Saturday, September 25, 2010

အထွက်တိုး အလွမ်းများ

မိန်းကလေး တဲ့..
မာနဇာပုဝါ .. ခြုံထားတဲ့ ကြားမှာပဲ..
မယုံ နိုင်အောင် တိုး တိုး ထွက်လာတဲ့
အလွမ်း အစို့ အညှောက်လေးတွေ..

ဖြေသာသလို
ပြေရာပြေကြောင်းတရား
စဉ်းစားလိုက်တော့..
နေမသာဘူး ဆိုတာ .. နေမရှိတာ မဟုတ်..
လမသာဘူးဆိုတာ လမရှိတာမဟုတ်..

ကြယ်တွေကို မမြင်ရတာ ကြယ် မရှိလို့ မှ မဟုတ်ပဲ ကွယ်...
တိမ်ရိပ်တွေ ရယ်.. ဒါမှ မဟုတ် မြူ ရိပ်တွေ ရယ်
ဒါ မှ မဟုတ် နှင်း... .သိပ်သိပ် တွေ ရယ်...
ကွယ်နေလို့ မဟုတ်ပေဘူးလား....
သူ့မျက်နှာ မမြင်ရဘူး ဆိုပေမဲ့..
သူက ရင် ထဲ အမြဲ ရှိတာ ကို....

နေကြာအ၀ါ တွေ ထိန်နေအောင်ပွင့်နေတဲ့..
ကြည်ပြာရောင် ဥယာဉ်လေးထဲက
ဗီဇ ပြုပြင်မထားရသေးတဲ့
အလွမ်း အပင်ပေါက်ကလေးတွေ ရေ..
အလွမ်း အထွက်တိုးရေး..
အရွက်အားတိုးဆေး အပွင့်အားတိုးဆေး
သုံးပေးဖို့ မလို..
ဘိုင်အို မြေဆီတွေ မသုံး လဲဖြစ်နေမှတော့
ထွားချင်သလောက်သာ ဆက်လို့ ထွားနေလိုက်ပါတော့..
ရေလောင်းပေါင်းသင်
နေစဉ်ရက်ဆက် .. အရိပ်ကြည့်လျှက် ပျိုးမယ်...

အတွက်တိုး အလွမ်းတွေအတွက်..
အခွန်ဆောင်စရာ လဲ လိုမှာ မဟုတ်တာမို့.
ကျမက ဆက်လွမ်းမယ်လေ.. ဘာဖြစ်လဲ လို့ နော်......။


မမသီရိ
၂၄.၉.၂၀၁၀

6 comments:

~ဏီလင်းညို~ said...

ကဗျာလေးလာဖတ်သွားတယ်အစ်မသီရိရေ့......။
နောက်ဆုံးအပိုဒ်လေးမှာ.......
“အတွက်တိုး အလွမ်း”........လို့ သုံးထားတာလေးက တစ်မျိုးလေးဆန်းနေတယ်......။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

လင်းဒီပ said...

အစ်မက နှစ်သီးစား သုံးသီးစား အလွမ်းတွေ နွေစပါး အဲလေ နွေအလွမ်းတွေပါ စိုက်ပျိုးမိနေပုံပဲ ။ :))

Unknown said...

ကဗျာလေးက ကောင်းပါတယ်..
အထွက်တိုးအလွမ်းဆိုတော့ လျာထားချက်ထက် ကျော်လါန်တယ်လို့ ယူရမှာပေါ့.. :)

မမသီရိ said...

ဏီလင်းညို.. ဒီပ နဲ့ ဝေလင်းရေ့..
ဒီကဗျာက FAO နဲ့ စိုက်ပျိုးရေးဌာန မှာ လုပ်ဖူးတဲ့သူတွေမှ ပိုခံစားလို့ရမယ် ဝေး..
ဗီဇပြုပြင်၊ ဘိုင်အိုမြေဆီ.. အထွက်တိုး...း))

ရွှေရတုမှတ်တမ်း said...

စားလို့ရတာအကုန်စား..စိုက်လို့ရတာ..အကုန်စား..
အထွက်တိုးလဲစား..မတိုးလဲစား..
အထွက်တိုးတာတော့ သံရုံးကမသိစေနဲ့...
၁၀% အခွန်ဆောင်ခိုင်းနေလိမ့်မယ်..

အုပ်ကြီး said...

သြော် ...အထွက်တိုး အလွမ်းတွေတောင် ..
ဈေးကောင်းနေပါသလားဗျာ :P

ခင်မင်လေးစားလျှက်
အုပ်ကြီး