Friday, March 05, 2010

ကဗျာဆန်သူ

ကဗျာဆန်တယ်ရယ်လို့တော့
ဘယ်ဟုတ်ပါ့မလဲ ကောင်လေးရယ်..

တခါတရံကလေး မှာ
ကာရံတွေညှိပေးရုံကလေးပါ လို့ တွေးကြည့်ပေးပါလား..

ပင်လယ်ကပြောတော့
ကောင်းကင်ပြာလို့ သူ ပြာတာပါတဲ့

ကောင်းကင်ကပြောတော့
တိမ်တွေ ကွာလို့ သူပြာတာပါ တဲ့...

ဒီလိုဆို..
ကျမရင်ထဲက နှလုံးသွေး
အလွမ်းတွေကြောင့်ပြာနေတာ
မင်း... ဘယ်လိုပြောမှာလဲ.......

လေပြေက ပြောတယ်...
မင်းလွမ်းရအောင်လို့ ငါ တိုက်ပေးတာမှ မဟုတ်တာတဲ့..

ပန်းပွင့်လေးကပြောတယ်
မင်း တမ်းတခြင်းအတွက် ငါတို့ ပွင့်ပေးတာမှ မဟုတ်တာတဲ့...

ကောင်လေးရေ..
ကျမ က သူ့ ကို.. လွမ်းချင်လို့ လွမ်းတယ်
လေနုအေး ကြောင့် လွမ်းတယ်.
လေနီ ကြမ်းကြောင့် လွမ်းတယ်..

ပန်းအဖူးတွေ ငုံလို့ လွမ်းတယ်..
ပန်းအပွင့်တွေ စုံတော့လဲ လွမ်းတယ်..

ချစ်ခွင့်ရခြင်း အစုံ နဲ့ သူ့ ကိုချစ်တယ်...
ခြုံပုဝါလေး ခြုံရင် သူ့ ရင်ခွင်လို့ တွေးတယ်..
ပါးပြင်ပေါ် လေဝှေ့အရမ်း.. သူ့ အနမ်း လို့ မှတ်တယ်..
အိပ်မက်ထဲ မှာ .. သူ အလည်လာလို့ ပျော်တယ်..

နှစ်ဦးသား ဆုံမဲ့ ရက် .. လက်ချိုး တွက်ရင်း အသက်ရှင်တယ်

ကဲ... ကောင်လေး ..... မင်း ပြောအုံးမလား...

ကဗျာတွေ ဆန်နေလိုက်တာလို့.......။


မမသီရိ
၂၄.၂.၂၀၁၀

19 comments:

မမသီရိ said...

ကျမကဗျာတွေ ဖတ်ရတာ ရှေးတုန်းက ရှင်နှောင်း (မနှိုင်းဝံ့ မနှိုင်းသာ နှိုင်းပြီး) ရေးခဲ့တဲ့ ကဗျာတွေ ဖတ်ရသလိုပဲ လို့ပြောလာတဲ့ မြန်မာပြည်က နာမည်ကြီး ကဗျာဆရာမောင်ငယ်လေးတယောက် နဲ့ စကားပြောဖြစ်တုန်း ရလာတဲ့အတွေးလေး ချရေးထားတာပါ.. ဘာပဲပြောပြော ကျမ ကတော့ အလွမ်းတွေ နဲ့နေသား ကျခဲ့တာမို့ အလွမ်းကဗျာတွေပဲ ရေးနေမိတာ မဆန်းဘူး ထင်တာပါပဲ။

လင်းဒီပ said...

“ချစ်ခွင့်ရခြင်း အစုံ နဲ့ သူ့ ကိုချစ်တယ်...
ခြုံပုဝါလေး ခြုံရင် သူ့ ရင်ခွင်လို့ တွေးတယ်..
ပါးပြင်ပေါ် လေဝှေ့အရမ်း.. သူ့ အနမ်း လို့ မှတ်တယ်..
အိပ်မက်ထဲ မှာ .. သူ အလည်လာလို့ ပျော်တယ်..”

ဒီအပိုဒ်လေးကို အတော်ခိုက်သွားတယ်။

ချစ်တော့လည်း အလိုလိုကဗျာတွေ ဖြစ်လာတယ်လို့ ပြောပြလိုက်ပါ အစ်မရယ်..။

Ree Noe Mann said...

ဘာမှ ကို မပြောတော့ပါဘူးတဲ့ ကောင်လေးက

ချစ်တဲ့ ငယ်ငယ်

kaungkinpyar said...

