လဲ ဆိုတော့ ဆွေထဲမျိုးထဲမှာ ဘိုးဘိုး က လက်စခြေစ နဲ့ မြေးတွေကို ပုံတွေဆွဲပြခဲ့တာလေ..။ ဘိုးဘိုး ဆွဲ ပြတဲ့ တိရိစ္ဆာန်ပုံတွေ ဆို ဘယ်သူမှ လိုက်မမီဘူးလို့တောင် ထင်ခဲ့တာ..။ အသက် ၆၀ နား နီးပေမဲ့ သန်မာ ဖြတ်လတ်ဆဲ.. ဘယ်အလုပ်လေးပဲ ဖြစ်ဖြစ် ကိုယ်တိုင်ဝင်ပါလိုက်ရမှ ကျေနပ်တတ်သူ ဘိုဘိုး ပါ...။ အဲဒီနေ့ မနက်ထမင်းစားပြီးနောက်နေ့လည်တရေး တမော အိပ်ပြီးတဲ့ နေ့လည်စောင်းချိန်မှာ ဘိုးဘိုး က လယ်ကွင်းတွေဆီ ထွက်သွားခဲ့တယ်... ညနေ ၄ နာရီ ခွဲကျော် လောက်မတော့ ရွာအစွန်တောင်တန်းတွေ ဆီကနေ... မမ တို့ .. ဘိုးဘိုး. သစ်ပင်အောက်မှာ မူးလဲနေတယ် လို့.. အော်ဟစ်ပြောလာသံ တွေ နောက်မှာတော့.. လူတွေ ၀ိုင်းမချီပွေ့လာတဲ့ ဘိုးဘိုး က သတိ မရှိတော့ပါဘူး..
နောက် ၁ နာရီကျော် လောက်ကြာတော့ ဘိုးဘိုး ပြန်လှုပ် လာတယ်.. ဘိုးဘိုး.. ဘိုးဘိုး ရေ.. လို့ ခေါ်လိုက်ရင် အင်း လို့ ပြန်ထူး နိုင်ပြီး.. မမ ခေါ်နေတယ် ကြားရဲ့လား.. မမ လေ.. မမ ကို သိရဲ့လား လို့ မေးရင်.. အင်း လို့ ပြန်ပြောနိုင်ပေမဲ့.. တခြားသား သမီးတွေ ခေါ်ရင်တော့ တိတ်နေတာက်ုကြည့်ပြီး.. စကားမပြောနိုင်အောင် ရင်တွေ ဆို့ နစ်နေခဲ့ရပါတယ်.. .. ဘိုးဘိုးဘေးနား ဘိုးဘိုး .. ဘိုးဘိုး ရေ.. အဆက်မပြတ် ခေါ် နေခဲ့ ကြားမှာ ပဲ အဲဒီနေ့ ည သန်းခေါင်ကျော်မှာ ဘိုးဘိုး တယောက် တမလွန်ကို ထွက်သွားခဲ့ပါတော့တယ်.. .. နောက်နေ့မနက် အသုဘ လာမေးသူတွေက ဆေးရုံက လက်မခံ လို့ ဆင်းလာတဲ့ ဖေဖေ ဆုံးတယ်ပဲ ထင်နေခဲ့ကြတာပါ.. ကျန်းကျန်းမာမာ သန်းသန်စွမ်းစွမ်း ဖိုးဖိုး တယောက် ဘာရောဂါမှ မယ်မယ်ရရ မဖြစ်ဖူး.. ခေါင်းကိုက်ပျောက်ဆေးတောင် မသောက်ဖူး ပဲ နဲ့.. ဘ၀ တပါး ကို ရောက်ခဲ့ရပေမဲ့.. ဆေးရုံ က အဆုတ်ကင်ဆာ ဖြစ်မယ် လို့ပြောပြီး ပြန်လွှတ်လိုက်တဲ့ ဖေဖေက နောက် နှစ်ပေါင်း ၁၆ နှစ်ကျော် ကြာတဲ့ လူ့ လောကကြီး ထဲ ကျန်ူကျန်းမာမာနဲ့ အသက် ဆက်ရှင် ခဲ့ပါတယ်...


