Friday, February 19, 2010

တတိယမြောက် နှစ်ကူးည

မွေးတာကမြို့ပေါ်မှာ ကြီးတော့ ဖေဖေတာဝန်ကျတဲ့ မိခင်ဖက်ကအဖိုးတွေအဖွားတွေ ရှိတဲ့နယ်မှာ၊ အနောက်တိုင်းယဉ်ကျေးမှုနဲ့ မနီးစပ်တဲ့အပြင် ခရစ်နှစ်သစ်ကူးကို တကူးတက အလေးမထားတဲ့ ပတ်ဝန်း ကျင်မှာ ကြီးပြင်းခဲ့ရသူမို့ ဒီဇင်ဘာ နှစ်ကူးညတွေကို ရင်ခုန်ရကောင်းမှန်း မသိခဲ့တဲ့ သူပါ။

၂၀၁၀ အကြို နှစ်ကူးည ရဲ့ ည ဦး ၁၁ နာရီ ခွဲလောက်ထိ သဲအညိုနုရောင်တွေ လွှမ်းတဲံ့ ကမ်းခြေ ဟိုတယ် တခု ရဲ့ အခန်းကျယ် တခု ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေ ကို အဖော်ပြုရင်း ကွန်ပျူတာတလုံးနဲ့ အလုပ်ရှုပ်နေခဲ့ရတဲ့ ကုသိုလ်ကံ ရုပ်ဆိုးဆိုးကြောင့် အလုပ်ခပ်များများ မိန်းမ တယောက်ဟာ ကျမ ပဲပေါ့။

ဟိုတယ်ရဲ့ ကပွဲ ခန်းမဆီက ရီမောသံတွေ သီချင်းဆိုသံ၊ ကခုန်မြူးတူးသံတွေက အခန်းထဲဆီကို တချက် တချက် လွင့်ပျံ တက်လာနေပေမဲံ့၊ ၂၀၁၀ မကူးခင် အပြီးသပ်ရမဲ့အလုပ်တွေကို ဦးစားပေးနေရတာမို့ အဖွဲခေါင်းဆောင်ဖြစ်နေတဲ့ ကျမက ခေါင်းဆောင်ပြီး ခေါင်းမထောင်ရဲ၊ ကိုယ်သာ အရင်ဖင်ကြွ လိုက်လို့ကတော့ အလုပ်ကပြီးဖွယ်ရာ မမြင်တာမို့ တနေကုန်ပင်ပမ်းထားတာတောင် ကြိတ်မှိတ် ဆက်လုပ်နေခဲ့ရတာမျိုး.. ။

၁၁ နာရီ ခွဲမတော့ လက်ပ်တော့ကို ပိတ်ချ လိုက်ပြီး အခန်းဖော်ညီမငယ် နဲ့ အပြင် ထွက်ခဲ့ကြတယ်.. ကပွဲ ခန်းမနေရာကိုလှမ်းကြည့်လိုက်တော့ ပျော်နေကြသူတွေချည်း..။ ကိုယ်နဲ့ မျက်နှာသိတွေလဲ မရှိတာမို့ ၀င် ပျော်ကြဖို့က ခပ်ကြောင်ကြောင် ဖြစ်နေမှာမို့ နှစ်ယောက်သား ကမ်းခြေဖက်ကို ခြေဦးလှည့်ဖို့ ဆုံးဖြတ်ကြရင်း.. မီးမှိန်မှိန်လင်းနေတဲ့ ဟိုတယ်ရှေ့ဖက်ဆီ တိုးဝင်လျှောက်ဖြစ်ခဲ့ကြပါတယ်.. ။
..
..
(၂)
"နှစ်သစ်ကူးချိန် ကိုခုလိုစောင့်ကြည့်ဖြစ်တာ မမ ဘ၀ မှာ ဒါဟာ တတိယအကြိမ်မြောက်ပဲ ညီမ ရဲ့.."

အညိုနုနု သဲမွမွ ကမ်းခြေပေါ်မှာ ထိုင်ချလိုက်ရင်း ပြောလိုက်တဲ့ သူ့စကားသံကြောင့် ဘေးက အခန်းဖော် ညီမငယ်က သူမ မျက်နှာကို တအံ့ တသြ လှမ်းကြည့်လာပါတယ်..။ ဟုတ်ရဲ့လား လို့ မယုံချင်စွာ စူးစမ်းတဲ့သူမလေးရဲ့ မျက်ဝန်းတွေကို လပြည့်ည လရောင်အောက်မှာ ကျမ တွေ့ဖြစ်အောင်တွေ့လိုက်မိတယ်..