ကဗျာတွေ ဆန်တတ်လိုက်တာ မမ ရယ်..ကြိုက်တယ်

ချစ်တဲ့

ပြာပြာ

Anonymous said...

ဟိဟိ... ဘရာဗို........... ဒါမှ မမသီရိကွ..။ :D

ကိုရင်နော်ခင်လေးငယ် said...

ကဗျာတွေဆန်လိုက်တာ...

ကဗျာလေးက တကယ် နွေးနွေးအိအိနုနုလေး..

သတိရတယ် မကြီး...

ချစ်တဲ့

ကိုရင် နဲ့ ခင်လေး

Anonymous said...

ကြိုက်လိုက်တာမမရယ်..
စာသားလေးတွေ...
ရေးတတ်လိုက်တာနော်
(Loverstar)

ရွှေရတုမှတ်တမ်း said...

လွမ်းချင်လို့လွမ်းတာလဲ..ကဗျာဆန်တာပဲ...

သိင်္ဂါကျော် said...

အချစ်ကြောင့် ကဗျာတွေ ဆန်သွားတာ .. ထင်ပါရဲ့။

ဆောင်းယွန်းလ said...

တည့်တည့်ထိတယ်...ဘယ်ကိုလဲလို့မမေးနဲ့ ကောင်မလေးရေ..

မေ့သမီး said...

မမ လွမ်းနေတုန်းပဲလား။ လေကလည်း သူ့ဘာသာတိုက်ပြီး ပန်းကလည်း သူ့ဘာသာပွင့်တာ။ ကိုယ်ကလည်း လွမ်းချင်လို့လွမ်းနေတယ်ပေါ့လေ။ မလွမ်းကြေးလို့ ပြောထားတာ ဘယ်သူလဲ။ :D

ချစ်ကြည်အေး said...

စကားလုံးလေးတွေ လှလိုက်တာ မမရေ...

~ဏီလင်းညို~ said...

အစ်မသီရိရေ...
အဲ့ဒါကြောင့်ကျွန်တော်ဆို အမြဲတွေးမိတတ်တာ...။
အစ်မသီရိက ကဗျာနုနုလေးတွေ ရေးတတ်တာလို့...။
အနော်လည်း...လွမ်းရတာ..၀ါသနာသိပ်ပါတာ...အဟိ...း)
ခင်မင်တဲ့
ဏီလင်းညို

ကိုလူထွေး said...

ကောင်လေးလို့ခေါ်ထားတဲ့အတွက် ကျမ သုံးမယ့်အစား “မမ” လို့ သုံးပါလား...

ကဗျာရှင်ရဲ့ ကဗျာဆန်နေပုံများကတော့ မပြောပဲကို မနေနိုင်ပေါင်ဗျာ...

းဝ)

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

မမသီရီရယ်
ကျတော်လည်း လွမ်းချင်တယ် ဘယ်သူ့ ကိုလွမ်းရပါ့
မောင်ဇော်ထွန်း

ညလင်းအိမ် said...

မမသီရိက အလွမ်းကဗျာတွေရေးတော့ အနော်က အလွမ်းပေါ်အလွမ်းဆင့်ပြီဗျ ...

kiki said...

ဒို့ မမ တယောက်
ကဗျာတွေ ဆန်နေလိုက်တာလို့
မပြောတော့ပါဘူး .. ပြောကို မပြောနိုင်တော့ပါဘူး ..
မမသီရိရဲ့  အလွမ်းဘုံကြီးက ဘယ်နှစ်ဆင့်ရှိသလည်း ဆိုတာတော့
သိချင်နေ မိတယ်..

ဂျူနို said...

မမသီရိရယ် လွမ်းရက်တွေ ကုန်ဆုံးသွားအောင် လူဆိုးတွေနဲ့ တိုင်ပင်ပြီး ချစ်ချစ်ကို ကားတင် ပြေးပေါ့။ :))

Tharbamar said...

"ချစ်ခွင့်ရခြင်း အစုံ နဲ့ သူ့ ကိုချစ်တယ်...
ခြုံပုဝါလေး ခြုံရင် သူ့ ရင်ခွင်လို့ တွေးတယ်..
ပါးပြင်ပေါ် လေဝှေ့အရမ်း.. သူ့ အနမ်း လို့ မှတ်တယ်..
အိပ်မက်ထဲ မှာ .. သူ အလည်လာလို့ ပျော်တယ်.."

လှလိုက်တဲ့စာသားလေးတွေဗျာ ရေးတတ်လိုက်တာ။ အားပေးနေပါတယ်၊ ခင်မင်စွာဖြင့်....