(၂)

သူက ကျမ ကို အမြဲတမ်း.. နေရာတကာ ပါလေရာမ.. ဟိုစပ်စပ် ဒီစပ်စပ် မရှပ်တေးမ.. လို့ အမြဲ ကျီစယ်ပြီး ပြောတတ်တဲ့သူ.. ကျမ က လဲ ကျမ.. ဘယ်အရာမဆိုသိ.. ဘယ်အရာမဆို တတ်.. ကိုယ်နဲ့ ဆိုင် မဆိုင် မသိ မျက်စိထဲ အမြင်မတော်တာတွေ့ ရင် ပြောချင်ပြီး.. သူများ လုပ်တာ နေရာမကျ မြင်တာနဲ့ ကိုယ်တိုင် ၀င်ပါချင်တဲ့သူ ကို.း... ကျောင်းဆရာမ ဘ၀ ကိုကျောခိုင်းပြီး INGO လောကထဲ စ၀င်တဲ့အချိန်မှာ အဲဒီ အကိုနဲ့ ရှေ့ဆင့် နောက်ဆင့် ... သူ့ ညီမ နဲ့ က ကျောင်းဆရာမလုပ်တုန်းက အတူသွား အတူစား အတူ တာဝန်ကျတာမို့. ကျမ ကလဲ သူ့ ညီမ တယောက် ဖြစ်ခဲ့ရတာပါ.. ကျမ ကို ရှေ့မှာ ဘယ်တော့မှ ချီးမွမ်း စကားမပြောဖူး ပေမဲ့.. အိမ်မှာ သူ့ သားသမီး တွေ ကို ဆုံးမ တဲ့ခါ .. ကျမ ဟာ သူတို့ စံပြ ဖြစ်သင့်တယ် လို့ အမြဲ ပြောတဲ့ အကြောင်း သူ့ မိန်းမ နဲ့ ကလေးတွေ ဆီ က နောက်တော့ ပြန်သိခဲ့ရတဲ့ အကို တယောက် .. အသား မဲမဲ ကြံ့ကြံ့ခိုင်ခိုင် သူ့ ကို ကျမ နဲ့ ကျမ ၀န်ထမ်းတွေက ပေါင်ချိန်လို့ သူ့ နောက်ကွယ်မှာ နောက်ပြီး ခေါ်လေ့ ရှိကြတယ်..။ သူနဲ့ ပြောင်းပြန် ဖြစ်တဲ့ ကျမ ကတော့ အသက် ၂၀ ကျော် ထဲ က မကြာခဏ သွေးတိုး ရတာနဲ့.. ရင်ဖတ် အောင့်ရတာနဲ့ မို့ နေ့စဉ် ဆေးတွေ သောက် ပြီး နေရတာ အသက် ၃၀ ကျော် ကတည်းက...ကျမကို ရောဂါ ထူမ လို့ လဲ မကြာမကြာ မဲ့ကာ ရွဲ့ ကာ ခေါ်တတ်သေးတာ ။ သူက အင်ဂျင်နီယာ ဌာန မှာ.. ကျမ က ရပ်ရွာ လူထု နဲ့ အမျိုးသမီး များ ဖွံ့ဖြိုး တိုးတက်ရေး ဌာနမှာ... ဌာန မတူပေမဲ့.. ကျမ တို့တွေ တကဲ့ မောင်နှမတွေလို ချစ်ခင်ခဲ့ကြတာပါ.. အဲဒီ အဖွဲ့ အစည်းမှာ ၇ နှစ်လောက် လုပ်ပြီးတော့ ကျမ နောက် အဖွဲ့ အစည်း တခု ကို ပြောင်းခဲ့ ပေမဲ့ လဲ.. သူနဲ့ ရော သူ့ မိသား စုနဲ့ပါ ရံဖန်ရံခါ ဆုံ မြဲ.. သူ့ အိမ်က အလှူ တွေဆိုလဲ ရောက်မြဲ... လွန်ခဲ့တဲ့ ၄ နှစ် ကျော် ဒီဇင်ဘာလဆန်း ရက် တရက်မှာ ကိစ္စလေး တခု နဲ့ အရင်က လုပ်ခဲ့တဲ့ ရုံးဆီရောက်ခဲ့ပါတယ်.. အဲဒီ အကို နဲ့ ဆိုက်ဆိုက်မြိုက်ြိမုက် တွေ့တာမို့ နောက်တပစ်အကြာမှာ ဂျပန်သွား စရာ ရှိနေတဲ့သူ့ ကို. ဘလူးတုဒ် လေး တခု ၀ယ်ခဲ့ပေးဖို့.. မ၀ယ်ခဲ့ရင် တွေ့မယ်.. ဘာမယ်..ထုံးစံအတိုင်း ကြိမ်းကြိမ်း မောင်မောင်း တင်တင်စီးစီး လေး ပြောခဲ့ ပြီး.. နောက် ဌာန ရုံးခန်း ထဲ တခု ထဲ ဆက်ဝင်ခဲ့ ပြီး လို့ ၅ မိနစ်လောက် နေတော့.. လူတွေတချို့ သူ့ကို မပြီးထမ်းကာ ကား ဆီ သယ်ထုတ်လာတာ တွေ့လိုက် ရပါတယ်.. ခုနကပဲ စကားပြောနေခဲ့ တဲ့ လူတယောက်.. ကျန်းကျန်းမာမာ ရွှင်ရွှင်လန်းလန်း ကြီး... ကျမ ကျောခိုင်းတဲ့ ၅ မိနစ်ကျော်မှာ.. သတိ မရှိတော့ပါဘူး.. ဆေးရုံ ရောက်ပြီး နောက် ၅ မိနစ်လောက် မှာ သူ့ ချစ်တဲ့ သားသမီး ၃ ယောက် ဇနီး၊ သူ့ အလုပ်နဲ့.. မိတ်ဆွေတွေ .. ညီ၊ ညီမ တွေ ခွဲ ခွာ သွား ခဲ့ ပါတယ်... ကိုယ့်မျက်စိ ရှေ့မှာ ဖြစ်ခဲ့တဲ့ အဲဒီ အဖြစ်ကြောင့် ကျမ လတွေ အတော်ကြာတဲ့ ထိ.. အဲဒီအကို ကွယ်လွန်ခဲ့တာကို မျက်စိထဲက မထွက် ဖြစ်ခဲ့ရတယ်... သင်္ခါ ရ ဆိုတာ ဒီလိုပါလား .လို့. နက်နက်နဲနဲ စတင် တွေးတောခဲ့ ရပါတယ်..