"၂၀၀၀ ပြည့်နှစ် နှစ်ကူးတဲ့အချိန်တုန်းက ဘ၀ရဲ့ ပထမ ဦးဆုံး နှစ်ကူးည ဖြစ်ခဲ့တာပေါ့..အဲဒီတုန်းက  မမ တာဝန်ကျခဲ့ မြို့လေးရဲ့ Inter Agency Happy New Year Party ကို ခုလောလောဆယ် စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ မောင်ငယ်လေး တယောက်နဲ့ သူ့သူငယ်ချင်းတွေ ဦးစီးပြီး မမ တို့တွေက ၀ိုင်းဝန်းကူညီပေးခဲ့ရတယ်.. လိုတဲ့ ရန်ပုံငွေကိုတော့ အဲဒီတုန်းက နိုင်ငံတကာ ၀န်ထမ်းတွေက အများစု ကျခံပေးကြတယ်လေ.. ပျော်စရာတော့ အကောင်းသား ကွဲ့.. အစားအသောက်တွေ.. အဖွဲ့အစည်းအသီးသီး ရဲ့ လုပ်ငန်းပြကွက်တွေ၊ ရီစရာဖက်ရှင်ရှိုး၊ လှယဉ်ကျေးမောင် ပြိုင်ပွဲ၊ စတေ့ရှိုး၊ မီနီေ၈ါ့ဖ်.. အို.. စုံနေတာပဲ.. အဲဒီတုန်းက အဲဒီမြို့သေးသေးလေးမှာ အဖွဲ့ ပေါင်း ၁၀ ကျော် ၂၀ နီးပါး ရှိနေတာဆိုတော့ ၀န်ထမ်းတွေလဲ အများကြီးပေါ့..... ၂၁ ရာစုရဲ့ နှစ်သစ်ကို ကြိုဆိုတဲ့ နှစ်ဟောင်းရဲ့ နောက်ဆုံး စက္ကန့်ပိုင်းလေးကို တော့ ဖယောင်းတိုင်လေးတွေ ကိုယ်စီ ကိုင်ရင်း နှင်းမှုန်ဖွဲဖွဲအောက်မှာ လူတွေအများကြီးနဲ့ ထောင်စုနှစ်သစ်ကို ကြိုခဲ့တာလေ.."

"ဒုတိယ အကြိမ် နှစ်သစ်ကူးကတော့ လွန်ခဲ့တဲ့ ၂ နှစ်က၊ ရုံးက ညွှန်ကြားချက်နဲ့ မမ ဦးဆောင်ပြီး လုပ်ခဲ့ရတာ..။ နှစ်သစ်ကူး ကို Peace Mobilization Objective နဲ့ဒေသတွင်းမှာရှိတဲ့ လူမျိုးစုတွေအကြား Inter Ethnic Activity ပုံစံမျိုးဖြစ်အောင် လုပ်ပေးခဲ့ရတာ.လေ.။ နှစ်သစ်ကို အကြောင်းပြုပြီး လူမျိုးစုတွေ အကြားအချင်းချင်းနားလည်မှုတည်ဆောက်ဖို့၊ ငြိမ်းချမ်းရေး သဘောတရားတွေ အခြေခိုင်ဖို့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ပေးခဲ့ရတာ.ပေါ့..။ Happy New Year လို့ ကိုယ်တိုင် မိုက် ကိုင် ဦးဆောင် အော်ခဲ့တာပေမဲံ့ တာဝန်တွေနဲ့ ပျော်စရာရယ် လို့ ထူးထူးထွေထွေ မခံစားခဲံ့ရဘူး.. သူများတွေပျော်တာကြည့်ပြီး ပီတိဖြစ်ရတာ တခုပါပဲ.. "

"ခု ဒီတကြိမ်ကတော့ . မမ ဘ၀ ရဲ့ တတိယ အကြိမ်.. မမျှော်လင့်ပဲ ဒီနေရာမှာရှိနေခဲ့ပြီ"..