(၃) 
အဲဒီ မောင်နှမ ၄ ယောက်လုံးက ၅ တန်း က နေ ၈ တန်းထိ .. ဆက်တိုက် ကိုယ့် တပည့် ဖြစ်ခဲ့ပြီးတော့ .. အဲဒီထဲက ဒုတ်ယ မိန်းကလေးက သူ ၁၀ တန်းအောင်ပြီးတဲ့ နောက် ကျောင်းမပြီးခင်မှာပဲ ကိုယ့် ဌာနမှာ ၀န်ထမ်း ဖြစ်ခဲ့တာ.. သူတို့ ၄ ယောက် ရော သူ့ မိဘတွေက ပါ ကိုယ့်အပေါ်မှာ လေးစား ချစ်ခင် ပြီး.. အစစ အရာရာ ဂရုစိုက်ခဲ့ကြပါတယ်.. သူတို့ အဖေ က .. ရဲဘော်ဟောင်း တယောက် ဖြစ်ပြီးတော့.. တရက်မှာတော့ အဲဒီ ရပ်ကွက် ရဲ့ ရ.ယ.က ဥက္ကအဖြစ် ရွေးချယ် တင်မြှောက်တာ ခံရတာမို့.. သူတို့ အိမ်မှာ ဖုန်းတွေ ဘာတွေ လာတပ်.. လူတွေကလဲ စည် လို့ပေါ့... နောက် ၃ - ၄ လ လောက် ကြာတဲ့ အချိန်..ရ.ယ.က ရုံး မှာ အစည်းအဝေး လုပ်နေတုန်း.. ဗြုန်းဆို.. မူးလဲ လို့ ဆေးရုံး တင်ခဲ့ရပြီး.. ခြေတွေ လက်တွေ မလှုပ်နိုင် စကား လဲ မပြောနိုင်တော့တာမို့.. ဘယ်ချိန် သေမလဲ လို့.. အားဆေးလေး သွင်း၊ နှာခေါင်း ပိုက် လေး တပ်ရင်း စောင့်နေခဲ့ကြတာ.. ၁၀ ရက်ကျော် ကြာတဲ့ ထိ.. အခြေအနေက ပြောင်းလဲ မလာတာမို့ ဆေးရုံက သက်ဆိုင်ရာ ဆရာ ၀န်တွေ ကိုယ်တိုင်က အိမ် ကို ပြန်ယူ သွားတာပဲ ကောင်းမယ် လို့ အကြံပြုတာမို့ အိမ်ကို ပြန်သယ် ပြီး.. ရပ်ကွက် ထဲ လူတွေ နဲ့ စောင့်နေခဲ့ပေမဲ့.. နောက် ၄ နှစ်ကျော် ကြာတဲ့ထိ.. အိပ်ယာ ထဲ မှာ အဲ သလို ပက်လက် အသက်ရှင်နေလာ တာ ခု ထိ ပဲ လို့...ခုလောလော ဆယ် မှစင်္ကာပူ မှာ အလုပ်လုပ်နေတဲ့  သူ့ မိန်းမ ရဲ့ အရင် ပထမ ယောင်္ကျား နဲ့ ရခဲ့ သားအငယ် ဖြစ်သူက ပြောပြ လို့ အံ့သြ နေရတာပါ...
..............................................................

တကယ်တော့ သေခြင်းတရား ဆိုတာ ကျမတို့ မမြင်နိုင်သော အရာ သာ ဖြစ်ပါတယ်.. ဆရာဝန်က မျှော်လင့်ချက် မရှိတော့ဘူးလို့ ပြောပေမဲ့ .. မျှော်လင့်ချက်တွေ မဲ့ စရာ မလို သလိုပဲ... ကျန်းကျန်းမာ မာ ရှိနေပေမဲ့... ဘယ်နေ့ ဘယ်ရက် ထိ အသက်ရှိနေမယ်လို့ ဘယ်သူမှ အာမခံ နိုင်ပါဘူး...

ဒီစာ ကို.. ကျမတို့ အားလုံး ချစ်ခင်ရတဲ့ ချစ်သော အကိုကြီး ကိုကြီးကျောက် အတွက် ရည်ရွယ် ပါတယ်.. ရင့်ကျက်ပြီး.တည်ငြိမ်တဲ့ အကိုကြီး တယောက်.. အရာရာ ကို အေးဆေး စွာ နဲ့ ရင်ဆိုင်ကျော်လွှားမယ် ဆိုတာ ကျမ သံသယ မရှိပါဘူး...



ချစ်သော အကိုကြီး ရေ.. 
အားမငယ်ပါနဲ့ လို့လဲ အားမပေးပါဘူး..
စိတ်မပျက်ပါနဲ့ လို့ လဲ မတိုက်တွန်းပါဘူး..
မကြောက်ပါနဲ့ လို့လဲ မပြောပါဘူး... 
အားငယ်ပါ.. ဒါပေမဲ့ အားငယ်တာကို သိပါ
စိတ်ပျက်ပါ .. ဒါပေမဲ့ စိတ်ပျက်တာကို သိပါ
ကြောက်ပါ .. ဒါပေမဲ့.. ကြောက်တာကို သိပါ..
အရာရာ ကို သိနေတဲ့ ခါ.. အရာရာ ဟာ ကျော်လွှားပြီးသား ဖြစ်မှာပါ...

ချစ်တဲ့ညီမ

မမသီရိ



2 comments:

ရွှေရတုမှတ်တမ်း said...

ပန်းလေးရေ....
အားမငယ်တတ်တဲ့ ညည်းအကိုကြီးက...အသက်က ၆၀ တွင်းမှာလေ..အဟတ်ဟတ်..
ဒါပေမဲ့...ဘလော့မှာတော့ ကာလသား...
အကိုကြီး e mail က အရင်ဟာပဲလေ..
maungnaipe@gmail.com

အကိုကြီး

Anonymous said...

သိခြင်း ဆိုတာကပဲ ရှင်သန်ခြင်းဖြစ်ပြီး
မေ့လျော့ခြင်းက သေဆုံးခြင်းဖြစ်ကြောင်း ..
သတိတရ နဲ့ ပဲ ဖတ်သွားပါတယ်
ကိုကြီးကျောက်ကိုလည်း ..ချစ်သူခင်သူတွေများကြောင်း
ဘလော့တွေတိုင်းမှာ ဝမ်းနည်း ဝမ်းသာ
တွေ့ နေရပါတယ်ဗျာ


လေးစားလျှက်
အုပ်ကြီး