ကျမရဲ့ စကား ရှည်ကြီးကို တမေ့တမော လှမ်း နားထောင်ပေးနေတဲ့ ညီမငယ် ကို ကျမ အသာအယာ ငဲ့စောင်းကြည့်မိတယ်.. ကျမရဲ့ ဘ၀ အတွေ့ အကြုံတွေကို အလျင်းသင့်သလို.. ပြောပြနေကျမို့ ဒီတခါလဲ ပဲ သူမလေးက စိတ်ဝင်တစားနားထောင်ပေးနေတာကို တွေ့ရတာမို့ ကျမ နဲနဲတော့ ကျေနပ်သွားရပါတယ်... ဒီညီမလေးနဲ့ ကျမ အလုပ်တွဲလုပ်ဖြစ်တာ တနှစ်နီးပါး လောက်ပဲ ရှိသေးပေမဲ့ လူတဖက်သားအပေါ် အတော်လေး နားလည်ပေးတတ်သူလေး မှန်း ကျမသိခဲ့ရတာ တွေ့ပြီး မကြာခင်မှာပဲဆိုပါတော့..။ ကျမရဲ့ လွမ်းဆွတ်ခြင်းတွေကို ဒိုင်ခံ မျှဝေခံစားပေးနေသူလေးပါပဲ။ ကျမ ကဗျာတွေ ရေးတယ်ဆိုတာ အပြင်လောကမှာ သိတဲ့သူ ၃ ယောက်လောက်ပဲ ရှိတာထဲ သူမလေး က တယောက်ပေါ့..။ အကောင်အထည် ဖမ်းယူ ဆုပ်ကိုင်မပြနိုင်တဲံ့ ကျမရဲ့ လွမ်းဆွေးခြင်းတွေ၊ ကျမရဲ့တမ်းတခြင်းတွေ ကို နားလည်ပေးသလိုပဲ ဘာရယ်လို့ မဝေခွဲနိုင်သော သောကတွေ နဲ့ ဆောက်တည်ရာမရ ဖြစ်ဖူးတဲံ့ အခိုက်အတန့်တွေမှာလဲ သူမလေးက အားပေးဖော် ဖြစ်ခဲ့ပါတယ်။

ကျမနှလုံးသားထဲက အရာတော်တော်များများ ကို မျက်မှန်အောက်က မျက်ဝန်းတချက် မော့ကြည့်ရုံလေးနဲ့ မှန်းဆပြီး နားလည်ပေးတတ်သူလေးနဲ့ ကျမ ရဲ့ တတိယမြောက်နှစ်ကူးည ကို အတူဖြတ်သန်းရမှာ ကျမ စိတ်မကောင်း မဖြစ်မိပါဘူး..။

ကောင်းကင်ပေါ်မှာ ပြည်ပြည့်၀၀ ကြီးသာနေတဲ့ လမင်းဝါ၀ါ ကို မော့ကြည့်ရင်း တစုံတရာ ကို သည်းသည်းနင့်နင့် တမ်းတ မိတာကလွဲ လို့ ပေါ့လေ...

"လမင်းကြီးကို မော့ကြည့်ရင်း.. လွမ်းချင်နေတာမို့လား.. မမ..သဲပေါ်မှာ ကျောခင်း လှဲချ လိုက်လေ.. ကဲ စဉ်းစားမနေနဲ့တော့ .. ညီမတော့ လှဲ ပြီးနော်.. '..

ပြောလဲပြော လှဲ ချလိုက်တဲ့ သူမလေး ကိုစောင်းကြည့် ရင်း ထပ် စဉ်းစား မနေတော့ပဲ   (ခြုံလာတဲံ ပုဝါ ကိုတော့ အောက်က ခင်း ဖြစ်အောင် ခင်းလိုက်သေးတယ်).. လှဲချ မိပါတော့တယ်..

'' ကမ္ဘာမြေကြီးအပေါ် ကျောခင်းတာ ဒါ ပထမ ဆုံးပဲ ညီမ ရ.. " ဆိုတဲ့ ကျမ စကား ကိုတော့ သူမ က နောက်ထပ် အံ့ သြဟန် မပြတော့.. ကျမ နဲ့ နေလာတဲ့ တလျှောက်လုံး ကျမ ဆီ က အံ့သြ ထူး ဆန်းဖွယ်ရာတွေ မကြာခဏမြင်ခွင့် သိခွင့်၊  ကြားနေခဲ့ရပြီး ပြီး ကိုး..။
..
..
(၃)

ညသန်းခေါင်ယံကတဖြည်းဖြည်းနဲ့ နီးကပ်လာပြီ..
ဟိုတယ်ရဲ့ ကပွဲခန်းမဆောင်နေရာဆီက မီးရှူး မီးပန်းတွေ လွှတ်တင်သံတွေ ကြားလာရပြီ..
ကမ်းခြေ နေရာ တချို့မှာတော့ လူငယ်လေးတွေ ဟိုစုစု ဒီစုစု နဲ့ ပျော်စရာနှစ်သစ် လို့ အော်ကြရဖို့ကို အသင့်ပြင်နေကြပြီ..

ခြေရင်းနားက ပင်လယ်ပြင်ကြီးထဲ မတော့ လှိုင်း အိအိလေးတွေ က အသံတိတ် ကမ်းနား ကို ပြေးလိုက် ခွာလိုက်....

ကောင်းကင်ပေါ် နှင်းမှုန်တွေ တဖြည်းဖြည်းနဲ့ ထူထူ လေး  ဆင်းသက် လို့. မျက်နှာပေါ် လာနမ်း နေ..

အေးစိမ့်လာတဲ့ အချမ်းနဲ့ နင့်နင့်သီးသီး လွမ်းဆွတ်လာတဲ့ သူ့မျက်နှာ ကို မြင်ယောင်လာမိတဲ့ အခိုက်မတော့ .. နှုတ်ဖျားပေါ် က ကဗျာဟောင်းလေး တပုဒ် ရုတ်တရက် ခုန်ချ လာတော့တယ်......


ချစ်သူ့ ရင်ခွင်

..နှင်းစိုစို..
အအေးပိုတဲ့ ..ဒီလ
စောင်ခြုံတောင်.
လုံအောင် မနွေး နိုင်သမို့.
ချစ်ရိပ်ခို ရင်ခွင်နန်းကို..
လွမ်း.. တသသ..။



မမသီရိ (၂၆.၁၁.၂၀၀၈)
..........................................................
...


၂၀၀၉ ရဲ့ နောက်ဆုံး ညနေခင်း .. သူမ ရှိနေခဲ့တဲ့ ကမ်းခြေ မှာ.......


(၄)
၂၀၁၀ ရဲ့ ပထမ ဆုံး နံနက် ခင်းဟာလဲပဲ ခါတိုင်းနဲ့ မခြားနားစွာ.. အလွမ်းတွေ နဲ့ ထူထပ်ဆဲ.......။


မမသီရိ ( ၂၀၁၀ ဇန်န၀ါရီ)


ဘလော့နဲ့ဝေး.. ခင်ရာမင်ရာ မိတ်ဆွေတွေနဲ့ ဝေးနေခဲ့တာ အတော်ကြာခဲ့ပါပြီ..။ အလုပ်တွေက တခုပြီး တခု ပိလာနေတာက တကြောင်း၊ နဲနဲ အားမယ် လို့ ကြံလိုက်တဲ့ အခိုက်မတော့ ကွန်နက်ရှင် က အတော်ကြာကြာ မကောင်း၊ ကွန်နက်ရှင်ကောင်းပြန်တော့ ကွန်ပျူတာက ပြသနာ ၀င်နဲ့.... မိတ်ဆွေ တွေ ကို လွမ်းရုံမှ အပ မတတ်သာ ခဲ့....

စီဘောက်မှာ လာပြီး နှုတ်ဆက်ခဲ့ကြတဲ့ မိတ်ဆွေတွေ၊ မေးလ်နဲ့ လှမ်းပြီး စိတ်ပူပေးသူတွေ အားလုံး ကျေးဇူး တင်ပါတယ်.. ရေးထားတဲ့ ကဗျာ အကြမ်းတွေ အများကြီး ရှိနေတာမို့ အားတာ နဲ့ ဆက်တိုက်တင်ပေးသွားပါ့မယ်...

ခု တင်လိုက်တဲ့ ပို့စ်လေး က လဲ ရေးထား ကြာပြီ .. နှစ်ကူးပြီး ကတည်းက၊  ဒါလေးတောင် အဆုံး မသတ်နိုင်အောင် များခဲ့တဲ့ အလုပ် ကိုတော့ ရမယ် မဖွဲ့တော့ပါဘူး.. လေ...း)...။

10 comments:

လင်းဒီပ said...

ကျွန်တော်လည်း ဒီလိုပါပဲ အစ်မ နှစ်ကူးညတို့ဘာတို့ သိပ်ဖီလင် မရှိဘူး ။စိတ်ထဲမှာ သာမန်ပညတ်တစ်ခုလိုပဲ သဘောထားတယ် ။ (တစ်နှစ်လားပဲ နွှဲဖူးတယ် အလုပ်ထဲမှာမို့...)

ဘာပဲဖြစ်ဖြစ် ဟတ်ပီးနယူးရီးယားလို့ ပျော်ရွှင်စွာ နှုတ်ဆက်ပါတယ် ။

အားရင်တော့ ဒီဘလောဂ့်လေး အသက်ပြန်ဝင်စေ့ချင်ပါတယ် ။

reenoemann said...

ဆောရီး တီလေး။

တီလေး အလုပ်ရှုပ်နေတာကို အလိုက်ကန်ဆိုးမသိပဲ
စီးပုံးမှာ အော်မိသွားတယ်။

အခွင့်ရှိအုံးမယ် ဆိုရင် နှစ်သစ်တစ်နှစ်လောက်တော့
တီလေးနဲ့ အတူတူ နှစ်သစ်ကူးဖို့ မျှော်လင့်ပါတယ်ဗျာ

ချစ်တဲ့ ငယ်ငယ်

ညရဲ့ကောင်းကင် said...

ကျွန်တော်ကတော့ ကဗျာ အကြမ်းတွေကို စောင့်မျှော်နေမယ်...

အစစအရာရာ အဆင်ပြေပါစေ...အစ်မသီရိရေ...

kiki said...

ပျော်စရာ နှစ်သစ်မှာ မမသီရိတယောက် အပျော်တွေလွန်ပြီး ဘလော့လေးကိုများ မေ့သွားသလား ။ နေမကောင်းလို့ များလား ။ ရွာများ ပြန်သွားတာလား ။။။ လားပေါင်းများစွာ နဲ့  .. ခုမှ အဖြေသိတော့တယ် ။ တို့ မမ က အလွန် မအား မလပ်ဖြစ်နေတာကိုး...
ကဗျာလေးတွေ မျှော် နေ တယ် နော်.. သဘောပေါက် ..း))

Craton said...

အလုပ်ပိနေသူများကို အားကျပါသည်။
နားနားနေနေတော့ လုပ်ပါရန်တိုက်တွန်းသည်။
ဒီပို့စ်ကိုဖတ်ပြီး အလွမ်းတချို့သယ်ယူသွားသည်။
ကဗျာတိုလေးကို ထိမိလွန်းလို့ကြိုက်သည်။
အကြံတစ်ခုရသည်။
ဒုတိယအကြိမ် ကမ္ဘာမြေကြီးပေါ်ကို လှဲချကြည့်ဖို့ အနီးဆုံးဘောလုံးကွင်းအလယ်ခေါင်ကို လူရှင်းချိန်သွားမည်ဟု။း)

ရွှေရတုမှတ်တမ်း said...

ပန်းကလေး..ကိုပြန်တွေ့ရလို့ဝမ်းသာလိုက်တာ...

~ဏီလင်းညို~ said...

အစ်မသီရိရေ...
ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင်မသိတော့ပါဘူးဗျာ...။
ကိုကြီးကျောက်ပြောသွားတာနဲ့ ကျွန်တော်ပြောချင်တာ တစ်ထပ်တည်းပဲလေ....း)
ဘလော့ဂ်လေးကိုပစ်မထားနဲ့တော့နော်....
(စိုးရိမ်ကြီးသော လေသံဖြင့် ပြောသွားဘာကြောင်း....း))
ခင်မင်တဲ့
ဏီလင်းညို

Nge Naing said...

မမသီရိရေ မြေကြီးပေါ်မှာ လလျောင်းအိပ်စက်ဖူးတဲ့ အကြိမ်တွေတော့ မရေတွက်နိုင်တော့ဘူး ဒါပေမဲ့ သဲပြင်မှာတော့ မဟုတ်ပါဘူး။ ပို့စ်ပြန်တင်တာ တွေ့ရတော့ ၀မ်းသာပါတယ်။ နှစ်သစ်ကူးတုန်းက ရေးထားတဲ့ ပို့စ်ကို အခုမှ တင်ဖြစ်တယ်ဆိုတော့ ဘယ်လောက်အလုပ်များနေတယ် ဆိုတာ သဘောပေါက်ပါတယ်။ ၂၀၁၀ မှာ အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေ။

Anonymous said...

ဘယ်ရောက်သွားပါလိမ့်လို့ ။ ကျမလည်း နှယူးရီးယား ဘယ်လက်တိုင်း၊ မွေးနေ့ ဘာညာ မလုပ်တတ်ဘူး။

မအယ်

ကိုလူထွေး said...

နှစ်ကူးပိုစ့်ကို အခုမှတင်နိုင်တာ ကြည့်ရတာ မမတော်တော် အလုပ်ရှုပ်နေပုံပဲ။

“ချစ်သူ့ရင်ခွင်” ကဗျာတိုလေး ဟတ်ထိတယ် ဗျ...

းဝ)